Ch 16
Viewers 4k


Ch-16


"အားးးး"

ရာသီသွေးမိစ္ဆာသည် ကျိုးထောင်ဟွားဘက်လှည့်၍ ဟိန်းဟောက်လိုက်ရာ ၎င်း၏ဖြူဖျော့ဖျော့မျက်နှာမှာ ထောင်ဟွား၏ပါးပြင်နှင့်ပင် ကပ်နေတော့သည်။

၎င်း၏အော်ဟစ်သံမှာစူးရှလွန်းလှရာ အပ်ပေါင်းတစ်ထောင်ဖြင့် နားစည်ကို တစ်ပြိုင်နက်ထိုးစိုက်ခံလိုက်ရသည့်အလားခံစားရစေ၏။လူတိုင်းမှာခေါင်းငုံ့ကာ နားပိတ်ထားကြသော်လည်း နာကျင်မှုမှာတော့သည်းမခံနိုင်စရာဖြစ်နေဆဲပင်။

ကျိုးထောင်ဟွားသည် သူမဘယ်လက်ဖြင့် မုဒြာလက်ဟန်တစ်ခုကိုအမြန်ပြုလုပ်လိုက်ပြီး ရာသီသွေးမိစ္ဆာ၏နဖူးအလယ်တည့်တည့်ကို ရိုက်ချလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဟိန်းဟောက်နေသောမကောင်းဆိုးဝါးမှာ အသံတိတ်သွားတော့၏။

၎င်း၏ပါးစပ်မှာ ဟောင်းလောင်းပွင့်နေသော်လည်း မည်သည့်အသံမျှထွက်မလာတော့ပေ။

လူတိုင်းမှာအသက်ရှူချောင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျိုးထောင်ဟွားထံထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများဖြင့်ကြည့်ကုန်ကြသည်။

"???"

ရာသီသွေးမိစ္ဆာမှာ ကျိုးထောင်ဟွားထံ အူကြောင်‌ကြောင်ဖြင့် စိုက်ကြည့်နေမိသည်။

ကျိုးထောင်ဟွားသည် ထိုမကောင်းဆိုးဝါးအား စုတ်ချာနေသောအဝတ်စုတ်တစ်ခုကိုဆွဲသွားသကဲ့သို့ အပြင်သို့ဆွဲထုတ်သွားတော့၏။

အဘွားစွင်းသည် သူမထွက်လာသည်ကို မြင်သည်နှင့် တံခါးဝမှနေအမြန်လမ်းဖယ်ပေးလိုက်သည်။အခြားသူများမှာလည်း ထိုနည်းအတိုင်းပင်။

ရာသီသွေးမိစ္ဆာနှင့်ထိမိမည်ကို လူတိုင်းမှာအသေကြောက်နေကြခြင်းဖြစ်သည်။

"အဖွား၊သမီး အဖွားအတွက် မကောင်းဆိုးဝါးနှင်ပေးပြီးပြီနော် အခုသွားတော့မယ်"

ကျိုးထောင်ဟွားမှာ ထိုသို့ပြောကာထွက်သွားတော့သည်။

ရာသီသွေးမိစ္ဆာ၏ဒေါသများသည်လည်း ဆွဲခေါ်ခြင်းခံနေရစဉ်မှာပင် ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

၎င်း၏နီရဲနေသောဝတ်စုံပေါ်မှ မနှစ်မြို့စရာသွေးစက်များစီးကျနေသည်မှာ လူတိုင်းအတွက်ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုအလားပင်။

ကျိုးထောင်ဟွားမှာ ထိုအရာအားသတိပြုမိသည်နှင့် အော်ငေါက်လိုက်သည်။

"ငိုမနေနဲ့"

"???"

ရာသီသွေးမိစ္ဆာသည် အလွန်အမင်းဝမ်းနည်းအားငယ်သွားသည့်အမူအရာဖြင့် မျက်လုံးများမှိတ်ထားလိုက်တော့သည်။

စကားလည်းပြောခွင့်မရှိ၊ငိုလည်းငိုခွင့်မရှိနဲ့ သူမသရဲဖြစ်လာကတည်းက ဒီလိုအရှက်ခွဲခံရတာမျိုး တစ်ခါမှမခံစားခဲ့ဖူးဘူး။

ကျိုးထောင်ဟွားသည် ရှန်းမင်ဘေးမှ ဖြတ်သွားစဉ်ပြောလိုက်၏။

"အစ်ကိုရှန်းမင် ညီမနဲ့ခဏလောက်လိုက်ခဲ့ပါဦး"

သူမ၏ဝိညာဉ်စွမ်းအင်များကုန်သွားပြန်ပြီဖြစ်၍ ဤမကောင်းဆိုးဝါးအားဆက်မကိုင်တွယ်မီ စွမ်းအင်များပြန်လည်ဖြည့်တင်းရန်လိုအပ်လေသည်။လောလောဆယ်တော့ ၎င်းကိုခေါ်သွားရပေဦးမည်။ဘာပဲဖြစ်ဖြစ် ယနေ့တော့လူတိုင်းအား သူမခြောက်လှန့်ပြီးသားဖြစ်သွားပြီပင်။

ရှန်းမင်သည် ဘာသံသယမှမရှိဘဲ ချက်ချင်းဆိုသလိုနောက်မှနေလိုက်လာလေ၏။

၎င်းကိုမြင်သောအခါ ချမ်ရှီသည်လည်း ထွက်သွားတော့သည်။

ရာသီသွေးမိစ္ဆာသည် ရှန်းမင်ကိုယ်ပေါ်မှ ထွက်ပေါ်နေသော လောကကြီးထဲရှိအရာရာကိုဝါးမြိုပစ်နိုင်သည့် လှိုင်းလုံးကြီးများအလားပြင်းထန်ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များကိုမြင်လိုက်ရသဖြင့် တစ်ကိုယ်လုံးထိန်းချုပ်မရအောင် တုန်ယင်သွားတော့၏။

သူမသည်ဝမ်းနည်းနေသောအမူအရာကို ချက်ချင်းဖုံးကွယ်လိုက်ပြီး အလွန်တရာယဉ်ပါးသွားတော့သည်။

ဤအခိုက်အတန့်တွင် သူမသည်အဝတ်စုတ်လေးတစ်ခုသာဖြစ်သွားစေဖို့အမှန်တစ်ကယ်ဆုတောင်းနေမိတော့၏။ခဏအကြာတွင် သူမအကြည့်တို့သည်ထိုမှောင်မိုက်သောအငွေ့အသက်များထဲသို့ ဖောက်ထွင်းကြည့်လိုက်ရာ ရှန်းမင်ထံ၌ ရွှေရောင်ကုသိုလ်အလင်းတန်းများရှိနေသေးသည်ကို မြင်လိုက်ရသည်။

သူမသည်လောဘတကြီးဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်မိ၏။အကယ်၍သာ သူ့အားကိုက်လိုက်ရပါက သူမကျင့်စဉ်မှာ သိသိသာသာတိုးတက်လာပေလိမ့်မည်။

ထိုရွှေရောင်အလင်းသည် သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံထားပြီး အလွန်ပင်တောက်ပလှသည်။

သူမသည် လောကကြီးထဲလှည့်လည်သွားလာနေခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ပြီး ထူးခြားသူများစွာကိုမြင်ဖူးခဲ့သော်လည်း ဤလူကဲ့သို့တောက်ပသော ကုသိုလ်အလင်းရှိသူမျိုးကို တစ်ခါမှမကြုံဖူးချေ။

ဤမျှများပြားလှသော ကုသိုလ်ထူးများရရှိရန်အတွက် ရေတွက်၍မရနိုင်သော ကောင်းမှုကုသိုလ်များနှင့်လူ့အသက်ပေါင်းများစွာကိုကယ်တင်ခဲ့ဖူးသူဖြစ်ရပေမည်။

ဤကဲ့သို့သောလူမျိုးသည် သူမရန်စ၍ရမည့်သူမဟုတ်ချေ။

မကောင်းဆိုးဝါး၏စိတ်ထဲရှိ ခုနလေး၌ပေါ်ပေါက်လာသော မကောင်းသည့်အတွေးများမှာ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားပြီး ရိုသေကြောက်ရွံ့စိတ်များဖြင့် ပြည့်နှက်သွားတော့သည်။အကယ်၍သာ သူမမှသူ့အားရုတ်တရက် တိုက်ခိုက်မိပါက ကောင်းကင်ဘုံ၏အပြစ်ပေးခြင်းကို ခံရလျှင်ခံရ မဟုတ်ပါက ထိုလူ့ရွှေရောင်အလင်းတန်းများကြောင့် ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ရာသီသွေးမိစ္တာသည် သူမမျက်တောင်များကိုနှိမ့်ချထားလိုက်ပြီး ရှန်းမင်အားထပ်မကြည့်ရဲတော့သလို အသက်ရှူရန်ပင်မဝံ့မရဲဖြစ်နေတော့သည်။ရှန်းမင်တစ်ယောက်သူမဘေးမှနေ မြန်မြန်ထွက်သွားပေးရန်သာ မျှော်လင့်နေမိတော့၏။

"ဘုရားရေ အားလုံးပဲမြင်လိုက်ကြလား"

ကျိုးထောင်ဟွားထွက်သွားပြီဖြစ်သော်လည်း အဘွားအိုဖုန်းမှာမူခုနကမြင်တွေ့ခဲ့ရသည့် တုန်လှုပ်ဖွယ်မြင်ကွင်းထဲတွင် နစ်မျောနေဆဲဖြစ်သည်။

အခြားသူများမှာလည်း အော်ဟစ်ပြောဆိုလာကြ၏။

"မြင်တာပေါ့၊ထောင်ဟွားက စွင်းကျောက်တိကိုယ်ထဲကနေ ရာသီသွေးမိစ္ဆာကို တစ်ကယ်ကြီးဆွဲထုတ်လိုက်တာလေ၊အဲ့မိစ္ဆာက တစ်ကယ်ကြောက်စရာကောင်းတာပဲ၊ငါနဲ့မျက်လုံးချင်းဆုံသွားတုန်းကဆို ကြက်သီးတွေတောင်ထသွားတယ်"

"ဟုတ်ပ၊သူ့အော်သံကြီးကြောင့် ငါ့မှာလန့်သေတော့မလိုပဲ"

ရွာသူကြီးသည် တစ်ခုခုကိုသတိရသွားပြီး သတိပေးလိုက်သည်။

"စွင်းကျောက်တိ နောက်ဆိုရင်တွေ့ကရာတွေ လျှောက်မကောက်နဲ့တော့"

ဝမ့်ရှီလည်း အဘွားစွင်းထံတစ်ချက်ကြည့်ကာ မျက်နှာလွှဲလိုက်သည်။သူမသည် ရှောင်လဲ့အား သူ့အဘွားပေးသမျှအရာများဆို သေချာစစ်ဆေးပြီးမှသာယူရန်မှာထားရပေမည်။

ကျိုးရှန်းဖျင်သည်လည်း ဆူပူလိုက်၏။

"စွင်းကျောက်တိ ဒီလိုဘာမှန်းမသိတဲ့ဟာတွေကို အိမ်ထဲသယ်လာတတ်တဲ့ အကျင့်ဆိုးကိုဖျောက်သင့်ပြီနော်"

အဘွားစွင်းလည်း ခေါင်းငုံ့ကာတိုးတိုးလေးပြန်ပြောလိုက်သည်။

"သိပါပြီ"

ယနေ့တော့ သူမမှာအရှက်ကွဲရသည့်အပြင် ခွေးမလေးထံ၂တေးတောင် ပေးလိုက်ရသေးသည်။ဤအကြောင်းအားတွေးမိတိုင်း သူမဒေါသထွက်လို့မဆုံးနိုင်တော့ပေ။

ရွာသူရွာသားများမှာ ကျိုးအိမ်ဟောင်းမှ ထွက်လာကြသော်လည်း ကျိုးထောင်ဟွားမှရာသီသွေးမိစ္ဆာကိုဖမ်းဆီးလိုက်သည့် ထင်ရှားရဲရင့်သောမြင်ကွင်းကို အံ့ဩမဆုံးဖြစ်နေကြဆဲပင်။

"အဲဒီရာသီသွေးမိစ္ဆာက ထောင်ဟွားလက်ထဲမှာဆို တုပ်တုပ်မှမလှုပ်နိုင်ဘူး အဝတ်စုတ်တစ်ခုလိုပဲ"

"ငါတော့ တစ်ကယ်အထင်ကြီးသွားပြီ၊ကျိုးအာ့ရှုသမီးက တစ်ကယ်ကိုမကောင်းဆိုးဝါးနှင်နိုင်တဲ့ စွမ်းရည်ရှိတာပဲ"

"ခုနထောင်ဟွားအနားမှာရှိနေတုန်းကဆို ငါ့စိတ်ထဲမှာဘာလို့မှန်းမသိ ထူးထူးခြားခြားကိုစိတ်အေးချမ်းသွားတာလေ......"

ကျိုးစန်းရှီသည် ရွာသားများမှကျိုးထောင်ဟွားအားချီးကျူးနေကြသည်ကို ကြားသောအခါ ဒေါသတကြီးဖြင့်ခြံတံခါးကို ဝုန်းကနဲဆောင့်ပိတ်လိုက်တော့သည်။

"အမေ......ဒီတစ်ခါတော့ ထောင်ဟွားကအမေ့ကို တစ်ကယ်လှည့်စားသွားတာပဲ၊အမေ့ဆီကနေ ရာသီသွေးမိစ္ဆာကို တစ်ကယ်ကြီးဆွဲထုတ်သွားတာ"

ဝမ့်ရှီမှာမူ ကျိုးထောင်ဟွားအားလူများချီးကျူးသည်ဖြစ်စေ၊မချီးကျူးသည်ဖြစ်စေ ဂရုမစိုက်ပေ။သူမဂရုစိုက်သည်မှာ ပေးလိုက်ရသည့်၂တေးအတွက်သာဖြစ်သည်။

"အမေ.....အိမ်မှာ၂တေးထပ်လျော့သွားပြန်ပြီ၊ရှောင်ယွီ့မင်္ဂလာတင်တောင်းငွေနဲ့ ရှောင်လဲ့ကျောင်းလခတွေကို ဘယ်လိုပေးရတော့မှာလဲ"

ဝမ့်ရှီ စိုးရိမ်တကြီးဖြင့်ပြောလိုက်သည်။အခုတော့ ရာသီသွေးမိစ္ဆာလည်းမရှိတော့ရာ အဘွားစွင်းသည်အားရပါးရအသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"ဆောင်းလလယ်ပွဲကရောက်တော့မှာပဲ၊အာ့ရှုလဲ သေချာပေါက်ပြန်လာလိမ့်မယ်၊အဲ့ကျမှ ငါသူ့ဆီပြောပြီး ၁၂‌တေးလုံးပြန်ပေးခိုင်းရမယ်၊ပြီးတော့ အဲဒီမြေခွေးမချမ်ဟုန်ယန်ကိုလဲ ပညာပေးခိုင်းရမယ်"

ကျိုးစန်းရှီသည်လည်း ချက်ချင်းဆိုသလိုသတိပေးလိုက်သည်။

"အမေ၊ဒုတိယအစ်ကိုဆီကနေ ဆောင်းလလယ်ပွဲလက်ဆောင်တွေပိုတောင်းဖို့လဲ မမေ့နဲ့ဦးနော်"

ဆောင်းလလယ်ပွဲဆိုသည်မှာ တစ်နှစ်မှတစ်ခါသာရှိသည်ဖြစ်၍ ဤအခွင့်အရေးအားသုံးကာ ငွေမညှစ်ရပါလျှင်မည်သည့်အချိန်မှ ကလိမ်ကျရပါတော့မည်နည်း။

ဒုတိယအစ်ကိုထံတွင် သမီးတစ်ယောက်သာရှိ၍ ပိုက်ဆံအများကြီးရှိနေသည်မှာ အသုံးမဝင်ပါပေ။

သူ့မှာတော့ သားနှစ်ယောက်ရှိပြီး တစ်ယောက်မှာအိမ်ထောင်ပြုတော့မည်ဖြစ်သလို နောက်တစ်ယောက်မှာတော့ကျောင်းတက်ရတော့မည်ဖြစ်၏။

သူ့သားမှာ တော်ဝင်စာမေးပွဲအောင်ပြီး သူ့အတွက်ဂုဏ်ဆောင်ပေးမည်ပင်။

အဘွားစွင်းမျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များဖြတ်ပြေးသွားပြီး အစီအစဉ်များစတင်ဆွဲတော့သည်။

........

ကျိုးထောင်ဟွားအိမ်ပြန်ရောက်သည်နှင့် ရှန်းမင်လက်အား ချက်ချင်းလှမ်းဆွဲလိုက်ရာ စွမ်းအင်ကုန်ခမ်းနေသောသူမခန္ဓာကိုယ်မှာ အသက်ဓာတ်များဖြင့်ပြန်လည်ပြည့်ဝလာတော့သည်။

ရှန်းမင်သည် ချက်ချင်းလက်ကိုပြန်ဆွဲရန်လုပ်လိုက်သော်လည်း သူမမှာအားပိုစိုက်၍ မြဲမြဲပြန်ဆွဲလိုက်၏။

ထိုအချိန်မှာပင်အေးစက်နေသောသူ့ခန္ဓာကိုယ်ထဲတွင် နွေးထွေးမှုလေးတစ်ခုကိုခံစားလိုက်ရသည်။

ဝိညာဉ်စွမ်းအင်များပြည့်ဝသွားသော ကျိုးထောင်ဟွားသည် စုတ်တံကိုချက်ချင်းကောက်ကိုင်ကာ ရာသီသွေးမိစ္ဆာ၏ နဖူးထက်တွင်ချိတ်ပိတ်အဆောင်တစ်ခုဆွဲလိုက်၏။

၎င်းသည် ထိုဝိညာဉ်၏ကျင့်စဉ်စွမ်းအားများကို လုံးဝချိတ်ပိတ်လိုက်ခြင်းဖြစ်ရာ အနည်းငယ်ကြောက်စရာကောင်းသောရုပ်သွင်မှလွဲ၍ သာမန်လူတစ်ဦးနှင့်မခြားတော့ပေ။

ဤမိစ္ဆာအားပြာဖြစ်အောင် သူမ,မဖျက်ဆီးပစ်ရခြင်းမှာ ကျိုးထောင်ဟွား၌အသုံးချရန် အစီအစဉ်ရှိသောကြောင့်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကျိုးမိသားစုမှာ အိမ်အသစ်ဆောက်တော့မည်ဖြစ်၍ ဤမိစ္ဆာအား အခမဲ့အလုပ်သမားအဖြစ် အသုံးချခြင်းဖြင့် လုပ်အားခများသက်သာစေမည်မဟုတ်ပါလား။

မိစ္ဆာတစ်ကောင်ဖြစ်ရာ ထမင်းကျွေးစရာမလိုသော်လည်း အလုပ်တော့လုပ်နိုင်သေး၏။နှစ်ဖက်စလုံးအတွက် အကျိုးရှိလှသည်။အိမ်အသစ်မဆောက်မီ ဤမိစ္ဆာ၌သူမအတွက်ပိုက်ဆံရှာပေးနိုင်မည့် အခြားသောစွမ်းရည်များရှိမရှိကိုလည်း သူမထပ်မံစမ်းသပ်ကြည့်ဦးမည်ဖြစ်သည်။

အဘွားအိုဖုန်းနှင့်ချမ်ရှီတို့ အိမ်ထဲဝင်လာသောအခါ ခြံဝင်းထဲတွင် မတ်တပ်ရပ်နေသောမိစ္ဆာကြီးကို တွေ့လိုက်ရ၏။

၎င်းသည် သွေးနီရောင်ဝတ်စုံ၊ပန်းသရဖူနှင့်ပုဝါဖြူကြီးဖြင့် ခြောက်ခြားဖွယ်ရာအငွေ့အသက်များ ထုတ်လွှင့်နေဆဲပင်။

အဘွားအိုဖုန်းသည် ကြောက်ကြောက်လန့်လန့်ဖြင့် ကျိုးထောင်ဟွားအနားတိုးကပ်သွားသည်။ရှန်းမင်သည် သူတို့ဝင်လာသည်ကိုမြင်သောအခါ နားရွက်များနီရဲသွားပြီး လက်အားအမြန်ပြန်ဆွဲကာ သုတ်ခြေတင်ထွက်သွားတော့၏။

ကျိုးထောင်ဟွားမှ သူ့လက်အားဆွဲထားခြင်းဖြစ်သော်လည်း စည်းမစောင့်ဘဲလက်သရမ်းနေသည်မှာသူဖြစ်နေသလိုခံစားနေမိသည်။

"ထောင်ဟွား သမီးခေါ်လာတဲ့ဒီရာသီသွေးမိစ္ဆာကို ဘာလုပ်ဖို့စိတ်ကူးထားလဲ"

ချမ်ရှီမှ စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။ခုနကတင် အဘွားစွင်းတစ်ယောက်ဗိုက်နာပြီး အိပ်ရာထဲလဲနေသည်ကိုမြင်ခဲ့ရသဖြင့် သူမထောင်ဟွားလည်း ထိုကဲ့သို့ခံစားရမည်ကို မလိုလားပေ။

"အမေ......သူ့ကိုကျွန်မတို့အိမ်က အစေခံတစ်ယောက်လိုပဲ သဘောထားလိုက်ပါ၊ခိုင်းစရာရှိတာ အကုန်ခိုင်းလိုက်နော်"

ကျိုးထောင်ဟွား ပြောလိုက်သည်။သူမ စကားအဆုံးတွင် ရာသီသွေးမိစ္ဆာ၏ မျက်လုံးများမှာ ရုတ်ချည်းပြူးကျယ်သွားတော့သည်။

သူမသည်မယုံကြည်နိုင်ဟန်ဖြင့် ကျိုးထောင်ဟွားထံစိုက်ကြည့်နေမိ၏။သူမက လူသားတစ်ယောက်အိမ်မှာ အစေခံလုပ်ရမယ်ပေါ့လေ ဟုတ်လား။