Ch 176
Viewers 8k

အပိုင်း (၁၇၆)


 ကောဝူချန်၏ လျှို့ဝှက်ချက် 

ကျန်းလော့သည် ဘေ့စ်ဘောတုတ်ဖြင့် ချီယုံပို့လာသော ကားကို စုတ်ပြတ်သပ်နေအောင် ရိုက်ခွဲပစ်လိုက်ပြီး ကျေနပ်သွားကာမှ တစ်ပတ်ရစ်ကားအရောင်းဆိုင်ကို ဖုန်းဆက်ကာ ဒေါ်လာမီလီယံချီနေသော ဝယ်ချင်တိုင်း ဝယ်မရနိုင်သော နောက်ဆုံးပေါ်ဇိမ်ခံကားကြီးကို ယွမ်တစ်သိန်းဖြင့် ပြန်ရောင်းလိုက်သည်။ 

သူသည် ပိုက်ဆံယူလိုက်ပြီး ဖုန်းအသစ်တစ်လုံးနှင့် တစ်ပတ်ရစ်ကားတစ်စီး ဝယ်လိုက်ကာ နောက်တစ်ရက်တွင် ကောကျူကို ခေါ်၍ ကျို့ခန်းဘုရားကျောင်းဆီသို့ ထွက်ခဲ့ကြသည်။ ကျို့ခန်းဘုရားကျောင်းသည် နှစ်သစ်ကူးတွင်တောင် လူများ ပြတ်လပ်သွားသည်မရှိပေ။ လူတော်တော်များများသည် နှစ်သစ်ကူးပိတ်ရက်မှသာ အေးအေးဆေးဆေး ဘုရားကျောင်းသို့လာရောက်ကြပြီး အမွှေးနံ့သာပူဇော်ကာ ဘုရားရှိခိုးကြခြင်းဖြစ်သည်။ 

ကောကျူသည် ပန်းပင်ရေလောင်းနေသော ကျောင်းထိုင်ဘုန်းကြီးနှင့် စကားပြောနေသော ဆရာတော်ချန်းသယ်နှင့် တွေ့ရန် ကျန်းလော့ကို ခေါ်သွားပေးလိုက်သည်။ ထိုနှစ်ယောက်လုံးသည် အလွန်အရေးပါသော သူများဖြစ်ပြီး တစ်ယောက်သည် ကျို့ခန်းဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်ကြီး ဖြစ်ကာ တစ်ယောက်သည် ကျို့ခန်းဘုရားကျောင်း၏ အကြီးအကဲတစ်ပါး ဖြစ်သည်။ သူတို့သည် ကောကျူကို မြင်သောအခါ နှစ်ယောက်လုံး၏ မျက်နှာသည် အလွန်အံ့ဩဝမ်းသာသွားကြပြီး ဆရာတော်ချန်းသယ်သည် 

“အော်မီတော်ဖော် ဗုဒ္ဓဘုရားသခင်၊ ကောကျူ ဆရာ မင်းကို နှစ်သစ်ကူးနေ့မှာ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူးကွာ” 

ကျို့ခန်းဘုရားကျောင်းအတွင်း ဝင်လာကတည်းက ထုံထိုင်းနေသော ကောကျူသည် ဆရာတော် ချန်းသယ်၏ စကားကို ကြားသောအခါ သူသည် အားတင်း၍ ပြုံးလိုက်ပြီး 

“ဆရာတော်ချန်းသယ် ဆရာတော်ကြီး ဒီနှစ်တွေမှာ နေကောင်းကြပါရဲ့လားဗျ” 

“နှစ်ကောင်းလေးလို့ပဲ ပြောရမှာပေါ့ကွာ” 

လူအိုကြီးနှစ်ယောက်သည် ရယ်မောလိုက်ကြပြီး 

“ပြီးတော့ နှင်းတွေက ဒီနှစ်လည်း နှစ်ကောင်းလေးဖြစ်မှာပဲ” 

ဆရာတော်ချန်းသယ် သူ့ကို ကြည့်မလာခင်အထိ ကျန်းလော့သည် သူတို့၏ စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ 

“အစ်ကိုတော် ကြည့်ပါဦး ဒီလူငယ်လေးက ကျွန်တော်ပြောပြောနေတဲ့ သခင်လေး ကျန်းလော့ပါပဲ” 

သက်တော်ကြီးနေပြီဖြစ်သော ဆရာတော်ကြီးသည် ဝမ်းသာစွာ ပြောသည်။ 

“ဟားဟား ဟား ဟား ဟား လူကောင်းလေးပဲ” 

ကျန်းလော့သည် နှိမ့်ချစွာ ပြုံးလိုက်ပြီး 

“ကျွန်တော်အရင်ထဲက ကျို့ခန်းဘုရားကျောင်းကို လာလည်သင့်တာပါ ဒါပေမဲ့ နောက်ကျမှ ရောက်လာလို့ စိတ်မကောင်းပါဘူးဗျာ” 

“ဘာတွေ အရမ်းယဉ်ကျေးနေတာလဲကွယ်” 

ဆရာတော်ကြီးက ရွှင်ပျစွာပြောလိုက်ပြီး သူ့မျက်လုံးများသည် လိမ္မာပါးနပ်စွာဖြင့် ကျန်းလော့ကို ကြည့်နေပြီး ဆရာတော်ချန်းသယ်ကို ပြောလိုက်ကာ 

“ချန်းသယ် မင်းကပဲ သခင်ကျန်းလော့ကို ကျို့ခန်းဘုရားကျောင်းကို ပတ်ပြပေးလိုက်ပါဦး ကောကျူ မင်းကတော့ ကျုပ်နဲ့လိုက်ခဲ့ ဆရာမင်းကို မတွေ့ရတာကြာပြီ ဆရာနဲ့ ခဏလောက် စကားပြောကြရအောင်” 

ကောကျူ၏ မျက်လုံးများသည် ရုတ်တရက် နီရဲလာပြီး 

“ဟုတ်ကဲ့ပါ” 

ကျို့ခန်းဘုရားကျောင်းကို တောင်ကုန်းကြီး တစ်ခုပေါ်တွင် တည်ဆောက်ထားပြီး တောင်နယ်နိမိတ်တစ်ခုလုံးကို ခြုံ၍ တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် အလွန်မြင့်မားကာ ကျန်းလော့နှင့် ဆရာတော်ချန်းသယ်တို့သည် ကျောင်းဆောင်များကို ပတ်ကြည့်ရင်း စကားစမြည်ပြောခဲ့ကြသည်။ ဆရာတော်ချန်းသယ်သည် အလွန်စိတ်ရှည်ပြီး ကျန်းလော့မေးသမျှကို မငြီးမငြူ အားလုံးဖြေပေးခဲ့သည်။ ထို့ကြောင့်ကျန်းလော့သည် သူပြောရန်ရှိသည့် စကားများကို သေချာမှတ်မိအောင်စာစီနေသည်။ 

ကျန်းလော့သည် ဆရာတော်ချန်းသယ်၏ ဦးဆောင်မှုဖြင့် ဗုဒ္ဓကို ဦးချရှိခိုးခဲ့ပြီး အဓိကကျောင်းဆောင် အနီးနားမှ ကျောင်းဆောင်များစီသို့ လမ်းလျှောက်လာကြသည်။ သူတို့သည် ဗုဒ္ဓဝင်စာသင်သားများသာ ဝင်ထွက်ခွင့်ရှိသော ကျောင်းဆောင်များနားထိ ရောက်လာသည်။ 

ကျန်းလော့သည် အံ့အားသင့်စွာ ပြောလိုက်သည်။ 

“ကျို့ခန်းဘုရားကျောင်းက ခမ်းနားလိုက်တာဗျာ ကျွန်တော်ကတော့ ဘုရားကျောင်းထဲ လမ်းပတ်လျှောက်ရုံနဲ့တင် တော်တော်လေး နေလို့ကောင်းလာသလို ခံစားရတယ်ဗျ လုံးဝကို ဗုဒ္ဓသာသနာတော်ရဲ့ အထွတ်အမြတ်ထားရာ သန့်စင်တဲ့ ဘုံတစ်ခုလိုပဲ” 

ဆရာတော် ချန်းသယ်သည် ပြုံးလိုက်ပြီး 

“ကျို့ခန်းဘုရားကျောင်းက ဟိုးအရင်နေ့ရက်တွေကလောက်တော့ မခမ်းနားတော့ပါဘူးကွာ နှစ်တွေအကြာကြီး အုတ်တွေတစ်ချပ်ပြီး တစ်ချပ်ထပ်ထည့် မွမ်းမံခဲ့ပေမဲ့ အရင်လို နေ့ရက်တွေကို ယှဉ်နိုင်လောက်အောင် မခမ်းနားတော့ဘူးလေ အိုး.. အခုထက်ထိ ကျို့ခန်းဘုရားကျောင်းရဲ့ နယ်မြေတချို့ကို မပြင်ဆင်ရသေးတဲ့ နေရာတွေ ရှိနေသေးတယ် ကျုပ်မင်းကို လိုက်ပြပါရစေ” 

သူသ်ည ကျန်းလော့ကို ပျက်စီးနေသော အစုအပုံကြီးဆီသို့ ညွှန်ပြလိုက်ကာ 

“ဒီနေရာက ဘယ်တုန်းကမှ ပြန်ပြင်ဆင်ခဲ့တဲ့ထဲ မပါဘူးသေးဘူး” 

အပျက်အစီးပုံကြီးသည် အိမ်တစ်လုံး ပြိုကျထားသလို သစ်သားအပိုင်းအစများနှင့် အုတ်ပုံကြီးများ အဖြစ်ပြိုကျနေသည်။ လုံးဝကို ပြုပြင်မရဘဲ အသစ်ပြင်ဆောက်ပစ်မှရမည့် အဆောက်အဦး ကြီးပင် ဖြစ်သည်။ သို့သော် တချို့သော အပျက်အစီးများမှ တစ်ဆင့် ဤအဆောက်အဦးသည် ယခင်က မည်မျှလှပခမ်းနားခဲ့မှန်း သိနိုင်လေသည်။ ကျန်းလော့သည် နှလုံးခုန်မြန်သွားပြီး 

“ဒါက” 

“ဒါက ကျို့ခန်းဘုရားကျောင်း တစ်ချိန်တုန်းက တိဗက်ဗုဒ္ဓကျောင်းတော်လေ” 

ဆရာတော် ချန်းသယ်သည် သက်ပြင်းချလိုက်ပြီး 

“ပြီးတော့ အဲဒါကလဲ မင်း ဒီအသိုင်းအဝိုင်းမှာ မေးကြည့်ရင် အားလုံး သိလာနိုင်တာမို့လို့ လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူးလေ ကောဝူချန်အကြောင်း ကြားတိုင်း ကျုပ်မှာ ဒေါသထွက်ရတယ် ကောဝူချန် ဗုဒ္ဓအဆုံးအမတွေကို ပုန်ကန်သွားပြီး သူက တိဗက်ဗုဒ္ဓကျောင်းဆောင်ကို ပြာကျသွားအောင် မီးနဲ့ရှို့ပစ်ခဲ့တယ်လေ ဒီကောင်လေးက တကယ့်ကို ဆိုးဝါးတယ်ဆိုတာတွေကိုမှ ရွေးလုပ်သွားခဲ့တာ ရလဒ်ကတော့ သူက အကြီးအကဲသုံးယောက်ကိုပါ မီးထဲမှာ သေဆုံးသွားအောင် ပိတ်ထားပစ်ခဲ့တာပဲ” 

ဆရာတော် ချန်းသယ်က ပြောသည်။ သူ့ရင်ဘတ်သည် ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး 

“တိဗက်ဗုဒ္ဓကျောင်းဆောင်ကို မီးရှို့ပစ်ခဲ့ပြီး ညီငယ်တွေကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ် ပြီးတော့ ဘယ်ကိုထွက်ပြေးသွားမှန်း မသိအောင် ထွက်ပြေးသွားခဲ့တယ် သူကသာ အမှားလုပ်ခဲ့တဲ့သူ ဖြစ်ပါရက်နဲ့ တကယ်တမ်း ဒုက္ခခံစားရတဲ့သူက သူ့ညီငယ်ဖြစ်နေတယ်လေ ကောကျူ ထိရှလွယ်ပြီး သိပ်ကို သိမ်မွေ့တဲ့ကောင်လေး ဒီကလေးက အဲဒီအဖြစ်အပျက်ကြီး ပြီးတော့ ဘာမှပြောမလာခဲ့ဘူး ဒါပေမဲ့ အပြစ်ရှိသလို ခံစားရလို့ထင်ပါရဲ့ သူ့ရဲ့ ညီငယ်ညီမငယ်တွေနဲ့ ကျို့ခန်းဘုရားကျောင်းကနေ ထွက်ခွာသွားတော့တာပဲ” 

“တကယ်လို့ ကျုပ်သာ အဲဒီ အပြစ်သားတပည့်ကို ပြန်တွေ့လို့ကတော့ ဒီကောင်ကို သူ့ညီငယ်ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ခိုင်းရမယ် အမှားဝန်ခံအောင် လုပ်ပေးပြီး ကောကျူကို ဒီထက် အပြစ်ရှိစိတ် မခံစားရတော့အောင် သေချာလုပ်ပေးရမယ်” 

သူပြောနေရင်း ဆရာတော်ချန်းသယ်သည် ရုတ်တရက် ဆတ်ခနဲ တုန်လှုပ်သွားသည်။ 

ကျန်းလော့သည် တစ်ခါတုန်းက ကောကျူဆီမှ ကြားခဲ့ရသော ဇာတ်လမ်းကို တိတ်ဆိတ်စွာ နားထောင်နေရင်း တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။ 

‘သေချာပေါက် ဒီနေရာမှာ တစ်ခုခုတော့ ဖြစ်ကိုဖြစ်ခဲ့လိမ့်မယ်’ 

ဆရာတော်ချန်းသယ်သည် မျက်ရည်များကို သုတ်လိုက်ရင်း 

“သခင်လေးကျန်း ကျို့ခန်ဘုရားကျောင်းကို ဘယ်လိုထင်ပါသလဲ” 

ကျန်းလော့သည် သိချင်နေသော အသံဖြင့် 

“ကျွန်တော် အရင်တုန်းက ကောကျူ ကျို့ခန်းဘုရားကျောင်းအကြောင်း ပြောပြတာ အများကြီး ကြားခဲ့ဖူးပါတယ် ကျွန်တော် ကြားတာတော့ ကျို့ခန်းဘုရားကျောင်းကို အရင်က ပိုင်လုဘုရားကျောင်းလို့ ခေါ်သေးတယ်ဆိုဗျ” 

“ဟုတ်ပါတယ်” 

ဆရာတော် ချန်းသယ်က ပြောသည်။ 

“ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ နှစ်နှစ်ရာကျော်ကလေ” 

ဆရာတော် ချန်းသယ်သည် မြင့်မားသော ထင်ရှူးပင်အိုကြီး ဘေးဘက်ကို အကြည့်ရောက်သွားကာ ရုတ်တရက် သူ့မျက်လုံးထဲတွင် အမူအယာတချို့ဖြတ်ပြေးသွားကာ သူ့အမူအယာသည် နာကျင်သည့်အသံဖြစ်လာပြီး 

“သခင်လေးကျန်း လူတိုင်းမှာ အရေးပေါ်ကိစ္စ သုံးခုရှိပါတယ် ဒီဘုန်းကြီးအိုကြီး သန့်စင်ခန်းသွားမှ ဖြစ်ပါတော့မယ် သင် ကျွန်ုပ်ကို ခဏလောက် စောင့်ပေးပါဦး အား” 

ကျန်းလော့ ပြန်အပြောကို မစောင့်နိုင်စွာ ဗိုက်ကိုဖိ၍ အလင်းအလျင်နှင့် ပြေးထွက်သွားတော့သည်။ 

ကျန်းလော့ “.... ဆရာတော် ဖြည်းဖြည်းသွားပါ ” 

ဆရာတော်ချန်းသယ် မရှိတော့သည်နှင့် ကျန်းလော့သည် တစ်ယောက်ထဲကျန်ခဲ့သည်ကို အနည်းငယ် ပျော်ရွှင်သွားသည်။ သူသည် အပျက်အစီးပုံကြီးနားသို့ သွားလိုက်ပြီး ဒူးတစ်ဖက်ထောက်ကြည့်လိုက်သည်။ အပျက်အစီးပုံကြီးသည် နှင်းများဖုံးလွှမ်းနေပြီး ထိုနှင်းများ အရည်ပျော်သွားသောကြောင့် အနည်းငယ် စိုထိုင်းထိုင်း ဖြစ်နေသည်။ 

“တိဗက်ဗုဒ္ဓကျောင်းဆောင် ပြာကျသွားတာ နှစ်နည်းနည်းတော့ ကြာပြီပဲ” 

ကျန်းလော့သည် သူ့ကိုယ်သူ ပြောလိုက်သည်။ 

“ငါးနှစ်” 

ကျန်းလော့သည် လန့်ပြီးထရပ်၍ နောက်လှည့်ကြည့်လိုက်ရာ ထင်းရှူးပင်ကြီးနောက်မှ ထွက်လာသော ကောဝူချန်ကို တွေ့လိုက်ရသည်။ ကောဝူချန်သည် သာမန်ဘုန်းတော်ကြီး တစ်ပါးလို ဝတ်စားထားပြီး လက်ကို ဘုန်းတော်ကြီးများလို ရင်ဘတ်ရှေ့တွင်ထား၍ တစ်ဖက်က ပုတီးကိုင်ကာ တစ်ဖက်က လက်ဖဝါးထောင်ထားပြီး နှင်းပြင်ထက်တွင် ရပ်၍ ကျန်းလော့ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ 

“အော်မီတော်ဖော သခင်ကျန်း ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပါပြီ’ 

ကျန်းလော့သည် လက်ဖဝါးနှစ်ဖက်ကို တီး၍ ဖုန်ခါလိုက်ပြီး ခေါင်းတုံးနှင့်ဘုန်းကြီးကို စောင်းကြည့်လိုက်ကာ 

“ဗုဒ္ဓရဲ့သားတော်ကို ဒီမှာ တွေ့ဖို့ မျှော်လင့်မထားဘူး” 

ကောဝူချန်သည် ခပ်ဖျောဖျော့ ပြုံး၍ သူ၏ချောမောသော မျက်နှာသည် နှင်းကျနေသော ကောင်းကင်အောက်တွင် ထာဝရရှင်သန်သူ တစ်ပါးနှင့် တူနေကာ ကျန်းလော့ဘေးထိ တိုးလာသည်။ 

“သခင်ကျန်း ကျွန်တော် မင်းကို တွေ့ဖို့လာခဲ့တာပါ” 

“ငါသိတယ်” 

ကျန်းလော့က တည်ငြိမ်စွာ ပြောသည်။ 

“မင်းငါ့ဆီကို ကောကျူကြောင့် ရောက်လာတာမလား” 

ကောဝူချန်ကပြောသည်။ 

“မဟုတ်ပါဘူးဗျာ ကျွန်တော့်သခင်အတွက် ရောက်လာတာပါ” 

ကျန်းလော့သည် မထိန်းချုပ်နိုင်လိုက်စွာ မျက်နှာသည် ရှုံ့မဲ့သွားခဲ့သည်။ ကောဝူချန်သည် မမြင်ချင်ယောင်ဆောင်၍ ဗုဒ္ဓပုတီးကို လက်တွင် ရစ်ပတ်လိုက်ပြီး ကြင်နာသိမ်မွေ့သော အသံဖြင့် ပြောသည်။ 

“သခင်ကျန်း ကျေးဇူးပြုပြီး ကျွန်တော့်သခင်နဲ့ အတူရှိနေပေးပါ” 

ကျန်းလော့သည် အေးစက်စွာ ရယ်မောလိုက်ပြီး ပြန်မေးလိုက်သည်။ 

“တကယ်လို့ ငါက မင်းပြောတဲ့အတိုင်း မလုပ်ရင်ရော” 

ကောဝူချန်သည် သက်ပြင်းချလိုက်ပြီး 

“ကျုပ် မင်းကိုလာတွေ့တာ တကယ်ပဲ စိတ်နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ သခင်နဲ့ မင်းကို အတူရှိစေချင်လို့ပါ ယုံချင်ယုံ မယုံချင်နေ ဒီလောကမှာ ကျုပ်လောက် မင်းနဲ့ ကျုပ်သခင်ကို အတူရှိစေချင်တဲ့သူ ရှိမှာမဟုတ်ဘူး” 

“စိတ်ရင်းအမှန်နဲ့တဲ့လား” 

ကျန်းလော့သည် တမင်သက်သက် ခေါင်းစဉ်ပြောင်းပစ်လိုက်သည်။ 

“ကောကျူကရော မင်းရဲ့ညီအရင်း မဟုတ်လို့လား ပြီးတော့ မင်းသူ့ကို သေလုမျောပါးဖြစ်အောင် ရိုက်ပစ်ခဲ့တယ် မင်းဆရာနဲ့ ဦးလေးတွေကရော မင်းရဲ့ အကြီးအကဲအစစ်တွေ မဟုတ်ကြလို့လား မင်းသူတို့ကို မီးရှို့လိုက်တုန်းက မင်းနှလုံးသားက နူးညံ့နေတယ်လို့ ပြောချင်နေသေးတာလား” 

“အော်မီတော်ဖော် ဗုဒ္ဓအရှင်ဘုရား” 

ကောဝူချန်သည် အပြုံးမပျက်သွားဘဲ 

“မင်း သိလား သခင်ကျန်း သခင့်နှလုံးသားထဲ မှာ မင်းက ဘယ်လောက်တောင် နေရာယူထားလဲ သိပါရဲ့လား” 

ချက်ချင်း ကျန်းလော့ ပါးစပ်မှ စကားလုံးများ ထွက်လာကာ 

“ငါ အဲ့အကြောင်း တစ်ခုမှ မသိချင်နေဘူးကွ” 

ကောဝူချန်သည် သဘောရိုးဖြင့်ပြောလိုက်သည်။ 

“မင်းက သခင့်အတွက် အရမ်းကို အရေးပါပါတယ် ကျွန်တော် ဘယ်တုန်းကမှ သခင်က တခြားသူတစ်ယောက်ကို ဒီလိုအကြည့်မျိုးနဲ့ ကြည့်တာ မမြင်ခဲ့ဖူးဘူး လူတစ်ယောက်ကို အရမ်းကို ထူးထူးခြားခြား နူးညံ့ပြီး ကြည့်နေတဲ့ အကြည့်မျိုးပေါ့ သခင်က မင်းကြောင့် အများကြီး ပြောင်းလဲသွားပါတယ် ပြီးတော့လဲ မင်းသာဆိုရင် သခင့်ကို သေချာပေါက် မင်းလက်နှစ်ဖက်နဲ့ အလွယ်လေး တားနိုင်မှာ” 

ကျန်းလော့သည် သူ့စကားလုံးများကို လျစ်လျူရှုထားပြီး သူ့ဘက်သို့ လှည့်လိုက်သည်။ 

“ငါ့သူငယ်ချင်းတွေကို အိပ်မက်ကမ္ဘာထဲ ခေါ်ဖို့အကြံက မင်းဆီကလာတာဆို အဲဒါ ဟုတ်လား” 

ထိုစကားနှင့်အတူ သူသည် ကောဝူချန်ဆီသို့ လက်သီးတစ်ချက် ပိတ်ထိုးပစ်လိုက်သည်။ ကောဝူချန်သည် မြွေပွေးတစ်ကောင်လိုပင် သူ့ကို လာတိုက်ခိုက်သည်နှင့် ပြန်လုပ်တော့သည်။ ခဏကြာအောင် တိုက်ခိုက်ပြီးနောက် တစ်ယောက်နှင့် တစ်ယောက် နိုင်အောင် မတိုက်ခိုက်နိုင်ကြသော လူနှစ်ယောက်သည် သေသပ်စွာ တိုက်ခိုက်မှုကို ရုပ်သိမ်းလိုက်ကြသည်။ 

လူနှစ်ယောက်သည် အပျက်စီးပုံကြီး၏ ဘေးတွင် ရပ်နေကြပြီး ကောဝူချန်သည် ကျန်းလော့ကို စီးကရက်ထုတ်၍ ပေးလိုက်သည်။ ကျန်းလော့သည် ဆောင်းလယ်ကြီးတွင် ဘုရားကျောင်းထဲမှာပင် ဆေးလိပ်သောက်နေသော ဘုန်းကြီးကို ကြည့်ပြီး ဆွံ့အသွားသည်။ 

ကောဝူချန်သည် ပြာများကို အပျက်စီးပုံပေါ်သို့ ခါချလိုက်ပြီး 

“ဒီတိဗက်ဗုဒ္ဓကျောင်းဆောင် ဒါကို ဆောက်တုန်းက ပိုက်ဆံဘယ်လောက်တောင် ကုန်ခဲ့လဲ သိလား” 

ကျန်းလော့ “မသိဘူး စိတ်လဲ မဝင်စားဘူး” 

“သုံးထောင်” 

ကောဝူချန်သည် ကျန်းလော့က မည်သို့မျှ သိမ်းသွင်းမရနိုင်မည့် ချောကျိကျိ တီကောင်လို ခံစားမိသည်။ 

“ဒါကို ဆောက်ခဲ့တာ နှစ်တစ်ရာကျော်လောက် ရှိပြီထင်တယ် လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က မီလီယမ်တစ်ဝက်လောက် တန်ကြေးထိ မြင့်သွားခဲ့တာ စဉ်းစားကြည့်စမ်းပါဦး လွန်ခဲ့တဲ့နှစ်တစ်ရာကတောင် သန်းတစ်ဝက်လောက် တန်ကြေးရှိရင် အခုဆိုရင်..” 

ကျန်းလော့သည် သူ့စီးကရက်ကို ပြာခါလိုက်ကာ တိမ်ဖြူများနှင့် ကောင်းကင်ပြာကြီးကို မော့ကြည့်၍ 

“.........” (မကြားချင်ယောင်ဆောင်နေတာပါ ကိုယ်တော်လေးက) 

ကောဝူချန်က ဆက်ပြောသည်။ 

“ဒါပေမဲ့ တန်ဖိုးအရှိဆုံးက ဒီကျောင်းဆောင်ကြီးမဟုတ်ဘူး အထဲမှာ သိမ်းဆည်းထားတဲ့ စာအုပ်တွေပဲ တိဗက်ဗုဒ္ဓကျောင်းဆောင်က ငွေပေးပြီး ဝယ်မရမဲ့ စာအုပ်တွေကို ထိန်းသိမ်းတဲ့ ကျောင်းဆောင် ဖြစ်ခဲ့တာ အထဲမှာ ရှေးခေတ်တုန်းက လက်ဆင့်ကမ်းလာတဲ့ ဗုဒ္ဓစာပေတွေ မရေမတွက်နိုင်အောင် သိမ်းထားပြီး တစ်အုပ်ချင်းစီက ကောကျူ သူ့နှုတ်ခမ်းကို ပြတ်ထွက်အောင် ကိုက်မိလောက်အောင် တန်ဖိုးကြီးတယ်ကွာ ဒါပေမဲ့ ကျုပ်က ဒီကျောင်းဆောင်ကြီး တစ်ခုလုံးကို ပြာချပစ်လိုက်တယ်” 

ကျန်းလော့သည် စိတ်မဝင်စားသော ပုံစံကို နောက်ဆုံးတွင် စွန့်လွှတ်လိုက်ကာ 

“မင်းဘာလို့ မီးရှို့ပစ်ခဲ့တာလဲ” 

“ငါ့ဆရာနဲ့ ဆရာဦးလေးတွေက မီးရှို့ပစ်ဖို့ပြောခဲ့လို့ သူတို့အတွက် လုပ်ပေးခဲ့တာ” 

ကောဝူချန်သည် သရုပ်ဆောင်လုပ်ရန် မွေးဖွားလာသည်ဟု ကျန်းလော့ တွေးမိသည်။

သူ့မျက်လုံးများသည် ပဟေဠိများနှင့် ပြည့်နှက်နေပြီး အပျက်အစီးပုံပေါ်တွင် စီးကရက်ပြာများ ဆက်တိုက်ကျဲချနေကာ မသိလျှင် အမွှေးနံ့သာနှင့် ပူဇော်နေသလို ဖြစ်နေသည်။ 

“ကျုပ်ဆရာက ကျို့ခန်းဘုရားကျောင်းရဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးဟောင်း ပြီးတော့ ကောကျူနဲ့ ကျုပ်ရဲ့ မွေးစားအဖေ မင်းဘာကြောင့် ပိုင်လုဘုရားကျောင်းအကြောင်း မေးတာလဲ ကျုပ်သိတယ် ကံကြမ္မာယုံသူက ပိုင်လုဘုရားကျောင်းကနေ လာတာမို့လို့လေ ဟုတ်တယ်မလား၊ ကံကြမ္မာယုံသူ ဖြစ်မလာခင်တုန်းက သူက ဒီတိုင်း ငယ်ရွယ်တဲ့ ကိုရင်တစ်ပါးပဲ ဖြစ်ခဲ့တာ ပိုင်လုဘုရားကျောင်းမှာပေါ့လေ” 

“ဗုဒ္ဓနဲ့ ဆက်နွယ်မှုရှိစွာ မွေးလာတဲ့ ကိုရင်တစ်ပါးနဲ့ ဗုဒ္ဓရဲ့ အလိုတော်ကို နားလည်သိမြင်နိုင်တဲ့ ကိုရင်တစ်ပါးပေါ့” 

အကြောင်းအရာသည် ကျန်းလော့ ကြားချင်နေသော အကြောင်းအရာဖြစ်နေကာ ကောဝူချန်သည် ဈာန်ဝင်နေသလို ဆက်ပြောသွားသည်။ 

“ကံကြမ္မာယုံသူက မိဘမဲ့တစ်ယောက်လေ သူ့မိဘတွေ ဘယ်သူဆိုတာတောင် မသိရတဲ့ မိဘမဲ့ဖြစ်ခဲ့တာ နှစ်ပေါင်းနှစ်ရာလောက်က သူ့ကို ပိုင်လုဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ကြီးက ကျောင်းအပြင်ဘက်နေ ခေါ်လာခဲ့တာ သူက အရမ်းကို ငြိမ်သက်ပြီး တစ်ချိန်လုံးနီးပါး တိဗက်ဗုဒ္ဓကျောင်းဆောင်ထဲမှာပဲ အချိန်ကုန်တယ် နှစ်တွေအကြာကြီး ဒီကျောင်းဆောင်ကနေ မခွာသလောက်ပဲ တိဗက်ဗုဒ္ဓကျောင်းဆောင်ထဲမှ စာအုပ်တွေ အများကြီးရှိတာ အဲ့ထဲက ခုနှစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို သူရပြီးသားပဲ ” 

“ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် တစ်နှစ်မှာ ပိုင်လုဘုရားကျောင်းကနေ သူ ထွက်သွားခဲ့တယ် ပိုင်လုဘုရားကျောင်းကနေ ကျို့ခန်းဘုရားကျောင်းအဖြစ် ပြောင်းသွားတဲ့ အချိန်မှာပဲ သူလည်း တပြိုင်ထဲ ချန်ပိုင်တောင်သခင်ဖြစ်လာပြီး လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက မျက်နှာနဲ့ ပြန်ပေါ်လာခဲ့တယ်” 

ကျန်းလော့သည် ထိုစကားများကို တစ်လုံးချင်းစီတိုင်း သေချာနားထောင်ပြီး နှလုံးသားထဲထိ မှတ်သားထားခဲ့သည်။ မှန်လား မှားလား မသိသော်လည်း ကျန်းလော့သည် ကောဝူချန်က သူ့ကို ဘာကြောင့် ဤအကြောင်းများ ပြောပြနေသည်ကို သိချင်လာသည်။ 

ကောဝူချန်သည် နောက်ဆုံးတွင် အဓိကအချက်ကို ဖမ်းဆုပ်မိသွားပြီး ပေါ့ပါးသော အမူအယာဖြင့် ပြောလိုက်သည်။ 

“သခင်ကျန်း ကံကြမ္မာယုံသူက ရွှမ်ရွှီလောကကြီး တစ်ခုလုံးအတွက် ဟောကိန်းတစ်ခု ထုတ်ခဲ့ဖူးတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ ဟောကိန်းထဲက တရားခံက ချီယုံလို့ နာမည်အတပ်ခံရတယ် ဒါနဲ့ပဲ ရွှမ်ရွှီလောကရဲ့ စီနီယာ ဝါရင့်ဆရာသခင်ကြီးတွေ အများကြီးက စုပေါင်းဆွေးနွေးခဲ့ကြတယ် ချီယုံ့ကို မွေးလာထဲက တစ်ခါထဲ သတ်လိုက်ရမလား ဆိုတာမျိုးပေါ့လေ ကျုပ်ဆရာကလည်း အဲဒီဆွေးနွေးကြသူတွေထဲပါခဲ့တယ် သူက တဖြောင့်ထဲသွားပြီး အပြစ်တွေကို ရှောင်ကြဉ်ချင်တဲ့ ကြင်နာတတ်တဲ့သူမို့လို့ ချီယုံ့ကို ကောင်းရာကောင်းကြောင်း လမ်းညွှန်ပြီးသေချာပျိုးထောင်ပေးဖို့ မဲပေးတဲ့ အဖွဲ့ထဲမှာပါခဲ့တယ်” 

ကျန်းလော့သည် ကျိတ်ရယ်ပြီး တွေးလိုက်သည်။ 

‘မင်းတို့ကောင်တွေက တော်တော်လေး လူညီအောင် ဇာတ်တိုက်ထားကြသလိုပဲနော် မင်းတို့အိပ်မက်ထဲမှာ ကမ္ဘာကို ဖျက်ဆီးပြတယ် ညလယ်ကြီး တိုက်ရိုက်လွှင့်ပြီး အဝတ်ချွတ်ပြတယ် နောက်ထပ် ဘာရှိသေးတုန်း’

“ဒါပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ကျွန်တော့်ဆရာက တစ်ခုခုမှားနေတာကို သတိထားမိခဲ့တယ် သူနဲ့ ကျွန်တော့်ရဲ့ ဦးလေးနှစ်ယောက်က ငါးရက်ကြာအောင် ပြင်ဆင်ခဲ့ပြီး တိဗက်ဗုဒ္ဓကျောင်းဆောင်ထဲမှာ တစ်ညတာ အချိန်ယူပြီး ရွှမ်ရွှီလောကရဲ့ အနာဂတ်ဟောကိန်းကို ကြည့်ဖို့ နတ်ဘုရားဆင့်ခေါ်ခြင်း အခမ်းအနား လုပ်ခဲ့ကြတယ်” 

ကောဝူချန်သည် တစက်ကလေးမှ အသံတုန်မသွားဘဲ ပြောသည်။ 

“သူတို့ ပင့်ဖိတ်ခြင်း အခမ်းအနားပြီးသွားတဲ့နောက်မှာ ကံကြမ္မာယုံသူက အကြီးကြီး လိမ်ညာခဲ့တယ်ဆိုတာ သိလိုက်ရတယ် သူ့ရဲ့ ဟောကိန်းထဲမှာ အနာဂတ်မှာ ချီယုံက သူ့ကိုပဲ သတ်ပစ်မှာ ရွှမ်ရွှီလောကြီးကို ဖျက်ဆီးမှာ မဟုတ်ဘူး၊ သူက အသတ်မခံချင်ဘူး ဒါကြောင့် ဟောကိန်းကို ပြောင်းလိုက်ပြီး လူတိုင်းကို ချီယုံ့ကို သတ်အောင် လုပ်ကြံခဲ့တယ် ကျွန်တော့်ဆရာနဲ့ ဦးလေးတွေရဲ့ ဟောကိန်းမှာကျတော့ ချီယုံက အဲဒီကံကြမ္မာယုံသူပြောခဲ့တဲ့ အလိမ်အညာကြောင့် မခံနိုင်အောင် နှိပ်စက်ခံရတဲ့ အရှိန်နဲ့ လူသားဆန်တဲ့ စိတ်တွေဖျက်ဆီးခံလိုက်ရပြီး ကံကြမ္မာယုံသူပြောခဲ့တဲ့ ဟောကိန်းအတိုင်း ရွှမ်ရွှီလောကတစ်ခုလုံးကို စပြီး ဖျက်ဆီးပစ်ခဲ့တာ”

ကျန်းလော့သည် ထိတ်လန့်ကြမ်းတမ်းစွာ စီးကရက်ကို ဖိညှစ်လိုက်မိပြီး ကောဝူချန်ကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။ ကောဝူချန်က ပြောသည်။ 

“ကျွန်တော့်ဆရာနဲ့ ဆရာဦးလေးတွေ ဟောကိန်းထုတ်လိုက်တဲ့ အကျိုးဆက်အရ သူတို့အားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး သူတို့ရဲ့ သက်တမ်းအများကြီး ပေးဆပ်လိုက်ရတာကြောင့် ရက်နည်းနည်းပဲ အသက်ရှင်နိုင်တော့မှာ အဲဒီနေ့က ဟောကိန်းထုတ်ပြီး နောက်အာရုံတက်အချိန်မှာ ဆရာက ကျွန်တော့်ကို လက်ဆွဲပြီး ချီယုံ့ကို သွားရှာဖို့နဲ့ ချီယုံ့ကို ပြုပြင်ပေးဖို့ တတ်နိုင်သလောက် ကြိုးစားပေးဖို့ရယ် သူ့ကို ဟောကိန်းထဲကလို အဆုံးထိ ပျက်စီးမသွားစေဖို့ ချီယုံ့ကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့တယ်” 

“ဒါပေမဲ့ သူတို့က ချီယုံ ကံကြမ္မာယုံသူကို ဒေါသပုန်ထပြီး ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ ဆန့်ကျင်ဘက်လမ်းစဉ်ကို ကူးပြောင်းသွားမှာကို ကြောက်ခဲ့ကြတယ် ပြီးတော့ သူတို့သာ တကယ့်ဟောကိန်းအစစ်ကို သိသွားတယ်ဆိုရင် ကံကြမ္မာယုံသူက သူတို့ကို လာသတ်မှာကိုလည်း ကြောက်ခဲ့တယ် ဒါကြောင့် ကံကြမ္မာယုံသူ တစ်ခုခုကို ရှာမတွေ့သွားခင်မှာပဲ သူတို့က ကျွန်တော့်ကို တိဗက်ဗုဒ္ဓကျောင်းဆောင်ကို မီးရှို့ပစ်ဖို့ အမိန့်ပေးခဲ့တယ် စကားမစပ် အကြီးအကဲသုံးယောက် အမှန်တရားကို သိခဲ့တယ် ကမ္ဘာကြီးကို ကျွန်တော်က ဗုဒ္ဓကို ပုန်ကန်ဆန့်ကျင်တယ်လို့ သိစေခဲ့ရမယ် ဒါမှသာ ကျွန်တော် ချီယုံ့နားသွားပြီး ကူညီနိုင်မှာကိုး ကျွန်တော်က ကံကြမ္မာစောင့်ရှောက်သူတွေကို ရွံမုန်းပေမဲ့ ဗုဒ္ဓကတော့ ကျွန်တော့နှလုံးသားထဲမှာ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူး ကံကြမ္မာယုံသူကို ဘာမှသွားပြီး ရန်မစခဲ့ဘဲ သူ့ဟာသူ ကျွန်တော့် ဆရာသုံးယောက်ရဲ့ သေဆုံးခြင်းကို သိသွားစေလိုက်တာပဲ” 

တော်ဝင်အမျိုးသမီးတစ်ယောက်ကဲ့သို့ ချောမောလှပသော ဘုန်းတော်ကြီးသည် စီးကရက်ကို ဖိခြေပစ်လိုက်ပြီး စီးကရက်မှ မီးရောင်သည် သူ့မျက်လုံးများကို ရောင်ပြန်ဟပ်တောက်ပနေသည်။ စီးကရက်မီးသည် တစ်နေ့တာကို ဖော်ပြပေးနေသလို ဘုန်းတော်ကြီး၏ အထီးကျန်ဆန်သော မျက်ဝန်းတို့ကို သရုပ်ဖော်ပေးခဲ့သည်။ 

သူသည် အနည်းငယ် စိတ်ခံစားမှု လွယ်နေပုံရကာ ယခင်နေ့ရက်များကို လွမ်းဆွတ်နေပုံပေါ်သည်။ 

သူ့ဆရာ ဆရာတော်ချန်းဝမ် သူ့မွေးစားအဖေသည် ကောဝူချန်၏ လက်ကို အရေတွန့်နေသော လက်တုန်တုန်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ကာ နွေးထွေးခြောက်သွေ့သော မေတ္တာပြည့်ဝသော လက်တစ်စုံကို ကောဝူချန် အခုအထိ မှတ်မိနေသေးသည်။ ဆရာသည် စွမ်းအား များစွာကို အသုံးပြုခဲ့ရပြီး လက်ချောင်းများသည် တုန်ယင်နေကာ လက်ဖမိုးတွင် သွေးကြောများထောင်ထနေသည်။ 

“ကောဝူချန်” 

ဆရာတော်ချန်းဝမ်သည် မျက်ရည်ဖြိုင်ဖြိုင်ကျရင်း တင်းမာသော အသံဖြင့် ဆူငေါက်ခဲ့သည်။ 

“မင်း ဒီနေရာကို မီးနဲ့ရှို့ပစ်ရမယ် ရှို့ပြီးတာနဲ့ ပြန်လှည့်မကြည့်ပဲ ထွက်ပြေးတော့” 

အစတုန်းက ကောဝူချန်သည် ထိတ်လန့်ကြောက်ရွံ့နေခဲ့ပြီး ပင်လယ်ထဲမှ အထီးကျန်နေသော လှေငယ်တစ်စင်းလို သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် အေးစက်တုန်ယင်နေကာ။

“ဆရာ...” 

သူ့နောက်တွင် ဆရာဦးလေးနှစ်ယောက်သည် နတ်ဘုရား ဆင့်ခေါ်ခြင်းအခမ်းအနားကြောင့် မျက်စိတစ်ဖက်စီ ကွယ်သွားကြကာ သူ၏ အမြဲပျော်ပျော်နေတတ်သော ဒုတိယဦးလေးသည် သူ့နောက်လက်တစ်ဖက်ကို ဆုပ်ကိုင်၍ 

“မလုံလောက်ဘူး ဒါက လုံးဝမလုံလောက်သေးဘူး ဒီနေရာမှာရှိတဲ့သူ ဘယ်သူမှ အသက်ရှင်ရက် ထွက်သွားလို့ မဖြစ်ဘူး မင်းသူတို့ကို လူတွေအားလုံး မြင်အောင် သတ်ပစ်ရမယ် သူတို့ကို ကံကြမ္မာယုံသူအတွက် သတ်ပစ်လိုက် မင်း နားလည်လား” 

“ဆရာဦးလေး ကျွန်တော် ကြောက်တယ်..” 

တိဗက်ဗုဒ္ဓကျောင်းဆောင်သည် သူနှင့်အတူ အကြီးအကဲများအတွက် အစားအစာများ လာပို့သော နောက်ထပ် ကျောင်းသားသုံးယောက်အတွက် အိမ်တစ်လုံးလိုပင်။ သူတို့လေးများသည် ကောကျူနှင့် သက်တူရွယ်တူများဖြစ်ကြကာ ကောဝူချန်ထက် အများကြီး ငယ်ကြသည်။ အငယ်ဆုံးလေးဆိုလျှင် ထိုအချိန်က တစ်ဆယ့်သုံးနှစ်သာ ရှိသေးသည်။ သူတို့သည် ဆရာများ၏ စကားကို ကြားပြီးနောက် မျက်ရည်သုတ်လိုက်ကြကာ ကောဝူချန်လက်ထဲသို့ ဓားမြှောင်တစ်ချောင်း ထိုးပေးလိုက်ပြီး နောက်လှည့်ကာ အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။ 

“အစ်ကိုကြီး လုပ်လိုက်ပါ လူများတဲ့နေရာဆီကို ပြေးကြမယ်” 

မီးတောက်များသည် ပူပြင်းနေပြီး အလျှံတငြီးငြီး တောက်လောင်လာသည်။ ဆရာများ၏ စကားကို နားမထောင်ဘဲ နောက်ဆုံးသာ မြင်ရတော့မည်ဟူသော အသိဖြင့် လှည့်ကြည့်ခဲ့သော ကောဝူချန်သည် မီးလောင်နေသော ကျောင်းဆောင်ကြီးကို ကြည့်၍ ငြိမ်ကျသွားခဲ့သည်။ 

မီးတောက်များကြားမှ ဆရာဖြစ်သူနှင့် ဆရာဦးလေးနှစ်ယောက်၏ ခိုင်မာတည်ကြည်သော အကြည့်များကြောင့် ကောဝူချန်သည် သူဒီနေ့ စကားနားထောင်ခဲ့မိတာကို ဘယ်သောအခါမှ နောင်တရမည် မဟုတ်တော့ပေ။ 

“ကျွန်တော့်ရဲ့ ညီငယ်သုံးယောက်က ကျို့ခန်းဘုရားကျောင်းရဲ့လူစည်တဲ့ နေရာတွေကို ပြေးသွားခဲ့တယ် ဒါမှ ကျွန်တော် ကျို့ခန်းဘုရားကျောင်းက လူတွေကို သတ်လိုက်တာ လူတိုင်း သိနိုင်မှာလေ ကောဝူချန် ဗုဒ္ဓကို ပုန်ကန်ပြီးလူသတ်တယ် ...” 

ကောဝူချန်သည် ရယ်မောလိုက်ပြီး 

“ပြီးတော့ အဲဒီ ကျွန်တော့်ရဲ့ ညီသုံးယောက်ကလေ သူတို့ကလေ သတိမထားမိလိုက်ပဲ ကောကျူရှေ့တည့်တည့်ကိုမှ ပြေးသွားခဲ့တယ်” 

ညီငယ်၏ ရှေ့တွင် လူသတ်မိသော ကောဝူချန်သည် နေရာတွင် တောင့်တောင့်ကြီး ရပ်နေမိခဲ့သည့် အချိန်တွင် သူသတ်ခဲ့သော ညီငယ်က နားနားကပ်ပြောသွားသည်။ 

“အစ်ကိုကြီး တောင်းပန်ပါတယ်...” 

သူတို့အသံသည် စိတ်ပေါ့ပါးသွားပြီး အပြစ်ရှိစိတ်တို့ ကိန်းအောင်းနေကြသည်။ 

‘ကျွန်တော် အစ်ကို့ကို ဒီလိုအလုပ်မျိုး လုပ်ခိုင်းရလို့ တောင်းပန်ပါတယ်’ 

‘ကောကျူကိုမှ ဒီလိုဟာကို မြင်သွားစေမိလို့ တောင်းပန်ပါတယ်’ 

...... 

‘အစ်ကိုကြီးတစ်ယောက်ထဲ ဒီကိစ္စကြီးကို ရှေ့ဆက်လုပ်သွားရတော့မှာမို့လို့ တကိုယ်ကောင်းဆန်မိလို့ တောင်းပန်ပါတယ်’ 

ကောဝူချန်သည် အတိတ်က အကြောင်းအရာများထဲမှ ရုန်းထွက်လိုက်ကာ ခြောက်အက်အက် ပြောလိုက်သည်။ 

“တိဗက်ဗုဒ္ဓကျောင်းဆောင်ကို မီးရှို့ဖို့ ဆရာက ဘာလို့ အမိန့်ပေးခဲ့တာလဲ သိလား” 

ကျန်းလော့သည် သူ့ကို စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ 

“ဘာလို့လဲ” 

ကောဝူချန်၏ မျက်လုံးများသည် ရက်စက်စွာ ပြုံးလိုက်ပြီး 

“ကံကြမ္မာယုံသူ နတ်ဘုရားဖြစ်လာစေမဲ့ နည်းလမ်းက တိဗက်ဗုဒ္ဓကျောင်းဆောင်က စာအုပ်တွေထဲက တစ်အုပ်မှာ ရှိနေတာလေ” 

######