Ch 163
Viewers 8k

အပိုင်း (၁၆၃) 


အားနည်းနေသော ချီယုံ 

LCD Screen ပေါ်တွင် ဝမ်ယမ်လန်၏ သေဆုံးခြင်းကို ရှင်းရှင်းလင်းလင်းပြနေပြီး ကျန်းလော့သည် တစ်ခန်းမှ လွတ်မသွားအောင် သေချာကြည့်သည်။ ဝမ်ယမ်လန်သည် အသက်ရှင်ဖို့ ရွေးချယ်ခွင့်ရှိသော်လည်း သေဆုံးခြင်းကိုသာ ရွေးချယ်ခဲ့သည်။ ကျန်းလော့မျက်နှာသည် ဘာပြောရမှန်း ဘာလုပ်ရမှန်း မသိတော့သလို မျက်နှာမျိုး ဖြစ်သွားသည်။ ဓာတ်လှေကားထဲမှ စီစီတီဗီသည် သူ့ကိုတည့်တည့် ရိုက်ကူးနေပြီး ဆံပင်အနက်ရောင်ကောင်လေး၏ ရုတ်တရက် မျက်နှာထား အပြောင်းအလဲကို စိတ်ဝင်တစား စောင့်ကြည့်ချင်ဟန် ရသည်။ ချီယုံသည် နောက်ကွယ်မှ သူ့မျက်နှာအပြောင်းအလဲကို စိမ်ပြေနပြေ ထိုင်ကြည့်နေလောက်မှာ သိသော်လည်း ကျန်းလော့သည် ရှက်သွေးဖြာသွားမှုကို မထိန်းချုပ်နိုင်ပါချေ။ 

သူ့စိတ်သည် အုံကြွနေပြီး အလွန်ထူးဆန်းစွာ ရှုပ်ထွေးနေသည်။ ရှေ့မှာဆုံးသွားကြသော သူငယ်ချင်းသုံးယောက်နှင့် မတူပဲ သေဆုံးသွားသော ဝမ်ယမ်လန်၏ မတူညီသော သေဆုံးခြင်းနည်းလမ်းကြောင့်ဖြစ်သည်။ သို့သော် ဖြည့်ပြောရလျှင် ဤအခြေအနေသည် ဝမ်ယမ်လန်၏ ရွေးချယ်မှုဖြစ်ပြီး ကျန်းလော့သည် နောက်ဆုံးရလဒ်ကို မပြောင်းလဲနိုင်သလို ဝမ်ယမ်လန်ကို အကာအကွယ်လည်း မပေးနိုင်ပေ။ ဒီလိုရွေးချယ်လိုက်ရသည့် အကြောင်းအရင်း တိတိကျကျ သူ့သူငယ်ချင်း ဝမ်ယမ်လန်တွင် ရှိနိုင်ပြီး အနည်းဆုံးတော့ ကျေနပ်ပြုံးလေးဖြင့် ဆုံးသွားသည်လေ။ 

သို့သော် ကျန်းလော့သည် သူ့မျက်စိရှေ့တွင် သူငယ်ချင်းများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည့်အတွက် စိတ်မဆိုးဘဲတော့ မနေနိုင်ပေ။ ချီယုံသည် ဆိုးယုတ်ခြင်းများ ပြည့်နှက်နေသော အသိုင်းအဝိုင်းတွင် ကြီးပြင်းလာရသူဖြစ်ကာ အမှောင်မိုက်ဆုံးသော အဖြစ်အပျက်များနှင့် နာကျင်မှုများကို အရွယ်နှင့် မလိုက်အောင် ခံစားခဲ့ရသူဖြစ်သည်။ ထိုအဖြစ်အပျက်များသည် ချီယုံ့ကို အမှောင်ထုထဲသို့ ဆွဲချသွားပြီး ရွှံ့ညွှံနက်နက်တွင် နှစ်မြုပ်သွားစေသည်။ 

ဤအဖြစ်အပျက်များမှပင် အားနည်းသူများဟာလည်း အင်အားကြီးသူများထက် ပို၍ အင်အားကြီးကြောင်း သူဆင်ခြင်မိလာသည်။ ဤအိပ်မက်သည် ထိုသူ၏ ရူးသွပ်နေသော စိတ်ဝိညာဉ် နှင့် အတွေးအခေါ်များကို ရုပ်လုံးပေါ်လာအောင် သေချာဖန်တီးထားခြင်း ဖြစ်နိုင်သည်။ 

ကမ္ဘာကြီးသည် ဒုက္ခရောက် နာကျင်ခြင်းဟူသော ဝေဒနာပင်လယ်ထဲတွင် ပေါလောပေါ်နေပြီး လူသားများသည် အသက်ရှင်ရန် အရုပ်ဆိုးစွာ ရုန်းကန်နေကြရသည်။ ဤသည်မှာ ချီယုံ၏ အရင်းနှီးဆုံး အဖြစ်စေချင်ဆုံး ကိစ္စများ ဖြစ်နိုင်သည်။ ကျန်းလော့သည် မထင်မှတ်ထားစွာ ချီယုံသာလျှင် ဤကိစ္စများကို လုပ်နိုင်လိမ့်မည်ဟု တွေးမိခဲ့သည်။ 

ကျန်းလော့သည် ဤကမ္ဘာကြီး မည်မျှ အန္တာရာယ်များမှန်း သဘောပေါက်လာသည်။ အထူးသဖြင့် လူကောင်းများအတွက် အန္တာရာယ်အများဆုံး မရဏလောကကြီး အဖြစ် သတ်မှတ်လို့ပင် ရနိုင်နေပြီဟု တွေးမိသည်။ မကြာခင်တွင် LCD Screen တွင် ဒုတိယမြောက် ဓာတ်လှေကားထဲဝင်သွားသူ ခွမ့်ကျိန်း ပေါ်လာသည်။ 

ကျန်းလော့သည် အလျင်အမြန် တည်ငြိမ်သွားအောင် သက်ပြင်းမှုတ်ထုတ်ရင်း ဝမ်ယမ်လန်၏ သေဆုံးခြင်းကြောင့် ယခု သူငယ်ချင်းဖြစ်သူ ခွမ့်ကျိန်း၏ လှုပ်ရှားမှုတိုင်းကို သေချာလိုက်ကြည့်နေသည်။ ဝမ်ယမ်လန်ကဲ့သို့ပင် ခွမ့်ကျိန်းသည်လည်း အိပ်မက်ထဲတွင် အိပ်မက်မက်လေသည်။ သို့သော် ခွမ့်ကျိန်း၏ အိပ်မက်သည် ဝမ်ယမ်လန်နှင့် မတူစွာပင် နွေးထွေးပြီး သာယာလှသည်။ အခန်းငယ်လေးကို လိုက်ကာများနှင့် အခန်းဖွဲ့ထားပေးသည်။ ကျန်းလော့သည် ခွမ့်ကျိန်းတွင် ညီမငယ်လေး ရှိတာ သိသော်လည်း ခွမ့်ကျိန်းဖခင်သည် မသန်သူဖြစ်ကြောင်းတော့ ယခုမှ ပထမဆုံးအကြိမ် သိရတာဖြစ်သည်။ 

အိပ်ရာပေါ်တွင် သက်လတ်ပိုင်းအရွယ် ပိန်ပါးပါးသော အမျိုးသားတစ်ယောက်၏ ဘယ်ဖက်ခြေထောက်သည် ခြေကျင်းဝတ်ကျိုးနေပြီး ညာဘက်ကတော့ ကြွက်သားများအားနည်းပုံပေါ်ကာ ခြေတစ်ဖက် သိမ်နေသည်။ ထိုသူသည် အိပ်ရာပေါ်မှထရန် ရုန်းကန်နေပြီး ခွမ့်ကျိန်း၏ ညီမလေးသည် သူမအဖေကို ဆွဲထူရင်း မျက်နှာလေးပင် နီရဲနေတော့သည်။ လိုက်ကာများ ကာရံမထားသော ဘက်ခြမ်းတွင် ခွမ့်ကျိန်း၏မိခင်သည် နူးညံ့စွာ ဟင်းချက်နေသည်။ 

ချိုင်းထောက်နှင့် ခက်ခက်ခဲခဲ သန့်စင်ခန်းသွားလာပြီး ချွေးများရွှဲနေသော ခွမ့်ပါးပါးသည် ခွမ့်မားမား ဟင်းချက်နေသော နောက်နားတွင် ခဏလောက်ရပ်နေပြီး လောကဓံမျိုးစုံကြုံတွေ့ထားပြီး ကံကြမ္မာ၏ မျက်နှာသာပေးမှု မခံရသော်လည်း ပျော်ပျော်နေသည့်ပုံပေါ်နေကာ သဘောကောင်းစွာ ပြုံးနေသည်။ 

“ဒီနေ့မနက်လုပ်ထားတဲ့ ကိတ်မုန့်ချိုတွေရော အနံ့ရတာနဲ့တင် ရှယ်ပဲကွာ ကိုယ်တော့ စားချင်နေပြီ” 

“ရှင့်သမီးက မနေ့က ကိတ်မုန့်ဆိုင်ကို ခဏခဏကြည့်ပြီး သွားရည်တွေတောင် ကျလို့လေ ကျွန်မက အစတုန်းက သမီးကို ကိတ်မုန့်တစ်ခု ဝယ်ပေးမလို့ပဲ ကလေးက မဝရင်တောင် အရသာလေးသိရတာပေါ့ရှင် ဒါပေမဲ့ မမလေးက မစားချင်ပါဘူးတဲ့တော် အဲဒါနဲ့ ကျွန်မပြန်ရောက်တော့ ကိတ်မုန့်နဲ့ အရသာတူတဲ့ ကိတ်မုန့်ချိုလေးတစ်မျိုးလောက် သမီးအတွက်လုပ်ပေးဖို့ စဉ်းစားမိသွားတာ” 

ခွမ့်ပါးပါးသည် သူ့ဘေးမှ သမီးဖြစ်သူကို လှည့်ကြည့်ပြီး သူမခေါင်းလေးကို ညင်ညင်သာသာ ပွတ်သပ်ပေးပြီး 

“ကိတ်မုန့်စားချင်တာ ဒီလိုကြီး ထိန်းချုပ်ထားစရာမလိုပါဘူး သမီးရယ် လကုန်တဲ့ထိ စောင့်လိုက် သမီးကိုကို သမီးကို ကိတ်မုန့်တစ်ခု ဝယ်ကျွေးလိမ့်မယ် နော်” 

သူ့ညီမငယ်သည် အိုးထဲမှ ပန်ကိတ်ချိုများကို ကြည့်၍ တံတွေးမျိုချလိုက်ကာ ကလေးသံလေးနှင့် အလွန်အမင်း နားလည်သိတတ်နေပုံဖြင့် ပြောလိုက်သည်။ 

“ကိတ်မုန့်လည်းစားချင်တယ် မေမေလုပ်တဲ့ ကိတ်မုန့်ချိုလည်း စားချင်တယ် ဟီးဟီး” 

ခွမ့်ပါးပါးနှင့် ခွမ့်မားမားတို့သည် သမီးဖြစ်သူကို ကြည့်၍ သူတို့အချင်းချင်း ပြန်ကြည့်မိပြီး ပြုံးမိသွားသည်။ အိမ်ငယ်လေးသည် ပြိုကျမတတ်ပျက်စီးနေပြီး အလွန်သေးငယ်သော်လည်း ခွမ့်မိသားစုသည် သူတို့နေထိုင်ရာ အိမ်လေးကို သန့်ရှင်းနေအောင် ရှင်းလင်းထားကြသည်။ ပြတင်းပေါက်များအားလုံး ဖွင့်ထားသောကြောင့် မနက်ခင်းနေရောင်နွေးနွေးက အိမ်ထဲကို အနွေးဓာတ်ပေးနေကာ လေဝင်လေထွက်ကောင်းပေသည်။ ပြတင်းပေါက်အပြင်ဘက်တွင် တောပန်းပင်များလည်း ပွင့်လန်းနေပြီး ပန်းပွင့်ချပ်များပေါ်တွင် နှင်းစက်များ တင်ကျန်နေသည်။ 

ပြတင်းပေါက်တွင် သူ့ညီမဖြစ်သူ ကိုယ်တိုင်လုပ်ထားသော သိုးမွေးဆည်းလည်းမှလည်း လေတိုက်တိုင်း တချွင်ချွင်မြည်နေသေးသည်။ ခွမ့်မားမားသည် ဟင်းခွက်ကို စားပွဲပေါ်တွင် နေရာချ၍ နွေဦးပန်းပွင့်များ ထိုးထားသော ပန်းအိုးကို စားပွဲအစွန်းနားသို့ ရွေ့လိုက်သည်။ အိမ်တံခါးများဖွင့်ထားသောကြောင့် လေဝင်လေထွက်ကောင်းပြီး တစ်မိသားစုလုံးသည် နွေးထွေးသော အပြုံးကိုယ်စီရှိနေကြကာ မမျှတသော ကံတရားသည်ပင် ဤမိသားစုလေး၏ ဘဝကြီးကို လက်မလျော့ဘဲ လေးလေးနက်နက် ဖြတ်သန်းနေပြီး မျက်နှာတွင် တစ်စက်ကလေးမှ အရှုံးမပေးလိုသော စိတ်တို့ကြောင့် အရှုံးပေးလက်မြောက်သွားရပုံပေါ်သည်။ 

ကျန်းလော့သည် ထိုမိသားစုကိုကြည့်၍ အတွေးနက်သွားသည်။ 

‘ဒီလိုနွေးထွေးတဲ့ မိသားစုမျိုး ရှိနေမှတော့ ခွမ့်ကျိန်း ဒီလောက်တောင် ရိုးသားပြီး ကူညီတတ်နေတာ မထူးဆန်းတော့ပါဘူးလေ’ 

ခွမ့်ကျိန်းသည် တံခါးမကြီးတွင် မတ်တပ်ရပ်နေပြီး ထိုမြင်ကွင်းကို ပြုံးကြည့်နေသည်။ သူ့မျက်လုံးများသည် နူးညံ့နေပြီး မိဘများနှင့်ညီမငယ်တို့သည် အိမ်ထဲမှ သူ့ကိုလှမ်းမြင်ကြကာ ညစာစားရန် မြန်မြန်လုပ်ဖို့ ပြောနေကြသည်။ 

သူသည် အိမ်ထဲလျှောက်ဝင်သွားပြီး ညီမငယ်ဘေးတွင် ဝင်ထိုင်ကာ ခေါင်းငုံ့၍ တိတ်ဆိတ်စွာစားနေသည်။ ခွမ့်ကျိန်းသည် စကားအများကြီးပြောတတ်သူတစ်ယောက်မဟုတ်သော်လည်း မိသားစုဝင်များကို ဆက်တိုက် ဟင်းများထည့်ပေးပြီး တိတ်တဆိတ် ဂရုစိုက်ပေးသည်။ 

အရာရာတိုင်းသည် နွေးထွေးပြီး ပျော်စရာကောင်းနေသည်။ သို့သော် ထိုပျော်ရွှင်နွေးထွေးမှုလေး ကျိုးပျက်သွားတော့မှာကို ကျန်းလော့သိနေသည်။ သေချာလှစွာပင် လူတစ်စုသည် ခွမ့်ကျိန်းတို့ အိမ်ငယ်လေးထဲသို့ တရကြမ်းဝင်ရောက်လာသည်။ သူတို့သည် စားပွဲပေါ်မှ ပူနွေးနေသော ဟင်းအိုးကို မှောက်ပစ်ကာ ခွမ့်ကျိန်း၏ ထိတ်လန့်နေသော မိဘများကို ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်ပြီး ခွမ့်ကျိန်းညီမလေးကို ဆွဲမလိုက်သည်။ 

“အိုး ဒီကလေးမက ကြည့်ကောင်းသားပဲ ဈေးကောင်းရလောက်တယ် မင်းတို့မှာ အကြွေးပေးစရာပိုက်ဆံမရှိရင် မင်း သမီးကို ခေါ်သွားပြီး ရောင်းစားမှာပဲ အဲ့ကျမှ ကျုုပ်တို့ကို အပြစ်လာမတင်နဲ့” 

ခွမ့်ပါးပါးသည် ကြမ်းပြင်ပေါ်တွင် တွန်းလှဲခံထားရပြီး နာကျင်ဒေါသထွက်စွာအော်ပြောလိုက်သည်။ 

“ငါတို့မိသားစုက ဘယ်သူ့ကိုမှ အကြွေးတင်မနေဘူးကွ” 

ဓားများ ပုဆိန်များကိုင်ထားသော အုပ်စုသည် ရယ်မောလိုက်ပြီး ခွမ့်ပါးပါး၏ စကားများကို လုံးဝဂရုမစိုက်ပေ။ သူတို့သည် အိမ်ထဲကို ပတ်ကြည့်ပြီး ဘာမှယူသွားစရာမတွေ့သောအခါ လူတစ်ယောက်သည် ကျိန်ဆဲလိုက်သည်။ 

“သောက်ကျိုးနည်းကံဆိုးတာပဲ ဘာလို့ ဒီလောက်တောင် ဆင်းရဲရတာလဲဟ အလကားလာလိုက်ရတာပဲ ” 

“ချီး ဘာမှကို မရှိတာကွ မသိရင်ငါတို့က ညစာစားဖို့လာခဲ့ရတဲ့အတိုင်းပဲကွာ” 

“အစ်ကိုလျှို နောက်တစ်အိမ်ပဲ သွားရှာကြရအောင်ဗျာ” 

လျှိုဆိုသူသည် စိတ်မရှည်စွာပြောလိုက်သည်။ 

“ဒီလူကို ခေါ်လာခဲ့ သွားကြမယ်” 

သူ့ညီမလေးသည် ငိုကြွေးနေပြီး အတင်းအကျပ်ရုန်းကန်နေကာ မိခင်သည် သမီးငယ်ကို ဆွဲခေါ်သောလူ၏ ပေါင်ကို ပြေးဖက်ပြီး အားကုန်အော်ဟစ်ပစ်လိုက်သည်။ 

“တစ်ယောက်ယောက် တစ်ယောက်ယောက် ကယ်ကြပါ ဓားပြတိုက်နေပါတယ် ကလေးကို လာဖမ်းနေပါတယ် ကယ်ကြပါ” 

လျှိုသည် သူမကို ဒေါသတကြီး ဆောင့်ကန်လိုက်ပြီး 

“ခွေးအိုမကြီး မင်းက အကူအညီတောင်းဖို့ အော်ရဲတယ်ပေါ့” 

ခွမ့်ကျိန်းသည် ထိုဓားပြထဲမှ နှစ်ယောက်၏ အောက်သို့ ဖိခံထားရကာ အသည်းအသန်ရုန်းကန်နေပြီး မကြာလိုက်ပေ သူ့ပေါ်မှ လူနှစ်ယောက်ကို တွန်းလွှတ်ပစ်ပြီး ညီမဖြစ်သူကို လျှိုမျိုးရိုး၏ လက်ထဲမှ ဆွဲထုတ်လိုက်သည်။ 

လျှိုမျိုးရိုးသည် ရက်စက်စွာ ပြုံးလိုက်ပြီး 

“ကလေး မင်းက ကျုပ်ကို တိုက်ခိုက်ချင်နေတာလား”

ခွမ့်ကျိန်းသည် မိဘနှစ်ပါးကို ဆွဲထူပေးလိုက်ပြီး ညီမဖြစ်သူနှင့် မိဘများကို နောက်တွင်ထား၍ အိမ်ထဲသို့ ဖောက်ဝင်လာသော လူစိမ်းများကို ရဲရင့်စွာ ကြည့်လိုက်သည်။ 

“ကျုပ်မိသားစုကို ထိခိုက်အောင်လုပ်ချင်ရင် ကျုပ်ကို အရင်ကျော်သွားမှ ရမယ်” 

လျှိုမျိုးရိုးသည် ဓားကိုင်ထားပြီး အလွန်ဒေါသထွက်နေမှန်း သိသာသည်။ ခွမ့်ကျိန်းသည် အရင်ဦးအောင်ခုန်အုပ်လိုက်သော်လည်း လျှိုမျိုးရိုး၏လက်ကို ဆုပ်ကိုင်ထားပြီး ထိုသူ့လက်ထဲမှ ပုဆိန်တိုကို ဆွဲယူဖို့အလုပ် ရုတ်တရက် မျက်နှာကျတ်ပေါ်တွင် စာတစ်ကြောင်း ပေါ်လာသည်ကို မြင်လိုက်ရသည်။ 

[ တံခါးပိတ်ပြီး ထွက်သွားလိုက်ပါ ပြီးတာနဲ့ မင်း ဆယ့်ရှစ်လွှာကို တန်းရောက်သွားပါလိမ့်မယ်] 

ထွက်သွားရမည်လား 

ခွမ့်ကျိန်း၏ ရုန်းကန်မှုသည် ထိုစာကြောင်းကို ကြည့်ရင်း ရပ်တန့်သွားတော့သည်။ 

‘ဒါက ငါ့မိသားစု အနိုင်ကျင့်ခံနေရတာကို မျက်ကန်းလို မမြင်ချင်ယောင်ဆောင်ပြီး ဒီတိုင်းရပ်ကြည့်ခိုင်းနေတာလား’ 

သူသည် ခဏလောက်ငြိမ်ကျသွားပြီးနောက် သူ့လက်များကတော့ ဆက်လက်၍ လျိုမျိုးရိုးကို ခုခံနေသည်။ ဤအခြေအနေသည် အိပ်မက်ဖြစ်ပြီး အတုအယောင်ဖြစ်သည်ကို သိရှိသော်လည်း ဒီအတိုင်း မမြင်ချင်ယောင်ဆောင်၍ ထွက်မသွားနိုင်ပေ။ 

................ 

ကျန်းလော့သည် ခွမ့်ကျိန်း၏ အဆုံးသတ်ကို ခန့်မှန်းမိစွာ မျက်လုံးများ မှိတ်ထားလိုက်တော့သည်။ ခဏကြာပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်ရာ ဓားထိုးရာများနှင့် ပုဆိန်စိုက်နေသော ခန္ဓာကိုယ်ဖြင့် သေဆုံးနေသော ခွမ့်ကျိန်းကို မြင်လိုက်ရသည်။ 

ခွမ့်ကျိန်းသည်လည်း ဝမ်ယမ်လန်နှင့် တူညီစွာ နှစ်ယောက်လုံး ကျေကျေနပ်နပ် သေဆုံးဖို့ ရွေးချယ်ခဲ့ကြသော်လည်း သူတို့သည် အပြုံးတစ်ပွင့်နှင့် ကျေနပ်စွာ နောင်တမရှိသေဆုံးသွားရခြင်းဖြစ်သည်။ 

ကျန်းလော့၏ နှလုံးသားသည် အလွန် ငြိမ်သက်နေသည်။ 

ယယ်ရွှင်ပေါ်လာမည့် အချိန်ကို စိတ်ရှည်စွာ စောင့်နေသည်။ အနည်းငယ်ကြာပြီးနောက် ယယ်ရွှင်ဓာတ်လှေကားထဲဝင်လာသည့် လှုပ်ရှားမှုနှင့်အတူ LCD Screenတွင် ယယ်ရွှင်ပေါ်လာလေသည်။ ယယ်ရွှင်သည်လည်း ခွမ့်ကျိန်းနှင့် ဝမ်ယမ်လန်တို့လိုပင် ဆယ့်ရှစ်လွှာကို တက်ရန်ငြင်းဆန်ခဲ့ပြီး သူ့မိခင်ကို ကာကွယ်ရင်း ပုံရိပ်ယောင်ထဲတွင် သေဆုံးသွားရဖို့ ရွေးချယ်ခဲ့သည်။ 

ချီယုံ အဘယ့်ကြောင့် သူ့ကို ဒီလိုမျိုးတွေ တိုက်ရိုက်ထုတ်လွှင့်ပြနေမှန်း ကျန်းလော့ မသိပေ။ သူငယ်ချင်းများအားလုံး သေဆုံးဖို့သာ ရွေးချယ်ခဲ့ကြခြင်းအတွက် စိတ်တိုရမည်လား သူတို့နှလုံးသားထဲက ဆူးကို ရှင်းပစ်နိုင်ကြသည့်အတွက် ဝမ်းသာရမည်လားပင် သူမသိတော့ပေ။ 

ကျန်းလော့သည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး သူ၏ ပုံရိပ်ယောင် အိပ်မက်စတင်လာမည့်အချိန်ကို LCD Screenကို ကြည့်ရင်း ငြိမ်သက်စွာ စောင့်နေသည်။ ဝမ်ယမ်လန်မှ ယယ်ရွှင်အဆုံး တစ်ဘဝလုံး၏ နောင်တအရဆုံး အတွင်းဆုံးက မှတ်ဉာဏ်များကို တူးဆွခံကြရသည်။ ဝမ်ယမ်လန်သည် သူ့ပထွေးကို သတ်လိုက်ခြင်းကို ပြန်ပြခံရပြီး ခွမ့်ကျိန်းကတော့ သူမြတ်နိုးတန်ဖိုးထားရသော မိသားစုကို ဖျက်ဆီးပစ်ကြခြင်းကို မြင်တွေ့ခဲ့ရသည်။ ယယ်ရွှင်သည် မမြင်မတွေ့ချင်ဆုံး မိခင်၏ သေဆုံးမှုကို ပြန်မြင်ခဲ့ရသည်။ 

တခြားနည်းလမ်းဖြင့် စဉ်းစားကြည့်လျှင် သူတို့သုံးယောက်၏ အတွင်းဆုံးတွင် သိမ်းဆည်းထားသော လိုအင်ဆန္ဒများကို ထုတ်ပြခဲ့ခြင်းဖြစ်ပြီး အကောင်းဘက်က တွေးကြည့်လျှင် သူ့သူငယ်ချင်းများသည် သူတို့နှလုံးသားထဲမှ ဆူးများကို ကိုယ်တိုင်နှုတ်ယူနိုင်ခဲ့ကြသည်။ 

ဝမ်ယမ်လန်သည် သူ့ပထွေး၏ သေဆုံးခြင်းကို သေချာချင်သည့်အပြင် အမြဲလိုလို မသေသေးသလို ခံစားနေရပြီး ထိုခံစားချက်ကြောင့် အမြဲကြောက်လန့်နေခဲ့ရသည်။ ခွမ့်ကျိန်းကတော့ သူ့မိသားစုကို ကာကွယ်ချင်သည်။ ယယ်ရွှင်သည် မိခင်ကို ကယ်တင်ပေးချင်ခဲ့သည်။ 

ထိုအရာသည် တစ်ယောက်ချင်းစီ၏ နက်ရှိုင်းသော အကြောက်တရားနှင့် စိတ်ဆန္ဒကို ရောယှက်၍ တူးဆွသည်ဟုလည်း ပြောနိုင်သည်။ ကျန်းလော့သည် အတွေးများနေပြီး ထိုအချက်များကို နမူနာယူ၍ သူ၏ စိတ်ပျက်စရာကောင်းသော မိဘများနှင့် တွေ့ဖို့ ပြင်ဆင်ထားလိုက်သည်။ 

စက္ကန့်အနည်းငယ်ကြာပြီးနောက် ဓာတ်လှေကားတံခါးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။ 

ကျန်းလော့သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ပြီး ဘာကိုမှ စိတ်ထဲမထားဖို့ ကိုယ့်ကိုယ်ကို ဆုံးမနေရင်း ဓာတ်လှေကားအပြင်ကို မြင်လိုက်သောအခါ မျက်လုံးပြူးသွားသည်။ 

အမှိုက်လိုမိဘများကို တွေ့ရမည့်အစား နံရံပေါ်တွင် မှီနေသော မသေမရှင် ချီယုံက သူ့ရှေ့တွင် ပေါ်လာလေသည်။ 

ချီယုံသည် သူနှင့် သုံးမီတာလောက်ပင် မဝေးနေပေ။ နံရံကိုမှီထိုင်နေပြီး ခေါင်းငိုက်စိုက်ကျနေကာ သေလားရှင်လား မသိရပေ။ 

သူ၏ ရှည်လျားသွယ်ပျောင်းသော ခြေတံရှည်များသည် ကော်ရစ်တာကြမ်းပြင်ပေါ်တွင် ပစ်စလက်ခတ် စင်းကျနေပြီး ဖြူဖျော့သော လက်တစ်ဖက်သည် ဗိုက်ကို ဖိထားကာ တစ်ဖက်ကတော့ ဘေးဘက်တွင် ပျော့ခွေကျနေလေသည်။ သူ့ခါးဆီမှ သွေးများဆက်တိုက်စီးကျနေကာ ကြမ်းပြင်ပေါ်တွင် ကြီးမားသော သွေးကွက်ကြီးဖြစ်နေသည်။ 

ကျန်းလော့သည် ချီယုံ၏ ဖြူဖျော့ပြီး ချောင်ကျနေသော မေးရိုးကိုသာ မြင်ရပြီး သူ၏ သွေးမရှိသော နှုတ်ခမ်းတစ်စုံသည် ဖြူဆုတ်နေကာ အမြဲလိုလို သပ်ရပ်ကျော့ရှင်းနေတတ်သော သူ၏ ဝတ်စုံသည် ယခုတော့ စုတ်ပြတ်နေလေပြီ။

သူ့အောက်မှ သွေးကွက်ကြီးသည် သွေးနီရောင်ပန်းပွင့်ကြီးလိုပင် သွေးများဆက်တိုက်ထွက်နေပြီး ကြောက်စရာကောင်းအောင် သွေးလွန်နေမှန်း သိသာသည်။ သို့သော် ထိုကဲ့သို့ အားနည်းနေသည့်အချိန်တွင်တောင် ဒွိဟဖြစ်သွားလောက်အောင် ထူးဆန်းစွာ ဆွဲဆောင်မှု ရှိနေကာ နံရံထောင့်ကို မှီထိုင်နေသော မကောင်းဆိုးဝါးကို အကြည့်မလွှဲနိုင်တော့အောင် ဆွဲဆောင်နေသည်။ 

သူ့ကိုယ်ဟန်သည် စိတ်ဆင်းရဲစရာကောင်းနေသော်လည်း ကျော့ရှင်းချောမောမှုတို့ကတော့ အပိုင်ဝယ်ထားသလို ဘယ်လိုပုံမျိုးဖြစ်နေနေ ပျောက်ကွယ်မသွားပေ။ ချက်ချင်း သူ့ဆီလာရန် အန္တာရာယ်ကြီးစွာ ညှို့ယူနေသလို ခံစားရသည်။ 

အကယ်၍ တစ်စုံတစ်ယောက်သာ မကောင်းဆိုးဝါးနားသို့ ကပ်သွားလျှင် ထိုသူအနားရောက်သည်နှင့် မကောင်းဆိုးဝါးသည် မျက်လုံးပွင့်လာပြီး နက်မှောင်သော ချောက်နက်ကြီးထဲ ဆွဲချသွားတော့မလို ကြည့်မှာဖြစ်ကာ မူပိုင်အေးခဲသွားစေလောက်သော ရေခဲရိုက်အပြုံးကြီး ပြုံးပြပြီး သူ့ဆီသို့ ကိုယ်တိုင်ပစ်ဝင်လာမည့် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေမှာဖြစ်သည်။ 

သို့သော် သတိလွတ်သွားပြီး လူများကို သွေးရူးသွေးတန်း လျှောက်ပြေးအောင် လုပ်မည့်ပုံလည်းပေါ်နေသည်။ 

သူ့ကို အနိုင်ကျင့်ခဲ့သလို၊ သူ့ကို ချိုးနှိမ်ထားခဲ့ကြသလို သူ့ကို သတ်ခဲ့သလို.. 

ကျန်းလော့၏ လည်ချောင်းသည် တစ်ဆို့ဆို့ကြီး ဖြစ်လာသော်လည်း လျင်မြန်စွာ သတိပြန်ဝင်လာသည်။ သတိပြန်ဝင်လာပြီးနောက် သူ့မျက်နှာထားသည် ချက်ချင်းထူးဆန်းသွားတော့သည်။ သူ့ခန့်မှန်းချက်သာ မှန်ခဲ့မည်ဆိုလျှင် လူတစ်ယောက်ချင်းစီတိုင်း၏ အနက်ရှိုင်းဆုံး အကြောက်တရားနှင့် စိတ်ဆန္ဒတို့ကို ပြသရမည်ဖြစ်သည်။ 

‘ချီယုံ့ကို မြင်ရတာကြီးက ဘာကို ဆိုလိုချင်တာလဲ’ 

‘ငါ့အကြောက်ဆုံးအရာက ချီယုံ့သေခြင်းတရားလား’ 

‘ချီယုံ့ကို ငါလုပ်ချင်သလိုလုပ်လို့ရတယ်လို့ပြောချင်တာလား ငါအဖြစ်ချင်ဆုံးက ချီယုံ့ကို အသက်ကယ်ချင်တာလား’ 

ကျန်းလော့ “............” 

သူ့မျက်နှာသည် ရှုံ့မဲ့သွားတော့သည်။ 

မဖြစ်နိုင်တာ 

ထိုအချိန်တွင် ချီယုံ့အောက်မှ သွေးကွက်ကြီးတွင် ရင်းနှီးနေသော စာကြောင်းတစ်ကြောင်း ဖြည်းဖြည်းချင်းပေါ်လာသည်။ 

[ သူ့ကိုလျစ်လျူရှုပြီး တံခါးပိတ်ပြီး ထွက်သွားလိုက်ပါ ပြီးတာနဲ့ မင်း ဆယ့်ရှစ်လွှာကို တန်းရောက်သွားပါလိမ့်မယ်] 

ကျန်းလော့သည် တစ်စက္ကန့်လေးတောင် မတွေဝေဘဲ ချက်ချင်း တံခါးပိတ်သည့် ခလုတ်ကို အထပ်ထပ်အခါခါ နှိပ်ကာ သူ့အကြောက်တရားနှင့် ဝေးဝေးပြေးချင်ပုံရသည်။ 

ဓာတ်လှေကားတံခါးသည် ဖြည်းညင်းစွာပိတ်သွားပြီး ဓာတ်လှေကားသည် ဆံပင်အနက်ရောင်ကောင်လေးကို ဆယ့်ရှစ်လွှာဆီသို့ သယ်သွားသည်။ 

ထို့နောက် နံရံကို မှီ၍ ဓာတ်လှေကားအပြင်တွင် ထိုင်နေခဲ့သော မကောင်းဆိုးဝါးသည် ဖြည်းဖြည်းချင်း ခေါင်းမော့လာခဲ့သည်။ တင်းကျပ်စွာ ပိတ်ထားခဲ့သော မျက်လုံးများကို ဖွင့်၍ အပေါ်တက်သွားသော ဓာတ်လှေကားကိုကြည့်၍ နှုတ်ခမ်းထောင့်များသည် နှေးကွေးစွာ အပေါ်သို့ ကွေးသွားကာ လက်ကို ဒူးပေါ်တင်ထားပြီး အေးဆေးစွာ ထိုင်လိုက်သည်။ 

သူ့အောက်မှ သွေးများကို ကြမ်းပြင်မှ စုပ်ယူသွားပြီး သန့်ရှင်းသွားစေသည်။ မကောင်းဆိုးဝါးသည် သူ့လက်မှ သွေးများကို ဖြည်းဖြည်းချင်း သုတ်ပစ်လိုက်သည်။ သူ့မျက်လုံးများသည် မြွေပွေးမှ အစာတွေ့သလို တောက်ပနေကာ 

“တစ်စက္ကန့်လေးတောင် မတွေဝေသွားဘဲ ဘယ်လိုတောင် ထွက်သွားနိုင်ရတာလဲ ဟာ့ဟ်” 

######