အပိုင်း (၁၇၇)
ဖုန်းလီ၏ ဒေါသ
ကျန်းလော့သည် ထိတ်လန့်သွားသော်လည်း ကောဝူချန်၏ အားလုံးလိုလို ထုတ်ပြောလိုက်မှုသည် ကျန်းလော့ကို ကောဝူချန်၏ ရည်ရွယ်ချက်ကို သံသယဖြစ်သွားစေသည်။
“မင်း ငါ့ကို ဘာလို့ ဒီအကြောင်း လာပြောနေရတာလဲ”
“ဘာလို့လဲ ဆိုတော့ ကံကြမ္မာယုံသူက မင်းကို မျက်စိကျနေလို့လေ”
ကောဝူချန်ကပြောသည်။
“ပြီးတော့ မင်း သခင့်ကို သတ်နိုင်တယ်လို့ သူတွေးမှတော့ ကျုပ်က သခင်ကျန်းက သခင့်ကို တားပေးနိုင်မယ်လို့ ထင်တယ်”
ကောကျူသည် ကျန်းလော့ကို တစ်ချိန်တုန်းက ကောဝူချန်နှင့် ဝေးဝေးနေရန် ပြောခဲ့ဖူးသည်။ ကောဝူချန်သည် ရွှေရောင်နှလုံးသားနှင့် မြွေဖြစ်ပြီး အချိန်မရွေး သေသည်အထိ ကိုက်သတ်ပစ်နိုင်သည်ဟုလည်း ပြောခဲ့သည်။ ကျန်းလော့သည် ကောကျူပြောတာ မှန်သည်ဟု ဝန်ခံရမည် ကောဝူချန်သည် သူ့အတိတ်အကြောင်း ဘယ်သောအခါမှ ဖွင့်ပြောမည်မဟုတ်သော ထာဝရရှင်သန်သူလို ချောမောသော မျက်နှာနှင့်လူဖြစ်သည်။
ကျန်းလော့ မှန်းဆသည်မှာ သူပြောသော ကိစ္စများတွင် တစ်ဝက်သာ အမှန်ဖြစ်နိုင်သည်။ ကံကြမ္မာယုံသူအကြောင်းသည် အမှန်ဖြစ်နိုင်ပြီး ကျန်သည်များကတော့ မသေချာပေ။
“ဟန်ဆောင်မနေနဲ့တော့”
ကျန်းလော့သည် တိုက်ရိုက်ပဲ ပြောလိုက်သည်။
“ငါ့ကို ရှင်းပြဦး ဘာလို့ ကောကျူကို ခဏခဏ သေတွင်းပို့နေရတာတုန်း တခြားသူတွေကိုကျ သောက်ဂရုတစ်စက်မှ မစိုက်ဘဲ ဘာလို့ ကောကျူကိုမှ သေလုမျောပါးဖြစ်အောင် လုပ်လုပ်ပစ်ရတာတုန်း အဲ့အကြောင်းတော့ ရှင်းပြဖို့ လိုလိမ့်မယ်”
ကောဝူချန်၏ မျက်နှာသည် ချက်ချင်း အေးစက်သွားသည်။
“သခင်ကျန်း ခင်ဗျား အမြင်မှာ သခင့်ကို စိတ်ပြောင်းအောင်လုပ်ဖို့ လွယ်နေတယ် ထင်ပါသလား”
“ကျုပ်ဆရာနဲ့ ဆရာဦးလေးတွေ ပြောခဲ့တာ သူက အဆုံးထိရောက်သွားအောင် ဖိအားပေးခံရတာတဲ့ ဒါပေမဲ့ ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေထဲမှာ သူတစ်ယောက်ထဲကပဲ တစ္ဆေဆေးမှင်ကြောင်နဲ့ ပေါင်းစည်းပြီး ဆေးမှင်ကြောင်ကို ပြန်ထိန်းချုပ်နိုင်တဲ့သူပဲ”
ကောဝူချန်သည် စိတ်ပျက်စွာ ရယ်မောလိုက်သည်။
“သူက အသက်ရှင်နေတုန်းက လူအရေခြုံထားတဲ့ နတ်ဆိုးပဲ လွန်ခဲ့တဲ့ ငါးနှစ်က ကျုုပ်အမှန်တရားကို သိခဲ့တဲ့အချိန်တုန်းက ကျုပ်သူ့ကို ကာကွယ်ဖို့ မကြိုးစားခဲ့ဖူး ထင်နေလား ကျုပ် သူ့စိတ်ကို ပြောင်းဖို့ ကျုပ်ကိုယ်တိုင် မကြိုးစားခဲ့ဖူး ထင်နေလား ဒါပေမဲ့ အကုန်အလကားပဲ အဲ့အချိန်တုန်းထဲက သူက သူ့ရဲ့ သေခြင်းတရားအတွက်တောင် ကိုယ်တိုင်ပြင်ဆင်ပြီး အဲဒီကနေ အခွင့်ကောင်းယူဖို့ ပြင်ဆင်ခဲ့ပြီးပြီ ပြီးတော့ သူက အသက်ငယ်ငယ်လေးထဲက သူတော်ကောင်း မျက်နှာဖုံးတပ်ပြီး ဟန်ဆောင်တတ်နေပြီး စတွေ့ထဲက အချိန်ကို ပြန်တွေးမိရင် ကျုပ်သူ့ကို လုံးဝမကြည့်ရဲလောက်အောင် ကြောက်သွားခဲ့တယ်”
“သူက သေချာပေါက်ကို သန္ဓေယုတ်နဲ့မွေးလာတဲ့ ရူးနေတဲ့လူဗျ ဒီလိုလူရဲ့ ဗီဇတွေ ပေါ်ထွက်လာအောင် ဖိအားပေးတဲ့သူက သူ့ကို တစ်ချိန်လုံးဒုက္ခပေးနေတဲ့ ချီမိသားစုတွေနဲ့ သူ့ကို ဇွတ်အတင်း လူကောင်းတစ်ယောက်ဖြစ်အောင် ပုံသွင်းချင်တဲ့ သူတွေပဲ”
“ကျုပ် ရိုးရိုးသားသား ပြောရရင် မင်းပေါ်မလာခင်အထိ အနာဂတ်ကို ပြောင်းလဲဖို့ မဖြစ်နိုင်တော့ဘူးလို့ကို တွေးမိခဲ့တာ”
ကောဝူချန်၏ အသံသည် အေးစက်နေပြီး
“အနာဂတ်က ဒီလိုမျိုးဖြစ်လာဖို့ အနှေးနဲ့အမြန်ပဲ လိုတော့တာကို ကောကျူက အခုထိ ဒီလို ပေါတောတော ဖြစ်နေသေးရင် သူဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး ဒီတော့ သူ့ကို သူများတွေ နှိပ်မစက်ခင် ကျုပ်လက်ထဲမှာ သေသွားတာကမှ ပိုကောင်းလိမ့်မယ်”
ကျန်းလော့သည် ကုန်ခါနီး စီးကရက်ကိုပင် ဝါးမိသွားကာ ရုတ်တရက်ရယ်ချလိုက်သည်။ ကောဝူချန်သည် စိတ်မချမ်းမြေ့စွာ ကြည့်လိုက်ပြီး။
“ဘာအတွက် သခင်ကျန်းက ဒီလောက်ရယ်နေရတာလဲ’
“အိုး ငါက မင်းက ဒီလောက်တောင် စိတ်ဝင်စားစရာကောင်းတဲ့ လူမှန်း အခုမှ သိသွားလို့ပါ”
ကျန်းလော့သည် ရယ်မောခြင်းကို ခက်ခက်ခဲခဲ ရပ်လိုက်ပြီး
“နည်းနည်းလေး ရယ်ချင်သွားတာလဲ ပါတာပေါ့ အဟမ်း မင်းက သူ့ကို ဘယ်သူ့ကိုမှ အလွယ်တကူ မယုံဖို့ သင်ပေးချင်တာ မဟုတ်လား ဒါဆို သူက မင်းကိုပဲ မုန်းပြီး အသက်ဆက်ရှင်သန်နိုင်မယ်ပေါ့လေ”
ကောဝူချန် တောင့်သွားသည်။ ကျန်းလော့သည် သူ့ကို စနောက်နေတာကို ရပ်ပစ်လိုက်သည်။
“ကံကြမ္မာယုံသူ နတ်ဘုရားဖြစ်လာမဲ့ နည်းလမ်းကို သိလား”
ကောဝူချန်မျက်နှာသည် လေးနက်သွားပြီး ရုတ်တရက် ဘာပြန်ပြောရမှန်း မသိဖြစ်သွားကာ ခဏကြာမှ
“အင်း ကျုပ်သိတယ်”
“ကျမ်းစာနဲ့ တိဗက်ဗုဒ္ဓကျောင်းဆောင်က ပြာကျသွားပြီ အဲဒီနည်းလမ်းကို ကျုပ်နဲ့ ကံကြမ္မာယုံသူတို့ပဲ သိတော့တယ်”
ကောဝူချန်က ပြောသည်။
“သခင်ကျန်း ကျုပ်မင်းကို အန္တာရာယ် မဖြစ်စေရဘူး ဒါပေမဲ့ ကျုပ် လိုချင်တဲ့ အခြေအနေနှစ်ခု ရှိတယ် မင်းသာ လုပ်နိုင်မယ်လို့ ကတိပေးနိုင်ရင် ကျုပ်မင်းကို အဲ့နည်းလမ်းပေးလိုက်ဖို့ ဆန္ဒရှိတယ်”
ကျန်းလော့ “အဲအခြေအနေဆိုတာကို ပြောကြည့်လေ နားထောင်ကြည့်မယ်”
ကောဝူချန်သည် ကျန်းလော့ကို လေးနက်စွာကြည့်လိုက်သည်။
“ပထမဆုံး မင်း ကံကြမ္မာယုံသူကို သတ်ရမယ် ပြီးတော့ နောက်တစ်ခုက ချီယုံ့ကို ရွှမ်ရွှီလောကကြီး မဖျက်ဆီးအောင် တားဆီးပေးရမယ်”
ကျန်းလော့သည် တခြား ခက်ခက်ခဲခဲ အရာများဟု ထင်လိုက်မိသည်။ သူသည် ကောဝူချန်ပြောပြီးသည်နှင့် တွေဝေခြင်း မရှိခေါင်းညိတ်လိုက်သည်။
“ငါသဘောတူတယ် နည်းလမ်းယူလာခဲ့ပေး”
ကောဝူချန်သည် ကျန်းလော့ ဤမျှလွယ်လွယ်ကူကူ သဘောတူမည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် အနည်းငယ် တွေဝေသွားခဲ့သည်။ ကျန်းလော့သည် သူ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး
“မင်း ပေါက်ကရတွေ လျှောက်ပြောပြီး ဘာမှ ပေးစရာမရှိဘဲ လာလိမ်နေတာတော့ မဟုတ်ဘူးမလား”
ကောဝူချန်သည် စကားတစ်လုံးမှ ပြန်မပြောနိုင်အောင် ဆွံ့အနေသည်။ ကျန်းလော့သည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ရုတ်တရက် ကောဝူချန်ကို ကန်ပစ်လိုက်သည်။ ထို့နောက် မျက်နှာထားသည် လုံးဝကြီး အေးစက် ခက်ထန်နေသည်။
“မင်းက ငါနဲ့ လာကစားရဲတယ်”
ကောဝူချန်သည် အကန်ခံလိုက်ရ၍ စိတ်ဆိုးမသွားဘဲ သူ့ကိုယ်ပေါ်မှ ခြေရာများကို ခါထုတ်လိုက်သည်။ ထို့နောက် ခါးသက်စွာ ပြောလိုက်သည်။
“သခင်ကျန်း ကျုပ်မင်းကို ဒီလောက် အရေးကြီးတဲ့ ပစ္စည်း မပေးလိုက်နိုင်ဘူး မင်းက သခင်နဲ့ အရမ်းကို မတူဘူးဆိုတာ သိနေရင်တောင် ဒီလိုပေးပစ်လိုက်ဖို့ မလုံလောက်သေးဘူး တကယ်လို့ မင်းသာ သခင့်ကို မင်းနဲ့ ချစ်သွားအောင်လုပ်နိုင်ရင် မင်းကို သူ့အသက်ကိုပါ ပေးဖို့ ဆန္ဒရှိလာအောင် လုပ်နိုင်ခဲ့ရင် ကျုပ်မင်းကို နည်းလမ်း ပြောပြမယ်”
ကောဝူချန်သည် ကျန်းလော့အတွက် ချီယုံသည် ထူးခြားကြောင်း မငြင်းနိုင်သော်လည်း နောက်ဆုံးတစ်ခေါက် လျန်အိမ်တော် တောင်ကုန်းပေါ်တွင် တစ်ယောက်နဲ့တစ်ယောက် တစ်စက်လေးမှ မညှာဘဲ တိုက်ခိုက်ကြမှုသည် သူ့ကို တွန့်ဆုတ်နေစေသည်။ ကျန်းလော့တစ်ယောက် သွေးများနှင့် မြူနက်များကြားမှ ထွက်လာတာ မြင်သောအခါ ကောဝူချန်သည် ထိုအချိန်ကပင် တော်တော် ကြောင်သွားခဲ့သည်။
ချီယုံသည် ကျန်းလော့ကို စိတ်ဝင်စားနေသော်လည်း ကျန်းလော့အတွက်နှင့်တော့ ရွှမ်ရွှီလောကကြီးကို ဖျက်ဆီးမည့် အကြံကို စွန့်လွတ်လောက်အောင်ထိ စိတ်ဝင်စားမနေသလိုပင်။ ကောဝူချန်သည် စိတ်ပျက်သွားခဲ့သည်။ ကျန်းလော့သည် အနည်းဆုံးတော့ သူ့ကို မျှော်လင့်ချက် ပေးနိုင်ခဲ့သည်။ ကောဝူချန် လိုချင်သည်မှာ ချီယုံတစ်ယောက် ကျန်းလော့နှင့် နက်ရှိုင်းစွာ ချစ်သွားကြပြီး ကျန်းလော့အတွက် ကမ္ဘာကြီးကို ဖျက်ဆီးမည့် ကြောက်စရာကောင်းသည့် အကြံကို လက်လွတ်သွားစေချင်သည်။ ကျန်းလော့ ကြိုးဆွဲရာကရရင်လည်း ဖြစ်သည် သခင်ဖြစ်သူ ထိုကြောက်စရာအကြံကိုလက်လွတ်သွားဖို့သာ မျှော်လင့်ခဲ့သည်။
သို့သော် ကောဝူချန်သည် သူကိုယ်တိုင်ကတော့ သွားမပြောရဲပေ။
ချီယုံက မည်သို့များ တစ်စုံတစ်ယောက်ကို ချစ်သွားပါမည်နည်း။ သူ့မှာ အချစ်ဆိုသော အရာပင် ရှိပါရဲ့လား။
ကျန်းလော့သည် တစိမ့်စိမ့်တွေးကြည့်ပြီး
“မင်း ဘာကို ဆိုလိုတာလဲ”
ကောဝူချန်သည် စစ်မှန်သော ဆန္ဒဖြင့် ပြောလိုက်သည်။
“သခင်ကျန်း ကျုပ်တစ်ယောက်ထဲကပဲ ကံကြမ္မာယုံသူ နတ်ဘုရားဖြစ်လာနိုင်မဲ့ လျှို့ဝှက်ချက်ကို သိထားတဲ့သူ ပြီးတော့ ဒီလျှို့ဝှက်ချက်ကို ကာကွယ်ဖို့ ကျုပ် ကောင်းကောင်း မအိပ်နိုင်သလို အစားတောင် ဖြောင့်အောင် စားမဝင်ဘူး ကျုပ် ငါးနှစ်လုံးလုံး ဒီလို ရှင်သန်လာရတာ ကျုပ်မင်းကို နည်းလမ်းကို ဒီလိုပဲ လွယ်လွယ်ပြောပြလိုက်လို့ မင်းက သခင့်ကို မတားဆီးနိုင်ရင် ကျုပ်က မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်သွားမှာ”
သူက ကျန်းလော့ကို အကြံတစ်ခုပေးလိုက်သည်။
“ဒါဆိုလည်း မင်းကိုယ်မင်း ဘာလို့ အသုံးမချလိုက်လဲ”
“ငါ မလုပ်နိုင်လို့လေ”
ကောဝူချန်သည် လှောင်ပြောင်ထေ့ငေါ့စွာ ပြောလိုက်သည်။
“သခင်ကျန်း ပူဇော်တာတွေကို လက်ခံတဲ့ သူတိုင်းက နတ်ဘုရားဖြစ်မလာနိုင်ဘူး ပြီးတော့ ဒီလောက်နှစ်တွေ အများကြီး ကြာတာတောင် တစ်ယောက်မှ ဖြစ်မလာခဲ့ဘူး ကံကြမ္မာယုံသူကလွဲလို့လေ ”
ကျန်းလော့သည် သူ့ကိုပဲ ကြည့်နေပြီး စကားမပြောနိုင်တော့ပေ။ ကောဝူချန်သည် အသံကိုနှိမ့်လိုက်ပြီး နောက်ထပ် နည်းနည်း ထပ်ပြောပြလိုက်သည်။
“သူ့စွမ်းအားတွေက ကိုးကွယ်ခံရတာကနေ ရလာတာ သူ့ကို ကိုးကွယ်တဲ့သူများလေ ဒါမှမဟုတ် သူ့ကို ကိုးကွယ်တဲ့သူက စွမ်းအားကြီးမားနေလေ သူ့စွမ်းအားက ပိုကြီးလာလေပဲ သူ့ကို အားနည်းသွားအောင် လုပ်ဖို့ဆို သူ့ကို ပူဇော်နေကြတာတွေကို တားဖို့နဲ့ သူ့ရဲ့ကိုးကွယ်ယုံကြည်သူတွေ မရှိတော့အောင် လုပ်ဖို့ပဲ”
“အခုတော့ ဒီထိပဲ ပြောပြနိုင်မယ် သခင်ကျန်း ပြီးတော့ သူ့ကို ဆည်းကပ်တဲ့ပစ္စည်းတွေနဲ့ ကိုးကွယ်သူတွေကို လျော့နိုင်သမျှ လျော့အောင်လုပ်ဖို့ နောက်ပိုင်းကိစ္စကတော့ သခင် မင်းကို ဘယ်လောက်ထိ နေရာပေးထားလဲဆိုတာ ကျွန်တော့်ကို သက်သေပြနိုင်တဲ့နေ့ကျရင် ပေးမယ်”
ကျန်းလော့သည် ထိုစကားလုံးများကြောင့် တစ်ဝက်လောက်တော့ ယုံသွားသည်။ သူသည်အကြာကြီး စဉ်းစားနေဖို့ မလိုသောကြောင့် ခပ်ပြတ်ပြတ်ပြောလိုက်သည်။
“ငါသဘောတူတယ်ကွာ အခု လစ်လိုက်တော့”
ကောဝူချန်သည် ကျေနပ်စွာ ပြုံးလိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်၍ ထွက်သွားရန် ပြင်လိုက်သည်။ ကျန်းလော့သည် ရုတ်တရက် ပြောလိုက်သည်။
“ကောဝူချန် ဆရာတော်ချန်းသယ် ခုနက ထွက်သွားတဲ့ပုံကလေ ဟမ်း သူ မင်းရောက်နေတာ သိတယ် ဟုတ်တယ်မလား မင်းနဲ့ ကျို့ခန်းဘုရားကျောင်းက သူများတွေထင်နေကြသလို ပြတ်သားနေကြတဲ့ ဆက်ဆံရေးမဟုတ်ဘူး မဟုတ်လား ”
ကောဝူချန်သည် ထင်ရှူးပင်ကြီး၏ နောက်တွင် ပျောက်ကွယ်သွားသည်။
ဆရာတော်ချန်းသယ်ပြန်လာသောအခါ ကျန်းလော့သည် ဘာမှမဖြစ်ခဲ့သလို ဆရာတော်နှင့် ရောက်တက်ရာရာ ဟာသများ ဆက်ပြောနေလိုက်သည်။ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်နှင့် တစ်ယောက် သရုပ်ဆောင်နေကြသည်ကို သိကြသော်လည်း နှစ်ယောက်စလုံးတွင် ထုတ်ပြောကြဖို့ စိတ်ကူးမရှိပေ။ ထို့အပြင် ကျို့ခန်းဘုရားကျောင်းကို ပတ်ကြည့်ပြီးနောက် ဆရာတော်ချန်းသယ်က ကျန်းလော့ကို လက်ဆောင်တစ်ခုပေးသည်။
ကျောင်းထိုင်ဆရာတော်က ဘာပြောလိုက်သည်မသိ သူတို့ဆီသို့ လျှောက်လာသော ကောကျူ၏ မျက်လုံးများသည် ငိုထားသလို နီရဲဖောင်းမို့နေသည်။ သို့သော် သူ့ပုံစံသည် အနိုင်ကျင့်ခံထားရတာမျိုး မဟုတ်ပေ။ သူတို့နှစ်ယောက်သည်လည်း သူတို့နား လျှောက်လာတာမြင်မှ ကောကျူသည် လာရင်းကိစ္စကို သတိရသွားပြီး စိတ်ရှုပ်စွာ ပြောလိုက်သည်။
“ဆရာတော်ကြီးနဲ့ စကားပြောတာ မျောသွားလို့ မင်းအတွက် သတင်းစုံစမ်းပေးဖို့ မေ့သွားတယ်ကွာ”
ကျန်းလော့သည် လက်ဆောင်ကို ထုတ်လိုက်ပြီး ဖွင့်ကြည့်လိုက်ရာ ဗူးထဲတွင် အနက်ရောင်ဖော့တုံးပေါ်တွင် တင်ထားသော ဗုဒ္ဓပုတီးကုံးကို တွေ့လိုက်သည်။ ကျန်းလော့သည် ဖော့တုံးလေးကို ဖယ်ကြည့်လိုက်ရာ ကံကြမ္မာယုံသူ၏ အချက်အလက်တစ်ပုံတစ်ခေါင်းကြီးကို တွေ့လိုက်ရသည်။ သူကပြောလိုက်သည်။
“ဘာမှမဖြစ်ဘူး အဆင်ပြေတယ်”
‘ကျို့ခန်းဘုရားကျောင်းက ဆရာတော်တွေအားလုံးက ပညာရှိတွေပါလား အထူးသဖြင့် အဲဒီကောဝူချန်ပဲ’
ကျန်းလော့သည် ပန်းသီးကို တယုတယကိုင်ပြီး စားနေသော ကောကျူကို ကြည့်လိုက်သည်။ ကောကျူသည် ပန်းသီးကို စားလို့ကုန်သွားသော်လည်း ပျော့စိနေပြီဖြစ်သော ပန်းသီးအူတိုင်ကို တမြုံ့မြုံ့ ဝါးနေလေသည်။
‘ဒီတစ်ယောက်ကတော့ ဘာပြောရမှန်းကို မသိတော့ဘူး ရူးနေတာ မဟုတ်ဘူး ငါ့သူငယ်ချင်းက ဒီတိုင်းလေး မူမမှန်ရုံလေးတင်’
အိမ်ပြန်ရောက်သောအခါ ကျန်းလော့သည် ကံကြမ္မာယုံသူ၏ အချက်အလက်များကို ထပ်ခါထပ်ခါ ဖတ်ကြည့်သည်။ ကျို့ခန်းဘုရားကျောင်းမှ မှတ်တမ်းတင်ထားသော ကံကြမ္မာယုံ၏ မှတ်တမ်းများသည် သိပ်မတိကျသော်လည်း အနည်းဆုံးတော့ ကျန်းလော့အတွက် ကံကြမ္မာယုံသူ မည်သို့သောလူမျိုး ဖြစ်ကြောင်းတော့ သိလိုက်ရသည်။
အစပိုင်းတွင် ကံကြမ္မာယုံသူသည် လူသားစင်စစ်တစ်ယောက် ဖြစ်သည်။ ပိုင်လုဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းကြီးမှ သူ့ကို ခေါ်လာခဲ့တုန်းက ကလေးပဲ ရှိသေးသော်လည်း သူသည် တခြားသူများနှင့် မတူခဲ့ပေ။ ကလေးဆန်မှု အနည်းငယ်လေးပင်မရှိဘဲ ပြင်ပကမ္ဘာကြီးအကြောင်းလဲ နည်းနည်းမှ မသိချင်ခဲ့ပေ။
ကံကြမ္မာယုံသူသည် တခြားသူများနှင့် မတူခဲ့ပဲ လူများ တိရစ္ဆာန်များကို တန်းတူညီစွာ ဆက်ဆံခဲ့သည်။ သူသည် မွေးရာပါ ဈာန်ဝင်စားခြင်းနှင့် ဖက်မွေးလာသော လူကဲ့သို့ ထင်ရကာ ကျောင်းထိုင်ဆရာတော်ကြီး၏ တပည့်ပီသစွာ ‘ဗုဒ္ဓသားတော်တစ်ပါး၏ နှလုံးသား’ကို ကျင့်ကြံ၍ သူ့ကိုယ်သူ ငြိမ်းချမ်းအောင် နေထိုင်ခဲ့သည်။
သို့သော် တဖြည်းဖြည်းနှင့် ကံကြမ္မာယုံသူသည် နတ်ဘုရားများအကြောင်း သိချင်လာသည်။ အထူးသဖြင့် ဗုဒ္ဓမြတ်စွာဘုရား အကြောင်း သိချင်လာသည်။ သူသည် ကမ္ဘာပေါ်တွင် ဗုဒ္ဓအရှင် သို့မဟုတ် ထာဝရရှင်သန်သူများ တကယ်ရှိမရှိနှင့် အဘယ့်ကြောင့် လူများသည် အလွန်ဆုံး နှစ်တစ်ရာအထိသာ ရှင်သန်ကြမှန်း သိချင်လာခဲ့သည်။ ထို့ကြောင့် သူသည် ပိုင်လုဘုရားကျောင်းမှ ထွက်ခွာသွားကာ ကျယ်ပြန့်သော လောကကြီးဆီသို့ သူသိချင်သည့် အကြောင်းအရာများ ရှာဖွေရန် ထွက်သွားခဲ့သည်။
သူပြန်ရောက်လာသောအခါ သူသည် ရွှမ်ရွှီလောကကြီး၏ အစောင့်အရှောက်တစ်ပါး ဖြစ်နေပြီဖြစ်ပြီး နှစ်နှစ်ရာကျော်သွားတာတောင် သေဆုံးမသွားခဲ့ဘဲ ကံကြမ္မာစောင့်ရှောက်သူအဖြစ် ကိုးကွယ်ခံကာ နေခဲ့လေသည်။ ကျန်းလော့သည် အချက်အလက်များကို သေချာဖတ်ကြည့်ပြီးနောက် ကောဝူချန်၏ တောင်းဆိုမှုများကို ပြန်တွေးကြည့်လိုက်သည်။
‘ချီယုံ့ကို ငါနဲ့ ချစ်ကျွမ်းဝင်လာပြီး ငါ့အတွက် အသက်ပါပေးအောင်အထိ လုပ်ပေးရမယ် ‘
ကျန်းလော့သည် ထိုင်ခုံကို မှီလိုက်ပြီး တစိမ့်စိမ့်တွေးနေသည်။ ထိုကိစ္စသာ တကယ်အလုပ်ဖြစ်သွားလျှင် ၎င်းသည် ချီယုံ့ကို အကြီးကြီး လှည့်စားနိုင်မည့် အခွင့်အရေးကြီး ဖြစ်ပြီး သူ့အတွက် အကျိုးအမြတ်များသာ ရှိနိုင်ပေသည်။ အကယ်၍ ချီယုံသာ ကျန်းလော့နှင့် ချစ်သူတွေ ဖြစ်သွားပါလျှင် ကျန်းလော့သည် သူ့ခေါင်းပေါ် တက်ထိုင်လို့ရပြီဖြစ်ကာ မည်မျှ ပျော်စရာကောင်းပြီး မိမိုက်နေမည့် သူ့ကိုယ်သူ ကို ကျန်းလော့သည် စိတ်ကူးယဉ်နေတော့သည်။
ကျန်းလော့သည် ချီယုံနှင့် ယခင်က အသားယူခဲ့သည်များကို အခုထိ စာရင်းမရှင်းရသေးသော်လည်း သူသည် စာရင်းစာအုပ်ထဲတွင် တစ်ခုချင်း သေချာမှတ်သားထားသည်။ မကောင်းဆိုးဝါး၏ တပ်မက်ခြင်းနှင့် လက်စားချေခြင်းများ အတွက်ကတော့..။
“ကောင်းပြီလေ ချီယုံက အခုလည်း ငါ့ကို အားတိုင်း အသားယူနေတာပဲ မဟုတ်ဘူးလား”
ကျန်းလော့သည် ပိုးမွှားများကို မကြောက်တော့ပဲ အရူးလုပ်ရမှာကို တွေးပြီး ပျော်နေတော့သည်။ ထိုသို့တွေးပြီး ကျန်းလော့သည် သူ့အစီအစဉ်ကို စပြီးပြင်ဆင်တော့သည်။ သူသည် နည်းပြအဖြစ် ဝမ်ယမ်လန်ကို ငှားခဲ့သည်။ ဝမ်ယမ်လန်ကို လက်ခံလာအောင် သိမ်းသွင်းရသည်မှာ အလွန်ရိုးရှင်းသည်။
“ကံကြမ္မာယုံသူက ချီယုံ့ကို ငါနဲ့ကြိုက်သွားစေချင်နေတယ် ဒါကြောင့်နဲ့ ငါ့ကို ချီယုံသတိလွတ်တဲ့အချိန်မှာ သူ့ကိုသတ်ဖို့ ပြောထားတယ် ဝမ်ယမ် ငါအရင်ဆုံး ကံကြမ္မာယုံသူကို ရှုပ်ထွေးသွားအောင် အရင်လှည့်စားလိုက်ချင်တယ်”
ဝမ်ယမ်လန်သည် မေးစေ့ကို ပွတ်၍ မျက်လုံးမှေးကာ
“ဒီတော့ မင်းက ချီယုံ့ကို အရင်ဆုံးလှည့်စားမယ် ပြီးမှ ဒီအခွင့်အရေးကိုသုံးပြီး ကံကြမ္မာယုံသူ ဘာလုပ်မလဲ စောင့်ကြည့်မယ် အဲ့လိုလား”
“ဟုတ်တယ်”
ကျန်းလော့သည် စိတ်ဆင်းရဲနေသော မျောက်မုဆိုးမ မျက်နှာလေးဖြင့် ခက်ခဲစွာ ပြောလိုက်သည်။
“တကယ်လို့ ကံကြမ္မာယုံသူပြောတာတွေသာ အမှန်ဆိုရင် အနည်းဆုံးတော့ ငါ့ဘက်က တစ်ခုခု ပြင်ဆင်ထားမှ ဖြစ်မယ် ချီယုံ ငါ့ကို သတိမထားတော့ဖို့ လိုတယ် ဒါမှ သူရွှမ်ရွှီလောကကြီးကို ဖျက်ဆီးတော့မယ်ဆိုရင် ငါသူ့ကို တားလို့ရမှာ”
ဝမ်ယမ်လန်သည် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။ ထို့နောက် နှစ်သိမ့်သလို ပြုံးလိုက်ရင်း
“ကျန်းလော့ မင်းကတော့ ဒီနယ်ပယ်က ဆရာအစစ်အမှန်ဆီ ရောက်လာခဲ့တာပဲ”
သူ၏ ပရိုကျမှုများကို ပြသရန် ဝမ်ယမ်လန်သည် ချက်ချင်းပင် တခြားသူများကို ဆွဲဆောင်နိုင်မည့် အချက်အလက်များကို ပြောပြလိုက်ပြီး မိန်းကလေးလို ဝတ်စားရင်း တွေ့လာခဲ့သော သူကောင်းကောင်းသိသော မြူဆွယ်ဖြားယောင်းဖြင်းနှင့် အာသာရမ္မက်တို့ကို ပွင့်ထွက်လာအောင် လုပ်မည့်နည်းလမ်းကို ပြောပြလိုက်သည်။
ကျန်းလော့သည် ဝမ်ယမ်လန်၏ အာဘော်ကောင်းကောင်းနှင့် ပြောနေသော အချက်အလက်များကို ဘောလ်ပင်နှင့်စာအုပ်ယူကာ လိုက်မှတ်နေသည်။
“ချီယုံက ဆုံးသွားလို့ သရဲဖြစ်လာပြီးနောက်ပိုင်း တအားကို ပြောင်းလဲသွားတယ် ဒါကြောင့် မင်းသူ့ကို လူသားဖြစ်တုန်းကအတိုင်း ချည်းကပ် ဆက်ဆံနေတာမျိုးက မင်းအတွက် အဆင်မပြေနိုင်ဘူး သူရော မင်းရောက သာမန်လူတွေမဟုတ်ဘူး ပြီးတော့ မင်းတို့ သာမန်လူတွေ ချိန်းတွေ့ကြသလို ရုပ်ရှင်ကြည့်တာတွေ အခန်းထဲ ဒိုးတာတွေက မင်းတို့အတွက် အလုပ်မဖြစနိုင်ဘူး မင်းက ဒီတိုင်း ဟော်မုန်းတွေကို သုံးပြီး တဖြည်းဖြည်း မင်းမှမင်း စွဲလမ်းလာအောင် လုပ်ရမယ်” (collision of testosterone ဝှေးစေ့ကထွက်တဲ့ ဟော်မုန်းတွေ တိုက်မိအောင်လို့ သုံးထားတာပါ XD: သူဘာတွေသင်ပေးနေမှန်း အိုင် နားမလည်တော့ပါ.. ဆန်းကျယ်သောအတတ်ပညာများပိုင်ရှင် ဝမ်ယမ်လန်.. ^ဂ^)
ကျန်းလော့သည်လည်း မကြားလိုက်မည်စိုး၍ အလွန်အာရုံစိုက်၍ နားရွက်များထောင်နေအောင် သေချာနားထောင်နေသည်။ ဝမ်ယမ်လန်သည် သေချာတွေးကြည့်ပြီး
“သူ မင်းကို ပိုင်ဆိုင်လိုစိတ်ကြီးတာမျိုး တစ်ခုခု ပြောဖူးလား”
ကျန်းလော့၏ မျက်နှာသေသည် ခဏလောက် ရှုံ့မဲ့သွားကာ
“သူပြောတာက ငါ့အရေပြား ငါ့သွေး အားလုံး သူ့အပိုင်တဲ့”
“ဒီလို ပိုင်ဆိုင်လိုစိတ်ကြီးတာမျိုး..”
ဝမ်ယမ်လန်သည် နှုတ်ခမ်းကိုက်လိုက်ပြီး ကျေနပ်စွာ ပြောလိုက်သည်။
“ကျန်းလော့ သူက မင်းကို ပိုင်ဆိုင်လိုစိတ်တွေ တအားကို မြင့်တက်နေတာပဲကွ ငါတို့ သေးသေးလေးတော့ မဟုတ်သေးဘူး အပိုင်းအကြီးကြီး အောင်မြင်သွားပြီကွ ဒီလိုမျိုး ပိုဖြစ်လေ မင်းက သူ့ကို လုံးဝ လက်လှမ်းမခံမဲ့ ပုံစံပိုပြပေးရမယ် သူက ပိုင်ဆိုင်ချင်တယ် ဒါပေမဲ့ မရနိုင်ဘူး ပြီးတော့ မင်းအတွက် သူ့ရဲ့ ခံစားချက်တွေက တစ်လှမ်းချင်း တစ်လှမ်းချင်း နက်ရှိုင်းလာမယ်”
ကျန်းလော့သည် အတွေးများသွားပြန်သည်။
“အမျိုးသားနှစ်ယောက်ကြားက ဆက်ဆံရေးက အမျိုးသမီးနဲ့ အမျိုးသားကြားက ဆက်ဆံရေးနဲ့ မတူဘူး လိင်ဆက်ဆံတာနဲ့ အထိအတွေ့က ယောက်ျားနှစ်ယောက်ကြားမှာ တကယ့်ကို အကြီးကြီးအရေးပါတာကွ”
ဝမ်ယမ်လန်က ပြောသည်။
“ကျန်းလော့ ချီယုံက မင်းကို အဲ့လိုဖြစ်ချင်တဲ့အကြောင်း လမ်းခင်းသေးလား”
ကျန်းလော့ကပြောသည်။
“. . . . သူ ငါနဲ့လုပ်ချင်တယ်လို့ ပြောဖူးတယ်”
ဝမ်ယမ်လန်သည် ကျန်းလော့ကို စနောက်ချင်သည့် အကြည့်ဖြင့်ကြည့်လိုက်ရင်း
“ဒါဆိုလည်း အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး မစိုးရိမ်နဲ့ အဲဒါအပြင်ကို သူ့ကို နည်းနည်းလောက် ချေထားလိုက် ဒါပေမဲ့ အဲ့လို မချေခင် မင်းသူ့ကို မင်းအပေါ်မှာ အထွပ်အထိတ်ရောက်တဲ့ထိ တပ်မက်လာအောင် အရင်လုပ်ဖို့လိုတယ် အခုတော့ ငါတို့က အသာစီးရတဲ့ဘက်မှာ ချီယုံက ပိုးပမ်းနေတဲ့သူ ဆိုတော့ကွာ ငါတို့သူ့ကို ပေါ်ပေါ်ထင်ထင် အရူးလုပ်စရာ သီးသန့်ကြီး မလိုတော့ဘူး ငါတို့လုပ်ရမှာက သူ မင်းဆီလာရင် မင်းက မိမိုက်ချောမောနေရမယ် ကျော့ကျော့လေး နေရမှာပေါ့ကွာ”
ယောက်ျားတစ်ယောက်၏ တစ်စုံတစ်ယောက်အပေါ် လိုအင်တက်မက်စိတ်များသည် ထိုသို့သောမျိုး အချိန်မှာ အကြည့်တစ်ချက်နဲ့ပင် ပေါ်ထွက်လာသော်လည်း တစ်ယောက်သောသူကတော့ မဖော်ပြတတ်ပေ။ သူသည် မီးတောက်နေသော မျက်လုံးများဖြင့် စားမတက် ဝါးမတက်သာ ကြည့်တတ်လေသည်။
ကျန်းလော့သည် ထိုသူ၏ ပုံစံကို မြင်ယောင်မိပြီး အပြုံးတို့ နက်ရှိုင်းလာကာ ထိုမီးဝင်းဝင်းတောက်နေသော အကြည့်များကိ သူ့ကို ရူးမိုက်အောင် ပြုစားတတ်ကြောင်း ဝန်မခံချင်ပေ။
ချီယုံသည် သရဲဖြစ်လာသော်လည်း ထိုရမ္မက်ဆန္ဒတို့ကို မတွန်းလှန်နိုင်ပေ။ ကျန်းလော့နှင့် ဝမ်ယမ်လန်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ထူးဆန်းစွာ တိတ်တဆိတ် ရယ်မောလိုက်ကြသည်။ သင်ခန်းစာသည် နာရီအနည်းငယ်လောက်ကြာသွားခဲ့ပြီး ကျန်းလော့သည် ဝမ်ယမ်လန့်ကို အလွန်အထင်ကြီးသွားခဲ့သည်။
“ငါမင်းကို Angonese ပေါ်မှာတုန်းက ငါရတဲ့ ကတ်နေရာမှာ မင်းကို သရုပ်ဆောင်ခိုင်းလိုက်ရမှာ”
ဝမ်ယမ်လန်သည် ပြုံးလိုက်ပြီး တိမ်ကဲ့သို့ သိမ်မွေ့စွာ လှုပ်ရှားပြီး ရေသောက်လိုက်သည်။ သူ့ပုံစံသည် အလွန်သိမ်မွေ့ပြီး ကြင်နာတတ်သည်ဆိုသော်ငြား တကယ့်အစစ်အမှန်တွင် အလွန် နက်ရှိုင်းပြီး လောဘကြီးတတ်သူ ဖြစ်သည်။
ဉာဏ်ကောင်းသော ကျောင်းသား ကျန်းလော့သည် အကြောင်းအရာတစ်ခုနှင့် တစ်ခုကို အထာက်အထားဖြင့် လျင်လျင်မြန်မြန် ဆက်စပ်၍ ပြောလာပြန်သည်။
“ငါ့မှာ အကြံကောင်းတစ်ခုရှိတယ် ငါတို့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်နိုင်လောက်တယ်ကွာ ထျန်းရှိဖူက ထွက်ဖို့ အချိန်ကောင်းပဲ”
သူ့အကြံကို ဝမ်ယမ်လန့်နားနားကပ်၍ ပြောပြလိုက်သည်။ ဝမ်ယမ်လန်သည် အပြုံးတို့ကို မထိန်းချုပ်နိုင်ပဲ လက်မအကြီးကြီး ထောင်ပြလိုက်သည်။
“ဒီအကြံလုံးဝကောင်းတယ် ဝိုး မင်းလည်း မဆိုးဘူးပဲ”
ကျန်းလော့သည် နှိမ့်ချစွာ ပြောလိုက်သည်။
“မင်းကိုတော့ မယှဉ်နိုင်ပါဘူးကွာ”
ကျန်းလော့သည် နောက်နေ့မနက်ခင်းတွင် ဝမ်ဆန်းထန်၏ ဖုန်းကို ခေါ်လိုက်သည်။
အတော်လေးကြာမှ ဝမ်ဆန်းထန်သည် ဖုန်းကိုင်လာပြီး လေသံလေးနှင့် ပြောသည်။
“ဟယ်လို”
“အစ်ကို ကျွန်တော်ပါ”
ကျန်းလော့က ပြောသည်။
“ဆရာနဲ့ ရှိနေတာလား”
ဝမ်ဆန်းထန်က ပြောသည်။
“ငါအခုလေးကမှ ဆရာရှေ့က ထွက်လာတာ ပြီးတော့ ငါ ဒီမှာ သေလောက်အောင် ကြောက်နေတယ်ကွာ ငါ့မှာ ကြောက်လွန်းလို့ ဖုန်းသံကြားတော့ ထခုန်မိတော့မလို့”
ကျန်းလော့က ကရုဏာသက်စွာ ပြောလိုက်သည်။
“ဒါဆိုရင်တော့ အစ်ကို ကျွန်တော့ကြောင့် ထပ်ပြီး ကြောက်ရဦးမယ်ဗျာ ကျွန်တော့်မှာ ဆရာ့ကို ပြောစရာရှိလို့”
ဝမ်ဆန်းထန်သည် တောင့်သွားပြီး ဖုန်းကိုင်၍ စာသင်ခန်းထဲသို့ ပြန်ဝင်သွားသည်။ ညီအစ်ကိုများ၏ သူ့ကို စစ်သည်တော်တစ်ပါးလို အားကျစွာ ကြည့်နေသည့် အကြည့်များအောက်တွင် ဝမ်ဆန်းထန်သည် ဆရာဖြစ်သူ ဖုန်းလီရှေ့တွင်သွားရပ်လိုက်ပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဖုန်းကမ်းပေးလိုက်သည်။
“ဆရာ ညီငယ်လေးက ဆရာ့ကို တစ်ခုခု ပြောစရာရှိလို့ပါတဲ့”
ဖုန်းလီသည် အဆောင်တစ်ရွက်ကို ရေးနေပြီး သူ့စကားကြားသောအခါ လက်က ရပ်သွားသောကြောင့် စာရွက်ပေါ်သို့ မှင်တစ်စက်ကျသွားကာ အဆောင်သည် ပျက်စီးသွားတော့သည်။ သူသည် စုတ်တံကို အောက်ချလိုက်ပြီး တပည့်တစ်ယောက်လက်ထဲမှ လက်သုတ်ပုဝါကို ယူ၍ လက်ကို အေးအေးဆေးဆေး သုတ်နေသည်။ တစ်မိနစ်ကြာပြီးနောက် ဝမ်ဆန်းထန် လက်ထဲမှ ဖုန်းကို ယူလိုက်သည်။
သူသည် ဖုန်းကို နားနားကပ်လိုက်ကာ ရှိသေးသည်။ သူစကားမပြောရသေးခင်မှာပင် ကျန်းလော့သည်တစ်ဖက်မှ တစ်စုံတစ်ယောက်နားထောင်လာသည်ကို သိဟန်ဆောင်ကာ
“ဆရာလား”
ဖုန်းလီသည် မျက်လွှာချလိုက်ပြီး လုပ်ရိုးလုပ်စဉ်အတိုင်း စားပွဲပေါ်မှ ကျောက်စိမ်းပြားကို ပွတ်သပ်နေပြီး သာမန်မျှသာ ပြောလိုက်သည်။
“ပြော”
ကျန်းလော့သည် လောကဝတ်မေးခွန်းအချို့ကို မေးပြီးနောက် ခဏလောက်ကြာအောင် တိတ်ဆိတ်သွားပြီး သတိကြီးစွာ ပြောလိုက်သည်။
“ဆရာ ကျွန်တော် လိုချင် ... ကျွန်တော် ... ထျန်းရှိဖူကနေ နှုတ်ထွက်ချင်ပါတယ်”
စားပွဲကိုဖြတ်သွားသည့်အသံက တစ်ခန်းလုံးကို တိတ်ဆိတ်သွားစေသည်။ ကျန်းလော့မျက်လုံးထဲတွင် အပြုံးတစ်ချက်လက်လာကာ သူသည် လှေကားလက်ရန်းကို မှီရပ်နေပြီး ဂရုမစိုက်သည့် ဟန်ပန်ဖြင့် စီးကရက်တစ်လိပ်ကို လက်ချောင်းကြားတွင် ညှပ်ကာ စိုးရိမ်ကြောင့်ကြနေသော အသံဖြင့် ပြောလိုက်သည်။
“ဆရာ”
နောက်ဆုံးတွင် ဖုန်းလီက ပြန်ဖြေသည်။
“ဘာလို့လဲ”
“ကျွန်တော်တောင်းပန်ပါတယ် ဆရာ”
ကျန်းလော့သည် တောင်းပန်ခဲ့သည်။
“ဆရာက တကယ့်ကို ဆရာကောင်းပါ ဒီတိုင်း ကျွန်တော်ကသာ ငယ်ငယ်ထဲက ဒီလို ဆရာမျိုးနဲ့ မတွေ့ဖူး အပျိုးထောင်မခံဖူးတာပါ ကျွန်တော်က တပည့်ကောင်းမဟုတ်ပါဘူး ဆရာ့ရဲ့ တပည့်ဖြစ်နေတာ ကျွန်တော်က ဆရာ့ရဲ့ အချိန်တွေကို ဖြုန်းပစ်နေသလို မထိုက်တန်ပါဘူး ဆရာ ကျွန်တော် ဆရာနဲ့အချိန်ကုန်ရတိုင်း ကျွန်တော် အသက်ရှူမရအောင် အရမ်း စိတ်ဖိစီးရတယ် ... ကျွန်တော်က အကြီးအကဲတွေဆီကနေ ထိန်းချုပ်ခံရတာကို မကြိုက်ပါဘူး ကျွန်တော့်ရဲ့ဆံပင်အရှည်ကို ဘယ်လောက်ထားရမယ်ဆိုပြီး လုပ်တာမျိုးလဲ မကြိုက်ပါဘူး စကားမှားပြောမိလို့ လက်ကို ရိုက်တာလည်း မခံချင်ဘူး ဆရာ ဆရာက အရမ်းကို ကျော်ကြားပြီး လေးစားရတဲ့သူပါ ဆရာ့တပည့်ဖြစ်ချင်တဲ့လူတွေ အများကြီးရှိပါတယ် ကျွန်တော်က အဲ့ထဲက တစ်ယောက်မဟုတ်ပါဘူး”
ထျန်းရှိဖူမှ စာသင်ခန်းထဲတွင် ဆောင်းတွင်းဖြစ်နေလျှင်တောင် အခန်းများသည် နွေဦးကဲ့သို့ နွေးထွေးနေတတ်သည်။ သို့သော် အနည်းငယ် ပူနေကြသော ညီအစ်ကိုများနှင့် လက်ထောက်သင်ကြားရေး ဆရာများသည် အေးစိမ့်မှု တစ်ခုကို ခံစားလိုက်ရသည်။
အခန်းသည် အလွန်တိတ်ဆိတ်နေသောကြောင့် သူတို့အားလုံး ကျန်းလော့ပြောသမျှကို ပီပီသသကြားကြရသည်။
ဝမ်ဆန်းထန်၏ နှလုံးသားလေးသည် အရှိန်ပြင်းထန်စွာ ခုန်ပေါက်နေပြီး ကြောက်လွန်းလို့ ခေါင်းကို မြေကြီးထဲ နှစ်ဝင်မတတ် ငုံ့ထားပြီး ဖုန်းလီကို မကြည့်ရဲပေ။
တစ်စို့စို့ဖြစ်လာစေသော ကြောက်မက်ဖွယ်ရာတိတ်ဆိတ်မှုတစ်ခု ကြီးစိုးသွားပြီး ဖုန်းလီသည် နဂါးကျောက်စိမ်းကို ဂျိုမှ အမြှီးအထိ ပွတ်သပ်ကိုင်တွယ်ရင်း ပြောလိုက်သည်။
“ထျန်းရှိဖူကိုလာခဲ့ ငါနဲ့ လူချင်းတွေ့ပြီး လာပြော..”
ထိုသို့ပြောပြီးနောက် ဖုန်းလီသည် ဖုန်းချပစ်လိုက်သည်။
စာသင်ခန်းထဲတွင် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေပြီး အောက်ဆီဂျင်ပြတ်လပ်လာသလို တစ်စို့စို့ကြီး ဖြစ်လာသည်။ ဒုတိယအစ်ကို ရှန်းရူမာ့၏ မျက်နှာတည်သည် တင်းမာလာပြီး သူ့ဆရာကို ဖျောင်းဖျဖို့ ပြင်လိုက်တုန်းရှိသေးသည် ဖုန်းလီက ကျောက်စိမ်းနဂါးရုပ်ကို ပေါက်ခွဲပစ်လိုက်လေသည်။
ကျောက်စိမ်းနဂါးရုပ်သည် အစိတ်စိတ်အမွှာမွှာကွဲသွားပြီး နေရာတိုင်းတွင် ကျောက်စိမ်းအပိုင်းအစများ လွှင့်စင်ကုန်သည်။ ကွဲသံအကျယ်ကြီးသည် ကျောင်းသားများနှင့် ဆရာများ၏ နှလုံးသားကိုပါ ကျောက်စိမ်းနှင့် အထုခံလိုက်ရသလို ခံစားသွားရပြီး ဖုန်းလီ၏ ခက်ထန်စွာ ပြောလိုက်သောအသံကြောင့် သူတို့သည် ဆံပင်တစ်ချောင်းပင် လှုပ်သွားပြီး ဖုန်းလီကို သွားဆွမိမှာ စိုးရိမ်လာကြသည်။
“မင်း သွား သူ့ကို ပြန်သွားခေါ်လာခဲ့”
ဖုန်းလီ၏ မျက်လုံးများသည် ကြောက်စရာကောင်းလောက်အောင် တင်းမာနေပြီး
“ညစာ စားချိန်မတိုင်ခင် မင်းတို့သခင်လေးကို ငါ့ရှေ့ရောက်အောင် ခေါ်လာခဲ့”
#####