အပိုင်း (၁၀၈)
မှဲ့သုံးလုံး
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင် က ငြင်းဆန်လိုက်သည်။
“ငါက မင်းရဲ့တပည့်ကို ဝိဉာဉ်ပင့်ဖိတ် ပူးကပ်ခြင်းနည်းတွေ သင်ပေးရမယ်ပေါ့ ငါ့တပည့်မဟုတ်မချင်း သင်မပေးနိုင်ဘူးကွာ”
ဖုန်းလီသည် လက်ဖက်ရည်ပန်းကန်မှ အကြည့်ခွာကာ
“ရတယ်လေ မလုပ်ချင်ဘူးဆိုလဲ ဝိဉာဉ်ပင့်ဖိတ် ပူးကပ်ခြင်း နည်းစနစ် တွေ ကမ္ဘာပေါ်က ပျောက်သွားအောင် စောင့်နေလိုက်တော့”
သုဘရာဇာသည် ဆွံ့အသွားပြီး ရုတ်တရက် သက်ပြင်းချလိုက်ကာ
“မင်းဘာလို့ ဒီကောင်လေးက နတ်ဘုရားပင့်ဖိတ်မေးမြန်းတာနဲ့ သင့်တော်မယ်ထင်ရတာလဲ”
“သူ့လက္ခဏာရှစ်ရပ်လုံးမှာ ယင်စွမ်းအားလုံးဝမရှိဘူး ဒါကြောင့် သူက ယင်စွမ်းအင်ကို ဆွဲဆောင်နိုင်တယ်”
ဖုန်းလီက ဆက်ပြောသည်။
“သူ့ခန္ဓာကိုယ်ထဲမှာ ယင်ယန် နှစ်ခုလုံး ရှိနေတယ် ဒါပေမဲ့ အခုထက်ထိ အဲ့နှစ်ခုကို မှန်ကန်အောင် မလည်ပတ်ရသေးဘူး သူက ဒီလောက်တောင် သင့်တော်တာ မင်းမမြင်နိုင်ဘူးလား”
သုဘရာဇာသည် အေးဆေးစွာပြောလိုက်သည်။
“ငါ့အမြင်က မင်းလောက်မကောင်းဘူးလေ ငါကမင်းတပည့်ကို အကြိမ်နည်းနည်းလောက်ပဲမြင်ဖူးတာကွာ မင်းပြောတဲ့အချက်တွေကို ငါမမြင်နိုင်သေးတာ ပုံမှန်ပါပဲ”
ကျန်းလော်သည် စိတ်မထိန်းနိုင်စွာ သုဘရာဇာကို နက်နက်နဲနဲ ကြည့်လိုက်သည်။
‘အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဘိုးတော်က လုံးဝ အလိမ်အညာတွေပြည့်နေတဲ့ ချီးထုပ်ကြီးပဲ’
သူယင်ယန်လက်ကောက်ကို ဖွင့်ရန်ကြိုးစားခဲ့စဉ်က အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က သူ့ကိုပြောဖူးသည်။
“မင်းခန္ဓာကိုယ်မှာ သေခြင်းစွမ်းအားရှိနေပေမဲ့ မင်းဝိဉာဉ်ကတော့ ရှင်သန်ခြင်းစွမ်းအင်နဲ့ပါလား ရှားပါးတဲ့ ယင်ယန်ပေါင်းစပ် ခန္ဓာပဲ”
၎င်းသည် ဖုန်းလီပြောသည်ထက် ပိုမို တိကျသေးသည်။
သူသည် သေချာပေါက်ကျန်းလော်၏ အတွင်းအပြင်တည်ဆောက်ပုံကို မြင်ပြီးသားဖြစ်သော်လည်း အဘယ့်ကြောင့် ဒီအချိန်တွင် ဖုန်းလီကို လိမ်ပြောရသနည်း။
ကျန်းလော်သူ့ကို စိုက်ကြည့်နေသည်ကိုပင် သုဘရာဇာသည် ဘယ်လိုမှနေပုံမရပေ။ ကျန်းလော်သည် အကြည့်လွှဲလိုက်ပြီး သုဘရာဇာ၏ အလိမ်အညာများကို မဖော်ထုတ်ဘဲ ဆရာနှစ်ယောက်၏ စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။
ဖုန်းလီကပြောသည်။
“မင်းမယုံရင် သူ့ကို ဆေးရုံတစ်ခုက ရင်ခွဲရုံမှာ လမ်းတစ်ပတ်လောက်သွားလျှောက်ကြည့်လိုက် အဲ့ကျရင် မင်းသူ့စွမ်းရည်ကို ကောင်းကောင်းကြီးမြင်သွားလိမ့်မယ် ဝိဉာဉ်ပင့်ဖိတ် ပူးကပ်ခြင်းကို သာမသင်ယူရင် ဒီလိုပါရမီမျိုးက အလကားဖြစ်သွားမှာဗျာ သိမ်းငှက်ကြီးကျိ ခင်များသူ့ကို သင်ပေးမှာလား”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ထိတ်လန့်ဟန်ဆောင်လိုက်ပြီး
“ဒါက ငါသင်ပေးမယ်လို့ ပြောတိုင်း သင်ပေးနိုင်တာမျိုးမဟုတ်ဘူးကွ သူလုပ်နိုင်မလုပ်နိုင်ကြည့်ပြီးမှ ဆုံးဖြတ်လို့ရမှာ”
ဖုန်းလီသည် အလျင်မလိုဘဲ ထိုင်ခုံမှာ ပြန်ထိုင်ကာ လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်လိုက်သည်။
“ဝိဉာဉ်ပင့်ဖိတ် ပူးကပ်ခြင်း မှော်အတတ်ဆိုတာ ဘာလဲ သိလား”
ကျန်းလော်က ပြောသည်။
“မသိပါဘူး”
သုဘရာဇာက ပြောသည်။
“ဒါဆို မင်း နားလည်တာကို နားလည်လား”
“............”
ကျန်းလော်သည် နွေးထွေးစွာပြုံးလိုက်ပြီး
“ဝိဉာဉ်ပင့်ဖိတ် ပူးကပ်ခြင်းက သေဆုံးသူတွေနဲ့ တွေ့ပြီး အခက်အခဲတွေကို ဖြေရှင်းပေးရတာ မဟုတ်ဘူးလား”
ယခင် ဟိုတယ်၁၂၉ တုန်းက သူဌေး၏ မိန်းမထံမှ တွေ့ခဲ့ရသော အမည်းရောင်အငွေ့အသက်များကို ပြန်တွေးမိသည်။
အကယ်၍ သရဲတစ်ကောင်ထံမှ ဝင်ပူးခံထားရသည်ဖြစ်စေ အပူးမခံရသည်ဖြစ်စေ ဝိဉာဉ်ပင့်ဖိတ် ပူးကပ်ခြင်းခြင်းအတတ်သည် ရိုးရှင်းသော မန္တာန်တစ်မျိုးပင် မဟုတ်ပါ၏လော။
သုဘရာဇာသည် ခေါင်းညိတ်လိုက်ပြီး ခေါင်းယမ်း၍
“ဒါတွေအားလုံးကို တစ်ခုထဲသွင်းပြီး ပြောလိုက်တာက အမြင်ဘယ်လောက်ကျဉ်းတယ်ဆိုတာ ပြနေတာပဲ”
ကျန်းလော်သည် သူ့ကိုသူ အမြင်ကျယ်ကြောင်း စိတ်ထဲမှ ပြန်ပြောနေသော်လည်း အပြင်ဘက်တွင်
“ကျေးဇူးပြုပြီး ကျွန်တော့်ကို အလင်းပြပေးပါ”
“အရာရာတိုင်းမှာ သူတို့ရဲ့ အသက်ဝိဉာဉ်ရှိကြတယ် ဒီတိုင်း သေခြင်းတရားနဲ့ ညှိနှိုင်းဖြေရှင်းတာပဲ မဟုတ်ဘူး”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ဆက်မပြောဘဲ တစ်ခြားအကြောင်းအရာတစ်ခုကို ပြောသည်။
“ဝိဉာဉ်ပင့်ဖိတ် ပူးကပ်ခြင်း ကို သင်ယူမယ်ဆိုရင် ကလေးခန္ဓာကိုယ်ကို ထိန်းသိမ်းထားတာက အကောင်းဆုံးပဲ၊ တကယ်လို့ မင်းက ခန္ဓာကိုယ်ထဲကို ဝိဉာဉ်တစ်ကောင်ကို ပင့်ဖိတ်မယ်ဆိုပါစို့ ပင့်ဖိတ်တဲ့အချိန်မှာ စိတ်ထဲ ဖြေရှင်းချင်နေတာတွေ အလျင်လိုနေတာတွေ အကုန်ဖယ်ရှားပြီး စိတ်ရှင်းရှင်းထားမှရမယ် ဒါပေမဲ့ မင်းခန္ဓာကိုယ်က စည်းပေါက်နေခဲ့ရင် မင်းခေါ်မဲ့ ဝိဉာဉ်က မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်နေမှာပဲ မင်းက မကောင်းဆိုးဝါးဝိဉာဉ်ကို ဆင့်ခေါ်ခဲ့မယ်ဆိုရင် သူတို့ကို နှင်ဖို့က နတ်ဘုရားတွေ ပင့်ဖိတ်တာထက်တောင် ခက်ခဲဦးမယ် ပြီးတော့ မင်းသာ သတိမထားဘူးဆိုရင် အဲ့ဒီမကောင်းဆိုးဝါးက မင်းကိုပြန်ထိန်းချုပ်သွားမယ် အဲ့လိုသာဖြစ်ခဲ့ရင် ဖြစ်နိုင်ချေနှစ်ခုပဲ ရှိတော့တယ် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာ မဟုတ်ရင် သေတာပဲ”
သူပထမဆုံးတစ်ခွန်းစပြောထဲက ကျန်းလော်တောင့်တောင့်ကြီးဖြစ်သွားပြီး မျက်တောင်ပင် မခတ်နိုင်တော့ပေ။
ဖုန်းလီသည် သူ့အမူအယာကို သတိမထားမိဘဲ
“သူက ကလေးပဲ ရှိပါသေးတယ်”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ကျန်းလော်ကို အပေါ်အောက်ကြည့်လိုက်ပြီး
“မင်းရဲ့ ဒီလိုမျက်နှာလေးနဲ့ ကောင်လေး ကောင်မလေး တစ်ယောက်မှ မရဘူးလား”
ကျန်းလော်သည် သူတို့နှစ်ယောက်လုံးကို ကြည့်လိုက်ပြီး သူ့မျက်နှာသည် သိမ်ငယ်လာပြီး မျက်လုံးများ တဖြည်းဖြည်းနီရဲလာသည်။
အခုနေသာ သူမပြောဘဲ ထိန်ချန်ထားလိုက်လျှင် ရှေ့လျှောက် ချောက်ထဲခုန်ဆင်းရလိမ့်မည်ဖြစ်သောကြောင့် အခုထဲက တစ်ခါထဲ ရှင်းရှင်းလင်းလင်းပြောလိုက်ရင် ကောင်းမည်ဟု တွေးလိုက်သည်။
ကျန်းလော်သည် ထျန်းရှိဖူ၏ နှလုံးသားဖြစ်သော ဖုန်းလီကို မယုံကြည်ပေ။ ဖုန်းလီအတွက် သူသည် ချီ(ချီယုံ)မိသားစုနှင့် ချီ(ချီရယ်)မိသားစုတို့နှင့် ရင်ဆိုင်ပေးရလောက်အောင် အရေးကြီးမည် မထင်ပေ။
အမှန်တရားသည် ရှင်းလင်းနေသည်ပင်။ ကျန်းလော်သည် ဖုန်းလီ၏ တပည့်ဖြစ်သည်။ ထို့ကြောင့် ချီ(ချီယုံ)မိသားစုနှင့် ချီ(ချီရယ်)မိသားစုတို့သည် သူ့ကို သတ်ရဲမှာမဟုတ်ပေ။ ချီ(ချီယုံ)မိသားစုသည် သူ့ကို ဆေးခတ်လုပ်ကြံရဲသည်ဆိုထဲက သူတို့သည် ဖုန်းလီထံမှ ခွင့်ပြုချက်ရထားပြီး၍ပင်ဖြစ်နိုင်သည်။ ကျန်းလော်သည် ထိုအကြောင်းကို တွေးရင်း သူ့ကို ဖုန်းလီဘာခိုင်းခိုင်းမလုပ်နိုင်ဟုတွေးမိသည်။ ချီ(ချီယုံ)မိသားစုနှင့် ချီ(ချီရယ်)မိသားစုနှစ်စုသည် ဖုန်းလီကို လုံးဝမကြောက်ကြခြင်း ဖြစ်နိုင်သည်။
နောက်ဆက်တွဲများကို ထည့်မတွေးကြသည်မှာလဲ ချီ(ချီယုံ)မိသားစုနှင့် ဖုန်းလီတို့ အရမ်းပနံသင့်နေကြသောကြောင့်လည်း ဖြစ်နိုင်သည်။
သို့သော် ယနေ့ ဖုန်းလီကို ကြည့်ရသည်မှာ အခုထိသူ့ကို ကလေးတစ်ယောက်အဖြစ် မြင်နေတုန်းဖြစ်ပြီး ချီ(ချီယုံ)မိသားစုနှင့် ချီ(ချီရယ်)မိသားစုနှစ်စု သူ့ကို တစ်ခုခုကြံစည်မည်ဆိုတာ သိထားခဲ့လျှင်တောင် ဖုန်းလီသည် အတိအကျဘာလုပ်မည်ကို သိမည်မထင်တော့ပေ။
အကယ်၍ ဖုန်းလီ ကျန်းလော်ဘက်မှ မရပ်တည်လျှင်တောင် ကျန်းလော်အတွက် ထိုသူများကို စွပ်စွဲရန် အဆင်ပြေနေသေးသည်။ အဘယ့်ကြောင့်ဆိုသော် ချီ(ချီယုံ)မိသားစုနှင့် ချီ(ချီရယ်)မိသားစုနှစ်စု၏ အရှုပ်အထွးထဲသို့ ထျန်းရှိဖူကိုပါ ဆွဲထည့်ပစ်လိုက်မည်ဟု တေးထားသောကြောင့်ပင်။
သူ့နှုတ်ခမ်းကို တင်းတင်းစေ့၍ မျက်နှာသည် ဖြူဖျော့သွားကာ လက်သီးတင်းတင်းဆုပ်ရင်း မတရားခံခဲ့ရသော ပြဿနာအကြီးကြီးတစ်ခုကို ရင်ဝယ်ပိုက်ထားရသည့် မျက်နှာဖြင့် တောင့်တောင့်ကြီး ရပ်နေသည်။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် သူ့ပုံစံကို အံ့ဩသွားပြီး ထိုင်ရာမှ ထလိုက်ကာ
“ဘာတွေ ဖြစ်နေတာလဲ”
ဖုန်းလီသည် မျက်မှောင်ကြုတ်လိုက်ပြီး အသံလေးလေးဖြင့်
“ပြော”
ကျန်းလော်သည် မျက်ရည်သုတ်လိုက်ပြီး ဝမ်းနည်းအားငယ်စွာပြောလိုက်သည်။
“ဆရာ ကျွန်တော် မစ်ရှင်လုပ်နေတုန်းက သင်္ဘောပေါ်မှာ လူတစ်စုစီက ဆေးခတ်ခံလိုက်ရတယ် သူတို့က ချီ(ချီယုံ)မိသားစုလို့ထင်တယ် ပြီးတော့ သူတို့ပြောတာ ကျွန်တော့်ကို အသုံးချပြီး ချီယုံထွက်လာအောင် ဖြားယောင်းမယ်လို့ ဆေး ဆေးက အရမ်းပြင်းလွန်းလို့ ကျွန်တော်.......ကျွန်တော့်ရဲ့ လူပျိုရည်ကို အဲ့ဒီညက ဆုံးရှုံးသွားခဲ့ပါပြီ”
နောက်ပြန်တွေးမကြည့်ချင်တော့သော အကြည့်ဖြင့် လူငယ်လေးသည် အဖြစ်အပျက်ကို အသေးအဖွဲသာသာ သဘောထားကာ အကျဉ်းချုံးပြောပြလိုက်သည်။ သို့သော် စိတ်ပျက်အားငယ်နေသည့်မျက်နှာကြောင့် သက်သေမလိုတော့ပေ။
မြင့်မားသော ပါရမီနှင့် အတိုင်းအဆမဲ့သော အနာဂတ်ကို ပိုင်ဆိုင်ထားသော လူငယ်တစ်ယောက်သည် သူ၏ ကလေးခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်၏ ဆေးခတ်လုပ်ကြံမှုကြောင့် မကောင်းဆိုးဝါးတစ်ကောင် အပိုင်သိမ်းသွားတာ ခံလိုက်ရသည်။
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် မေးအောက်ကျသွားအောင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး
“မင်း မင်းနဲ့ ချီ ချီယုံ...........”
ဘန်းခနဲ အသံကျယ်ကြီးကြားလိုက်ရပြီး ဖုန်းလီရှေ့ရှိ သစ်သားစားပွဲသည် ရုတ်တရက် အပိုင်းပိုင်းအစစကွဲထွက်သွားသည်။ သစ်သားစားပွဲအပိုင်းအစများသည် ကြမ်းပြင်ပေါ်သို့ တဖွားဖွားကျလာပြီး လက်ဖက်ရည်ကရားကိုပါ အောက်ကျ၍ အစိတ်စိတ်အမွှာမွှာ ကွဲသွားစေပြီး လက်ဖက်ရည်များနှင့် လက်ဖက်ရွက်များ ကြမ်းပြင်ပေါ်သို့ ပျံ့ကျဲကုန်သည်။
ကြွေကရားနှုတ်သီးသည် ကျန်းလော်ခြေထောက်နားထိလှိမ့်လာသည်။
လူနှစ်ယောက်သည် ဖုန်းလီကို မယုံနိုင်စွာကြည့်ရင်း အသက်ရှူအောင့်ထားကြသည်။
ဖုန်းလီမျက်နှာသည် စိတ်ဆိုးမာန်ဆိုးဖြစ်နေပုံပေါ်သော်လည်း ဒေါသတကြီးဖြစ်နေပုံတော့ ပေါက်မနေချေ။ သို့သော် သူ့အရှိန်အဝါသည် အလွန်ကြောက်စရာကောင်းလောက်အောင် ခက်ထန်နေပြီး အရှိန်အဝါအောက်တွင် အားလုံးပြိုကွဲ ပျက်စီးသွားတော့မည့် ပုံပေါ်သည်။
သစ်စားပွဲသည် အပိုင်းပိုင်းအစစဖြစ်သွားပြီး တချို့သည် သူ့ဝတ်စုံပေါ်သို့ လာစင်သည်။ ထန်ခေတ်ဝတ်စုံနှင့် ကောင်းကင်သခင်သည် ကျောက်ရုပ်ကဲ့သို့ တင်းမာနေသော စိတ်ဖြင့် တစ်စက်မှ တုန်ယင်မနေဘဲ မေးလိုက်သည်။
“သူတို့က မင်းလူပျိုရည်ပျက်အောင် ဆေးခတ်တာလား”
ဖုန်းလီသည် တည်ငြိမ်သွားပုံပေါ်သည်။ သို့သော် ထိုသို့တည်ငြိမ်နေခြင်းက ပိုကြောက်စရာကောင်းသည်။
“ဟုတ် ကျွန်တော်.............”
ဖုန်းလီခြေထောက်အောက်မှ ကြမ်းပြင်သည် အက်ရာထင်သွားပြီး ထိုအက်ရာမှ တစ်ဆင့် အခန်းတစ်ဝက်နီးပါး ကြောက်စရာကောင်းစွာ အကုန်အက်ကြောင်းလိုက်ကုန်သည်။
ဖုန်းလီမျက်လုံးများသည် မည်းမှောင်နေပြီး တိတ်ဆိတ်သွားပြန်ကာ လက်ချောင်းမှ ကျောက်စိမ်းလက်အစွပ်ကို လှည့်နေသည်။ ကျန်းလော်သည် အချိန်မှီပါးစပ်ပိတ်လိုက်သည်။
အခန်းထဲမှ လေထုသည် အလွန်မွန်းကြပ်ဖွယ်ကောင်းလာပြီး အသက်ရှူမဝနိုင်အောင် ဖြစ်လာသည်။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ရုတ်တရပ် မတ်တပ်ရပ်လိုက်ပြီး ကျန်းလော်ဆီသို့ အလျင်စလို တိုးကပ်လာသည်။ ထို့နောက် စိတ်ပူစွာ ပြောသည်။
“မင်းရှပ်အင်္ကျီကို မြန်မြန်မလိုက်ကောင်လေး မင်းခါးဘေးကို ကြည့်ပါရစေ”
ကျန်းလော်သည် အူကြောင်ကြောင်ဖြ်စသွားပြီး
“ကျွန်တော့ ခါးဘေးဘက်လား”
သုဘရာဇာသည် အလွန်ဒေါသထွက်နေကာ ပြန်မဖြေနိုင်တာ့ဘဲ ကျန်းလော်အင်္ကျီကို ဆွဲမလိုက်သည်။ ဒီတိုင်းလေး မတင်လိုက်ခြင်းဖြစ်ပြီး ဆံပင်အနက်နှင့် လူငယ်လေး၏ ခါးဘေးဘက်တွင် မသိသာသော မှဲ့သုံးလုံးကို မြင်လိုက်ရသည်။
အနီရောင်မှဲ့များသည် စုတ်တံနှင့် ဆွဲထားသလို သန်မာ ပိန်ပါးသော အဖြူရောင်ခါးပေါ်တွင် ခပ်ရေးရေးထင်းနေသည်။ ကျန်းလော်သည် သူ့ခါးဘေးဘက်သို့ လိုက်ကြည့်လိုက်ရာ မှဲ့သုံးလုံးကို မြင်လိုက်ရသည်၊။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်တွင် မှဲ့သုံးလုံးဘယ်လိုပေါ်မှာလဲ သဘောပေါက်သွားသည်။ သူသည် မှဲ့သေးသေးလေး သုံးလုံးကို အံ့အားသင့်စွာ ထိကြည့်လိုက်သည်။
"ဒါတွေ ဘယ်တုန်းက ပေါ်လာတာလဲ"
မှည့်သုံးလုံးပေါ်လာရခြင်းကို သူမသိပေ။ မသိရခြင်းမှာလဲ ထိုနေ့က သူ့တစ်ကိုယ်လုံးကို အနမ်းရာများ ဖုံးနေသောကြောင့် ဖြစ်သည်။ နောက်ရက်များတွင်လည်း ကျန်းလော်သည် ရေချိုးတိုင်း အနမ်းရာများ မမြင်ချင်သောကြောင့် သူ့ခန္ဒာကိုယ်ကို မကြည့်မိသောအခါ တစ်ခုခုပြောင်းလဲနေကြောင်း မသိတော့ပေ။
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် နီရဲနေသောမျက်နှာဖြင့် ခက်ထန်နေကာ ပွစိပွစိပြောသည်။
“အိုး မဖြစ်ဘူး မဖြစ်ဘူး အိုး ...”
သူ့မျက်နှာထားသည် ကျန်းလော်ကို စိတ်ဒုက္ခရောက်သွားစေတော့သည်။ ကျန်းလော်သည် မျက်ခွံများ တုန်ခါလာပြီး
“မှဲ့သုံးလုံးက တစ်ခုခုမှားနေလို့လား ဗျာ”
ကျန်းလော်သည် စကားပြောပြီးသည်နှင့် သူ့နားကပ်လာသော အရိပ်တစ်ခုကို ခံစားမိသွားသောကြောင့် ကြည့်လိုက်ရာ သူ့ဆီသို့ လျှောက်လာနေသော ဖုန်းလီကို တွေ့လိုက်ရသည်။
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ကျန်းလော်ဘေးမှ ဖယ်ပေးလိုက်ကာ ဖုန်းလီကို ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“တစ်ချက်လောက် လာကြည့်ကြည့်စမ်းပါကွာ”
ဖုန်းလီသည် ရောက်သည်နှင့် ကျန်းလော်အင်္ကျီကို လက်ချောင်းအေးအေးများဖြင့် ဆတ်ခနဲမကြည့်လိုက်သည်။ မှဲ့သေးသေးသုံးလုံးသည် ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရပြီး ထိုမှဲ့များပေါ်သို့ လက်ချောင်းဖြင့် ပွတ်ဆွဲကြည့်လိုက်သောအခါ ကျန်းလော်သည် တစ်ကိုယ်လုံးရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်၊၊
“တကယ်ပဲ ချီယုံနဲ့ အိပ်ခဲ့တာပဲ”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် စိတ်ဖိစီးလွန်း၍ မျက်ခုံးကို လက်ဖြင့်နှိပ်နေသည်။
“ပြီးတော့လဲ ချီ(ချီယုံ)မိသားစုရဲ့ ပင်မသွေးစက် ကျိန်စာက သူ့ဆီကို ကူးစက်သွားပြီ”
ကျန်းလော် “........... အခု ဘာပြောလိုက်တာပါလဲ”
‘ချီမိသားစုရဲ့ သွေးရင်းကျိန်စာတဲ့လား’
“ချီယုံနဲ့ ဒီလိုဆက်ဆံရေးရှိမှတော့ မင်းလည်း ချီမိသားစုပင်မမျိုးဆက်တွေ အကုန် အသက်သုံးဆယ်ကျော်အထိ အသက်မရှင်ကြတဲ့ အကြောင်း သိမှာပဲ ”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် သူ့ကို အလွန်ရှုပ်ထွေးအံ့ဩသော အကြည့်ဖြင့် ကြည့်လိုက်ပြီး
“ကောလဟာလတွေအရတော့ ပင်မမျိုးဆက်တွေရဲ့ ဝိဉာဉ်ခန္ဓာက အရမ်းကို အားကောင်းလွန်းတော့ လူသားခန္ဓာက ဝိဉာဉ်ကို မထိန်းသိမ်းနိုင်ဘူးတဲ့ ဒါကြောင့် သူတို့အားလုံး ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြတာပဲ ဒါပေမဲ့ မင်းသေချာတွေးကြည့်ရင် အဲ့အကြောင်းပြချက်က လုံးဝမဖြစ်နိုင်တာ အသိသာကြီးပဲမလား ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်မှာ ချီမျိုးရိုးခံယူထားတာ တစ်ယောက်ထဲမှမဟုတ်တာ သူတို့မှာ ဇနီးတွေကလည်း ရှိသေးတယ် ဒါပေမဲ့ ချီမိသားစုက တိုက်ရိုက်မျိုးဆက်တစ်ယောက်နဲ့ လက်ထက်လိုက်တဲ့ နိုင်ငံခြားအမျိုးသမီးတစ်ယောက်ရှိခဲ့ဖူးတယ် အဲ့ဒီအမျိုးသမီးလည်း အသက်သုံးဆယ်မတိုင်ခင် သေဆုံးသွားတာပဲ”
“ချီမိသားစုနဲ့ ပင်မမျိုးဆက်ကျိန်ဆာကြောင့် ဒီလိုသေတာမှန်း လူနည်းစုကပဲ သိတယ်၊ ဘယ်သူမှ ဒီကျိန်စာကို တိုက်ခဲ့တဲ့သူကို တိတိကျကျမသိကြဘူး ဒါပေမဲ့ ချီမိသားစု တိုက်ရိုက်မျိုးဆက်တွေကို လက်ထက်တဲ့ သူတိုင်းကတော့ မင်းလိုပဲ ခါးမှာမှဲ့သုံးလုံးပေါ်လာပြီး သုံးဆယ်မတိုင်ခင် သေဆုံးသွားကြတာပဲ”
“ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေရဲ့သိက္ခာကတော့ ကျိန်စာကြောင့် အမှောင်ထဲမှာ ပုတ်သိုးနေပြီးပြီ”
ကျန်းလော်မျက်နှာသည် ပြာနှမ်းသွားပြီး ရုတ်တရက် ထိုစကားကိုကြားသောအခါ တစ်ခုခုကို မှတ်မိသွားသည်။ ထိုအကြောင်းအရာကို ဖမ်းပြီး မပြောနိုင်ခင် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်၏ သက်ပြင်းချသံကိုကြားလိုက်ရပြီး
“ချီယုံ မင်းကသေပြီးသွားပြီလေ ဘာလို့အခုထိ..........”
ကျန်းလော်သည် ချီယုံခါးမှ မှဲ့သုံးလုံးအကြောင်း တွေးမိသည်နှင့် ဒေါသထွက်လာသည်။ မူရင်းဝတ္ထုထဲတွင် ထိုမှဲ့အကြောင်းကို သုံးကြိမ်တိတိ တိကျပြတ်သားစွာ ဖော်ပြခဲ့ပြီး ကျန်းလော်သည် ထိုမှဲ့များကို ဒီတိုင်း ရုပ်ပိုင်းဆိုင်ရာ တစ်ခုကို အလွန်အကျွံ အမွှန်းတင်နေသည်ဟု ရိုးရှင်းစွာ ထင်ခဲ့မိသည်။ သူသည် ဘယ်တုန်းကမှ ထိုမှဲ့များတွင် ဤသို့သော အဓိပ္ပာယ်မျိုးရှိမည်ဟု မတွေးမိခဲ့ပေ။
‘ချီးပဲကွာ’
ကျန်းလော်သည် မထိန်းချုပ်နိုင်တော့ဘဲ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူသာ စောစောက သိခဲ့ပါလျှင် ခံစားရခက်၍ သေသွားပါစေ ဘယ်လိုအကြောင်းနဲ့မှ ချီယုံနှင့် အိပ်ခဲ့မိမှာ မဟုတ်ချေ။
‘ငါ့အဖြစ်ကလည်း ကံဆိုးလိုက်တာကွာ’
ကျန်းလော်သည် သက်ပြင်းချလိုက်ပြီး ချက်ချင်းပင် သူ့အတွက် အရေးကြီးသော အဓိကအချက်ကို ကောက်မေးလိုက်သည်။
“ကျွန်တော်တို့ ကျိန်စာကို ဘယ်လို ဖျက်ဆီးကြမလဲ”
ကျန်းလော် မသေချင်ပါ။
အလွန့်အလွန် အလွန် အလွန်ကို မသေချင်ပါ။
ဤအလွန်အန္တာရာယ်များသော လောကထဲသို့ ရောက်စ ပထမရက်ထဲကပင် ကျန်းလော်သည် အသက်ရှင်ဖို့ကို အလွန်ရုန်းကန်ခဲ့ရသည်။
သူ့တွင် အသက်ရှင်ချင်စိတ်ပြင်းပြစွာရှိပြီး အမြဲတမ်း သေခြင်းနှင့် ရှင်ခြင်းကြား ချောက်ကမ်းပါးအစွန်းတွင် ရပ်နေခဲ့ရသော်လည်း အချိန်တိုင်း အသက်တမျှအားကြီးသော အန္တာရာယ်ထဲမှ အသက်ရှင်နိုင်ခဲ့သည်။ အန္တာရာယ်ကြားထဲမှ ရှင်သန်နိုင်ခြင်းသည် ကျန်းလော်အတွက် ဦးရေပြားများပင် စပ်ဖြင်းဖြင်း ဖြစ်လာစေသော်လည်း အန္တာရာယ်ကြား စွန့်စားရခြင်းကို နှစ်သက်ပျော်မွေ့ခြင်းသည် တိတိကျကျ သုံးဆယ်မတိုင်ခင် သေဆုံးမှာကို လက်ခံနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ထိုအခြင်းအရာသည် ကျန်းလော်ကို ရယ်မောစေသည်။
ဤအခိုက်အတန့်တွင် ချီယုံ့ကို ကျိန်ဆဲရင်း သူ၏ ရန်လိုမှုနှင့် လူသတ်လိုမှုသည် ချီမိသားစုကို သူ့စိတ်ထဲမှ စာရင်း၏ ပြိုင်ဘက်မရှိ ထိပ်ဆုံးထိဝင်သွားစေသည်။
ချီမိသားစုသည် သေသင့်သည်။ ချီမိသားစုကို ဖျက်ဆီးချင်သည့် ဆန္ဒသည် ကျိန်စာကို ချေဖြတ်လိုခြင်းထက် ကျော်လွန်သွားသည်။ ကျန်းလော်၏ နှလုံးသားသည် ဒေါသကြောင့် လေးလံနေပြီး ပေါက်ကွဲချင်စိတ်ကို ထိန်းကာ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ကို တည့်တည့်ကြည့်ပြီး မေးခွန်း၏ အဖြေကို စောင့်နေသည်။
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ခါးသက်စွာ ရယ်လိုက်ပြီး
“ချီယုံက သုံးဆယ်တောင် မရောက်သေးခင်မှာ သေသွားခဲ့ပေမဲ့ ........ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူမှ မသိဘူး”
ကျန်းလော်မျက်နှာထားသည် အေးစက်သွားသည်။ ဖုန်းလီသည် ကျန်းလော် ရှပ်အင်္ကျီကို အောက်ပြန်ဆွဲချလိုက်ပြီး မျက်နှာသေဖြင့် နောက်ပြန်လှည့်လိုက်ပြီး လမ်းလျှောက်ကာ အပြင်ထွက်သွားပြီး
“ကားစီစဉ်ထား လျန်အိမ်တော်ကို သွားကြမယ်”
##################