Part 41
ညချမ်းအချိန်အခါက တိတ်ဆိတ်နေခဲ့ကာ ကြယ်များက တလက်လက်တောက်ပနေခဲ့သည်။
ဤကဲ့သို့သော လှပသည့် ကြယ်ရောင်စုံသောကောင်းကင်ကို မြို့ပြ၏ကောင်းကင်ထက်မှာ အလွန်ပင် တွေ့ရခဲ၏။ လက ဖြူဖွေးနေခဲ့ပြီး တိုက်ခတ်လာသည့်လေက လတ်ဆတ်၏။ ဤဟာက တိတ်ဆိတ်ပြီးတော့ လှပပါသော်လည်း ယခုချိန်တွင် မည်သူမဆို၌ ကြယ်ရောင်စုံသည့်ကောင်းကင်ယံကို ကြည့်ရှုပြီးတော့ သဘောကျခံစားဖို့ရာ အချိန်မရှိပေ။
ရိုးရာဓလေ့ပွဲပြီးပြီးချင်းမှာပဲ ကျန်းလော့က သူ့မျက်နှာဖုံးကို ဆွဲချွတ်ပစ်လိုက်သည်။ ထိုမျက်နှာဖုံးက သူ့ကို စိတ်မသက်မသာဖြစ်စေသည်၊ သူ့မျက်နှာက ပြုံးနေပါသော်လည်း အပြုံးက တောင့်တင်းနေခဲ့ကာ အသက်မပါပဲ ကြောက်ဖို့ကောင်းနေခဲ့သည်။ သူမျက်နှာဖုံးကို သူ့အိတ်ထောင်ထဲ ထည့်လိုက်ပြီး ပြိုင်ပွဲဝင်များကြားက တီးတိုးပြောဆိုနေကြသော စကားများကို တိတ်တိတ်လေး နားဆင်လိုက်သည်။
“မင်း ဒီနေ့တစ်ခုခုကိုရှာတွေ့သေးလား”
“မတွေ့ဘူး … မင်းရော”
“ငါလည်းမတွေ့ဘူး။ ဒါပေမယ့် ဒီရွာထဲမှာ သက်ကြီးရွယ်အိုတွေ တော်တော်လေးရှားတာတော့ ငါသတိထားမိတယ်”
“ရွာသူကြီးတောင်မှပဲ အသက်ငါးဆယ်တွင်းထဲပဲ ရှိဦးမယ်နဲ့တူတယ် … သိပ်အသက်မကြီးသေးဘူး”
အသက်ငါးဆယ်ခြောက်ဆယ်တွင်းထဲမှာတောင်မှပဲ လယ်ကွင်းထဲမှာ အလုပ်လုပ်နေကြသေးသော သက်ကြီးရွယ်အို အများကြီးရှိကြသည်။ ထို့ကြောင့် သူတို့ကသန်မာပြီးတော့ ကျန်းမာရေးကောင်းတာ အသက်ခုနှစ်ဆယ် ရှစ်ဆယ်ထိကို နေနိုင်ကြသည်။ ယခုကဲ့သို့သော ဖျော်ဖြေရေးအစီအစဉ်များ သိပ်ပြီးတော့မရှိသည့် ကျေးလက်ဒေသမျိုးမှာဆိုလျှင် လူအိုကြီးတစ်ယောက်က သူ့အိမ်၏တံစက်မြိတ်အောက်မှာထိုင်ရင်း နေပူစာလှုံနေသည့် မြင်ကွင်းမျိုးကို တွေ့ရတာပုံမှန်ဖြစ်သည်။
သို့သော် ရှန်းတုချွင်မှာတော့ သက်ကြီးရွယ်အိုအများစုကို မတွေ့ရပေ။
ကျန်းလော့က စကားဝိုင်းကို ခိုးနားထောင်ပြီးနောက်မှာ သူအာရုံစိုက်တာကို ပြန်ရုတ်သိမ်းလိုက်သည်။
လုယုံရိက ရုတ်တရက်ထပြောလာခဲ့သည်။ “ကျန်းလော့ … အဲဒီ့ကလေးမလေးက ငါတို့စောနတုန်းကတွေ့ခဲ့တဲ့ ကလေးမလေးမဟုတ်ဘူးလား”
သူက ကျန်းလော့ကိုပုတ်လာပြီး သူ၏ဘယ်ဘက်ကိုကြည့်ဖို့ အမူအရာ ပြလာခဲ့သည်။
ကျန်းလော့က ခေါင်းလှည့်ကြည့်လိုက်ချိန်မှာ အနီရောင်ဝတ်ထားသောကလေးမလေးက သူ့မိဘဆီကနေ တိတ်တိတ်လေး ထွက်ပြေးပြီးတော့ ထောင့်နားလေးမှာ ပုန်းကာ ပြန်လှည့်ပြေးသွားတာကို တွေ့လိုက်ရသည်။
သူ တစ်ပြိုင်နက်တည်းပြောလိုက်သည်။ “သွားကြရအောင် … လိုက်ပြီးတော့ ကြည့်ကြတာပေါ့”
ကျန်းလော့နှင့်လုယုံရိတို့ လူအုပ်ကြီးဆီကနေ တိတ်တိတ်ကလေးထွက်ကာ ကလေးမလေးနောက်ကို လိုက်သွားလိုက်ကြသည်။
သူတို့က တဖြည်းဖြည်းနှင့် ရွာထဲကနေထွက်ကာ လူသူမရှိသောနေရာဆီ ရောက်လာခဲ့ကြသည်။ ထူထဲသောတောအုပ်ကြီးကို ဖြတ်သန်းပြီးနောက်မှာ ရုတ်တရက်ဆိုသလို သူတို့ရှေ့မှာ ရှင်းလင်းသွားခဲ့သည်။
ထူထဲသောတောအုပ်ကြီး၏အဆုံးမှာတော့ သင်္ချိုင်းမြေပုံတစ်ခုပြီးလျှင် နောက်ထပ်မြေပုံတစ်ခုထပ်နေသော သင်္ချိုင်းမြေရိုင်းတစ်ခုရှိနေခဲ့သည်။
မြေပုံများက တောင်ပို့ငယ်လေးများကဲ့သို့ ရှိနေခဲ့ကြပြီး မြေပုံတိုင်း၏ရှေ့မှာ ကမ္ပည်းကျောက်စာတိုင်များ စိုက်ထူးထား၏။ သာမန်ကာလျှံကာမျှ ကြည့်လိုက်လျှင် ထိုမြေပုံများက တစ်ပုံစံတည်းဖြစ်ပြီး သူတို့အပေါ်၌ ပေါက်ရောက်နေကြသည့် ပေါင်းပင်တို့ နည်းတာများတာပဲကွာသည်။
ကျန်းလော့က အုတ်ဂူများ၏ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပြီး သိပ်မကြာလိုက်စဉ်မှာပဲ အနီရောင်သဏ္ဍန်လေးကို ရှာတွေ့ခဲ့သည်။ “အဲဒီ့မှာ”
ကလေးမလေးက အုတ်ဂူကိုတူးနေခဲ့သည်။
သူမ၏လက်လေးများက လူကြီးတစ်ယောက်၏လက်ဝါးတစ်ဝက်စာလောက်ပဲရှိသည်။ သူမက ဂေါ်ပြားကိုရော ပေါက်တူးကိုပါ ကိုင်မထားခဲ့ပေ။ သူမ၏ဖြူဖွေးသောလက်လေးနှစ်ဖက်က မြေပုံကို လက်ဗလာဖြင့်တူးနေခဲ့ပြီး သိပ်မကြာစဉ်မှာပဲ မြက်ရှရာများနှင့်ချွန်ထက်သော ကျောက်တုံးတို့ကြောင့် လက်ဖဝါးများက သွေးချင်းချင်းနီလာခဲ့သည်။ တစ်ယောက်ယောက်က အနားကိုကပ်လာတာတောင်မှပဲ သူမက လုယုံရိနှင့်ကျန်းလော့ကို မော့ပဲကြည့်လာခဲ့သည်၊ ထို့နောက် ခေါင်းပြန်ငုံ့ကာ မြေပုံကိုဆက်တူးနေခဲ့သည်။
ကျန်းလော့က သူ့မျက်နှာအမူအရာကို မပြောင်းဘဲ ဘေးနားမှာထိုင်ချကာ နူးနူးညံ့ညံ့လေးမေးလိုက်သည်။ “ညီမလေး… ဘာလုပ်နေတာလဲ”
လုယုံရိက တုန်ရီစွာဖြင့် ကျန်းလော့၏ဘေးနားမှာ ထိုင်ချလာခဲ့သည်။
ကလေးမလေးက တုံ့ပြန်မလာခဲ့ပေ။ ကျန်းလော့က နောက်တစ်ကြိမ်ထပ်မေးလိုက်ရာ ကလေးမလေးက အသက်မပါစွာဖြင့်ပြောလာခဲ့သည်။ “မြေပုံတူးနေတာ”
ကျန်းလော့က စိတ်ရှည်လက်ရှည်ဖြင့် မေးလိုက်သည်။ “ဘာလို့မြေပုံတူးနေရတာလဲ”
ကလေးမလေးက ပြောလာခဲ့၏။ “သမီးရဲ့ မေမေနဲ့ဖေဖေကို ရှာနေတာ”
“ညီမလေးရဲ့မေမေနဲ့ဖေဖေက မြေပုံအောက်မှာလား” ကျန်းလော့က အလျင်လိုခြင်းမရှိဘဲ မေးလိုက်သည်။ “အဲလိုဆိုရင် နေ့လည်တုန်းကတွေ့ခဲ့တဲ့ ညီမလေးရဲ့မိဘတွေက မိဘအရင်းတွေမဟုတ်ဘူးပေါ့”
ကလေးမလေးက ဘာမှပြန်ပြောမလာခဲ့ပဲ ခေါင်းကိုသာ အသံတိတ်ယမ်းပြလာခဲ့သည်။ ထိုဟာက ကျန်းလော့၏မေးခွန်းကို ငြင်းဆိုနေသည်လား သို့မဟုတ်ပါက သူမ၏မိဘများက တကယ့်မိဘအရင်းမဟုတ်ကြောင်း ဖော်ပြနေသည်လားဆိုတာ မသိရပေ။
သူမကမြေပုံကို နှစ်ခေါက်မျှထပ်တူးလိုက်ပြီး ရုတ်တရက်ဆိုသလို ကောင်းကင်ကိုမော့ကြည့်ကာ ရေရွတ်လာခဲ့သည်။ “မှောင်လာပြီ… အိမ်ပြန်ရတော့မယ်”
ထိုစကားကိုပြောပြီးသည့်နောက် သူမက ကျန်းလော့နှင့်အတူ ကျင်းပေါက်သေးသေးလေး တူးထားပြီးသော မြေပုံကိုချန်ထားရစ်ကာ တောအုပ်နက်ထဲကို ဝင်သွားခဲ့သည်။
လုယုံရိက ကြောင်အမ်းအမ်းဖြစ်နေမိပြီး ကလေးမလေး ထွက်သွားတော့မှသာ သတိပြန်ဝင်လာခဲ့သည်။ လုယုံရိက တံတွေးမျိုချလိုက်ပြီး ပြောလာခဲ့သည်။ “ဒါဆိုရင် ငါတို့လည်းသွားကြရအောင်လေ”
ကျန်းလော့က မြေပုံကိုငုံ့ကြည့်နေခဲ့ပြီး သူ၏တစ်ဝက်စင်းကျနေသော မျက်တောင်တို့က လှုပ်ရှားသွားခဲ့ကာ သူ၏ပါးစပ်ထောင့်တို့က ရုတ်တရက် ကော့တက်လာခဲ့သည်။ “လုယုံရိ… မင်း မြေပုံတူးဖူးလား”
လုယုံရိ “…..”
ဆယ်မိနစ်ကြာပြီးနောက် ယောင်္ကျားလေးနှစ်ယောက်က သူတို့ရှာတွေ့လာသော သစ်သားချောင်းရှည်နှစ်ချောင်းဖြင့် သင်္ချိုင်းမြေပုံကို စတင်တူးဆွလိုက်ကြ၏။
လကကောင်းကင်ထက်မှာ ထွန်းလင်းနေခဲ့ပြီး အဖြူရောင်လရောင်က ကွင်းပြင်ထက်၌ မီးအိမ်ထက်တောင် လင်းကျင်းပြီးတော့ ဖြာကျနေခဲ့သည်။
လုယုံရိက မြေပုံကိုတူးနေရင်း ချွေးများတစီးစီးကျလာခဲ့သည်။ မြေပုံကို စိတ်ပါလက်ပါဖြင့် တူးပြီးသည့်နောက် သူကြောက်သည့်စိတ်မရှိတော့ပေ။ သစ်သားချောင်းရှည်က အတော်လေး အသုံးဝင်ပြီး သိပ်မကြာလိုက်ခင်မှာပင် မြေပုံက တစ်ဝက်ပြိုလာခဲ့သည်။
အခေါင်းတလားကို အပေါ်ယံတင်မြုပ်ထားခဲ့၍ မြေစာပုံထဲကနေ အပြင်ကိုပေါ်ထွက်လာဖို့ အချိန်သိပ်မယူလိုက်ရပေ။
သူတို့နှစ်ယောက်အတူတူ မြေကြီးကို ယက်ထုတ်လိုက်ကြသည်။ ကျန်းလော့က သစ်သားချောင်း၏ထိပ်ကိုသုံးပြီး အခေါင်းတလား၏အဖုံးကို လှပ်လိုက်သည်။ လုယုံရိ၏အသံက တုန်ရီနေခဲ့၏။ “ကျန်းလော့ … ငါတို့ တကယ်ကြီးဖွင်တော့မှာလား”
ကျန်းလော့က သူ့လှုပ်ရှားမှုကိုရပ်လိုက်ပြီး မြေစာပုံကိုကြည့်ကာ ပြောလိုက်၏။ “ဒါဆိုရင်လည်း ပြန်မြုပ်လိုက်ကြတာပေါ့”
သူဘယ်လောက်တောင်ကြိုးစားပြီးတော့ မြေပုံကိုတူးထားရသလဲဆိုတာကို လုယုံရိ ပြန်တွေးမိပြီး ပါးစပ်ပိတ်သွားခဲ့သည်။
ကျန်းလော့က တစ်ချက်တွန်းရုံနှင့်ပင် အခေါင်းတလားကို ဖွင့်လိုက်၏။ လုယုံရိက အထဲကိုကြည့်လိုက်ပြီး အသက်ရှူမှားသွားခဲ့သည်။
အခေါင်းတလားထဲမှာ ယောင်္ကျားတစ်ဦးနှင့်မိန်းမတစ်ဦး၏ အလောင်းရှိနေခဲ့သည်။ ထိုအလောင်းများ၏မျက်နှာက သူတို့နေ့ခင်းတုန်းက တွေ့ခဲ့ကြသော ကလေးမလေး၏မိဘများနှင့် တစ်ထေရာတည်းပင်။ အလောင်းက အနည်းငယ်ပုပ်ပွနေသော်ငြားလည်း သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားခဲ့ပြီး လတ်တလောပိုင်းမှ သေထားသည့်ပုံပေါ်သည်။
လုယုံရိ “ ဒါ ဒါ ဒါက.....”
အခေါင်းတလားထဲမှာရှိနေသော အလောင်းနှစ်လောင်းက ကလေးမလေး၏မိဘများသာဆိုလျှင် သူတို့နေ့ခင်းတုန်းက တွေ့ခဲ့သော စုံတွဲက ဘယ်သူတွေများလဲ။ အလောင်းကိုတွေ့ပြီးနောက်မှာ ဆန်းကြယ်မှုကို အနည်းငယ်ပင် မဖြေရှင်းနိုင်လိုက်ဘဲ ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။ ကျန်းလော့နှင့်လုယုံရိက အခေါင်းတလားကို အဖုံးပြန်ပိတ်လိုက်ပြီး မြေပုံကို နဂိုပုံစံအတိုင်းဖြစ်အောင် ပြန်လုပ်လိုက်ကြသည်။
ကျန်းလော့က နောက်ဆုံးသောမြေတစ်ကော်ကို ဖို့လိုက်ပြီး ကမ္ပည်းတိုင်ဆီအပြေးသွားကာ ရေထိုးထားသည်ကို ဖတ်လိုက်သည်။
လုယုံရိက သူ့မျက်နှာပေါ်ကချွေးစက်များကို သုတ်နေစဉ်တွင် ကျန်းလော့၏နောက်ကျောဘက်မှာ အလင်းရောင်တစ်ခုဖြတ်ခနဲပေါ်လာတာကို မြင်လိုက်ရပြီး သူစိုးရိမ်တကြီးထအော်လိုက်သည်။ “ကျန်းလော့ … အောက်ဆင်းခဲ့”
ကျန်းလော့က လေတိုးသည့်အသံကို ကြားလိုက်ရပြီး မြန်မြန်ဆန်ဆန်ပင် တုံ့ပြန်ကာ မြေကြီးပေါ်လှိမ့်ချလိုက်ပြီး နောက်ထပ်မြေပုံတစ်ခုဆီ သွားလိုက်သည်။
သူ အရှိန်သပ်လိုက်ပြီးနောက် မော့ကြည့်လိုက်ရာ ကြီးမားပြီး အေးစက်သည့်အရောင်များ တလက်လက်တောက်ပနေခဲ့သော ဓားတစ်လက်က သူရှိနေခဲ့သောမြေပြင်ထက်မှာ စိုက်ဝင်နေသည်ကို တွေ့လိုက်ရသည်။ ဓားသွားတစ်ဝက်လောက်က မြေကြီးထဲကို နစ်ဝင်နေခဲ့သည်။ ကျန်းလော့သာ မြန်မြန်မရှောင်လိုက်ပါက သူထိုဓားဖြင့် ထက်ဝက်ပိုင်းဖြတ်ခြင်းကို ခံရပြီးလောက်ပြီဖြစ်သည်။
ကျန်းလော့က ဓားရှည်ထွက်လာသည့်ဘက်ကို ကြည့်လိုက်သည်။
ထူးဆန်းသောပုံစံနှင့် ယောင်္ကျားတစ်ယောက်က တောအုပ်နက်ထဲကနေ ထွက်လာခဲ့သည်။
သူကအင်မတန်ထူးဆန်းသော ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ ထိုဝတ်စုံက ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်စများကို ပတ်ထားသကဲ့သို့ပင် သို့မဟုတ် ရှေးဟောင်းဝတ်စုံရှည်ပုံစံဟုလည်း ပြောလို့ရသည်။ သူက တောအုပ်ထဲကနေ တရွေ့ရွေ့နှင့်ထွက်လာခဲ့ပြီး လရောင်အောက်ကို ရောက်လာခဲ့သည်။ သူ၏ရှည်လျားလှသောပုံသဏ္ဍန်ကြီးက သစ်ရွက်ခြောက်နှင့်သစ်ကိုင်းခြောက်များကို နင်းခြေကာ ဓားရှည်စိုက်နေသည့်ဆီကိုသွားလိုက်ပြီး ဓားကိုဆွဲထုတ်လိုက်သည်။
ဓားဆီကနေထွက်လာသော ပွတ်တိုက်သံနှင့်အတူ ထိုယောင်္ကျားက ဓားကိုဆုပ်ကိုင်ပြီး ကျန်းလော့နှင့်လုယုံရိကို ကြည့်လာခဲ့သည်။
သူ့ပုံစံကရှေးခေတ်သူရဲကောင်းစစ်သည်တစ်ဦးနှင့် တူနေခဲ့ပြီး သူ့မျက်လုံးများက အေးစက်ကာ သွေးဆာမှုများနှင့်အပြည့်ပင်။ ကျန်းလော့က မြေကြီးပေါ်ကနေ ထလိုက်ပြှီး ခါးကိုအနည်းငယ်ကိုင်းကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေခဲ့ပြီး အချိန်မရွေး တိုက်ခိုက်ဖို့ရော ထွက်ပြေးဖို့ပါ အသင့်ဖြစ်နေခဲ့၏။
ထိုယောင်္ကျားက သူ့ကို အားကောင်းသည့် ဖိနှိပ်ခံရသောခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ ထိုသူက လူနှင့်တူသော်လည်းလူမဟုတ်သလို သရဲနှင့်တူသော်လည်းသရဲမဟုတ်ပေ။ သူ့ကိုယ်ပေါ်မှာလွှမ်းခြုံထားသော မကောင်းဆိုးဝါးအရိပ်အယောင်များက လူထောင်နှင့်ချီပြီးတော့ သတ်ခဲ့သည့်သူမှသာ ရှိနိုင်သော အရိပ်အယောင်ဖြစ်သည်။
“မင်းဘယ်သူလဲ” ကျန်းလော့က မရဲတရဲမေးလိုက်သည်။
စကားတစ်ခွန်းမျှမဆိုပဲ ထိုယောင်္ကျားက ကျန်းလော့ဆီ လက်ထဲမှာဓားကိုကိုင်ရင်း လှမ်းလာနေခဲ့၏။ ကျန်းလော့က သူ၏ ယင်ယန်လက်ကောက်ကို လှုပ်ယမ်းလိုက်သည် သို့သော် အပြင်လူ၏အမြင်မှာတော့ သူ့ပုံစံက အံ့အားသင့်လွန်း၍ လှုပ်တောင်မလှုပ်နိုင်တော့သည့်ပုံ ပေါက်နေခဲ့သည်။
လုယုံရိက ရှေ့ကိုပြေးတက်သွားပြီး သူ့လက်မောင်းများဖြင့် ထိုယောင်္ကျား၏ပေါင်တံကို ဖက်လိုက်သည်။ သူ အံကြိတ်ပြီးတော့ ကျန်းလော့ကို အော်ပြောလိုက်သည်။ “ပြေးတော့”
“ပြေးတော့ …ကျန်းလော့” လုယုံရိက စိုးရိမ်ပူပန်လွန်း၍ မျက်နှာက သွေးတောင်ဆုတ်လာခဲ့သည်။ “မြန်မြန်ပြေး”
ကျန်းလော့က အံ့အားသင့်သွားမိသည်။
ထိုယောင်္ကျားက စိတ်အနှောင့်အယှက်ဖြစ်သည့်ပုံစံဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းလော့ဆီလျှောက်လာတာကို ရပ်ကာ လုယုံရိကိုစောင်း၍ကြည့်လိုက်ပြီး သူ၏ဓားရှည်ကြီးကို ကိုင်ထားသောလက်အား မြှောက်လိုက်သည်။
ဓားရှည်၏အလင်းရောင်က လုယုံရိ၏ခန္ဓာကိုယ်ပေါ် ဖြာကျလာခဲ့သည်။ လုယုံရိက သူ့မျက်လုံးကို တင်းတင်းကြပ်ကြပ်စေ့လိုက်သည်၊ သူကသိသိသာသာကြီးကို ကြောက်နေပါသော်လည်း ထိုယောင်္ကျား၏ပေါင်တံကို ဖက်ထားဆဲပင်။
ဓားက သူ့ကျောပြင်ပေါ် သက်ဆင်းတော့မည့်တခဏမှာပဲ ရွှေရောင်အလင်းတန်းတစ်ခုက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်အရိပ်တစ်ခုက ထိုယောင်္ကျားရှိရာဆီသို့ တစ်ဟုန်ထိုးပြေးသွားခဲ့သည်။ ရွှေရောင်ကျားက ဟိန်းဟောက်လိုက်ပြီး ကျား၏ရွှေရောင်လက်သည်းတစ်ဖက်က ထိုယောင်္ကျားဖြစ်သူ၏ခေါင်းကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။ သူ၏သွေးနီရောင်သန်းနေသော ပါးစပ်ကိုဟကာ ထိုယောင်္ကျား၏မျက်နှာရှေ့မှာ ဟိန်းဟောက်လိုက်သည်။
“ဝေါင်း”
လုယုံရိ၏ သူ့မျက်လုံးများကိုဖွင့်လိုက်ပြီး အံ့အားသင့်သွားမိသည်။ ကျန်းလော့က သူ့ဘေးနားကို အမောတကောဖြင့် ရောက်လာခဲ့ပြီး ထိုင်ချလိုက်သည်။ “လုယုံရိ… မင်းအရူးလား”
လုယုံရိ “ဟမ်”
ကျန်းလော့၏နှုတ်ခမ်းများကစေ့ကာ အောက်ဘက်ကို ကွေးညွတ်နေခဲ့သညါ။ သူ့မျက်နှာအမူအရာက တမင်လုပ်ယူထားသော ဂရုမစိုက်ဟန်နှင့်အတူ ချုပ်ထိန်းမှုနှင့် တင်းမာမှုတို့ပါ ရောယှက်နေခဲ့သည်။ လုယုံရိက သူ့အသက်သူစွန့်ပြီးတော့ သူ့ကိုကယ်ခဲ့သည့်ဖြစ်ရပ်က သူ့ရင်ကို ထိမသွားစေဘဲ ထိုအစား သူ့ကို ဒေါသထွက်အောင်လုပ်လိုက်သလိုပင်။
“မင်းက ဘာလို့ရှေ့ပြေးထွက်လာရတာလဲ” လေသံတောင်မှပဲ အနည်းငယ် ဒေါသထွက်နေဟန်ရှိ၏။ “မင်းအဲလိုလုပ်ပေးဖို့ ငါ့ကလိုနေလို့လား”
သို့သော် လုယုံရိကတော့ သူ့ကိုယ်သူဘာအမှားမှလုပ်မိသည်ဟုမထင်ဘဲ တုံးတုံးအအဖြင့်ပြောလာခဲ့သည်။ “မင်းခြေထောက်တွေမှာ အားမရှိတော့တာ ငါမြင်တယ်လေ… ငါသာနည်းနည်းနောက်ကျရင် မင်းသေနေလောက်ပြီ”
ကျန်းလော့၏ရှင်းပြ၍မရသောဒေါသက ငယ်ထိပ်စောင့်တက်လာခဲ့ပြီး သူအသက်ပြင်းပြင်းရှူလိုက်၏၊ ထို့နောက် ဤအရူးကိုဆွဲမပြီး ကျား၏အောက်မှာအဖိခံထားရသော ယောင်္ကျားကို အေးစက်စက်ဖြင့်ကြည့်လိုက်သည်။
ယခုတဒင်္ဂလေးမှာ သူ့ခေါင်းထဲ၌ ဒေါသနှင့်တင်းမာမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ထို့နောက် သူ ထိုအတွေးကြောင့် မီးထတောက်လုမတတ်ပင်၊မင်းကများရာရာစစ ငါ့လူကိုထိရဲတယ်ပေါ့လေ။
ထိုကဲ့သို့သော စိတ်အခြေအနေမျိုးဖြင့် သူဘယ်တုန်းကမှ ဆင့်မခေါ်ခဲ့ဘူးသော ယင်ဟူကို ဆင့်ခေါ်လိုက်မိသည်။ ယင်ဟူကပုံမှန်ကျားထက် နှစ်ဆလောက်ကြီး၏။ ကျန်းလော့၏မျက်လုံးတို့က ထိုယောင်္ကျားကိုကြည့်ရင်း အေးစက်လာခဲ့၏၊ ယင်ဟူက ထိုယောင်္ကျားကို လက်သည်းဖြင့်ပိုပိုဖိချပြီးတော့ ဟိန်းဟောက်သံက ပို၍ဒေါသတကြီးဖြစ်လာခဲ့သည်။
ထိုယောင်္ကျားက အားအင်ကျန်သေးပုံပင်၊ ဓားကိုကိုင်ထားသောလက်က လှုပ်သွားခဲ့သည်။ ယင်ဟူက ဒေါသအဆွခံလိုက်ရသကဲ့သို့ဖြစ်ပြီး ထိုယောင်္ကျား၏ခေါင်းကို နောက်ထပ်တစ်ကြိမ် အကြင်နာတရားမရှိစွာဖြင့် လက်သည်းဖြင့် ရိုက်ချလိုက်သည်။
သွေးများက ထိုယောင်္ကျား၏နဖူးထက်ကနေ စီးကျလာခဲ့ပြီး နောက်ဆုံးမှာတော့ သူ့မျက်လုံးများ မှိတ်သွားခဲ့သည်။ ကျန်းလော့က သူ့ဆီကို လုယုံရိနှင့်အတူ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်၏။ သူ၏စူးရှသောအကြည့်က ထိုယောင်္ကျား၏တစ်ကိုယ်လုံးပေါ် စုန်ချည်ဆန်ချည်ဖြတ်သွားခဲ့ပြီး သူလက်ထဲမှာကိုင်ထားခဲ့သောဓားရှည်အား ခြေထောက်ဖြင့် ကန်ထုတ်ပစ်လိုက်သည်။
လုယုံရိက ဧရာမကျားကြီးကို မျက်တောင်မခတ်ကြည့်နေခဲ့ပြီး ပါးစပ်ကလည်း ရေရွတ်နေတာ မရပ်သွားပေ။ “ချီး … ချီး…ချီး”
“သောက်ရမ်းခန့်ညားချက်”
သူကကျားကို ထိကြည့်ဖို့ရာအတွက် လက်လှမ်းလိုက်၏၊ သို့သော် လက်သည်းအောက်မှာအဖိခံထားရသော ယောင်္ကျားက ရုတ်တရက်ဆိုသလို မျက်လုံးပြန်ပွင့်လာခဲ့ပြီး သူ့ခေါင်းထက်ကဒဏ်ရာကလည်း အကောင်းအတိုင်းပင် ပြန်ဖြစ်သွားခဲ့သည်။
လုယုံရိက လန့်ဖျပ်လွန်းအားကြီးပြီး ဖင်ထိုင်ရက်သားပင် ကျသွားခဲ့သည်။ “ကျန်းလော့ … သူမျက်လုံးတွေ ပြန်ပွင့်လာတယ်”
ကျန်းလော့က ချက်ချင်းဆိုသလို ထိုယောက်ျား၏မျက်နှာကို စောင်းကြည့်လိုက်စဥ် ထိုယောင်္ကျားက သူတို့ကိုမျက်လုံးဖွင့်လျက်သားဖြင့် ကြည့်နေတာကို တွေ့လိုက်ရသည်။ သို့သော် သူတို့ကိုကြည့်နေရုံမှအပ တခြားဘာလှုပ်ရှားမှုကိုမှ လုပ်မလာခဲ့ချေ။
ကျားက ဟိန်းဟောက်လိုက်ပြီး ထိုယောင်္ကျားကကျားကို ငေးကြောင်ကြောင်ဖြင့်ကြည့်လိုက်သည်၊ ထို့နောက် လုယုံရိနှင့်ကျန်းလော့ဘက်ကို ကြည့်လာခဲ့၏။ “မင်းတို့က ဘယ်သူတွေလဲ”
သူ ရပ်တန့်သွားခဲ့သည်။ “ပြီးတော့ ငါကရောဘယ်သူလဲ”
ကျန်းလော့ “…..”
လုယုံရိ “…..”
ထိုယောင်္ကျားက အနည်းငယ် စိတ်ရှုပ်နေသော အမူအရာကိုပြလာခဲ့ပြီး သူ့မျက်နှာပေါ်ရှိ အေးစက်မှုက ပျောက်ကွယ်သွားခဲ့သည်။ “ဘာဖြစ်လို့ ဒီကျားက ငါ့ကိုတက်ဖိထားရတာလဲ”
“မင်း ဟန်ဆောင်နေပြန်ပြီလား” လုယုံရိက စက်ဆုပ်စွာဖြင့်ပြောလိုက်သည်။ “စီဝမ်ကွေး(သေနာကောင်) … ငါတို့ကို ဒီလိုပုံစံနဲ့ အရူးလုပ်လို့ရမယ်များထင်နေလား”
“စီဝမ်ကွေး(သေနာကောင်)ဆိုတာ ငါ့နာမည်လား” ထိုယောင်္ကျားကပြောလာခဲ့၏။ “ပြီးတော့ မင်းတို့နာမည်ကရော”
ကျန်းလော့ “ … ကိစ္စတွေကို ဆုံးဖြတ်လို့မရလျှင် ဗေဒင်တွက်ကြည့်ပါ”
ဗေဒင်က ထိုယောင်္ကျားကလိမ်နေတာမဟုတ်ဟု ထွက်လာခဲ့သည်။ ကျန်းလော့ကသတိဖြင့် ထိုယောင်္ကျား၏ပတ်ပတ်လည်မှာ ရွှေရောင်မန္တန်ဖြင့် မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်လိုက်ပြီးမှ သူ့ကိုထစေလိုက်၏။
ထိုယောင်္ကျားက မတ်တပ်ထရပ်ချိန်၌ သူဘာလို့မှတ်ဉာဏ်ပျောက်သွားလဲဆိုတာကို ကျန်းလော့က သိလိုက်ရသည်။
ကျားကထိုယောင်္ကျား၏အပေါ်ကို ခုန်အုပ်လိုက်စဉ်မှာ ထိုယောင်္ကျားကို ချွန်ထက်နေသောကျောက်ခဲများပေါ် လဲကျသွားစေခဲ့သည်။ ကျောက်ခဲတစ်ခဲက ထိုသူ၏ခေါင်းထဲကို စိုက်ဝင်သွားခဲ့၏။ ထိုယောင်္ကျားက ဘယ်ကနေဘယ်လိုရောက်လာမှန်း မသိရသော်လည်း အချိန်တခဏအတွင်းမှာ သူ၏ခေါင်းပေါ်မှဒဏ်ရာက ပြန်ကောင်းသွားခဲ့သည်။ အနာကစိုက်ဝင်နေသောကျောက်ခဲကို ရစ်ပတ်ကာ အနာဖေးတက်သွားခဲ့ပြီး ကျောက်ခဲ၏အပိုင်းစလေးကို ဦးခေါင်းခွံအပြင်ဘက်မှာ ချန်ရစ်ခဲ့၏။
ကျန်းလော့က ဒဏ်ရာကို မှေးကြည့်လိုက်ပြီး အနည်းငယ်တောင် ပြုံးလိုက်မိသည်။
ထွက်နေသောဒေါသက အတော်လေးပျောက်ကွယ်သွားခဲ့၏။ သူနှင့်လုယုံရိတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်ကြပြီး လူယုံရိက ချောင်းဟန့်လိုက်သည်။ “မင်းကိုယ်မင်းဘယ်သူဆိုတာ တကယ်မသိတော့တာလား”
ထိုသူ၏မျက်နှာထက်မှာ ဘာမှနားမလည်သည့်အမူအရာတချို့ ရှိနေခဲ့သည်။ “ငါ့နာမည်က စီဝမ်ကွေး (သေနာကောင်)လို့ မင်းပဲပြောလိုက်တာ မဟုတ်ဘူးလား”
လုယုံရိက တံတွေးနင်သွားခဲ့သည်၊ ထို့နောက် လူယုတ်မာအပြုံးပြုံးလိုက်၏။ “မဟုတ်ဘူး … စီဝမ်ကွေး(သေနာကောင်)က မင်းကိုချစ်စနိုးနဲ့ခေါ်တဲ့နာမည်… မင်းမှာတကယ့်နာမည်အရင်းရှိသေးတယ်”
ထိုယောင်္ကျားက မေးလာ၏။ “ဒါဆိုရင် ငါ့နာမည်အရင်းကဘာလဲ”
“ကျောင်းကျောင်းလို့ခေါ်တယ်” လုယုံရိက မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ မင်းက အလိုလိုက်ခံရတာကို အရမ်းကြိုက်လို့”
ထိုသူက တခဏလောက် စဉ်းစားလိုက်ပြီး “ဒါဆိုရင် ငါ့ကို စီဝမ်ကွေး(သေနာကောင်)လို့ပဲဆက်ခေါ်လိုက်ပါ”
ထိုသူ၏မှတ်ဉာဏ်ပျောက်ဆုံးသွားမှုက အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်ပြီးနောက် မွေးကင်းစကလေးအလား သူ့ကိုယ်သူဘယ်သူမှန်းမသိသော ထိုသူနှင့်ကျန်းလော့ဘာမှဆက်မလုပ်ချင်တော့ပေ။ သူ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ “လုယုံရိ … သွားကြရအောင်”
လုယုံရိက ချက်ချင်းဆိုသလို စီဝမ်ကွေးကို ချန်ထားခဲ့ပြီး ကျန်းလော့၏နောက်ကို လိုက်လာခဲ့သည်။ သူတို့နှစ်ယောက် သင်္ချိုင်းမြေကနေ ထွက်လာခဲ့လိုက်သည်၊ သို့သော် သူတို့ကို ယခုနလေးတင်သတ်ဖို့ကြိုးစားခဲ့သောသူက ဓားရှည်ကိုကောက်ပြီး သူတို့နောက်ကနေ တိတ်တိတ်လေးလိုက်လာခဲ့သည်။
ကျန်းလော့က ယင်ဟူကိုခေါ်လိုက်ပြီး သူ့နှုတ်ခမ်းကို အေးစက်စက်ဖြင့် ကွေးညွတ်လိုက်သည်။ “မင်း ငါတို့နောက်ဆက်လိုက်လာရင် … ငါယဉ်ကျေးနေတော့မှာမဟုတ်ဘူးနော်”
“ဘာလို့လဲ” စီဝမ်ကွေးက သူတို့ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လာခဲ့သည်။ “ငါတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား”
သူတို့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့သူနဲ့ ဘယ်သူက သူငယ်ချင်းဖြစ်ချင်မှာလဲ။
ကျန်းလော့က ဘာစကားမှဆက်မပြောတော့ဘဲ ယင်ဟူကိုလွှတ်ပေးလိုက်ကာ လုယုံရိနှင့်အတူ သင်္ချိုင်းမြေကနေ အမြန်ထွက်လာလိုက်ကြသည်။
ထိုသူက ကျား၏တိုက်ခိုက်မှုကို ခက်ခက်ခဲခဲဖြင့်ခုခံရင်းနှင့် သူတို့နောက်ကို ဖြည်းဖြည်းချင်း လိုက်လာခဲ့သည်။
နာရီဝက်လောက်ကြာပြီးနောက် ကျန်းလော့နှင့်လုယုံရိက သူတို့တည်းခိုသည့်နေရာကို ပြန်ရောက်သွားခဲ့သည်။ သူတို့၏အဖော်များကို ထိုကလေးမလေး၏မိဘဖြစ်သူတို့၏ အလောင်းအကြောင်းကို ပြောပြလိုက်သည်။
“ကြည့်ရတာ မနက်ဖြန်ဗိမ္မာန်ကနေ လူရွေးချယ်ပွဲကျင်းပတာကို ငါတို့စောင့်ရမယ့်ပုံပဲ” ဝမ်ယမ်လန် မျက်မှောင်ကြုတ်လိုက်သည်။ “ဒီရွေးချယ်ပွဲက ဘာလိုဆိုလိုတာလဲဆိုတာ ငါမသိပေမဲ့ … ဒီလူရွေးချယ်ပွဲက လုတွေကိုစတေးဖို့ရွေးချယ်တာနဲ့ တူမနေဘူးလား”
“ ဒါပေမဲ့ လူကိုစတေးဖို့ရွေးချယ်တာဆိုရင် ရွာသူကြီးက “အလျင်မလိုကြပါနဲ့”တို့ “အငြင်းအခုံဖြစ်စရာမလိုဘူး”တို့ ပြောမှာမဟုတ်လောက်ဘူး” ကောကျူက သူ့မေးစေ့ကိုပွတ်လိုက်ပြီး ပြောလာ၏။ “ ဒီစတေးခံမှုက သူတို့ရဲ့မျက်လုံးထဲမှာ မွန်မြတ်တဲ့လုပ်ရပ်လို့ထင်နေရင်တော့ မပြောတတ်ဘူး”
လျောင်ဇီက တစ်ခုခုပြောဖို့လုပ်လိုက်သော်လည်း ပြတင်းပေါက်၏အပြင်ဘက်ကို ရုတ်တရက် အကြည့်ရောက်သွားခဲ့ပြီး သူ့မျက်လုံးထဲမှာ အံ့ဩမှုများ ဖြတ်ပြေးသွားခဲ့သည်။ သူပြုံးလိုက်ပြီး စကားဆိုလိုက်သည်။ “ကြည့်ရတာ တံခါးရဲ့အပြင်ဘက်မှာ သေလျက်နဲ့ရှင်နေတဲ့သူ ရောက်နေတဲ့ပုံပဲ”
သူပြောပြီးလို့မကြာခင်မှာပဲ တံခါး၏အဟလေးကနေ အရိပ်တစ်ခု ထင်ဟပ်လာခဲ့သည်။ လုယုံရိက ချက်ချင်းပဲ ကျန်းလော့ကို လှည့်ကြည့်လိုက်သည်။ “စီဝမ်ကွေး(သေနာကောင်)တော့ မဟုတ်လောက်ပါဘူးနော်”
ကျန်းလော့က မျက်ခုံးပင့်လိုက်ပြီး အိပ်ရာကနေထကာ တံခါးသွားဖွင့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ရှေးခေတ်လူသားလို ဝတ်ဆင်ထားသည့်လူတစ်ယောက်က ဓားရှည်ကိုကိုင်ရင်း တံခါးအပြင်ဘက်မှာ မတ်တပ်ရပ်နေခဲ့သည်။
ထိုသူ၏ခန္ဓာကိုယ်ပေါ်မှာ အနာကျက်ပြီးသားဖြစ်သော မရေမတွက်နိုင်သည့် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နေခဲ့ပြီး သူ၏ပိုပြီးညစ်ပေနေသောအဝတ်အစားနှင့် ခြောက်သွေ့နေသောသွေးများကသာ သူကြုံတွေ့ခဲ့ရသော အခက်အခဲများကို သက်သေပြနိုင်ခဲ့သည်။ ကျန်းလော့ကို မြင်ချိန်မှာ ထိုသူ၏မျက်လုံးများက စိတ်သက်သာရာရသွားသည့်ပုံပေါ်သော်လည်း သူ့မျက်နှာထားကတော့ သေနေဆဲပင်။ “ သူငယ်ချင်း … ငါမင်းတို့ကိုလာရှာတာ”
လုယုံရိက ကျန်းလော့၏နောက်ကနေ ထွက်လာခဲ့ပြီး ပြောလိုက်သည်။ “မင်းက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာရတာလဲ”
လျောင်ဇီက ထိုသူကို လူအုပ်၏အနောက်ကနေ ရပ်ကြည့်နေခဲ့ပြီး သူ့မျက်လုံးထဲမှာ အရောင်တောက်လာကာ အသံကိုမြှင့်၍မေးလိုက်သည်။ “ကျန်းလော့… မင်း ဒီသေလျက်နဲ့ရှင်နေတဲ့သူကို သိတာလား”
ထိုသူကအသံကြားချိန်မှာ လျောင်ဇီရှိရာဆီကို ကြည့်လာခဲ့သည်။ လျောင်ဇီက အသံတိတ်သင်္ကေတလုပ်ပြလိုက်သည်၊ မင်းက ဘယ်လိုလုပ်ပြီးတော့ ဒီကိုရောက်နေတာလဲ။
သို့သော် ထိုစကားကိုပြောပြီးပြီးချင်းမှာပဲ ထိုသူကအကြည့်ကိုတစ်စက်လေးတောင် လှုပ်ရှားသွားခြင်းမရှိဘဲ ပြန်ရုတ်သိမ်းကာ လျောင်ဇီကိုလုံးဝမသိသည့်ပုံစံဖြင့် ကျန်းလော့နှင့်လုယုံရိကိုပဲ ကြည့်နေခဲ့သည်။
လျောင်ဇီ၏နဖူးကြောတို့ တွန့်သွားခဲ့သည်။ ဘယ်လိုလုပ်ပြီးတော့ ထျန်ပိက ဒီလိုပုံစံဖြစ်သွားရတာလဲ။
“ သူက သေလျက်နဲ့အသက်ရှင်နေတဲ့သူလား” ကျန်းလော့က လျောင်ဇီကိုလှည့်ကာမေးလိုက်သည်။ “သေလျက်နဲ့အသက်ရှိနေတဲ့သူဆိုတာ ဘာကိုပြောတာလဲ”
လျောင်ဇီက သတိပြန်ကပ်လာပြီး ရှင်းပြလိုက်သည်။ “သေလျက်နဲ့ရှင်နေတဲ့သူက အသက်ရှင်နေသလိုပြုမူနေပေမဲ့လည်း သူတို့ရဲ့ခန္ဓာကိုယ်က သေဆုံးပြီးသားသူတွေကိုပြောတာ။ သူတို့မှာအလောင်းကောင်တွေနဲ့မတူဘဲ မှတ်ဉာဏ်တွေနဲ့ခံစားချက်တွေလည်းရှိသေးတယ် …အသက်ရှင်နေတဲ့လူတွေလို့ပေါ့ ဒါပေမဲ့ သေပြီးသွားပြီ”
ယယ်ရွှင်က ထပ်ပြောလိုက်သည်။ “ သေလျက်နဲ့အသက်ရှင်နေတဲ့သူတွေက အတော်လေးရှားတယ်… တချို့လူတွေဆိုရင် အရမ်းကြမ်းတမ်းလွန်းလို့ သူတို့သေသွားပြီးတာတောင်မှပဲ ဘယ်သူမှသူတို့ဝိညာဉ်ကို ခေါ်မသွားရဲကြဘူး”
သူ့အရှေ့မှာရှိနေသောသူက သေချာပေါက်ကို ယယ်ရွှင်ပြောနေသည့်သူဖြစ်သည်။
ဘယ်နှယ့်လုပ်ပြီးတော့များ ရှားပါးလွန်းသည့် သေလျက်နှင့်ရှင်နေသောသူက ရှန်းတုချွင်မှာ ပေါ်လာရတာများလဲ။
ပြီးတော့ သူကဘာအကြောင်းကြောင့် သူနဲ့လုယုံရိကို လာသတ်ရတာလဲ။
သူတို့အုပ်စုက ထိုသူကိုစိတ်ဝင်တစားကြည့်နေခဲ့ကြပြီး တခြားပြိုင်ပွဲဝင်တချို့က ရုတ်ရုတ်သဲသဲဖြစ်နေတာကို သတိထားမိသွားသည့်ပုံပေါက်၍ ကျန်းလော့ထိုသူကို အထဲဝင်ခွင့်ပြုလိုက်သည်။
ထိုယောင်္ကျားက စားပွဲပေါ်တက်ထိုင်လိုက်ပြီး ဓားရှည်ကို စားပွဲမျက်နှာပြင်ပေါ်မှာ တင်လိုက်သည်။ သူ၏ဓားပေါ်မှာ ကျန်းလော့ကိုတိုက်ခိုက်ရာကနေ ပေကျံနေသောမြေကြီးများတောင် ရှိနေသေးသည်။ အလင်းရောင်အောက်မှာ ထိုဓားရှည်က ပုံစံကရိုးရှင်းသော်လည်း ထက်ရှမှန်း ကျန်းလော့ ထင်ထင်ရှားရှားကို တွေ့နေရသည်။ ဓားရှည်၏လက်ကိုင်နေရာမှာ အမဲရောင်အဝတ်စများဖြင့် ပတ်ထားခဲ့ပြီး ထိုဟာမှလွဲ၍ တခြားတန်ဆာဆင်ထားတာမရှိပေ။
ကျန်းလော့၏အကြည့်အောက်မှာ ကြမ်းကြုတ်သော အနက်ရောင်အငွေ့အသက်အချို့က ဓား၏ပတ်ပတ်လည်ကို စိမ့်ထွက်လာခဲ့သည်။ အနက်ရောင်အငွေ့အသက်ကြားမှာ မရေမတွက်နိုင်သော သရဲမျက်နှာများက လွတ်မြောက်ဖို့ရာကြိုးစားနေကြပြီး ဓားရှည်၏မျက်နှာပြင်ထက်မှာ ပိတ်မိနေခဲ့သည်။
“မင်း ငါ့ဓားကိုလိုချင်လို့လား” စီဝမ်ကွေးက ရုတ်တရက်ထပြောလာခဲ့သည်။ “ဒါပေမယ့် ငါမင်းကိုပေးလို့မရဘူး ငါ့မှာရှိတဲ့လက်နက်ဆိုလို့ ဒါပဲရှိတာမို့”
ကျန်းလော့က သူ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး စိတ်မပါ့တပါမေးလိုက်သည်။ “ဒီနေရာကို ဘယ်လိုလုပ်ပြီးတော့ ရှာလာတာလဲ”
“မင်းရဲ့ရနံ့နောက်ကို လိုက်လာတာ” စီဝမ်ကွေးက မျက်မှောင်ကြုတ်လိုက်သည်။ “ရနံ့က ထွေပြားသွားသေးလို့ ငါအချိန်အကြာကြီး လျှောက်လိုက်ရတယ်။ သူငယ်ချင်း … မင်းငါ့ကို ချန်ထားရစ်ခဲ့ချင်တာလား”
လုယုံရိက ယယ်ရွှင်၏နားထဲကို တီးတိုးပြောလိုက်သည်။ “သူစကားပြောတာ အတော်လေးထူးဆန်းပြီးတော့ စာသံပေသံပေါက်နေသလားလို့”
ယယ်ရွှင်က ခေါင်းညိမ့်လိုက်၏။ “သူ့ပုံစံအရဆိုရင် သူအသက်ရှင်နေတာ နှစ်ရာပိုင်းလောက်တော့ရှိလောက်ပြီ”
ကျိုးကျုံးချိုးက စိတ်ဝင်တစားမေးလိုက်သည်။ “နာမည်ဘယ်လိုခေါ်လဲ”
ထိုသူက ပြောလာခဲ့သည်။ “ ငါ့နာမည်က စီဝမ်ကွေး(သေနာကောင်)”
လူတိုင်း ငြိမ်သက်သွားခဲ့သည်။ “..နာမည်ကောင်းပဲ”
အချိန်ကအတော်လေးနောက်ကျနေပြီဖြစ်ပြီး အနားယူရမယ့်အချိန်တောင် ရောက်နေပြီပင်။ လူတိုင်း ဤကိစ္စကို ဘေးချိတ်ပြီးတော့ အိပ်ရာထဲဝင်သွားလိုက်ကြသည်။
လူတိုင်းကအလုပ်ရှုပ်ပြီးတော့ ဘယ်သူမှဂရုမစိုက်ကြသည့်အချိန် လျောင်ဇီက ထိုယောင်္ကျား၏ဘေးနားမှာ သာမန်ကာလျှံကာရပ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ “ထျန်ပိ … မင်းဘာလုပ်ဖို့ကြံနေတာလဲ”
ထိုယောင်္ကျားက သူ့ကို သူစိမ်းဆန်ဆန်ကြည့်လာခဲ့သည်။ “ထျန်ပိ … သူကဘယ်သူလဲ”
လျောင်ဇီက မျက်မှောင်ကြုတ်လိုက်၏။ “မင်းတကယ်ပဲမေ့သွားတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား”
စီဝမ်ကွေးက သည်ထူးဆန်းသောသူကို အဖက်မလုပ်ချင်တော့၍ မျက်လုံးကိုမှိတ်ကာ လျစ်လျူရှုလိုက်သည်။
လျောင်ဇီ၏အပြုံးက တောင့်တင်းသွားခဲ့သည်။ ပိုင်ဟွာတက္ကသိုလ်ကတစ်ယောက်လာနေတာကို တွေ့လိုက်ရ၍ သူဆက်မေးလို့မရတော့ပေ။
ဒုတိယမြောက်နေ့။
ကျန်းလော့က မနက်အစောကြီး အိမ်ကနေထွက်သွားပြီးတော့ သူမနေ့တုန်းကတွေ့ခဲ့သည့် ကလေးမလေးကို လိုက်ရှာလိုက်သည်။
ရွာထဲမှာ ပြောင်းလဲမှုများဖြစ်နေတာကို သူသတိထားမိဖို့ သိပ်မကြာလိုက်ပေ။
ရွာထဲမှာ မိန်းကလေးအများကြီးက သွားလိုက်လာလိုက်လုပ်နေခဲ့ကြသည်။ ထိုမိန်းကလေးများ၏ပါးပြင်က နှင်းဆီရောင်သန်းနေကြပြီး သူတို့၏ပုလဲနက်ကဲ့သို့သော မျက်ဝန်းများကတောက်ပကာ အကြင်နာများဖြင့်ပြည့်နေခဲ့သည်။ သူတို့၏နက်မှောင်သောဆံနွယ်များကို နောက်ကျောဘက်မှာ ဆံကျစ်ကျစ်ထားကြ၏။ ခန္ဓာကိုယ်လေးများက သေးသွယ်ကာ အဝတ်အစားက ချပ်ကပ်နေခဲ့ပြီး ခေါင်းအစခြေအဆုံး လိုက်ဖက်ညီကာ တောသူလို့တောင်မထင်ရတော့ပေ။
ကျန်းလော့က ကြည့်ကောင်းသော မိန်းကလေးတစ်ဦးအနားကို ကပ်သွားလိုက်သည်။ သူအနီးရောက်သွားသည့်တခဏမှာပဲ သူမ၏ကိုယ်ပေါ်ကနေ မွှေးပျံ့သောရနံ့ကို ရလိုက်သည်။ “ဒီနေ့ မိန်းမလှလေးတွေအများကြီးကို ဘာလို့တွေ့နေရလဲဆိုတာသိလားဟင် … ညီမလေး”
ကျန်းလော့က လှလွန်းအားကြီး၍ သေမျိုးဟုပင်မထင်ရပေ ပြီးတော့ သူ တမင်ပြုံးလိုက်သည့်အခါမှာ လူများကို ရှက်သွေးဖြာပြီးတော့ ရင်ခုန်သံကို မြန်စေသည်။ သူ၏ချိုသာသောစကားများကြောင့် မိန်းမငယ်လေးက ပါးစပ်ကိုအုပ်ကာ ပြုံးလိုက်ပြီး မျက်လုံးများက အရောင်လက်နေခဲ့သည်။ “ ဒီနေ့က ဗိမာန်ကနေပြီးတော့ လူရွေးချယ်မယ့်နေ့လေ။ လူတိုင်းက နတ်ဘုရားရဲ့သတို့သမီးဖြစ်ချင်ကြတော့ လှလှပပဝတ်စားထားကြတာပေါ့”
“ဗိမာန်က နတ်ဘုရားအတွက် သတို့သမီးကိုရွေးချယ်မယ် ဟုတ်လား”
မိန်းမငယ်လေး၏မျက်လုံးထဲမှာ စွဲလမ်းနေသည့်အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။ “ ဗိမာန်ကို နတ်ဘုရားအတွက် သတို့သမီးရွေးချယ်မဲ့ အချိန်ကျရောက်လာမှဖွင့်တာ။ ကျွန်မတို့က နတ်ဘုရားထံကို အလုံးစုံအပ်နှင်းထားတာလေ။ နတ်ဘုရားက ကျွန်မကိုရွေးချယ်လိုက်ပြီဆိုတာနဲ့ ရက်ကောင်းရက်မြတ်ကိုရွေးချယ်ပြီးတော့ ကျွန်မကိုလက်ဆက်ပေးလိမ့်မယ်”
ကျန်းလော့က မိန်းမငယ်လေးကို အတွေးနွံနစ်ရင်း နှုတ်ဆက်လိုက်သည်။ ရွာထဲကို အမြန်လှည့်ပတ်ကြည့်ပြီးတော့ အနီရောင်နှင့်ကလေးမလေးကို ရှာမတွေ့သည့်နောက်မှာ သူ့အဖော်များဆီ ပြန်သွားလိုက်သည်။
ကျန်တဲ့သူများကလည်း ရွာထဲက မိန်းကလေးများကို သတိထားမိကြသည်။ ဝမ်ယမ်လန်က လက်ပေါ်မေးတင်ပြီး မေးလာခဲ့သည်။ “လော်ဟွားတုန်မိန်းမပျိုလေးများဆိုတဲ့အကြောင်းကို ကြားဖူးကြလား”
“ လော်ဟွားတုန်မိန်းမပျိုတွေရယ်၊ အလောင်းကောင်မုဆိုးတွေရယ်၊ ကူအဆိပ်သုံးကြတဲ့သူတွေကို ဟူနန်တောင်ပိုင်းရဲ့ နတ်ဆိုးသုံးဖော်လို့ ခေါ်ကြတယ်” ဝမ်ယမ်လန်က ညင်ညင်သာသာလေး ပြောပြလာခဲ့သည်။ “ သူတို့ကိုသူတို့ နတ်ဘုရားနဲ့လက်ဆက်ရမယ်လို့ ယုံကြည်ထားတဲ့ မိန်းကလေးတွေက သူတို့ရဲ့ချစ်ရသူကို နတ်ဘုရားလို့သတ်မှတ်ပြီးတော့ သေမျိုးတွေကို စိတ်မဝင်စားကြတော့ဘူး။ သူတို့ရဲ့ လှပမှုနဲ့စင်ကြယ်မှုကို နေ့တိုင်းထိန်းသိမ်းပြီးတော့ နတ်ဘုရားနဲ့ လက်ဆက်ရမယ့်နေ့ကိုပဲ မျှော်လင့်နေကြတော့တာ”
ကျိုးကျုံးချိုးက ပြောလိုက်သည်။ “နင်ပြောချင်တာက ဒီနေရာမှာနတ်ဘုရားရှိနေတယ်လို့လား”
ဝမ်ယမ်လန်က ခေါင်းယမ်းပြလိုက်ပြီး “ဒီနေရာမှာ အမှန်တကယ်ပဲ ‘နတ်ဘုရား’ ရှိနေတာလား ဒါမှမဟုတ် တစ်ယောက်ယောက်က နတ်ဘုရားယောင်ဆောင်နေတာလားဆိုတာ ငါတို့ခန့်မှန်းလို့မရဘူး။ အဖြေကို သိချင်တယ်ဆိုရင် အဲဒီ့မိန်းကလေးတွေနဲ့ အတူရောပြီးတော့ ဒီနေ့ညနေခြောက်နာရီမှာ ဗိမာန်ကို နောက်တစ်ခေါက်ထပ်သွားကြပဲရှိတယ်”
ထိုစကားကိုကြားချိန်မှာ စိတ်မပါစွာဖြင့် နားထောင်နေသော ကျန်းလော့တစ်ယောက် မကောင်းသည့်ခံစားချက်ကိုရလိုက်ပြီး အလိုလိုနေရင်း အနောက်တစ်လှမ်းဆုတ်လိုက်မိသည်။
“ မိန်းကလေးတွေနဲ့အတူ ရောဝင်ဖို့ဆိုရင် ကိုယ်တိုင်ကလည်း သေချာပေါက် မိန်းကလေးဖြစ်နေရမှာပေါ့” ဝမ်ယမ်လန်က အပြုံးဖြင့်ပြောလိုက်၏။ “ငါကဖြစ်နိုင်ပေမယ့် ငါတစ်ယောက်တည်းနဲ့ကျ မလုံလောက်ဘူးလေ။ ဟုတ်တယ်မလား … ကျန်းလော့”
အကုန်လုံးက တညီတညာတည်း ကျန်းလော့ကို ကြည့်လာခဲ့ကြသည်။
ကျန်းလော့ “…. ငါ မိန်းမအဝတ်အစားမဝတ်ဘူးနော်”
အသေသာခံလိုက်မယ်၊ လုံးဝမဝတ်ဘူး။
------------