အပိုင်း (၁၄၅)
စက္ကူလူသား
ဖုန်းလီကဲ့သို့ လေးနက်တည်ကြည်ပြီး စိတ်တိုတတ်သော လူတွင် တကယ်ကြီး ညစ်ပတ်သော လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။
ကမ္ဘာကြီးသည် ပျံလွှားငှက်ကဲ့သို့ တဖြည်းဖြည်း မည်းနက်ညစ်ညမ်းလာသည်မှာ အမှန်ဖြစ်သည်။ ကျန်းလော့၏ နှုတ်ခမ်းထောင့်များသည် အပေါ်သို့ ကွေးတက်သွားပြီး ဖုန်းလီ၏လက်ကို လွှတ်လိုက်သည်။ ဖုန်းလီသည် ခဏရပ်သွားပြီး နှေးကွေးစွာ မတ်တပ်ပြန်ရပ်လိုက်ကာ ကျန်းလော့မျက်လုံးထဲသို့ စူးစူးစိုက်စိုက်ကြည့်နေသည်။
မြူများသည် သူတို့ပုံစံများကို သေချာဖုံးကွယ်ထားပေးကာ ကန်စပ်မှလူများသည် သူတို့ကို သဲသဲကွဲကွဲ မမြင်ရပေ။ ကျန်းလော့သည် ဖုန်းလီ၏အတွေးကို မသိနိုင်သလို သိလည်းမသိချင်တော့ပေ။
မည်သို့ပင်ဆိုစေကာမူ ကျန်းလော့သည် သူ့ဘေးပတ်ပတ်လည်မှ သူ့ကိုယ်ထဲမှ ထွက်လာသော ရေနက်များဘေးတွင် ဖုန်းလီကိုယ်မှ ထွက်နေသော ခပ်ဖျော့ဖျော့ အညစ်အကြေးလို အရောင်နှင့်ရေများသည် ရုတ်တရက် ထူထပ်လာသည်ကို မြင်လိုက်ရသည်။
ထို့အပြင် သူတို့၏ အညစ်အကြေးများသည် ဖဲပွင့်ကို အပိုင်းပိုင်းဖြတ်လိုက်သလို တွန့်လိမ်နေပြီး ရေစင်သည် သူတို့မသိလိုက်ခင် သူတို့ကို သန့်စင်ပေးသွားခဲ့သည်။
ကျန်းလော့သည် ထိုအဖြစ်အပျက်ကို ပို၍ နီးနီးကပ်ကပ်ကြည့်ချင်သော်လည်း တပည့်တစ်ယောက်သည် အပြင်ဘက်မှ အထိတ်တလန့် ပြေးဝင်လာကာ အော်ပြောလိုက်သည်။
“ဆရာတော်ကြီး မကောင်းတော့ဘူး တောင်ပေါ်က အစီအရင်က ကျိုးပျက်သွားပါပြီ”
တာအိုဆရာတော် ဝေ့ဟယ်သည် ထိတ်လန့်တုန်လှုပ်သွားပြီး
“ဘာဖြစ်တယ်”
ဆယ်မိနစ်ကြာပြီးနောက် လူအားလုံးသည် အစီအရင်အစွန်းနားသို့ ရောက်သွားကြသည်။ ဤတောင်သည် လျန်မျိုးနွယ်ပိုင်သော တောင်မဟုတ်သော်လည်း တောင်ထိပ်ကိုတော့ လျန်မျိုးနွယ်ဝင်များသာ တက်လာနိုင်ကြသည်။ “ဝူရှညန်”တွင် အစီအရင်နှစ်ခုရှိပြီး အတွင်းပိုင်းမှ အစီအရင်သည် အိမ်တော်ဂိတ်ဝတွင် ရှိပြီး အပြင်ဘက်မှတစ်ခုသည် အိမ်တော်နှင့် အနည်းငယ်ဝေးသော တောင်ထဲတွင်ရှိကာ သာမန်လူများ တောင်ထိပ်သို့ တက်မလာနိုင်အောင် ကာကွယ်ထားသည်။
အစီအရင်ပျက်ဆီးသွားပြီဟူ၍ တပည့်များလာပြောသော အစီအရင်မှာ အပြင်ပိုင်းမှ အစီအရင်ကြီးဖြစ်သည်။
ကျန်းလော့သည်လည်း အဝတ်အစားလဲပြီး လိုက်လာကာ အစီအရင်ဘေးနားလေးတွင် ငုတ်တုတ်ထိုင်၍ မြေပြင်ပေါ်မှ မီးကျွမ်းရာကဲ့သို့ အမည်းရောင် မီးသွေးရာများကို ကြည့်နေသည်။ ကံကြမ္မာယုံသူသည် ပျက်ဆီးသွားသော အစီအရင်ပမာဏကို သေချာကြည့်၍ စိတ်မပါစွာပြောလိုက်သည်။
“အားလုံးနီးပါးကို ပျက်ဆီးသွားတာပဲ ဟာ့တ်..”
တာအိုဆရာတော်ဝေ့ဟယ်၏မျက်နှာသည် အလွန်အရုပ်ဆိုးသွားပြီး
“ဒီအစီအရင်က ကျိန်းသေပေါက် အနည်းဆုံးနှစ်နှစ်ဆယ် သုံးဆယ်လောက် ခံသေးတယ် ဘယ်လို အကြီးအကဲမျိုးကများ ဖျက်ဆီးပစ်လိုက်တာလဲ”
“အား”
တပည့်များသည် အထိတ်တလန့်အော်လိုကကြပြန်ကာ တာအိုဆရာတော်ဝေ့ဟယ်၏ အင်္ကျီလက်စကိုဆွဲ၍ “ဝူရှညန်”တံခါးနားမှ အတွင်းပိုင်းအစီအရင်ကို ညွှန်ပြ၍
“ဆရာ ကြည့်ပါဦး”
လူတစ်စုသည် ပြိုင်တူနောက်လှည့်ကြည့်လိုက်ကြပြီး တခါးအလယ်နားတွင် မီးခိုးရောင်မီးခိုးငွေ့များကို လေထုထဲပျံ့လွှင့်လာသည်ကို မြင်လိုက်ဓရသည်။ မီးခိုးများသည် သစ်သားများ မီးရှို့ရာမှထွက်လာသော မီးခိုးများနှင့် အရောင်ဆင်တူပြီး တံခါးအလယ် ဘာမှမရှိသော လေထုထဲမှ ရုတ်တရက်ထွက်လာခြင်းသည် အစီအရင်ကို ချိုးဖြတ်ရန် တစ်စုံတစ်ယောက်က မီးရှို့ပစ်နေသည်ကို ဆိုလိုခြင်းဖြစ်သည်။
ဝေ့ဟယ်သည် ဒေါသထွက်စွာ ပြောလိုက်သည်။
“ဘယ်သူလဲကွ”
သူသည် စစ်ဆေးကြည့်ရန် အလောတကြီး ရှေ့တိုးသွားသည်။ တာအိုဆရာတော်ဝေ့ဟယ်မှလွဲ၍ မည်သူမျှ အလျင်စလို မလုပ်ကြပေ။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ကျန်းလော့ဘေးနားသို့ လျှောက်လာပြီး ခေါင်းယမ်း၍
“ကံကြမ္မာယုံသူရယ် ကောင်းကင်သခင်ရယ် ဒီအိုနေတဲ့ တာအိုဘုန်းတော်ကြီး ရှိနေတာတောင် ဒီလိုလာလုပ်တာဆိုတော့ အဲဒီလူက စိတ်မှန်သေးရဲ့လား”
“ဒီတစ်ယောက်က သေဖို့တောင်းဆိုနေတာ မဟုတ်ဘူးလားဟ”
ကျန်းလော့သည် မည်သူက အစီအရင်လာချိုးဖြတ်သလဲဆိုတာ တကယ်ကို မသိချင်ပေ။ သူ့နားရွက်ကို ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီး
“လောင်ကျီ ဒီပစ္စည်းက တကယ်အသုံးဝင်တာပဲ ခင်ဗျား ဘယ်လိုများ ပြုပြင်ထားတာလဲဗျာ”
ကျိယောင်ဇီသည် နောက်လာတော့မည့် စကားများကို ကြိုတင်ခန့်မှန်းမိနေပြီး
“မင်းဘာလိုချင်လို့လဲ ဒီပစ္စည်းတွေကို လက်ကားလိုချင်တယ်လို့တော့မပြောနဲ့နော် မပြောဘူးမို့လား”
ကျန်းလော့သည် သူ့ကို ချီးကျုးသလိုကြည့်၍ ခေါင်းညိတ်လိုက်ကာ
“အစုံလိုက်လိုချင်တာ ကျွန်တော့နားတစ်ဖက်အတွက်လိုသေးတယ်လေ”
“တစ်ရက်တစ်ကြိမ်ပဲ သူများဝိညာဉ်နယ်မြေထဲ ဝင်ကြည့်ရတာ နည်းတယ်လို့ ထင်နေတာမလား”
ကျိယောင်ဇီသည် မျက်လုံးလှိမ့်လိုက်ပြီး အဝေးကို ကြည့်၍
“ဒါပေမဲ့ မင်းမှာ ဝိညာဉ်စုပ်ဆွဲပြား ဘယ်လောက်ပဲ ရှိရှိ တစ်ရက်ကို တစ်ကြိမ်ပဲရမှာ နေပါဦး မင်းခန္ဓာကိုယ်ထဲကနေ ဝိညာဉ်တစ်ခါ ထွက်ဖို့ လွယ်တယ်များ အောက်မေ့နေလား တစ်ရက်တစ်ကြိမ်ကတောင် တော်တော်များနေပြီကွ ပြီးတော့လဲ ငါမင်းကို နားဆွဲပေးရဲတယ်ဆိုတာ မင်းဝိညာဉ်နဲ့ မင်းခန္ဓာကိုယ်က ဆက်နွယ်မှု အားကောင်းလွန်းလို့”
ကျန်းလော့သည် ဝိညာဉ်စုပ်ဆွဲပြားနောက်ထပ်လိုချင်သော်လည်း ဝမ်းနည်းစွာဖြင့် လက်လျော့လိုက်ရတော့သည်။
သို့သော် ကျိုးပြတ်သွားသော အစီအရင်ကြောင့် လူတိုင်း အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသောအခါ ကျန်းလော့၏ မျက်လုံးများတောက်ပလာပြီး အကြံကောင်းတချို့ပေါ်လာကာ
“လောင်ကျီ ကျွန်တော့်မှာ လုပ်စရာလေးရှိလို့ သူတို့ကို စောင့်ကြည့်ပေးထားပါဦး နော် ကိုယ့်လူ”
ထိုသို့ပြောပြီးနောက် ကျိယောင်ဇီ ပြန်မပြောနိုင်ခင် ခြံဝန်းတံခါးဘက်သို့ ပြေးသွားသည်။
တွမ့်ကျီတို့သုံးယောက် ကုသမှုခံယူရာ ဆေးပေးခန်းထဲတွင် ဆေးလာကုသော လူအများကြီး ရှိသည်။ ကျန်းလော့သည် တိတ်တဆိတ် ဆေးပေးခန်းသို့ရောက်သွားကာ အခန်းတံခါးကို ဖွင့်၍ အတွင်းခန်းဆီသို့ ဝင်သွားရာ တွမ့်ကျီတို့သုံးယောက်သည် ကုတင်တစ်လုံးစီတွင် လှဲလျောင်းနေကြလေသည်။
တွမ့်ကျီ တုကောနှင့် ချင်းယွင်တို့သည် လှဲလျောင်းနေကြပြီး ပုံစံသည် မည်သည့်ဒဏ်ရာမှ ရမထားသော်လည်း သတိလစ်နေကာ စက္ကူများကဲ့သို့ ဖြူဖွေးနေလေသည်။
ကျန်းလော့သည် သူတို့ကို တစ်ယောက်ချင်းစီလိုက်ကြည့်၍ သွေးခုန်နှုန်းနှင့် နှလုံးခုန်သံတို့ကို စမ်းသပ်ကြည့်ကာ အသက်ရှူမရှူပါ လိုက်စမ်းကြည့်သည်။ သူတို့သုံးယောက်လုံးသည် သက်ရှိလူတစ်ယောက်ကဲ့သို့ အကုန်ကောင်းနေကြသည်။
မည်သည့် မူမမှန်တာမျိုးကိုမှ ကျန်းလော့ မတွေ့ရပေ။
‘တွမ့်ကျီ ငါတို့ကို ဖယောင်းတိုင်ကိုင်ပြီး မှန်ရှေ့သွားကြည့်ခိုင်းတာက ကံကြမ္မာယုံသူနဲ့ ဘာမှမဆိုင်ဘဲ တိုက်ဆိုင်မှု သက်သက်ပဲလား’
‘သူတို့သုံးယောက်လုံး မှန်ထဲမှာ သေသွားတာကလွဲရင် လျန်မောင်နှမသုံးယောက်နဲ့ငါနဲ့ ဘာမှမဖြစ်ကြတာကရော တိုက်ဆိုင်တာပဲလား’
ဆေးပေးခန်းထဲတွင် ဆေးကုသသူများသည် ယောက်ယက်ခတ်လှုပ်ရှား သွားလာနေကြပြီး ကျန်းလော့သည် လူသုံးယောက်ကို ထား၍ သူ့နားမှ အရာဝတ္ထုများကို လိုက်ကြည့်သည်။ အတွင်းခန်းဘက်တွင် ပြတင်းပေါက်တစ်ခုရှိကာ ပြတင်းပေါက်မှ မှန်များသည် ဆယ်စုနှစ်များစွာ ကြာနေပုံပေါ်ကာ နှစ်ဖက်လုံး အဝါရောင်သမ်းနေကြပြီး အပြင်ဘက်သို့ ကြည့်ရန် အလွန်ခက်ခဲသည်။
ကျန်းလော့သည် ပြတင်းပေါက်နားသို့သွား၍ ဖွင့်ကြည့်လိုက်ရာ ပြတင်းပေါက်နှင့် ဆန့်ကျင်ဘက်နေရာတွင် ထင်းပုံတဲတစ်လုံး တွေ့ရသည်။
ဟင်းချက်ဖို့နှင့် ရေနွေးတည်ဖို့က လျှပ်စစ်မီးသာ လိုသည်မှာ ရှင်းလင်းနေသော်လည်း လျှပ်စစ်မီးမရှိလျှင် မီးမန္တာန်များလည်း ရှိသေးသည်။ သို့သော် “ဝူရှညန်” အိမ်တော်သည် ကောင်းကင်နှင့် မြေကြီး၏ သဘာဝကို လိုက်နာကာ ရေကျိုဖို့နှင့် ဟင်းချက်ရန် ထင်းမီးကိုသာ အသုံးပြုလေသည်။
ထင်းတဲရှေ့တွင် ထင်းတဲထက်ပို၍ မြင့်သော ထင်းပုံအမြင့်ကြီး တစ်ပုံရှိနေသည်။ ကျန်းလော့သည် အပြင်ဘက်ကို သာမန်ကာလျှံကာ လိုက်ကြည့်နေရင်း သူ့မြင်ကွင်းထဲသို့ ထင်းတဲကိုကွယ်ထားသော ထင်းပုံနောက်နားတွင် အစိမ်းရောင် အရာတ္ထုတစ်ခုကို တွေ့လိုက်ရသည်။
သူသည် ထိုအရာကို ခဏလောက်ကြည့်နေပြီး အတွေးထက် လူကပိုမြန်ကာ တံခါးတွန်းဖွင့်ပြီး တင်းတဲဘက်သို့ လျှောက်သွားလိုက်သည်။ တပည့်များသည် ကျန်းလော့ကို မြင်သောအခါ ဘာလုပ်နေလဲ လာမေးကြသည်။ ကျန်းလော့သည် ပြုံး၍ ပြောလိုက်သည်။
“ဘာမှမလုပ်ဘူးရယ် ဆက်သွားကြလေ အစ်ကိုက ဒီတိုင်းလျှောက်ကြည့်နေရုံပဲ”
ကျန်းလော့သည် အခန်းအပြင်ရောက်ပြီးနောက် ဆေးပေးခန်းထဲမှ လှမ်းမြင်ခဲ့သည့် စက္ကူကဲ့သို့ အရာကို သွားကြည့်သည်။ ထိုအရာကို တင်ထားသော နေရာသည် အလွန်မြင့်ကာ အနည်းဆုံး နှစ်မီတာခွဲလောက် မြင့်လောက်သည်။ ကျန်းလော့သည် ကျောက်တုံးကြီးတစ်ခုပေါ်တက်၍ ပလက်စတစ်အိတ်ကို မြေပြင်ပေါ်သို့ မမှီမကမ်း ဆွဲချပစ်လိုက်သည်။
စက္ကူပုံရိပ်နှစ်ခုသည် မြေပြင်ပေါ်သို့ ကျလာကြသည်။ ကျန်းလော့သည် မြေပြင်ပေါ်သို့ဆောင့်ကြောင့်ထိုင်၍ စက္ကူပုံရိပ်နှစ်ခုကို ခွဲလိုက်ကာ သေချာစစ်ဆေးကြည့်သည်။
ပုံရိပ်နှစ်ခုတွင် အမျိုးသားသည် နှာခေါင်းပေါ်တွင် မှဲ့တစ်လုံးရှိကာ မျက်လုံးတစ်လုံးသည် ကြီး၍ နောက်တစ်လုံးသည် အနည်းငယ်ကျဉ်းသည်။ အမျိုးသမီးသည် အတော်လေး အသက်ကြီးနေပုံရပြီး အရေးအကြောင်းများ ထင်းနေကာ ကြင်နာတတ်သော ပုံစံမျိုးဖြစ်သည်။
ဆံပင်များကိုတော့ အဖြူရောင်ဆေးခြယ်ထားပြီး စက္ကူပုံနှစ်ခုလုံးသည် အသက်ကြီးသော လူကြီးများ ပုံဖြစ်ကြသည်။ စက္ကူပုံရိပ်နှစ်ခုသည် ကျန်းလော့မှတ်မိနေသော လူနှစ်ယောက်နှင့် အလွန်တူသည်။
ထိုနှစ်ယောက်သည် ထင်းသယ်ရင်း နှင်းမုန်တိုင်းထဲပိတ်မိ၍ စံအိမ်ငယ်လေးတွင် တည်းခိုခဲ့ကြသော သက်ကြီးစုံတွဲဖြစ်သည်။ ကျန်းလော့သည် သဘောပေါက်သွားပြီး မေးစေ့ကို ပွတ်လိုက်ကာ အဓိပ္ပာယ်အပြည့်ဖြင့် ပြုံပြုံးလိုက်ပြီး
“စိတ်ဝင်စားစရာကောင်းသားပဲ”
“ဘာက စိတ်ဝင်စားစရာကောင်းတာလဲ”
သူ့နောက်မှ တစ်စုံတစ်ယောက်က မေးလိုက်သည်။
ကျန်းလော့သည် ခဏလောက် တောင့်သွားပြီး သဘာဝကျကျ ခေါင်းစောင်းကြည့်၍ ယဉ်ကျေးသော အပြုံးဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဆရာ ကျွန်တော်ဆိုလိုတာက ဒီလိုနေရာမှာ စက္ကူလူရုပ်နှစ်ခုတွေ့ရတာ စိတ်ဝင်စားစရာကောင်းတယ်လို့”
သူသည် ပြောပြီးနောက် ယောင်ယောင်လေး ပြုံးလိုက်ပြန်ကာ
“ဒါတွေက ဒီတိုင်း စာရွက်လေးတွေပါပဲ ဘာမှ မထူးဆန်းပါဘူး”
ဖုန်းလီ၏ မျက်လုံးများသည် စက္ကူရုပ်များထံရောက်သွားပြီး
“ဒီနှစ်ခုက သုံးထားပြီးသားတွေ”
“ဟမ်”
ကျန်းလော့သည် အာမေဋိတ်သံပြု၍ မသိသလို မေးလိုက်သည်။
“ကျွန်တော်မတွေ့ဘူးရော”
“မင်းက သင်မှမသင်ရသေးတာ ဘယ်မြင်ရမလဲ”
ဖုန်းလီက ပြောသည်။
“သူတို့ မျက်လုံးတွေကို ကြည့်လိုက်”
ကျန်းလော့သည် စက္ကူရုပ်များကို ပြန်ကြည့်လိုက်ပြီး သူတို့မျက်လုံးများသည် အသက်မဲ့ပြီး မှိုင်းညှို့နေသည်ကို တွေ့လိုက်ရသည်။ သူတို့မျက်လုံးများ၏ အရောင်များကို ဆေးလိုက်သလို အရောင်မှိုင်းနေကြသည်။ အရုပ်များ၏ မျက်လုံးများတွင် အဖြူစက်တစ်စက်စီရှိနေသည်။ အလွန် အစစ်အမှန်ဆန်လွန်းသောကြောင့် ကျန်းလော့သည် ‘နဂါးပုံဆွဲ မျက်လုံးမှာ အစက်ချ’ ဟူသော စကားပုံကို မှတ်မိသွားသည်။ (T/N: “Paint a dragon and Dot its eyes” Chinese idiom)
“ဒီပညာမှာ စက္ကူပုံရိပ်တွေကို အစစ်အမှန်နဲ့ တူအောင်လုပ်လို့ရတာမျိုးရှိတယ် မင်းက သူတို့ မျက်လုံးတွေကို အသက်သွင်းပေးလိုက်တာနဲ့ သူတို့တွေ အသက်ဝင်လာလိမ့်မယ်”
ဖုန်းလီက ပြောသည်။
“ပြီးတော့ သူတို့ကို သုံးပြီးသွားရင် မျက်လုံးထဲက အသက်အလင်းက သူ့ဟာသူ ပျောက်ကွယ်သွားလိမ့်မယ်”
ကျန်းလော့သည် သဘောပေါက်သွားသလိုလို ရှိလာသည်။
“ဒါဆို ဒီဟာတွေက ဒီလိုအလုပ်လုပ်တာကိုး”
ဖုန်းလီကို အသက်ဝင်နေသော စက္ကူပုံရိပ်များနှင့် ယခုသူ့ရှေ့ရှိ စက္ကူပုံများ၏ ခြားနားချက်ကို မေးမလို့ရှိသေးသည် ဖုန်းလီသည် ရုတ်တရက် ရှေ့တိုးလာပြီး သူ့ကိုခါးမှ ဆွဲ၍ တင်းတဲနောက်သို့ ဝင်ပုန်းလိုက်သည်။
ကျန်းလော့သည် တစ်ယောက်ယောက်လာနေသောကြောင့်သာ သူ့ကိုဒီလိုမျိုး ဆွဲ၍ ပုန်းလိုက်မှန်း သိသည်။
‘ဒါပေမဲ့ ကောင်းကင်သခင်ကိုတောင် ပုန်းအောင်လုပ်နိုင်ရအောင် လာနေတဲ့သူက ဘယ်သူမို့လို့လဲ’
သူသည် စိတ်ရှည်စွာ စောင့်နေသည်။ ခဏကြာပြီးနောက် တာအိုဆရာတော် ဝေ့ဟယ်၏ အသံကို ကြားလိုက်ရသည်။
“ကံကြမ္မာယုံသူ သင့်မှာ အစီအရင်ပြင်ပေးဖို့ အချိန်ရှိမလားဗျာ”
ကံကြမ္မာယုံသူက ပြန်မပြောနိုင်ခင် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ကျယ်လောင်စွာပြောလိုက်သည်။
“တာအိုဆရာတော် ဝေ့ဟယ် မင်းက ကိုယ့်ဟာကိုယ် အစီအရင်မပြင်နိုင်ဘူးလား”
သူ့အသံသည် တမင်တကာ တစ်စုံတစ်ယောက်ကို သတိပေးနေသလို အလွန်ကျယ်နေသည်။
တာအိုဆရာတော် ဝေ့ဟယ်သည် ကျိယောင်ဇီကို နားရွက်ဆွဲ၍ ပြောလိုက်သည်။
“ဒီတိုင်းတိုင်းလေး ပျက်သွားရင်တော့ သေချာပေါက်ပြင်နိုင်တာပေါ့ကွ ဒါပေမဲ့ အစီအရင်က လုံးဝကို ပျက်ဆီးသွားတာက ငါသာ ပြင်နိုင်ရင် ပြင်ပြီးနေပြီ ဒီလောက် နှစ်ချီအောင် ရှေးကျတဲ့ အစီအရင်ကို... မင်းက ဘာလို့ ဒီလောက် အာပြဲနေရတာတုန်း”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ပို၍ ကျယ်သော အသံဖြင့် ပြောလိုက်သည်။
“မင်းအသက်အရွယ်နဲ့ ငါပြောတာ မကြားမှာစိုးလို့လေ”
တာအိုဆရာတော် ဝေ့ဟယ်သည် လက်ကို ရမ်းလိုက်ပြီး
“မင်း..”
“ကဲ တော်လောက်ပြီ”
ကံကြမ္မာယုံသူက ပြောလိုက်သည်။
“ဘာမဟုတ်တာလေးကို ရေးကြီးခွင်ကျယ် လုပ်မနေကြစမ်းနဲ့”
ကျန်းလော့သည် ထောင့်နားလေးမှ ချောင်းကြည့်နေပြီး လီရှောင်းသည် ထောင့်တစ်ထောင့်မှ ကွေ့ဝင်လာကာ ကော်ရစ်တာနားသို့ရောက်သွားပြီး ကံကြမ္မာယုံသူတို့ သုံးယောက်နှင့် တွေ့သွားသည်။ ကျန်းလော့သည် မျက်လုံးမှေးကြည့်လိုက်ပြီး သူမမျက်နှာအမူအယာကို သေချာဂရုတစိုက် ကြည့်နေသည်။
လီရှောင်းသည် အနည်းငယ်ကြောက်ရွံ့နေသော်လည်း သူမသည် အကြောက်တရားကို မျိုချကာ ရှေ့ဆက်လျှောက်သွားသည်။
“မင်္ဂလာပါ ဦးလေးတို့”
သူမသည် သူတို့ကို မကြည့်ရဲစွာ တစ်ချိန်လုံးခေါင်းငုံ့ထားသည်။ တာအိုဆရာတော် ဝေ့ဟယ်က စကားအချို့ပြောပြီးနောက် သူမသည် လာရာလမ်းအတိုင်း ပြန်လှည့်သွားသည်။ ကံကြမ္မာယုံသူကို လုံးဝကြည့်မသွားသလို သူ့ရှေ့သို့ မသွားခဲ့ပေ။
ကျန်းလော့သည် ထိုလူများ၏ အမူအယာများကို သေချာကြည့်နေပြီး လီရှောင်း၏ ကံကြမ္မာယုံသူကို သတိမထားမိသလို လုပ်သွားခြင်းသည် သူမက ကံကြမ္မာယုံသူကို တကယ်မမြင်တာလား ဟန်ဆောင်နေတာလား မပြောနိုင်ပေ။
သူသည် ပညာရှိပီသစွာ အကူအညီတောင်းသလို မေးလိုက်သည်။
“ဆရာ အဲဒီကောင်မလေးကို ကြည့်ကြည့် သူမက စက္ကူလူသားဖြစ်နိုင်လား”
ကျန်းလော့သည် ဖုန်းလီကိုသူ့ဘေးတွင်သာ ရပ်နေမည်ဟု ထင်လိုက်သော်လည်း သူ့နောက်တွင် တစ်စုံတစ်ယောက်ရှိနေသည်။ ထိုသူမှာ သူ၏ နှမြောတွန့်တိုတတ်သော အချိန်ပြည့် စိတ်တိုနေတတ်သည့် ဆရာဖြစ်နေကာ သူ့ဆရာသည် သူပြောသည့် ဘက်သို့ကြည့်နေကာ ဘာမှ ပြန်မဖြေပဲ
“မင်းနဲ့ သူမက ဘယ်လို ပတ်သတ်နေလို့လဲ”
ကောင်းကင်သခင်၏ ခန္ဓာကိုယ်မှ စန္ဒကူးနံ့သင်းသင်းရနေကာ ကျန်းလော့စိတ်ထင်နေတာလား မသိသော်လည်း ဖုန်းလီသူ့နားကပ်လာတိုင်း ပတ်ဝန်းကျင်မှ အပူချိန်သည် ထိုးကျသွားသလိုဖြစ်ပြီး လေပြင်းများတိုက်လာသလို ခံစားရသည်။
ကျန်းလော့သည် စိတ်ရှုပ်သွားခဲ့ပြီး
“ထူးဆန်းတဲ့ ဆက်ဆံရေး”
ဖုန်းလီသည် လီရှောင်းကို ကြည့်၍ မျက်ခုံးတွန့်သွားကာ နည်းနည်းကြာအောင် ဆက်ကြည့်နေပြီး ပြောလိုက်သည်။
“အဲဒီတစ်ယောက်က စက္ကူလူသားပဲ”
#####