Ch 40
Viewers 8k

Part 40


ဤဟာကအောက်အခင်းဖြင့်အိပ်ရခြင်း၏ မကောင်းသည့်အချက်ဖြစ်သည်။ ကျန်းလော့က သူ့ကံကြမ္မာသူလက်ခံလိုက်ပြီး ဆံပင်ကိုသိမ်းကာ  သူ၏ဘယ်ညာမှာရှိနေသောသူများကို စောင်သုံးပြီးတော့ စည်းခြားထားလိုက်သည်။ 

ခက်ခဲသောညတစ်ညအပြီးမှာတော့ မနက်ခင်းခြောက်နာရီမှာ ယှဉ်ပြိုင်သူများက အနားယူသည့်အိမ်ကနေ ထွက်ခွာသွားကြရသည်။

လျောင်ဇီက ဖြည်းဖြည်းချင်းလှုပ်ရှားနေခဲ့ပြီး သူပစ္စည်းပစ္စများ သိမ်းဆည်းလို့ပြီးချိန်မှာ အခန်းထဲ၌ ဘယ်သူမှမရှိ‌ကြတော့ပေ။ 

သူက အလျင်မလိုဘဲ သူ့ခရီးဆောင်အိတ်ကိုဖွင့်ကာ အထဲကနေ လက်တစ်ဝါးစာ ပလတ်စတစ်အိတ်နှစ်ဆယ်ကို ထုတ်လိုက်သည်။ ထို့နောက် သူကလွဲပြီး တခြားပြိုင်ပွဲဝင်ဆယ့်နှစ်ယောက်၏ အိပ်ရာခင်းထက်က ဆံပင်မွှေးကို ကောက်လိုက်ပြီး အိတ်ထဲကိုထည့်ကာ ပိတ်လိုက်ပြီး တစ်ယောက်ချင်းစီ၏နာမည်ရေးလိုက်သည်။ 

သူပလတ်စတစ်အိတ်များကို သူ့ခရီးဆောင်အိတ်ထဲထည့်လိုက်ပြီး နောက်ဆုံးမှာ သူမနေ့ညကသိမ်းထားခဲ့သော အိတ်ကိုထုတ်လိုက်သည်။ ပလတ်စတစ်အိတ်အသေးလေးထဲမှာ ရှည်လျားသောဆံနွယ်တစ်ချောင်းက ရစ်ခွေနေခဲ့သည်။ ပြိုင်ပွဲဝင်များထဲမှာ တစ်ယောက်တည်း‌သောသူကပဲ ထိုကဲ့သို့သော ဆံပင်ရှည်မျိုးရှိသည်။ 

လျောင်ဇီက ထိုဆံနွယ်ရှည်ကို အချိန်အတော်ကြာ သိချင်စိတ်ဖြင့် ကြည့်နေမိပြီး သူ့ကိုယ်သူပြောလိုက်၏။ “ပန်းပျိုးသူ… မနေ့တုန်းက သခင်ကငါ့ကိုထိန်းချုပ်ပြီးတော့ ကျန်းလော့ရဲ့ဆံပင်ကို ဖိခိုင်းရတဲ့အကြောင်းရင်းက ဘာများဖြစ်လောက်လဲ”

“ဆံပင်ကိုလိုချင်လို့ဆိုရင်တောင် မနက်ထပြီးတော့ ကောက်လိုက်ရင်ရတာပဲမဟုတ်ဘူးလား”

အခန်းထဲမှာ သူတစ်ယောက်ကလွဲပြီး တခြားဘယ်သူမှမရှိပေ သို့သော် အသံတစ်သံက ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာခဲ့သည်။ “ငါက ဘယ်လိုလုပ်ပြီးတော့ သခင်ရဲ့အတွေးကိုသိမှာလဲ… မင်းရဲ့အတွေးတွေကို သခင်ကဖတ်နိုင်တာပဲဟာ … သူ့ကို မေးကြည့်လိုက်ပါလား”

လျောင်ဇီက ရယ်လိုက်ပြီး “သခင်က ငါ့ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို အချိန်မရွေး ထိန်းချုပ်လို့ရတယ်ဆိုတာ မင်းလည်းသိတယ်မလား။ ဒါပေမဲ့ ငါတစ်ညလုံး သိချင်စိတ်ဖြစ်ပြီးတော့ စဉ်းစားနေတာတောင်မှပဲ သခင်ကငါ့ကို တစ်ခွန်းတောင်ပြန်မပြောခဲ့ဘူး။ ဒါကြောင့်မို့ မင်းကို မေးနေရတာပေါ့” 

ပန်းပျိုးသူက သူနှင့် ဤအကြောင်းကို ဆက်မပြောချင်တော့ပေ။ “မင်း အပြင်ကိုထွက်မသွားရင် … တစ်ယောက်ယောက်က မင်းကို လာခေါ်တော့မှာနော်”

လျောင်ဇီက သက်ပြင်းချလိုက်ပြီး အနားယူသည့်နေရာကနေ ထွက်သွားလိုက်သည်။

ကျန်းလော့က တတိယအဆင့်အကြောင်းကို ဝန်ထမ်းကရှင်းပြသည်အား နားထောင်နေခဲ့သည်။

“တောအုပ်ရဲ့အလယ်မှာ… လူသူအရောက်အပေါက်နည်းတဲ့ ရှန်းတုချွင်ဆိုတဲ့နာမည်နဲ့ ရွာတစ်ရွာရှိတယ်” ဝန်ထမ်းက ပြောပြလာခဲ့သည်။ “လွန်ခဲ့တဲ့ တစ်လခွဲလောက်က… ရဲတွေက ရှန်းတုချွင်ရွာကနေပြီး ဖုန်းခေါ်ဆိုပြီး တိုင်တန်းမှုတစ်ခုကို လက်ခံရခဲ့တယ်။ ဒါပေမဲ့ သူတို့တွေ အဲဒီ့ရွာကို ကားမောင်းပြီးတော့ သွားခဲ့ကြတဲ့အချိန်မှာ ရှန်းတုချွင်တစ်ရွာလုံးမှာ ဖုန်းတစ်လုံးတောင်မရှိတာကို တွေ့လိုက်ကြရတယ်။ ရွာကိုစုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ရှန်းတုချွင်ရွာက လွန်ခဲ့တဲ့နှစ်အတော်ကြာက ထူးဆန်းတဲ့ရောဂါတွေကို ခံစားခဲ့ကြရပြီး လူဦးရေတစ်ဝက်လောက်ကို သေစေခဲ့တယ်။ ဒါပေမဲ့ အဲလိုဖြစ်နေတာတောင်မှပဲ ရှန်းတုချွင်ရွာကလူတွေက ရွာထဲကနေ အပြင်ကိုလုံးဝထွက်မလာခဲ့ကြဘူး။ လတ်တလောပိုင်းနှစ်တွေထဲမှာ ထူးဆန်းတဲ့ရောဂါတွေ ရှန်းတုချွင်မှာ ထပ်မဖြစ်တော့ဘူး ဒါပေမဲ့ ပိုပြီးတော့ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာခဲ့တယ်”

“ရှန်းတုချွင်မှာ လူတစ်ယောက်သေသွားတာနဲ့ နောက်ထပ်အသက်တစ်သက်က ရွာထဲမှာထပ်တိုးလာခဲ့တယ် … ဒီလိုနဲ့ပဲ သူတို့ရွာရဲ့လူဦးရေက နှစ်အတော်ကြာအောင် ပြောင်းလဲမသွားခဲ့ဘူး”

ဝန်ထမ်းက ပြောလာ၏။  “ပြိုင်ပွဲဝင်ဖြစ်ကြတဲ့ မင်းတို့လုပ်ရမှာက … ရှန်းတုချွင်ရွာရဲ့လျို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီးတော့… အချိန်တစ်ပတ်အ‌တောအတွင်းမှာ အသက်ရှင်အောင်နေဖို့ပဲ။ 

ရင်းနှီးနေခဲ့သော အသက်ကိုစွန့်လွှတ်ကြောင်း လက်မှတ်ထိုးရသည့်လုပ်ငန်းစဉ်က နောက်ထပ်ဆက်လာခဲ့သည်။ သို့သော် လူအုပ်ကြီး၏အမူအရာကတော့ ယခင်တစ်ခေါက်ကအဆင့်ထက်ပင် ပိုပြီးတော့ လေးလံနေခဲ့ကြသည်။ 

ရှန်းတုချွင်ကို သွားရသည့်လမ်းက ကားဖြင့်သွားလို့မရတာကြောင့် ခြေလျင်ခရီးဆက်ကြရမှာဖြစ်သည်။ ပိုင်ဟွာတက္ကသိုလ်နှင့် ရှန်ဟိုင်းတက္ကသိုလ်က လူအုပ်အတောင့်ဆုံးဖြစ်ကြသည်။ ကျောင်းနှစ်ကျောင်းက ဖြစ်သင့်သည့်အတိုင်းပင် အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ကြ၏။ ပြိုင်ပွဲကို တစ်ယောက်ချင်းဆီလာပြိုင်ကြသော သူတွေကတော့ အချင်းချင်းကြည့်လိုက်ကြပြီး ယာယီအဖွဲ့ဖွဲ့လိုက်ကြသည်။ 

သို့သော် ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ သူ၏သံလိုက်အိမ်မြှောင်ကိုကိုင်ကာ ထူထဲသောတောအုပ်ထဲကို တစ်ယောက်တည်းဝင်သွားသော သူတစ်ယောက်ရှိနေခဲ့သည်။ 

“အဲဒီ့တစ်ယောက်က ဝမ်ရှင်းတက္ကသိုလ်က ဟေးကျီလေ” လျောင်ဇီက ကျန်းလော့၏ဘေးနားကို ဖြည်းဖြည်းချင်းလျှောက်လာပြီး ပြောလာ၏။ “ သူက လုံးဝကိုတစ်ယောက်တည်းသမားလေ။ ဒါပေမယ့် ငါကတော့ တစ်ယောက်တည်းမဖြစ်ချင်ဘူး။ ကျန်းလော့ ငါမင်းတို့နဲ့ လိုက်ခဲ့လို့ရမလား”

ကျန်းလော့က သူ့ကိုခေါင်းလှည့်ပြီး ကြည့်လာခဲ့သည်၊ လျောင်ဇီက ခပ်ဖျော့ဖျော့လေး ပြုံးပြလိုက်၏။ “ငါက သိပ်နေမကောင်းပေမယ့်လည်း အနည်းဆုံးတော့ အလောင်းကောင်မုဆိုးတစ်ယောက်လေ … မင်းတို့ကို မနှောင့်နှေးစေရပါဘူး”

အလောင်းကောင်မုဆိုးဆိုသော နာမည်က အတော်လေးကို ပေါ်ပြူလာဖြစ်သည်။ အခုသူတို့ရောက်နေသည့်နေရာကလည်း ရှန်းရှိမှာဖြစ်တာကြောင့် ကျန်းလော့မှာ လျောင်ဇီကို ငြင်းဖို့အကြောင်းရင်းမရှိပေ။ သူ ခေါင်းညိမ့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။  “အလောင်းကောင်မုဆိုးက ခန္ဓာကိုယ်သန်စွမ်းရမယ် မဟုတ်ဘူးလား။ တစ်ခါတစ်လေဆိုရင် အလောင်းကောင်တွေကို နယ်မြေရပ်ခြားကနေ မင်းတို့မွေးရပ်မြေကိုရောက်အောင် နှင်လာရတယ်မလား… မိုင်ပေါင်းထောင်သောင်းချီပြီးတော့ ခြေလျင်လေ” 

“ မင်းဆိုလိုတာက” လျောင်ဇီက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြာလာခဲ့၏။”ငါက အလောင်းကောင်နှင်တဲ့ပညာရပ်ကို သင်ထားခဲ့ပေမယ့် ဘယ်တုန်းကမှ အလောင်းကောင်ကို မနှင်ခဲ့ဖူးဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်က ကျန်းမာရေးချို့တဲ့လို့ အဝေးကြီးကို မသွားနိုင်ဘူးလေ။ ငါမှာ့သာလုပ်နိုင်စွမ်းရှိရင် ငါလည်းပဲ အလောင်းကောင်ကိုနှင်ကြည့်ချင်တယ်”

သူသက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ ငါသင်ထားခဲ့တာတွေကို ကောင်းကောင်းအသုံးချနိုင်ဖို့က ခန္ဓာကိုယ်ပြောင်းလိုက်မှပဲ ရမယ်နဲ့တူပါတယ်”

လျောင်ဇီက သူတို့အဖွဲ့ထဲကို ပူးပေါင်းပြီးနောက်မှာ သူတို့၏အချိန်ဇယားက နှေးသွားခဲ့သည်။

ရှန်းတုချွင်က ထူထဲသောတောအုပ်ကြီး၏ အလယ်မှာရှိနေတာဖြစ်သည်။ ရွာကို တောင်‌နှင့်‌ချောင်းတို့ဖြင့် ဝန်းရံထားသည်ဆိုတာလည်းမှန်သလို လူသူအရောက်အပေါက်နည်းပြီးတော့ ခေတ်နောက်ကျနေသည်ဆိုတာလည်းမှန်၏။ ရွာကိုသွားသည့်လမ်းက တစ်လမ်းတည်းရှိပြီး သူတို့လမ်းတစ်ဝက်မရောက်ခင်မှာပဲ လျောင်ဇီက ချွေးပြန်ကာ ဖြူဖျော့နေပြီဖြစ်သည်။ 

ခွမ့်ကျိန်းနှင့်လုယုံရိက သူ့ကိုတစ်ယောင်တစ်လှည့်စီ ကူတွဲပြီးတော့ခေါ်လာကြရသည် ၊ သုံနာရီကြာပြီးမှ သူတို့အုပ်စုက ရှန်းတုချွင်ကို ရောက်သွားခဲ့၏။ 

ကြီးမားပြီး အရွက်တို့ဖြင့်ဝေဆာနေသော ထနောင်းပင်ကြီးက ရှန်းတုချွင်ရွာ၏ထိပ်မှာ ပေါက်ရောက်နေခဲ့သည်။ အဝါရောင်သစ်ကိုင်းကြီးများက ဖြာထွက်နေပြီးတော့ သူ၏အောက်က မြေနေရာတော်တော်များများကို အရိပ်ပေးနေခဲ့၏။ လေညင်းလေးကလည်း တိုက်ခတ်ကာ သစ်ရွက်တို့က လှုပ်ခတ်နေခဲ့သည်။

သူတို့အုပ်စုက သစ်ပင်၏အရိပ်အောက်ကို လျှောက်သွားလိုက်ချိန်မှာ အေးမြသောလေညင်းလေးက သူတို့အပေါ်တိုက်ခတ်လာခဲ့သည်။ လျောင်ဇီက သစ်ပင်ကိုမှီကာ အသက်ပြင်းပြင်းရှူနေခဲ့ရသည်။ လုယုံရိက သူ့ကို စနောက်လိုက်၏။ “လျောင်ဇီ … မင်းက အရင်တုန်းက ကျန်းလော့ထက်တောင် ပိုပြီးတော့ အသုံးမကျတာပဲ”

ကျန်းလော့က ပြုံးလိုက်ပြီး ခေါင်းကိုအနည်းငယ်မော့ကာ ရေတစ်ငုံသောက်ဖို့လုပ်လိုက်သည်၊ သို့သော် ရုတ်တရက်ဆိုသလို ခြေဗလာနှင့် စိမ်းပုပ်ရောင်သန်းနေသော ခြေထောက်တစ်စုံက လုယုံရိ၏ ခေါင်းထက်မှာ ပေါ်လာတာကို တွေ့လိုက်ရသည်။ 

သူ လုပ်နေတာကိုရပ်လိုက်ပြီး အကြည့်ကို အထက်သို့ပို့လိုက်သည်။ ဆွဲကြိုးချပြီး‌တော့ သေထားတာ ဘယ်နှနှစ်ရှိပြီမှန်းမသိသော ပုပ်ပွနေသည့် ယောင်္ကျားအလောင်းတစ်လောင်းက လုယုံရိ၏ခေါင်းအပေါ်တည့်တည့်မှာရှိသော ထနောင်းပင်ကနေ တွဲလောင်းကျနေခဲ့သည်။ 

ကျန်းလော့ “လုယုံရိ ….”

သူအသံပြုလိုက်သည့်တခဏမှာပဲ ယောင်္ကျားအလောင်းက ချက်ချင်းဆိုသလို လေထဲမှာ ပျောက်ကွယ်သွားခဲ့သည်။

လင်းထိန်နေသောနေ့ခင်းအလယ်မှာ အခုလေးတင်မြင်လိုက်ရသော ကြောက်မက်ဖွယ်ကောင်းသည့် အလောင်းကောင်၏မြင်ကွင်းက ကျန်းလော့၏ထင်ယောင်ထင်မှား ဖြစ်မှုလိုပင်။ 

လုယုံရိက သူ့ကို ဘေးတစ်စောင်းကြည့်လာခဲ့သည်။ “ဘာဖြစ်လို့လဲ”

ကျန်းလော့က သူ၏ခြောက်သွေ့နေသော ပါးစပ်ကို လျှာဖြင့်လျက်လိုက်၏။ “ဒီနားကိုလာခဲ့ … အဲဒီ့နေရာမှာပဲ ရပ်မနေနဲ့”

လုယုံရိက နားမလည်နိုင်ဖြစ်သွားသော်လည်း သူ့စကားကိုနားထောင်ကာ ကျန်းလော့၏ ဘေးနားကိုသွားလိုက်သည်။ သူရေဘူးတစ်ဝက်လောက် သောက်ပြီးချိန်ကျမှ ပြောလာခဲ့၏။ “မပြောချင်ပါဘူး … ငါအဲဒီ့နားလေးမှာ ခဏလောက်ရပ်လိုက်တာကို ဦးရေပြားတွေ ယားလာခဲ့တာ။ တစ်ယောက်ယောက်က ငါ့ခေါင်းကို လာကုတ်နေသလိုပဲ။ ဒါပေမယ့် ဒီနေရာမှာရပ်လိုက်တော့ သက်သာသွားပြီ”

ကျန်းလော့မှာ သူ့ဆံပင်ကိုလာထိသည့်အရာက လူသေ၏ခြေထောက်တစ်စုံဖြစ်ကြောင်း ပြောမပြရက်ခဲ့ပေ။ 

သူတို့အနားယူလို့ပြီးခါနီးမှာ ကျန်းလော့က သူတို့ကိုထကြဖို့ လောဆော်လိုက်ပြီး ထနောင်းပင်ကြီးအောက်ကနေ ထွက်လာလိုက်ကြသည်။ 

ရွာအဝင်ပေါက်မှာ ရွာသူကြီးက ယှဉ်ပြိုင်သူများကို သူ၏သားဝမ်ချန်နှင့်အတူ စောင့်ကြိုနေခဲ့သည်။ 

သူတို့နှစ်ဦး၏ဆက်ဆံပုံက အေးလည်းမအေးစက်သလို နွေးလည်းမနွေးထွေးဘဲ သာမန်သာဖြစ်သည်။ ရွာလူကြီးကနေတစ်ဆင့် ကျန်းလော့တို့အုပ်စုက အဖွဲ့သုံးဖွဲ့ထဲမှာ နောက်အကျဆုံးဖြစ်ကြောင်း သိလိုက်ရ၏။ 

သို့သော် ရွာသူကြီးက ပြိုင်ပွဲဝင်တို့က သူတို့ရွာ၏လျို့ဝှက်ချက်များကို စုံစမ်းဖော်ထုတ်ဖို့ရာအတွက် လာကြတာကို သတိမထားမိသည့်ပုံပင်၊ ထိုအစား သူ့တို့ကို လေ့လာရေးခရီးထွက်လာကျသော ပုံမှန်တက္ကသိုလ်ကျောင်းသားအုပ်စုကဲ့သို့ ဆက်ဆံနေတာကို ကျန်းလော့က သတိထားလိုက်မိသည်။ 

ရှန်းတုချွင်က ပြိုင်ပွဲစီစဉ်သည့်သူများဆီကနေ ပိုက်ဆံအများကြီးရထားတာဖြစ်နိုင်သည်။ ရှန်းတုချွင်ရွာက သူတို့အတွက်ပေးလာသောအခန်းက ပြိုင်ပွဲစီစဉ်သူများက စီစဉ်ပေးသော အခန်းထက်တောင် အများကြီးပိုကောင်းနေသေးသည်။ 

သူတို့ကို နေရမည့်အခန်းဆီ လိုက်ပို့ပြီးနောက်မှာ ရွာသူကြီးက ဂရုမစိုက်ဟန်ဖြင့် ပြောလာခဲ့သည်။ “ကျုပ်တို့ရွာမှာ ဒီနေ့ညနေကျရင် ရိုးရာဓ‌လေ့ပွဲရှိတယ်။ ပွဲကိုမင်းတို့တက်ရောက်လို့ရပေမယ့် အသံမထွက်ပဲ လိုက်လာကြရမယ်။ တက်ရောက်မယ့်သူတွေက မသန့်ရှင်းတဲ့သူတွေမဖြစ်ရဘူး ၊ ရိုးရာဓလေ့ပွဲမှာ ရိုင်းစိုင်းတဲ့စကားတွေ မပြောရဘူး၊ ပူဇော်ပသထားတဲ့ စင်ပေါ်ကပစ္စည်းတွေကို လက်ညိုးနဲ့မထိုးရဘူး၊ ပြီးတော့ စင်ပေါ်ကပစ္စည်းတွေကို မဆေးကြောထားတဲ့လက်နဲ့ မထိရဘူး”

ထိုဟာက ရိုးရာဓလေ့ပွဲ၏ အခြေခံစည်းကမ်းချက်များဖြစ်၏၊ သူတို့အလိုလိုသဘောပေါက်လိုက်ပြီး ဘယ်မေးခွန်းမှ ပြန်မမေးဘဲ ခေါင်းညိမ့်ပြလိုက်ကြသည်။

ရွာသူကြီးက သဘောကျဟန်ဖြင့် ခေါင်းညိမ့်လိုက်ပြီး သူ့သဘောထားက အနည်းငယ်ပျော့ပျောင်းလာခဲ့သည်။ “ကျုပ်တို့ဆီမှာ မြွေတွေ၊ အင်းစက်တွေနဲ့ ကြွက်တွေအရမ်းပေါတယ်။ ကိစ္စမရှိဘဲနဲ့ တောင်ပေါ်ကို မသွားကြပါနဲ့… အကောင်ကိုက်ခံရလို့ရှိရင်လည်း ကျုပ်ဆီကို မြန်မြန်လာခဲ့ကြပါ”

ထိုညွှန်ကြားချက်များကို ပေးပြီးနောက်မှာမှ ရွာသူကြီးနှင့် သူ့သားတို့ ပြန်ထွက်သွားကြသည်။

အခန်းထဲမှာ ပြိုင်ပွဲ‌ဝင်များက နေရာအပြည့်ယူထားကြပြီး ရွာထဲကို ပထမဆုံးဝင်သွားခဲ့သော ဟေးကျီကလွဲ၍ ကျန်သည့်ပြိုင်ပွဲဝင် နှစ်ဆယ့်တစ်ယောက်လုံး ရှိနေခဲ့သည်။

ရှန်ဟိုင်းတက္ကသိုလ်က ရွှီယန်က တခ‌ဏလောက် တုံ့ဆိုင်းနေပြီးနောက်မှာ သူတို့ဆီလာပြီး ပြောလာခဲ့သည်။ “မင်းတို့ရွာထဲကို ဝင်လာတဲ့အချိန်မှာ တခြားရွာသားတွေကို တွေ့မိကြသေးလား”

ကျန်းလော့က ခေါင်းညိမ့်ပြလိုက်သည်။ “တယောက်တလေတော့တွေ့တယ်”

“ငါစောနတုန်းက ရွာသူကြီးကိုမေးလိုက်တော့ သူတို့ရွာမှာ လူအယောက်သုံးရာနဲ့ဆယ့်တစ်ယောက် ရှိတယ်လို့ပြောတယ်” ရွှီယန်က ဆက်ပြောလာခဲ့သည်။ “ဝန်ထမ်းပြောခဲ့တဲ့အတိုင်းပဲ … အဲဒီ့အရေအတွက်ကနေမပြောင်းတာ နှစ်အတော်ကြာပြီလို့ ဒိုင်လူကြီးက ပြောတယ်”

သုံးရာ့ဆယ့်တစ်‌ကို ဂဏန်းအရ ကောက်ကြည့်လိုက်ပါက ရှန်းထျန်းပါးကွနှင့် လိုက်လျောညီ‌ထွေမှုရှိနေခဲ့ပြီး ထိုထဲက ကန်းကွနှင့် ကိုက်ညီနေခဲ့သည်။ ကန်းကတောင်တန်းဖြစ်ပြီး အတားအဆီးနှင့် ပိတ်ဆို့မှုကို ရည်ညွှန်းနေခဲ့သည်။ 

ကျန်းလော့က သူ့မျက်လုံးကို မှေးကျဉ်းလိုက်၏။ “မင်းက ငါတို့ကို ဘာကိစ္ ဒီအချက်အလက်ကို လာပြောပြနေရတာလဲ”

သူက အခုလူတိုင်းကို သံသယမျက်လုံးဖြင့် ကြည့်တော့တာဖြစ်သည်။ ဘယ်သူက ဘာအကြောင်းရင်းမှမရှိဘဲနဲ့ ပြိုင်ပွဲအတွင်းမှာလာပြီးတော့ အချက်အလက်ကို လာပြောပြမှာတဲ့လဲ”

ရွှီယန်က တိုးတိုးလေးပြောလာခဲ့သည်။ “မင်းတို့ကို ကျေးဇူးတင်ချင်လို့ပါ။ အရင်တစ်ခေါက်က မင်းတို့ရဲ့အချက်အလက်ကြောင့် ငါတို့တွေ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တာလေ….” သူ့အမူအရာက သုန်မှုန်နေခဲ့သည်။ “ပြီးတော မင်းက အစ်ကိုပိုင်ကို မကောင်းဆိုးဝါးဝင်ပူးနေမှန်း ရွာတွေ့ခဲ့တာလေ … မင်းကြောင့်မို့လို့ အစ်ကိုပိုင်ကို အဲဒီ့တုန်းက ကယ်လိုက်နိုင်တာ … မဟုတ်ရင် ငါတို့ ဒီပြိုင်ပွဲကိုဆက်ပြိုင်ဖို့ မျက်နှာတောင်ရှိမှာမဟုတ်ဘူး” 

သူ၏ပြောဆိုပြုမူပုံများက ဟန်ဆောင်နေတာမဟုတ်ကြောင်း အတည်ပြုပြီးနောက်မှာ ကျန်းလော့က သဘောထားကြီးကြီးဖြင့် ပြောလိုက်၏။ “ဒါက မပြောပလောက်တဲ့ကိစ္စလေးပါ … ကျေးဇူးတင်ဖို့မလိုပါဘူး”

ရွှီယန်က သူ့ခေါင်းကိုယမ်းလိုက်၏။ “ငါတို့တွေ နောက်ထပ်သဲလွန်စတွေ ရလို့ရှိရင်လည်း မင်းတို့ကိုလာပြီးတော့ ပြောပြပါ့မယ်။ ငါတို့ကို နောက်တစ်ဆင့်တက်နိုင်အောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပြီးတော့ အစ်ကိုပိုင်ရဲ့အသက်ကို ကယ်တင်ပေးခဲ့လို့ ပိုပြီးတော့ ကျေးဇူးတင်ပါတယ်”

ထိုစကားပြောပြီးနောက်မှာ ကျန်းလော့က ငြင်းလွှတ်မှာကိုစိုး၍ ကျန်းလော့၏တုံ့ပြန်မှုကိုပင် မစောင့်ပဲ သူလှည့်ထွက်သွားလိုက်သည်။ 

ကျိုးကျုံးချိုးက သက်ပြင်းချလိုက်သည်။ “ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက ဒီရွှီယန်လို့ခေါ်တဲ့တစ်ယောက်က  ငါတို့ကိုတော်တော်လေး သတိထားခဲ့တာ”

ကျန်းလော့က မျက်နှာတည်နှင့်ပင် ပြောလိုက်သည်။ “ ဒါက ကောင်းတာလုပ်လို့ ကောင်းတာပြန်ရတာပဲ”

သူတို့အခန်းထဲဝင်သွားလိုက်ကြပြီး အထုတ်အပိုးတွေကိုချကာ သိပ်နောက်မကျသေးခင်း ရှန်းတုချွင်ကို အမြန်လှည့်ပတ်ကြည့်လိုက်ကြသည်။ 

ရှန်းတုချွင်က သူတို့ထင်ထားတာထက်ပင် ပိုပြီးတော့ ကျယ်နေသေးသည်။ တောင်အမြင့်နှစ်လုံးက ရှန်းတုချွန်ကို အလယ်မှာထားပြီး ဝန်းရံထားခဲ့သည်။ ရှန်းတုချွင်၏ဖွဲ့စည်းပုံကို ဒီနေ့သိဖို့ရာအတွက် သူတို့အဖွဲ့ငါးဖွဲ့ ခွဲလိုက်ကြသည်။ 

လုယုံရိနှင့် အတူတူသွားရင်း ရှန်းတုချွင်ကရွာသားများကို ကျန်းလော့ လမ်းတစ်လျှောက်တွေ့ခဲ့ရသည်။ ရွာသားများက တခြားရွာက ရွာသားများနှင့် ဘာကွာခြားချက်မှမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က အတော်လေးကိုပျော်ရွှင်နေပုံပေါက်ကာ လူတစ်ဝက်နီးပါးလောက်က သူတို့၏မျက်နှာပေါ်မှာ အပြုံးများရှိနေခဲ့ကြသည်။ 

အပေါ်ယံကြည့်လိုက်ပါက အစိမ်းရောင်တောင်တန်းနှင့်အင်းအိုင်များ၊ သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များဖြင့် ဤနေရာက ကမ္ဘာပေါ်ရှိ နတ်ဘုံနတ်နန်းလိုပင်။

လုယုံရိက ပြောလာခဲ့သည်။ “ဒီနေရာမှာနေကြတဲ့သူတွေက တော်တော်လေး အဆင်ပြေကြပုံပဲ”

သူတို့‌စကားပြောရင်းဖြင့် ရွာ၏အစွန်ဖျားကို ရောက်လာခဲ့ကြသည်။ ပေါင်းပင်များက ဘေးနှစ်ဖက်မှာ ထူထဲစွာပေါက်ရောက်နေကြ၏။ ကျန်းလော့က ရုတ်တရက်ပြောလိုက်၏။ “တစ်ခုခုတော့မှားနေပြီ”

လုယုံရိက မေးလိုက်သည်။ “ဘာမှားနေလို့လဲ”

ကျန်းလော့က ပေါင်းပင်များကြားမှာ ရှိနေသော ဟင်းသီးဟင်းရွက်ခင်းများကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်၏။ “ဒီလယ်ကွင်းတွေကို ကြည့်လိုက်စမ်းပါ … အသီးအနှံတွေက အကုန်ညိုးနွမ်းကုန်ပြီ … သူတို့တွေ ဂရုမစိုက်ဘဲပစ်ထားတာ အတော်ကြာနေပြီဆိုတာ သိသာတယ်”

လုယုံရိက ခေါင်းကိုကုတ်လိုက်သည်။ “ဒီစိုက်ခင်းကိုစိုက်တဲ့သူတွေက အရမ်းပျင်းကြတာများလား”

“ဒီနေရာလိုတောပိုင်းမျိုးမှာ အထူးသဖြင့် လူသူအရောက်အပေါက်နည်းတဲ့ ဒီလိုနေရာမျိုးမှာဆိုရင် အစားအသောက်.. အဝတ်အစားနဲ့ အိမ်ဆောက်တာဘာညာအများစုကို သူတို့ဘာသာသူတို့ပဲ လုပ်ကြရတာ”

ကျန်းလော့က ခေါင်းယမ်းလိုက်သည်။ “သူတို့ထမင်းစားကြတော့မယ့်အချိန်ဆိုရင် အပြင်လေးထွက်ပြီးတော့ ကြက်သွန်နီခူး ဟင်းသီးဟင်ရွက်လေး ချိုးလိုက်ရုံပဲ။ အိမ်မှာစားဖို့မလောက်တဲ့ သူတွေကသာ ရွာအစွန်အဖျားကိုထွက်ပြီးတော့ ဟင်းသီးဟင်းရွက်တွေစိုက်ကြတာ။ သူတို့ကမပျင်းတဲ့အပြင် ပိုပြီးတော့တောင် ကြိုးစားကြလိမ့်ဦးမယ်။ အဲလိုမှမဟုတ်ရင် လယ်စိုက်ထားပြီးတော့ ပျင်းနေမှာဖြင့် ဘာလို့စိုက်ထားကြဦးမှာလဲ”

လုယုံရိကလည်း ဤဟာက အကျိုးအကြောင်းသင့်သည်ဟု ခံစားလာရသည်။ “ ပြန်သွားပြီးတော့ သေချာကြည့်ကြည့်ကြမလား”

သည်တစ်ခေါက် သူတို့ပြန်သွားချိန်မှာတော့ သူတို့အနီးကပ် ကြည့်လိုက်ကြသည်။ အမှန်တကယ်ကိုပင် အိမ်တစ်အိမ်စီ၏အရှေ့မှာ ဟင်းသီးဟင်းရွက်အခင်းများ အနည်းနှင့်အများရှိနေခဲ့သည်။ သို့သော် တချို့စိုက်ခင်းများက ကောင်းကောင်းစိုက်ပျိုးခံထားကြရပြီး တချို့ကတော့ အပင်များကသေကာ မြက်ပင်တောင်ကျိုးတိုးကျဲတဲပေါက်နေကြ၏။ 

ညိုးနွမ်းနေသောစိုက်ခင်းများ၏အိမ်မှာ လူမရှိတာမဟုတ်ဘဲ ထိုလူများက သူတို့၏ဟင်းသီးဟင်းရွက်စိုက်ခင်းများ သေသေရှင်ရှင် စိတ်မဝင်စားကြတာဖြစ်သည်။ ကြည့်ရတာ ပျင်းရိမှုကသာ တစ်ခုတည်းသောအကြောင်းရင်းဖြစ်မည့်ပုံပင်။ 

ယောင်္ကျားလေးနှစ်ယောက်က သူတို့လာခဲ့သည့်လမ်းအတိုင်း ပြန်လာလိုက်ကြပြီး သူတို့နေသည့်အိမ်ကို ရောက်တော့မည့်ဆဲဆဲမှာ အနီရောင်ဝတ်ထားသော ကလေးမလေးတစ်ယောက်က ထောင့်ချိုးကနေ ပြေးထွက်လာပြီးတော့ သူတို့ကို တည့်တည့်ကြီးဝင်တိုက်လာခဲ့သည်။ သူတို့ဝင်တိုက်ကြသည့်အချိန်မှာ ကျန်းလော့က ကလေးမလေးကို လဲကျမသွားအောင် အချိန်မှီ‌ထိန်းပေးလိုက်ပြီး လူကိုလှည့်စားရာမှာသုံးသော ကြင်နာတတ်သည့်အပြုံးကို ဆင်မြန်းလိုက်သည်။ “ညီမလေး … ဘာဖြစ်လို့ အမြန်ကြီးပြေးနေရတာလဲ”

အနီရောင်ဝတ်ထားခဲ့သော ကလေးမလေးက ဆယ့်တစ်နှစ်ဆယ့်နှစ်နှစ်လောက်သာ ရှိလောက်ပြီး အရပ်ကကျန်းလော့၏ ခါးလောက်သာရှိသည်။ သူမမှာ ကျန်းလော့ကဲ့သို့သော အနက်ရောင်ဆံပင်ရှည်ကြီးရှိ၏။ သူမ၏လက်ချောင်းများက ညစ်ပေနေခဲ့ပြီး နဖူးကိုကိုင်ထားခဲ့သည်။ သူမ၏မျက်နှာက ဖုန်‌များမြက်ခြောက်များဖြင့် ပေကျံနေခဲ့သည်။ သူမ၏မျက်လုံးများက ဝိုင်းစက်နေခဲ့သည် သို့သော် မျက်လုံးများကအသက်မပါပဲ ဗလာဖြစ်နေခဲ့ကာ အရုပ်တစ်ရုပ်လိုပင်။ 

ကလေးမလေးက ပြောလာခဲ့သည်။ “သမီးရဲ့ မေမေနဲ့ဖေဖေကို လိုက်ရှာမလို့”

လုယုံရိက အားတက်သရောမေးလိုက်၏။ “ညီမလေးရဲ့ မေမေနဲ့ဖေဖေက ဘယ်မှာနေတာလဲ။ ကိုကိုတို့ လိုက်ပို့ပေးမယ်လေ”

ထိုစကားများ သူ့ပါးစပ်ကနေ ထွက်ထွက်ချင်းမှာပဲ စုံတွဲတစ်တွဲက ကလေးမလေး၏အနောက်ကနေ ပြေးလိုက်လာကြသည်။ အမျိုးသမီးဖြစ်သူက အေပရွန်ကို ဝတ်ထားဆဲဖြစ်ပြီး ယောင်္ကျားဖြစ်သူက အိမ်နေရင်းဖိနပ်ပါးကို စီးထားခဲ့သည်။ သူတို့၏မျက်နှာမှာ စိုးရိမ်ပူပန်မှုများ ထင်ဟင်နေခဲ့ကြပြီး ကလေးမလေးကို တွေ့ချိန်မှာ သူတို့ဝမ်းသာသွားခဲ့ကြသည်။ “သမီးလေး …ထမင်းစားရတော့မယ့် အချိန်ရောက်နေပြီလေ … ဘယ်ကိုပြေးသွားတာလဲ”

သူတို့နှစ်ဦးမှာ ကလေးမလေးနှင့် ဆင်တူသော ရုပ်ရည်သွင်ပြင်များ ရှိနေခဲ့၍ သူတို့ကြားထဲကပတ်သတ်မှုကို ဘယ်သူမဆို တန်းသိနိုင်၏။ လုယုံရိက ကလေးမလေးကို ပြောလိုက်သည်။ “ညီမလေးရဲ့ မေမေနဲ့ဖေဖေ ရောက်လာကြပြီ”

သို့သော် ကလေးမလေးက အနောက်က ခေါ်သံကို လျစ်လျူရှုပြီးတော့ အသက်မပါစွာဖြင့် ပြောလာခဲ့သည်။ “သမီးရဲ့ နောက်ထပ်မေမေနဲ့ဖေဖေကို သွားရှာမလို့”

နောက်ထပ်အမေနဲ့ အဖေတဲ့လား။

ကျန်းလော့က ထိုအကြောင်းကို သေချာမစဉ်းစားရသေးခင်မှာပဲ ထိုစုံတွဲက ကလေး‌မလေးဆီကို အပြေးရောက်လာကာ ချော့မြှူပြောဆိုနေကြ၏။ အမေဖြစ်သူက ကလေးမလေး၏ကိုယ်ပေါ်က သစ်ရွက်အမှိုက်များကို ရှင်းပေးနေခဲ့ပြီး အဖေဖြစ်သူက ခေါင်းလေးကို ချစ်စနိုးဖြင့်ပုတ်ပေးကာ ပြန်ခေါ်သွားခဲ့ကြသည်။ 

သူတို့၏ကလေးမလေးအပေါ်ထားသော အချစ်ကမြင်သာနေခဲ့ပြီး အနည်းငယ်တောင် ပိုနေခဲ့သေးသည်။ 

ကျန်းလော့က သူတို့တဖြည်းဖြည်းနှင့် အဝေးရောက်သွားကြတာကို မျက်မှောင်ကြုတ်ကာကြည့်နေမိပြီး  လုယုံရိနှင့်အတူ တည်းခိုနေသည့်ဆီကို ပြန်ခဲ့လိုက်သည်။ 

သိပ်မကြာခင်မှာ တခြားသူများလည်း ပြန်ရောက်လာကြသည်။ သူတို့ထဲကတစ်ယောက်မှ အသုံးဝင်မည့်အချက်အလက်ကို မရခဲ့ကြချေ၊ ထို့ကြောင့် ညနေခင်းမှာလုပ်မည့် ရိုးရာဓလေ့ပွဲကိုပဲ ငြိမ်ငြိမ်လေး စောင့်ကြရုံရှိတော့သည်။

ညနေခင်းခြောက်နာရီမှာတော့ ရွာသူကြီး၏သားဖြစ်သူဝမ်ချန်က သူ့တို့၏မျက်နှာအောက်ပိုင်းကို ဖုံးထားဖို့ရာအတွက် အဝတ်အစားမျက်နှာဖုံးများ ပေးလာခဲ့သည်။ 

မျက်နှာဖုံးပေါ်မှာ ပြုံးနေသောနှုတ်ခမ်းပုံစံကို အနီရောင်အပ်ချည်ဖြင့် ရွှဲ့စောင်းကာထိုးထားခဲ့သည်။ အဝတ်စကကြမ်းပြီး လေးဖက်လေးရံမှာ ခေါင်းအနောက်ကို အထုံးချည်ဖို့ရာအတွက် အပ်ချည်မျှင်လေးခုရှိနေခဲ့၏။ 

ဝမ်ချန်က ထပ်တလဲလဲ သတိပေးလာ၏။ “မင်းတို့တွေ ရိုးရာဓလေ့ပွဲလုပ်နေတဲ့အတောအတွင်းမှာ သေချာပေါက်ပြုံးကြရမယ် …မပြုံးနိုင်ဘူးဆိုရင် မျက်နှာဖုံးတပ်ပြီးတော့ ထွက်လာခဲ့ကြ။ ဒါက ကျုပ်တို့ရွာရဲ့ဓလေ့ထုံးတမ်းပဲ … ကျေးဇူးပြုပြီးတော့ ကျုပ်တို့ရဲ့ ဓလေ့ထုံးတမ်းကို လေးစားပေးပါ”

အရေးကြီးသည့်စကားဆိုလျှင် သုံးခေါက်မျှပြောလေ့ရှိကြသော်လည်း ဝမ်ချန်ကတော့ ငါးခေါက်ပင်ပြောလာခဲ့၏။ သူထွက်မသွားခင်မှာ မှာထားတာကိုမေ့သွားမှာစိုး၍ သုံးခေါက်ပင် ပြန်လှည့်ကြည့်လာခဲ့သည်။ 

သူထွက်သွားချိန်မှာ ကျန်းလော့က မှန်ကိုကြည့်ပြီး မျက်နှာဖုံးကိုတပ်လိုက်သည်။ ရွှဲ့စောင်းနေသောအပြုံးတစ်ပွင့်က သူ့နှုတ်ခမ်းကနေစ၍ နားရွက်အောက်ထိကို ရောက်နေခဲ့သည်။ တစ်ချက်ကြည့်ရုံမျှနှင့်ပင် အတော်လေးကို စိတ်မသက်မသာဖြစ်ရပြီး ကြိမ်ဖန်များစွာကြည့်လိုက်ပါက မှန်ထဲမှာပေါ်နေသော ကိုယ်ကိုယ်၌က ထူးဆန်းကာ ရွှဲ့စောင်းလာသလိုပင်။ 

ကျန်းလော့က သူ့မျက်နှာဖုံးကို ချွတ်လိုက်၏။ သူ‌အနောက်ကို လှည့်လိုက်သည့်အချိန်မှာ ထူးဆန်းကာ ရွှဲ့စောင်းနေသော‌ နောက်ထပ်အပြုံးတစ်ခုနှင့် ချက်ချင်းဆိုသလို ထပ်ကြုံလိုက်ရသည်။ 

လျောင်ဇီက သူ့အနောက်မှာ ပြုံးပြီးတော့ ရပ်နေခဲ့၏။ မျက်နှာဖုံးက သူ့နှာရိုးပေါ်မှာ အတိအကျ ဖြစ်နေခဲ့သည်။ မျက်နှာဖုံးက သူစကားပြောလိုက်တိုင်း လှုပ်နေခဲ့ပြီး အနီရောင်အပ်ချည်ဖြင့်ထိုးထားသော နှုတ်ခမ်းများက ပိတ်ချည်ဖွင့်ချည်နှင့် ဖြစ်နေသလိုပင်။ “ဒီမျက်နှာဖုံးပေါ်က ပန်းထိုးက တော်တော်လေးမကောင်းဘူး” အနေအထိုင်သိမ်မွေ့ပြီး လှပသောသူတောင်မှပဲ ထိုမျက်နှာဖုံးကို တပ်ပြီးလျှင် တနှာရူးထသော လူသတ်သမားရုပ် ပေါက်သွားခဲ့သည်။ ကျန်းလော့၏မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။ “မင်း အဲဒီ့မျက်နှာဖုံးကြီးကို ချွတ်လိုက်လို့မရဘူးလား”

လျောင်ဇီက ထိုစကားကိုလိုက်နာကာ ချွတ်လိုက်၏။ “အပြင်ဘက်မှာ တေးသွားတီးခတ်နေတယ်ထင်တာပဲ”

ကျန်းလော့က သေချာဂရုစိုက် နားထောင်လိုက်ရာ အပြင်ဘက်မှာ အမှန်တကယ်ကိုပင် တေးသွားတီးခတ်နေကြ၏။ သူတို့၏ မျက်နှာဖုံးများကိုယူကာ အပြင်ထွက်လိုက်တော့ အိမ်အသီးသီးက ရွာသားများလည်း အကုန်ထွက်လာကြတာကို တွေ့လိုက်ရသည်။ လူတန်းကြီးက သိပ်မကြာလိုက်ခင်မှာပဲ အရှည်ကြီးဖြစ်လာခဲ့ပြီး တေးသွားနောက်ကို စီးမျောလိုက်ပါသွားကြသည်။ 

ကလေးငယ်များက ရယ်မောပြီး သူတို့၏လက်ထဲက ကစားစရာများကို လှုပ်ယမ်းနေကြ၏။ လူကြီးများကလည်း အုပ်စုလေးများ‌ဖွဲ့ပြီး ပျော်စရာအကြောင်းများပြောကာ လူတိုင်း၏မျက်နှာထက်မှာ အပြုံးပန်းဝေဆာနေကြသည်။  

ပြိုင်ပွဲဝင်များက လူတန်းကြီး၏နောက်ဆုံးကနေ လိုက်သွားလိုက်ကြသည်။ ကျန်းလော့က အတော်ကလေး ထူးဆန်းသည့်မျက်နှာဖုံးကို မဝတ်ချင်ပေ ထို့ကြောင့် သူ့နှုတ်ခမ်းထောင့်များကို ပင့်တင်လိုက်ပြီး ဝတ်ကျေတမ်းကျေအပြုံးဖြင့် လူအုပ်ထဲကို ရောနှောလိုက်သည်။ 

လူအုပ်ကြီးကဗိမာန်ဆောင်ကို ရောက်ချိန်မှာ ကောင်းကင်ကြီးက အရောင်တောင်မှိန်နေပြီဖြစ်ပြီး တိမ်များက လိမ္မော်နီရောင်တောက်ပနေခဲ့သည်။ 

ဗိမ္မာန်၏အရှေ့မှာ ပူဇော်ပသသောစင်ကို ထားထားခဲ့ပြီး ဗိမ္မာန်ထဲမှာ  သေဆုံးသူများ၏ကမ္မည်းတိုင်လည်း ထားထားခဲ့၏။  သစ်သီးဝလံများ၊ ဝက်ခေါင်းနှင့် ခေါက်ဆွဲများ၊ ထိုတင်ထားသောအရာများကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားတစ်ပါးပါးကို ကိုးကွယ်တာဖြစ်နိုင်သည်။ 

ရွာသူကြီးက ပူဇော်ပသထားသော စားပွဲ၏ဘေးနားမှာ စိုးရိမ်ပူပန်စွာဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့ပြီး သူ၏သားဖြစ်သူကို မေးလိုက်သည်။ “နတ်ဘုရားက အခုချိန်ထိမကြွမြန်းလာသေးဘူးလား”

ဝမ်ချန်က သူ၏နဖူးထက်ကချွေးကို လက်ဖြင့်သုတ်လိုက်သည်။ 

“အခုထိ မကြွမြန်းသေးဘူး”

ရွာသူကြီး၏အမူအရာက တဒင်္ဂလောက် ရွှဲ့စောင်းသွားခဲ့၏၊ သူ၏သူငယ်အိမ်များက အလွန်တရာကြောက်ရွံ့မှုကြောင့် ကျုံ့သွားခဲ့သည်။ “ငါတို့တွေ ပြင်ဆင်တာ လိုသွားလို့များလား”

ဝမ်ချန်၏အသံက တုန်ရီနေခဲ့၏။ “မဖြစ်နိုင်ဘူး … ကျွန်တော်တို့ လိုအပ်တာမှန်သမျှ အကုန်တင်ထားတာပဲ”

သူ အလျင်စလိုပင် ပူဇော်ပသထားသော စားပွဲကိုကြည့်လိုက်သည်။ “အမွှေးတိုင် ၊ ဖယောင်းတိုင်ထွန်းတဲ့အတိုင်၊ ပန်းအိုး၊ ကမ္မည်းတိုင်ရှစ်ခု၊ ရေနွေးကြမ်းခွက် …အကုန်ပြည့်ပါတယ်”

ရွာသူကြီးက ပစ္စည်းတစ်ခုချင်းစီကို လိုက်ကြည့်လိုက်ပြီး လိုနေသည့်အရာ ဘာမှမရှိမှန်းသေချာတော့မှပဲ သူအနည်းငယ် စိတ်သက်သာရာရသွားကာ သူ့ကိုယ်သူပြောလိုက်သည်။ “နတ်ဘုရားက တစ်စုံတစ်ရာကြောင့် နှောင့်နှေးနေတာပဲဖြစ်မှာပါ … ငါတို့ နည်းနည်းလောက် ထပ်စောင့်ကြရအောင်ပါ”

လူအုပ်ကြီး၏အဆုံးမှာရှိနေခဲ့သော ကျန်းလော့က ပြုံးရလွန်း၍ မျက်နှာကြောတောင် တောင့်နေပြီဖြစ်သော်လည်း ရိုးရာဓလေ့ပွဲက မစသေးပေ။ သူ၏မျက်နှာထားကိုထိန်းရင်းနှင့် ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တော့ ပြိုင်ပွဲဝင်အများစုက မျက်နှာဖုံးကို ဝတ်လိုက်ကြပြီဖြစ်ကာ သူတို့၏မျက်နှာ‌ကို ပွတ်နေခဲ့ကြသည်။ 

လျောင်ဇီလည်းပဲ မျက်နှာဖုံးတပ်လိုက်ပြီး ကျန်းလော့ကို စပ်စုသောပုံစံဖြင့် ကြည့်လာခဲ့သည်။ “မင်းရော မဝတ်သေးဘူးလား”

ကျန်းလော့က ချက်ချင်းဆိုသလို သူ့မျက်နှာထက်မှာ မျက်နှာဖုံးကို ကောက်တပ်လိုက်သည်။ “လူတိုင်းက ရုပ်အရမ်းဆိုးနေကြပြီဆိုတော့ ငါ့မှာ စိတ်ကျဉ်းကျပ်တာမျိုးမရှိတော့ဘူး”

လျောင်ဇီက အကြိမ်ရေတချို့ ရယ်မောလာခဲ့ပြီး ချောင်းထပ်ဆိုးကာ အသံတိုးတိုးဖြင့် မောလျစွာပြောလာခဲ့၏။ “အခမ်းအနား စတော့မယ်နဲ့တူတယ်”

ကျန်းလော့က မော့ကြည့်လိုက်ရာ အနက်ရောင်ဝတ်ရုံနှင့်ခေါင်းစွပ်ကို ဝတ်ထားခဲ့သော ယောင်္ကျားတစ်ယောက်က ဗိမ္မာန်ထဲကနေ ထွက်လာတာကို တွေ့လိုက်ရသည်။ 

ထိုယောင်္ကျားက ရွာသူကြီးဆီကို လျှောက်သွားပြီးတော့ သူ့ကိုစကားတချို့ တီးတိုးပြောလိုက်သည်။ ရွာသူကြီးက သူ့ခေါင်းကိုထပ်တလဲလဲညိမ့်လိုက်ပြီး သူ့မျက်နှာထက်မှာ ပျော်ရွှင်မှုနှင့် စိတ်အားထက်သန်မှုများ ပေါ်ထွက်လာခဲ့သည်။ အနက်ရောင်နှင့်ယောင်္ကျားက စကား‌ပြောလို့ပြီးချိန်မှာ ရွာသူကြီးက ရွာသားများဆီ မျက်နှာလှည့်ကာ သူ့လက်ကိုအောက်ချပြီးတော့ တည်ကြည်လေးနက်စွာဖြင့် ပြောလာခဲ့သည်။ “ရိုးရာဓလေ့ပွဲစတင်ပြီ”

ရိုးရာဓလေ့ပွဲက မထင်မှတ်ထားအောင်ပင် မြန်မြန်ဆန်ဆန်ဖြင့် ပြီးဆုံးသွားခဲ့သည်။ လကအလယ်ခေါင်ကို မရောက်သေးခင်မှာပဲ ရွာသူကြီးက လူစုခွဲဖို့ ကြေညာလာခဲ့၏။ ထိုသို့မလုပ်ခိုင်းခင်မှာ သူတစ်စုံတစ်ခုကို ပြောလာခဲ့သည်။ 

“မနက်ဖြန်က ဗိမ္မာန်အတွက် လူရွေးချယ်ရတဲ့နေ့ပဲ” ရွာသူကြီးက အသံကျယ်ကြီးဖြင့် ပြောလာခဲ့သည်။ “ငါတို့တွေ ရွေးချယ်ခံရသည်ဖြစ်စေ မဖြစ်စေ … အဲတာက နတ်ဘုရားရဲ့ ငါတို့အပေါ်မှာထားရှိတဲ့ဂရုဏာကို ဘာသက်ရောက်မှုမှရှိမှာမဟုတ်ဘူး။ ငါဒီစကားတွေကို တစ်နှစ်မှာတစ်ကြိမ် ထပ်ပြောမယ် … ဒီနှစ်မှာလည်း ချွင်းချက်မရှိဘူး … ဒါကြောင့်မို့ မစိုးရိမ်ကြပါနဲ့။ အငြင်းပွားတာဘာညာ ဖြစ်စရာမလိုဘူး။ မနက်ဖြန်‌ညနေခြောက်နာရီမှာ ငါတို့ဒီနေရာမှာပဲ လူစုကြမယ်။ ငါပြောတာကို ကြားကြလား”

ရွာသားများက တညီတညာတည်း ပြန်ဖြေလာကြသည်။ “ကြားပါတယ်”

--------------