Ch 164
Viewers 8k

အပိုင်း (၁၆၄)


 ကိုယ်နဲ့ အတူတူ ငရဲကိုဆင်းကြရအောင် 

ကျန်းလော့သည် ဓာတ်လှေကားတံခါး ပိတ်သွားမှ စိတ်သက်သာရာရသွားသည်။ သူ့အတွင်းစိတ်ပုံရိပ်ယောင်ထဲမှ ချီယုံပေါ်ထွက်လာခြင်းသည် သူ့စိတ်အခြေအနေကို သိမ်မွေ့သွားစေသည်။ 

ဘယ်လိုများ .... ထည့်ထား... 

‘ဘာလို့ ချီယုံလဲကွာ’ 

ဝမ်ယမ်လန် ခွမ့်ကျိန်းနှင့် ယယ်ရွှင်တို့၏ ပုံရိပ်ယောင်များသည် သူတို့စိတ်အတွင်းပိုင်းမှ စိတ်ပိုင်းဆိုင်ရာပြဿနာများကို ယောင်ပြန်ဟပ်တုံ့ပြန်ခြင်းဖြစ်သည်။ ကျန်းလော့သည် သူ့ကိုယ်သူ သံသယဝင်လာတော့သည်။ 

‘ငါ ချီယုံ့အတွက် နက်ရှိုင်းတဲ့အကြောက်တရားရော စွဲလမ်းခြင်းတို့ စိတ်ဆန္ဒတို့ ရှိနေတာ မဟုတ်လောက်ပါဘူးနော်’ 

‘ရှိနေတာများလား’ 

ကျန်းလော့သည် သိချင်စိတ်ပြင်းပြလွန်း၍ ခေါင်းထဲတွင် ချာချာလည်လာပြန်သည်။ သူ့တွင် ချီယုံ့အတွက် ခံစားချက်အမြောက်အများ ရှိနေသည်ဟု ပြောမိပြန်သည်။ အကယ်၍ သူ့မှာ ဒီလိုခံစားချက်မျိုး မရှိနေပါလျှင် အဘယ့်ကြောင့် မသေမရှင်ဖြစ်နေသော ချီယုံ့ကို မြင်ပါမည်နည်း။ မဟုတ်လျှင် သေလုနီးပါး ဖြစ်နေတာတောင် ချောမောသည့် ချီယုံ့ကို ကြည့်နေရတာကြိုက်သည့် နှာဘူးကောင် ဖြစ်နေပြီလား။ 

‘… မဟုတ်တာတွေ တော်စမ်း ငါက အဲ့လိုလူမဟုတ်ဘူး’ 

‘မဟုတ်ဘူးမလား’ 

ကျန်းလော့သည် ယခု သူဘယ်လို ခံစားနေရမှန်း မပြောပြတတ်တောပ့ကာ သူ့ကိုယ်သူ စိတ်ထိန်းနေရင်း ဓာတ်လှေကားသည် ဆယ့်ရှစ်လွှာသို့ ရောက်သွားသည်။ ဆယ့်ရှစ်လွှာအရောက်တွင် ဓာတ်လှေကား တံခါးတွင် နောက်ထပ်စာတစ်ကြော်ငးပေါ်လာသည်။ 

[ကျေးဇူးပြုပြီး မြေညီထပ် မောလ်ထဲမှ သင်ရွေးချယ်ဝယ်ယူလာသော အဝတ်အစားများ လဲဝတ်ပေးပါ] 

ဓာတ်လှေကားထဲမှ ဆံပင်အနက်ရောင်နှင့် အလှလေးသည် မျက်ခုံးပင့်လိုက်ပြီး မသေချာသလို ပြန်မေးလိုက်သည်။ 

“အခုလား” 

စာကြောင်းသည် ဖြည်းဖြည်းချင်း မှေးမှိန်သွားပြီး ဓာတ်လှေကား ရပ်သွားသည်။ သို့သော် တံခါးကတော့ ပွင့်မလာပေ။ 

ကျန်းလော့ အဝတ်စားလဲပြီးတာကို စောင့်နေမှန်း သိသာသည်။ ကျန်းလော့သည် ဈေးဝယ်အိတ်ထဲမှ အဝတ်အစားကို ထုတ်၍ သေချာကြည့်လိုက်သည်။ သေချာပေါက် အများကြီး တန်ကြေးရှိမှန်း သိသာနေသော်လည်း သူ့ကို ဒေါ်လာတစ်ထောင်ထဲနှင့် ရောင်းခဲ့သည့် ဝတ်စုံကိုကြည့်၍ ပစ္စည်းကောင်းကို အချောင်နှိုက်လာရသည့် ခံစားချက်မျိုးရနေကာ အလွန်အစစ်အမှန်ဆန်နေသည်။ 

သူတွေးကြည့်လေ အစစ်အမှန်ဆန်လေ ဖြစ်နေသောကြောင့် ကျန်းလော့သည် မျက်မှောင်ကုတ်သွားတော့သည်။ 

‘တကယ်ကြီး ချွတ်လဲရမှာလားဟ’ 

သူသည် အဝတ်အစားအသစ်များကို လှန်လှောကြည့်လိုက်ပြီး အိတ်ထဲပြန်ထည့်လိုက်ကာ သူ့အပေါ်ဝတ်အင်္ကျီကို ချွတ်ပစ်လိုက်သည်။ ကျန်းလော့သည် အလွန်သတိရှိနေပြီး ခေါင်းစောင်းကြည့်လိုက်ကာ သူ့တည့်တည့်ချိန်ထားသော ကင်မရာပေါ်သို့ ရုတ်တရက် သူ့အင်္ကျီကို ပစ်တင်လိုက်သည်။ ထိုကင်မရာမှတစ်ဆင့် သူ့ကို နှာဘူးထလို့ မရတော့အောင် သေချာလုပ်လိုက်သည်။ 

“စိတ်ကုန်တယ်” 

သူသည် ခပ်တိုးတိုး ကျိန်ဆဲလိုက်ပြီး စိတ်ရှုပ်စိတ်ပျက်စွာ အင်္ကျီများကို ကိုင်လိုက်ပြီး သူ ချီယုံနှင့်တွေ့ရမည်ကို သတိရသွားပြန်သည်။ ကျန်းလော့သည် စိတ်ဆိုးမာန်ဆိုးဖြင့် သူဝယ်လာသော မြေညီထပ် မောလ်ထဲမှ အနက်ရောက်ဝတ်စုံကို ဆောင့်ဆောင့်အောင့်အောင့် အမြန်လဲလိုက်သည်။ 

ရှပ်အင်္ကျီ ဘောင်းဘီရှည် နှင့် ကုတ်အင်္ကျီ။ အနောက်တိုင်းဝတ်စုံသည် ကျော့မော့ပြီး သွယ်လျနေအောင် ဒီဇိုင်းဆွဲထားပြီး ဝတ်လိုက်လျှင် ခါးသေးသွားပြီး ခြေတံရှည်များကို ပေါ်လွင်စေသည်။ ကျန်းလော့သည် အဝတ်ဟောင်းများကို လုံးပြီး အိတ်ထဲသို့ ပြန်ထည့်လိုက်ကာ ဓာတ်လှေကားတံခါးပေါ်ကို ကြည့်၍ သူ့ကိုယ်သူ သပ်ရပ်အောင် အင်္ကျီကို ဆွဲဆန့်ပြင်ဆင်လိုက်သည်။ 

သူသည် ခေါင်းမော့၍ ဖြောင့်ဆင်းနေသော ဆံပင်များကို လက်နှင့် ဖြီးလိုက်ကာ အင်္ကျီကော်လာကို ဆွဲထောင်၍ ပြန်ချိုးလိုက်သည်။ သူ့လက်ကြယ်သီးများကို သေချာပြန်တပ်လိုက်သည်။ လက်ကြယ်သီးများသည် ပတ္တမြားဖြင့် လုပ်ထားပြီး လက်တစ်ချက် လှုပ်လိုက်တိုင်း တဖြတ်ဖြတ် လက်နေကြသည်။ 

သူသည် အားလုံး အဆင်ပြေအောင် ပြင်ဆင်ပြီးနောက် သူ့ကိုယ်သူကျေနပ်စွာ ထပ်ကြည့်လိုက်ပြီးနောက်တွင် ဓာတ်လှေကားတံခါး ပွင့်လာသည်။ လေပြေတစ်ချက် တိုက်လာပြီး ကျန်းလော့ဆံပင်များကို နောက်သို့ လွှင့်လူးသွားစေသည်။ ကျန်းလော့သည် ဓာတ်လှေကားထဲမှထွက်လိုက်ပြီး ဖန်သားများနှင့် တည်ဆောက်ထားသော ဆယ့်ရှစ်လွှာပေါ်မှ အမိုးဖွင့်ဥယျာဉ်ထဲ ဝင်သွားလိုက်သည်။ 

နေ့အလင်းရောင်ပျောက်ကွယ်သွားပြီး ညရောက်ပြီဖြစ်သောကြောင့် ကောင်းကင်တွင် ကြယ်ရောင်များ တောက်ပနေသည်။ ဓာတ်လှေကားဆီမှ တိုက်ရိုက်လှမ်းမြင်နေရသော နေရာတွင် ဖယောင်းတိုင်များ ပန်းများနှင့် အလှဆင်ထားပြီး စားချင်စဖွယ် အစားအသောက်များ တည်ခင်းထားသော ခမ်းနားသည့် စားပွဲတစ်လုံးလည်းရှိသည်။ ထိုစားပွဲဝိုင်းကို ဥယျာဉ်အလယ်တည့်တည့်တွင် ခင်းကျင်းထားသည်။ 

ထိုစားပွဲဝိုင်းတွင် ထိုင်နေတာ ကြာပြီဖြစ်သော လူတစ်ယောက်သည် လက်နှစ်ဖက်ကို စားပွဲပေါ်တင်၍ မေးထောက်ပြီး ပျင်းရိစွာ ရှေ့သို့ကြည့်နေသည်။ ဖယောင်းတိုင်မီးရောင်သည် သူ့မျက်နှာပေါ်သို့ ဖြာကျနေကာ ခန့်ညားသော မျက်နှာသည် ကျန်းလော့ကို မြင်သောအခါ ပြုံးသွားပြီး 

“ထပ်ပြီး တွေ့ရပြီပေါ့ ဟယ်လို ကျန်းလော့လေး..” 

ချီယုံသည် သိသာထင်ရှားစွာ တောက်ပနေသော နှင်းဆီပွင့်ပုံ ပတ္တမြားရင်ထိုးကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ကျန်းလော့နှင့် ဆင်တူ ပတ္တမြားလက်ကြယ်သီး တစ်စုံကို ဝတ်ဆင်ထားကာ ကျန်းလော့ကို စုန်ချည်ဆန်ချည်ကြည့်နေပြီး အပြုံးတို့သည် ပို၍ ပီပြင်လာကာ အေးဆေးစွာ ပြောလိုက်သည်။ 

“ကျန်းလော့” 

ဖန်အမိုးအပြင်ဘက်တွင် လေတိုက်နေပြီး စားပွဲပေါ်မှ ဖယောင်းတိုင်မီးသည် ယိမ်းနွဲ့လာသော်လည်း ငြိမ်းတော့ ငြိမ်းမသွားပေ။ ယောက်ျားနှစ်ယောက်နှင့် ဖယောင်းတိုင်ထွန်းထားသော စားပွဲကို ရှေးဟောင်းရဲတိုက်ထဲက မြို့စားအိမ်တော်အပြင်အဆင်နှင့် ပြင်ဆင်ထားခြင်းသည် လူတိုင်းကို ရှုပ်ထွေးသွားစေနိုင်သည်။ သို့သော် အပြင်အဆင်ကတော့ ပြီးပြည့်စုံပြီး ခမ်းနားနေသောကြောင့် ရှုပ်ထွေးဖို့ မေ့သွားနိုင်ပေသည်။ 

ကျန်းလော့သည် ချီယုံ့အကြည့်တွင် မျက်နှာထားအနည်းငယ် ပြောင်းသွားသည်။ 

အခုလေးတင် တစ်စုံတစ်ယောက်ကို မှန်းပြီး အာသာဖြေပြီးနောက် ထိုလူကို အရှင်လတ်လတ် တွေ့လိုက်ရသည်နှင့် တူစွာ ကျန်းလော့သည် ချီယုံ့ကို ဒေါသထွက်ဖို့ မပြောနှင့် တည့်တည့်ကြည့်ဖို့ပင် မနည်းကြိုးစားနေရသည်။ 

သူသည် မသိမသာ သက်ပြင်းမောကြီးချလိုက်ပြီး မျက်လုံးများ မှေး၍ နှုတ်ခမ်းကို ဆွဲဆောင်မှုရှိစွာ ကွေး၍ စားပွဲဆီသို့ ကျက်သရေရှိစွာ လျှောက်သွားလိုက်သည်။ 

“မစ်စတာချီရဲ့ လူပျိုလှည့်တဲ့ နည်းလမ်းမှာ ကျွန်တော် အတော်လေး မျက်စိပွင့် နားပွင့်ရှိသွားတယ်ဗျာ” 

ဆံပင်အနက်နှင့်လူငယ်လေးသည် သူ့ထိုင်ခုံကို နောက်ဆွဲ၍ ထိုင်မည်အလုပ် ထိုင်ခုံပေါ်တွင် ရေမွှေးနှင်းဆီပန်းစည်း တစ်စည်းကို တွေ့လိုက်ရသည်။ သူသည် မျက်ခုံးပင့်လိုက်ပြီး ပန်းစည်းကို ကုန်းမကောက်ခင် ချီယုံကို့ မဲ့ပြုံးပြုံးပြလိုက်သည်။ 

အနက်ရောင်အနောက်တိုင်း ဝတ်စုံဝတ်ထားသော ခန္ဓာကိုယ်သည် ကျော့ရှင်းနေပြီး ကောက်ကြောင်းပေါ်နေသည်။ ခြေတံရှည်များသည် ဖြောင့်စင်းနေပြီး ဘောင်းဘီရှည်အောက်တွင် တောင့်တင်းနေသော ကြံ့ခိုင်သော ကြွက်သားများ ရှိနေခြင်းကို လှစ်ဟပြနေသည်။ 

တစ်ခဏလောက် ခါးကိုင်းပြီးနောက် ဆံပင်အနက်ရောင်လူငယ်လေးသည် လှပစွာ ပြန်မတ်လိုက်ပြီး နှင်းဆီတို့ကို နမ်းရန် ခေါင်းငုံ့လိုက်သည်။ 

ကျန်းလော့၏လှုပ်ရှားမှုတိုင်းသည် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ပြီး သူနှင့် မကောင်းဆိုးဝါးတို့တွင် မည်သူ၏ အရှိန်အဝါက လူများကို ပို၍ သဘောကျနှစ်ခြိုက်စေလဲဆိုတာ မကောင်းဆိုးဝါးမြင်အောင် ပြချင်နေခြင်း ဖြစ်သည်။ 

အပြင်ပန်းတွင်တော့ သူသည် ရယ်မော၍ စနောက်နေသည်။ သို့သော အစစ်အမှန်တွင် မီးပင်လယ်ထဲတွင် မိုးကြိုးပစ်နေသလို စိတ်ရှုပ်ထွေး ဒေါသထွက်နေသည်။ မကောင်းဆိုးဝါးသည် ကျန်းလော့ ခန့်မှန်းထားသည့်အတိုင်း သူ့ထံမှ အကြည့်မလွှဲနိုင်ပေ။ 

ဆံပင်အနက်နှင့်လူငယ်လေး၏ ကြက်သွေးရောင်နှုတ်ခမ်းများထက်တွင် နက်ရှိုင်းလာပြီး သွေးနီရောင် နှင်းဆီပန်းတို့အောက်တွင် ပုန်းကွယ်နေသည်။ သူ့ဆံပင်အနက်ရောင်များသည် နားရွက်ပေါ်မှ ပုခုံးပေါ်ထိ ဖြာကျနေပြီး ဆံပင်အနက်ရောင်များ ကြားမှ ကွက်ကြားကြား မြင်နေရသော အဖြူရောင်အသားအရေနှင့် အနီရောင်နှင်းဆီတို့သည် ကျန်းလော့ကို ပို၍ လှပ ခန့်ညားသွားစေသည်။ အသွေးအသားနှင့် လူတစ်ယောက်ကို ကြည့်နေရုံလေးနှင့်ပင် တစ်စုံတစ်ယောက်၏ နေရာတကျ မရှိသော နှလုံးသားသည် အပြင်းအထန် ခုန်လှုပ်လာတော့သည်။ 

သို့သော် နောက်တစ်ခဏတွင် ကောင်လေးသည် ပန်းကို နမ်းနေရင်း မော့ကြည့်လိုက်ပြီး စိတ်မပျော်စွာ မျက်မှောင်ကုတ်သွားသည်။ ထို့နောက် ပန်းစည်းကို စားပွဲအစွန်းနားသို့ အမှိုက်တစ်ခုကို ပစ်ထုတ်လိုက်သည်။ 

“ပန်းနံ့က အရမ်းပြင်းလွန်းတယ်” 

သူသည် လုပ်ချင်ရာလုပ်ပြီး ပျော်ရွှင်စွာ ထိုင်လိုက်သည်။ ထို့နောက် အနောက်တိုင်းဝတ်စုံဝတ်ထားသော ဗီလိန်ကို မကျေမနပ် ကြည့်လိုက်သည်။ 

“ငါမကြိုက်ဘူး” 

မကောင်းဆိုးဝါးသည် နှင်းဆီပန်းစည်းကို တစ်ချက်ကြည့်လိုက်ပြီ ပျော်ရွှင်နေသော မျက်လုံးများဖြင့် ကျန်းလော့ကို ကြည့်၍ စိတ်ဝင်စားမကုန်နိုင်စွာ ပြောလိုက်သည်။ 

“မင်း စိတ်ဆိုးနေတယ်” 

ကျန်းလော့သည် မျက်နှာသေဖြင့် ချီးကျူးလိုက်သည်။ 

“ခန့်မှန်းတာမှန်သွားလို့ ဂုဏ်ယူပါတယ်ဗျာ မစ်စတာချီ ကျွန်တော်ခင်ဗျားကို ဆုချလို့ရမလား” 

သူ့အသံသည် လှောင်ပြောင်နေမှန်း အလွန်သိသာကာ မကောင်းဆိုးဝါးသည် တမင်တကာ ထိုအသံကို မကြားချင်ယောင်ဆောင်၍ မျက်နှာထက်တွင် လူကြီးလူကောင်းတစ်ယောက်လို ပြုံးထားပြီး 

“ဘာဆုများလဲ” 

ကျန်းလော့သည် သူ့ကို ‘ဒီလောက် မျက်နှာပြောင်မယ် မထင်ထားဘူး’ ဟူသော အကြည့်တစ်ချက်ပေးလိုက်သည်။ မကောင်းဆိုးဝါးသည် ကောင်လေး၏ လှုပ်ရှားမှုတိုင်းကို မလွှတ်တမ်းလိုက်ကြည့်နေပြီး သူ့ကိုပေးမည့် ဆုကို မျှော်လင့်နေသည်။ 

ကျန်းလော့သည် တိတ်တိတ်ကလေး နှာမှုတ်လိုက်ပြီး ဓားနှင့် ခက်ရင်းကိုကိုင်ကာ သူ့ရှေ့မှပန်းကန်ထဲမှ စတိခ်ကို လှီးဖြတ်နေသည်။ စားပွဲအောက်တွင် ကျန်းလော့၏ ခြေထောက်သည် မကောင်းဆိုးဝါး၏ ခြေသလုံးကို သွား၍ ပွတ်သပ်နေသည်။ 

လူသား၏ မြူဆွယ်လိုသော လုပ်ဆောင်ချက်အောက်တွင် ချီယုံ့မျက်လုံးများသည် အံ့ဩမှုများ လက်လက်ထသွားသည်။ ခြေထောက်သည် တရွေ့ရွေ့ဖြင့် အပေါ်သို့တက်လာပြီး ခြေသလုံးမှ ဒူးအထိရောက်လာသည်။ မကောင်းဆိုးဝါး၏ ခြေထောက်သည် အနည်းငယ် ယားကျိကျိဖြစ်လာသည်။ 

နှစ်သက်ပျော်ရွှင်စေသော အထိအတွေ့တွင် မကောင်းဆိုးဝါး သာယာနေချိန် ကျန်းလော့ကတော့ တစ်စက်လေးမှ ဂရုမစိုက်ဘဲ စတိခ်ကို ဆက်လှီးနေပြီး အရသာရှိရှိ စားသောက်နေသည်။ စားပွဲအောက်မှ တိတ်တဆိတ်ဆွဲဆောင်မှုသည် မကောင်းဆိုးဝါးကို လွယ်ကူစွာ ပါလာစေသည်။ 

သူသည် သူ့ခြေထောက်နှစ်ချောင်းကြားထဲသို့ စိတ်လိုလက်ရ ထိုးသွင်းလာသော ပေါင်နှစ်ဖက်ကြားထဲ ရောက်တော့မည့် ကျန်းလော့ ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ ခပ်ဝေးဝေးမှ နှင်းဆီပန်း၏ မရေရာသော ရနံ့သည် လူတစ်ယောက်၏ စိတ်ကို ညှို့ယူနိုင်စွမ်း အပြည့်အဝရှိနေသည်။ 

ဤသို့သော အခြေအနေမျိုးတွင် မကောင်းဆိုးဝါးတစ်ကောင်သည် သူ့ချစ်သူ၏ ချစ်စိတ်ပြင်းပြမုကို မတုံ့ပြန်ဘဲ နေနိုင်ပါမည်လား။

ယခုသူသည် သရဲတစ်ကောင်ဖြစ်နေရင်ပင် သရဲမဖြစ်ခင်တုန်းကတော့ အသွေးအသားရှိသော လူတစ်ယောက်ပါပင်။ သူသည် ကျန်းလော့အပေါ်တွင် ခံစားချက်ရှိသော လူတစ်ယောက်ပါပေ။ 

ချီယုံသည် မေးထောက်ထားပြီး ပြင်းပြင်းပြပြငေးကြည့်၍ ပြုံးနေသည်။ မည်သူကမှ အမြင်မသင့်တော်သော ကိစ္စတို့ကို စားပွဲအောက်တွင်လုပ်နေမှန်း သတိထားမိမည်မဟုတ်ပေ။ 

ချီယုံတုံ့ပြန်နေသော နေရာသို့ ရောက်ခါနီးတွင် ကျန်းလော့မျက်လုံးတို့သည် လှည့်ဖြားမှုတို့ ပေါ်လာပြီး သူ့ခြေထောက်သည် ရုတ်တရက် နောက်ဆုတ်သွားကာ ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် ကန်ပစ်လိုက်သည်။ သူသည် အားကုန်သုံးလိုက်ခြင်းဖြစ်ပြီး ကန်ချက်ထဲတွင် ယောက်ျားတစ်ယောက်၏ ဘဝကို တစ်ခဏချင်းပျက်သွားစေနိုင်သော အားများပါပေသည်။ သို့သော် ကျန်းလော့၏ ကန်ချက် ချီယုံ့ကို ထိတော့မည့်အချိန်တွင် သွယ်လျဖြူရော်သော လက်တစ်ဖက်သည် သူ့ဒူးခေါင်းကို ဖမ်းကိုင်ထားသည်။ 

ကျန်းလော့သည် သူ့လက်ထဲမှ ခြေထောက်ကို အားပြင်းပြင်းဖြင့် ပြန်ဆွဲယူလိုက်ကာ လက်ထဲမှ ဓားနှင့် ခက်ရင်းကို မကောင်းဆိုးဝါးဆီသို့ အကြင်နာမဲ့စွာ ပစ်ပေါက်ပစ်လိုက်သည်။ ဓားနှင့်ခက်ရင်းသည် မကောင်းဆိုးဝါးဆီသို့ လေအဟုန်ဖြင့် အရှိန်ပြင်းပြင်း ပစ်ဝင်သွားပြီး မကောင်းဆိုးဝါးသည် ခေါင်းစောင်း၍ ရှောင်လိုက်သော်လည်း သူ့ဆံစအချိ့ကတော့ ပြတ်ပါသွားကာ ဓားနှင့်ခက်ရင်းတို့သည် သူ့နောက်မှ နံရံထဲသို့ တစ်ဝက်ခန့် စိုက်ဝင်သွားသည်။ 

“ဖက်” 

နောက်မှနံရံသည် ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ဓားစိုက်သွားသောနေရာမှ လေးထောင့်ကွက်လိုက်ကြီး ပြိုကျလာသည်။ ကျန်းလော့သည် တံခါးဖွင့်လိုက်ပြီး ပြောသည်။ 

“ဒါက ရွှမ်ရွှီလောကကြီးကို မင်းအုပ်စိုးပြီးရင် ဖြစ်လာမဲ့ လောကကြီးလား” 

မကောင်းဆိုးဝါးသည် ဝန်မခံဘဲ ထရပ်လိုက်ကာ အခန်းထောင့်နားသို့သွားရပ်လိုက်သည်။ ကျန်းလော့သည်လည်း စားပွဲမှထ၍ လိုက်သွားသည်။ မျက်နှာကျက်မှ ကြမ်းပြင်အထိ ဖောက်ထားသော ပြတင်းပေါက်တွင် မတ်တပ်ရပ်နေကြကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။ မြို့တစ်မြို့လုံး သည် တည်ငြိမနေသော အနေအထားတွင် ရှိနေသည်။ 

အမှောင်ထုကြီးသည် အရာရာတိုင်းကို ဝါးမြိုထားပြီး နေရာတိုင်းကို ကျယ်ပြန့်သော အမှောင်ထုကြီးကသာ ဆက်သွယ်ပေးနေသလို မှောင်မိုက်နေသည်။ အိမ်တိုင်း အိမ်တိုင်း၏ တံခါးများသည် ပိတ်နေပြီး အိမ်ထဲမှ အလင်းရောင်များ အပြင်မထွက်စေရန် ပြတင်းပေါက်များနှင့် အပေါက်များကို အကုန်လုံအောင် ပိတ်ထားကြသည်။ ကျန်းလော့သည် ကလေးများ၏ အော်ဟစ်ငိုယိုသံနှင့် လမ်းမထက်မှ ဆူညံသံများကို လုံးဝမကြားရပေ။ 

‘မဟုတ်သေးဘူး ဒီလောက်တိတ်ဆိတ်နေတာ မဟုတ်တော့ဘူး’ 

သူထိုသို့ တွေးနေတုန်းရှိသေးသည် စူးရှသော အော်ဟစ်သံတစ်ခုသည် သူတို့နှင့် အနည်းငယ်ဝေးသော ဆင်းရဲသားရပ်ကွက်ဘက်မှ ပေါ်ထွက်လာသည်။ 

“ဒါက ကိုယ့်ကမ္ဘာ” 

မကောင်းဆိုးဝါးသည် သက်တောင့်သက်သာဖြစ်စွာ အောက်သို့ငုံ့ကြည့်လိုက်ပြီး 

“ကိုယ်မုန်းတဲ့ ရွှမ်ရွှီလောကကြီးကို ကိုယ်အုပ်ချုပ်မယ် ပြီးရင် ကိုယ့်လမ်းမှာ လာရပ်တဲ့သူတွေအကုန် တစ်ယောက်ချင်းစီကို သတ်ပစ်မယ် သရဲတွေနဲ့ မိစ္ဆာတွေက လူသားတွေရဲ့ အသိုင်းအဝိုင်းထဲ စိမ့်ဝင်လာကြမယ် ပြီးတော့ သူတို့လည်း လူသားတွေနဲ့ ကောင်းကောင်း ယှဉ်တွဲနေထိုင်ကြမယ်” 

သူကဆက်ပြောသည်။ 

“တစ်ဘဝလုံး အတူတူတွေပဲ ဖြစ်နေရင် ဘဝကြီးက ငြီးငွေ့စရာကောင်းတယ်လို့ ကိုယ်ပြောပါတယ်” 

“အဲဒီငြီးငွေ့စရာကောင်းနေတဲ့ ရှင်သန်နေထိုင်မှုကြီးကို ကိုယ်ပြောင်းလဲပစ်မယ်” 

သူသည် ကျန်းလော့ဘက်လှည့်ကြည့်လိုက်ပြီး 

“အဲ့လိုပြောင်းလဲသွားတော့ ကျေနပ်စရာမကောင်းဘူးလား” 

ကျန်းလော့သည် သူနှင့်အတူ အောက်သို့ငုံ့ကြည့်လိုက်သည်။ လမ်းမပေါ်တွင် တစ္ဆေသရဲများသည် ပြတင်းပေါက်များကိုမှီ၍ ကံမကောင်းသော လူသားတစ်ယောက်ကို ကိုက်ဖြတ်စားသောက်နေကြသည်။ လမ်းတစ်လျှောက်လုံးတွင် တိုးဂိုက်သရဲ ဆရာသရဲနှင့် သန့်စင်ခန်း သရဲများ အများအပြား ရှိနေသည်။ 

တစ်လမ်းပြီးတစ်လမ်း လမ်းတိုင်းလိုလိုတွင် ငရဲပြည်ကဲ့သို့ ဆူပွက်နေပြီး နေရာတိုင်းတွင် အသက်ရှင်ဖို့ တိုက်ခိုက်နေကြရသည်။ သရဲတွေက လူသားတွေကို တိုက်ခိုက်သည်။ လူတွေက သရဲတွေကို တိုက်ခိုက်သည်။ သရဲတစ္ဆေများက လူအရေခြုံ၍ လူသားများက တစ္ဆေသရဲများကဲ့သို့ ဟန်ဆောင်နေကြရမည်။ 

ဤကမ္ဘာသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားတွင် ရုန်းကန်ရမည့် စိတ်လှုပ်ရှားဖွယ်ကောင်းသော အတွေ့အကြုံတို့ကို ပေးမည့် ကမ္ဘာဖြစ်သည်။ 

ကျန်းလော့သည် သူ့အတွက် ချီယုံကမ္ဘာသည် အလွန်အံ့ဩသွားကြောင်း မငြင်းဆန်နိုင်သည့်အပြင် ထူးခြားသော ကြောက်ရွံ့ထိတ်လန့်သည့် ခံစားချက်ကိုလည်း ပေးစွမ်းနေကြောင်းကိုတော့ ဝန်မခံချင်ပေ။ 

၎င်းသည် သူ့စိတ်ဝိညာဉ်ကို ကြောက်ရွံ့မှုနှင့် ချစ်ခင်မှုတို့ဖြင့် တုန်လှုပ်သွားစေခဲ့သည်။ 

“ဒီပြောင်းလဲမှုကို ငါတကယ် သဘောကျတယ်” 

သူကပြောသည်။ ထို့နောက် မကောင်းဆိုးဝါးက ပြောသည်။ 

“မင်းကြိုက်မှာ ကိုယ်သိနေတယ်” 

ချီယုံသည် ကျန်းလော့နောက်ဘက်သို့ လျှောက်လာပြီး ကျန်းလော့တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲတွင် မြုပ်နေအောင် ဖက်ထားလိုက်သည်။ ဆံပင်အနက်ရောင်လူငယ်လေး၏ တစ်ကိုယ်လုံးကို ဆိုးယုတ်သော ခံစားချက်များ လိုအင်ဆန္ဒများ သူ့ထံမှ ကူးစက်သွားစေချင်သည့်နှယ်။ ကျန်းလော့လက်ကို ကိုင်ထားသော မကောင်းဆိုးဝါးသည် ကျန်းလော့ကို ပြောင်းလဲသွားသော မရဏလောကကြီးထံသို့ ဦးဆောင် ခေါ်ချသွားသည်။ 

ညှို့ငင်နေသော အသံနိမ့်နိမ့်ဖြင့် ကျန်းလော့နားနားကပ်၍ ပြောလိုက်သည်။ 

“မင်းလေးရဲ့ ကိုယ်ပိုင်အတွင်းစိတ်ကို ဖွင့်ချလိုက်ပြီး ကိုယ့်လိုဖြစ်လာလိုက်ရင်ရော ဘယ်လိုလဲ ဟမ် ဒီကမ္ဘာကြီးကို အတုအယောင်အဖြစ်ကနေ အစစ်အမှန်အဖြစ် ပြောင်းလိုက်ကြရအောင်” 

‘ကိုယ်နဲ့အတူတူ ပူးပေါင်းပြီး ငရဲကို တူတူဆင်းကြရအောင်’ 

######