အပိုင်း (၁၆၂)
ဝမ်ယမ်လန်၏ ရွေးချယ်မှု
သွေးထဲနှစ်ထားသော ကလေးငယ်လေးပုံစံ ချည်ခေါင်းအုံးသည် လူတိုင်းရှေ့တွင် ထွက်ပေါ်လာသည်။ ယယ်ရွှင်သည် စိတ်ထဲမှ တစ်ခါမှ ထိုမျှအထိ စိတ်မတိုစဖူး ဒေါသထွက်လာကာ သူ့လက်ချောင်းသည် စိတ်တိုလွန်းသောကြောင့် တဆတ်ဆတ် တုန်ယင်နေရှာသည်။
“မင်း ကိုယ်ဝန်ရှိချင်ယောင်ဆောင်ထားတာလား”
ခေါင်းအုံးကို ငုံ့ကြည့်နေသော ဝမ်ယမ်လန်သည် တဖြည်းဖြည်း အမူအယာမဲ့လာကာ ခေါင်းမော့၍ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် ဓာတ်လှေကား နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။
အားလုံးထဲတွင် သည်းခံစိတ်အကောင်းဆုံးသော ခွမ့်ကျိန်းသည်ပင် မျက်နှာထား အလွန်ခက်ထန် တင်းမာနေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ခဏလောက်ကြောက်လန့်သွားပြီးနောက် ခေါင်းမော့၍ မည်သည့်နေရာက ရလာမှန်းမသိသော သတ္တိများဖြင့် ရိုင်းပြစွာပြောလိုက်သည်။
“ရှင်ဘာလိုချင်တာလဲ သတ္တိရှိရင် ငါ့ကို လာသတ်လေ”
ယခုသူမသည် ဖော်ထုတ်ခံထားရပြီးသွားပြီ ဖြစ်သောကြောင့် ဟန်ဆောင်နေစရာ မလိုတော့ပေ။ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ရှုပ်ပွနေသည့်ဆံပင်ကို သပ်ရပ်အောင် လုပ်နေသည်။ သူမသည် ထိုသုံးယောက်၏ စိတ်ထားကို မြင်ပြီးသွားပြီ ဖြစ်သောကြောင့် ထိုသူများ သူမကို ဘာမှမလုပ်ရဲကြမှန်း သိနေကာ နည်းနည်းမှ မစိုးရိမ်တော့ပေ။
အမျိုးသမီး ကြောက်ရွံ့သူမှာ ထူးဆန်းသော ဆံပင်အရှည်နှင့် လူငယ်ဖြစ်သည်။ သို့သော် သူမ၏လှည့်စားမှုကို ဖော်ထုတ်လိုက်ရုံသာ လုပ်ရဲပြီး သူမကို ဘာမှမလုပ်သည်ကို မြင်သောအခါ သူမသည် မြောက်ကြွမြောက်ကြွ ဖြစ်လာပြီး ဘဝင်မြင့်လာတော့သည်။ သူမသည် အိတ်ထဲမှ မိတ်ကပ်ဘူးကို ထုတ်၍ သူမမျက်နှာကို မိတ်ကပ်ပြန်ပြင်နေကာ ဘူးထဲမှ မှန်သေးသေးလေးကို ကြည့်နေသည်။
ထို့နောက် လှောင်ပြောင် အထင်သေးစွာပြောလိုက်သည်။
“ငါ ဟန်ဆောင်နေတာဆိုရင်ရော ဘာဖြစ်လဲ ရှင်တို့ ယောက်ျားကြီးလေးယောက်က ကျွန်မလို မိန်းမတစ်ယောက်ကို ခက်ခဲအောင် လုပ်ဖို့ ကြိုးစားချင်နေတာလား”
သူမမျက်နှာကို ပေါင်ဒါပုတ်ပြီးနောက် နှုတ်ခမ်းနီတောင့်ကို ထုတ်လိုက်ကာ
“ငါ ကယ်ပါ အော်တုန်းက သူတို့ဟာသူတို့ အရိုးသားလွန်ပြီး ပြေးလာကြတာလေ ဘာလို့ ငါ့ကို လာအပြစ်တင်နေရတာလဲ ငါက သူတို့ကို ငါ့ကိုကယ်ပေးဖို့ ဇွတ်ပြောခဲ့လို့လား”
သူမစကားဆုံးအောင် နားထောင်ပြီးနောက် ယယ်ရွှင်တို့ သုံးယောက်သည် ရင်ဘတ်များ မောက်တက်လာအောင် ဒေါသထွက်နေကြကာ သူတို့မျက်လုံးများသည် ဒေါသကြောင့် နီရဲနေကြသည်။ သို့သော် ထိုအမျိုးသမီးပြောတာ မှန်ကြောင်း ဝန်ခံရမည်။
သူမ သူတို့သူငယ်ချင်းတွေကို သတ်ပစ်လိုက်တာ သိနေလျှင်ပင် အခု သူတို့ အိပ်မက်ထဲ ရောက်နေတာကို နားလည်နေလျှင်ပင် သူတို့သင်ထားခဲ့သော ပညာများနှင့် စည်းမျဉ်းစည်းကမ်းတို့သည် နူးညံ့ပုံပေါ်သော အမျိုးသမီးအပေါ်တွင် လုပ်ရှားမှု တစ်ခုတောင် လုပ်ဖို့ ခွင့်မပြုပေ။
‘ဒီမိန်းမကို သတ်ဖို့ တကယ်လိုလို့လား’
သို့သော် ဤနေရာသည် အိပ်မက်တစ်ခုထက် မပိုပေ။
အခု မသတ်သေးဘူးလား။
သို့သော် သူတို့စိတ်ထဲမှ ဝမ်းနည်းမှုနှင့် ဒေါသကို အိပ်မက်ဆိုတာ သိနေရင်တောင် မဖြေဖျောက်နိုင်ကြပေ။
မတိုးသာမဆုတ်သာ ငြိမ်သက်နေကြသော အခြေအနေတွင် ကျန်းလော့ လှုပ်ရှားလာသည်။ သူအနားကပ်လာသည်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ကြောက်လန့်စွာ အော်ဟစ်လိုက်ပြီး သူမနောက်ကျောသည် ဓာတ်လှေကား နံရံကို ကပ်သွားကာ နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသလို သူမစိတ်ထဲတွင် အလွန်ကြောက်ရွံ့သွားသည်။
“ရှင် ရှင် ရှေ့တိုးမလာနဲ့ အပေါ်ဆုံးလွှာကလူ စောင့်နေတာ ဘယ်သူလဲ သိလား သူက ငါ့ကိုစောင့်နေတာ ရှင်ကျွန်မအပေါ် လက်တစ်ချောင်းတင်ရဲတင်ကြည့်လိုက် ကျွန်မ အပေါ်ဆုံးထပ်ကို ရောက်တာနဲ့ ရှင့်ကို ကျွန်မရှင်းပစ်မယ်”
“အပေါ်ဆုံးထပ်”
ကျန်းလော့သည် ထူးဆန်းစွာပြုံးလိုက်ပြီး
“ဒီတော့ မင်းက အပေါ်ဆုံးထပ်ကို သွားချင်တာပေါ့”
ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ထောင့်နေရာတွင် ကျန်းလော့ဆီမှ ပိတ်ထားခံရပြီး သူ့ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ ဆံပင်အနက်ရောင်ကောင်လေး၏ လှပသော မျက်နှာသည် သူမမျက်နှာနားသို့ တဖြည်းဖြည်း တိုးကပ်လာကာ သူမနှုတ်ခမ်းနားသို့ မထိတထိ အခြေအနေဖြစ်လာသည်။ သူ၏ ရေခဲကျောက်စိမ်းကဲ့သို့ ဖြူဖွေးအေးစက်သော မျက်နှာတွင် အရေးအကြောင်း တစ်စက်လေးမှ မရှိပေ။
သူခေါင်းငုံ့လာသောအခါ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ နှာခေါင်းဝသို့ ခပ်ဖျော့ဖျော့ ကိုယ်သင်းနံ့ ဝင်ရောက်လာသည်။ ကျန်းလော့သည် မျက်ခုံးမျက်လုံးတို့သည် နူးညံ့နေကာ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အလွန်ချစ်မြတ်နိုးရသော ချစ်သူကဲ့သို့ ကြည့်၍
“ဒါပေမဲ့ ဒီလိုဆိုရင်ရော မင်းထိပ်ဆုံးအထပ်ထိရောက်အောင် အသက်မရှင်ဘူးဆိုရင်..”
ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ဆွံ့အသွားပြီး သူမအသံသည် တုန်ယင်နေကြာ
“နင် နင်ငါ့ကို ခြိမ်းခြောက်နေတာလား ငါ့ကို သတ်မလို့လား”
သူမနှလုံးသားသည် မြန်သည်ထက် မြန်အောင် ခုန်ပေါက်လာပြီး မမြင်ရသော ကြောက်ရွံ့မှုသည် သူမအတွင်းအင်္ဂါများကို တိုက်စားသွားသလို ခံစားရပြီး သူမအချိန်မရွေး သေတော့မည်ဟူသော မနှစ်မျို့ဖွယ်ခံစားချက်တချို့ကို ခံစားမိလာသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် တုန်လှုပ်လာပြီး ကျန်းလော့နောက်မှ လူသုံးယောက်ကို အော်လိုက်သည်။
“သူ ငါ့ကို သတ်တော့မှာကို နင်တို့က သူ့ကို မတားတော့ဘူးလား ဒီကောင်က လူသတ်သမား ဖြစ်ချင်နေတယ်”
ဝမ်ယမ်လန်သည် လက်ပိုက်၍ သူမကို အေးစက်စွာကြည့်ပြီး နှစ်ခေါက်လောက်ရယ်မောလိုက်ကာ ကျန်းလော့ကိုပဲ ဆွဲရတော့မလိုလို ဒေါသပဲ ဆက်ထွက်ပြီး ဒီတိုင်း လွတ်ထားလိုက်တော့မလိုလို ဖြစ်နေသော ခွမ့်ကျိန်းနှင့် ယယ်ရွှင်ကို တားလိုက်သည်။
“ငါက ဘယ်လိုလုပ်ပြီး မင်းကို သတ်နိုင်မှာလဲ”
ကျန်းလော့သည် လက်မြောက်လိုက်ပြီး သူမပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ကာ အမျိုးသမီးသည် ကျောချမ်းလာပြီး သူမတစ်ကိုယ်လုံးအေးစိမ့်လာအောင် သူမပါးပေါ်မှ လက်က လုပ်နေဟန်တူသည်။
“ဒါပေမဲ့ မင်းတွေ့ချင်နေတဲ့ လူ ဒါမှမဟုတ် သရဲကတော့ မင်းကို ဆက်ပြီး အသက်ရှင်ခွင့်ပေးမယ် မထင်ဘူး”
ဆိုးဝါးသော စိတ်ခံစားချက်တို့ ပိုမိုတိုးပွားလာကာ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ နဖူးပေါ်တွင် ချွေးများရွှဲသွားပြီး မသိလိုက်ပဲ ပြန်ပြောလိုက်မိသည်။
“မဖြစ်နိုင်ဘူး နင် ငါ့ကို လာလိမ်မနေနဲ့”
ကျန်းလော့သည် သူမကို ပြုံးပြပြီး သူ့ကိုယ်သူပြောလိုက်သည်။
“အစတုန်းကတော့ မဖြစ်နိုင်ဘူးဆိုပေမဲ့ ဒါပေမဲ့ အခုကတော့ မဖြစ်နိုင်ဘူးဆိုတာ မသေချာတော့ဘူး”
ကိုယ်ဝန်ဆောင်အမျိုးသမီး၏ နားအဖုလေးကို ထိဖို့လုပ်လိုက်သည်နှင့် အမျိုးသမီးနောက် နံရံထဲမှ ရုတ်တရက် အစိမ်းရောင် လက်ကြီးတစ်ဖက်ထွက်လာကာ အမျိုးသမီး၏လည်ပင်းကို ညှစ်၍ နံရံထဲသို့ ဆွဲခေါ်သွားသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် မယုံနိုင်သော အမူအယာဖြင့် နံရံထဲထို ဆွဲသွင်းခံလိုက်ရသည်။
လေပြင်းတစ်ချက်ဖြတ်တိုက်သွားသလိုပင် ကျန်းလော့သည် မြန်မြန်နောက်ဆုတ်လိုက်ကာ ဓာတ်လှေကားမှ သံနံရံမှ သူ့ပုံရိပ်ကို ငေးကြည့်နေမိသည်။
သူ့မျက်လုံးများသည် မှောင်မိုက်သွားသည်။
‘ချီယုံက အချိန်တိုင်းကို ငါ့ကို စောင့်ကြည့်နေတာပါလား’
သူ ကိုယ်ဝန်ဆောင်အမျိုးသမီးနား နည်းန့ည်းလောက်ကပ်သွားသောအခါ ချီယုံတစ်ယောက် ဒေါသထွက်သွားပြီး အမျိုးသမီးကို သေချာပေါက် သတ်မည်ဖြစ်ကြောင်း သူသိနေသည်။ သို့သော် လက်တွေ့ကြုံရသောအခါ အံ့ဩသွားမှုကိုတော့ မထိန်းချုပ်နိုင်ပါချေ။
ကျန်းလော့သည် မျက်လွှာချ၍ သူ့သူငယ်ချင်းများဘက်သို့ လှည့်ကာ
“မင်းတို့ အခုဘာဖြစ်သွားလဲ မြင်လိုက်လာ”
ယယ်ရွှင်နှင့် ခွမ့်ကျိန်းတို့၏ နှလုံးသားတို့သည် လေထဲတွင် ကြပ်ကြပ်တည်းတည်း ချိတ်ဆွဲထားခံရသလို ပြိုင်တူ ခေါင်းခါလိုက်ကြသည်။ ဝမ်ယမ်လန်သည် ခပ်တိုးတိုးရယ်၍သာ တုံ့ပြန်လိုက်သည်။
“နံရံကို မမှီကြနဲ့”
ကျန်းလော့က သတိပေးလိုက်သည်။
“အလယ်မှာပဲ ရပ်ကြစို့ ဒီဓာတ်လှေကားထဲမှ သရဲတွေလည်း ရှိနေတယ်ကွ”
လေးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကပ်၍ အလယ်တည့်တည့်တွင် တန်းစီရပ်လိုက်ကြပြီး ထိုမိန်းမသေသွားသည့်အတွက် ဝမ်းမနည်းမိကြပေ။ ယယ်ရွှင်သည် ထိုနံရံကို နီးကပ်စွာကြည့်၍
“နံရံပေါ်မှာ အမည်းရောင် အစက်လေးတွေ အများကြီးပဲ ရှိတယ်ရော ဒါတွေက သူတို့ဆွဲဆွဲမြိုလိုက်တဲ့ လူတွေဖြစ်နိုင်လား”
သူပြောသည်နှင့် ကျန်းလော့သတိထားကြည့်လိုက်ရာ နံရံပေါ်တွင် နှစ်မြုပ်နေသော အနက်ရောင် အစက်အပြောက် သေးသေးများကို တွေ့လိုက်ရသည်။ ထိုအစက်အပြောက်များကို ကြည့်၍ ဟိုတယ်သန့်စင်ခန်း မှန်မှ အနက်ရောင်အစက်ကို သွားသတိရမိသည်။
‘အထပ်မြင့်လာတိုင်း ဒါတွေက ငါတို့နဲ့ ပိုကပ်လာတာ ဖြစ်နိုင်လား’
ဓာတ်လှေကားသည် “ဒင်း”ဆိုသော အသံနှင့်အတူ ရပ်သွားသည်။ သူတို့ ဆယ်လွှာသို့ ရောက်ပြီဖြစ်သည်။ ဓာတ်လှေကား တံခါးပွင့်သွားသော်လည်း အပြင်ဘက်တွင် မည်သူမှ မရှိပေ။ ဝမ်ယမ်လန်သည် တစ်ချိန်လုံး တစ်ခုခုမှားနေသလို ခံစားရပြီး အပြင်ဘက်သို့ သတိကြီးစွာ ကြည့်လိုက်သည်။
“ငါတို့ ဆင်းကြမလား”
ကျန်းလော့က ပြောသည်။
“နည်းနည်းလောက် ထပ်စောင့်ကြရအောင်ပါ”
မကြာခင်တွင် ဓာတ်လှေကားတံခါး ပြန်ပိတ်သွားပြန်သည်။
ဓာတ်လှေကားသည် ဖြည်းဖြည်းချင်း မြင့်တက်သွားပြီး ဤတစ်ကြိမ်တွင် ဆယ့်တစ်လွှာနှင့် ဆယ့်နှစ်လွှာကို တိုက်ရိုက် ကျော်ဖြတ်သွားသည်။ ဝမ်ယမ်လန်သည် တစိမ့်စိမ့်တွေးကြည့်နေပြီး
“ဓာတ်လှေကား ရပ်သွားတဲ့ အထပ်တွေမှာ ဘာအမှတ်အသားမှ ရှိမနေဘူး”
“ဟုတ်တယ်”
ယယ်ရွှင်က ခေါင်းညိတ်လိုက်သည်။ မျှော်လင့်ချက် မရှိတော့သော လူတစ်ယောက်ကဲ့သို့ အေးစက်နေပြီး ပူပန်မှုကင်းနေသော လူတစ်ယောက်ကဲ့သို့။
“ပြီးတော့ တစ်ခါ ရပ်သွားတိုင်း ဓာတ်လှေကားအပြင်မှာ စောင့်နေတဲ့သူ မရှိဘူး”
ခွမ့်ကျိန်းသည်လည်း သူတို့နှင့်အတူ ထိုအကြောင်းကို သေချာလိုက်စဉ်စားဖို့ကြိုးစားရှာသည်။
“ဒါဆို ဘာလို့ ရပ်သွားရတာလဲ”
တစ်အုပ်စုလုံး တိတ်ဆိတ်သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် အဖြေဖြစ်နိုင်သော အဆိုးဝါးဆုံးသော အရာကို ပြိုင်တူ တွေးလိုက်မိကြသောကြောင့်ပင်။
ဒါကြီးက ကွေဝူးအဆောက်အဦးဆိုမှတော့ ဓာတ်လှေကားတွေက လူတွေကို ဝန်ဆောင်မှုပေးရုံလောက်မဟုတ်ဘဲ သရဲတွေကိုပါ ဝန်ဆောင်မှု ပေးကြမှာပေါ့။
ကျန်းလော့
“ဒါကြီးက အများကြီး...”
ဝမ်ယမ်လန်သည် သက်ပြင်းချလိုက်ပြီး။
“မြေညီထပ်ကနေစပြီး ဓာတ်လှေကားက လေးခါ ရပ်တယ် သုံးလွှာမှာတစ်ခါ ခုနှစ်လွှာမှာတစ်ခါ ရှစ်လွှာမှာ တစ်ခါနဲ့ အခု ဆယ်လွှာမှာ တစ်ခါရပ်တယ်ဆိုတော့ လေးလွှာလုံးလုံး သရဲတွေ ဝင်လာကြမယ်ဆိုရင် ဆိုလိုတာက ငါတို့နဲ့အတူ အနည်းဆုံး သရဲလေးကောင် ဒီထဲမှာ ရှိနေပြီ”
ကျန်းလော့က ပြောသည်။
“ဓာတ်လှေကားသရဲလည်း ရှိသေးတယ်”
ဝမ်ယမ်လန်သည် ခါးသီးစွာ ပြုံးလိုက်သည်။
“ဟုတ်တယ် ဓာတ်လှေကားသရဲ”
‘ရှောင်ဖန်သာ ဒီမှာ ရှိနေရင်ကွာ’
ယယ်ရွှင်သည် စိတ်ပျက်အားလျော့စွာ တွေးလိုက်သည်။
‘ငါ့ ရှောင်ဖန်လေးက ဒီသရဲအစုတ်ပလုတ်တွေကို တစ်ကိုက်ထဲနဲ့ အကုန်စားပစ်လိုက်မှာ’
ခွမ့်ကျိန်းသည်လည်း ထိုအကြောင်းတွေမိပြီး
“တစ်ခါရပ်တိုင်း သရဲတွေ တက်လာမယ်လို့ တွေးဖို့မလိုပါဘူးကွာ သူတို့တွေ ဆင်းသွားကြတာလဲ ဖြစ်နိုင်တာပဲလေ”
“ဒီဓာတ်လှေကားမှာ ဘာခလုတ်မှ မရှိဘူးဟ”
ကျန်းလော့၏ အတွေးတို့သည် အဆုံးထိရောက်သွားပြန်သည်။
“ဝင်လာတဲ့ သရဲတွေမှာသာ ဓာတ်လှေကားကို ထိန်းချုပ်နိုင်စွမ်းရှိရင် သူတို့အောက်ကိုပဲ ဆင်းကြမှာပဲ ငါထင်တာတော့ ဓာတ်လှေကား ရပ်သွားတာ အပြင်မှာ စောင့်နေတဲ့ သရဲတွေ ရှိလို့ပဲ ဖြစ်ရမယ် ပြီးတော့လဲ ဒီနေရာက သရဲတွေက ကောင်းတဲ့သရဲတွေ မဟုတ်ဘူး”
ကျန်းလော့စိတ်ထဲတွင် ကောကျူ၏ခေါင်းပြတ် ဆိုင်ကြမ်းပြင်ပေါ် လိမ့်သွားသည်ကို ပြန်မြင်ယောင်လာပြီး မျက်လုံးများ နက်မှောင်သွားသည်။
“သူတို့ ငါတို့ကို ဘာမှမလုပ်ပဲ သူ့တို့ဟာသူတို့ ဆင်းသွားနိုင်လောက်လားဟင်”
ကျန်းလော့ကတော့ မထင်ပေ။ ဓာတ်လှေကားသည် နောက်ထပ်တစ်ကြိမ် ဆယ့်ငါးလွှာမှာ ရပ်သွားပြန်သည်။ တံခါးသည် ဖြည်းဖြည်းချင်း ပွင့်သွားပြီး ကျန်းလော့ သရဲများ ထပ်ဝင်လာမှာကို ကြည့်ရန် အဆင်သင့် ဖြစ်နေချိန်တွင် ဓာတ်လှေကားထဲတွင် ရုတ်တရက် မီးပျက်သွားသည်။ ကျန်းလော့သည် တစ်စုံတစ်ခုကို အာရုံခံမိကာ ချက်ချင်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ လောဘကြီးပြီး ကြောက်စရာကောင်းသော အစိမ်းရောင် မျက်လုံးခုနှစ်စုံ ရှစ်စုံသည် ရုတ်တရက် ပေါ်ထွက်လာလေသည်။ ထို့အပြင် သူတို့ယခင်က မမြင်ရခဲ့သော သရဲများအားလုံး ပေါ်လာကြကာ သူတို့ကို ရက်စက်စွာပြုံး၍ သူတို့နားသို့ ခုန်လာကြသည်။ ကျန်းလော့သည် ချက်ချင်း ဆုံးဖြတ်ချက်တစ်ခု အမြန်ချလိုက်ကာ
“ပြေး”
လူလေးယောက်သည် တံခါးမပိတ်ခင်လေးမှာပင် အသားကုန် ပြေးထွက်ကြသည်။ ဓာတ်လှေကားထဲမှ သရဲများသည် သူတို့ထွက်သွားတာကို ကြည့်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ရှုံ့မဲ့ကုန်ကြသည်။ သူတို့သည် တံခါးလုံးဝ မပိတ်သွားသေးတာတောင် တစ်လှမ်းမှ မလှမ်းထွက်လာပဲ နေမြဲအတိုင်း ရပ်နေကြသည်။
အကြောက်လွန်ပြီး ထွက်ပြေးလာကြသော လေးယောက်သားသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး နံရံပေါ်မှ အမှတ်အသားကို ကြည့်လိုက်ကြသည်။
“ဤအထပ်သည် တစ်ဆယ့်ငါးလွှာဖြစ်ပြီး ဓာတ်လှေကားငါးခု ခွဲခြားထားပါသည် ဧည့်သည်များအနေဖြင့် တစ်ယောက် တစ်ခုရွေးပြီး ဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ် ဓာတ်လှေကားတိုင်းသည် အပေါ်ဆုံးထပ်သို့ ရောက်ရှိမှာဖြစ်ပါတယ်”
ထိုစာသားအောက်တွင် ဆယ့်ငါးလွှာပေါ်မှ ဓာတ်လှေကား ငါးခုရှိနေပြီး ချွတ်ဆွတ်တူနေသော အရောင်နှင့် အရွယ်အစားလဲ အတူတူပဲဖြစ်ကြသည်။
“ဘာလို့ သူတို့က ဓာတ်လှေကားကို အတူတူ မစီးခိုင်းနိုင်ရတာလဲဟာ”
ယယ်ရွှင်သည် မျက်မှောင်ကြုတ်သွားပြီး စိတ်ပျက်စွာ ဓာတ်လှေကား တစ်ခုပြီးတစ်ခု လိုက်ကြည့်နေသည်။
“သူတို့က ငါတို့ကို ခွဲချင်နေတာလား”
ကျန်းလော့သည် ဤအစီအစဉ်ကြောင့် အလွန်စိတ်ဝင်စားသွားပြီး သူ့သူငယ်ချင်းသုံးယောက် သေဆုံးသွားခြင်းကြောင့် စိတ်တိုမနေလျှင် ချီယုံ့ကို လက်ခုပ်တီးပြီး ချီကျူးမိလောက်သည်။
သူသည် လက်ပိုက်၍ နှာခေါင်းရှုံ့ပြီးပြောသည်။
“ဟုတ်တယ် သူတို့က အခု ငါတို့ကို ခွဲချင်နေကြတာ”
ယယ်ရွှင်၏ ရွေးရခက်ရောဂါ ပြန်ပေါ်လာပြီး သူ့အကြည့်တို့တွင် နာကျင်ကြေကွဲခြင်းတို့ ကိန်းအောင်းနေသည်။
“လုယုံရိသာ ရှိရင်ကွာ”
ယယ်ရွှင်သည် ဘယ်တစ်ခုကို ရွေးရမှန်း မသိတော့သလို ကျန်းလော့သည်လည်း ရွေးရန် ကြောက်နေသည်။ အကြာကြီး သတိကြီးကြီးဖြင့် ဓာတ်လှေကား တံခါးများကို သေချာကြည့်နေပြီး ပထမဆုံးနှင့် နောက်ဆုံးတို့ကို လက်လျော့လိုက်ကာ အလယ်တည့်တည့်က တစ်ခုကို ရွေးလိုက်သည်။
ဝမ်ယမ်လန်သည် ခဏလောက်တွေးလိုက်ပြီးနောက် ပထမဆုံးဓာတ်လှေကားဆီသို့ လျှောက်သွားသည်။ ကျန်းလော့နှင့် ဝမ်ယမ်လန်တို့ နေရာရွေးပြီးကြသည်နှင့် ခွမ့်ကျိန်းသည် ဝမ်ယမ်လန့်ဘေးမှ ဓာတ်လှေကားကို ရွေးလိုက်သည်။ နောက်ထပ် ဓာတ်လှေကားနှစ်ခုကျန်နေသေးသည်။ နှစ်ခုသာ ရှိတော့သော်လည်း ယယ်ရွှင်မှာ မရွေးချယ်နိုင်သေးပေ။ သူသည် မျက်မှောင်ကုတ်ထားလွန်းလို့ မျက်ခုံးကြီးပင် ပါးစပ်နားရောက်တော့မည်။ ရုတ်တရက် ကျန်းလော့ဘက်လှည့်၍
“ကျန်းလော့ ငါ့အတွက် တစ်ခုရွေးပေး”
ကျန်းလော့သည် မေးစေ့ကိုပွတ်၍ ခဏလောက်စဉ်းစားပြီးနောက် ကြင်နာစွာဖြင့် နောက်ဆုံးဓာတ်လှေကားကို လက်ညှိုးထိုးပြလိုက်သည်။
ယယ်ရွှင်၏ မျက်ခုံးတို့သည် ထိုအခါမှ ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ နည်းနည်းလေးမှ မတွေဝေပဲ တခြားဓာတ်လှေကားရှေ့သို့ သွားရပ်လိုက်သည်။
ကျန်းလော့ “......”
ယယ်ရွှင်သည် ယဉ်ကျေးစွာ ရှင်းပြလိုက်သည်။
“ဟိုလေ မင်းလည်း မင်းကံအကြောင်းသိတယ်မလား..”
ကျန်းလော့သည် သူ့ကို စိတ်ဆိုးသယောင်လုပ်ပြီး ကြည့်လိုက်ကာ ဓာတ်လှေကား တံခါးကို ဖိလိုက်သည်။ ဓာတ်လှေကားအတွင်းပိုင်းသည် သန့်ရှင်းနေပြီး LCD screen ကြီးတစ်ခုသာ ချိတ်ဆွဲထားသည်။ ကျန်းလော့သည် LCD screenကိုစိုက်ကြည့်နေပြီး ရုတ်တရက် ထို LCD screen သည် မီးလင်းလာသည်။ LCD screenပေါ်တွင် ဝမ်ယမ်လန်၏ ပုံရိပ်ပေါ်လာလေသည်။
................
ဝမ်ယမ်လန်သည် ဓာတ်လှေကားထဲ ဝင်လိုက်သည်နှင့် တခြားနေရာတစ်ခုသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ ရင်းနှီးနေသော တိုက်ခန်းအိုလေး၏ လှေကားများကို မြင်ရပြီး ရင်းနှီးနေသော အရောင်ပြယ်နေပြီဖြစ်သည့် ယင်းလိပ်တို့ကို တွေ့ရသည်။ သူ ကလေးဘဝတုန်းက အိမ်ကို ပြန်ရောက်လာခြင်းဖြစ်သည်။
သူသည် ခေတ်ဟောင်းသွားပြီဖြစ်သော တံခါးနှစ်ထပ်ပါသည့် တံခါးရှေ့တွင် မတ်တပ်ရပ်နေသည်။ အတွင်းဘက်တွင် သစ်သားတံခါးရှိပြီး အပြင်ဘက်တွင် သံတံခါးရှိနေသည်။ သံတံခါးမှ ငွေရောင်ဆေးများပြယ်နေပြီဖြစ်သည်။
လှပသောငွေရောင်တို့ ပြယ်သွားပြီး သံချေးတက်ကာ ညစ်ပတ်နေသည်။ ဝမ်ယမ်လန်သည် အိပ်မက်ထဲတွင် နောက်ထပ် အိပ်မက် ထပ်မက်နေမိမှန်း နားလည်သွားသည်။ အတွင်းဘက်မှ အသံတိုးတိုးကို ကြားလိုက်ရသည်။ ကြင်နာဟန်ဆောင်ထားသော်လည်း ယုတ်မာဆိုးဝါးသော စိတ်ဓာတ်တို့ ကိန်းအောင်းနေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏ အသံသည် အပြင်ဘက်ထိ လွှင့်လာသည်။
“မင်းကလေးက ယောက်ျားလေးမဟုတ်ဘူးလား ဒီကလေးလေးက မိန်းကလေးနဲ့ပိုတူတာပဲ ဒီဖြူဖွေးနေတဲ့ နူးညံ့တဲ့ မျက်နှာသေးသေးလေးကို ကြည့်ပါဦး ချစ်စရာကောင်းလိုက်တာကွာ”
ဝမ်ယမ်လန်သည် တိတ်ဆိတ်စွာ နားထောင်နေသည်။ ထိုအသံသည် သူ့ပထွေး၏အသံဖြစ်ပြီး ထိုစကားများသည် သူ့အမေ နောက်အိမ်ထောင်ပြုကာစက ကြားခဲ့ရသော စကားများဖြစ်သည်။
နောက်ထပ် မြင်ကွင်းတစ်ခု ပြောင်းလဲသွားသလို အိမ်ထဲမှ အသံများ တိတ်ဆိတ်သွားပြန်သည်။ မသတီစရာကောင်းသော အမျိုးသား၏အသံကို ဆက်ကြားရပြန်သည်။
“ငါမင်းသားအတွက် ဂါဝန်လေးဝယ်လာတယ် အခုကစပြီး သူ့ကိုဂါဝန်ပဲ ဝတ်ပါစေ ဂါဝန်နဲ့က ပိုကြည့်ကောင်းတယ်”
အမေဖြစ်သူသည် တွေဝေသွားပြီး
“မကောင်းပါဘူး..”
“ဘယ်နားက မကောင်းတာလဲ”
ထိုလူ၏အသံသည် ဒေါသထွက်နေသော အသံဖြစ်လာပြီး
“ငါနဲ့ယူတာ တစ်နှစ်ရှိနေပြီ အခုထိ ကလေးတစ်ယောက် မမွေးနိုင်သေးဘူး ငါက မင်းသားကို ပျိုးထောင်ပေးနေတာ မင်းအတွက်ပဲလေ ယောက်ျားလေး အင်္ကျီတွေထက် မိန်းကလေး အင်္ကျီတွေက ပိုဈေးသက်သာတယ်ကွ မင်းသူ့ကို ဒီအဝတ်တွေ ဝတ်မပေးရင် အနာဂတ်မှာ သူ့ကို ကိုယ်တုံးလုံးပဲ နေခိုင်းလိုက်တော့”
အမေသည် တိတ်ဆိတ်သွားသည်။ ဝမ်ယမ်လန်သည် ခေါင်းကို ဘေးသို့စောင်းလိုက်ရာ သူ့ဆံပင်တုသည် နားရွက်ဖျားကို ညင်သာစွာ ပွတ်တိုက်သွားပြီး နှစ်သက်ဖွယ်ကောင်းသော အပြုံးတစ်ခုပေါ်လာသည်။ သူ့စကတ်အနားသည် ခြေထောက်ပေါ်တွင် လူးလွန့်နေပြီး သူ့ကိုယ်ပေါ်တွင် ချပ်ကပ်နေသည်။ နောက်ထပ် မြင်ကွင်းတစ်ခု ပြောင်းသွားပြန်သည်။
ကလေးဆန်ပြီး ခုခံလိုသော အသံသေးသေးလေးတစ်ခု အေးစက်စွာ ထွက်လာသည်။
“ခင်ဗျား ဘာလုပ်မလို့လဲ”
အမျိုးသားသည် လက်နှစ်ဖက်ကို ပွတ်၍ လောဘဇောတိုက်နေသော အသံဖြင့် ပြောလာသည်။
“ရှောင်ဝမ် ဦးလေး မင်းကို ရေလာချိုးပေးမယ်”
ကလေးလေး ဝမ်ယမ်လန်က ခက်ထန်စွာ ပြောသည်။
“ထွက်သွား”
ခဏလောက်တိတ်ဆိတ်နေပြီးနောက် တစ်ချပ်ချပ် အသံများကြားရကာ ကြမ်းပြင်ပေါ်တွင် ပစ္စည်းများ ပျံ့ကျဲကုန်သည်။ ဝမ်ယမ်လန်သည် ပစ္စည်းများ ကျသံကို ကြားပြီးနောက် တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ တံခါးကို တွန်းဖွင့်လိုက်သည်။
တံခါးအတွင်းပိုင်းတွင် အခန်းသည် စိုထိုင်းနေပြီး ရှုပ်ပွနေသော ရေချိုးခန်း ကိုမြင်လိုက်ရသည်။ ရေချိုးခန်းထဲတွင် ရေချိုးခွက်များ သဘက်များနှင့် ဖိနပ်များသည်နံရံဆီသို့ ပစ်ပေါက်ခံထားရသည်။ အခန်းအလယ်မှကြမ်းပြင်ပေါ်တွင် အသက်လေးဆယ်အရွယ် မသပ်မရပ်ဝတ်စားထားသော ဘီယာဗိုက်ပူကြီးနှင့် အမျိုးသားသည် ကောင်ငယ်လေးကို ဆွဲဖိထားပြီး စကပ်ကို ဆွဲချွတ်နေသည်။
ကောင်လေးသည် ပြင်းပြင်းထန်ထန် ရုန်းကန်နေကြာ သူ့မျက်လုံးများတွင် ဒေါသနှင့် ဇွတ်အတင်း ကြောက်ရွံ့မှုကို ဖျောက်ဖျက်နေရမှန်း သိသာနေသည်။ သို့သော် ပိန်ပါးပါး လက်ကလေးများသည် လူကြီးတစ်ယောက်၏ အားကို မခုခံနိုင်ပေ။ သူ မဝတ်ချင်သော ဂါဝန်သည် ထိုလူ၏ လက်ထဲတွင် သူ့ကိုယ်မှ ကျွတ်သွားပြီ ဖြစ်ပြီး ကြမ်းပြင်ပေါ်မှ ညစ်ပတ်နေသော အရာများကြောင့် စိုရွှဲသွားတော့သည်။ ထို့နောက် အမျိုးသားသည် သူ့ကို ရုတ်တရက် ဖြတ်ခနဲ ဆွဲမြှောက်ပစ်လိုက်သည်။
ကောင်လေးသည် တဖြည်းဖြည်း အားနည်းလာကာ မခုခံနိုင်တော့ပေ။ သက်လတ်ပိုင်းလူသည် ကောင်လေး အားနည်းလာတာကို သတိထားမိပြီး အားပျော့သွားမိကာ ကောင်လေး၏လက်မောင်းကို လွတ်လိုက်ပြီး အလောတကြီးဖြင့် ဘောင်းဘီချွတ်တော့သည်။ ထိုအချိန်တွင် ကောင်လေး၏လက်သည် ကြမ်းပြင်ပေါ်တွင် စမ်းတဝါးဝါးလိုက်စမ်းနေပြီး သူသည် ခေါင်းလျှော်ရည်ဗူးအကွဲမှ ဖန်ကွဲစကို ကောက်၍ သက်လက်ပိုင်းလူ၏ ကိုယ်ထဲသို့ ထိုးသွင်းပစ်လိုက်သည်။ သက်လတ်ပိုင်းလူ၏ ခေါင်းမှ အဖြူရောင်ခေါင်းလျှော်ရည်များနှင့် ရောနှောနေသော သွေးများစီးကျလာကာ ကောင်လေးကို မယုံနိုင်စွာ ကြည့်၍ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
ထိုမြင်ကွင်းကို ကြည့်နေသော ဝမ်ယမ်လန်သည် ကျယ်လောင်စွာ ရယ်မော၍ ယခင်က သူ့ကို အားပေးသည့်အနေဖြင့် လက်ခုပ်တီးနေသည်။ ရေချိုးခန်းထဲတွင် သက်လတ်ပိုင်းအရွယ်လူကြီးအောက်မှ ကောင်လေးသည် ပြင်းပြင်းထန်ထန် ရုန်းထွက်လာပြီး ထိုလူ၏ ဦးခေါင်းနားသို့သွား၍ စစ်ဆေးကြည့်သည်။
ချွန်ထက်သော ဖန်ကွဲစသည် လူကြီး၏ ဦးခေါင်းခွံထဲတွင် စိုက်ဝင်နေကာ ကောင်လေးသည် ထိုလူ၏ နှာခေါင်းကို စစ်ကြည့်လိုက်သည်။
‘သေသွားပြီ’
စိတ်ရှုပ်ထွေးခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် သူ့မျက်နှာတွင် ဆက်တိုက်ပြောင်းလဲနေပြီး ကောင်လေးသည် ဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။ ကောင်လေးသည် ဒူးနှစ်ဖက်ကိုဖက်၍ အလောင်းဘေးမှ နံရံကိုမှီလျက် ထိုင်နေကာ သူ့အမေ အပြင်မှ ပြန်မရောက်လာခင် ညနေအထိ ထိုင်နေပြီး အပိုင်းပိုင်း စုတ်ပြဲနေသော အဝတ်များကြောင့် သူ့ကိုယ်လေးသည် ချမ်းတုန်နေပြီဖြစ်သည်။
ဝမ်ယမ်လန်သည် ကလေးတုန်းက သူ့ကို သူ့အမေမှ ဖက်ပြီး ငိုကြွေးနေတာကို ကြည့်နေသည်။ အကြာကြီး ငိုရှိုက်ပြီးနောက် သူမသည် အလောင်းကို ဗလာဖြစ်စွာ စိုက်ကြည့်ပြီး သူမမျက်နှာသည် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ဟန် ပြတ်သားလေးနက်လာလေသည်။
သူမသည် ဝမ်ယမ်လန်ကို ခေါ်သွားပြီး သန့်ရှင်းသော အဝတ်များ ဝတ်ပေးကာ ဝမ်ယမ်လန့် ခေါင်းကို ပွတ်ပေးနေသည်။
“သားလေး မားမား သားကို ဖွားဖွားအိမ်ပို့ပေးမယ် အဲ့မှာ ရက်နည်းနည်းလောက်နေနော် ဟုတ်ပြီလား မင်းပါးပါးကိစ္စက မားမားပဲ ဂရုစိုက်လိုက်မယ် သားမကြောက်နဲ့နော်”
သူမပြောပြီးသည်နှင့် သူမမျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လေးနက်ခက်ထန်သွားသည်။
“မင်း ဒီနေ့ကိစ္စကို ဘယ်သူ့ကိုမှပြောမပြရဘူး ဖိုးဖိုး ဖွားဖွားတွေကိုရောနော် ကြားလား သားက ဒီနေ့အပြင်မှာ တစ်နေကုန်ဆော့နေခဲ့တာ သား ဒီနေ့နေ့လည် အိမ်ပြန်မလာဘူး ပြီးတော့ မင်းပါးပါးနဲ့ လုံးဝမတွေ့ခဲ့ရဘူး ဝမ်ယမ်လန် မှတ်ထား ဘယ်သူမေးမေး ဒီနေ့အကြောင်း လုံးဝမပြောပြရဘူး အခုပြောတာတွေ တစ်ခုလေးတောင် မမေ့သွားရဘူး ကြားလား ”
ကလေးလေး ဝမ်ယမ်လန်သည် မလွယ်ကူစွာ သူ့မားမားကို မော့ကြည့်၍
“မားမား..”
သူမသည် သိသိသာသာ သုံးဆယ်အရွယ်သာ ရှိနေသေးသော်လည်း သူမနဖူးသည် ဖြူလျော်ပြီး တွန့်နေကာ အသက်လေးငါးဆယ် အမျိုးသမီးကြီးလို မျက်ရည်ဝေ့နေသော မျက်လုံးများဖြင့် ဝမ်ယမ်လန့်ကို တင်းကျပ်စွာ ဖက်၍
“မားသားလေး.. မားမား တောင်းပန်ပါတယ်... မားမား တောင်းပန်ပါတယ်”
ပြဇာတ်အဆုံးသတ်ခါနီးသလို အခန်းထဲမှ အလင်းရောင်များ ဖြည်းဖြည်းချင်း မှိန်သွားသည်။ ကြမ်းပြင်ပေါ်တွင် ခေါင်းတွင် ဖန်ကွဲစစိုက်နေသော အလောင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး ရက်စက်သော အပြုံးဖြင့် မတ်တပ်ရပ်လိုက်သည်။ ဝမ်ယမ်လန်သည် ထလာသော အလောင်းကောင်ကို ကြည့်၍ သက်ပြင်းချလိုက်ကာ
“ငါကလေးတုန်းထဲက ခဏတိုင်း မက်တဲ့ အိပ်မက်ဆိုးကြီးပါလား”
“ငါသူ့ကို မသတ်လိုက်ရသေးဘူးလို့ပဲ ထင်နေမိတယ်”
သူသည် သူ့ကိုယ်သူပြောလိုက်သည်။
“သေပြီး သရဲဖြစ်သွားပြီး ငါ့ကိုလာပြီး လက်စားချေမှာလားဆိုပြီး အမြဲတမ်းစိုးရိမ်နေရတာ အခုတော့ အိပ်မက်ဆိုးက တကယ်ဖြစ်လာပြီပဲ”
ထိုအချိန်တွင် အလောင်းလှဲနေခဲ့ရာ နေရာတွင် သွေးဖြင့် ရေးထားသော စာတစ်ကြောင်းပေါ်လာသည်။
[ တံခါးပိတ်ပြီး ထွက်သွားလိုက်ပါ ပြီးတာနဲ့ မင်း ဆယ့်ရှစ်လွှာကို တန်းရောက်သွားပါလိမ့်မယ်]
ဝမ်ယမ်လန်သည် အကြာကြီးတွေးနေရင်း
“ဆိုတော့ ဒါက နောက်ဆုံး အတားအဆီးပေါ့လေ တံခါးပိတ်ပြီး ဒီလူ့ကို လျစ်လျူရှုလိုက်တာနဲ့ ငါနိုင်ပြီပေါ့”
သူသည် သက်ပြင်းချ၍ အခန်းထဲသို့ဝင်ကာ ရေချိုးခန်းတံခါးကို နောက်ပြန်ပိတ်လိုက်သည်။ ထို့နောက် အလောင်းဆီသို့ လျှောက်သွားကာ ၎င်းထလာတာကို ရှောင်၍ ဝမ်ယမ်လန်သည် ပြင်းထန်စွာ တိုက်ခိုက်ပြီး အလောင်းလက်ထဲမှ ဖန်ကွဲစကို လုယူလိုက်သည်။ သူ့မျက်နှာသည် အမူအယာမဲ့နေကာ သူ့မျက်လုံးများသည် ရဲတင်းတက်ကြွနေသည်။
“ဒါပေမဲ့ ငါရှုံးမယ်ဆိုရင်တောင် ဒီလူကို ထပ်သတ်ဦးမှာပဲ”
သူ့လက်ထဲမှ ဖန်စသည် အလောင်း၏ ကိုယ်ပေါ်သို့ နက်ရှိုင်းစွာ ထိုးစိုက်သွားသည်။ ဝမ်ယမ်လန်သည် သူ့ကိုဓားနှင့် အချက်ပေါင်းများစွာ ထိုးစိုက်ပစ်ပြီး သူ့မျက်နှာတစ်ပြင်လုံး သွေးများပေပွနေသည်။ အလောင်းကြီး ကြမ်းပြင်ပေါ် အရုပ်ကျိုးပြတ် လဲကျသွားသောအခါ ဝမ်ယမ်လန်သည် ထိုအလောင်းလက်ထဲမှ ယူထားသော ဘီယာပုလင်းကွဲကို လွတ်ပစ်ပြီး အူလှိုက်သည်းလှိုက် အော်ရယ်တော့သည်။
ရေချိုးခန်းထဲမှ လေထုသည် တဖြည်းဖြည်းတင်းကျပ်လာပြီး ဝမ်ယမ်လန့်မျက်နှာသည် ပြာနှမ်းလာသည်။ သူ့အမူအယာများနှင့် ခြေလက်များသည် တောင့်တင်းလာသော်လည်း သူ့မျက်လုံးများကတော့ အားရကျေနပ်စိတ်များ လွှမ်းမိုးနေတော့သည်။
သူသည် ထိုပြုံးရွှင်အားရသော အမူအယာကို ရေချိုးခန်းကြမ်းပြင်ပေါ်တွင် လဲကျသေဆုံးသည်အထိ ထိန်းသိမ်းထားခဲ့သည်။
######