Ch 15
Viewers 4k


Ch-15


အဘွားစွင်းသည် ရာသီလာနေသဖြင့်နေထိုင်မကောင်းဖြစ်နေသည့်ကြားမှနေ ရုန်းကန်၍ထရပ်လိုက်သည်။ဤခွေးမလေးမှာ ရာသီသွေးမိစ္ဆာဟူသည့်အကြောင်းကိုလျှောက်ပြောနေသည် မဟုတ်လား။

ဤကဲ့သို့အရာမျိုးမှာ တစ်ကယ်ရှိနိုင်ပါမည်လား။

ကျိုးထောင်ဟွားမှာ အဘွားစွင်း၏ဆဲဆိုသံများကိုဂရုမစိုက်ဘဲ အဘွားအိုဖုန်းနှင့်အခြားသူများထံသာ စိတ်အေးစေရန် ပြောလိုက်သည်။

"အားလုံးစိတ်မပူကြပါနဲ့၊ဒီရာသီသွေးမိစ္ဆာက ဘယ်သူ့အသက်ကိုမှတိုစေမှာမဟုတ်ပါဘူး၊ဒါပေမယ့်တစ်ခုရှိတာက ဒီမကောင်းဆိုးဝါးအကပ်ခံရရင် အကပ်ခံရတဲ့သူရဲ့အသက်ဓာတ်တွေက စုပ်ယူခံရလိမ့်မယ်၊ပြီးရင် သူကဆယ်ဆပြင်းထန်တဲ့ ဓမ္မတာလာချိန်နာကျင်မှုဝေဒနာကို မသေမချင်းခံစားနေရလိမ့်မယ်"

ကျိုးထောင်ဟွားစကားကိုကြားလိုက်ရသောအခါ လူတိုင်းမျက်မှောင်ကြုံ့သွားကြပြီး ကြက်သီးများပင်ထသွားကြသည်။ဒါက တစ်ကယ်ကြောက်စရာကောင်းတာပဲ။

"အဘွားစွင်းက ဘယ်လိုလုပ်ပြီးဒီမကောင်းဆိုးဝါးအကပ်ခံရတာလဲ"

တစ်စုံတစ်ယောက်မှ မေးလာသည်။ကျိုးထောင်ဟွားသည် အိပ်ရာထက်ရှိအဘွားစွင်းထံ စိုက်ကြည့်ရင်းပြောလိုက်၏။

"သမီးထင်တာတော့ အဖွားကတစ်နေရာရာကနေ အဝတ်စကောင်းကောင်းလေးတစ်ခုကောက်ရခဲ့တာဖြစ်လိမ့်မယ်၊အဲ့အဝတ်စက အရင်နှစ်တွေကတည်းကသုံးခဲ့တဲ့ ရာသီသွေးခံအဝတ်ဖြစ်နေနိုင်တယ်"

အဘွားစွင်း၏ ဖျော့တော့နေသောမျက်ဝန်းများသည် ကျိုးထောင်ဟွားစကားကိုကြားလိုက်ရသောအခါ အံ့သြမှုတစ်စွန်းတစ်စလက်သွားတော့သည်။

ဒီခွေးမလေးက တစ်ကယ်မှန်အောင် ခန့်မှန်းနိုင်တာလား။

သူမမှထိုအဝတ်စလှလှလေးကို ကောက်ရခဲ့စဉ်တွင် ကျိုးထောင်ဟွားမြင်သွားခဲ့၍လားဟုပင် သံသယဝင်သွားခဲ့ရသည်။

ဤမျှကောင်းမွန်သောအဝတ်စအား ပန်းရောင်နှင့်အနီရောင်အဆင်တို့ဖြင့် မည်သို့ဆေးဆိုးထားသည်ကိုပင် သူမအံ့သြခဲ့ရသေး၏။

အလွန်လှပလွန်းသဖြင့် သူမ၏အငယ်ဆုံးသားကိုပင်မပေးဘဲ အခြားအဝတ်စများနှင့်တွဲဖက်ကာ သူမအတွက်အတွင်းခံဘောင်းဘီတစ်ထည်ချုပ်ဝတ်ရန် သိမ်းထားခဲ့ခြင်းပင်။

သို့သော်ယခုအခါကျိုးထောင်ဟွားမှ ၎င်းအားရာသီသွေးခံအဝတ်စဟုပြောလာသဖြင့် အဘွားစွင်းကျောရိုးထဲအထိချမ်းစိမ့်သွားတော့သည်။

သူမသည် ဝမ့်ရှီအားအမြန်အမိန့်ပေးလိုက်၏။

"မြန်မြန်သွား၊ငါ့သေတ္တာထဲမှာရှိတဲ့ ချုပ်ထားသမျှပန်းပွင့်ပုံအတွင်းခံဘောင်းဘီတိုင်းကို သွားလွှင့်ပစ်လိုက်စမ်း"

လူတိုင်းမှင်တက်သွားကြသည်။ထောင်ဟွားခန့်မှန်းတာ တစ်ကယ်မှန်နေတာပဲ။အဘွားစွင်းက တစ်ကယ်ကြီးရာသီသွေးခံအဝတ်စကိုသုံးပြီး အတွင်းခံဘောင်းဘီ ချုပ်ဝတ်ခဲ့တာလား။

ဝမ့်ရှီမှာမူ လုံးဝကိုစိတ်ပျက်အားငယ်သွားရရာ သတိလစ်မတတ်ဖြစ်သွားရတော့သည်။

သူမယောက္ခမမှာ ရာသီသွေးများပေကျံနေသည့်အတွင်းခံဘောင်းဘီကို သူမအားကိုင်ခိုင်းနေသည်မဟုတ်ပါလား။သူမ,မလုပ်ချင်သော်လည်း ချွေးမဖြစ်နေသဖြင့် ယောက္ခမ၏နှိပ်စက်မှုကို အောင့်အီးသည်းခံရုံသာရှိတော့သည်။

ယခင်ကလည်း သူမယောက္ခမသည် စန်းရှီအတွက် လျှော်ထည်တစ်စကောက်ရခဲ့ဖူးသည်။၎င်းမှာလည်း အမှန်တော့လူသေအဝတ်အစားဖြစ်နေရာ စန်းရှီတစ်ယောက်သေလုမျောပါးဖြစ်ခဲ့ရသေးသည်ပင်။

ယခုလည်းရာသီသွေးခံအဝတ်ဟောင်းကို ကောက်လာပြန်သဖြင့် အသက်ငါးဆယ်ကျော်မှရာသီပြန်လာနေပြန်သည်။ဝမ့်ရှီမှာ အဘွားစွင်းအား တစ်ကယ်ကိုကြောက်ရွံ့နေမိပြီဖြစ်သည်။ဘာကြောင့်များ ဤကဲ့သို့ဇစ်မြစ်မသေချာသည့်အညစ်အကြေးများကိုလျှောက်ကောက်ကာ မိမိကိုယ်ကိုရောသူတစ်ပါးကိုပါ ဒုက္ခပေးနေရပါသနည်း။

ဝမ့်ရှီသည် ဘောင်းဘီအနားသားကိုကိုင်၍ လွှင့်ပစ်လိုက်သော်လည်း အဘွားစွင်းမှာမူ ဗိုက်အောက်ပိုင်းမှပြင်းထန်သောနာကျင်မှုကို ဆက်လက်ခံစားနေရဆဲပင်။

သူမသည် ဒေါသတကြီးဖြင့်အော်ငေါက်လိုက်၏။

"နင်ငါ့ကို လိမ်နေတာလား၊ငါလွှင့်ပစ်လိုက်ပြီကို ဘာလို့နာနေသေးတာလဲ"

ကျိုးထောင်ဟွားမှာ သူမ၏မိုက်မဲမှုကို ရယ်ချင်သွားရသည်။

"အဖွားရေ အဖွားကရာသီသွေးခံအဝတ်နဲ့လုပ်ထားတဲ့ အတွင်းခံကိုဝတ်ခဲ့ပြီးပြီလေ၊အခုမှလွှင့်ပစ်လည်း ဘာထူးတော့မှာလဲ၊အဲဒီအညစ်အကြေးက အဖွားကိုယ်ပေါ်မှာကပ်နေပြီကို"

ထိုစကားအားကြားလိုက်ရသောအခါ ကြောက်တတ်သည့်ရွာသားများသည် တုန်လှုပ်ချောက်ချားသွားကြပြီး လူအုပ်နောက်ကွယ်တွင်ပုန်းကာ ခေါင်းလေးသာထုတ်၍ ကြည့်နေကြတော့သည်။

ကျိုးရှန်းဖျင်မှဖျောင်းဖျလာ၏။

"အဘွားစွင်း ဒီမကောင်းဆိုးဝါးကိုနှင်ထုတ်ဖို့အတွက် ဒီနေ့မနက်ကရထားတဲ့ တေး၂၀နဲ့အပို၁၀တေးကို ထောင်ဟွားဆီပေးလိုက်ပါလား၊ထောင်ဟွားရဲ့ စွမ်းဆောင်နိုင်ရည်ကိုတော့ အားလုံးအသိပဲမဟုတ်လား"

ကျိုးရှန်းဖျင်စကားအဆုံးတွင် အဘွားအိုဖုန်းမှာ ပထမဆုံးအားပေးထောက်ခံလိုက်သည်။

ယနေ့မနက်၌ ထောင်ဟွားမရှိခဲ့လျှင်သူတို့လည်း သက်တမ်းတိုသွားနိုင်သည်မဟုတ်ပါလား။

အဘွားစွင်းမျက်နှာမှာ အလွန်တရာဖြူဖျော့သွားတော့သည်။တေး၂၀ဆိုသည်မှာ ပြား၂၀ မဟုတ်ပေ။‌တေး၂၀အားလွယ်လွယ်နှင့်ရနိုင်သည်ဟု ထင်နေကြသည်လား။သို့သော်ဗိုက်ထဲမှ နာကျင်မှုသည်လည်း သူမအားဆက်၍သည်းခံနိုင်စွမ်းမရှိတော့အောင်ဖြစ်စေသည်။သူမမှာ မတတ်သာသည့်အဆုံး ဈေးဆစ်လိုက်၏။

"ငါ့မှာတေး၂၀မရှိဘူး၊၂တေးပဲရှိတယ်....."

အဘွားစွင်းမှတစ်ခုခုထပ်ပြောရန်ပြင်လိုက်စဉ်မှာပင် မမျှော်လင့်ဘဲကျိုးထောင်ဟွားမှာ သဘောတူလိုက်သည်။

"ကောင်းပြီလေ၊ဒါပေမယ့် ကျန်တဲ့၁၈တေးအတွက်တော့......အဖွားကိုသမီးကမယုံလို့မဟုတ်ပါဘူး၊ဒါပေမယ့်နှုတ်ကတိထက်စာရင် စာချုပ်စာတမ်းကို ပိုယုံလို့ပါ"

ထိုသို့ပြောပြီး ကျိုးထောင်ဟွားသည် ရွာသူကြီးဘက်လှည့်ကာ

"ရွာသူကြီးအဘိုး အဖွားအတွက်ချေးငွေစာချုပ်လေးတစ်စောင်လောက် ရေးပေးလို့ရမလား"

ရွာသူကြီးသည် ကျိုးထောင်ဟွား၏ထက်မြက်မှုကို သဘောကျသွားရသည်။အဘွားစွင်းကဲ့သို့လူမျိုးနှင့်ဆိုလျှင် ခိုင်လုံသောသက်သေအထောက်အထား ရှိထားမှသာ ဖြစ်မည်။

မဟုတ်လျှင် သူမနေပြန်ကောင်းသွားသည်နှင့် ကျန်ရှိသည့်၁၈တေးအကြွေးအား မည်သို့မျှအသိအမှတ်ပြုတော့မည် မဟုတ်ပေ။

"ကောင်းပြီလေ"

ရွာသူကြီးမှာ စက္ကူနှင့်စုတ်တံသွားယူရန် အိမ်သို့ခဏပြန်သွားစဉ် ကျိုးထောင်ဟွားသည် အဘွားစွင်းထံလက်ဖြန့်တောင်းလိုက်သည်။

"အဖွား အရင်ဆုံး၂တေးပေးပါ"

အဘွားစွင်းမှာဒေါသကြောင့်အသက်ပြင်းပြင်းရှူလိုက်သည်။သူမသည် ဤမြေခွေးမလေးထံတစ်ပြားမျှအရှုံးမခံချင်သော်လည်း မတတ်သာသည့်အဆုံး အိတ်ကပ်ထဲမှသော့ကိုထုတ်ပေးလိုက်ကာ ဝမ့်ရှီအားအိပ်ရာထက်ရှိသေတ္တာထဲမှ နှစ်တေးထုတ်ပေးခိုင်းလိုက်ရ၏။

ဝမ့်ရှီနှုတ်ခမ်းများမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေပြီး ပါးစပ်ဘေးမှအရေးအကြောင်းများမှာလည်း ချောက်နက်ကြီးသဖွယ်နက်ရှိုင်းနေတော့သည်။

မနေ့က၁၀တေး ဒီနေ့၂‌တေး။ဤအတိုင်းသာဆိုလျှင် ကျိုးထောင်ဟွားမှာကျိုးမိသားစု၏စုဆောင်းငွေများအား အကုန်အစင်တိုက်စားသွားတော့မည်မှာအသေအချာပင်ဖြစ်၏။

ကျိုးထောင်ဟွားမှာတော့၂တေးရရှိသွားသဖြင့် အတိုင်းမသိဝမ်းသာနေတော့သည်။သူမယခင်၌ပြောခဲ့ဖူးသည့်အတိုင်း အချိန်အများကြီးရှိပါသေး၏။အဘွားစွင်းမှာ နောက်ဆုံး၌သူမအားအကြွေးများအကုန်ပြန်ဆပ်ရမည်ပင်။

ယခုလည်း ၂တေးထပ်ရလာလေပြီ။

ထို့ပြင်အဘွားစွင်း၏လက်ဗွေနှိပ်ထားမည့် ၁၈‌တေးတန်ချေးငွေစာချုပ်လည်းရလာပေဦးမည်။

အရာအားလုံးမှာ အဖြူအမည်းသေချာရှိနေသည်ဖြစ်၍ အဘွားစွင်းအနေဖြင့် နောက်ပိုင်းအကြွေးပြန်ဆပ်ရန်ငြင်းမရတော့ပေ။

ကျိုးထောင်ဟွားသည် ချေးငွေစာချုပ်နှင့် ငွေကိုသေသေချာချာ အတူသိမ်းဆည်းလိုက်သည်။

ကျိုးထောင်ဟွားလုပ်ရပ်များကိုကြည့်ပြီး အဘွားစွင်းပြောလိုက်၏။

"တစ်ကယ်လို့နင်သာငါ့ကိုယ်ပေါ်က ရာသီသွေးမိစ္ဆာကို မဖယ်ရှားပေးနိုင်ရင် ဒီငွေ၂တေးနဲ့ချေးငွေစာချုပ်ကို ပြန်ပေးရမယ်"

ကျိုးထောင်ဟွားပြုံးလိုက်ပြီး ပြောလာ၏။

"အဖွား စိတ်မပူပါနဲ့၊သမီး အဖွားဆီက ရာသီသွေးမိစ္ဆာကို ကျိန်းသေဖယ်ရှားပေးမှာပါ"

စကားပြောရင်းပင် သူမသည်ဟင်္သာပြဒါးရိုင်းနှစ်ထားသောစုတ်တံဖြင့် အဘွားစွင်းမျက်နှာထက်တွင် အဆောင်တစ်ခုကိုအမြန်ဆွဲလိုက်သည်။ပူလောင်သောခံစားချက်ကြောင့် အဘွားစွင်းမှာရေနွေးပူဖြင့် အလောင်းခံလိုက်ရသလိုခံစားလိုက်ရ၏။

"အား....."

အဘွားစွင်းမှာ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

"နင် ခွေးမလေး!ငါ့ကိုဘာလုပ်လိုက်တာလဲ"

ကျိုးထောင်ဟွား၏နောက်ဆုံးစုတ်ချက်မှာ မေးစေ့မှနေဗိုက်အောက်ပိုင်းအထိ ဆွဲချလိုက်ခြင်းဖြစ်သည်။

အဆောင်ဆွဲခြင်းပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် အဘွားစွင်း၏ခန္ဓာကိုယ်ထဲမှနေ ကုတင်တစ်ခုစာခန့်ရှိသော သွေးနီရောင်အဝတ်စကြီးတစ်စထွက်ပေါ်လာသည်ကို လူတိုင်းမြင်လိုက်ကြရ၏။၎င်း၏အရောင်မှာ အလွန်ပင်ရဲရဲနီနေသဖြင့် လူတိုင်းမှာကျောရိုးထဲထိချမ်းစိမ့်သွားရသည်။

အနားရှိအဒေါ်ကြီးအချို့မှာ ထိတ်လန့်တကြားအော်ဟစ်လိုက်ကြပြီး အချို့မှာမူပါးစပ်ကိုပိတ်ကာ ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားကြ၏။

ကျိုးရှန်းဖျင်သည်လည်း သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ချေ။သူ့အသံများမှာ တုန်ယင်နေသော်လည်း မေးလိုက်သည်။

"ဒါ.....ဒါက*ရာသီသွေးမိစ္ဆာ*လား"

ထိုသွေးနီရောင်အဝတ်စကြီးသည် ထွက်ပြေးရန်ကြိုးစားသကဲ့သို့ အပေါ်သို့ပျံတက်သွားချိန်တွင် လူတိုင်းနှလုံးသားများမှာ လည်ချောင်းဝအထိရောက်သွားကြတော့သည်။

ထိုအဝတ်နီကြီး သူတို့ထံသို့ပျံလာမည်ကို အလွန်ကြောက်ရွံ့နေကြခြင်းပင်။

ထိုစဉ် ကျိုးထောင်ဟွားမှာသူမလက်ဖြင့် ထိုသွေးနီရောင်အဝတ်စကြီးကို လှမ်းဖမ်းလိုက်သည်။

ချက်ချင်းပင်ထိုအဝတ်နီကြီးမှာ လှပနုနယ်သောအမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားတော့၏။

သူမသည်သွေးစက်များခဲနေသကဲ့သို့ နီရဲနေသည့်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ခြောက်ခြားဖွယ်ရာအငွေ့အသက်များကို ထုတ်လွှင့်နေတော့သည်။

သူမခေါင်းပေါ်တွင် အဖြူနှင့်အနီရောင်ပန်းများဖြင့် ရက်လုပ်ထားသောသရဖူကိုဆောင်းထားပြီး ပုခုံးထက်တွင်လည်းပုဝါဖြူတစ်ထည်ခြုံထားလေ၏။ထိုပန်းများမှာ သွေးများထဲမှနေ လောလောလတ်လတ်ပွင့်လန်းလာသကဲ့သို့ အလွန်လန်းဆန်းနေသည်။သူမမျက်နှာမှာ စက္ကူစကဲ့သို့ဖြူဖျော့နေပြီး အရောင်အသွေးမရှိဘဲ ပါးချိုင့်များလည်းချိုင့်ဝင်နေကာ ညိုမည်းနေသောမျက်ကွင်းများဖြင့် သူမအကြည့်မှာ သေစေနိုင်သောကြက်သီးထစရာငြိမ်သက်မှုအလားပင်။

သူမနှုတ်ခမ်းများမှာ ကြောက်မက်ဖွယ်ရာအနက်ရောင်ဟုထင်မှတ်လောက်သည့် ကြက်သွေးနီအရောင်ရင့်ရင့်ဖြစ်ပြီး၊လက်သည်းများမှာ ချိတ်များကဲ့သို့ချွန်ထက်လှရာ သူမတစ်ကိုယ်လုံးရှိအေးစက်ပြီးဆိုးဝါးသောအငွေ့အသက်များသည် မြေအောက်လောကမှတက်လာသကဲ့သို့ပင်။

ချက်ချင်းဆိုသလို လူတိုင်းမှာထိတ်လန့်တကြားဖြင့် အဓိကအိမ်ခန်းထဲမှနေ ထွက်ပြေးကုန်ကြတော့သည်။အဘွားစွင်းပင်လျှင် အိပ်ရာထက်မှကုန်းရုန်းဆင်းလာတော့၏။

"ဒါ.....ဒါက...."

အဘွားစွင်းမျက်လုံးများမှာ မျက်လုံးအိမ်ထဲမှထွက်ကျလုမတတ်ပြူးကျယ်သွားပြီး သူမခန္ဓာကိုယ်ထဲမှနေထွက်လာသည့် အရာကို မိန်းမောတွေဝေစွာစိုက်ကြည့်နေမိသည်။ဒီတစ်ခါတော့ တစ်ကယ်ကြီးပဲဟ၊သူမတစ်ကယ်ကြီး ရာသီသွေးမိစ္ဆာကို မျက်မြင်ကိုယ်တွေ့,တွေ့လိုက်ရပြီ။

"အမလေး ဘုရားရေ"