အပိုင်း (၁၀၅)
အားလုံးပြီးသွားပြီ
သူပြောပြီးနောက် အရာရှိလမ်သည်
“အိုး အိုး အိုး ဟုတ်သားပဲ သွေးငါးရှဉ့်ခေါင်းဆောင် ဟုတ်တယ် အဲ့ဒါ ငါးမလား ဟုတ်တယ်မလား”
အရာရှိလင်သည် ကြိုးတုတ်ထားသော ငါးအထီးဆီလျှောက်သွားလိုက်ပြီး လှည့်ပတ်ကြည့်ကာ နှာခေါင်းကို လက်နှင့်ပိတ်ထားလိုက်ပြီး
“ဘုရားရေ ဘာလို့ဒီလောက် နံရတာလဲ”
ကျန်းလော်သည် တည်ငြိမ်စွာပင် လိရှားပုခုံးကို ထပ်ပုတ်လိုက်သည်။
“ကျွန်တော်ပြောတဲ့ သွေးငါးရှဉ့်တွေရဲ့ ခေါင်းဆောင်ဆိုတာ ဒီတစ်ယောက်ကို ပြောတာဗျ”
ကျန်းလော်စကားကိုကြားလိုက်သော သူတိုင်းသည် နေရာတွင်ပင် ကြက်သေသေသွားသည်။ သူ့သူငယ်ချင်းများပင်လျှင် ကျန်းလော်ကို အမ်းကြည့်နေကြသည်။
လိရှားသည် ကျန်းလော်ကို နားမလည်သလိုကြည့်လိုက်သည်။ သူမသည် ကျန်းလော်ကို မော့ကြည့်လိုက်ပြီး
“ကိုကို”
ကျန်းလော်သည် သူမကိူ နူးညံ့စွာ ပြုံးပြလိုက်ပြီး
“မကြောက်နဲ့ ခနနေကျရင် ကိုကိုက မင်းကို သော့ခတ်ထားတော့မှာ နော်”
သူပြောလို့ပြီးသွားပြီးနောက် သူသည် ရဲအရာရှိများကို ကြည့်လိုက်ကာ
“အရာရှိလင် ကျွန်တော်ပြောတဲ့ အစောင့်အကြပ်ကောင်းကောင်းချထားတဲ့ အခန်းပြင်ထားပြီးပြီလား”
အရာရှိလင်သည် လိရှားကို ကြည့်လိုက်ပြီး ကျန်းလော်ကို တွေဝေစွာမေးလိုက်သည်။
“မင်းအထင်လွဲနေတယ်ထင်တယ်နော်”
လိရှားသည် မျက်လုံးပြူးလာပြီး နောက်ဆုတ်သွားကာ သူမရှေ့ရှိ ဝမ်ယမ်လန်၏ ရှပ်အင်္ကျီကိုဆွဲ၍ င်ုနေကာ
“မမ သမီးကြောက်တယ်”
ဝမ်ယမ်လန်သည် သူမကိုကြည့်လိုက်ပြီး ငြင်သာစွာပြုံးလိုက်ကာ သူမလက်ကလေးကို ဆွဲလိုက်ပြီး
“အဆင်ပြေပါတယ်”
လိရှားနည်းနည်းအကြောက်ပြေသွားသည့် အချိန်တွင် ဝမ်ယမ်လန်သည် လိရှားလက်ကို အောက်ဆွဲချပြီး လုံးဝ မတွေဝေပဲ သူမလက်ကိုနောက်ပြန်ကြိုးတုတ်လိုက်သည်။ လိရှားသည် ဝမ်ယမ်လန်ကို မယုံနိုင်သလိုကြည့်လိုက်သည်။ ထိုအခါ ဝမ်ယမ်လန်သည် နှုတ်ခမ်းများကော့တက်သွားပြီး
“စိတ်မကောင်းပါဘူး ကိုယ်က ကိုယ့်သူငယ်ချင်းကို ပိုပြီး ယုံတယ်ကွ”
ချန်ျလိသည် မယုံကြည့်နိုင်ဟန် မေးလိုက်သည်။
“သူမက သွေးငါးရှဉ့်တွေရဲ့ ခေါင်းဆောင်တဲ့လား”
ချန်လိသည် သူ့မိန်းမနှင့်ကလေး၏ သေဆုံးမှုကို တွေးမိသွားကာ မျက်နှာသည် ခက်ထန်သွားပြီး လိရှားကို မုန်းတီးစွာစိုက်ကြည့်လိုက်သည်။
“မင်း ငါ့သမီးနဲ့ မိန်းမကို သတ်တာမလား”
သူသည် လက်သီးဆုတ်ပြီး ရှေ့တိုးသွားသည်။ အရာရှိလင်သည် လန့်ဖြတ်သွားပြီး သူ့လက်ထဲမှ စာအုပ်သေးသေးလေးကို လွတ်ချကာ ချန်လိကို နောက်မှအသည်းအသန်ဆွဲထားပြီး
“စိတ်လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့”
ရယ်ရွှင်သည် တိတ်ဆိတ်စွာပင် ကြိုးတစ်ခွေရှာလာပြီး လုယုံရိကို သွားတို့လိုက်သည်။ သူတို့နှစ်ယောက်သည် လိရှားကို ကြိုးတုတ်ရန်သွားပြီး လုယုံရိသည် ရှက်ရွံ့နေသလိုရယ်လိုက်ကာ
“လိရှားလေး မကြောက်နဲ့နော် ကိုကိုတို့ မနာအောင် ချည်မှာ”
လိရှားသည် သူတို့ကို ဝမ်းနည်းစွာကြည့်လိုက်ပြီး ခေါင်းငုံ့သွားသည်။ သူမပုခုံးများတုန်ခါလာပြီး ရှိုက်သံများထွက်အောင်ငိုနေတော့သည်၊။ ချန်လိသည် သူမကိုကြည့်ပြီး တွေဝေသွားကာ ကျန်းလော်ကို ပြန်ကြည့်၍
“ဒီမှာ တစ်ခုခုတော့ မှားနေပြီထင်တယ်”
သူစကားပြောနေတုန်းမှာပင် ကြိုးတုပ်ထားသော ငါးအထီးကောင်သည် ကြိုးကိုရုန်းဖြတ်ပစ်လိုက်ပြီး ဝမ်ယမ်လန်ကို ခုန်အုပ်လိုက်သည်။ ထိုအချိန်တွင် ရွှေရောင်အလင်းတန်းကြီး ပေါ်လာပြီး ကျားဖြူကြီးတစ်ကောင်သည် ဘယ်ကမှန်းမသိ ထွက်လာကာ ငါးအထီးကောင်ကို ကိုက်ရန်မာန်ဖီလိုက်သည်။ သူသည် ထိုငါးအထီးခေါင်းကိုပုတ်ထုတ်လိုက်ကာ ချက်ချင်း ငါးအထီးနှင့် ဆန့်ကျင်ဘက်နေရာသို့ သွားလိုက်သည်။
“ဝေါင်း”
ကျားဖြူကြီးသည် ဟိန်းသံတိုးတိုးမာန်ဖီလိုက်ကာ အားမာန်အပြည့်နှင့် သန်မာသော ခြေလက်များသည် သူတစ်ခါခုန်လိုက်တိုင်း ငလျင်လှုပ်သလို ခါယမ်းသွားကြသည်။ ထို့နောက် ကျားဖြူကြီးသည် ရက်စက်စွာပင် သွေးငါးရှဉ့်အထီးကို ခုန်အုပ်လိုက်ပြီး ခြေလက်များကို တစ်စစီ ဆွဲဖြဲလိုက်သည်။ ငါးအထီးသည် ဆွဲဆွဲငင်ငင်အော်ဟစ်လိုက်သည်။ ယင်းဟူ(ကျားဖြူကြီး)သည် သူ့ပါးစပ်ထဲမှ နံစော်နေသော အသားများကို ရွံ့ရှာသလို ထွေးထုတ်လိုက်ကာ ထိုငါးအထီးကို ကြည့်လိုက်သည်။ ငါးအထီးသည် နာကျင်စွာတုန်နေပြီး ထပ်မံမတိုက်ခိုက်နိုင်တော့ဘူးဆိုကာမှ ဆင်မယဉ်သာခြေလှမ်းနှင့် ဖင်ခါပြီး ကျန်းလော်နားသို့ တစ်လှမ်းချင်း လျှောက်သွားတော့သည်။ ကြောင်တစ်ကောင်ကဲ့သို့ သူ့ခေါင်းကြီးကို ကျန်းလော်လက်ဖဝါးဆီ တိုးဝှေ့ကာ အတင်းပွတ်သပ်ခိုင်းနေပြီး စေးကပ်နေသော လျှာကို တန်းလန်းကြီးထုတ်ပြီး
“ယောင်း”
‘သွေးငါးရှဉ့်ရဲ့ သွေးတွေက နံလိုက်တာ တအားပဲ ’
မြွေသည်တည်ငြိမ်ပြီး ခပ်တည်တည်သာနေသော်လည်း အလွန်ရက်စက်ပြီး အဆုံးထိတိုက်ခိုက်တတ်သည်။ ယင်းဟူသည် အကြောက်အလန့်ကင်းပြီး အလွန်ဒေါသကြီးရက်စက်သော်လည်း သခင်ကို ချွဲပြီး အလိုလိုက်ခံချင်သည့် ကြောင်ဆိုးကြီးလိုပင်။ ကြွက်သည် ကြောက်တတ်သော်လည်း အလွန်ဉာဏ်ရည်မြင့်ကာ ထွက်ပြေးခြင်းနှင့် အစားအသောက်များကို ကာကွယ်ခိုင်းရာတွင် ဒီကောင့်လောက် တော်သူမရှိပေ။
ဒီအချိန်တွင် ကျန်းလော်သည် သူတို့ကို တကယ်ရှင်သန်နေသော သတ္တဝါများလို့ပင် တွေးမိလာသည်။ ယင်ယန်လက်ကောက်ပေါ်တွင် ကျိန်စာဆယ့်နှစ်မျိုးရေးထားသည်။
ကျန်းလော်သည် ယင်းဟူခေါင်းကို ပွတ်ပေးလိုက်ပြီး လိရှားကို မဲ့ပြုံးပြုံးပြီး ကြည့်လိုက်သည်။
“ငါးအထီးကောင်က အသုံးမကျတော့ သနားစရာတောင်ကောင်းသွားတယ်”
လိရှားသည် ခေါင်းမော့လိုက်သည်။ သူမ၏ ကလေးမျက်နှာသည် တည်တံ့နေပြီး ဆံပင်အနက်ရောင်ခွေခွေလေးသည် သူမနားရွက်နောက်သို့ လျောကျနေကာ ကျန်းလော်ကို သတ်ပစ်ချင်သလိုကြည့်လိုက်ပြီး
“ဘယ်လိုလုပ်ပြီး သိသွားရတာလဲ”
“အရင်တုန်းထဲက သိပ်မူမမှန်သလို ခံစားမိသွားလို့”
ကျန်းလော်သည် ပုခုံးတွန့်လိုက်ပြီး
“မင်းထွင်ထားတဲ့ ပုံပြင်က မှန်ချင်လဲမှန်နိုင်တာပေါ့ ဒါပေမဲ့ အပေါက်တွေ ဟာကွက်တွေ အရမ်းများလွန်းနေတယ်လေ၊ ကလေးမငယ်ငယ်လေးက သူ့အဖေဆီက အချစ်မခံရပဲ တစ်ခါတစ်လေ သူနှိပ်စက်တာတောင်ခံရသေးတာကို ဒီလိုအဖေကို လွမ်းနေတုန်းလေ၊ မင်းက ရှစ်နှစ်ပဲရှိသေးတာတောင် သွေးငါးရှဉ့်တွေ ပြည့်နေတဲ့ သင်္ဘောပေါ်မှာ အသက်ရှင်နိုင်သေးတဲ့ အပြင်ကို သူတို့ရဲ့ လျှို့ဝှက်ချက်တွေ အားနည်းချက်တွေကို သိနေသေးတယ်။ အဲ့ဒါတွေထက်ကို ငါ့ကိုဟန်ဆောင်ပြီး အဲ့ဒီသတင်းတွေပြောပြပြီး ငါတို့နားမှာ ခနခနပေါ်လာသေးတယ်လေ။ မင်းကိုငါတို့က ကုန်းပေါ်ခေါ်သွားအောင် ကြံစည်နေတာပဲ၊ မင်းရဲ့ ဇာတ်လမ်းလေးက လုံးဝကို ပြီးပြည့်စုံပါတယ်၊ ငါတို့ကို သင်္ဘောပေါ်က ထွက်ဖို့တောင် အကူအညီပေးလိုက်သေးတယ် ဟုတ်”
သူသည် လိရှားဆီသို့ လျှောက်သွားသည်။ ယင်းဟူသည် သူ့သခင်နားက ထပ်ချပ်မခွာလိုက်သွားသည်။ ဆံပင်အနက်နှင့် ကောင်လေးသည် သူ့ဘေးတွေ စွမ်းအားအလွန်ကြီးပြီး မြင့်မားသော ကျားဖြူကြီး ဘေးမှ ကပ်ပါလာသော်လည်း သူ့အရှိန်အဝါသည် နည်းနည်းမှကျမသွားဘဲ ထက်မြနေသော ဓားတစ်ချောင်းကဲ့သို့ ခန့်ညားတည်တံ့နေသည်။
“လွန်ခဲ့တဲ့နှစ်နှစ်က သင်္ဘောသားတွေ မင်းကိုကယ်လိုက်ထဲက မင်းက လိရှားမဟုတ်တော့ဘဲ သွေးငါးရှဉ့်မတစ်ကောင် ဖြစ်နေပြီးပြီ ၊ မင်းက လိရှားရဲ့ မှတ်ဉာဏ်တွေကို ခိုးပြီး သူမကိုယ်ကိုထိန်းချုပ်တယ် လူတွေကို လှည့်စားတယ်”
ကျန်းလော်သည် ခေါင်းယမ်းလိုက်ပြီး
“ဒီထက်ပိုဦ်းမှာ သင်္ဘောပေါ်မှာ လူတန်းစားသုံးခုပဲရှိတယ် လူချမ်းသာတွေ သာမန်လူတွေနဲ့ သင်္ဘောသားတွေ မင်းကတော့ တတိယအုပ်စုထဲမှာပါတယ်။ ဒါပေမဲ့ သင်္ဘောသားတွေမှာ ကလေးတစ်ယောက်တောင် မရှိကြဘူး။ မင်းက တစ်ဦးတည်းသော ကလေးပဲ၊ သွေးငါးရှဉ့်တွေက ပျားတွေ ပုရွက်ဆိတ်တွေလိုပဲ ဘုရင်မရှိလောက်တယ် အဲ့ဒီဘုရင်မကပဲ အားလုံးကို ထိန်းချုပ်ပြီး ခိုင်းစေနေတာပဲ ဖြစ်မယ်”
လိရှားသည် သူ့ကိုတိတ်ဆိတ်စွာကြည့်နေပြီး သူမ၏ဝမ်းနည်းနေပုံပေါ်သော မျက်လုံးတို့သည် တည်ငြိမ်သွားပြီး ပါးချိုင့်များပေါ်လာအောင် ပြုံးလိုက်ကာ
“ကိုကို ကိုကိုက အရမ်းတော်တာပဲ”
ကျန်းလော်သည် သူမဆီသို့ လမ်းလျှောက်သွားပြီး ခါးကုန်းလိုက်ကာ သူမအရပ်နှင့်တစ်တန်းထဲ ဖြစ်အောင် ကုန်းလိုက်ပြီး သူမကိုသေချာကြည့်လိုက်ပြီး မတ်မတ်ပြန်ရပ်လိုက်သည်။
“ဒီကိုကို့မှာ မေးစရာတစ်ခုရှိသေးတယ် ဘာလို့ ကုန်းပေါ်လာချင်ရတာလဲ”
“ပြီးတော့”
သူသည် အကြောင်းအရင်းကို အလွန်သိချင်နေပုံရပြီး ပြောလိုက်သည်။
“မင်းကိုကြည့်ရတာ တခြားသွေးငါးရှဉ့်တွေနဲ့ သိပ်မတူဘူး ငါတို့ အဲ့အကောင်တွေအကုန်သတ်လိုက်တာတောင် မင်းက ဘာမှခံစားရပုံမရဘူး”
“ဘာလို့လဲဆိုတော့ ငါက သူတို့မဟုတ်လို့လေ”
လိရှားသည် တည်ငြိမ်စွာပြောလိုက်သည်။
“သွေးငါးရှဉ့်တွေက ဗီဇပြောင်းသတ္တဝါတွေဆိုရင်တောင် သူတို့က ဗီဇပြောင်းဖို့ ကျရှုံးသွားတဲ့ တစ်ဝက်တစ်ပြတ် ထုတ်ကုန်တွေပဲ ဒါပေမဲ့ ငါကတော့ မတူဘူး ငါက ပြီးပြည့်စုံတဲ့ ဗီဇပြောင်းသက်ရှိပဲ၊ သွေးငါးရှဉ့်တွေကို ထိန်းချုပ်နိုင်ပြီးတော့ လူသားတွေရဲ့ ဦးနှောက်ရော ခန္ဓာကိုယ်ကိုရော ကောင်းကောင်းကြီး ဖျက်ဆီးပေးနိုင်တယ်၊ သွေးငါးရှဉ့်အထီးတွေယူလိုက်တဲ့ သင်္ဘောသားတွေကိုကြည့်မလား အမတွေ ထိန်းချုပ်နေတဲ့ လူချမ်းသာတွေကိုကြည့်မလား”
လိရှားသည် သူတို့ကို ဝံ့ကြွားစွာကြည့်လိုက်ပြီး
“ဒါပေမဲ့ ငါ့ကို အရင်ကြည့်လိုက် ငါ့မျက်လုံးတွေက လူသားတွေရဲ့ မျက်လုံးလိုပဲ ငါ့သွားတွေလည်း လူတွေရဲ့သွားလိုပဲ ငါ့မှာ လူသားလိုဉာဏ်ရည်လည်းရှိတယ် အဲ့ဒီ ရုပ်ဆိုးတဲ့ အသုံးမကျတဲ့ သာမန် သွေးငါးရှဉ့်ကောင်တွေလို မဟုတ်ဘူး၊ သူတို့ သေသွားလို့ ငါကဘာဖြစ်ပေးရမှာတုန်း၊ သေသွားတယ်မလား သေသွားတယ်ပေါ့ သူတို့က ငါ့အတွက် ကြက်စာလေးတွေလိုပဲ တအားတုံးလွန်းတယ်”
လုယုံရိနှင့် ရယ်ရွှင်သည် သူမကို ကြိုးချည်ပြီးသွားလေပြီ၊ လိရှားသည် မရုန်းဘဲ ငြိမ်ငြိမ်လေးနေနေသည်။ သူမသည် ကျန်းလော်ကို မျှော်လင့်တကြီးကြည့်နေပြီး သူမကို မေးခွန်းဆက်မေးမည့်အချိန်ကို စောင့်နေသည်။ ကျန်းလော်က မေးလိုက်သည်။
“အဲ့ဒီတော့ ဘာလို့မင်းက သွေးငါးရှဉ့်တွေအပြည့်ရှိတဲ့ သင်္ဘောပေါ်ကနေ ကုန်းပေါ်သွားချင်နေရတာလဲ”
ရဲများသည် လိရှားကို သေနတ်နဲ့ချိန်ပြီး ဝိုင်းထားလိုက်ကြသည်။
လိရှားသည် သက်ပြင်းချလိုက်ပြီး
“မင်းတို့လူသားတွေကို မကြိုက်တာ အဲ့တာတွေပဲ”
အရာရှိလမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး မထိန်းနိုင်စွာ မေးလိုက်သည်။
“ဘာတွေလာပြောနေတာလဲ”
ကြိုးချည်ခံထားရသော လိရှားသည် ခြေချိတ်လိုက်ပြီး ချစ်စရာကောင်းစွာ ညည်းညူလိုက်သည်။
“အဲ့တာတွေအကုန်လုံး မင်းတို့က ရေထဲက ငါးကို သွားရည်တမြားမြားကျအောင် ငတ်ကြီးကျပြီး သင်္ဘောပေါ်ဖမ်းကြလို့လေ။ ငါတို့ကို အဲ့လိုဖမ်းလို့ ငါတို့က လူတွေနဲ့တွေ့ရတာ၊ မင်းတို့အဲ့လို လောဘကြီးပြီး ငါတို့ကို အမဲလိုက်ကြလို့ ငါတို့က လူသားတွေရဲ့ အရသာက အံ့ဩလောက်အောင် အရသာရှိမှန်းသိလိုက်ရတာလေ အဲ့တာအပြင်ကို ငါတို့ရဲ့ ရှင်သန်ဖို့ ခက်ခဲတဲ့ ဥတွေကလည်း မင်းတို့လူသားတွေရဲ့ ဗိုက်ထဲမှာဆို အလေအလွင့် မရှိပဲ ကောင်းကောင်းကြီး ရှင်တယ်ဆိုတာ သိလိုက်ရသေးတယ်”
သူမသည် ကျန်းလော်ကဲ့သို့ ပုခုံးတွန့်လိုက်ပြီး
“ပြောချင်တာက ဒါတွေအားလုံးက မင်းတို့ကိုယ်တိုင်ဖန်တီးလို့ ဖြစ်လာရတာ၊ မင်းတို့တောင် ငါးတွေကိုစားကြသေးတာ ငါတို့ငါးတွေကရော မင်းတို့ကို ပြန်မစားရဘူးလား”
လုယုံရိသည် တောင့်သွားပြီး သူ့ဦးနှောက်လေးသည် ထိုအပြောတွင် ပိတ်မိသွားကာ
“သူပြောတော့လည်း ဟုတ်နေတာပဲနော်”
ကျိူးကျုံးချိုးသည် သူ့ခါးကို အသိပြန်ဝင်အောင် ရိုက်ချလိုက်သည်။ ကျန်းလော်သည် မျက်နှာထားအနည်းငယ်မျှမပြောင်းဘဲ စိတ်ရှည်စွာနားထောင်နေကာ သူမအပြောထဲ နစ်မသွားဘဲ မူလမေးခွန်းကိုသာ ဆက်မေးလိုက်သည်။
“မင်းငါ့မေးခွန်းကို အခုထိမဖြေရသေးဘူး”
“အိုး ဆောရီး”
လိရှားသည် လျှာထုတ်လိုက်သည်။
သူမပုံစံအမှန်ပေါ်ထွက်သွာပြီ ဖြစ်သောကြောင့် သူမသည် ပိုပြီးအသက်ဝင်လာပုံရကာ သူမ၏ သနားကရုဏာသက်ဖွယ်ပုံရိပ်သည် အပြီးတိုင်ပျောက်သွားပြီ ဖြစ်သည်။
လိရှားက ပြောသည်။
“သေချာပေါက် အခုထက်ပိုကြီးတာလုပ်ချင်လို့ ကုန်းပေါ်သွားချင်တာပေါ့”
“လူတွေက ပင်လယ်ထဲသွားချင်တယ် ငါးတွေလည်း ကုန်းပေါ်လာချင်တယ်လေ ထူးဆန်းလို့လား၊ လူချမ်းသာတွေကို ထိန်းချူပ်ထားတဲ့ ငါးအမတွေက ငါ့စကားနားထောင်ရတယ် အဲ့ဒီလူချမ်းသာတွေကို ကောင်းကောင်းအသုံးချရဦးမှာဆိုတော့ ငါသွားမှဖြစ်မှာ”
လိရှားသည် အသက်ရှူအောင့်လိုက်ပြီး သူမသည် အကုန်ထုတ်ပြောနေသည်။
“ငါ့မှာတကယ်ကို ပြီးပြည့်စုံတဲ့ အစီအစဉ်ကို အကြာကြီးဆွဲထားရတာ၊ နင်က သွေးငါးရှဉ့်တွေရဲ့ ခေါင်းဆောင်ကိုဖမ်းလိုက်တော့ ငါနင်တို့နဲ့ ကုန်းပေါ်လိုက်မဲ့ အစီအစဉ်က ပျက်သွားပြီ၊ ငါကုန်းပေါ်ကိုသေချာပေါက်သွားပြီး ကုန်းမြေကို ငါ့ရဲ့ကိုယ်ပိုင်ငါးကန်လုပ်မယ် လူတွေကတော့ ငါပိုင်တဲ့ငါးကန်ထဲက ငါးလေးတွေလုပ်ပေါ့၊ အခုတော့ နင့်ကြောင့် အကုန်ပျက်စီးသွားပြီ အစ်ကိုကြီးရေ...”
ကျန်းလော်သည် ရယ်မောလိုက်ပြီး
“အဲ့ဒီလိုလား စိတ်မကောင်းပါဘူး ဆော ရီး”
လိရှားသည် လူအိုကြီးကဲ့သို့ သက်ပြင်းချလိုက်သည်။
“ကိစ္စမရှိပါဘူး”
သူမသည် ရုတ်တရက်အကြီးကြီး ပြုံးလိုက်ပြီး
“ငါတော့အကုန်ပြောလို့ပြီးပြီ ကိုကို မမတို့ နောက်မှတွေ့ကြတာပေါ့”
ထိုသို့ပြောလိုက်ပြီး သူမသည် အလွန်နက်စောက်သော ကုန်းပတ်လက်ရန်းမှ ခုန်ချသွားသည်။
လက်ရန်းအောက်တွင် ပင်လယ်ကြီးသာရှိတော့သည်။ သွေးငါးရှဉ့်တို့၏ ခေါင်းဆောင်သည် ပင်လယ်ထဲဆင်းနိုင်သည်လား၊ ထိုသို့ဆိုပါလျှင် သူမလွတ်သွားလျှင် နောက်ဆက်တွဲအကျိုးဆက်များသည် မတွေးရဲစရာပင်။
လူတိုင်း၏နှလုံးသားသည် လည်ပင်းထဲမှ ထွက်ကျတော့မတတ် ထိတ်လန့်သွားသည်။ ရဲများသည် သေနတ်များမြောက်လိုက်ပြီး ကြောက်စရာကောင်းအောင်အော်လိုက်သည်။
“သူမကို တား”
နောက်တစ်ခနတွင် လက်ရန်းမှခုန်ချသွားကာ ပင်လယ်ရေနှင့် ထိတော့မတတ်ဖြစ်နေသော လိရှားသည် တန်းလန်းကြီးချိတ်နေသည်၊ သူမသည် အူကြောင်ကြောင်နှင့် အပေါ်ကို မော့ကြည့်လိုက် ကြိုးနှင့်တွယ်ထားခံရသော သူမခါးကို ကြည့်လိုက်ဖြစ်နေသည်။
သူမခါးကို ချည်ထားသောကြိုးကို ကြည့်လိုက်ပြီး ကြိုးအဆုံးတွင် ငါးဘုရင်မ သဘောကျသော ကျန်းလော်၏ မျက်နှာချောချောကို တွေ့လိုက်သည်။
အစ်ကိုချောချောလေးသည် ပြုံးလိုက်ကာ
“ညီမလေးက ဘယ်ကိုသွားမလို့တုန်း”
ခွမ်ကျိန်းသည် လိရှားကို မြန်မြန်ဆွဲတင်လိုက်သည်။ လိရှားသည် သူ့လက်ထဲမှ ရုန်းကန်နေကာ
“မဟုတ်ဘူး မဟုတ်ဘူး လွတ် ငါ့ကိုလွတ်ပေးလို့”
ခွမ်ကျိန်းသည် သူမကို တင်းကျပ်နေအောင်ချုပ်ထားသည်။ အရာရှိလင်း၏ လက်များခြေထောက်များသည် ပျော့ခွေသွားပြီး သူ့နှလုံးသားသည် နေရာတကျ လည်ချောင်းအဝမှ ပြန်ကျသွားသလို ခံစားလိုက်ရသည်။ သူ့ဘေးမှ လုပ်ဖော်ကိုင်ဖက်ကို ဆွဲလိုက်ပြီး အားနည်းစွာပြောလိုက်သည်။
“မြန်မြန် အခန်းသွားလုပ်ချေ”
ငါးမိနစ်ကြာပြီးနောက် လိရှားကို ချုပ်ထားလိုက်ကြသည်။ နေဝင်ပြီးသွားပြီးနောက် ကျန်းလော်သည် နောက်ဆုံးတွင် ရေချိုးနိုင်တော့မည် ဖြစ်သည်။ သူသည် အကြောဆန့်လိုက်ပြီး ဝန်ထမ်းတစ်ယောက်နောက် လိုက်ကာ သူ့အခန်းသို့ သွားခဲ့သည်။ ချန်လိသည် နောက်မှလိုက်လာပြီး သူ့ပုခုံးကိုပုတ်လိုက်ကာ ကျန်းလော်ရှေ့တွင် လာရပ်သောကြောင့် ကျန်းလောသည်
“အစ်ကိုချန် ညဆယ့်တစ်နာရီလောက် ဒီကိုလာခဲ့ ကျွန်တော်တို့ ဝိဉာဉ်ခေါ်ကြမယ်”
ချန်လိသည် ယင်းဟူပေါ်လာသောအချိန်တွင် သူသည် ထိုနေရာမှ မလှုပ်ဝံ့အောင် ကြောင်အသွားခဲ့သည်။ သူသည် ထိုနေရာတွင် ကြောင်နေပြီး ကျန်းလော်ပြောလိုက်သော စကားကို ထပ်ခါထပ်ခါပြန်ပြောနေသည်။
“ဝိဉာဉ်ခေါ်တာလား ဝိဉာဉ်ခေါ်............”
သူနားလည်သွားသောအချိန်တွင် သူသည် သူ့ရှေ့မှလူများကို ထိတ်လန့်စွာကြည့်လိုက်သည်။ လူငယ်လေးများအုပ်စုသည် အလျင်စလိုထွက်သွားကြသည်။
သူတို့အခန်းသို့ ပြန်မရောက်ခင်တွင်ပင် ကျန်းလော်သည် အသက်ရှင်နိုင်ခဲ့ကြသူများမှ အဆွဲခံလိုက်ရပြီး ဝိုင်းဝန်းပြီး ကျေးဇူးတင်ကြသည်ကို လက်ခံနေရသည်။
“ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးကြီးလွန်းလိုက်တာ ကျုပ်တို့အသက်ကို ကယ်ခဲ့တာ ကျေးဇူးပါဗျာ”
ထိုထဲတွင် လူကြီးလူငယ်များနှင့် ဆယ်ကျော်သက်များပင် ပါနေသည်။ လူတိုင်း၏မျက်နှာတွင် အသက်ရှင်နိုင်ခဲ့ခြင်းကြောင့် မျက်ရည်များသုတ်နေကြပြီး ကျန်းလော်လက်ကိုဆွဲကာ ကျေးဇူးတင်နေကြသည်။ သူနောက်လှည့်ကြည့်လိုက်ရာ သူ့သူငယ်ချင်းများသည်လည်း သူကဲ့သို့ပင် ရာချီထောင်ချီ ကျေးဇူးတင်စကားအပြောခံနေရသည်။ လူများသည် ရဲအရာရှိများကိုပြောလိုက်သည်။
“ဒီကောင်လေးတွေက အံ့ဩဖွယ်ရာပဲ တကယ်အံ့ဩဖွယ်ပဲဟေ့၊ သူတို့ကြောင့်သာမဟုတ်ရင် ကျုပ်တို့ အသက်ရှင်ခဲ့မှာ မဟုတ်ဘူး၊ သူတို့အဲ့ဒီမိစ္ဆာတွေကို သတ်လိုက်လို့သာပေါ့”
ကျန်းလော်သည် အလွန်နားပါးပြီး လူချမ်းသာ နှစ်ယောက်သုံးယောက်ပေါင်းပြီး ရဲအရာရှိများကို ဝိုင်းပြောပြနေသည်ကို ကြားနေရသည်။
“အရာရှိကြီးတို့ ဒီလိုကလေးတွေကို ဆုပေးရမှာပေါ့ဗျာ၊ ကျုပ်တို့အဲ့ဒီဆုပေးမယ်ဗျာ ကလေးတွေ တီဗီထဲမှာ ပါလာရင်ပိုကောင်းမယ်၊ သူတို့ကို အင်တာဗျူးဖြေခိုင်းပြီးနာမည်ကြီးအောင် လုပ်ပေးရမယ်၊ ဒါမှ သူတို့လေးတွေ အနာဂတ်ကောင်းသွားမှာ”
ရဲအရာရှိသည် ခါးသက်စွာပြုံးလိုက်ပြီး
“သွေးငါးရှဉ့်တွေရဲ့ ကိစ္စက လူထုကိုချပြလို့ မဖြစ်ဖူးဗျ၊ ခင်များတို့လည်း ထုတ်မပြောဖို့ အစိုးရစာချုပ်မှာ လက်မှတ်ထိုးရမှာပါ ၊ ဆုကြေးငွေအတွက်ကတော့ ကျွန်တော်တို့အစိုးရဘက်က ပြည်သူတွေကို ကယ်တင်တဲ့ သူရဲကောင်းတွေကို သေချာပေါက် ဆုချမှာပါ”
ကျန်းလော်သည် ခနမျှနားထောင်နေပြီး ဆယ်မိနစ်လောက်ကြာသောအခါ သူ့အခန်းသို့ ပြန်သွားသည်။ တံခါးပိတ်သွားသည်နှင့် အပြင်ဘက်မှ ဆူညံသံများလျော့ကျသွားသည်။ ကျန်းလော်သည် ရေချိုးခန်းကိုသွားကြည့်လိုက်သည်။ ဇိမ်ခံအပျော်စီးသင်္ဘောကဲ့သို့ သက်တောင့်သက်သာ မဖြစ်သော်လည်း သိပ်တော့မဆိုးချေ။
သူသည် သေချာစိတ်တိုင်းကျစစ်ဆေးပြီးနောက် ရေပူရသည်မှာ သေချာသွားသည်။ ထို့ကြောင့် သူသည် အဝတ်များစတင်ချွတ်တော့သည်။
သို့သော် ကုတ်အင်္ကျီကိုင်လိုက်ရင်း ရပ်သွားသည်။ ယင်းဟူကို ပြန်ဆင့်ခေါ်လိုက်ပြီး တံခါးဝမှာ စောင့်ကြည့်ဖို့ ပြောလိုက်သည်။ ချွဲပစ်နေသော ကျားဖြူကြီးကို ခေါင်းပွတ်ပေးလိုက်ပြီး တည်ကြည်စွာချော့ပြောလိုက်သည်။
“ဘယ်လူ ဘယ်တိရစ္ဆာန်ကိုမှ ဝင်ခွင့် မပေးနဲ အိုကေ၊ ကြွက်ဖြစ်ဖြစ် ယင်ကောင်ဖြစ်ဖြစ် ဘယ်အကောင်မှ အဝင်မခံနဲ့”
ယင်းဟူသည် တံခါးမှ နှေးကွေးစွာ တလှုပ်လှုပ်ထွက်သွားပြီး အမြှီးကို ပျင်းရိစွာယမ်းလို်ကာ
“အောင်းဝ်”
ကျန်းလော်သည် ပြုံးလိုက်ပြီး
“လိမ္မာလိုက်တဲ့ ကောင်လေး”
ကျန်းလော်သည် ရင်းဟူရှိနေသောကြောင့် စိတ်ချသွားသည်။ သူသည် ညစ်ပတ်နေသော အဝတ်များကို သည်းမခံနိုင်တော့စွာ ချွတ်ပစ်လိုက်ပြီး ထောင့်နားကို ပစ်ထုတ်လိုက်သည်။ သူ့ဘောင်းဘီရှည်ကို ချွတ်ပြီးနောက် ကျန်းလော်သည် သူ့ကိုယ်သူလုံးဝ ပြန်ငုံ့မကြည့်ချင်ပေ။
ငါးညှီနံ့သည် ထိုအနံ့ကို ဖုံးအုပ်သွားသော်သောကြောင့် အပြင်လူများအနံ့မရသော်လည်း ထိုအနံ့ကို သူမရဘူးဟု မဆိုလိုပေ။
ပြောရလျှင် နာရီအနည်းငယ်ကုန်ဆုံးပြီးနောက် အဲ့ဒီလုပ်လို့ရတာအကုန် လုပ်ပြီးသွားပြီးပြီဖြစ်သည်။ ကျန်းလော်သည် ရေချိုးခန်းထဲသို့ အမူအယာမဲ့စွာ ဝင်သွားသည်။ အပြင်ဘက်တွင် ယင်းဟူသည် သမ်းဝေလိုက်သည်။ ထိုအချိန်တွင် လေပြင်းတစ်သုတ်သည် တံခါးကို ဖြတ်ဝင်သွားသည်။ လေသည် မမြင်ရပေ။ သို့သော် ယင်းဟူသည် သတိကြီးလွန်းသောကြောင့် တံခါးဘက်သို့ အချိန်အကြာကြီး လှည့်ကြည့်လိုက်သည်။
လူမရှိဘူး၊ တိရစ္ဆာန်လဲ မရှိဘူး၊ ယင်ကောင်ရော ကြွက်ရောမရှိဘူး။
ယင်းဟူသည် အမြှီးကို လှလှပပလေးယမ်းလိုက်သည်။
‘ဘာမှလာမနှောက်ယှက်ပါဘူး’
လေပြင်းတစ်သုတ်သည် ရေချိုးခန်းထဲသို့ တိတ်ဆိတ်စွာဝင်သွားသည်။
#########################################