အပိုင်း (၁၂၄)
ကျွန်တော် မျိုချလို့မရဘူး
ချင်းယွင်နှင့် လျန်ရွှီတို့သည် သူတို့မအိပ်ခင် လိရှောင်းကို နှစ်သိမ့်ပြီး လိရှောင်းအရင် အိပ်ပျော်သွားကာမှ အိပ်ရာဝင်ဖို့ ပြင်ဆင်ကြတော့သည်။
လျန်ရွှီက ပြောသည်။
“ချင်းယွင် ငါအပြင်ဘက်ပိုင်းမှာ အိပ်လိုက်မယ်”
အပြင်ဘက်ပိုင်းသည် တံခါးနှင့် နီးပြီး အလွန်အန္တာရာယ်များသည့် ကိစ္စဖြစ်လာလျှင် အပြင်ဘက်ပိုင်းတွင် အိပ်သောလူသည် အန္တာရာယ်အများဆုံးဖြစ်သည်။ ချင်းယွင်က ပြောသည်။
“ငါပဲ အပြင်ဘက်မှာ အိပ်လိုက်မယ်”
လျန်ရွှီထပ်ပြောမှာကို မစောင့်တော့ဘဲ ကုတင်အစွန်းဘက်ပိုင်းတွင် အရင်ဦးအောင်ဝင်အိပ်လိုက်သည်။ ချင်းယွင်သည် လျန်ရွှီကို စိတ်ကြီးဝင်စွာကြည့်လိုက်၍ သတိကပ်၍ ကြက်အိပ်ကြက်နိုးသာအိပ်နိုင်သည်။ သူမကို တုကောက ညသန်းခေါင်တွင် တွေ့ဖို့ပြောထားတာကို ကိုယ့်ကိုယ်ကို သတိပေးနေပြီး အိပ်မပျော်တပျော်အိပ်နေသည်။
တုကောသည် နေ့လည်က သူမကို တစ်ခုခုပြောစရာရှိသည်ဟုပြောပြီး ညဘက်တွင် ထွက်လာရန် ချိန်းဆိုခဲ့သည်။ ချင်းယွင်သည် တုကောကို လိုက်လာသည်မှာ နှစ်နှစ်ရှိပြီဖြစ်ပြီး သူ့အရင်တွင် ကောင်လေးအများကြီးနှင့် တွဲခဲ့ဖူးသူဖြစ်သည်။ သို့သော် သူမတွင် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တစ်ခုရှိသည်။ သူမအတွက် တစ်စုံတစ်ခုကို မရလေလေ ပို၍ လိုချင်လေဖြစ်ပြီး တအားကြိုးစားသည်။ ထို့ကြောင့် တုကောက သူမကို လစ်လျူရှုလေလေ သူမအတွက် သူက ပိုဆွဲဆောင်မှုရှိလာလေဖြစ်ပြီး တုကောကို မရရအောင်လိုက်တော့သည်။
သို့သော် ချင်းယွင်သည် စိတ်အပြောင်းအလဲလွယ်သောသူတစ်ယောက်လည်း ဖြစ်သေးသည်။ စံအိမ်ပိုင်ရှင်ကို မြင်သောအချိန်တွင် သူမသည် စံအိမ်ပိုင်ရှင်ကို သဘောကျသွားခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ့ပုံစံမှာ သံသယဝင်စရာကောင်းနေသောအခါ ချင်းယွင်စိတ်သည် တုကောထံသို့ ပြန်ရောက်သွားပြန်သည်။
ထို့ကြောင့် သူမသည် တုကောနှင့် တွေ့ရန်အကြောင်းရှာနေခဲ့ပြီး တနေ့လုံးစဉ်းစားပြီးနောက် တုကောမှစပြီး ချိန်းဆိုလာသည့်အခါ အပျော်လွန်သွားတော့သည်။
ညလယ်ကြီးတွင် ချင်းယွင်သည်ရုတ်တရက် သူမကုတင်အောက်မှ “ခရက်” “ခရတ်” ဆိုသော ထူးဆန်းသည့်အသံများး ကြားလာရသည်။ သူမသည် ထိုအသံကို အာရုံမထားဘဲ လစ်လျူရှုထားသော်လည်း အသံသည် ကျယ်လောင်သည်ထက်ကျယ်လောင်လာတော့သည်။
ချင်းယွင်သည် မျက်လုံးဖွင့်၍ မျက်မှောင်ကြုတ်လိုက်သည်။ သူမမျက်လုံးဖွင့်လိုက်သည့် အချိန်တွင် အခန်းတစ်ခန်းလုံးသည် မှောင်မည်းနေပြီဖြစ်သည်။
အိပ်ရာအောက်မှအသံသည် ဆက်တိုက် မြည်နေဆဲဖြစ်ပြီး ချင်းယွင်အိပ်နေသော နေရာအောက်မှ တိုက်ရိုက်လာနေသလိုမျိုး ကြားနေရသည်။ အသံမှာ အိပ်ရာအောက်တွင် တစ်ခုခု၏ တရွတ်ဆွဲ လှုပ်ရှားနေသလို အသံမျိုးဖြစ်သည်။ ချင်းယွင်သည် ချက်ချင်း မျက်စိကျယ်သွားပြီး တစ်ဖက်လှည့်၍ လျန်ရွှီနှင့် လိရှောင်းကို နှိုးလိုက်သည်။
“လျန်ရွှီ လိရှောင်း နင်တို့ထကြဦး ကြည့်ရတာ ငါတို့အိပ်ရာအောက်မှာ မကောင်းတာ တစ်ခုခုရှိနေသလိုပဲ ............ “
ချင်းယွင်သည် လျန်ရွှီနှင့် လိရှောင်းကို အကြိမ်ပေါင်းများစွာ လှုပ်နိုးသော်လည်း သူတို့သည် အလွန်နှစ်ခြိုက်စွာ အိပ်မောကျနေပြီး လုံးဝမတုံ့ပြန်လာပေ။
ချင်းယွင်သည် သူတို့ကို မည်မျှအားကောင်းကောင်းဖြင့် တွန်းထိုးပါစေ သူမခါးများပင် နာကျင်လာအောင် လှုပ်နိုးပါသော်လည်း သူတို့က နိုးမလာပေ။ နောက်ဆုံးတွင် သူမသည် တစ်ခုခုမှားနေကြောင်း သိသွားသည်။
ချင်းယွင်သည် မျက်လုံးများပြူးပြီး ထိတ်လန့်စွာ သူတို့နားသို့ ခေါင်းငုံ့ပြီး ကြည့်လိုက်သည်။ ချင်းယွင်သည် အသက်အောင့်လိုက်ပြီး တုန်ယင်စွာ နောက်ဆုတ်သွားသည်။ ကုတင်အောက်မှ အသံသည် ကျယ်သည်ထက်ကျယ်လာပြီး ချင်းယွင်အောက်မှ ကုတင်သည် ပင့်တက်လာကာ အိပ်ရာခင်းကို တုန်ခါလာစေသည်။ သူမသည် မျက်စိပိတ် နားပိတ်လိုက်ပြီး ဖူလုကို သူမကိုယ်ပေါ်တွင် ဆုပ်ကိုင်ထားလိုက်သည်။
“ငါမမြင်ဘူး မမြင်ဘူး ဘာမှမမြင်ဘူး.........”
ရုတ်တရက် သူမဆံပင်ကို ဘေးမှလူက ဆောင့်ဆွဲလိုက်ရာ ချင်းယွင်၏ ဦးရေပြားသည် စူးစူးရှရှနာကျင်သွားသည်။ ချင်းယွင်သည် ကြောက်လန့်မှုနှင့် နာကျင်မှုတို့ကြောင့် စိတ်ခံစားမှုပြင်းထန်လာကာ အော်ပစ်လိုက်သ◌ည်။
“လျန်ရွှီ လိရှောင်း ငါ့ဆံပင်ကို မဆွဲနဲ့လို့”
သို့သော် ချင်းယွင်သည် ပြောပြီးမှ ရှုပ်ထွေးသွားသည်။
‘လျန်ရွှီနဲ့ လိရှောင်းက အခုထိ အိပ်နေတုန်းပဲကို ဒါဆို ငါ့ဆံပင်ကို ဘယ်သူဆွဲနေတာလဲ’
သူမသည် တံတွေးမျိုချလိုက်ပြီး နောက်လှည့်ကြည့်လိုက်ရာ သွေးစွန်းနေသော လက်တစ်စုံသည် သူမဆံပင်များကို မြဲနေအောင် ဆွဲထားသည်ကို မြင်လိုက်ရသည်။
“အား”
ချင်းယွင်သည် အော်ဟစ်လိုက်ပြီး အိပ်ရာပေါ်မှ ပြုတ်ကျသွားကာ နာကျင်သွားရသည်။ သူမသည် ရုတ်တရက် ကုတင်အော်ကသို့ကြည့်လိုက်မိသည်။ ကုတင်အောက်တွင် ရွှံ့များပေနေသော ခေါင်းနှင့် ပြတ်နေသော ခြေထောက်နှစ်ချောင်းသည် တရွတ်ဆွဲ တွားသွားနေသည်။
ချင်းယွင်၏ လှုပ်ရှားမှုကို သတိထားမိသွားသောအခါ ခေါင်းပြတ်နှင့် ခြေပြတ်နှစ်ချောင်းသည် ချင်းယွင်ဆီသို့ ဦးတည်၍ လျောလာကြသည်။ ခေါင်းပြတ်၏ မျက်နှာပေါ်မှ အမူအယာသည် ကြောက်လန့်မှုနှင့် အပြစ်တင်မှုများ ရောနှောနေကာ ချင်းယွင်ကို အဖြူရောင် မျက်ဆံများဖြင့် စိုက်ကြည့်နေသည်။
ထိုခေါင်းပြတ်သည် တွမ့်ကျီ၏ခေါင်းဖြစ်သည်။ ချင်းယွင်သည် သူမ၏ကလီစာများ အေးခဲသွားသလို ခံစားရကာ အားတင်း၍ မတ်တပ်ရပ်ပြီး တုန်ယင်နေသော ခြေအစုံဖြင့် အခန်းအပြင်သို့ ထွက်ပြေးတော့သည်။ သစ်သားတံခါးသည် ဝုန်းခနဲပွင့်သွားပြီး ချင်းယွင်သည် သူမတစ်ဘဝလုံးစာ အားအင်များကို ခြေထောက်မှာထည့်၍ အသားကုန်ပြေးတော့သည်။
အတော်ဝေးဝေးထိပြေးပြီးနောက် ကတိုက်ကရိုက်နောက်လှည့်ကြည့်လိုက်သည်။ ထိုခြေပြတ်နှစ်ချောင်းသည် သူမနောက်သို့ ဆက်လိုက်နေဆဲဖြစ်သည်။
ချင်းယွင်သည် ငိုချမိတော့မတတ်ပင် သူမသည် အရှိန်ကို လုံးဝမနှေးရဲပေ။
‘ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ’
‘ငါမသေလောက်ပါဘူးနော် ငါမသေချင်ဘူး’
‘ကျန်းလော့ ဘယ်မှာလဲ’
‘ကျန်းလော့ဆီသွားရမယ် သူဆိုရင် ငါ့ကို ကယ်နိုင်မှာ’
‘ကျန်းလော့က ငါ့ကိုဘာလို့ သုံးမရတဲ့ ဖူလုကြီး ပေးလိုက်တာလဲ’
ထိုအချိန်တွင် ချင်းယွင်သည် ကျန်းလော့ကို အနည်းငယ်အပြစ်တင်မိသည်။ သို့သော် သူမအပြစ်တင်မိဆုံးသူမှာ တွမ့်ကျီဖြစ်သည်။
‘တွမ့်ကျီဆိုတဲ့ကောင် ဘာလို့အဲ့လိုအကြံကိုမှ ပေးရတာလဲ’
‘ညဆယ့်နှစ်နာရီမှန်ထကြည့်ခိုင်းလို့ ဖြစ်ရတာ’
အကယ်၍ တွမ့်ကျီကြောင့်သာမဟုတ်ခဲ့လျှင် သူတို့ မှန်လောကထဲသို့ ဆွဲသွင်းခံရမှာ မဟုတ်ဟု တွေးနေပုံရသည်။ အစောတုန်းကထိ တွမ့်ကျီအတွက် ဝမ်းနည်း၍ ငိုကြွေးနေခဲ့သော ချင်းယွင်သည် စိတ်တိုမှုများသာ ရှိတော့သည်။
‘သေပြီဆိုလည်း သေပြီပေါ့ ငါ့နောက်ကို ဘာလို့လိုက်နေရတာလဲ’
ချင်းယွင်သည် ရေကန်နားထိ အမောတကောပြေးလာပြီး ပြေးရင်းအားကုတ်လာတော့သည်။ ထိုအချိန်တွင် သူမသည် ရုတ်တရက် အမှောင်ထဲတွင် သူမနှင့် ရင်းနှီးနေသော ပုံရိပ်ကို မြင်လိုက်ရသည်။ သူမသည် ထိုပုံရိပ်၏ မျက်နှာကို မမြင်ရသေးလျှင်ပင် ချင်းယွင်သည် ထိုသူမည်သူမှန်း ချက်ချင်းသိသည်။ ပုံရိပ်သည် တုကောဖြစ်သည်။ ညနေတုန်းက တွေ့ဖို့ ချိန်းဆိုထားသောကြောင့် ရောက်နေပုံရသည်။
ချင်းယွင်၏ မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် တောက်ပလာပြီး အော်ခေါ်လိုက်သည်။
“တုကော ငါဒီမှာ ငါ့ကိုလာကူပါဦး”
တုကောသည် ရပ်သွားပြီး ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမောက်ကြည့်တော့သည်။ အသံလာရာကို သေချာမတွေ့သည့်အလား ဟိုကြည့်သည်ကြည့် လိုက်ကြည့်နေသည်။
ချင်းယွင်သည် ပို၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ငါဒီမှာ တုကော”
တုကောသည် ချင်းယွင်၏ အသံကိုကြားရပြီး အရိပ်ထဲမှ ချင်းယွင်ဆီသို့ လျှောက်လာသည်။ ချင်းယွင်သည် အလွန်ပျော်နေသောကြောင့် ညနက်နက်တွင် မြူများပုံမှန်မဟုတ်စွာ ရစ်သိုင်းနေသည်ကို သတိမထားမိပေ။
ရေကန်အစွန်းနားတွင် မြူများဆိုင်းနေပြီး ကွေ့ကွေ့ကောက်ကောက် ရှိနေသော သစ်ပင်ကြီးများ၏ အရိပ်တို့ကြောင့် ခြောက်ခြားဖွယ်ကောင်းနေသည်။
ချင်းယွင်သည် ခြေလှမ်းဖြေးဖြေးသာလှမ်း၍ သစ်ပင်အရိပ်များထဲသို့ စိတ်တင်း၍ လျှောက်ဝင်သွားသည်။ တုကောသည် ရုတ်တရက်ကြီး မြူများကို ဖြတ်၍ သူမရှေ့တည့်တည့်သို့ ရောက်လာသောအခါ သူမအနည်းငယ်ထိတ်လန့်သွားရသည်။
တုကောသည် သူမကို စိုးရိမ်စွာ ကြည့်သည်။
“ချင်းယွင် မင်းဘာတွေများ ကြုံလာတာလဲ”
ရင်းနှီးနေသော တစ်စုံတစ်ယောက်ကို မြင်လိုက်ရ၍ ချင်းယွင်၏အကြောက်တရားသည် ချက်ချင်းလွင့်စင်သွားသည်။ သူမသည် တုကောကို ပြေးဖက်လိုက်သည်။
“တုကော တွမ့်ကျီက ငါ့ကိုလာခြောက်တယ်”
“တွမ့်ကျီလား”
တုကောမျက်နှာသည်ပို၍ပင် ရှုပ်ထွေးနေဟန်တူသည်။
သူမကို မယုံသည့်အတို်ငးပင် ချင်းယွင်သည် သူ့ကို မော့ကြည့်လိုက်ပြီး အနောက်ဘက်ကို လက်ညှိုးထိုးပြကာ
“ကြည့် အဲ့မှာ သူ့ခြေထောက်တွေ ငါ့နောက်လိုက်နေတာ ............... ”
သူမစကားလုံးများသည် ရုတ်တရက်ပြတ်တောက်သွားပြီး ပွစိပွစိရွတ်လိုက်သည်။
“ဘာလို့မရှိတော့တာလဲ”
တုကောသည် သူမနောက်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်၍ မေးသည်။
“ချင်းယွင် မင်းမှားမြင်ခဲ့တာ မဟုတ်ဘူးလား”
“မဖြစ်နိုင်တာ”
ချင်းယွင်သည် စိတ်လှုပ်ရှားစွာ သူ့လက်ကို လှမ်းဆွဲလိုက်ပြီး
“ငါမှားတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး တုကော ငါ့ကိုယုံပါဟာ အဲ့တာ တကယ်ကြီးတွမ့်ကျီလို့ သူပြန်လာတာလို့”
တုကောသည် ဆက်ဆတ်ထိမခံနိုင်သလို သူမလက်ကို ရှောင်လိုက်သည်။ ချင်းယွင်သည် ထူးဆန်းသည်ဟု မခံစားရဘဲ အသနားခံနေသည်။
“တုကော ငါ့ကိုယုံပါဟာ တကယ်ကြီးငါမှားမြင်တာမဟုတ်ဘူး ငါတကယ်မြင်ခဲ့တာ စိတ်ခြောက်ခြားတာမဟုတ်ဘူး ............ တွမ့်ကျီက တကယ်သရဲဖြစ်လာတာလို့ ဒီနေရာကြီးက အရမ်းကြီးကြောက်စရာကောင်းတာပဲ”
စကားအဆုံးတွင် သူမသည် ခြောက်လှန့်လာသည်။
တုကောသည် သက်ပြင်းချလိုက်သည်။
“ငါမယုံဘူးလို့မပြောပါဘူး ငါတို့ပြောဖို့လုပ်ထားတဲ့ ကိစ္စအရင်ပြောရအောင်”
ချင်းယွင်သည် အင့်ခနဲ့ ရှိုက်၍ ခေါင်းညိတ်လိုက်ပြီး သူမသည် အနည်းငယ်တည်ငြိမ်လာကာ တုကောနှင့် အတူ ရေကန်နားသို့ လျှောက်သွားကြပြီး သူမကြုံခဲ့ရသည့်အဖြစ်အပျက်ကို အသေးစိတ်ပြောပြလိုက်သည်။
တုကောသည် တစိမ့်စိမ့်တွေးတောနေပြီး
“မင်းနဲ့အတူဖူလုယူလာသေးတာလား”
ချင်းယွင်သည် ဖူလုပေါ်တွင် ယုံကြည်မှုမရှိတော့သောကြောင့် အဝါရောင်အဆောင်စာရွက်ကို သူမအင်္ကျီရင်ဘက်ထဲမှ ဆွဲထုတ်ပြလိုက်ကာ
“ငါ ဒါကို သေချာကိုယ်ပေါ်မှဆောင်ထားတာ ဒါပေမဲ့ တစ်စက်လေးမှအသုံးမဝင်ဘူး ငါသာမြန်မြန်နိုးမလာရင် သေပြီးနေလောက်ပြီ”
တုကောသည် သူမလက်ထဲမှ အဝါရောင်အဆောင်စာရွကိကို စက္ကန့်အနည်းငယ်ကြာအောင် ကြည့်လိုက်ပြီး
“မင်း တစ်ချိန်လုံး ဒါကြီးဆောင်ထားတာလား”
“နင်လည်းဆောင်ထားတယ်မဟုတ်ဘူးလား”
ချင်းယွင်သည် သိချင်စွာ မေးလိုက်သည်။
“ကျန်းလော့က ဒီအဆောင်တွေရေးတုန်းက အမြဲဆောင်ထားဖို့ပြောတယ်လေ သူပြောတာ အဆောင်က မကောင်းဆိုးဝါးကို မောင်းထုတ်နိုင်တယ်တဲ့ အဲ့ဒါကြောင့် ငါလည်းတစ်ချိန်လုံးဆောင်ထားတာ”
“ငါအပြင်ထွက်လာတော့ ယူလာဖို့မေ့သွားတယ်”
တုကောသည် အနည်းငယ်တွေဝေနေပြီး ရှင်းပြလိုက်သည်။
“ချင်းယွင် မင်းတကယ်ပဲ ဒီအဆောင်က မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်တယ် ထင်လား”
ချင်းယွင်သည် ဖူလုကို ဆုပ်ကိုင်၍
“အဲ့တာက တကယ်ပဲ မကောင်းဆိုးဝါးတွေကို ရှင်းပစ်နိုင်တယ်ဆိုရင် တွမ့်ကျီက ဘာလို့ငါ့ဆီမလာတာလဲ”
“ငါအပြင်ကို ဖူလုမပါဘဲ ထွက်လာတာ ဒါပေမဲ့ ဘာမှမဖြစ်လာဘူး”
တုကောက ပြောသည်။
“ပြီးတော့လည်း တခြားဘယ်သူကမှလည်း ဘာမှမဖြစ်ဘူး ဒါပေမဲ့ မင်းဆီမှာတော့ ဒီလို...............”
ချင်းယွင်သည် သူပြောချင်တာကိုလွယ်လွယ်ပဲ သဘောပေါက်သွားသည်။
“တုကော နင်ဘာပြောချင်နေတာလဲ”
တုကောက တိုးတိုးလေးပြောလိုက်သည်။
“ဒီအဆောင်က မကောင်းဆိုးဝါးပြေးအောင်လုပ်နိုင်တဲ့ အဆောင်လို့ထင်လား ဒါပေမဲ့ အဲ့လိုမဟုတ်ဘဲ သရဲတွေကို ဆွဲဆောင်နေတဲ့ အဆောင်ဖြစ်နေရင်ရော”
ချင်းယွင်သည် ကြောက်လန့်သွားသည်။
“နင်ဘာတွေပြောနေတာလဲ”
“ငါလည်း ကျန်းလော့ လျန်ရွှီနဲ့ တခြားသူတွေကို သံသယမဝင်ချင်ပါဘူး ဒါပေမဲ့ တွမ့်ကျီ မနေ့ညက သေသွားတယ် ပြီးတော့ ဒီညမှာလည်း မင်းက သေလုနီးပါးပဲ ငါတို့လေးယောက်က သေချာပေါက် အသတ်ခံရမဲ့ ပစ်မှတ်လိုဖြစ်နေတာ”
တုကောက မေးခွန်းထုတ်သည်။
“တကယ်ပဲ ဒါတွေကို တိုက်ဆိုင်တာလို့ ထင်လား ငါအခု ဖူလုယူမလာဘူး ဒါပေမဲ့ ငါဘာမှမကောင်းတာ မကြုံခဲ့ရဘူး ဘာလို့လဲဆိုတော့ အဲ့ဒီအဆောင်က ငါတို့ကို ကာကွယ်မဲ့အဆောင်မဟုတ်ဘူးလို့ သံသယရှိလို့ မဆောင်ထားတာ အေး ကျန်းလော့က သရဲတွေကို ဆွဲဆောင်မဲ့ အဆောင်ကိုငါတို့အတွက် ဆွဲပေးလိုက်တာလို့ ထင်တယ်”
ချင်းယွင်သည် ကျောတပြင်လုံး ကျဉ်ခဲအေးစက်လာကာ သူမသည် တုကောနား အနည်းငယ်နီးကပ်လာပြီး သူမအသံသည် တုန်ခါနေကာ
“ဒါပေမဲ့ သူက ဘာလို့ ဒီလိုလုပ်ရမှာလဲ”
တုကောသည် လေးနက်စွာ ပြောသည်။
“သူက ငါတို့ကို ငါးစာလုပ်ပြီး မကောင်းဆိုးဝါးထွက်လာအောင် မျှားမလို့နေမှာပေါ့”
ချင်းယွင် ထိုအကြောင်းကို တွေးကြည့်လေ ဖြစ်နိုင်ခြေရှိလေ ဟု တွေးမိလာလေဖြစ်သည်။ သူမလက်ထဲမှ ဖူလုကို သားရဲကြီးတစ်ကောင်လို ငုံ့ကြည့်လိုက်သည်။ သူမမျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားပြီး သူမသည် ဖူလုကို အပိုင်းပိုင်းအစစ စုတ်ဖြဲပစ်ကာ ရေကန်ထဲသို့ ပစ်ထုတ်လိုက်သည်။
“ငါသူ့ကို ဒီလိုလုပ်ခွင့် မပေးနိုင်ဘူး”
တုကောသည် ဖူလုအပိုင်းအစများ ရေကန်ထဲသို့ ပြန့်ကျဲသွားတာကိုကြည့်၍ ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“ဖူလုကို စွန့်ပစ်လိုက်တာနဲ့ မင်းလုံခြုံသွားလိမ့်မယ်”
ချင်းယွင်သည် သူတစ်ခုခုမှားနေကြောင်း သတိမထားမိဘဲ အံကြိတ်၍ ပြောသည်။
“မနက်ထိစောင့်တာပေါ့ ငါသူ့ကို ဒီအကြောင်းတည့်မေးမှာ ငါတို့ကို ဘယ်လိုတောင် ဓားစာခံအဖြစ်သုံးရက်နိုင်ရတာလဲ ငါတို့ စင်းတီတုံးပေါ်က ငါးမဖြစ်ခင်သိလိုက်ရလို့တော်သေးတယ်”
တုကောသည် ချင်းယွင်နားသို့ လျှောက်သွားပြီး နောက်တွင် ချင်းယွင်ပုခုံးပေါ်သို့ လက်တင်လိုက်ကာ နွေးထွေးစွာ ပြောလိုက်သည်။
နောက်မှ အဲ့အကြောင်းပြောတာပေါ့ကွာ အခု အရေးကြီးတာ အရင်လုပ်ရအောင်“
ချင်းယွင်သည် မထိန်းနိုင်စွာ ရှက်သွေးဖြာသွားသော်လည်း အနည်းငယ် သက်တောင့်သက်သာ မဖြစ်စွာ ပြောလိုက်သည်။
“တုကော နင်အရမ်းအေးနေတယ်”
“ဟုတ်လား”
တုကောက ပြောသည်။
“အပြင်ဘက်က အေးလို့ထင်တယ်”
ရုတ်တရက် သူတို့ဘေးမှ အသံတစ်ခု ကြားလိုက်ရသည်။
“ချင်းယွင်”
ချင်းယွင်သည် နောက်လှည့်ကြည့်လိုက်ရာ မြူများကြားမှ ဖြေးဖြေးချင်း လမ်းလျှောက်ထွက်လာသော ကျန်းလော့ကိုမြင်လိုက်ရသည်။
သူ့အကြည့်အောက်တွင် ချင်းယွင်သည် အချက်ပေးသံများ ကြားလိုက်ရသလို ထိတ်လန့်သွားသည်။ သူမသည် ကျန်းလော့ကို အနည်းငယ်ကြောက်လန့်နေကာ ဟန်ပင်မဆောင်နိုင်စွာ တုကောနောက်သို့ ဝင်ပုန်းလိုက်မိသည်။
‘ဟုတ်တယ် တုကော ဒီမှာရှိတယ်’
ချင်းယွင်သည် ချက်ချင်း သတ္တိရှိလာပြန်သည်။ သူမသည် ကျန်းလော့ကို လှမ်းကြည့်၍ ရက်စက်စွာ ပြောသည်၊။
“ငါမသေသေးလို့ ဒီကို ကွက်လပ်ဖြည့်ဖို့ လိုက်လာတာလား”
“ဘာကိုဆိုလိုတာလဲ”
ကျန်းလော့သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့အကြည့်သည် တုကော၏ မျက်နှာဆီသို့ ရောက်သွားသည်။
ချင်းယွင်သည် နှာမှုတ်လိုက်ပြီး
“ငါတို့အားလုံးသိပြီးပြီ ဒါတောင် နင်ဟန်ဆောင်နေဦးမှာလား”
ကျန်းလော့သည် သူမစကားများကို စိတ်ထဲမထားဘဲ ပြောလိုက်သည်။
“ဒီကိုလာခဲ့ နင့်နောက်က တုကောက လူဟန်ဆောင်ထားတဲ့ သရဲတစ်ကောင်ပဲ”
ချင်းယွင်သည် မျက်မှောင်ကြုတ်လိုက်ပြီး
“မဖြစ်နိုင်တာတွေ”
သူမသည် ကျန်းလော့ကို ချိန်ကိုက်ဗုံးတစ်လုံးလို စိုက်ကြည့်နေသော တုကောကို ပြန်လှည့်ကြည့်လိုက်သည်။
“ချင်းယွင် ဒီလူက မင်းကိုသတ်ဖို့ကြံစည်နေတဲ့ သရဲဖြစ်ဖို့ များတယ် ဒီကောင်က ငါတို့ကို ကျန်းလော့ယောင်ဆောင်ပြီး ငါတို့ကို သွေးကွဲအောင်လုပ်နေတာ သူ့စကားတွေကို မယုံလိုက်နဲ့”
“ငါသိပါတယ်”
ချင်းယွင်က ပြောသည်။
“ငါသူ့စကားတွေကို မယုံတော့ပါဘူး”
ဆံပင်အနက်နှင့်လူငယ်လေးသည် သူမသူ့ကို မယုံကြည်သည့်စကားများပြောနေသော်လည်း တည်ငြိမ်နေဆဲဖြစ်ကာ ချင်းယွင်ဘာကိုရွေးရွေး ဝင်စွက်ဖက်မည့်ပုံမပေါ်ပဲ ပုံမှန်အသံအေးအေးဖြင့် ပြောသည်။
“မင်းပုခုံးကိုကိုင်ထားတဲ့ သူ့လက်တွေက အေးစက်နေတယ်မလား သူ့အသားအရည်ကလည်း အလောင်းကောင်တစ်ကောင်လို မာကြောနေတယ်မလား”
သူပြောလိုက်သည့် စကားတစ်ခွန်းစီတိုင်းသည် ချင်းယွင်ကို မယုံနိုင်စွာ တောင့်တင်းသွားစေသည် ။
‘ကျန်းလော့ပြောတာ အားလုံးမှန်နေတယ်’
တုကောသည် သောကရောက်စွာ ပြောသည်။
“ချင်းယွင် သရဲတစ်ကောင်ရဲ့ အရူးလုပ်မခံနဲ့ ငါ့အသားအရည်အေးစက်နေတာက ငါအတွင်းမှာ အဝတ်ဝတ်မထားလို့”
ကျန်းလော့က ပြောသည်။
“ဒါဆိုလည်း ချင်းယွင် ငါမင်းကို ပေးထားတဲ့ အဆောင်ကို ဖြဲပစ်အောင် သူမင်းကို တွန်းအားပေးတာလား မင်းဖူလုကို ဆွဲဖြဲလွင့်ပစ်လိုက်မှ သူမင်းနားကပ်လာရဲတာမလား ဘာလို့လဲဆိုတော့ ငါ့အဆောင်က သရဲတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်လို့ပဲ သူတို့နင့်ကိုသတ်ချင်ရင် နင်ဖူလုကို စွန့်လွတ်အောင် နည်းမျိုးစုံနဲ့ ဖြားယောင်းမှ ရမယ် ဒီလိုနည်းမျိုးသုံးပြီး နင့်ကိုသတ်ဖို့လုပ်နေတာ”
ချင်းယွင်သည် တုန်ယင်လာသည်။ သူမတစ်ကိုယ်လုံးသည် ရေခဲရေများလောင်းချခံလိုက်ရသလို အေးစက်လာသည်။
သူမလည်ပင်းသည် တောင့်တောင့်ကြီးဖြစ်နေပြီး သူမသည် တုကောကို ဖြေးညှင်းစွာ လှည့်ကြည့်၍ ရုတ်တရက် နောက်ဆုတ်ကာ သူနှင့် ဝေးဝေးသို့ သွားလိုက်သည်။
တုကောမျက်နှာသည် ဖြေးဖြေးချင်း မာကျောခက်ထန်လာပြီး လူသားမျက်နှာသည် ရက်စက်မှုနှင့် ခက်ထန်လာသည်။
မည်သူ့ကိုမျှ မယုံကြည်တော့သော ချင်းယွင်သည် သစ်ပင်တစ်ခု၏ ပင်စည်နောက်သို့ ဝင်ပုန်း၍ သူတို့နှစ်ယောကို ကြောက်လန့်စွာ ကြည့်လိုက်သည်။ သူမ ပင်စည်နောက်သို့ ဝင်ပုန်းလိုက်သည်နှင့် ကျန်းလော့သည် သူ့ရှေ့တွင် စည်းတစ်ခုတားလိုက်သည်။
“ကဲ ဒီမှာ တခြားသူစိမ်းမရှိတော့ဘူးဆိုတော့ မင်းက ငါတို့ရှာနေတဲ့ မကောင်းဆိုးဝါး ဟုတ်မဟုတ် ကြည့်ကြတာပေါ့”
“နေဝင်တရီရောအချိန် လေပွေနှိုးထလာစေ”
တုကောသည် ထွက်ပြေးဖို့ ကြိုးစားလိုက်သော်လည်း နောက်တစ်ခနတွင် ဓားကဲ့သို့ လေပွေများကြောင့် အပိုင်းပိုင်းအစစပြတ်ထွက်သွားသည်။ ချင်းယွင်သည် ထိုမြင်ကွင်းကို ကြည့်၍ “အား”ခနဲ အော်မိသွားကာ ချက်ချင်း ပါးစပ်ကိုလက်နှစ်ဖက်ဖြင့် ပိတ်လိုက်သည်။
သို့သော် ပို၍ အေးခဲသွားစေမည့် မြင်ကွင်းမှာ တုကောသည် အသားများစုတ်ပြဲသွားပြီးနောက် နှင်းအပုံလိုက်ကြီးအဖြစ် ပြောင်းလဲသွားသည့် မြင်ကွင်းဖြစ်သည်။
လေတိုက်ရပ်သွားသည့်အချိန်တွင် တုကော၏ အရိပ်အယောင်ကို လုံးဝမတွေ့ရတော့ဘဲ ညစ်ပတ်နေသော နှင်းထုကြီးတစ်ခုကိုသာ မြေပြင်ပေါ်တွင် တွေ့လိုက်ရသည်။ ကျန်းလော့သည် ထိုနားသို့ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ နှင်းများကို ယူကြည့်လိုက်သည်။ နှင်းများသည် လက်ထဲတွင် အရည်ပျော်ကျသွားသည်။
“နှင်းတွေတဲ့လား............ အံ့ဩစရာပဲ”
ထိုစကားပြောပြီးသည်နှင့် ကျန်းလော့သည် အနက်ရောင်အရိပ်တစ်ခုကို မျက်လုံးထောင့်မှ ရိပ်ခနဲ မြင်လိုက်ရသည်။ ဘေးကိုကြည့်လိုက်သောအခါ အနက်ရောင်အရိပ်သည် သူနှင့် ဝေးရာသို့ ထွက်ပြေးသွားမှန်း သိလိုက်ရသည်။ ထိုပုံရိပ်သည် သူတောင်းစား၏နောက်ဆုံးအကြိမ်မြင်ခဲ့သော မကောင်းဆိုးဝါးနှင့် တစ်ထပ်တည်းနီးပါးတူနေသည်။ ကျန်းလော့သည် နှုတ်ခမ်းသပ်လိုက်ပြီး မတ်တပ်ရပ်၍ ပြောလိုက်သည်။
“နောက်ဆုံးတော့.....”
သူသည် အနက်ရောင်ပုံရိပ်နောက်သို့ လိုက်သွားသည်။ ချင်းယွင်သည် ထိုနေရာတွင် အေးခဲပြီးကျန်ခဲ့ရာမှ တုန်ယင်လာပြီး ကျန်းလော့နောက်သို့ ပြေးလိုက်သွားတော့သည်။
ချင်းယွင်သည် ကျန်းလော့ထက် နှေးပြီး သူမသူ့ကိုရှာတွေ့သောအခါ အမောတကောဖြစ်နေပြီး ကျန်းလော့သည် ခြံဝန်းတစ်ခုအလယ်တွင် မတ်တပ်ရပ်နေသည်။
“ဒါက.............”
ချင်းယွင်သည် ဘေးဘီကို လိုက်ကြည့်လိုက်ပြီး အေးခဲသွားပြန်သည်။
“ဒါက ချီမိသားစု ဆက်ခံသူသခင်လေးရဲ့ အိမ်ဝန်းမလား”
“သေချာပြီ သေချာပြီ အဲ့ဒါသူပဲ ငါသိသားပဲ”
ချင်းယွင်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ကျန်းလော့ ချီမိသားစုရဲ့ သခင်ငယ်လေးက ငါတို့ လိုက်ရှာနေတဲ့ မကောင်းဆိုးဝါးပဲ”
ကျန်းလော့သည် ဘာမှပြန်မဖြေပဲ သူမကို ကြည့်လိုက်ကာ
“မင်းပြန်သွားသင့်ပြီ”
ချင်းယွင်သည် နှုတ်ခမ်းကိုက်လိုက်ပြီး သူ့ကို ကြည့်လိုက်ကာ သူမသည် တစ်ခုခုပြောချင်နေသည်။ သို့သော် ဘာမှပြောမထွက်သောကြောင့် ဒီတိုင်းလှည့်ထွက်လာခဲ့လိုက်သည်။
ကျန်းလော့တွင် သူစိမ်းများ၏ စိတ်ခံစားချက် အတက်အကျကို လိုက်ကြည့်နေဖို့ အချိန်မရှိပေ။ သူသည် အချိန်အကြာကြီး အမှောင်ထဲတွင် မတ်တပ်ရပ်နေသည်။ ထိုအချိန်တွင် အိမ်ထဲမှ အခန်းတစ်ခန်းသည် မီးလင်းလာပြီး အပြင်သို့ လူတစ်ယောက်ထွက်လာသည်။
ချီယုံသည် ပြီုး၍ ပြောလိုက်သည်။
“သခင်လေးကျန်း ဒီနေ့ည အိမ်ပြန်မအိပ်ချင်လို့လား”
ကျန်းလော့သည် တောင့်ခနဲဖြစ်သွားပြီး အခန်းထဲသို့ ဝင်သွားလိုက်သည်။
ချီယုံက သူ့ကို အပြင်မှာအကြာကြီး ဘာလုပ်နေခဲ့လဲ မမေးပေ။
ကျန်းလော့ကလည်း မျက်နှာလိုအားရ မရှင်းပြခဲ့ပေ။ လူနှစ်ယောက်သည် တိတ်တဆိတ် အိပ်ရာဝင်ကြသည်။ သူတို့သည် စောင်အောက်တွင် မျက်လုံးများမှိတ်၍ ငြိမ်သက်စွာ အိပ်သွားကြသည်။
ညအချိန်သည် လျင်မြန်စွာ ကုန်သွားလေသည်။
အလွန်လျင်မြန်စွာ မိုးလင်းသွားသောကြောင့် ကျန်းလော့သည် မျက်တောင်တစ်ချက်သာခတ်လိုက်ရသည်ဟု ထင်နေသည်။ သူမျက်လုံးဖွင့်လိုက်သောအခါ ချီယုံသည် အဝတ်လဲပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထို့နောက် သူသည် ပျင်းရိစွာဖြင့် တွေးမိသည်။
‘မှန်လောကကပဲ အချိန်ကုန်မြန်နေတာလား’
‘ဒါက ပုံရိပ်ယောင်လောကလား’
ကျန်းလော့သည် နောက်မှအိပ်ရာထလာသည်။ မနက်စာစားပြီးနောက် သူသည် အပြင်ဘက်သို့ လျှောက်ကြည့်ရန် ထွက်လာသည်။ ကော်ရစ်တာနားတွင် အစေခံမလေးနှစ်ယောက်သည် တိုးတိုးနှင့် စကားရပ်ပြောနေကြသည်။
“ငါကြားခဲ့တာ မနေ့ညက နောက်ထပ်လူသေပြန်ပြီတဲ့”
“ဟုတ်တယ် နောက်ထပ် နှစ်ယောက်တောင် သေတာတဲ့ဟယ် တစ်ယောက်က ငါတို့အိမ်က တုကောလို့ခေါ်တဲ့ ကောင်လေးတဲ့ နောက်တစ်ယောက်ကတော့ အပြင်က စောင့်ကြပ်သူတစ်ယောက်ပဲ ငါကြားတာတော့ စောင့်ကြပ်သူက တော်တော်အသေဆိုးတယ်တဲ့ သူ့ခေါင်းကိုဖြတ်ပြီး ဝမ်ပေါင်လမ်းပေါ်မှာ သွားထားခဲ့တာတဲ့ အဲ့တာကို စောင့်ကြပ်သူရဲ့ ခန္ဓာကိုယ်က ခေါင်းမပါပဲ မြေပြင်ကို တရွတ်ဆွဲပြီးတော့ ငါတို့အိမ်တော်ရှေ့ထိရောက်လာတာတဲ့ တစ်လမ်းလုံးသွေးတွေမှ ရဲလို့ဆိုပဲ”
“အား ဘာလို့ ငါတို့အိမ်တော်ရှေ့ကိုမှလဲဟယ် မဟုတ်သေးဘူး ခေါင်းလဲမရှိဘဲ ဘယ်လိုလုပ်ပြီး ငါတို့အိမ်တော်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရတာလဲ”
“အခု ပုကျိုးမြို့က လူတွေအကုန်လုံးက စောင့်ကြပ်သူကို သတ်လိုက်တဲ့ မကောင်းဆိုးဝါးက ချီမိသားစုကလို့ ပြောနေကြပြီ စောင့်ကြပ်သူတွေက လူသတ်သမားကို ဖော်ထုတ်ရတာဆိုတော့ သူတို့က မကောင်းဆိုးဝါးကို ငါတို့ ချီအိမ်တော်က ထွက်လာတာလားဆိုပြီး ရေးကြီးခွင်ကျယ်ချဲ့ပြီး စုံစမ်းကြတယ်လေ”
နောက်အစေခံတစ်ယောက်က ပြောသည်။
“ဒါက..........”
သူတို့သည် ကျန်းလော့ကိုမြင်သွားပြီး ကြောက်ရွံ့စွာ ခေါင်းငုံ့၍ မြန်မြန်ထွက်သွားတော့သည်။
ကျန်းလော့သည် သူတို့ထွက်သွားတာကိုကြည့်၍ ချီမိသားစုဘိုးဘေးခန်းမရှိရာဘက်သို့ ခြေဦးလှည့်သွားသည်။
ချီယုံသည် အမြဲလိုလို ဘိုးဘေးခန်းမတွင်သာ အချိန်ကုန်တတ်သည်ဟု ကြားဖူးထားသည်။ သေချာစွာပင် ကျန်းလော့ ဘိုးဘေးခန်းမနားသို့ ရောက်သောအခါ အထဲမှ ချီမိသားစု အကြီးအကဲများ၏ အသံကိုအရင်ကြားလိုက်ရသည်။
“မင်း ဒီမုန်းစရာကောင်းတဲ့သရဲကို မျိုချလိုက်စမ်း မြန်မြန်”
‘မျိုချရမယ်’
ကျန်းလော့သည် စိတ်ဝင်စားသွားပြီး ပြတင်းပေါက်နားသို့ သွားလိုက်ကာ ဘိုးဘေးခန်းမထဲကို ချောင်းကြည့်လိုက်သည်။
ဘိုးဘေးခန်းမထဲတွင် ချီယုံသည် အကြီးအကဲသုံးယောက် ထိုင်နေသော ရှေ့တည့်တည့်တွင် မတ်တပ်ရပ်နေသည်။ သူတို့လေးယောက်အပါအဝင် မူးမိုက်နေသော အလွန်နာကျည်းမှုများ အားကောင်းသည့် သရဲတစ်ကောင်လည်း ရှိနေသည်။ သရဲသည် အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ဗိုက်ပူကြီးနှင့် ဖြစ်သည်။
သူမ၏ဂါဝန်သည် စုတ်ပြဲနေပြီး သူမ၏ ပြာနှမ်းနေသော ခြေထောက်များပေါ်နေသည်။ သွေးများသည် သူမခြေထောက်များမှ စီးကျနေကာ သရဲ၏မျက်နှာသည် အစီအရင်စက်ကွင်းထဲမှ ရုန်းကန်နေသောကြောင့် ကြောက်မက်ဖွယ်ကောင်းနေသည်။
ထိုသရဲသည် ကိုယ်ဝန်ဆောင်သတို့သမီးသရဲဖြစ်သည်။
အမျိုးသမီးတစ်ယောက်သည် သူမနှင့်သက်ဆိုင်သော ပျော်ပွဲရွှင်ပွဲနေ့တွင် သေဆုံးခဲ့ရလျှင် နာကျည်းမှုအားကောင်းသည့် သရဲဖြစ်သွားတတ်သည်။ အနီရောင်ကို ဝတ်ဆင်ထားသည့်အခါ သူမသည် ကြမ်းကြုတ်သော ရက်စက်သည့် သရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ပြီးနောက် ကြင်စဦးတွင်သေဆုံးခဲ့၍ ကိုယ်ဝန်ပါရှိနေသော သရဲဆိုလျှင် အဆိုးတကာ့အဆိုးဆုံးဖြစ်ပြီး အပြစ်တင်နာကျည်းမှုသည် အလွန်သန်မာနေကာ နှိမ်နှင်းဖို့အင်မတန် ခက်ခဲမည့် သရဲမျိုးဖြစ်သည်။
အကယ်၍ ကျန်းလော့က သူသာ ဤသို့သရဲမျိုးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သေချာပေါက် ပြတ်ပြတ်သားသား လက်ဦးမှုယူကာ ထွက်ပြေးမည်ဖြစ်သည်။
မျိုးနွယ်စုအကြီးအကဲသုံးယောက်သည် အနီရောင်ဝတ်သရဲမကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်၍ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
“မင်းရဲ့ တစ္ဆေဆေးမှင်ကြောင်ကို သုံးပြီး သူမကို မြန်မြန်မျိုချလိုက်”
ချီယုံသည် အကြီးအကဲကို တိတ်ဆိတ်စွာကြည့်လိုက်ပြီး ပြတ်ပြတ်သားသားပြောလိုက်သည်။
“သူမက အရမ်းစွမ်းအားကြီးလွန်းနေတယ် ကျွန်တော့ရဲ့ တစ္ဆေဆေးမှင်ကြောင်ကို ပြင်းပြင်းထန်ထန် ဖျက်ဆီးပစ်လိုက်နိုင်တယ် ကျွန်တော် မျိုချလို့မဖြစ်ဘူး”
#########################