Ch 117
Viewers 8k

အပိုင်း (၁၁၇)


 မိုးရွာသောည 

ကျန်းလော်ကတော့ ချီယုံ့ကို တကယ့် ဆတ်ဆတ်ထိမခံနိုင်သည့် ဆယ်ကျော်သက်ကောင်လေးအဖြစ်သာ မြင်သည်။ 

အစတုန်းကတော့ ကြားရတာ ထူးဆန်းသွားသော်လည်း လျန်ရွှီသည် ချီမိသားစု၏ အစေခံအဖြစ်အလုပ်လုပ်နေသူဖြစ်သောကြောင့် ချီယုံကို သိနေသည်မှာ မထူးဆန်းပေ။ နောက်မှသာ ချီယုံက ရေကို စမ်းသပ်ချင်နေကြောင်း ကျန်းလော် သဘောပေါက်သွားသည်။ 

သူသည် လျန်ရွှီက သူ့ကို သေချာပေါက်သိသလို ကြည့်နေသည်ဟု ခံစားရသည်ဟုပြောခဲ့သည်။ သို့သော် ထိုအကြည့်ကို သူမရင်းနှီးဟု ပြောချင်တာ ဖြစ်နိုင်ပေသည်။ 

မှန်ဝင်္ကပါလောကထဲမှ ငယ်ရွယ်နေသေးတုန်း ချီယုံပင်လျှင် ဤမျှအကင်းပါးနေရာ အပြင်ဘက် ရွှမ်ရွှီလောက တစ်ခွင်တွင် ချီယုံလို ပါရမီရှင်မျိုး ထပ်မရှိနိုင်တော့ကြောင်း လူတိုင်းပြောသည်မှာ မထူးဆန်းတော့ပေ။ ကျန်းလော်သည် အနည်းငယ် အထင်ကြီးသွားပြီး တည်ငြိမ်စွာ ပြောသည်။ 

“မင်းက အိမ်တော်က သခင်လေးလေ သူမက မင်းရဲ့အစေခံ သူမမင်းကို သိနေတာ မထူးဆန်းပါဘူး” 

“ဒါလည်း ဟုတ်တာပဲ” 

ချီယုံသည် ရယ်မောလိုက်ပြီး နောက်ထပ် မေးခွန်းများ ထပ်မမေးတော့ပေ။ 

“မာဘိုရိုလမ်းမှာ စီးကရတ်ကုန်သည်တွေ ရှိတယ်တဲ့” 

ထိုလမ်းသို့ ရောက်သောအခါ ဆိုင်တိုင်းလိုလိုတွင် စီးကရတ်များ ခင်းကျင်းထားပြီး ဘူးများနှင့် လှပစွာ ထုတ်ပိုးထားသည်။ သခင်လေးချီယုံသည် ကျန်းလော်အတွက် ဈေးအကြီးဆုံး စီးကရတ်ဘူးလိုက်ကြီးကို ရက်ရောစွာ ဝယ်ပေးခဲ့သည်။ ကျန်းလော်သည် လမ်းမပေါ်မှ အကြည့်လွှဲရန် ခက်ခဲနေသည်။ မှန်ဝင်္ကပါလောကသည် ပုံရိပ်ယောင်လောကမျိုးသာဖြစ်သော်လည်း အစစ်အမှန်ဆန်လွန်းနေပြီး ကျန်းလော်သည် သူ့ကိုယ်သူ နေရာတစ်နေရာသို့ ခရီးထွက်လာရသလို ခံစားရသည်။ 

ဖြတ်သွားဖြတ်လာများသည် တကယ့်လူစစ်စစ်များ ဖြစ်နေသလို လူတိုင်းသည် ကိုယ်ပိုင်သမိုင်းကြောင်းများ ရှိနေကာ ကလေးများသည် လူအုပ်ကြားထဲ ပြေးလွှားနေသည်။ လမ်းဘေးခွေးများသည် လမ်းထောင့်များကြားတွင် ပုန်းအောင်းနေကြသည်။ 

အဝါရောင်နံရံများသည် သတင်းစာများ အကပ်ခံထားရပြီး လမ်းတလျှောက်လုံး ကျွတ်ကျွတ်ညံနေကာ ရံဖန်ရံခါ ပြဇာတ်ရုံသေးသေးလေးမှ သီချင်းသံတချို့လဲ တစ်ချက်တစ်ချက် ပျံ့နှံ့လာသေးသည်။ 

လမ်းတလျှောက်လုံးတွင် အနံ့မျိုးစုံရနေပြီး ငါးညှီနံ့လိုမျိုး အစားသောက်နံ့လိုမျိုးရနေကာ အရာရာတိုင်းသည် အစစ်အမှန်လောကထဲမှ ဈေးတန်းကဲ့သို့ပင် အသက်ဝင်နေသည်။ 

စီးကရတ်ကုန်သည်သည် ကျန်းလော်ကို စီးကရတ်ဘူးနှင့် မီးခြစ်ဘူးများ ထုတ်ပိုးပြီး လှမ်းပေးလာသောကြောင့် ကျန်းလော်သည် သူ့အိတ်ထဲသို့ ယူထည့်လိုက်ပြီး ချီယုံ့ကို ပြောလိုက်သည်။ 

“လမ်းပေါ်ကို နည်းနည်း လျှောက်သွားချင်သေးတယ်” 

ကျန်းလော်သည် ပတ်ဝန်းကျင်ကို လျှောက်ကြည့်ရင်းတွေးနေသည်။ 

‘မှန်လောကထဲကို ဆွဲသွင်းခံလိုက်ရတဲ့ လူတွေက ဒီခေတ်နဲ့ ရင်းနှီးနေမှာပဲနေမှာ ဒါပေမဲ့ ဒီလောကကို ဖန်တီးတဲ့လူက လူတိုင်းနဲ့ အဆင်ပြေမဲ့ မော်ဒန်ခေတ်ပုံစံမျိုး မတည်ဆောက်ပဲ ဒီလိုခေတ်မျိုး လုပ်ထားရတာလဲ ချီယုံရော ချီမိသားစုရောက မော်ဒန်ခေတ်မှာရှိကြတာလေ တကယ်လို့ နောက်ကွယ်ကလူက ချီမိသားစုကိုပါ ဆွဲသွင်းချင်တာဆိုရင် ဒီခေတ်ထက် မော်ဒန်ခေတ်က ပိုပြီး အစစ်အမှန်ဆန်ပြီး သက်တောင့်သက်သာရှိမှာကို’ 

‘နောက်ကွယ်ကလူက ချီမိသားစုနဲ့ ချီယုံကို ဒီခေတ်လိုနေရာမျိုးကို ပို့လိုက်တာ ဇာတ်လမ်းကို အစစ်အမှန်ဖြစ်အောင်လုပ်ဖို့ စိတ်ကူးမရှိတာသေချာတယ် ဘယ်သူကများ ဒီလိုတစ်ချိန်ထဲမှာ အခြေအနေတွေအများကြီးကို ဆွဲသွင်းထည့်ထားနိုင်မှာလဲ’ 

ကျန်းလော်သည် အတွေးနက်နေသည်မှာ မည်မျှကြာသွားသည်မသိပေ သူ့နဖူးပေါ်သို့ မိုးစက်များ လာစင်တော့မှ သတိရလာသည်။ ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ မိုးဖွဲကျနေရာမှ တဖြည်းဖြည်းသည်းထန်လာပြီး ခြောက်သွေ့နေသော မြေပြင်ကို စိုစွတ်သွားစေသည်။ 

‘မိုးရွာလာပြီ’ 

လမ်းဘေးမှ ဈေးသည်များသည် အလျင်အမြန်ပစ္စည်းများ သိမ်းဆည်းပြီး ပြေးတော့သည်။ 

“မိုးရွာနေပြီး လမ်းဖယ်ကြ” 

ဖြတ်သွားဖြတ်လာများသည် မိုးရေထဲတွင် အလျင်စလို ပြေးလွှားနေကြသည်။ အရှေ့အနောက်တောင်မြောက် လုံးဝရှုပ်ယှက်ခတ်နေအောင် ပြေးလွှားနေကြသည်။ ကျန်းလော်သည် နောက်လှည့်ကြည့်လိုက်ရာ သူတို့နှစ်ယောက် ချီမိသားစုနှင့် ဝေးရာ လမ်းဆုံးနားသို့ ရောက်နေပြီဖြစ်ကြောင်း သတိထားမိသွားသည်။ သူတို့ ပြန်ချင်လျှင် မိုးသည်းထဲတွင် မကြောက်မရွံ့ပြေးလွှားသွားမှပဲ ရပေတော့မည်။ 

ဘာလုပ်ရမှန်းမသိဖြစ်နေတုန်းမှာပင် ချီယုံသည် ကျန်းလော်ကို ရုတ်တရက်ဆွဲပြီး အရှေ့ဘက်နားသို့ပြေးသွားတော့သည်။ မိုးပေါက်များသည် ဆက်တိုက်ကျဆင်းလာနေသောကြောင့် သူတို့နှစ်ယောက်လုံး တစ်ဝက်နီးနီး စိုရွှဲနေပြီဖြစ်ပြီး ချီယုံသည် ကျန်းလောက်ို အတန်ငယ်ကျယ်ဝန်းသော ဇရပ်တစ်ခုအတွင်းသို့ ခေါ်သွားပေးသည်။ မိုးရွာသောကြောင့် မြေပြင်မှ အငွေ့များထနေကာ ပတ်ဝန်းကျင်တစ်ခုလုံး မြူဆိုင်းနေသလို ဖြစ်လာပြီး ဇရပ်အမိုးမှ မိုးရေများ တောက်လျှောက်ကျနေတော့သည်။ ဇရပ်ဘေးနားတွင် သစ်တော်သီးပင်တစ်ပင်ရှိကာ သနားစရာကောင်းစွာပင် အဖြူရောင် ပန်းရောင်ပန်းပွင့်ချပ်များ မြေပြင်ပေါ်သို့ ကျသွားပြီး ဗွက်အိုင်ထဲသို့ သက်ဆင်းသွားရသည်။ 

ကျန်းလော်သည် သူ့လက်မောင်းထဲတွင် ရေမစိုအောင် ထိန်းကိုင်လာသော စီးကရတ်ဘူးများနှင့် မီးခြစ်များကို ထိုင်ခုံပေါ်တွင် ဂရုတစိုက်တင်ထားလိုက်သည်။ ထို့နောက် သူ့ကိုယ်ပေါ်မှ မိုးရေစက်များကို ခါလိုက်သော်လည်း ခန္ဓာကိုယ် ရှေ့တစ်ခြမ်းသည် ဖိနပ်များထိပင် စိုရွှဲနေပြီး သူ့ရှေ့ပိုင်းမှ အရိုးအဆစ်များပင် မြင်နေရမတတ်ဖြစ်နေပြီ ဖြစ်သည်။ 

ကျန်းလော်သည် ဆံပင်များကို ရေညှစ်ချလိုက်ပြီး ချီယုံ့ဘက်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။ 

“သခင်လေးချီ မင်းပြောတော့ မင်းက နှစ်အတော်ကြာဖျားနာနေလို့ ပြန်ကောင်းလာဖို့ကို မနည်းကြိုးစားခဲ့ရတာဆို အခုတော့ ငါဘာလို့ ဒီတစ်လျှောက်လုံးပြေးလာတဲ့အချိန် မင်းနှေးနေတယ်လို့ မထင်မိဘူးနေရာ ဒီဇရပ်ထိဆိုရင် အနည်းဆုံး တစ်မိုင်နီးနီးရှိတာကို မင်းက အသက်ရှူသံတောင် ပြင်းမလာဘူးပဲ” 

ချီယုံက တည်ငြိမ်စွာ ပြောလိုက်သည်။ 

“ကိုယ်က တကယ်ပဲ နေကောင်းကောင်း မကောင်းသေးတာပါကွာ ဒါပေမဲ့ ကိုယ့်ကျန်းမာရေးက အရမ်းကြီး အခြေအနေဆိုးနေတာမျိုးလည်း မဟုတ်တော့ဘူးလေ ထပ်ပြောရရင် ဒီလိုအလုပ်လုပ်နေရတဲ့ လူအနေနဲ့က ခန္ဓာကိုယ်ကသာ အရေးအကြီးဆုံးပဲ မလား” 

“ဘာအလုပ်လဲ” 

ချီယုံသည် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပြီး 

“ကိုယ်တို့ အလုပ်ကိုပြောတာလား သေချာပေါက် ကိုယ်တို့က............” 

သူသည် သိုဝှက်ထားသော အပြုံးမျိုးပြုံးလိုက်ပြီး 

“သရဲတွေကို ဖမ်းပြီး လေ့ကျင့်ရေးဆင်းတဲ့ နတ်ဘုရား နတ်ဘုရားမတွေလေကွာ” 

ကျန်းလော်သည် သူ့ကို ကြည့်လိုက်ပြီး ခါးမှ မှဲ့သုံးလုံးတန်းကို သွားသတိရသွားသည်။ 

ငယ်ရွယ်သော ချီယုံသည် အန္ဆာရာယ်ရှိပြီး ရူးသွပ်နေသော ချီယုံနှင့် ဆက်ဆံရသည်ထက် ပို၍ အဆင်ပြေသည်မှာတော့ ငြင်းမရပေ။  ကျန်းလော်သည် ချီယုံငယ်လေးထံမှ သူ့မှဲ့များနှင့် ပတ်သတ်သော လျှို့ဝှက်ချက်ကို သိရနိုင်လောက်ကြောင်း တွေးမိသွားသည်။ 

ချီယုံက ရုတ်တရက်ပြောသည်။ 

“မနက်ဖြန်ဆို မင်းလက်ထပ်ပြီးတာ သုံးရက်ရှိသွားပြီနော် ကိုယ်တို့ မင်းတို့အိမ်ပြန်ရမဲ့ နေ့ရောက်ပြီ” 

ချီမိသားစုမှ တစ်ရက်လောက်ဖြစ်ဖြစ် လွတ်မြောက်သွားနိုင်သောကြောင့် ကျန်းလော်ပျော်သွားလောက်သည်ဟု ထင်ထားခဲ့သော်လည်း သာမန်လူသားလေး ကျန်းလော်အတွက် ရှားတောင့် ရှားပါး အခွင့်အရေးပေးရန် ပြောလိုက်ခြင်း ဖြစ်သော်လည်း ကျန်းလော်မျက်နှာသည် ပုံမှန်အတိုင်းပင် တစ်ချက်လေးမှ ပြောင်းလဲမသွားခဲ့ပေ။ မျက်လုံးထဲတွင် အေးစက်သွားသည့် အရိပ်အယောင်အချို့ မြင်လိုက်ရသလို ရှိသော်လည်း ချီယုံသေချာမသိလိုက်ပါ ။ 

ခနကြာသောအခါမှ ကျန်းလော်က အေးစက်စွာ ပြောလာခဲ့သည်။ 

“တကယ်ကြီးလား” 

ချီယုံသည် ကောင်လေး၏ အပြုအမူကြောင့် အနည်းငယ် စိတ်ဝင်စားသွားသည်။ 

“ကိုယ်လဲ မင်းနဲ့ ကျန်းအိမ်တော်ကို အတူပြန်မှာလေ မင်းကို ယောက္ခထီး ယောက္ခမတို့နဲ့ တွေ့ရအောင် အချိန်လေး ပေးချင်လို့” 

ကျန်းလော်သည် နှာမှုတ်လိုက်ပြီး 

“ ဘာကို ယောက္ခထီး ယောက္ခမလဲ” 

သူသည် နှာခေါင်းရှုံ့လိုက်ပြီး စကားမပြောတော့ပေ။ 

နွေဦးမှာရွာသော မိုးသည် တဖြေးဖြေးစဲလာသော်လည်း ရပ်သွားမည့်ပုံတော့ မရှိပေ။ ဇရပ်သည် မိုးလုံသည်ဆိုသော်လည်း လေးဘက်လေးတန် အပွင့်ဖြစ်သောကြောင့် နေရာတိုင်းမှ လေအေးများ လာတိုက်နေသည်။ ကျန်းလော်မိုးဖွားများကျနေသည်ကို ကြည့်ပြီး 

“ငါတို့ မိုးစဲတုန်း ပြေးကြမလား” 

ချီယုံသည် မငြင်းလာဘဲ 

“ကောင်းပြီလေ”

ပြောပြီးသည်နှင့် ကျန်းလော်သည် မိုးရေထဲသို့ ပထမဆုံးပြေးထွက်သွားပြီး ချီယုံကိုမစောင့်ဘဲ ပြေးသွားသည်မှာ ခနအတွင်း ဆယ်မီတာလောက် ဝေးသွားပြီဖြစ်သည်။ 

မိုးရေများကြောင့် စိမ်းစိုနေသည့် မြင်ကွင်းတွင် ကျန်းလော်နောက်ကျောသည် မှုန်ဝါးဝါးသာ မြင်ရတော့သည်။ ချီယုံသည် မိုးရေထဲကို ကြည့်လိုက်ပြီး မြေပြင်မှ ဗွက်အိုင်များကိုလည်း ကြည့်လိုက်သည်။ 

သူ့မျက်နှာတွင် ရွံရှာဟန်ပေါ်လာပြီး ကျန်းလော်နောက်သို့ ပြေးလိုက်သွားသည်။ 

ရှင်းလင်းစွာပင် မိုးရေထဲသို့ နောက်ကျမှပြေးထွက်သွားသော်လည်း ခနအတွင်း ကျန်းလော်ကို မှီသွားလေသည်။ ချီယုံသည် ကျန်းလော်ကို ကျော်သွားနိုင်သော်လည်း တမင်တကာ နောက်မှသာပြေးလိုက်နေပြီး သိချင်စိတ်ပြင်းပြစွာ ကျန်းလော်ကို စူးစိုက်ကြည့်နေသည်။ 

အစတုန်းတွင် ချီယုံသည် ကျန်းလော်၏ အရိုးအဆစ်များကိုသာ ကြည့်နေပြီး ထိုသူ့ထံတွင် ဘာများထူးခြားသည့်အရာ ရှိနေသေးလည်း သိချင်လာသည်။ သို့သော် တဖြည်းဖြည်း ကျန်းလော်တစ်ကိုယ်လုံး မိုးရွှဲသွားသောအခါ မိုးရေများကြောင့် ကျန်းလော်၏ အရိုးအဆစ်များနှင့် တောင့်တင်းသော ခြေတံလက်တံများ ပိန်ပါးသော ခါးသွယ်သွယ်များကို ပြေးနေရင်း မြင်လိုက်ရသည်။ 

သူ့အာရုံစိုက်မှုသည် ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ ငယ်ရွယ်ခြင်းသည် သူ့အတွက်ဂုဏ်သရေရှိသည့် အရှိန်အဝါတစ်ခုဖြစ်သည်။ ထိုကဲ့သို့ ငယ်ရွယ်မှု၏ ဂုဏ်သရေကို မိုးရေထဲတွင် မျက်မြင်တွေ့ရမည်ဟု သူမမျှော်လင့်ထားတာတော့ သေချာသည်။ အမှည့်လွန်၍ ပုတ်သိုးတော့မည့် ချိုမြမြအနံ့ထွက်နေသော အမှောင်ထဲမှ အနီရောင် သစ်သီးတစ်လုံးလိုပင် သူ့အာရုံကို လမ်းလွှဲအောင် ဆွဲဆောင်သွားနိုင်သည်။ 

‘ယောက်ျားတစ်ယောက်၏ခါး သူ့ပေါင်တံတွေ သောက်သုံးမကျတဲ့ အတွေးတွေ ခေါင်းထဲက ထွက်စမ်း’ 

‘ဘာမှ စိတ်ဝင်စားစရာမရှိဘူး ဘာအနံ့ညာအနံ့မှလဲ မရှိနေဘူး နည်းနည်းလေးမှ နူးညံ့မနေဘူး’ 

‘ဒါပေမဲ့ တစ်မျိုးလေး ဆွဲဆောင်မှု ရှိနေသလိုပဲ’ 

ချီယုံသည် အတွေးရပ်လိုက်ပြီး အကြည့်လွှဲလိုက်သည်။ 

ဆယ်မိနစ်ကြာပြီးနောက် 

သူတို့နှစ်ယောက်လုံး ချီအိမ်တော်သို့ စိုရွှဲနေသော အဝတ်များနှင့် ပြန်ရောက်သွားကြသည်။ သူတို့သည် ကော်ရစ်တာတလျှောက် မြန်မြန်လမ်းလျှောက်သွားကြပြီး အခန်းထဲသို့ ကတိုက်ကရိုက် ဝင်သွားကြသည်။ ကျန်းလော်နှင့် ချီယုံသည် ဘေးချင်းယှဉ်၍ လျှောက်လာကြပြီး ကျန်းလော်သည် ခေါင်းစောင်း၍ ဆံပင်များကို ရေစစ်ပစ်နေသည်။ ထို့နောက် ဘေးကို အကြည့်ပို့လိုက်သောအခါ ချီယုံသည် ရှင်းရှင်းလင်းလင်း ပေါ်လွင်နေသော သူ့လည်ပင်းကို စိုက်ကြည့်နေသောကြောင့် ရုတ်တရက် အငိုက်ဖမ်းပြီး မေးလိုက်သည်။ 

“ငါ့ကို ဘာလို့ ဒီလောက်တောင် ကြည့်နေရတာလဲ” 

ချီယုံသူ့ကို ကြည့်နေပုံမှာ တစ်ချက်မှ မျက်နှာ မလွှဲနိုင်အောင်ဖြစ်နေပြီး တစ်စုံတစ်ခုကို သိချင်နေသလိုပုံမျိုး ဖြစ်နေသည်။ 

ထိုအကြည့်တွင် သူအလွန်ရင်းနှီးနေသော အရွယ်ရောက် အပြင်က ချီယုံသူ့ကို ကြည့်သည့် အကြည့်နှင့် တူသည်ဟု ကျန်းလော် တိတိကျကျခံစားရသည်။ အနည်းငယ် သံသယဝင်လာပြီး သိချင်စိတ်ပြင်းပြလာသောကြောင့် ကျန်းလော်က တိုက်ရိုက်ပဲ မေးလိုက်သည်။

“မင်းဘာတွေ တွေးနေတာလဲ” 

ချီယုံသည် နောက်ဆုံးတွင် အကြည့်လွှဲသွားပြီး သူ့နှုတ်ခမ်းများကတော့ မြူးထူးနေသလို ကော့တက်နေသေးကာ 

“ကိုယ်တို့ အအေးမမိခင် ရေသွားချိုးရင်ကောင်းမလား စဉ်းစားနေတာပါ” 

ကျန်းလော် “............” 

‘တကယ့် ဝတ်ကျေတမ်းကျေပြောနေမှန်း သိသာလိုက်တာ နှာဘူးကောင်က’ 

ကျန်းလော်သည် ခေါင်းညိတ်လိုက်ပြီး ရေချိုးခန်းထဲသို့ သွားလိုက်သည်။ သူရေချိုးပြီးမှ ထွက်လာသောအခါ ချီယုံ့ကို အခန်းထဲတွင် မတွေ့တော့ပေ။ ထို့ကြောင့် အစေခံတစ်ယောက်ကို ခေါ်မေးလိုက်သည်။ 

“ချီယုံ ဘယ်မှာလဲ” 

အစေခံက ပြောလိုက်သည်။ 

“သခင်လေးက ကိစ္စတစ်ခုရှိလို့ အပြင်ထွက်သွားပါတယ် ညနေရောက်ရင် ပြန်လာမယ်လို့ ပြောခိုင်းလိုက်ပါတယ်” 

ကျန်းလော်သည် မှုန်မှိုင်းနေသော မိုးရွာနေသော ကောင်းကင်ကို မော့ကြည့်လိုက်ပြီး 

‘ဒီလို ရာသီဥတုဖြစ်နေတာတောင် အပြင်ကို ထွက်သွားတာလား’ 

သူ့ကိုယ်သူပင် မသိလိုက်ပါပဲ မျက်မှောင်ကြုတ်လိုက်မိသည်။ 

ကျန်းလော် အနားယူနေစဉ်တွင် အိမ်တော်တစ်ခုလုံးမှ များစွာသော အစေခံများသည် ဆက်တိုက် အလုပ်လုပ်နေရသည်။ မိုးရွာခြင်းကြောင့် ထိုင်းမှိုင်းနေရသည့်အပြင် စိုစွတ်စွတ်ရာသီဥတုသည် သူတို့ကို အလုပ်မပြီးအောင် ဖန်တီးပေးနေသည်။ ထိုအထဲတွင် အစေခံခေါင်းဆောင် ချင်းယွင်တစ်ယောက် အပင်ပန်းဆုံးဖြစ်တော့သည်။ သူမသည် ယနေ့မှ အလုပ်အများကြီး စီစဉ်လုပ်ကိုင်နေရသောကြောင့် အလွန် စိတ်ညစ်လှပြီ ဖြစ်သည်။ 

မီးဖိုချောင်ထဲတွင် လျန်ပင်းနှင့် တွမ့်ကျီတို့သည် မီးဖိုဆောင်တံခါးနားတွင် လူသတိမထားမိအောင် ပုန်း၍ ထိုင်နေကြပြီး မိုးကျနေသည်ကို ပျင်းပျင်းရိရိထိုင်ကြည့်နေကြသည်။ 

ထိုအချိန်တွင် စားဖိုဆောင်ကြီးကြပ်သူသည် မီးဖိုဆောင်သို့ ဝင်လာပြီး သူတို့ကို စက်ဆုပ်ရွံရှာဟန်ကြည့်ကာ ရှုံ့မဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။ 

“မင်းတို့နှစ်ယောက် မြန်မြန်ထကြစမ်း ဒီညစ်ပတ်နေတဲ့ဟာတွေ အိမ်အပြင်ဘက်ကို သွားပစ်ချည် မိုးလေးနည်းနည်းရွာနေတာနဲ့ အလကားစားချင်ပြီး အလုပ်ကျမလုပ်ချင်ဘူး ဟုတ်လား မြန်မြန်သွက်သွက် သွားပစ်ချည်” 

စားဖိုဆောင် ကြီးကြပ်သူသည် ဆက်တိုက်ဆူပူနေတတ်သောကြောင့် လျန်ပင်းနှင့် တွမ့်ကျီတို့သည် ထိုသူရောက်လာတိုင်း ခေါင်းကိုက်ကြရသည်။ သူတို့နှစ်ယောက်သည် အမှိုက်များကို မြန်မြန်ထုတ်ပိုး၍ တံခါးအပြင်ဘက်သို့ မိုးရေထဲတွင် လျှောက်ထွက်သွားလိုက်သည်။ 

ယခုမှသာ နေ့လည်ခင်း နှစ်နာရီသုံးနားရီလောက်သာ ရှိသေးသည်ဖြစ်သော်လည်း ကောင်းကင်ကြီးသည် ညနက်နေသကဲ့သို့ မည်းမှောင်နေသည်။ လျန်ပင်းသည် နဂိုထဲက သန်မာအောင် လေ့ကျင့်ရေးဆင်းလာသူဖြစ်သောကြောင့် အမှိုက်အိတ်ကြီးကို အမှိုက်ပုံပေါ်သို့ လွယ်လွယ်ကူကူပဲ ပစ်ထည့်လိုက်ပြီး တွမ့်ကျီကို ကူညီရန် နောက်လှည့်ကြည့်လိုက်သည်။ တွမ့်ကျီသည် စိတ်မပျော်နေသော်လည်း ခေါင်းယမ်းပြလိုက်ကာ 

“မင်းအရင်ပြန်သွားလိုက်ပါကွာ” 


လျန်ပင်းသည် ချဉ်စုတ်စုတ်အနံ့များကြောင့် နှစ်ခါပင် မငြင်းတော့ပဲ တွမ့်ကျီကို ကရုဏာအကြည့်ဖြင့် ကြည့်၍ ငြင်သာစွာပြောလိုက်သည်။ 

“ဒါဆိုလည်းငါအရင်ပြန်လိုက်မယ်နော်” 

လျန်ပင်းထွက်သွားပြီးနောက် တွမ့်ကျီသည် အမှိုက်များကို တံခါးပေါက်အပြင်ထိ သူတက်နိုင်သလောက်အားလေးနှင့် ဆွဲလာသည်။ သို့သော် မိုးက သွန်ချသလိုရွာနေသောကြောင့် အမှိုက်အိတ်သည် လေးသည်ထက်လေးလာတော့သည်။ ထို့အပြင် မိုးရေစိုနေသော ဆံပင်များသည် သူ့နဖူးမှ ကျနေကာ အမြင်အာရုံကို ဖုံးထားသလို ဖြစ်နေသည်။ တွမ့်ကျီသည် အမှိုက်အိတ်အိမ်အပြင်ရောက်အောင် တစ်သက်လုံးတွင် ပထမဆုံးသော အားစိုက်ခြင်းမျိုးဖြင့် ကြိုးစားခဲ့ရပြီး အမှိုက်ပုံပေါ်သို့ အမှိုက်အိတ်ကို ပစ်တော့ဟန်ပြင်လိုက်သည်တွင် သူ့လက်နှစ်ဖက်သည် သွေးများ ရွှဲနစ်သွားတော့သည်။ 

အမှိုက်အိတ်ကို ကိုင်ထားရင်း ရုတ်တရက် သွေးထွက်လာသော လက်မောင်းနှစ်ဖက်ကို ကြည့်၍ တွမ့်ကျီသည် ကြောက်လန့်စွာ မျက်လုံးပြူးသွားသည်။ အမှိုက်အိတ်လေးသောကြောင့် သွေးထွက်လာရသည်မဟုတ်ဘဲ သူ့လက်နှစ်ဖက်ကို ဆွဲဖြုတ်လိုက်သလို အားတစ်စက်မှမရှိတော့တာဖြစ်ကြောင်း တွမ့်ကျီသတိထားမိပါသည်။ 

တွမ့်ကျီ၏ အသံသည် တုန်ရီနေပြီး သူ့နှုတ်ခမ်းသည် အကျယ်ကြီး ပွင့်ဟနေသောလည်း အော်သံမထွက်နိုင်အောင် ကြောက်လန့်နေခဲ့သည်။ သူသည် နောက်ဆုတ်ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရုတ်တရက် သူ့နောက်နားသို့ တစ်စုံတစ်ခုရောက်လာကာ နောက်လှည့်ကြည့်လိုက်သောအခါ တစ်ကိုယ်လုံးတုန်ယင်သွားတော့သည်။ 

သူ့မျက်စိသူငယ်အိမ်ပင် ကျုံ့ဝင်သွားသလို ကြောက်လန့်နေသည်။ 

.......................................... 

လျန်ပင်းသည် တွမ့်ကျီပြန်အလာကို အကြာကြီးစောင့်နေပြီး နောက်တစ်ခေါက် အပြင်ထွက်ကာ သူ့ကို ရှာခဲ့သည်။ သို့သော် အခန်းထဲတွင် ဖယောင်းတိုင်နှစ်တိုင်သာ ရှိသောကြောင့် တစ်တိုင်ယဓလာပြီး လမ်းတစ်လျှောက်လုံး မီးမှိန်မှိန်ကို အားပြု၍ စမ်းတဝါးဝါး သွားနေရသည်။ 

“တွမ့်ကျီ” 

“တွမ့်ကျီ မင်းဘယ်မှာလဲ” 

လျန်ပင်းသည် လမ်းတစ်လျှောက်အော်ခေါ်ပါသော်လည်း လူမပြောနှင့် အင်းစက်ပိုးမွှားများတောင် မတွေ့ခဲ့ရပေ။ ထို့ကြောင့် အခန်းသို့ပြန်သွားပြီး တွမ့်ကျီပြန်အလာကို စောင့်နေလိုက်တော့သည်။ သို့သော် လျန်ပင်းသည် စောင့်နေရင်း တနေကုန်ပင်ပန်းထားသောကြောင့် အိပ်ပျော်သွားခဲ့သည်။ 

နောက်တစ်နေ့မနက်စောစောတွင် အစေခံများသည် အပြင်ထွက်၍ အမှိုက်ပစ်ကြသည်။ မိုးလင်းသောအခါတွင် မိုးရွာရပ်သွားသောကြောင့် အစေခံများသည် ပွစိပွစိပြောရင်း အမှိုက်အိတ်ကိုယ်စီကိုင်ကာ အမှိုက်လာပစ်ကြသည်။ အမှိုက်လာပစ်သော အစေခံတစ်ယောက်သည် အောက်မှ စိုစိစိ ဗွက်အိုင်များနှင့် အနံ့အသက်များကြောင့် ကျိန်ဆဲလိုက်သည်။ 

“ကံဆိုးတာပဲ” 

ထို့နောက် သူမသည် ရုတ်တရက် အေးခဲတောင့်တင်းသွားသည်။ 

သူမသည် မွန်းကြပ်စွာ ခေါင်းခါလိုက်ပြီး နောက်တစ်ကြိမ် သူမခြေထောက်နားသို့ ပြန်ငုံ့ကြည့်လိုက်သည်။ ညစ်ပတ်နေသော ရေအိုင်သည် သွေးများဖြင့် ရောနှောနေကာ အနည်းငယ် နီဆွေးနေသည်။ ထိုသွေးစက်များနောက် လိုက်ကြည့်သောအခါ မျက်ဖြူလန်နေပြီး ခေါင်းကို ဆံပင်အမည်းများဖြင့် ရစ်ပတ်ခံထားရသော တွမ့်ကျီကို တွေ့လိုက်ရသည်။ ထိုမျှ ကြောက်စရာကောင်းသော လူသေကို မြင်သောအခါ လူတိုင်းသည် ကလီစာများ ပြုတ်ထွက်မတတ်ကြောက်ရွံလာပြီး အကြောက်တရားကြောင့် မတည်ငြိမ်နိုင်ကြတော့ပေ။ 

အစေခံ “...............” 

သူမသည် မကြည့်ရဲကြည့်ရဲဖြင့် ပြန်ကြည့်လိုက်ပြီး သွေးရူးသွေးတန်းဖြင့် အော်လိုက်သည်။ 

“အာာာားးးးးးးးးးးး” 

#############################