Ch 146
Viewers 8k

အပိုင်း (၁၄၆)


 မကောင်းဆိုးဝါး လေပြင်းတိုက် 

ထိုအဖြေဖြေပြီးနောက် ဖုန်းလီသည် သာမန်ကာလျှံကာပြောလိုက်သည်။ 

“အချစ်ဆိုတာ စိတ်ရှုပ်ထွေးမှုနဲ့ အားနည်းချက်ဆိုတာ မင်းနားလည်ဖို့ ငါမျှော်လင့်တယ် မင်းတခြားလူတွေကြောင့် လမ်းမလွှဲသွားစေနဲ့” 

ဖုန်းလီသည် အမြဲတမ်း လူရိုးလူဖြောင့်ကြီးတစ်ယောက်ဖြစ်ပြီး အချစ်ကိစ္စများကို လုံးဝမကြိုက်သောသူ ဖြစ်သည်။ ကျန်းလော့သည် ထိုလူရိုးကြီး၏ အထာကို နပ်နေပြီဖြစ်ကာ ကျွမ်းကျင်စွာ ပူးပေါင်းပေးလိုက်သည်။ 

“ဆရာပြောတာ မှန်ပါတယ် ” 

သူ့တပည့်၏ တက်ကြွသော အဖြေကို ကြားသောအခါ ဖုန်းလီသည် ခဏလောက် တိတ်ဆိတ်သွားပြီး 

“မင်းကို လုပ်ကြံတဲ့ မိသားစုနှစ်ခုကို ထျန်းရှိဖူက ကောင်းကောင်းကြီး သင်ခန်းစာပေးပြီးသွားပြီ သူတို့မင်းကိုယ်ပေါ်ကို လက်ညှိုးတစ်ချောင်းတောင် တင်ရဲတော့မှာ မဟုတ်ဘူး” 

ကျန်းလော့သည် တိတ်ဆိတ်စွာ နားထောင်နေပြီး အထင်သေးစွာ တွေးလိုက်သည်။ 

‘မင်းခွင့်ပြုချက်မရှိရင် အရင်ကထဲက သူတို့ငါ့ကို လက်တင်ရဲမှာ မဟုတ်ဘူးကွ’ 

သို့သော် အပြင်ဘက်တွင် အလွန်ကျေးဇူးတင်နေသော ပုံဖြင့် ပြောလိုက်သည်။ 

“ဆရာ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်ဆရာ” 

“မင်းရဲ့ ယွမ်ယန်ကို ဖျက်ဆီးသွားတဲ့ မကောင်းဆိုးဝါးအတွက်ကတော့ ” 

ဖုန်းလီ၏ အသက်ရှူသံများသည် အေးစက်သွားပြီး 

“ဒင်းကို ငါကိုယ်တိုင် သတ်ပစ်မယ်” 

ဆန့်ကျင်ဘက်တွင် ဖုန်းလီသည် ချီယုံအပေါ်တွင် လေးစားမှုတချို့ရှိခဲ့သည်။ အသက်ရှင်စဉ်က ပါရမီရှင်အားလုံးကို လွှမ်းမိုးသွားသော အလွန်အရည်အချင်းရှိသည့် လူတစ်ယောက်အနေနှင့် သေဆုံးပြီးတာတောင် စွမ်းအားများ လျော့ကျမသွားသော သူကို အမြင်ကောင်းများ ရှိခဲ့သည်။ သို့သော် သူ့လေးစားမှုသည် အာဃတပြင်းထန်လွန်းပြီး စွမ်းအားအရှိန်အဝါ အလွန်ကြီးသော လက်နက်ဝိညာဉ်အဖြစ် သုံးလို့ရသော မကောင်းဆိုးဝါးကိုသာ ဖြစ်သည်၊ 

သို့သော် ချီယုံသည် ကျန်းလော့ကို ထပ်ခါ ထပ်ခါ ထိပါးလာသောအခါ မကောင်းဆိုးဝါးအကြောင်းတွေးတိုင်း လူသတ်ချင်စိတ်များ ပြင်းပြလာတော့သည်။ 

ကျန်းလော့ကို ချီယုံနှင့် ထပ်တွေ့လျှင် ခြေထောက်များ ရိုက်ချိုးပစ်မည်ဟု ပြောခဲ့ဖူးသော်လည်း ကျန်းလော့ ခြေထောက်များကို ရိုက်မချိုးခဲ့ပေ။ ဖုန်းလီသည် ကျန်းလော့ သူ့စကား နားမထောင်ခဲ့တုန်းက ခြေထောက်ချိုးမပစ်ခဲ့ခြင်းသည် ကျန်းလော့သည် သူ့အမှားသူသိပြီး မျက်ရည်လည်ရွှဲဖြင့် တောင်းပန်ခဲ့သောကြောင့် ဖြစ်သည်။ သူသည် ကျန်းလော့ကို သူ့စကားသူပြန်မှတ်မိအောင် ခြေထောက်ရိုက်ချိုးပြီး တစ်လလောက်ပိတ်ထားပြီးမှ လျန်အိမ်တော်ကို ခေါ်သွားပြီး ခြေထောက်ကို ပြန်ကုပေးဖို့ စဉ်းစားထားခြင်းဖြစ်သည်။ 

ဖုန်းလီ၏ တပည့်များကို ဂရုတစိုက်ရှိသည်မှာ အလွန်ရှားပါးသည်။ အဘယ့်ကြောင့်ဆိုသော် သူ့တပည့်ဖြစ်လာသူတိုင်းသည် စနစ်တကျ ရွေးချယ်ထားပြီး အားလုံးတွင် လက်တွေ့မလုပ်ကြဖူးကြရုံ အကုန်တတ်မြောက်ပြီးသားသူများ ဖြစ်ကြကာ သူတို့တွင် ပါရမီနှင့် အခြေခံခိုင်မာမှုများ ရှိကြကာ မျက်နှာလွှဲ၍ ရကြသည်။ 

ဖုန်းလီအတွက် သူတို့ကို အခြေခံမှစပြီး သင်ပေးနေစရာမလိုဘဲ သူတို့ကို အပြင်လောကတွင် အတွေ့အကြုံယူဖို့ စေလွှတ်ရုံသာ ရှိကာ နားမလည်တာကို ရှင်းပြပေးရင် ရပြီဖြစ်သည်။ သူ၏ ထိုတပည့်များသည် ဖုန်းလီကို ဖင်တုန်အောင်ကြောက်ကြကာ ဖုန်းလီတားမြစ်ထားသော ကိစ္စများကို မလုပ်ဝံ့ကြသလို အတတ်နိုင်ဆုံး သူ့ရှေ့မရောက်အောင်နေကြပြီး သူတို့ထံမှ ဘာအပြစ်လုပ်ထားပြီဆိုတာ မကြားရသလောက် ရှားပါးသည်။ သူတို့ကို ဖုန်းလီက ကျန်းလော့နှင့် ထူးမခြားနားစွာ ခြိမ်းခြောက်ထားသောကြောင့် သေအောင်ကြောက်ကြခြင်းဖြစ်ကြသည်။ 

ကျန်းလော့ကတော့ ဖုန်းလီကို တခြားတပည့်များနှင့်မတူစွာ အချိန်တိုင်း စိတ်ပူအောင်လုပ်နိုင်သည်။ ကျန်းလော့သည် အလွန်ပါရမီပါသော သူဖြစ်ကာ ချန်ပိ၏ လက်ထဲတွင် နှစ်နှစ်ဆယ်လောက် နောက်ကျကျန်ခဲ့ရသည်။ ဖုန်းလီသည် ကျန်းလော့ သူ့လက်ထဲရောက်လာသောအခါ အစကနေစပြီး သင်ပေးဖို့ ကြံရွယ်ထားသော်လည်း တပည့်ကောင်းလေးက မကောင်းဆိုးဝါးတစ်ကောင်ကြောင့် လမ်းလွှဲသွားကာ ဖုန်းလီကို စိတ်တိုအောင် လုပ်သွားသည်။ 

ထို့ကြောင့် ဖုန်းလီသည် သူ့ကို တခြားတပည့်များထက် ပိုအာရုံစိုက်ပေးပြီး တင်းကျပ်နေခြင်း ဖြစ်သည်။ ဖုန်းလီသည် ဘယ်တုန်းကမှ တပည့်တစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ အများကြီး သင်မပေးခဲ့ဖူးပေ။ ထို့ကြောင့် ကျန်းလော့ကို စာအုပ်များ ဖတ်ခိုင်းခြင်းနှင့် ဖူလုများ ရေးဆွဲခိုင်းခြင်းကလွဲလျှင် ဘယ်လိုသင်ရမလဲ မသိသေးပေ။ 

ကျန်းလော့ကို သူဂရုစိုက်လေ ပို၍ ထိန်းချုပ်လေဖြစ်နေသည်။ သူသည် ကျန်းလော့၏ ဝတ်စားဆင်ယင်ပုံ ဆံပင်အတိုအရှည်နှင့် နားဆွဲများအထိ အကုန်လိုက်၍ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ချင်နေသည်။ ချီယုံနှင့် ကျန်းလော့၏ တစ်ညတာကို သိပြီးနောက်တွင် သူဘယ်လိုမှ ဒီတိုင်းမနေနိုင်တော့ပေ။ 

ချီယုံသည် သေချာပေါက်သေရမည်ဖြစ်ပြီး သူ့ဝိညာဉ်ကို ပြန်ဝင်စားလို့အရအောင် အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်ဖြစ်မည်။ 

သိုသော် သူထိုသို့ပြောလိုက်ပြီးနောက် မကောင်းဆိုးဝါးနှင့် ဝေးကွာနေပြီးဖြစ်သော သူ့တပည့်သည် သူ့ဘက်လှည့်၍ သိမ်မွေ့စွာ ပြုံးပြကာ 

“ဆရာ ဆရာကိုယ်တိုင် လုပ်စရာမလိုပါဘူး” 

ခန့်ညားသော ကောင်းကင်သခင်၏ မျက်ခုံးသည် ယောင်ယောင်လေး တွန့်သွားသည်။ ဆံပင်အနက်ရောင် ကောင်လေး၏ မျက်ခုံးများသည် လောကကြီးအတွက် ဖြောင့်မတ်မှန်ကန်သော တရားမျှတမှုရှာပေးမည့် ပုံပေါ်နေကာ 

“ကျွန်တော် အခုအမှန်ကို မြင်နိုင်နေပါပြီ အခုကျွန်တော်ပြန်ကြည့်လိုက်ရင် အရင်က ကျွန်တော်က သနားစရာကောင်းပြီး ရယ်စရာကောင်းနေတာ ခံစားမိပါတယ် လောကကြီးအတွက် မကောင်းဆိုးဝါးတွေကို ရှင်းပစ်ဖို့ ကျွန်တော် နာနာခံခံနဲ့ ဖြောင့်ဖြောင့်မတ်မတ် လုပ်ဆောင်မှာပါ ဆရာ့ကို ဒီလိုကိစ္စမျိုးအတွက် ဒုက္ခမပေးချင်ပါဘူး ကျွန်တော်ပဲ လုပ်ပါ့မယ်..” 

သူ့မျက်ခုံးများသည် လေးကိုင်းသဏ္ဍာန် တွန့်ကွေးသွားပြီး သူ့နှုတ်ခမ်းများသည် အဓိပ္ပာယ်ပါပါ ပြုံးလိုက်၍ 

“သူ့ကို ကျွန်တော့လက်နဲ့ ကိုယ်တိုင်သတ်မှာပါ” 

လေတိုက်ခြင်းသည် ပြင်းသည်ထက် ပြင်းထန်လာသည်။ ထင်းပုံပေါ်တွင် အုပ်ထားသော ပလက်စတစ် တာလပတ်သည် လေပြင်းကြောင့် လွှင့်ထွက်သွားကာ ရုတ်တရက် ၎င်းကို ဖိထားသော အုတ်ခဲများ လွှင့်စင်ကျလာကာ ထိုအုတ်ခဲသည် လေပြင်းကြောင့် လွှင့်စင်သွားပြီး ဖုန်းလီ ခေါင်းတည့်တည့်ကို ဝင်တိုက်သွားသည်။ 

ဖုန်းလီသည် အချိန်မီ နောက်ဆုတ်လိုက်သည်။ အနီရောင်အုတ်နီခဲသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားပြီး အုတ်ခဲသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။ ကျန်းလော့သည် လေတိုက်ထဲတွင် ရုတ်တရက် အေးစိမ့်လာကာ 

“ဆရာ အရင်ဆုံး ပြန်ကြရအောင်ဗျာ” 

ဖုန်းလီသည် မြေပြင်ပေါ်မှ အုတ်ခဲကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက်တောင်ပေါ်တွင် လေပြင်းတိုက်လာကာ တစ်နေ့လုံး ဆက်တိုက် မရပ်တမ်းတိုက်နေသည်။ 

ထိုအချိန်တွင် တာအိုဆရာတော်ဝေ့ဟယ်သည် ယနေ့အတွက် ကျန်းလော့တစ်ယောက် အချိန်ပြည့်အောင် ရေမစိမ်ရသေးတာ သတိရသွားသည်။ လေပြင်းသည် မြေပြင်ပေါ်တွင် လေပွေကဲ့သို့ ဆက်တိုက် လှည့်ပတ်တိုက်နေသောကြောင့် ကျန်းလော့ကို ရေပူစမ်းကန်သို့ ပြန်သွားရန် ပြောလို့ မဖြစ်တော့ပေ။ 

ကျန်းလော့သည် အိမ်ထဲတွင် တစ်ယောက်ထဲ ဘာမှ လုပ်စရာမရှိသောကြောင့် ယင်ယန်လက်ကောက်မှ ရာသီခွင် ဆယ့်နှစ်ခုကို ဆင့်ခေါ်ခြင်းအား လေ့ကျင့်နေလိုက်သည်။ နဂါးမှလွဲ၍ တခြားသော ရာသီခွင်များကို ဆင့်ခေါ်ပြီးသွားလေပြီ။ မျောက်ကိုဆင့်ခေါ်၍ ပေါ်လာသည်နှင့် မျောက်သည် သူ့မုတ်ဆိတ်ကို မှုတ်၍ ကျန်းလော့ကို စိုက်ကြည့်နေပြီး ရင်းနှီးလာကာ စတင်ခုန်ပေါက်တော့သည်။ ထို့နောက် နာရီဝက်လောက်ကြာအောင် သူ့ကို လက်ညှိုးထိုး၍ စူးရှစွာ အော်ဟစ်နေပြီး သူဆင့်ခေါ်ခဲ့သော ကြက်သည်ပင် ဒီကောင့်လောက် ဆူဆူညံညံ မလုပ်ဟု ထင်မိသည်။ 

ကျန်းလော့သည် ဒီကောင်ဘာပြောနေလဲသိနိုင်ပြီး ဆိုလိုရင်းကိုလည်း နားလည်နိုင်သည်။ ထိုမျောက်သည် သူ့ကို ဆူနေခြင်းဖြစ်သည်။ 

“ပထမဆုံးဆင့်ခေါ်တဲ့ သတ္တဝါက ငါမဟုတ်ဘူးထားလိုက်တော့ ဒုတိယမြောက်ဆင့်ခေါ်တာလည်း ငါမဟုတ်ပြန်ဘူး တတိယမြောက်ကတောင် ငါမဟုတ်ဘူး မင်းမှာ နည်းနည်းမှ အမြင်မရှိတာ သိသာတယ်” 

မိနစ်တော်တော်များများကြာပြီးနောက် ကျန်းလော့၏ သေးငယ်သော အိမ်လေးသည် ဗြောင်းဆန်နေအောင် ရှုပ်ပွသွားခဲ့ပြီး ကျန်းလော့သည် နားထင်များ တဒိန်းဒိန်းမြည်အောင် ကိုက်လာကာ အမူအယာမဲ့စွာ ထရပ်လိုက်သည်။ ထို့နောက် မျောက်ကို ဖမ်းပြီး လက်ကောက်ထဲ ပြန်ထည့်ဖို့ အဆင်သင့် ပြင်လိုက်သည်။ 

မျောက်သည် ဗီရိုအမိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကာ ကျန်းလော့ကို အထင်အမြင်သေးစွာ ကြည့်နေလေသည်။ 

အကြာကြီး ပြေးတိုင်းလိုက်တိုင်း ဆော့ပြီးနောက် ကျန်းလော့သည် မျောက်ကို ယင်ယန်လက်ကောက်ထဲသို့ အောင်အောင်မြင်မြင်ပြန်ထည့်လိုက်နိုင်သည်။ ထို့နောက် အခန်းကို ပြန်ရှင်းရတော့သည်။ 

ယင်ယန်လက်ကောက်ကို ကံကြမ္မာစောင့်ရှောက်သူတို့ ပြုလုပ်ထားသည် ဆိုသော်လည်း ယင်ယန်လက်ကောက်၏ အတွင်းရော အပြင်ရော ကျန်းလော့ကိုယ်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ကံကြမ္မာစောင့်ရှောက်သူတို့က ကျန်းလော့ကို အဘယ့်ကြောင့် ဤလက်ကောက်ပေးသည်ကို မသိသော်လည်း ကျန်းလော့ကတော့ ဘယ်လိုအကြောင်းမျိုးကြောင့်နဲ့မှ ပြန်ပေးမှာ မဟုတ်ပေ။ 

ကျန်းလော့သည် နဂါးကို ဆင့်ခေါ်နိုင်မည့်ရက်ကို စိတ်ရှည်စွာ စောင့်နေသည်။ 

နေ့လည်ခင်းတွင် အနည်းငယ် စောနေသေးသောကြောင့် ကျန်းလော့သည် တရေးထပ်အိပ်လိုက်သည်။ အိပ်လို့မရအောင် စိတ်မသက်မသာဖြစ်မှုကြီးကို ခံစားနေရသောကြောင့် ကျန်းလော့သည် တစ်နာရီလောက်သာ အိပ်ပြီး ပြန်နိုးလာခဲ့သည်။ မည်သို့ပြန်အိပ်ဖို့ ကြိုးစားကြိုးစား မအိပ်ချင်တော့ပေ။ 

“အစ်ကိုကြီး”

တံခါးခေါက်သံနှင့်အတူ ခေါ်သံကိုကြားလိုက်ရသည်။ 

‘လျန်ရွှီက ဒီကိုဘာလာလုပ်တာလဲ’ 

ကျန်းလော့ အိပ်ရာပေါ်မှ ထလိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်။ လျန်ရွှီသည် အထဲဝင်လာပြီး သူမတစ်ကိုယ်လုံးကို လုံနေအောင် ထုပ်ထားကာ တုန်ယင်နေသည်။ ကျန်းလော့ တံခါးပိတ်လိုက်သည်နှင့် သူမသည် လက်ထဲမှ ပစ္စည်းများကို စားပွဲပေါ်ချလိုက်သည်။ 

ကျန်းလော့သည် သူမတင်လိုက်သော စားပွဲပေါ်မှ စာအုပ်များနှင့် မုန့်ထုပ်များကို သေချာကြည့်နေသည်။ လျန်ရွှီ၏ နှာခေါင်းထိပ်လေးသည် နီရဲနေကာ သူမဆံပင်သည် ရှုပ်ပွနေသည်။ သို့သော် သူမ၏ အပြုံးကတော့ ထုံးစံအတိုင်း သိမ်မွေ့နေဆဲဖြစ်ကာ 

“ဒီရက်တွေမှာ အစ်ကိုကြီး ပျင်းနေတာ မြင်လို့လေ ညီမ အစ်ကိုကြီးအတွက် စာအုပ်တွေ ယူလာပေးတာ” 

ကျန်းလော့သည် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းမရှိဘဲ သူမကို ပေါ့ပါးစွာ ကျေးဇူးတင်စကားပြောလိုက်သည်။ 

လျန်ရွှီသည် သူ့ကို စိတ်ဝင်တစားကြည့်ပြီး တိုးဖွဖွပြောလာသည်။ 

“အစ်ကိုကြီး အစ်ကိုကြီး ဒီရက်ပိုင်း တော်တော် ပြောင်းလဲသွားတယ်....” 

လေထန်နေသောကြောင့် ကျန်းလော့သည် လျန်ရွှီကို လက်ဖက်ရည်တစ်ခွက်လုပ်ပေးလိုက်သည်။ 

လျန်ရွှီသည် ရေနွေးခွက်ကို ယူပြီး တစ်ငုံလောက်သောက်လိုက်ကာ အပြင်ဘက်မှ လေတိုက်နေသည်ကိုကြည့်၍ 

“ဒီနေ့ရာသီဥတုကြီးက ထူးဆန်းလိုက်တာနော် အရင်က နှင်းမုန်တိုင်းတိုက်တယ် အခုကျတော့ လေပြင်းမုန်တိုင်းတဲ့ တစ်ခုပြီးတစ်ခု ဖြစ်နေတော့တာပဲ” 

ကျန်းလော့က ပြောသည်။ 

“အရင်နှစ်တွေတုန်းက နှင်းမုန်တိုင်း မတိုက်ဖူးဘူးလား” 

“မတိုက်ဖူးဘူး” 

လျန်ရွှီသည် ခေါင်းယမ်းပြ၍ 

“နှင်းတွေ အရမ်းကျတာမျိုးက ဒီနှစ်မှပဲ မြင်ဖူးတာ ညီမမွေးထဲက ဒီလိုမျိုးတွေ တစ်ခါမှ မကြုံဖူးသေးဘူး” 

ကျန်းလော့သည် ပြုံးလိုက်ပြီး 

“တွမ့်ကျီတို့သုံးယောက်ရော ဘယ်လိုနေသေးလဲ” 

လျန်ရွှီသည် သူတို့အကြောင်းပြောရင်း အကြိမ်ကြိမ်အခါ သက်ပြင်းချနေသည်။ 

“အရင်ကနဲ့ အတူတူပါပဲ ညီမနည်းလမ်းပေါင်းစုံသုံးပြီး ကြိုးစားပြီးပြီ သူတို့ကို အခုထိ မနှိုးနိုင်သေးဘူး” 

“ဘယ်လို နည်းလမ်းတွေ သုံးတာလဲ” 

ကျန်းလော့သည် အတွေးများနေသည်။ 

လျန်ရွှီသာည် ခေါင်းညိတ်ပြလိုက်ပြီး ကျန်းလော့က ထပ်မေးသည်။ 

“တာအိုဆရာတော် ဝေ့ဟယ်ရော သူတို့ကို ကုသပေးသေးလား” 

“ကုပေးတယ်” 

လျန်ရွှီ၏လေသံသည် အနည်းငယ်လေးလံနေပြီး သူမအပြုံးသည် ပျောက်ကွယ်သွားကာ 

“ညီမက ဆရာဦးလေးကို ညီမကူပေးမယ်လို့ပြောပေမဲ့ ဆရာဦးလေးက ညီမကို မကူခိုင်းဘူး၊ အခုဆို ရက်တောင် တော်တော်ကြာနေပြီ အခုထိ ဘာမှတိုးတက်မလာဘူး အစ်ကိုကြီးရယ် ဆရာဦးလေးတောင် ဘာမှမလုပ်ပေးနိုင်တော့ရင် ညီမတို့ လုပ်နိုင်တာ မရှိတော့ဘူး” 

ကျန်းလော့သည် သူ့ခွက်ထဲမှ ရေနွေးနှစ်ငုံလောက် သောက်ပြီး 

“မင်းသာ ဒီလိုလူနာမျိုးကို ကုသရတော့မယ်ဆိုရင် ဘယ်လိုကုပေးမလဲ” 

“နည်းလမ်းတွေကတော့ အများကြီး ရှိတယ် ဒါပေမဲ့ အဲဒီနည်းလမ်းတွေက အချိန်တိုင်း အလုပ်မဖြစ်ဘူးရယ်၊ ပထမဆုံး ညီမတို့ သူတို့ရဲ့ ဝိညာဉ်ကို ဘယ်လို အခြေအနေမျိုးရောက်နေလဲဆိုတာနဲ့ အရင်က ဒဏ်ရာရဖူးမရဖူး သေချာ စစ်ဆေးမယ် ပြီးရင်တော့ သွေးယူပြီး ဂါထာတွေ ရုပ်ထုတွေ အားလုံးနဲ့ ကြိုးစားလို့ရသမျှ နည်းပေါင်းစုံသုံးပြီး ကုမယ် ” 

“သွေးယူတာလား” 

ကျန်းလော့သည် ဒီတိုင်း မေးသလိုမျိုး မေးလိုက်သည်။ လျန်ရွှီက ပြုံး၍ ဩ

“နတ်ဆေးပညာရပ်မှာ အရေပြား၊ ဆံပင်နဲ့ သွေး ပြီးတော့ လူတစ်ယောက်ရဲ့ အသားတွေက အရေးပါပြီး အဓိကကျတဲ့ ပစ္စည်းတွေပဲ” 

‘ဒီတော့် သူတို့ကို ကုသရမယ်ဆိုရင် တွမ့်ကျီတို့ဆီက သွေးထုတ်ကြည့်ဖို့လိုမှာပေါ့’ 

သို့သော် ကျန်းလော့ သူတို့သုံးယောက်ကို စစ်ဆေးကြည့်တုန်းက သူတို့လက်ချောင်းထိပ်များတွင် မည်သည့်ဒဏ်ရာမှ ရှိမနေပေ။ ထိုစက္ကူလူသုံးယောက်တွင် နည်းနည်းမှပျက်ဆီးမနေပေ။ 

‘ဟုတ်သားပဲ လီရှောင်းကလည်း စက္ကူလူသားပဲဟာ’ 

ကျန်းလော့သည် သူတို့ မည်သို့ နိုးထနေသေးပြီး အသက်ရှိသည့် လူနှင့်တူနေမှန်း မသိပေ။ စက္ကူလူသားများသည် ဒီတိုင်း စာရွက်သက်သက်သာ ဖြစ်ပြီး သူတို့အရေပြားသည် ဖောင်းနေသော စက္ကူဘောလုံးနှင့်တူကာ အပ်နှင့်ထိုးလိုက်သည်နှင့် သူတို့ကိုယ်ထဲမှ လေများထွက်သွားမှာဖြစ်ကာ မည်သို့ အသွေးအသားများ ရှိနိုင်ပါမည်နည်း။ 

ဖြစ်နိုင်သည်မှာ စက္ကူလူသားများသည် အနည်းငယ် ဒဏ်ရာရသွားသည်နှင့် သူတို့၏မူရင်းစက္ကူပုံများ အဖြစ်သို့ ပြန်ရောက်သွားခြင်းဖြစ်မည်။ 

ကျန်းလော့သည် လျန်ရွှီကို အတွေးများစွာ ကြည့်လိုက်ပြီး သူမယူလာသော စာအုပ်များဆီသို့ စကားလွှဲလိုက်သည်။ လျန်ရွှီသည် သူမလက်ထဲမှ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူမစာအုပ်များအကြောင်း ကျန်းလော့ကို ဆက်တိုက်ရှင်းပြနေသည်။ ကျန်းလော့သည် သတိမထားမိဘဲ စားပွဲကို တွန်းလိုက်သော်အခါ စားပွဲအစွန်းနားမှ လက်ဖက်ရည်ခွက်သည် ကြမ်းပြင်ပေါ်သို့ မှောက်ကျသွားကာ ကွဲသွားတော့သည်။ 

“အား” 

လျန်ရွှီသည် လန့်အော်လိုက်ပြီး ချက်ချင်း ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်လိုက်ကာ အကွဲစများကို ကောက်နေသည်။ 

“အစ်ကိုကြီး ညီမတကယ်ကို စိတ်မကောင်းပါဘူး တောင်းပန်ပါတယ်နော်” 

ကျန်းလော့သည် သူမနှင့်အတူ သန့်ရှင်းရေးလုပ်လိုက်ပြီး သဘောကောင်းစွာ ပြောလိုက်သည်။ 

“ရတယ် ရတယ် မင်းသာ လက်မရှအောင်ဂရုစိုက်” 

သူ့ပါးစပ်မှ ထိုစကားများ ထွက်သွားပြီး မကြာလိုက်ပေ လျန်ရွှီ၏လက်ချောင်းထိပ်လေး ရှသွားပြီး ကြက်သွေးရောင်သွေးနီနီများ ဖြာထွက်လာသည်။ ထို့နောက်သူမသည် လက်ကို ရုတ်လိုက်ပြီး နာကျင်သွားပုံဖြင့် အသံသေးသေးလေး ထွက်လာသည်။ 

ကျန်းလော့သည် ဆေးသေတ္တာသွားယူကာ သူမကို ဆေးထည့်ပေးလိုက်သည်။ 

သူမသည် အလွန်ရှက်ရွံ့နေကာ ဆေးထည့်ပြီးသည်နှင့် အလျင်စလို ထွက်သွားတော့သည်။ 

ကျန်းလော့သည် သွေးများပေနေသော တစ်ရှူးကို အမှိုက်ပုံးထဲသို့ ပစ်လိုက်ပြီး ပွစိပွစိပြောလိုက်သည်။ 

“လျန်ရွှီက စက္ကူလူသားမဟုတ်ဘူးပဲ” 

ထိုစံအိမ်တွင် သူနှင့် လျန်မောင်နှမသုံးယောက် ချီယုံနှင့် အိမ်တော်ထိန်းယန်တို့မှလွဲ၍ ကျန်သော အရာများအားလုံးကို ကံကြမ္မာယုံသူ ကြံစည်ထားတာ ဖြစ်မှာ ကြောက်မိသည်။ 

...................

ပြတင်းပေါက်အပြင်ဘက်တွင် လေပြင်းတိုက်နေကာ ဖုန်မှုန့်များလား တကယ့်တိမ်များလား မသိရအောင် အမြင်မသဲကွဲတော့ပေ။ အစီအရင်ကို ဖျက်ဆီးပြီး တောင်ထဲသို့ ဝင်လာကထဲက သခင့်မျက်နှာသည် မှုန်မှိုင်းနေခဲ့သည်။ ကောဝူချန်သည် ချီယုံ့မျက်နှာအမူအယာကို ကြည့်ပြီး တစ်ခုခုတော့ ဖြစ်နေပြီဖြစ်ကြောင်း အာရုံရလိုက်ကာ ယောင်ယောင်လေးပြုံး၍ အကြံပေးလိုက်သည်။ 

“သခင် ကျွန်တော့်မှာ နည်းလမ်းတစ်ခုရှိတယ်ဗျ...” 

သူသည် ရှေ့တိုးလိုက်ပြီး သူ့နည်းလမ်းကို တိုးတိုးလေးပြောပြလိုက်သည်။ 

“သခင် အေးအေးသက်သာနေပြီး ဒီကိစ္စကို ကျွန်တော့်ကိုလွှဲထားလိုက်ရင် ကျွန်တော် သခင်လေးကျန်းကို သခင့်ကို အလူးအလဲ ကြွေသွားအောင် လုပ်ပေးပါ့မယ်” 

‘ငါ့ကို လုံးဝ တွယ်ကပ်ရင်းနှီးချင်လာမှာလား’ 

ကျန်းလော့၏ သူ့ကိုသာယာမှုပေးရန် အသည်းအသန်တောင်းဆိုနေမည့် ပုံကို တွေးကြည့်ပြီး မကောင်းဆိုးဝါး၏ ခြေချိတ်ထိုင်နေသော ပြောင်လက်နေသော သားရေဖိနပ်ဝတ်ထားသော ခြေတံရှည်များသည် မသိမသာ လွှဲယမ်းသွားပြီး ခေါင်းမော့၍ ချီယုံ မပီသစွာ ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။ 

သူသည် ကောဝူချန်၏ စွမ်းရည်များကြောင့် အမြဲတမ်း သက်တောင့်သက်သာဖြင့် ကိစ္စများ ပြီးဆုံးသွားတတ်သည်ကို သတိရသွားသည်။ 

“ဒါဆိုလည်း ဒီကိစ္စကို မင်းကိုလွှဲလိုက်တော့မယ်” 

#####