Ch 144
Viewers 8k

အပိုင်း (၁၄၄) 


ဖုန်းလီ၏ အတွင်းပိုင်း မြင်ကွင်း 

စားပြီးနောက် ဖုန်းလီသည် ကျန်းလော့ကို ခြံဝန်းထဲသို့ ခုံတစ်လုံးသယ်လာရန် ပြောလိုက်သည်။ ခြံဝန်းထဲတွင် နေရောင်တောက်ပနေပြီး နှင်းများရှင်းလင်းနေသည်။ 

ကျန်းလော့သည် ဖုန်းလီရှေ့တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သဘက်တစ်ထည်ကို သူ့ကိုယ်ပေါ်တွင် လွှားထားပြီး နောက်ဘက်မှ ဆံပင်များကို ဖီးလိုက်သည် ။ ဆံပင်များသည် နားဆွဲကို ကွယ်ပေးထားသည်။ ဖြူဖျော့သော လက်ချောင်းများသည် ဆံပင်ကို ကိုင်လိုက်ပြီး နောက်သို့ပို့လိုက်ကာ ငန်းကဲ့သို့ ကျော့ရှင်းသော လည်ပင်းကို ဖော်ပြလိုက်သလို ဖြစ်သွားသည်။ 

ဖုန်းလီသည် သူ့ကို ငုံ့ကြည့်လိုက်ရာ ဆံပင်များကို နောက်ဘက်သို့ စုယူချိန်တွင် ဆံချည်တချို့သည် အနည်းငယ်ပွသွားကာ ကပိုကယို ကျသွားသည်ကို မြင်လိုက်ရသည်။ ဖုန်းလီသည် လက်ထုတ်လိုက်ပြီး တပည့်ဖြစ်သူ ဆံပင်ရှင်းတာကို ကူညီပေးလိုက်သည်။ 

သက်လတ်ပိုင်းလူတစ်ယောက်၏ ကျောက်စိမ်းလက်စွပ်ဝတ်ဆင်ထားသော ခိုင်ခံ့သော သွယ်လျလျလက်ချောင်းများသည် ပျော့ပြောင်း၍ ချောမွတ်နေသော ဆံပင်များကို တစ်စမှမကျစေရန် ဂရုတစိုက် နောက်သို့ စုလိုက်သည်။ 

ဘေးနားတွင် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် သူတို့ကို ရပ်ကြည့်နေပြီး ကတ်ကြေးတစ်လက်လှမ်ပေးပြီး ပြောလိုက်သည်။ 

“ကျန်းလော့ မင်းဆံပင်က ဘယ်လောက်ထိ ညှပ်မှာလဲ” 

ကျန်းလော့သည် ခေါင်းစောင်းလိုက်ပြီး နောက်ကျောကို လှမ်းကြည့်လိုက်သည်။ တစ်နှစ်ကျော်ကြာပြီးနောက် သူ့ဆံပင်သည် အရင်ကထက် ရှည်လာကာ အရူးနှင့်ပင် တူနေပြီဖြစ်ပြီး ပုခုံးအောက်သို့ပင် ရောက်နေပြီဖြစ်သည်။ ၎င်းသည် သိပ်အဆင်မပြေသောကြောင့် ကျန်းလော့သည် အမြဲတမ်း သူ့ဆံပင်အရှည်ကြီးကို စုစည်းထားရသည်။ သို့သော် အခုအချိန်တွင် အဆင်မပြေတော့သလို ခံစားလာရသောကြောင့် ပုံမှန်အေးအေးသက်သာပြောလိုက်သည်။ 

“အကုန်သာ ညှပ်ပစ်လိုက်တော့” 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် အတွန့်တက်သလို မေးလိုက်သည်။ 

“အကုန်ညှပ်ပစ်ဆိုတာ ဘာကို ဆိုလိုတာလဲ” 

ကျန်းလော့သည် ခဏလောက်တွေးလိုက်ပြီး 

“တစ်လက်မလောက်ပဲ ချန်ပြီးတော့လား အဲ့လောက်ပေါ့” 

ကျန်းလော့သည် သူဆံပင်တစ်လက်မလောက်နှင့်လဲ ကြည့်ကောင်းမည်ဟု ယုံကြည်သည်။ 

ဖုန်းလီသည် ရှားရှားပါးပါး နှုတ်ခမ်းသည် အနည်းငယ် လှုပ်ရှားသွားပြီး တင်းတင်းစေ့လိုက်သည်။ 

ကျန်းလော့၏ဆံပင်အရှည်ကြီးကို သူဘယ်တုန်းကမှ သေချာမကြည့်ခဲ့ဖူးပေ။ ထိုဆံပင်အရှည်ကြီးသည် အလွန်ကောင်းပြီး ချောမွတ်နေကာ ရှည်ကျနေသော ဆံပင်များသည် ရေတံခွန်မှ ရေများစီးဆင်းနေသကဲ့သို့ လှပပြီး ဂျင်ဆင်းကလေးလေး၏ မျက်ရည်များ လိမ်းကျံထားသောကြောင့် ပို၍ လှပတောက်ပြောင်နေကာ ဆံပင်အလွန်ကောင်းသည်ဟုသာ ပြောနိုင်တော့သည်။ 

ထိုသို့သော ဆံပင်ကောင်းကောင်းကို ညှပ်ချပစ်ရမှာ နှမျောစရာကောင်းလှသည်။ 

သူသည် ဆံပင်များကို စုကိုင်လိုက်ပြီး ပထမဆုံးအောက်ခြေနားမှ တိတိပပ ညှပ်ချလိုက်သည်။ 

“ချပ်” 

ဆံပင်ညှပ်စများ ကြမ်းပြင်ပေါ်သို့ ကျသွားသော အသံဖြစ်သည်။ ကျန်းလော့သည် ဆံပင်များ အောက်သို့ကျသွားသော အသံကို နားထောင်ရင်း ကျေနပ်စွာ ပြုံးလိုက်သည်။ 

ပုံမှန်ဆိုလျှင် သူ့ခေါင်းသူဖြတ်ချင်လျှင်တောင် ချီယုံက အမြဲတမ်းလာနှောင့်ယှက်တတ်သည်။ 

‘ဟားဟား ဟားဟား ဟားဟား’ 

ကျန်းလော့သည် အလွန်အူမြူးနေသောကြောင့် အကျယ်ကြီး အော်ရယ်ချင်လာသည်။ 

ဖုန်းလီသည် ပထမဆုံးအကြိမ် တခြားသူတစ်ယောက်ကို ဆံပင်ညှပ်ပေးတာ ဖြစ်သော်လည်း အလွန်တည်ငြိမ်နေသည်။ 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်မှ ဆက်တိုက်ဘေးမှ တတွတ်တွတ်ပြောနေချိန်တွင်တောင်မှ 

“ဟေး ဘယ်ဘက်နားက နည်းနည်းရှည်နေတယ်.... မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ညာဘက်က နည်းနည်းချွန်သွားသလိုပဲ... ဘယ်ဘက် အောက်ဘက် ညာဘက်... ဘက်ဘက်..” 

သူက တွန့်မသွားသလို ဂရုကိုမစိုက်တာ ဖြစ်သည်။ 

သူသည် လျင်မြန်စွာ အဆုံးသတ်လိုက်ပြီး လက်ကို ရုတ်လိုက်ကာ 

“ရပြီ” 

“ရပြီလား” 

‘ဒါကြီးက တော်တော်မြန်လွန်းနေတာ မဟုတ်ဘူးလား’ 

ကျန်းလော့သည် သူ့ဆံပင်မည်မျှတိုသွားကြောင်း သိရရန် နောက်သို့ လှည့်၍ ပုခုံးပေါ်မှ နောက်ကျောဘက်သို့ ကိုယ်ကိုလိမ်ပြီးလှည့်ကြည့်သည်။ သူ့နောက်ကျောပေါ်မှ ဆံပင်များသည် အများကြီးတိုမသွားပဲ ပုခုံးပေါ်တွင် လှပစွာ ဝဲဖြာကျနေသည်။ 

“.............” 

ဖုန်းလီသည် အတွင်းထဲတွင် ကျိတ်၍ ကျေနပ်နေသော အသံဖြင့် 

“မဆိုးဘူး” 

“ဒါကောင်းတယ်” 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် စကားရပ်သွားပြီး ဆက်ပြောသည်။ 

“တစ်လက်မထက်တော့ ပိုကောင်းတယ်” 

ကျန်းလော့သည် တိတ်ဆိတ်စွာ အောက်ငုံ့ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်ကျနေသော ဆံပင်များမှာ ငါးစင်တီမီတာသာ ရှည်သည်ကိုတွေ့လိုက်ရသည်။ ဆံပင်ညှပ်သည်ဆိုတာထပ် ဆံပင်ညှိသည်ဟု ပြောရမည်ပင်။ 

ကျန်းလော့သည် သူ့ကိုယ်သူ ထိန်းချုပ်နေရသည် ။ 

‘စိတ်လျော့ စိတ်လျော့ ငါမှာ အခု ခံစားချက်လုံးဝမရှိဘူး ဘာမှမခံစားရဘူး စိတ်လျော့’ 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် မြေပြင်ပေါ်မှ ဆံပင်များကို မီးရှို့ပစ်လိုက်ပြီး ကျန်းလော့၏ ပြုံးနေသော မျက်နှာကို မြင်သောအခါ သူ့ဆီသို့သွားလိုက်ပြီး ပြောလိုက်သည်။ 

“ဆံပင်ရှည်ရှိတာကောင်းပါတယ် ဝိညာဉ်စုပ်ဆွဲပြား နားဆွဲတွေကို ဖုံးထားလို့ရတာပေါ့” 

“မင်းရဲ့ဆရာရော ကံကြမ္မာယုံသူရော ဒီလို အသေးအဖွဲလေးကို အာရုံစိုက်မှာ မဟုတ်ပါဘူး ဆိုတော့ကွာ ဖုံးထားလို့ ပေါ်သွားရင်တောင် သူတို့ဘာမှမေးမှာ မဟုတ်ပါဘူး” 

အနောက်တွင် ဖုန်းလီသည် သူတို့၏ ရင်းနှီးစွာ နီးနီးကပ်ကပ် စကားပြောနေသည်ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေသည်။ 

ကျန်းလော့သည် ကျိယောင်ဇီကို ဆရာဖြစ်သည့် သူ့ထက်ပင် ပို၍ ရင်းနှီးနေပုံပေါက်သည်။ အဓိပ္ပာယ်မရှိလှဟု ဖုန်းလီထင်သော ကိစ္စများ ပြီးသွားပြီးနောက် အညစ်အကြေးများ ဆေးဖို့ အချိန်ရောက်ပြီ ဖြစ်သည်။ အရင်တုန်းက ကျန်းလော့သည် ရေပူစမ်းကန်သို့ တစ်ယောက်ထဲသွားသော်လည်း ယနေ့တွင် ဖုန်းလီနှင့် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တို့ပါ လိုက်လာလေသည်။ 

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် အမှန်တကယ်ကို ရေပူစမ်းကန်တွင် စောင့်နေသည်ကို မြင်သောအခါ ဖုန်းလီ၏မျက်နှာသည် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ကို မြင်သည်နှင့် ပို၍ သုန်မှုန်သွားသည်။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ခေါင်းတွင်တွင်ငုံ့ထားပြီး သူ့တည်ရှိမှုကို မှေးမှိန်အောင် အတတ်နိုင်ဆုံးလုပ်နေရှာသည်။ 

လေထုသည် အနည်းငယ် ထိုင်းမှိုင်းလာသော်လည်း ကံကြမ္မာယုံသူသည် သတိမထားမိသလို ဖုန်းလီတို့ကိုမြင်လို့ အံ့ဩမသွားပဲ မေးလိုက်သည်။ 

“မင်းရောက်နေတာကိုး” 

မျက်နှာထားမပြောင်းသွားပဲ ဖုန်းလီသည် တည့်ပြောလိုက်သည်။ 

“ခင်ဗျားဘာလို့ သူ့ကို ရှောင်ချန်ရေကန်မှာ စိမ်ခိုင်းရတာလဲ” 

သူသည် ကျန်းလော့ကို လျန်အိမ်တော်သို့ပို့ခြင်းသည် မကောင်းဆိုးဝါးထံမှ ကူးစက်လာသော အညစ်အကြေးများကို ဒီအတိုင်းပုံမှန်နည်းဖြင့် ဆေးကြောစေချင်၍ ဖြစ်သည်။ 

ဖုန်းလီစကားပြောသည်နှင့် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်နှင့် တာအိုဆရာတော်ဝေ့ဟယ်တို့သည် လေသံလေးမျှ မထွက်ရဲတော့ပဲ အသက်အောင့်ထားကြသည်။ သို့သော် ကံကြမ္မာယုံသူသည် ဒေါသထွက်မသွားပဲ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ 

“သူ့ကိုယ်ထဲက အညစ်အကြေးက အရမ်းများလွန်းလို့ တောင်အောက်က ရေကန်ထဲက ရေက သူ့ကို မသန့်စင်ပေးနိုင်တော့ဘူး” 

ကျန်းလော့သည် ထိုနှစ်ယောက်ကို တိတ်ဆိတ်စွာကြည့်နေသည်။ ဖုန်းလီမျက်လုံးထဲတွင် အထင်သေးမှုတစ်ချက် လက်သွားပြီး 

“မင်းရဲ့သွေးကို ရေကန်ထဲ ထည့်လိုက်တာကရော ဘာအကြောင်းပြချက်နဲ့လဲ” 

ကံကြမ္မာယုံသူသည် နွေးထွေးသော အသံဖြင့် ရှင်းပြသည်။ 

“အဲဒါက သူ့အတွက် ပိုကောင်းလို့” 

ရပ်သွားပြီး ကံကြမ္မာယုံသူက ဆက်ပြောသည်။ 

“မင်းတောင်ပေါ်မရောက်တာ ကြာပြီမလား မင်းသေချာသိချင်ရင် ကျန်းလော့ကို အဖော်လုပ်ပေးပြီး ဒီနှစ်တွေအတွင်း ညစ်ညမ်းလာတဲ့ အညစ်အကြေးတွေကို တစ်ခါထဲ ဆေးသွားလိုက်” 

ထိုစကားများကြားပြီး ခဏကြာအောင် တိတ်ဆိတ်သွားသော ဖုန်းလီသည် ရှောင်ချန်ရေကန်ထဲကို ကြည့်၍ ပေါ့ပါးစွာပြောလိုက်သည်။ 

“ကောင်းပြီလေ” 

သို့နှင့် သူသည် ရေကန်ထဲသို့ ဆင်းသွားသည်။ 

ယခုရပ်နေသော လူများအားလုံးကြားတွင် ဂျက်ကတ်အထူကြီး ဝတ်ထားသော ကျန်းလော့တစ်ယောက်သာလျှင် သာမန်လူကဲ့သို့ ဝတ်စားထားခြင်းဖြစ်သည်။ ဖုန်းလီသည် ယနေ့တွင် အနက်ရောင်ပိတ်စပေါ်တွင် အဖြူရောင် ကြိုးကြာများ ရေးဆွဲထားသော ထန်ခေတ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ရေကန်မှရေဖြင့် ဆေးကြောရန် ရေထဲသို့ ဖြည်းဖြည်းချင်း ဆင်းသွားသည်။

ကျန်းလော့သည် ဖုန်းလီကို ကြည့်နေပြီး သူ့ဂျက်ကတ်ကို ချွတ်လိုက်ကာ ရေပူထဲသို့ ဆင်းသွားသည်။ 

သူ့ကိုယ်ပေါ်မှ အညစ်အကြေးများသည် ဖုန်းလီထက် ပိုများနေသည်။ ဖုန်းလီပင်လျှင် ထိုအချင်းအရာကို မြင်၍ အမြဲတည်ငြိမ်နေတတ်သော မျက်နှာတွင် အံ့ဩမှု အနည်းငယ်ပေါ်လာသည်။ 

ကံကြမ္မာယုံသူသည် ရေကန်အစွန်နားတွင် ရပ်နေကာ ရေကန်မှထွက်လာသော မြူများကိုဖြတ်၍ ပြောလိုက်သည်။ 

“ကျုပ်သွေးမပါရင် သူ့ကိုယ်ပေါ်က ညစ်ညမ်းမှုတွေက ဘယ်တော့မှ ဆေးလို့ရမှာမဟုတ်ဘူး” 

ဖုန်းလီသည် သူ့လက်မှ ကျောက်စိမ်းလက်စွပ်ကို လှည့်နေပြီး သူနှုတ်ခမ်းထောင့်များသည် လှောင်ပြောင်ထေ့ငေါ့စွာ ကော့တက်သွားပြီး 

“ထျန်းရှိဖူက ကျုပ်တပည့်အတွက် ခင်ဗျားရဲ့ ပေးဆပ်မှုကြောင့် ကျေးဇူးတင်စကားတောင် မပြောဝံ့တော့ပါဘူး” 

ဖုန်းလီသည် အမြဲတမ်း ပါးနပ်သောသူတစ်ယောက်ဖြစ်ကာ ယနေ့တွင် ကံကြမ္မာယုံသူကို သူရန်စ၍မဖြစ်သည်ကို သိ၍ အချိန်အခါကို လိုက်၍ ရေလိုက်ငါးလိုက်နေရန် ဆုံးဖြတ်လိုက်သည်။ ကျန်းလော့သည် ဖုန်းလီနှင့် ကံကြမ္မာယုံသူတို့ကြားတွင် တစ်ခုခုရှိမည်ဟု ခံစားမိသည်။ ဖုန်းလီသည် လက်ကိုနောက်ပစ်၍ သူ့ဘက်သို့ လှည့်ကာ 

“ရေစိမ်ဖို့ နေရာရှာ” 

သူ့ပုံစံသည် သူကိုယ်သူသန့်ရှင်းဖို့ ရေကန်ထဲဝင်စိမ်နေတာ မဟုတ်ဘဲ ကျန်းလော့၏ သန့်စင်ခြင်းဖြစ်စဉ်ကို ကြီးကြပ်ပေးဖို့နှင့် ပိုတူသည်။ ကျန်းလော့သည် ယခင်ထိုင်နေကျ နေရာတွင် ဝင်ထိုင်လိုက်ပြီး ဝိညာဉ်စုပ်ဆွဲပြား၏ အစွမ်းကို စတင် စောင့်ကြည့်နေဖို့ သေချာ အာရုံစိုက်ထားလိုက်သည်။ 

သူ့နားနားမှ ဆံပင်မျှင်အနည်းငယ်သည် ရေကန်မှ မြူများကြောင့် စိုစွတ်လာကာ အချောင်းချောင်းများ ဖြစ်လာပြီး ကပ်ကုန်ကြသည်။ ကျန်းလော့သည် သူ့ခန္ဓာကိုယ်ထဲမှ ရေနက်များ ပျံ့နှံ့လာပြီး ထိုရေနက်များကို ဖိအားပေး၍ ပြန်သန့်စင်လာအောင် လုပ်နေသည်ကို မြင်နေရသည်။ သို့သော် ထိုအားထုတ်မှုသည် ရေနက်များပေါ်တွင် အကျိုးသက်ရောက်မှု မရှိသလောက် နည်းပါးနေသည်။ 

သူသည် ရည်ရွယ်ချက်ရှိရှိ သေချာလိုက်ကြည့်နေချိန်တွင် သူ့ဘေးမှ ဖုန်းလီက စကားပြောလာသည်။ 

“မင်းနားမှာ ချိတ်ထားတာ ဘာကြီးလဲ” 

ကျန်းလော့သည် ရေထဲကို ကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီး သူ့နားပေါ်မှ ဘယ်ကထွက်လာမှန်း မသိသော အပိုပစ္စည်းကိုကြည့်၍ စိတ်မပျော်တော့ပုံပေါ်ကာ မျက်မှောင်ကုတ်ထားသော ရေထဲမှာ မတ်တပ်ရပ်နေသော မြူထဲမှ အရပ်ရှည်ရှည်လူကို ကြည့်လိုက်သည်။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က သူ့ကို ရှင်းလင်းသေချာစွာ ပြောခဲ့သည်မှာ ဖုန်းလီနှင့် ကံကြမ္မာယုံသူတို့သည် ဤသို့ အသေးအဖွဲကိစ္စလေးလောက်ကို ဂရုစိုက်မည်မဟုတ်ဟု သို့သော် ယခုဖုန်းလီမျက်နှာကို ကြည့်ရသလောက် သူ့ပုံစံသည် ဂရုစိုက်သည်ထက်ပိုစွာ ဒေါသထွက်နေပုံပေါ်နေသည်။ 

‘ဖုန်းလီက အရာရာကို ထိန်းချုပ်ချင်နေတဲ့သူဆိုတာ ငါမေ့သွားတော့မလို့’ 

သို့သော် ကျန်းလော့သည် သူ၏တပည့်ထဲမှ တစ်ယောက်သာဖြစ်ပြီး သူ့တပည့်၏နားတွင် နားဆွဲတစ်စုံပိုလာတာကို သူကဘာလို့ ဂရုစိုက်နေရာလဲ ကျန်းလော့ နားမလည်တော့ပေ။ 

ကျန်းလော့သည် အနီရောင် နှင်းပန်းရည်တို့စိုစွတ်နေသလို မြူငွေ့များကြောင့်စိုစွတ်နေသော ကြက်သွေးရောင် နှုတ်ခမ်းတို့ကို ကွေး၍ နူးညံ့စွာ ပြောလိုက်သည်။ 

“သူငယ်ချင်းတစ်ယောက်ဆီက ဒီနားဆွဲတစ်စုံ လက်ဆောင်ရတာလေ ကျွန်တော်နဲ့လိုက်တယ်ထင်လို့ ဝတ်ထားလိုက်တာ ဆရာရော ဒါတွေ ကျွန်တော်နဲ့ လိုက်တယ်ထင်လားဗျ” 

သူပြောပြီးသွားသော်လည်း ထိုမျှပြောရုံနှင့် မလုံလောက်သလို ခံစားလိုက်ရသည်။ သူသည် ဘေးကိုလှည့်၍ ဖုန်းလီမျက်နှာဘက်သို့ ဝိညာဉ်စုပ်ဆွဲပြား ဝတ်ထားသော ဘယ်ဘက်နားရွက်ကို တည့်တည့်ပြလိုက်သည်။ ထို့နောက် သူ့နားနောက်သို့ ဆံပင်များညှပ်၍ နားဆွဲပန်ထားသော နားရွက်ကို ရှင်းရှင်းလင်းလင်း မြင်ရအောင် လုပ်ပေးလိုက်သည်။ 

ကျန်းလော့၏ နားရွက်ဖျားလေးသည် ထိုးဖောက်ခံထားရပြီး ကျန်းလော့သည် အကြင်နာမဲ့စွာ ထိုးဖောက်ထားသောကြောင့် သွေးများ ထွက်မနေသော်လည်း နားပေါက်သည် အနည်းငယ်ယောင်ယမ်းနေကာ သွေးများထွက်နေသလို နီရဲနေသည်။ 

ဖုန်းလီသည် နားဆွဲများကို ရှုပ်ထွေးသော အမူအယာဖြင့် ကြည့်နေသည်။ ကျန်းလော့သည် သူ့ကိုယ်သူ အားပေးကာ ပြုံး၍ 

“လာမဲ့ လဝက်ဆို ကျွန်တော့်မွေးနေ့ရောက်ပြီလေ သူငယ်ချင်းက လက်ဆောင် ကြိုပေးထားတာ ” 

သူလိမ်နေတာ မဟုတ်ချေ မူလကိုယ်၏ မွေးနေ့သည် နှစ်သစ်ကူးကာနီး ဆောင်းတွင်းတွင်ဖြစ်သည်။ 

ဖုန်းလီက ပြောသည်။ 

“မွေးနေ့လား” 

သူသည် ကျန်းလော့ သတိမထားလိုက်မိချိန်တွင် ဝိညာဉ်စုပ်နားဆွဲကို သွားထိလိုက်သည်။ ကျန်းလော့အပြုံးသည် ရုတ်တရက် အေးခဲသွားပြီး သူ့အရင်ပုံစံသို့ ပြန်မရောက်ခင်မှာပင် 

“ငါ့တပည့်ရဲ့ မွေးနေ့က ဇန်နဝါရီလထဲမှာလား” 

ကျန်းလော့သည် အစတုန်းက ဝိညာဉ်စုပ်နားဆွဲကို ကံကြမ္မာယုံသူ၏ အတွင်းပိုင်းကို ကြည့်ရန် သုံးလိုခြင်းဖြစ်သော်လည်း ဖုန်းလီက ဝင်နှောင့်ယှက်သွားသည်။ သို့သော် ဖုန်းလီသည်လည်း သူ့မှတ်ထားသော လူများထဲမှ တစ်ယောက်ဖြစ်ပြီး ကျန်းလော့သည် ဖုန်းလီ၏ အတွင်းစိတ်ထဲတွင် သိုဝှက်ထားသော ကိစ္စများကို သိချင်သည်။ 

ကျန်းလော့သည် ဖုန်းလီကို ကြည့်လိုက်ပြီး ထိုသူ၏ နက်ရှိုင်းသော မျက်လုံးများကို ကြည့်ပြီးနောက်တွင် သူ့စိတ်အစဉ်သည် ဗလာကြီးဖြစ်သွားပြီး သူ့ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသလို ခံစားရကာ ဝိညာဉ်စုပ်ဆွဲပြားအကူအညီဖြင့် ဖုန်းလီ၏ အတွင်းစိတ်ထဲသို့ ဝင်သွားသည်။ 

မျက်စိတစ်မှိတ်အတွင်းတွင် ကျန်းလာ့သည် သူ့ကိုယ်သူ တခြားကမ္ဘာတစ်ခုအတွင်း ရောက်သွားသလို ခံစားမိလိုက်ကာ သူ့ခန္ဓာကိုယ်သည် ပေါ့ပါး၍ လေထဲလွှင့်နေသလို ခံစားမိသည်။ ကျန်းလော့သည် သူ့လက်များနှင့် ခြေထောက်များကိုငုံ့ကြည့်လိုက်ရာ အလွန်ထူးခြားသော အနေအထားဖြစ်နေသလို ခံစားမိကာ သက်ပြင်းချလိုက်ပြီး ဘေးပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။ 

ကျယ်ဝန်းသော ထျန်းရှိဖူထဲတွင် အတွင်းပိုင်းတွင် ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ 

‘ဖုန်းလီကို ပြောသင့်လား’ 

‘သူ့စိတ်ထဲမှာ ထျန်းရှိဖူက အရေးအကြီးဆုံးဆိုတာ အမှန်ပဲထင်တယ်’ 

ဝိညာဉ်စုပ်ဆွဲပြားသည် လူတစ်ယောက်၏ အတွင်းစိတ်ပုံရိပ်များကို သုံးမိနစ်တိတိကြည့်ဖို့ ခွင့်ပြုထားသည်ကို ကျန်းလော့စိတ်ထဲ အလိုလို သိလာသည်။ အချိန်မဆွဲတော့ပဲ သူအသိချင်ဆုံး နေရာဆီသို့ အရှိန်ကုန်ပြေးသွားလိုက်သည်။ 

‘သုံးသပ်ခန်းအဆောင်အောက်မှာ ချုပ်ထားတဲ့ တစ္ဆေသရဲလို မိန်းမ’ 

သုံးသပ်ခန်းအဆောင်သည် ထျန်းရှိဖူ၏ ဝေးလံသော နေရာတွင် ရှိသော်လည်း ကျန်းလော့သည် မိုင်ကုန်ပြေးသွားသည်။ သူသာ မြန်နိုင်သမျှ မြန်မြန်မပြေးလျှင် ထိုနေရာသို့ မရောက်ခင် အချိန်ပြည့်သွားနိုင်သည်။ 

တစ်မိနစ်ခွဲကြာပြီးနောက် ကျန်းလော့သည် သုံးသပ်ခန်းများ အဆောင်သို့ ရောက်သွားသည်။ သုံးသပ်ခန်းအဆောင်သည် သော့ခတ်ထားသောကြောင့် ကျန်းလော့သည် ရင်းနှီးနေသော လေဝင်ပေါက်နေရာကို ဆောင့်ကန်ပြီး ဖွင့်လိုက်သည်။ 

ကျန်းလော့မျက်လုံးများသည် ထျန်းရှိဖူ၏ လျှို့ဝှက်ချက်ကြီးကို သိရတော့မည်ဖြစ်သော ကြောင့် အလွန်စိတ်လှုပ်ရှားပြီး တောက်ပနေကာ သူ့ကို လုံးဝကြီး စိတ်ပျော်လာစေသည်။ သူသည် လေဝင်ပေါက်ကို ပွင့်လာသည်အထိ ကန်ပစ်လိုက်ပြီး ကိုယ်ကို ကွေး၍ အတွင်းဘက်သို့ တွားသွားလိုက်သည်။ 

နောက်ဆုံးတစ်မိနစ်သာကျန်တော့သည်။ ကျန်းလော့သည် သူ့အရှိန်ကို မြင့်လိုက်ကာ အခန်းတစ်ခု၏ လေဝင်ပေါက်ကို တွေ့လိုက်သည်။ သူသည် လေဝင်ပေါက်အကာကို ဖယ်လိုက်ပြီး သေချာလုံလုံခြုံခြုံဖုံးကွယ်ထားသော အကျဉ်းခန်းထဲသို့ ခုန်ဆင်းလိုက်သည်။ 

ဆံပ်ငအနက်ရောင်ကောင်လေးသည် အထာကျကျမြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ပြီး လက်နှစ်ဖက်ကို တဖတ်ဖတ်မြည်အောင် ရိုက်ခါကာ ဘေးပတ်ပတ်လည်ကို မြန်မြန်ကြည့်လိုက်သည်။ 

ထောင့်တစ်ထောင့်တွင် စုတ်ပြဲနေသော အဝတ်အစားများနှင့် ရှုပ်ပွနေသော ဆံပင်တို့ဖြင့် ရူးသွပ်နေသော အမျိုးသမီးတစ်ဦးကို လက်များတွင် သံကြိုးများ ချည်၍ ချုပ်နှောင်ထားသည်။ သူမသည် ကျန်းလော့ကို ဗလာဖြစ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူမလက်သည်းများသည် ရှည်လျား ချွန်ထက်နေကာ ချေးများဝင်ကာ မည်းနက်နေသည်။ 

အခန်း၏အနံ့အသက်သည် အလွန်ဆိုးရွားနေကာ ကြမ်းပြင်သည် အမှိုက်များပျံ့ကျဲနေသည်။ ထို့အပြင် အနက်ရောင်ပုတ်နေပြီဖြစ်သော ရွှံ့ဗွက်များလဲ ရှိနေသေးသည်။ နံရံများတွင် ရေညှိများနှင့် မှိုများရှိနေကာ မှိုများသည် ပုတ်ဆွေးပြီး အနံ့အသက်က ဆိုးရွားလှသည်။ 

ကျန်းလော့သည် အလျင်အမြန် တစ်နေရာလုံး နှံ့စပ်အောင် လိုက်ကြည့်ပြီး ရူးနေသော အမျိုးသမီးကို သေချာမြင်ရအောင် သူမဆီသို့ လျှောက်သွားလိုက်သည်။ 

အမျိုးသမီး၏ ပါးစပ်သည် အကျယ်ကြီးဟနေပြီး သူ့ကို ကိုက်ဖို့ ကြိုးစားနေသည်ကို မသိချင်ယောင်ဆောင်ကာ သူမ၏ ခြေထောက်နှင့် လက်များသည် သူ့ဘက်သို့ ဦးတည်၍ ယက်ကန်ယက်ကန်ဖြစ်နေကာ သူမသည် သွက်သွက်ခါအောင် ရူးနေပုံရသည်။ သူသည် အမျိုးသမီး၏ ညစ်ပတ်ပေပွနေသော ဆံပင်များကို မလိုက်ပြီး သူမမျက်နှာကိုဆွဲမော့လိုက်ပြီး သေချာကြည့်လိုက်သည်။ 

အမျိုးသမီး၏ မျက်နှာတစ်ဝက်သည် ဖျက်ဆီးလိုက်ကာ သူမပုံစံသည် ကြောက်စရာကောင်းနေပြီး စိတ်ပျက်ဖွယ်ကောင်းအောင် ကြည့်ရဆိုးနေသည်။ သို့သော် သူမ၏ မျက်ခုံးနှစ်ဖက်သည် ကြည့်ရတာ ရင်းနှီးနေသလို ခံစားရသည်။ 

“မင်း” 

‘မင်းဘယ်သူလဲ’ 

သူ့စကားဆုံးအောင် မပြောလိုက်နိုင်ခင် ကျန်းလော့မျက်လုံးသည် မျက်ဖြူလန်သွားကာ နောက်တစ်ခဏတွင် သူကြည့်နေသော သူမှာ ဖုန်းလီဖြစ်သွားသည်။ 

ဆိုးဝါးညစ်ညမ်းသော အနံ့ပျောက်ကွယ်သွားပြီး ရေပူစမ်းနံ့အစားထိုးသွားသည်။ ဖုန်းလီ၏ အတွင်းဝိညာဉ်နယ်မြေထဲမှ ထွက်လာပြီဖြစ်သည်။ ဖုန်းလီသည် ဘာကိုမှ သတိထားလိုက်မိပုံမရစွာ သူ့လက်ကို လွှတ်လိုက်သည်။ သိူ့သော် ရုတ်တရက် ကျန်းလော့က သူ့လက်ကို ဖမ်းဆွဲလိုက်သည်။ 

ကျန်းလော့သည် ဖုန်းလိကို သေချာကြည့်၍ လက်ကိုဆွဲထားကာ သိမ်မွေ့စွာ ပြောလိုက်သည်။ 

“ဆရာ” 

ဖုန်းလီသည် တစ်ကိုယ်လုံးကိုင်းပြီး ငုံ့နေရသည့် နေရာထိ ဆွဲသွားခံလိုက်ရသည်။ သူသည် မည်သို့ တွေးရမည်မသိ ဖြစ်သွားသော်လည်း ကျန်းလော့၏ သဘောအတိုင်း သူဆွဲခေါ်ရာသို့လိုက်၍ ကိုယ်ကို နာခံစွာ ငုံ့ပေးလိုက်သည်။ 

ကျန်းလော့၏ လှပသော မျက်နှာသည် လှပမှုနှင့်ကြည့်ကောင်းမှုတို့ ပေါင်းစပ်ထားသလို ဖုန်းလီ၏ အမြင်အာရုံကို ဖမ်းစားထားသည်။ မှင်နက်နှင့် ဆွဲထားသကဲ့သို့ မည်းမှောင်နေသော ကျန်းလော့မျက်ခုံးများပေါ်တွင် ရေစက်များ တွဲလွဲခိုနေသည်။ 

ကျန်းလော့သည် သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ဖက်မိရန် လက်မဝက်လောက်သာ လိုတော့ချိန်တွင် ဖုန်းလီကို ထပ်၍ နီးအောင်မဆွဲတော့ပေ။ သူ့မျက်လုံးထဲတွင် ဖုန်းလီတစ်ယောက်သာ ရှိသလိုမျိုး သူသည် ဖုန်းလီကို စူးစိုက်စွာကြည့်နေပြီး သူ့မျက်လုံးများသည် ရွှေရောင် အလင်းမှုန်များစီခြယ်ထား သကဲ့သို့ လင်းလက် တောက်ပနေသည်။ 

တဖြည်းဖြည်း သူ့နှုတ်ခမ်းထောင့်များသည် ကော့တက်လာပြီး ရည်ရွယ်ချက်ဆိုးများ ပေါ်လာသလို ရိပ်ခနဲ ပြုံးလိုက်သည်။ 

“ဆရာ” 

သူသည် ယဉ်ကျေးသိမ်မွေ့စွာ ပြုံး၍ လေးစားစွာ ပြောလိုက်သည်။ 

“ဆရာ့မျက်ခုံးတွေက အရမ်းကို ကြည့်ကောင်းတာပဲဗျာ” 

သူ့အပြုံးသည် ပို၍ နက်ရှိုင်းပီပြင်လာသည်။ 

အချုပ်ခံထားရသော ရူးနေသောအမျိုးသမီး..။ 

သူမသည် ဖုန်းလီ၏မိခင် ဖြစ်နေသည်။ 

‘သူမက ဖုန်းလီရဲ့ အမေပေါ့’ 

#####