Ch 104
Viewers 8k

အပိုင်း (၁၀၄) 


သင်္ဘောကို ဖောက်ခွဲခြင်း (၂)

တဖြည်းဖြည်းနောက်ကျလာပြီဖြစ်သည်။ အထီးများ၏ ဆွဲဆွဲငင်ငင် ဖိုသံပေးနေသံသည် ပိုပြီးကျယ်လောင်လာကာ အမြှီးဖြင့် ကြမ်းခင်းကို ရိုက်နေသည်မှာ ကုန်းပတ်တစ်ခုလုံးကို တုန်ခါသွားစေသည်။ သွေးငါးရှဉ့်များသည် သားရဲများဖြစ်သည်။ သူတို့ပုံစံသည် သားရဲများထက်ပင်ဆိုးကာ အထီးများသည် အမကို ဆွဲဆောင်ရန် အလုံးအရင်းကြိုးပမ်းနေကြသည်၊။

သွေးငါးရှဉ့်အထီးများထဲမှ တစ်ကောင်သည် အလွန်ကြီးမားသည်။ ထိုအကောင်သည် သွေးငါးရှဉ့်အမနား အနီးဆုံးကပ်နေကာ သွေးငါးရှဉ့်အမသည် ထိုအထီးနားသို့ တဖြည်းဖြည်း တိုးကပ်လာသည်။ 

နောက်ထပ်သွေးငါးရှဉ့်အထီးကောင်သည် သွေးငါးရှဉ့်အမနားကပ်လာကာ သွေးငါးရှဉ့်အမသည် ထိုအကောင်ကို အော်ထုတ်သည်။ ထိုစဉ် သွေးငါးရှဉ့်အမအနီးမှ အကြီးဆုံးအထီးကောင်သည် သွေးငါးရှဉ့်အမနားချည်းကပ်လာသော သွေးငါးရှဉ့်ကို ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သောကြောင့် ထိုသွေးငါးရှဉ့်သည် ရူးနှမ်းသလို ထိုနားတစ်ဝိုက်တွင် ရစ်သီရစ်သီလုပ်နေသည်။ 

“ဒီငါးက ခေါင်းဆောင်နေမယ် ဟုတ်တယ်မလား”

ကျိုးကျုံးချိုးသည် အသံကိုတိုး၍ ပြောသည်။ ရယ်ရွှင်ကပြောသည်။

“ငါလည်း အဲ့လိုပဲထင်တယ်”

ငါးထီးခေါင်းဆောင်ကို သိရပြီးနောက် ကျန်းလော်သည် မြွေကို ဆင့်ခေါ်လိုက်သည်။ ရွှေရောင်အန်နာကွန်ဒါမြွေကြီးသည် သိုသိုသိပ်သိပ် ငါးအုပ်ထဲသို့ အသာလေးလျှောဝင်သွားပြီး သွေးငါးရှဉ့်အမနားသို့ ချဉ်းကပ်သွားသည်။ ကွန်တိန်နာနောက်တွင် ဘူရှစ်ယောက်သည် ပျော့ပြောင်းသော မြွေကြီးကို ရင်တမမနှင့် တိတ်တိတ်လေး စောင့်ကြည့်နေကြသည်။ 

သွေးငါးရှဉ့်အထီးသည် မြွေကြီးကို သတိမထားမိပေ။ မြွေကြီးသည် သွေးငါးရှဉ့်အမနားသို့ ဖြေးဖြေးချင်းတိုးကပ်သွားသည်။ ရှစ်ယောက်သည် မြွေကြီးကို တိတ်ဆိတ်စွာ အားပေးနေသည်။ 

သူတို့မျှော်လင့်ထားသည့်အတိုင်း မြွေကြီးသည် သွေးငါးရှဉ့်အမပေါ်သို့ တိတ်တဆိတ် တွားတက်သွားပြီး သူ့ခန္ဓာကိုယ်ဖြင့် ငါးမကို ရစ်ပတ်လိုက်သည်။ 

လူတိုင်းသည် ထိုသည်ကိုမြင်မှ စိတ်သက်သာရာရစွာ တစ်ချိန်ထဲ သက်ပြင်းချလိုက်ကြသည်။ သို့သော် သူတို့သက်ပြင်းချကာ ရှိသေးသည် သူတို့နောက်မှ ကျယ်လောင်သော ပစ္စည်းတစ်ခုခု ကျသံကို ကြားလိုက်ရသည်။ 

ကျန်းလော် နောက်သို့လှည့်ကြည့်လိုက်ရာ သူတို့ကို ဖြူဖျော့အားနာစွာ ကြည့်နေသော လိရှားကို ချီထားသော ချန်လိကို တွေ့လိုက်ရသည်။ သူ့ခြေထောက်များနားတွင် မီးသတ်ဆေးဘူးကြီးလဲကျနေပြီး မြေပြင်ပေါ်လှိမ့်နေသည်။ 

ထိုအချိန်တွင် ကောကျူသည် မွန်းကြပ်သွားပြီး ကျန်းလော်၏ ရှပ်အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားသည်။ 

“ကျန်းလော် မကောင်းတော့ဘူး”

ကျန်းလော်သည် ကုန်းပတ်ပေါ်သို့ ပြန်လှည့်ကြည့်လိုက်သည်၊ သွေးငါးရှဉ့်များ အားလုံးသည် သူတို့ဘက်သို့ ပြိုင်တူလှည့်ကြည့်နေကြပြီး ကိုးယိုးကားယားနိုင်သော အူကြောင်ကြောင်ခေါင်းများသည် ဘဲဥပုံလုံးဝိုင်းနေကာ တစ်ဖက်တစ်ချက်စီမှ သွေးနီရောင် မျက်လုံးများသည် မီးတောက်နေသလို သူတို့ဘက်သို့ တိတ်ဆိတ်စွာ လှမ်းကြည့်နေကြသည်။

ကျန်းလော်သည် ရုတ်တရက်ဆန်စွာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရသည်။ 

“အစီအစဉ်ပြောင်းသွားပြီး ချက်ချင်း ရှေ့ကို ပြေးကြမယ်”

ထိုသို့ပြောပြီးနောက် သူသည် ရှေ့ပြန်လှည့်လိုက်ပြီး ချန်လိနားသို့ ပြေးလိုက်ကာ စကားတစ်ခွန်းမှမပြောဘဲ ချန်လိလက်မောင်းပေါ်မှ လိရှားကို ဆွဲယူလိုက်သည်။ တစ်ချိန်ထဲမှာပင် မြွေကြီးသည် သွေးငါးရှဉ့်အမကို ရစ်ပတ်၍ လေပေါ်သို့ မြှောက်လာသည်။ သွေးငါးရှဉ့်အမ၏ ထိတ်လန့်ပြီး ရုန်းကန်သော အသံကျယ်ကြီး ပေါ်ထွက်လာကာ ငါးထီးများသည် ရူးသွပ်ဒေါသထွက်သွားကြပြီး အချင်းချင်း ဝင်တိုက်မိကုန်ပြီး သွေးငါးရှဉ့်အမကို ကြည့်၍ ဟိန်းဟောက်နေကြသည်။ 

လူသားများနှင့် သွေးငါးရှဉ့်များကြားတွင် မည်သို့မျှညှိနှိုင်း၍ မရနိုင်သော တိုက်ပွဲစလေပြီ။

ကျန်းလော်သည် လိရှားကို ဖက်ချီထား၍ ပြေးနေရင်း မေးလိုက်သည်။

“လိရှား ဘာလို့ ညီမလေးနဲ့ ဦးလေးချန်တို့ ဆူအောင်လုပ်ကြတာလဲ”

“ဦးလေးချန်လိက ကုန်းပတ်ပေါ်ကိုပဲ ဆက်တိုက်ကြည့်ကြည့်နေတာ”

လိရှားအသံသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ခါနေပြီး ငိုရှိုက်နေကာ

“အဲ့ဒါနဲ့ ဦးလေးချန်လိက မတော်တဆ မီးသတ်ဆေးဘူးကို ဝင်တိုက်မိသွားတာ”

“ဟေး အဆင်ပြေပါတယ်ကွာ မငိုနဲ့တော့”

ကျန်းလော်သည် အေးချမ်းစွာပြောလိုက်သည်။ 

“ညီမလေး ဖေဖေကို ကုန်းပတ်ပေါ်မှာ တွေ့ခဲ့သေးလား”

လိရှားသည် ငိုရှိုက်ရင်း

“အကြီးဆုံးငါးက ဖေဖေပဲ”

ကျန်းလော်မျက်နှာတွင် စိတ်သက်သာရာရသွားမှု ပေါ်လာပြီး လိရှားသည် ကျန်းလော်ကို လည်ပင်းမှ သိုင်းဖက်ထားသည်။

“ကိုကို သူတို့ သေမှာလားဟင် ဖေဖေရော သေမှာလား”

“ဘာလို့သေရမှာတုန်းကွာ” 

ကျန်းလော်သည် ချက်ချင်းဆိုသလို ချော့မော့သံပြောင်းသွားပြီး ကလေးကို မျက်တောင်မခတ်ဘဲ မရှက်တမ်းလိမ်လိုက်သည်။

“ကိုကိုက သူတို့ ကိုကိုတို့ကို နာအောင်လုပ်မှာစိုးလို့ အခန်းထဲထည့်ပိတ်ထားမလို့ပါကွာ လိရှားဖေဖေကို ကုန်းပေါ်ခေါ်သွားပြီး ဆေးကုပေးရဦးမယ်လေ ဟုတ်တယ်မလား ဒီလိုပိတ်ထားလိုက်ရင် လိရှားဖေဖေကို ကုန်းပေါ်ခေါ်သွားဖို့ လွယ်သွားပြီလေ”

လိရှားသည် နာခံစွာ ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ကိုကို”

ကျန်းလော်သည် သူမကို လှပစွာပြုံးပြလိုက်ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ 

မြွေကြီးသည် သွေးငါးရှဉ့်အမကို ရစ်ပတ်၍ လေထဲပျံဝဲနေရင်း သူတို့နောက်မှ ထပ်ချပ်မကွာလိုက်လာသည်။ အစီစဉ်မကျသော ဗရမ်းဗတာ ငါးအုပ်ကြီးသည် ဒေါသတကြီး အုပ်လိုက်ကြီး ပြေးလိုက်လာကြသည်။ 

ကျန်းလော်သည် ကျဉ်းမြောင်းသော ထောင့်ချိုးဖြတ်လမ်းများမှ ပြေးသွားပြီး သွေးငါးရှဉ့်များကို နှေးအောင် လုပ်လိုက်သည်။ 

သူတံခါးနားသို့ ရောက်ရောက်ချင်းပင် လုယုံရိနှင့် ခွမ်ကျိန်းတို့သည် သင်္ဘောဝမ်းတံခါးကို ဖွင့်ထားပြီး ဖြစ်ပြီး တံခါးနှစ်ချပ်နောက်တွင် ပုန်းနေကြသည်။ တစ်ယောက်က ညာဘက်မှာ ပုန်းနေပြီး တစ်ယောက်က ဘယ်ဘက်မှာ ပုန်းနေကြခြင်းဖြစ်သည်။ ကျန်းလော်သည် လိရှားကို ချီလိုက်ပြီး လုယုံရိဘေးတွင် ဝင်ပုန်းလိုက်သည် လိရှားပါးစပ်ကို လက်နှင့်အုပ်၍ သွေးငါးရှဉ့်အမကိုသယ်ဆောင်လာသော မြွေကြီးကို သင်္ဘောဝမ်းထဲသို့ တည့်တည့်ကြီး ဝင်ခိုင်းလိုက်သည်။ 

သွေးငါးရှဉ့်အမသည် သင်္ဘောဝမ်း အတွင်းပိုင်းမှ အသည်းအသန်အော်နေကာ စက္ကန့်အနည်းငယ်ကြာပြီးနောက် ငါးအထီးအုပ်လိုက်ကြီးသည် ဒေါသထွက်စွာ ဟိန်းဟောက်ရင်း သင်္ဘောဝမ်းထဲသို့ တစ်ကောင်ပြီးတစ်ကောင် ဝင်သွားကြသည်။ ကြမ်းပြင်သည် ကြမ်းတမ်းစွာ လှုပ်ရမ်းသွားပြီး သင်္ဘောတစ်စီးလုံးသည် ဒေါသတကြီး ပြေးလွှားနေသော သွေးငါးရှဉ့်များကြောင့် လှုပ်ရမ်းနေသည်။ 

သူတို့သုံးယောက်သည် သွေးငါးရှဉ့်အရေအတွက်ကို ရေတွက်နေကြသည်။ သေသွဦးသော တစ်ကောင်မှလွဲ၍ ကျန်နေသော အထီးများအားလုံး သင်္ဘောဝမ်းထဲသို့ ဝင်သွားကြပြီ ဖြစ်သည်။ 

နောက်ဆုံးတစ်ကောင် ဝင်သွားပြီးနောက် လုယုံရိနှင့် ခွမ့်ကျိန်းသည် တံခါးကို တင်းကျပ်စွာ ပိတ်လိုက်ကြသည်။ ရွှေရောင်မြွေကြီးသည် အချိန်ကိုက် တံခါးအပြင်သို့ ပျံထွက်လာပြီး တံခါးမပိတ်ခင် လက်မတင်လေးတွင် ကျန်းလော်သည် ညာဘက်လက်ကို တံခါးထဲထည့်လိုက်ပြီး မီးခြစ်ခြစ်ပြီး သင်္ဘောဝမ်း ကြမ်းပြင်ပေါ်သို့ ပစ်ထည့်လိုက်သည်။ 

ကျယ်လောင်သော ဘန်းခနဲ အသံကြီး ထွက်လာပြီးနောက် မီးတောက်များလည်း မြင့်တက်လာသည်။  သွေးနီရောင်မီးတောက်များသည် ဆီလောင်းထားသော ကြမ်းပြင်ပေါ်သို့ ပျံ့နှံ့သွားပြီး အမိုးပေါ်ထိ ထိုးတက်သွားသည်။ 

သင်္ဘောဝမ်းတံခါးကြီးသည် အပြည့်အဝ ပိတ်သွားလေပြီ။

သွေးငါးရှဉ့်များနှင့် မရေမတွက်နိုင်သော သားလောင်းများ ဥများသည် မီးတောက်များကြားတွင် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။ သို့သော် ကျန်းလော်နှင့် တခြားသူများအတွက်တော့ အန္တာရာယ်များသော အခြေအနေသည် မပြီးဆုံးကြသေးပေ။ 

မီးတောက်များ ဂက်စ်ပိုက်လိုင်းဆီသို့ ရောက်သွားသောအခါ မီးမန္တာန်သည် ချက်ချင်းအသက်ဝင်လာပြီး ပေါက်ကွဲမှုအကြီးကြီးကို ဖြစ်သွားစေသည်။ 

သင်္ဘောဝမ်းထဲမှ ဂက်စ်အိုးများအားလုံး မပေါက်ကွဲခင် ထိုနေရာနှင့် ဝေးရာသို့ မြန်မြန်ထွက်သွားဖို့ လုပ်ရတော့သည်။ 

စက္ကန့်ဝက်လောက်တောင် မတုံ့ဆိုင်းပဲ လူသုံးယောက်သည် အသက်ကိုဖက်နှင့်ထုပ်ကာ တံခါးရှေ့မှ အသည်းအသန်ပြေးကြရတော့သည်။ ခွမ့်ကျိန်းနှင့် လုယုံရိသည် တစ်ချိန်ထဲမှာပင် ကျန်းလော်ထံသို့  လက်လှမ်းလိုက်ကာ 

“သူမကို ငါချီပေးမယ်”

“သူမကို ငါချီပေးမယ်”

ကျန်းလော်သည် ရှစ်နှစ်ကိုးနှစ်အရွယ်လောက် ရှိပြီဖြစ်သော လိရှားကို တကယ်ပဲ ထပ်မချီနိုင်တော့ပေ။ ထို့ကြောင့် ခွမ့်ကျိန်းကို လှမ်းပေးလိုက်ပြီး  အကြံပေးလိုက်သည်။

“သူမကို မလွတ်သွားစေနဲ့”

ခွမ့်ကျိန်းသည် တစ်ခုခုမှားနေသလို တွေးမိပြီး ကျန်းလော်ကိုကြည့်လိုက်ရာ ကျန်းလော်သည် စိုးရိမ်ပူပန်နေဟန်မျက်နှာဖြင့် 

“သူမက ကလေးငယ်လေးလေ သူမတစ်ယောက်ထဲ ပြေးမလွတ်နိုင်ဘူးလေ”

ခွမ့်ကျိန်းသည် တည့်တည့်ကြည့်ပြီး လိရှားကို တင်းကျပ်စွာ ချီထားလိုက်ကာ 

“ငါသိပြီ”

သူတို့သည် ဖနောင့်နှင့်တင်ပါးတစ်သားထဲကျအောင် ပြေးသွားသည်။ ကျန်းလော်သည် အံကြိတ်လိုက်ပြီး သူ့မျက်နှာသည် မှောင်မည်းလာကာ သူ့ခန္ဓာကိုယ်မှ မသက်သာမှုများကို လစ်လျူရှုထားသည်။ 

သူတို့သုံးယောက်သက်ကယ်လှေပေါ်သို့ ရောက်သည်နှင့်  သင်္ဘောဝမ်းထဲမှ ပေါက်ကွဲသံနှစ်ချက်ကြားလိုက်ရသည်။ 

ဇိမ်ခံသင်္ဘောကြီးသည် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ထူထဲသော အမည်းရောင်အငွေ့များသည် တလိပ်လိပ်ထွက်လာသည်။ 

ကျန်းလော်သည် လက်ရန်းကို ကိုင်ပြီး သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းကိုင်ထားသည်။ တခြားတစ်ဖက်တွင် ရယ်ရွှင်တို့ သုံးယောက်သည် လူအသွင်ယူပြီး ထွက်ပြေးဖို့လုပ်နေသော သွေးငါးရှဉ့်အထီးကို ဖမ်းမိထားသည်။ 

သူတို့သည် သွေးငါးရှဉ့်အထီးကို လျှော်ကြိုးတစ်ချောင်းနှင့် တုပ်လိုက်ပြီး တွန်းလှည်းတစ်စီးပေါ်သို့ တွန်းတင်လိုက်သည်။ 

ဖောက်ခွဲခြင်းလုပ်ငန်းစဉ်သည် ထူးခြားစွာ ချောမွေ့သွားသည်။ အုပ်စုလိုက်သည် သက်ကယ်လှေပေါ်သို့ အကုန်ရောက်သည်နှင့် Angoneseနှင့် ဝေးရာသို့ မြန်မြန် လှော်ခတ်သွားကြသည်။ သူတို့ ဘေးကင်းရာဝေးဝေးရောက်သည်နှင့် ရပ်လိုက်ပြီး ဇိမ်ခံသင်္ဘောကြီးနှစ်မြုပ်သွားသည်ကို စောင့်ကြည့်ကြသည်။ 

မီးခိုးမည်းများသည် အလိပ်လိုက်အလိပ်လိုက် တက်လာပြီး ပင်လယ်ကြီးသည် တည်ငြိမ်လာသည်။ မီးတောက်များသည် Angoneseကို တဖြည်းဖြည်းဝါးမျိုသွားပြီး ဇိမ်ခံသင်္ဘောကြီးသည် စိတ်ဓာတ်ကျနေသော အလှလေးကဲ့သို့ တဖြည်းဖြည်း နှစ်မြုပ်သွားသည်။ 

အကြာကြီးကြာအောင် ကြည့်နေကြပြီး တစ်စုံတစ်ယောက်သည် သက်ပြင်းချလိုက်သည်။

“ငါ့တစ်ဘဝလုံးလုပ်ဖူးသမျှထဲမှာ အရူးမိုက်ဆုံး လုပ်ရပ်ပဲကွ”

ကျန်းလော်သည် သင်္ဘောလက်ရန်းပေါ်တွင် ရုတ်တရက်ပေါ်လာသော အမည်းရောင်အစက်အပျောက်လို ပုံရိပ်ကို သေချာကြည့်လိုက်သည်။ 

ကြည့်ရတာ လူတစ်ယောက်ဖြစ်ဟန်တူသည်။ သူချက်ချင်း သေချာအောင် စူးစူးစိုက်စိုက် ကြည့်လိုက်သော်လည်း အကွာအဝေးမှာ အလွန်ကြီးနေသောကြောင့် ထိုလူကို လုံးဝမမြင်ရသလောက်ပင်။ 

ကျန်းလော်သည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုင်ချလိုက်သည်။ ထို့နောက် နောက်ထပ် ကြိုးတစ်ခွေကို ရှာလိုက်ပြီး သူ့ခါးကို ရစ်ပတ်ချည်နှောင်၍ လိရှားလက်တစ်ဖက်ကိုဆွဲယူကာ ကြိုးတစ်ဖက်စွန်းဖြင့် ကောင်မလေး၏လက်ကိုလည်း ချည်နှောင်လိုက်သည်။

လိရှားသည် လက်ကိုမြှောက်လိုက်ပြီး သိချင်စွာပြောလိုက်သည်

“ကိုကို”

ကျန်းလော်သည် ပြုံးပြီး ပြောသည်။ 

“ပင်လယ်ပြင်က လုံခြုံတဲ့နေရာမဟုတ်ဘူးလေ ကိုကိုက မင်းနဲ့တွဲချည်ထားမှပဲ ကိုကိုစိတ်အေးရမှာ ညီမလေးရဲ့”

လိရှားသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ ဝမ်ယမ်လန်သည် သူမ၏ ဆံပင်နက်နက်များကို ဖွဖွလေး ပွတ်ပေးလိုက်ကာ 

“လိရှား ညီမလေး ဖေဖေဒီလိုဖြစ်သွားတာ မြင်ရတာ ဝမ်းနည်းနေမှာပေါ့ ကလေးလေး”

လိရှားသည် သူမဘေးတွင် ကြိုးတုပ်ခံထားရသော ငါးအထီးကို ကြောက်ရွံ့စွာ ကြည့်ပြီးတုန်ရီနေကာ မျက်လုံးထဲတွင် မျက်ရည်များ ရွှဲနစ်လာသည်။ သို့သော် သူမသည် ခေါင်းကို ယမ်းလိုက်ပြီး ငါးအထီးဆီသို့လျှောက်သွားကာ ထိုအကောင်နားမှာ ဒူးထောက်ကြည့်လိုက်သည်။ ထို့နောက် သူမသည် ငါးအထီးကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး ကလေးသံလေးနှင့် ပြောလိုက်သည်။

“ကောင်းကောင်းနေပါ ဖေဖေ လိရှား ဖေဖေ့ကို ဆေးကုပေးဖို့ ခေါ်သွားတော့မှာ”

ကောကျူသည် ထိုမြင်ကွင်းကို မကြည့်ရက်စွာ သက်ပြင်းချ၍ မျက်နှာလွှဲလိုက်သည်။ သူ့ဘေးတွင် ချန်လိသည် သင်္ဘောဘက်သို့ ရီဝေစွာ ငေးကြည့်နေသည်။ ချန်လိသည် စိတ်ရှုပ်ထွေးစွာ ပြောသည်။

“ဒီဟာက ကျုပ်ဇနီးနဲ့ သမီးလေးရဲ့ ပစ္စည်းတွေလေ”

ကျန်းလော်သည် ချန်လိလက်ထဲမှ အိတ်ကို ကြည့်လိုက်သည်။ 

ကျောပိုးအိတ်သည် အမျိုးသမီးကိုင်အိတ်ဖြစ်ပြီး သတ္ထုဇစ်သည် အရောင်ပင်ပြယ်နေပြီဖြစ်သည်၊  အိတ်သည် အချိန်အကြာကြီး အသုံးပြုလာခဲ့မှန်းသိသာစွာ စုတ်ပြတ်နေပြီဖြစ်သည်။ စည်းကမ်းတကျ ကိုင်တွယ်သော်လည်း အချိန်၏တိုက်စားမှုကို မဖုံးကွယ်နိုင်ပေ။ ပြောရလျှင် နှစ်အတော်ကြာနေပြီဖြစ်သော အိတ်ဖြစ်နိုင်သည်။ 

“အစ်ကိုချန်လိ အမကျောက်နဲ့ အားလပ်ရက်တွေမှာ မတွေ့ဖြစ်ဖူးလား”

ချန်လိသည် သူ့ကိုပြန်ကြည့်လိုက်ပြီး သူ့လက်ချောင်းများသည် အိတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားလာကာ မျက်လုံးထဲတွင် နာကျင်မှုအချို့ ပေါ်လာပြီး

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မင်းရဲ့အမကျောက်က ဒီသင်္ဘောပေါ်ကို ကြားဖြတ်အလုပ်တစ်ခုနဲ့ လိုက်လာပြီး ငါတို့အတူ အလုပ်လုပ်ခဲ့ကြတယ် ကျုပ်တို့တွေ ကာရေဘီယံပင်လယ်ထဲထိ ရွက်လွင့်ခဲ့ကြတာပေါ့လေ မုန်တိုင်းကြီးတစ်ခုတိုက်လာပြီး ကုန်းပတ်ပေါ်မှာ ကစားနေကြတဲ့ ကလေးတွေကို တံမြက်စည်းလှည်းနေသလို တိုက်ချသွားလိုက်တာ ကလေးတွေအကုန် ပင်လယ်ထဲပြုတ်ကျကုန်တာပေါ့၊ အဲ့ဒီထဲမှာ ကျုပ်သမီးလေး မ မာ့မာ့လဲ............. မင်းအမကျောက်နဲ့ တခြားကလေးအမေတွေရယ် သင်္ဘောသားနှစ်ယောက်ရယ်က ကလေးတွေကို ကယ်ဖို့ ပင်လယ်ထဲ ခုန်ချသွားတယ် ဒါပေမဲ့ လူနည်းနည်းပဲ ပြန်တက်လာနိုင်ခဲ့တယ် အဲ့ထဲမှာ မင်းရဲ့ အမကျောက်နဲ့ ကျုပ်သမီးလေးကတော့.............သူတို့ တက်မလာနိုင်ခဲ့ဘူး”

စကားအဆုံးတွင် ချန်လိသည် အင့်ခနဲ ရှိုက်လိုက်ပြီး မျက်နှာကို ကျောပိုးအိတ်ပေါ်မှောက်ချကာ ခါးသီးစွာ ငိုလိုက်ပြီး 

“ငါ့မိသားစုဝင်တွေအားလုံးက ငါချမ်းသာသွားပြီး နောက်အိမ်ထောင်ပြုပြီး ဘဝမေ့သွားပြီပဲ ထင်နေကြတာ ငါ့ဇနီးနဲ့ သမီးကို ပင်လယ်ထဲစွန့်ပစ်လိုက်ရတာကို ငါဘယ်လိုလုပ် အဲ့လိုလုပ်နိုင်မှာလဲ ဒါကြောင့် ဒီသင်္ဘောကြီးပေါ်မှာ သွေးငါးရှဉ့်တွေ ရှိမှန်းသိသိကြီးနဲ့ မခွာနိုင်ခဲ့ဘူး ငါ့ဇနီးနဲ့ သမီးရဲ့ အမှတ်တရတွေ ရှိနေတဲ့နေရာကနေ ထွက်မသွားချင်လို့ပါကွာ”

ကျန်းလော်သည် ထိုစကားထဲမှ အဖိုးတန်အချက်အလက်တစ်ခု ရှာတွေ့သွားကာ လိရှားကို မေးလိုက်သည်။

“လိရှား ညီမလေး မေမေရော အဲ့ဒီမုန်တိုင်းထဲမှာ ဆုံးသွားခဲ့တာလား”

လိရှားသည် မျက်ရည်များသုတ်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။ 

“ညီမလေးရော ရေထဲပြုတ်ကျသွားသေးလား”

ကျန်းလော်အသံသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး  

“ညီမလေးပြုတ်ကျသွားလို့ မေမေက ညီမလေးကို ကယ်ဖို့ ဆင်းခဲ့တာလား”

လိရှားသည် မွန်းကြပ်လာပုံရပြီး  

“ဟုတ်” 

“လိမ္မာတဲ့ကလေးလေး ”

ကျန်းလော်က ထပ်မေးသည်။ 

“ညီမလေးဖေဖေကရော ညီမလေးကို ကယ်ဖို့ ဆင်းလာသေးလား”

လိရှားသည် ခေါင်းယမ်းပြလိုက်ပြီး အကုန်သိနေသလို ပြောလိုက်သည်။

“ဖေဖေက သင်္ဘောကပ္ပတိန်ဆိုတော့ အလုပ်အရမ်းများတာ”

“အစ်ကိုချန် အဲ့ဒီတုန်းက လူဘယ်နှစ်ယောက် အသက်ရှင်လဲ” 

ချန်လိသည် နာကျင်မှုပင်ပျောက်သွားသလို ဖြစ်သွားပြီး ကျန်းလော်ပါးစပ်မှ ထွက်လာသော မေးခွန်းကို သေချာစဉ်းစားပြီး လူအရေအတွက်တွက်ကြည့်ရင်း ရှင်ကျန်ရစ်သူက သူ့မိန်းမနှင့်သမီးလေး မဖြစ်ကြောင်းတွေးမိသောအခါ ဝမ်းနည်းလာပြန်သည်။ 

“သင်္ဘောသားနှစ်ယောက်  ကလေးတစ်ယောက် လိရှားက ကပ္ပတိန်ရဲ့ သမီးလေးလေ မုန်တိုင်းက အရမ်းပြင်းလွန်းတော့ သင်္ဘောသားတွေက လိရှားတစ်ယောက်ကိုပဲ ဆယ်လာနိုင်ခဲ့တာ”

ချန်လိပြောသောစကားများတွင် ဟာကွက်များရှိသည်။ ချိန်လိသည် နှစ်နှစ်လုံးလုံး ထိုသင်္ဘောပေါ်တွင် နေနေခဲ့ပြီး အခုမှသာ အပြင်လောကသို့ ထွက်ခဲ့ခြင်း ဖြစ်သည်။

သူပြောပြီးနောက် သက်ကယ်လှေသည် တိတ်ဆိတ်သွားတော့သည်။ 

အသက်ရှင်ခြင်း ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ အားလုံးသည် အလွန် သာမန်ကျသည်။ မတော်တဆမှုများသည် လူတိုင်း မိနစ်တိုင်း နေ့ရက်တိုင်းတွင် ဖြစ်ပွားနေပြီး လူတိုင်းသည် သူတို့တွင်လည်း တစ်ခုခုဖြစ်လာနိုင်သည်ဟု ဘယ်တုန်းကမှ မယုံကြည်ကြပေ။ ယုံကြည်သည့်အချိန်တွင် နောက်ကျသွားပြီ ဖြစ်သည်။ 

ဝမ်ယမ်လန်သည် ဓာတ်မီးအပိုများ ယူလာပြီး နောက်တစ်ခုကို မီးထွန်းလိုက်သည်။ ရဲကင်းလှည့်သင်္ဘောသည် သူတို့ကို ရှာတွေ့ပါလိမ့်မည်။ 

အစောပိုင်း ထွက်သွားကြသော သက်ကယ်လှေများကို ရဲများက ကယ်တင်ခဲ့ပြီး သင်္ဘောပေါ်သို့ တင်သွားလိုက်သည်။ 

ကျန်းလော်တို့ လှေသည် သင်္ဘောပေါ်သို့ အတင်ခံရပြီးနောက် ရဲအရာရှိများ ဝိုင်းလာကြသည်။ ကျန်းလော်တို့သည် သဘက်များနှင့် နွေးထွေးသော အဝတ်အစားများ ခြုံပေးခံလိုက်ရပြီး သူတို့နှင့်ရင်းနှီးနေသော ရဲအရာရှိ လင်ချင်လင်ကို တပ်ဖွဲ့ထဲတွင် တိုးလိုက်သည်။ 

အမြဲလိုလို ပျော်ရွှင်တောက်ပစွာ ပြုံးနေတတ်သောအရာရှိလင်၏ မျက်နှာတွင် အပြုံးပျောက်နေပြီး သူတို့နားသို့ စိုးရိမ်တကြီးပြေးလာကာ 

“မင်းတို့ အဆင်ပြေကြရဲ့လား”

လူနည်းစုသည် ခေါင်းယမ်းပြလိုက်ပြီး အရာရှိလင်သည် မသေမချာ ဖြစ်နေသေးကာ ထပ်မေးလိုက်သည်။

“ရှင်ကျန်သူတွေဆီက ကြားလိုက်တယ် အဲ့လှေက လူတွေကို ငါးမွေးတဲ့ သားအိမ်လိုသုံးနေတာဆို မင်းတို့အစာအိမ်ထဲမှာ ဥတွေ ငါးသားလောင်းတွေ ရှိနေကြလား”

ခွမ့်ကျိန်းသည် ခါးသက်စွာရယ်လိုက်ပြီး ခေါင်းယမ်းရင်း သူတို့အုပ်စုက်ု ဦးဆောင်သွားတော့သည်။ သူတို့အားလုံး အဆင်ပြေကြတာ သေချာတော့မှ အရာရှိလင်၏ မျက်နှာသည် စိတ်သက်သာမှုဖြင့် ကြည်လင်လာတော့သည်။ 

ကျန်းလော်သည် ဂရုမစိုက်စွာ ပြောသည်။

“အရာရှိလင် ကျွန်တော်တို့ ဗိုက်ထဲမှာ ဘာထူးဆန်းတာမှ ရှိမနေပါဘူးဗျာ ဒါပေမဲ့ လှေတစ်စီးပေါ်က လူချမ်းသာတစ်ချို့ကတော့ ခေါင်းထဲမှာ တစ်ခုခုရှိနေတယ်ဗျ”

အရာရှိလင်၏ မျက်နှာသည် အေးခဲသွားပြီး 

“ဘယ်လှေပေါ်မှာလဲ”

ကျန်းလော်သည် လူအုပ်ကြီးကို စေ့စပ်စွာလိုက်ကြည့်လိုက်ပြီး လူတစ်ချို့ကို လက်ညှိုးထိုးပြလိုက်သည်။ 

အရာရှိလင်သည် ထိုကိစ္စကို ဖြေရှင်းရန် ထွက်သွားမည်ကို ကျန်းလော်က ဆွဲထားပြီး ပြောလိုက်သည်။

“သူတို့ ကိစ္စက နောက်မှ အေးအေးဆေးဆေး ဖြေရှင်းလို့ရတယ်ဗျ ပိုအရေးကြီးတာ အရင်လုပ်ကြရအောင်”

အရာရှိလင်သည် ရှုပ်ထွေးသွားပြီး 

“အရေးအကြီးဆုံးလုပ်ရမှာ ဘယ်ဟာလဲကွ” 

ကျန်းလော်သည် လိရှားပုခုံးကို ပုတ်၍ ပြုံးလိုက်သည်။

“အရေးအကြီးဆုံးက သေချာပေါက် အရင်ဆုံး  သွေးငါးရှဉ့်တွေရဲ့ ခေါင်းဆောင်ကို ယဉ်ပါးအောင်လုပ်ဖို့လေဗျာ”

#######################