အပိုင်း (၁၀၇)
ဝိဉာဉ်ကျင့်ကြံခြင်း နည်းစနစ်များ
ကျန်းလော်သည် ရေအဝချိုးပြီး အခန်းထဲမှ ထွက်လာသည်။ ထို့နောက် ယင်းဟူကို ဖက်ပြီး ပွတ်သပ်ပေးကာ ယင်းဟူနှင့် အတူ လမ်းလျှောက်ထွက်လာသည်။ ယင်းဟူသည် ကျန်းလော်လက်မောင်းထဲ ခုန်ဝင်ပြီး ကပ်ချွဲနေသည်။ ကျန်းလော် ရင်ဘက်ကို ခေါင်းကြီး ဇွတ်တိုးပြီး ကြောင်ဆိုးကြီးလို ပွတ်သပ်နေသည်။
ကျန်းလော် ယင်းဟူနှင့် ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေခြင်းသည် လိရှားပျောက်သွားသည်ဟူသော သတင်းကြောင့် ပျက်ဆီးသွားရသည်။
အချုပ်ခန်းဆီသို့ ကမူးရှူးထိုးဝင်သွားသောအခါ အခန်းထဲတွင် လူအများကြီး ရှိနေပြီးဖြစ်သည်။ လိရှားပျောက်သွားသော အချုပ်ခန်းထဲမှ ဗီဒီယိုကို ထပ်ခါထပ်ခါ ပြန်ကြည့်ကြသည်။ ဗီဒီယိုထဲတွင် လိရှားသည် စိတ်ပျက်လက်ပျက်ထိုင်နေပြီး ရုတ်တရက် ထောင့်တစ်ထောင့်ကို လှမ်းကြည့်နေသည့် နောက်ပိုင်းတွင် ဗီဒီယိုသည် နှင်းချပ်များဖြင့် ဖုန်းလွှမ်းသွားသည်။
သံလိုက်စက်ကွင်းကိုတောင် သက်ရောက်မှုရှိနေသည်။
အချုပ်ခန်းကို စောင့်ကြည့်နေကြသော ရဲဘော်များသည် ရုတ်ချည်း လိရှားကို ဖမ်းဆီးခဲ့သော အရာရှိများကို အကြောင်းကြားခဲ့ကြသည်။ သို့သော် သူတို့ တံခါးတွန်းဖွင့် ဝင်သွားချိန်တွင် လိရှားပျောက်သွားပြီ ဖြစ်သည်။
ဗီဒီယိုထဲတွင် တစ်ခုခုမှားနေကြောင်း သတိထားမိချိန်နှင့် ရဲများ ရောက်လာချိန်သည် စက္ကန့်အနည်းငယ်မျှသာ ကြာခဲ့သည်။ အခန်းထဲတွင် တံခါးမကြီးမှ လွဲ၍ လွတ်မြှောက်ထွက်ပြေးနိုင်သော အပေါက် မရှိပေ။ လိရှားပျောက်ဆုံးသွားခြင်းသည် လုံးဝကို အစအနလေးမျှ မကျန်အောင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ရွှမ်ရွှီပညာရပ်များကို အသုံးပြု၍ ပျောက်သွားကြောင်း သေချာသည်။
သွေးငါးရှဉ့်များ၏ ခေါင်းဆောင် ပျောက်သွားလေပြီ။ သူမပျောက်သွားခြင်း၏ အကျိူးဆက်သည် တွေးပင် မတွေးကြည့်ရဲအောင် ကြောက်စရာကောင်းပေသည်။ ကျန်းလော်သည် မျက်မှောင်ကြုတ်သွားပြီး အရာရှိလင်ကို အခန်းထဲမှ ခေါ်ထုတ်သွားသည်။
“အရာရှိလင် ကျွန်တော် ခင်များကို ပြောစရာနည်းနည်းရှိလို့”
ကျန်းလော်သည် တွေဝေစွာဖြင့် စကားလုံးများကို ရွေးချယ်ကာ
“ဒီသွေးငါးရှဉ့်တွေကလေ ခင်များ ဒီကောင်တွေနဲ့ ပက်သတ်ပြီး ချီမိသားစုကို စစ်ဆေးကြည့်သင့်တယ်ဗျ”
“ချီမိသားစု မင်းပြောနေတာ ရုပ်သေးထိန်းချုပ်ခြင်းကျောင်းတော်ရဲ့ ချီမိသားစုကိုပြောတာလား”
အရာရှိလင်သည် သေချာအောင် မေးလိုက်သည်။ ကျန်းလော်က ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ရေကန်ထဲက ရေက တအားနောက်နေပြီ ခင်များ ပိုပြီး နက်နက်နဲနဲ တူးဖော်ကြည့်ရင်တော့ တစ်ခုခုသိရမှာပါ၊ ကျွန်တော်တို့ ဘာလို့ စာမေးပွဲလေးတစ်ခုအတွက် ဒီလိုမစ်ရှင်ကြီးရလဲ ဘာလို့ ချီမိသားစုဝင်တွေ သင်္ဘောကြီးပေါ်မှာ ရှိနေကြတာလဲ သေချာစုံစမ်းကြည့်ရင် သိနိုင်ပါတယ်၊ ဖြစ်နိုင်တာက ချီမိသားစုရဲ့ မိတ်ဆွေတစ်ယောက်ယောက်ကများ သွေးငါးရှဉ့်တွေရဲ့ ထိန်းချုပ်တာ ခံနေရလို့ သူတို့ ဒီအကြောင်း သိတာလား မသိဘူး ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အရာရှိကို ဒီထက်ပိုပြောလို့ မရဘူးဗျာ တကယ်လို့ ဒီအကြောင်း စုံစမ်းမယ်ဆိုရင် လျှို့လျှို့ဝှက်ဝှက် လုပ်မှ ဖြစ်မယ် အရာရှိလင် ကျွန်တော် ပြောတာ နားလည်ရဲ့လား”
အရာရှိလင်သည် ရှုပ်ထွေးနေပြီး နားလည်သလိုလို ရှိသော်လည်း တကယ်တမ်း နားမလည်ပေ။ သူသည် ကျန်းလော်၏ အင်္ကျီစကို အသေဆွဲဆုပ်ထားပြီး ကျန်းလော်လက်ကောက်ဝတ်ကို ကိုင်ကာ
“ခနလေး ကျန်း မင်းပြောတာ ချီမိသားစုကလူတွေ သင်္ဘောပေါ်မှာ ပါနေတာလား”
“ဟုတ်ပါတယ်”
ထို့နောက် ကျန်းလော်က ဆက်ပြောလိုက်သည်။
“ချီမ်ိသားစုဝင် တစ်ယောက်မကဘူး”
အရာရှိလင်သည် သူ့ကိုကြည့်နေပြီး အတော်ကြာအောင် အေးခဲနေကာ ကျန်းလော်လက်ကို လွတ်ပေးလိုက်သည်။
“ကျန်း ကျေးဇူးပဲကွာ မင်းသာမပြောရင် ဒီအချက်အလက်တွေ သိရမှာ မဟုတ်ဘူး”
ကျန်းလော်သည် ပြုံးလိုက်ပြီး
“အရာရှိလင်က အမှန်တရားကို မြတ်နိုးတဲ့သူ လူကောင်းဆိုတော့ သေချာပေါက် ဒီကိစ္စရဲ့ ဖြစ်ရပ်မှန်ကို ရှာဖွေနိုင်မှာပါဗျာ”
အရာရှိလင်သည် စကားများပြီး စပ်စုတတ်သူ ဖြစ်သော်လည်း ဘယ်သောအခါမှ လိမ်မပြောသည့်အပြင် စကားတည်သူလည်း ဖြစ်သည်။ တစ်ခါတစ်ရံ အလွန်ခေါင်းမာတတ်သူ ဖြစ်သော်လည်း ကံကောင်းခြင်းများရှိပြီး နတ်ဘုရားများကောင်းချီးပေးထားခြင်း ခံရသူကဲ့သို့ တစ်ခါတစ်လေ အလွန်ကံကောင်းတတ်သူလည်း ဖြစ်သည်။
ကျန်းလော်သည် အရာရှိလင်ကဲ့သို့ ရိုးရှင်းသည့်သူကို အထဲထိ မြင်အောင်ကြည့်နိုင်သည်။
အရာရှိလင်သည် ရှက်ပြုံးပြုံးလိုက်ပြီး
“သွေးငါးရှဉ့်ခေါင်းဆောင် ပျောက်သွားတာက မယုံနိုင်လောက်အောင်ပဲကွာ ကျုပ်တို့ကို ရှေ့ဆက်ဘယ်လိုလုပ်ရမှန်း မသိအောင်ပါပဲဗျာ ကျန်း မင်းတို့ ကျုပ်ကို ကူညီပြီး ရှာပေးနိုင်မလားဗျာ”
“ရပါတယ်”
ကျန်းလော်သည် ထိုအကြောင်းကို တွေးကြည့်လိုက်ပြီး
“ဒါပေမဲ့ ကျွန်တော်တို့မှာ ပစ္စည်းအပြည့်အစုံမရှိူးဆိုတော့ နည်းလမ်းဟောင်းကြီးနဲ့ပဲ လုပ်ရမှာ ကျွန်တော်တို့ အလုပ်ဖြစ်မဖြစ်ကတော့ မသေချာဘူးဗျာ”
အရာရှိလင်သည် လက်ကို ဝေ့ယမ်းလိုက်ပြီး
“အဲ့ဒါကြောင့်ဆိုရင်တော့ လွယ်ပါတယ်ကွာ ကျုပ်တို့ မင်းတို့အတွက် ပစ္စည်းတွေ ပြင်ဆင်ထားပါတယ် ဌာနမှူးရှုက မင်းတို့ မစ်ရှင်မစခင်ထဲက ကျုပ်ကို မင်းတို့အတွက် ပြင်ဆင်ထားတဲ့ ပစ္စည်းတွေ လာအပ်သွားတာ”
ရဲသားတစ်ယောက်သည် ပစ္စည်းများကို ယူလာပေးသည်။ သံလိုက်အိမ်မြှောင်နှင့် အဝါရောင် အဆောင်စာရွက်များကို မမြင်ရတာ ကြာပြီဖြစ်သည်။ သူတို့အုပ်စုလိုက်ကြီးသည် အပျော်လွန်သွားပြီး ပစ္စည်းမျာကို လက်မောင်းထဲ ပွေ့ပိုက်ဖက်ထားကြသည်။
သူတို့တွင် လိုအပ်သည့်ပစ္စည်းတစ်ခုလောက်ရှိရင်ကိုပင် နောက်ဆက်တွဲ လုပ်စရာများမှာ လွယ်ကူသွားပြီဖြစ်သည်။ ဤသို့ လိုသမျှအကုန်ရှိနေသောအခါ ပြောစရာတောင် မလိုတော့ပေ။
သူတို့သည် လိရှားကို ချုပ်ထားခဲ့သော အခန်းထဲသို့ တစ်လက်မမကျန် ရှာဖွေသော်လည်း ဘာမှမတွေ့ပေ။ သူတွေးထားပြီးသည့် ကိစ္စဖြစ်သော်လည်း အရာရှိလင်သည် စိတ်ပျက်မှုကြောင့် သက်ပြင်းချလိုက်သည်။
ကျန်းလော်နှင့် သူငယ်ချင်းများသည် အချင်းချင်းကြည့်လိုက်ပြီး မျှော်လင့်ချက်ရေးရေးလေးဖြင့် ရေအပြည့်ထည့်ထားသော ဇလုံတစ်လုံးယူကာ အမွှေးနံ့သာပြာများ ဆားများနှင့် မကောင်းဝါးနှိမ်နှင်းခြင်း ဂါထာများ ရွတ်ကာ ရေထဲထည့်မွှေလိုက်ပြီး သင်္ဘောတစ်စီးလုံးကို မိုးမခကိုင်းဖြင့် လိုက်ဖြန်းကြသည်။ ရေတစ်ခါဖြန်းလိုက်တိုင်း မကောင်းဆိုးဝါးတစ္ဆေသရဲများ ထွက်လာအောင် ဂါထာများရွတ်ကြသည်။
အညစ်အကြေးတစ်ချို့ ကင်းစင်သွားသည်မှလွဲ၍ လိရှားအရိပ်ပင် မမြင်ရပေ။
ညနေစာစားချိန်တွင် သူတို့အားလုံးသည် စားပွဲတွင် အသံမြည်အောင် ထိုင်ချလိုက်သည်။ သူတို့တွင် စားချင်စိတ် အနည်းငယ်သာ ရှိသည်။
ချန်လိသည် သူ့ပန်းကန်ကို သယ်ပြီး သူတို့နားသို့ရောက်လာသည်။ သူသည် ကျန်းလော်၏ ပင်ပန်းနေသော ပုံစံကို မြင်သောအခါ တစ်ခုခုပြောချင်သော်လည်း ပြောမထွက်တော့ပေ။
ဆန့်ကျင်ဘက်နေရာတွင် ထိုင်နေသော ကျန်းလော်သည် ချန်လိ၏ ဝိရောဓိဖြစ်သော မျက်နှာကို မြင်သောအခါ
“အစ်ကိုချန် ဘာများ ပြောချင်လို့လဲ”
ချန်လိသည် တွေဝေနေပြီး အသံကို နှိမ့်လိုက်ကာ
“ကျုပ်တို့ ဝိဉာဉ်ဆင့်ခေါ်တာက အောင်မြင်ပါ့မလားလို့ပါ”
“”တစ်ယောက်ယောက်က တစ်နေရာရာမှာ သေသွားခဲ့ရင် ဝိဉာဉ်ကို လွယ်လွယ်ကူကူ ဆင့်ခေါ်လို့ မရတာတော့ အမှန်ပဲ ဘာလို့လဲဆိုတော့ သူတို့ကို ဝိဉာဉ်လမ်းပြတွေက ခေါ်ဆောင်သွားပြီး ပြန်လည်ဝင်စားခြင်း စက်ကွင်းကို ပို့ပေးမှာမို့လို့ပဲ”
ကျန်းလော်စကားမဆုံးနိုင်သေးခင် စိုင်လောင်အာသည် ပါးစပ်အပြည့်ရေသောက်နေရင်း သီးသွားကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။ ထို့နောက် တစ်ရှူးတစ်ခုကို အမြန်ယူကာ ပါးစပ်ကို သုတ်လိုက်ချိန်တွင် လက်က တုန်ရီနေသောကြောင့် ရေခွက်မှောက်သွားရပြီး သူ့ကိုယ်ပေါ် ရေစိုသွားတော့သည်။
လုယုံရိသည် တစ်ရှူးယူပေးပြီး
“စိုင်လောင်အာ ရာ ရေကို အငမ်းမရမသောက်နဲ့လေကွာ”
“အမြန်သောက်လိုက်လို့ မဟုတ်ဘူး”
စိုင်လောင်အာသည် လက်များတုန်နေပြီး ငိုချင်နေကာ ဆို့နင့်နေသော အသံဖြင့်
“ဘာလို့လဲမသိ ကျန်းလော်ပြောတဲ့ ဝိဉာဉ်လမ်းပြဆိုတဲ့ဟာ ကြားတော့ ငါအရမ်းကြောက်လာတာကွာ”
လုယုံရိသည် ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။
“ဘာကြောက်စရာရှိလို့လဲကွာ”
ကျန်းလော်သည် ရွှေအိုရောင်ဆံပင်နှင့် ကောင်ငယ်လေးကို သနားစွာ ကြည့်မိသည်။ ထို့နောက်ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ရေထဲမှာသေသွားရတဲ့ သရဲတွေကျတော့ တစ်စုံတစ်ယောက်ကသာ ဆင့်ခေါ်ပူဇော်မပေးရင် ပြန်မဝင်စားနိုင်ဘူး ပြီးတော့လဲ ဒီနေရာက သမုဒ္ဒရာထဲဖြစ်နေတော့ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းရဲ့ အုပ်ချုပ်မှုအောက်မှာမှ မရှိတော့ ဒီလိုရဲကင်းလှည့်ယာဉ်တွေလဲ ရှားတယ်ဗျာ ဆိုတော့ ပြောရရင် အစ်ကို့ဇနီးနဲ့ သမီးကို ပြန်ဆင့်ခေါ်လို့ ရဖို့များပါတယ်”
ရယ်ရွှင်က မေးသည်။
“သူတို့က ဒီနေရာက ရေထဲမှာ သေသွားတာလား”
မျက်ရည်ပူများကျလာပြီး ချန်လိသည် ပြင်းပြင်းထန်ထန်ခေါင်းညိတ်၍ ငိုရှိုက်ရင်း ပြောသည်။
“ဒါဆို ဝိဉာဉ်ဆင့်ခေါ်ပြီးရင် ကျုပ်ဇနီးနဲ့ သမီးအတွက် ဆုတောင်းပွဲလေး လုပ်ပေးလို့ရမလားဗျာ သူတို့ ပြန်ဝင်စားလို့ရအောင်လို့ပါဗျာ”
“ဘယ်လိုများပြောလိုက်တာလဲဗျာ”
ဝမ်ယမ်လန်သည် သူ့သူငယ်ချင်းမျးကို ကြည့်လိုက်ပြီး ပြုံး၍
“ငါတို့ ဒီရောက်နေမှတော့ ဆုတောင်းပွဲအကြီးကြီး လုပ်ပြီး ပင်လယ်ထဲမှာ သေဆုံးသွားတဲ့ ဝိဉာဉ်အပေါင်းကို ပြန်လည်ဝင်စားခြင်းစက်ကွင်းထဲ ပြန်ပို့ပေးကြရအောင်”
အားလုံးသည် အတွေးတူနေကြသည့်နှယ် မည်သူမျှ မငြင်းကြပေ။
ညစာစားပြီးနောက် ကျန်းလော်သည် နှစ်နာရီလောက် နားလိုက်သည်။ ၇နာရီထိုးပြီးနောက် အပြင်ဘက်တွင် အနည်းငယ်မှောင်နေပြီဖြစ်ပြီး သူတို့သည် အခန်းကိုယ်စီမှ ထွက်လာကာ ဆင့်ခေါ်ပင့်ဖိတ်ခြင်းနှင့် ဆုတောင်းပွဲအတွက် လိုအပ်သည့် သစ်သီးများနှင့် အခြားပစ္စည်းများဖြင့် အခမ်းအနားကို သေချာဂရုတစိုက် ပြင်ဆင်ကြသည်။
သာမန်လူများကိုတော့ ရဲအရာရှိများက အခန်းထဲသို့ သွင်းထားကြသည်။ ထို့ကြောင့် ချန်လိတစ်ဦးထဲသာ သင်္ဘောကုန်းပတ်ပေါ်တွင်ရှိသော သာမန်လူဖြစ်သည်။
ချန်လိသည် ကျန်းလော်ကို သူ့အမျိုးသမီးနှင့် သမီးငယ်တို့၏ အဝတ်အစားများနှင့် မွေးသက္ကရာဇ် တို့ပြောပြသည်။ ကျန်းလော်သည် သူ့ဘေးမှ သူ့ကိုပြုံးကြည့်နေသော သူငယ်ချင်းများကို ကြည့်လိုက်သည်။
ဒီတစ်ကြိမ်သည် ကျန်းလော်အတွက် ဝိဉာဉ်ဆင့်ခေါ်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ပထမဆုံးအကြိမ်သာ ဖြစ်သော်လည်း အနည်းငယ်သာ စိတ်လှုပ်ရှားနေပြီး ယုံကြည်ချက်ကတော့ မိုးလောက်မြင့်နေသည်။
ယင်စွမ်းအင်ရှိသော ပစ္စည်းများအတွက် လက်ဆောင်ကောင်းတစ်ခုဖြစ်သော ဆန်နှင့် လက်ဖက်ရည် ပြင်ဆင်ထားသည်။
အနီရောင် မီးပုံးကို မီးထွန်းလိုက်ပြီးနောက် သေသူတို့၏ အဝတ်အစားများကို စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ကျန်းလော်သည် အမွှေးတိုင်ကို မီးညှိလိုက်ပြီး လက်နှစ်ဖက်နှင့် ကိုင်လိုက်ကာ သုံးကြိမ်ဦးညွှတ်လိုက်သည်။ ထို့နောက် အဖြူရောင် စက္ကူတစ်ရွက်တွင် ကျောက်ချင်း၏ မွေးသက္ကရာဇ်ကို ရေးထားပြီး သူမအဝတ်အစားထဲသို့ ထည့်၍ သူ့လက်ထဲမှ အမွှေးတိုင်သုံးတိုင်ကို အမွှေးအိုးထဲသို့စိုက်လိုက်သည်။ ချန်လိ၏ သမီး မွေးသက္ကရာဇ်ကို သူမအင်္ကျီထဲထည့်လိုက်ပြီး စောနကအတိုင်း လုပ်လိုက်သည်။
“ခေါ်တော့”
ချန်လိသည် အလွန်စိတ်လှုပ်ရှားနေကာ ခေါင်းထဲမှ ချွေးများစီးကျနေသည်။ သူသည် လက်သီးဆုပ်လိုက်ပြီး သူ့ဇနီးနှင့် သမီးတို့၏ နာမည်ကို ခေါ်လိုက်သည်။
“ကျောက်ချင်း ချန်မာ့မား ကျောက်ခင်း ချန်မာ့မား ကျောက်ချင်း ချန်မာ့မား...................”
ဝိဉာဉ်ဆင့်ခေါ်ခြင်းကို ဝိဉာဉ်များကို ခေါ်ယူခြင်းဟူ၍လည်း အနက်အဓိပ္ပာယ် ဖွင့်ဆိုနိုင်သေးသည်။ အဓိကစကားလုံးမှာ ‘ခေါ်ဆိုခြင်း’ ဖြစ်သည်။
လူသား၏ဝိဉာဉ်သည် အဝတ်အစားများနှင့် အလွန်ဆက်စပ်မှု ဖြစ်သည်။ ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုပြရလျှင် လူသားတို့၏ အဝတ်အစားများသည် လူသားဝိဉာဉ်များကို ဆွဲဆောင်နိုင်သည်။ ဤအချက်ကပင် မိစ္ဆာတချို့ လူသားအဝတ်အစားများယူဝတ်ပြီး လူအသွင်ယူနိုင်လာကြခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်။
သို့ရာတွင် ပင်လယ်ပြင်တွင် သေဆုံးခဲ့သော လူများအတွက်မူ ယခင်ဝတ်စားခဲ့သော အဝတ်အစားများက သူတို့ကို ဆင့်ခေါ်ရန်မလုံလောက်ပေ။ သူတို့ကို ဆင့်ခေါ်ရန်မှာ အဝတ်အစားအပြင် သေသူနှင့် အလွန်ရင်းနှီးသည့် ဆွေမျိုးအရင်းအခြာတစ်ယောက်လဲ လိုအပ်သည်။
ချန်လိသည် ကျန်းလော်ညွှန်ကြားချက်အတိုင်း ဝိဉာဉ်ဆင့်ခေါ်ရာတွင် တားမြစ်ထားသည့် အချက်များကို စိတ်ထဲတွင် တတွက်တွတ်ရွက်နေသည်။ အသံကို အလွန်တိုး၍လည်း မဖြစ်ပေ။ သို့မဟုတ်လျှင် ဆင့်ခေါ်ခံ ဝိဉာဉ်တို့သည် မကြားနိုင်သောကြောင့် ရောက်လာကြမည်မဟုတ်၊ အလွန်ကျယ်လွန်းနေရင်လည်း ဆင့်ခေါ်ခံ ဝိဉာဉ်တို့ကို ကြောက်လန့်သွားစေနိုင်ပြီး ရောက်လာမှာ မဟုတ်ပေ။
ပြတ်တောင်းပြတ်တောင်း ဖြစ်သွားလို့လဲ မဖြစ်ပေ ဆင့်ခေါ်ခံဝိဉာဉ်များ လမ်းပျောက်သွားနိုင်သောကြောင့် ဖြစ်သည်။
သူ့လည်ချောင်းသည် ခြောက်သွေ့လာပြီး ချွေးများ မျက်လုံးထဲထိ စီးကျနေသော်လည်း မသုတ်ဝံ့ပေ။
အမွှေးတိုင်သည် လောင်ကျွမ်းနေပြီး အမွှေးပြာများသည် မွေးသက္ကရာဇ်ပေါ်တည့်တည့် ကျသွားသည်။ အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းသွားပြီးနောက် အနီရောင်မီးအိမ်အလင်းရောင်အောက်တွင်အမေနှင့် သမီးတို့သည် ရုတ်တရက်ပေါ်လာကြသည်။
အမျိုးသမီးသည် အားပေးသည့်အပြုံးပြုံးနေပြီး သိမ်မွေ့စွာကြည့်နေသည်။ ကလေးလေးသည် မျက်လုံးများတောက်နေကာ သူမအမေ၏ လက်ကိုဆွဲ၍
“ဖေဖေ”
ချန်လိသည် သူတို့ကို ကြောင်အစွာကြည့်နေရင်း မျက်နှာပေါ်တွင် မျက်ရည်များ ရွှဲနစ်နေသည်။ ဝိဉာဉ်ဆင့်ခေါ်ခြင်း အခမ်းအနားပြီးနောက် ပူဇော်ပွဲအခမ်းနားစတင်ကြသည်။ ပူဇော်ပွဲအခမ်းအနားသည် ခမ်းနားအောင်မြင်စွာ ပြီးဆုံးသွားပြီး လူတိုင်းသည် ဒီလောက်အောင်မြင်လိမ့်မယ်မထင်စွာ ပြီးသည်အထိ မယုံနိုင်ဖြစ်နေကြသည်။
ဆရာများမပါဘဲ သူတို့ကိုယ်တိုင်စတင်ပြီး ကိုယ်တိုင်အဆုံးသတ်နိုင်ခဲ့သောကြောင့် အိပ်မက်လိုခံစားနေရကာ ပျော်ရွှင်နေကြသည်။
အပျော်လွန်ပြီး ငိုကြွေးနေသောချန်လိသည် အားလုံးပြီးသွားပြီးနောက် လူသစ်တစ်ယောက် ဖြစ်သွားသလိုပင် ကျန်းလော်ကို တည်ကြည်ဖြောင့်မတ်စွာ အထပ်ထပ်အခါ ကျေးဇူးတင်ကြသည်။ ထို့နောက်သူသည် ရဲများထံသွားပြီး ပူးပေါင်းကာ လွန်ခဲ့သော နှစ်နှစ်ခန့်က သင်္ဘောပေါ်တွင် တွေ့ခဲ့သော လူချမ်းသာများကို မှတ်မိသလောက် အကုန်ပြောပြသည်။
ရဲများသည် အလွန်ဝမ်းသာသွားကာ ဒီတကြိမ်တွင် ချန်လိပါ ထပ်ပျောက်သွားမည်စိုး၍ ချန်လိကို အချုပ်ထဲသို့ ပို့လိုက်ကြသည်။ ကျန်းလော်နှင့် သူ့သူငယ်ချင်းများသည် သင်္ဘောပေါ်တွင် လေးညလောက် အိပ်လိုက်ရပြီးမှ ကုန်းပေါ်သို့ ခြေချရတော့သည်။
ယခုအချိန်သည် ဆောင်းရာသီနှောင်းပိုင်းသို့ရောက်နပြီဖြစ်ပြီး သင်္ဘောပေါ်တွင် အေးသလို မခံစားရသော်လည်း ကုန်းပေါ်သို့ ရောက်သောအခါ သောက်ကျိုုးနည်းအောင် စိမ့်စိမ့်ပြီး အေးလာကြသည်။
သူတို့ လဝက်လောက်သာ ခရီးထွက်လာသော်လည်း သူတို့ပြန်ရောက်သောအခါ ရာသီဥတုသည် လုံးဝပြောင်းလဲနေပြီဖြစ်သည်။
သူတို့သည် ကျောင်းကို ဒယ်လ်တာလေဆိပ်မှ ပျံသန်း၍ ပြန်ခဲ့ကြပြီး လေယာဉ်ပေါ်မှ ဆင်းခဲ့ပြီးနောက် လေဆိပ်မှထွက်ခွာချိန်တွင် သူတို့ကို လူအများကြီး တန်းစီစောင့်နေကြကြောင်း တွေ့လိုက်ရသည်။ မိသားစုများမှလာစောင့်နေကြသည်သာမကပဲ ထျန်းရှိဖူမှ ကားလည်း ရောက်နေပေသည်။
ကျန်းလော်သည် ထျန်းရှိဖူမှကားကို ယဉ်ကျေးစွာငြင်းဆန်၍ ရယ်ရွှင်နှင့် ကျောင်းပြန်လိုက်သွားချင်သည်။ ထို့ကြောင့် သူသည် ကားဆီသို့ လျှောက်သွားလိုက်သည်။
ကားနားသို့ရောက်သောအခါ ယာဉ်မောင်းနေရာမှ ပြတင်းမှန်ကျသွားပြီး မရင်းနှီးသော မျက်နှာတစ်ခု ပေါ်လာသည်။
“ဆရာလေး ကျန်းလော်လား”
ထိုလူသည် စုပ်လုံးတစ်ချောင်းကို ပါးစပ်ထဲတွင်ကိုက်ထားရင်း အပြုံးအကြီးကြီး ပြုံးပြလိုက်ကာ
“တက်ကွာ ငါမင်းကို ဆရာ့ဆီခေါ်သွားပေးမယ်”
ကျန်းလော်သည် သက်ပြင်းချလိုက်ပြီး
“ခင်များက”
နောက်ခန်းမှ ခေါင်းတစ်ခု ပြူထွက်လာပြီး ကျိုးဝူတုဖြစ်နေသည်။ ကျိုးဝူတုသည်
“ညီလေး တက်တော့လေ ဒါက ငါတို့ရဲ့ ဒုတိယအစ်ကိုလေ ရှန်ရူမာ့တဲ့”
ကျန်းလော်သည် ဟာသလုပ်လိုက်သည်။
“ဒါဆို ကျွန်တော်တို့ အစ်ကိုကြီးနာမည်က အချိန်တိုင်းလူသတ်မယ် လား”
ကျိုးဝူတုသည် လေအေးတစ်ချက်ရှူသွင်းလိုက်ပြီး ကျန်းလော်ကို ထိတ်လန့်စွာကြည့်ကာ
“နောက်မျိုးဆက်တွေက ပိုတော်တယ်ဆိုတာ အမှန်ပဲ ငါတို့အစ်ကိုကြီးနာမည်က ရှုချီရှ လေ မင်းဒါကိုတောင် ခန့်မှန်းနိုင်တယ်ပေါ့ ဝိုးးး”
ကျန်းလော် “..............”
‘တကယ်ကြီး အချိန်တိုင်းလူသတ်မယ် ဟ’
သူသည် ဒေါခီးသွားပြီး ကားထဲသို့ တိတ်ဆိတ်စွာ ဝင်သွားလိုက်သည်။ ာ
သူကားထဲရောက်သည်နှင့် သူ့လက်မောင်းထဲသို့ အရာသေးသေးလေးတစ်ခု ခုန်ဝင်လာကာ အသံပိစိလေးကို အာဗြဲကြီးနှင့် အော်၍
“ဖေဖေ”
ကျန်းလော်သည် ထိုအရာလေးကို မပြီး ကြည့်လိုက်သည်။ ဂျင်ဆင်းကလေးလေး ဖြစ်နေသည်။ ဂျင်ဆင်းကလေးလေးသည် ကျိုးဝူတုနှင့် ဝမ်ဆန်းထန်တို့ထံတွင် ဘိုးဘေးလေးလို ဆက်ဆံခံရပြီး အိမ်မှာအလိုလိုက်ထားသောကြောင့် အနည်းငယ်ဘဝင်မြင့်နေပြီး ဝိတ်တက်လာသောကြောင့် ကြည့်ရတာ ချစ်စရာလေးဖြစ်နေသည်။
သူ့ကို ပစ်ထားခဲ့သော ကျန်းလော်၏ စိတ်ကို သိမ်းပိုက်ရန် မျက်နှာလေးငယ်ပြီး အစွမ်းကုန်ချွဲနွဲ့ဖို့ပြင်ထားသည်။ ကျန်းလော်သည် တစ်စုံတစ်ခုကို သတိရသွားပြီး ကလေးလေးကို ကျိုးဝူတုလက်ထဲသို့ မနှစ်မြို့စွာ ပစ်ပေးလိုက်သည်။
ဂျင်ဆင်းကလေးလေးသည် ကျန်းလော်ကို နှလုံးသားမဲ့ပြီး အပေါက်ဆိုးသော သူတစ်ယောက်လို မယုံနိုင်စွာကြည့်လိုက်ပြီး သူ့ပါးစပ်လေးသည် တဖြည်းဖြည်း အောက်ကျသွားကာ ငိုချတော့မလို့ဖြစ်သွားသည်။
ကျန်းလော်သည် အေးဆေးစွာ ပြောလိုက်သည်။
“ဂျင်ဆင်းဝိဉာဉ်တစ်ကောင် ငိုနေတဲ့ ကားထဲလိုက်မစီးချင်ဘူးနော်”
ဂျင်ဆင်းကလေးလေးသည် ချက်ချင်းရှိုက်သံများကို ပြန်မြိုချလိုက်သည်။
ဒုတိယအစ်ကိုကြီးသည် သဘောကျစွာ အော်ရယ်လိုက်သည်။ ရှန်ရူမာ့သည် စကားနည်းပြီး သူ့ပုံစံသည် ရှက်တတ်သောပုံမျိုး ဖြစ်သည်။ တစ်လမ်းလုံး စကားတစ်ခွန်းမှမပြောဘဲ ကျန်းလောကို ကြိုရန် မနက်ခင်းတွင် စောစောထပြီး ပါမုန့်ပေါ်မှ နှမ်းစေ့များကို တစ်စေ့ချင်းဖယ်၍ အေးအေးဆေးဆေး စားရန် အချိန်ယူခဲ့သည်။
“စကားမစပ် ကျောင်းကနေ ယူမလာရသေးတာ ဘာရှိလဲ အစ်ကိုတို့ မင်းကျောင်းကို ဝင်ပြီး တစ်ခါထဲ ယူသွားကြမလား”
ရှန်ရူမာ့သည် စုပ်လုံးမှ ကော်ချောင်းကို ပြတင်းပေါက်အပြင်မှ လမ်းပေါ်ရှိအမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။
“နောက်ရက်လောက်က သွားယူထားလိုက်တာကောင်းမယ် နောက်မို့ဆို ယူဖို့ မလွယ်လောက်တော့ဘူး”
ကျန်းလော်သည် ကြောင်သွားပြီး
“ဘာကို ပြောနေတာလဲဗျာ”
“မင်းမေ့သွားတာလား”
ရှန်ရူမာ့သည် မျက်ခုံးပင့်လိုက်ပြီူး ကျန်းလော်ကို နောက်ကြည့်မှန်မှကြည့်လိုက်သည်။ ကြည့်ရင်းတစ်ဆက်ထဲမှာပင် သူ့ညီလေးသည် တော်တော်လေးကြည့်ကောင်းကြောင်း တွေးမိသွားသည်။
“မင်းအခုမှ မစ်ရှင်လုပ်ပြီး ပြန်လာတာ အစ်ကိုမေ့သွားတယ်ကွာ မင်းပင်လယ်ထဲရောက်သွားတာ လဝက်တောင်ကြာသွားတာဆိုတော့ မင်းမေ့သွားတာ ဖြစ်သင့်ပါတယ် အစ်ကိုပြန်ပြောပါ့မယ် ဒီတစ်ခေါက်မစ်ရှင်က လဝက်စာမေးပွဲမို့လား အဲ့တာဆို လဝက်စာမေးပွဲပြီးရင် မင်းဘာလုပ်မှာလဲ”
ကျန်းလော်သည် မလှုပ်တော့ဘဲ
“အားလပ်ရက်လား”
ကျိုးဝူတုသည် အမေအိုကြီးလို ဂျင်ဆင်းကလေးလေးကို ပွေ့ထားပြီး
“အားလပ်ရက်တော့ မဟုတ်ဘူးကွာ ဂုတ်ယူပါတယ် မင်းနောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ ညီလေးရာ”
သို့သော် နိုဝင်ဘာလကုန်လေးပင် ရှိသေးသည်။
‘နိုဝင်ဘာလကုန်မှာ ပေးတဲ့ အားလပ်ရက်က ဘယ်လိုမျိုးကြီးလဲကွာ’
‘ဆောင်းရာသီအပြီး သုံးလလောက် ပိတ်ပေးလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ’
သို့သော် ရှန်းရူမာ့နှင့် ကျိုးဝူတုတို့၏ အပြည့်အဝယုံကြည်ချက်ရှိသော အမူအယာများကို ကြည့်၍ ကျန်းလော်သည် မျက်နှာမပြောင်းသွားဘဲ မေးလိုက်သည်။
“ဆရာက ထျန်းရှိဖူ မှာလား”
“ဟုတ်တယ်လေ”
ကျိုးဝူတုက ပြောသည်။
“ဆရာက မင်းပြန်လာတာနဲ့ တွေ့ချင်နေတယ်”
ကျန်းလော်သည် ခေါင်းညိတ်လိုက်သည်။
သူချီယုံနှင့် ဆက်ဆံခဲ့ကြတာ ငါးရက်ရှိသွားပြီဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်မှ တစ္ဆေအရှိန်အဝါများ ပျောက်ကွယ်သွားပြီမှာ ကြာပြီဖြစ်သည်။
တစ်နာရီကြာပြီးနောက် သူတို့သုံးယောက် ထျန်းရှိဖူသို့ ပြန်ရောက်ပြီ ဖြစ်သည်။ ကျန်းလော်သည် ခရီးဆောင်အိတ်ကို အပြင်စည်းတပည့်များကို ပေးခဲ့လိုက်ပြီး စာကြည့်ခန်းရှိရာ အပေါ်ထပ်သို့ တက်သွားသည်။ည
တံခါးခေါက်ပြီးနောက် ဖုန်းလီအသံကို ကြားလိုက်ရသည်။
“ဝင်ခဲ့”
ကျန်းလော်သည် တံခါးတွန်းဖွင့်၍ ဝင်လိုက်သည်။ စာကြည့်ခန်းထဲတွင် တခြားသူတစ်ယောက်ရောက်နေသောအခါ အံ့ဩသွားသည်။ ထိုလူသည် သူအလွန်ရင်းနှီးနေသော အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဖြစ်နေသည်။
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ဆိုဖာပေါ်မှထ၍ အသက်မရှူနိုင်စွာပြောလိုက်သည်။
“မင်းတပည့်ရောက်လာပြီဆိုမှတော့ ကျုပ်အရင်ပြန်လိုက်တော့မယ်”
“မလိုဘူး”
ဖုန်းလီသည် ကျန်းလော်ကို မော့ကြည့်လိုက်ပြီး ဖျော့တော့တော့ မျက်ဝန်းများသည် ကျန်းလော်ကို ခေါင်းအစခြေအဆုံး စစ်ဆေးကြည့်ရှုပြီး ကျန်းလော်တွင် ဘာဒဏ်ရာမှ မမြင်ပါမှ မျက်နာသည် ကြည်လင်သွားတော့သည်။
“ကျွန်တော် ဆရာကြီးကို ခေါ်လိုက်တာက ဒီကောင်လေးကို ကြည့်ရအောင်လို့လေ”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် အံ့ဩသွားပြီး
“အိုး”
ဖုန်းလီသည် တစ်တစ်ခွခွ ဗြောင်ကျကျပဲ ပြောလိုက်သည်။
“သူက ခင်များရဲ့ ဝိဉာဉ်ကျင့်ကြံခြင်း နည်းစနစ်တွေကို သင်ယူဖို့ အသင့်တော်ဆုံးပဲ”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီး ခပ်မတ်မတ်ပြန်ထိုင်လိုက်ကာ
“သေချာပြီလား”
ဖုန်းလီသည် ပေါ့ပါးစွာ ခေါင်းညိတ်ပြလိုက်သည်။
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ချက်ချင်းကျန်းလော်ဘက်လှည့်ပြီး အကြာကြီးကြည့်နေသည်။ ဆံပင်အနက်နှင့် လူငယ်လေးသည် တံခါးကို ပိတ်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ တံခါးနားမှာပဲ ရပ်နေသည်။
သူ့ဆံပင်များသည် အရင်တစ်ခေါက် တွေ့တုန်းကထက် ပိုရှည်လာပုံရပြိး ပုံပန်းသဏ္ဍာန်သည်လည်း ပိုမို ခန့်ညားလာကာ မျက်ခုံးများသည် ထက်မြက်သော သူတစ်ယာက်၏ တော်ဝင်ဆန်သော မျက်နှာကို ဖန်တီးပေးနေပြိး အရပ်ရှည်၍ အရိုးတည်ဆောက်ပုံသည် ပြိုင်ဘက်ကင်းလာသလို ချုံပြောရလျှင် အရင်ကထက် ပိုကြည့်ကောင်းလာသည်။
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် သိချင်စိတ်ပြင်းပြစွာ စုတ်သပ်လိုက်ပြီး
“ကျစ် ငါဒီလို စွမ်းဆောင်ရည်တွေ သူ့ဆီမှာရှိမှန်း မမြင်ခဲ့ဖူး ဖုန်းလီ ငါ့ကို မင်းတပည့်လေး မပေးလိုက်ချင်ဘူးလား”
ဖုန်းလီသည် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး ပြုံးလိုက်ကာ နှာခေါင်းရှုံ့၍
“မဖြစ်နိုင်ဘူး”
#################################