Ch 39
Viewers 8k

Part 39


ကျန်းလော့က ခုံကိုမှီလိုက်ပြီး လက်ပိုက်ကာ ချီယယ်ကိုကြည့်လိုက်၏။ “မင်း အဲဒီ့စကားကို ဒုတိယအဆင့် မတိုင်ခင်တုန်းကလည်း ပြောခဲ့တာပဲလေ”

ချီယယ်၏အမူအရာ တောင့်တင်းသွားခဲ့ပြီး သူ၏ချောမောသောမျက်နှာကို မချုပ်ထိန်းနိုင်ဖြစ်သွားခဲ့ရသည်။ “ဒါပေမဲ့ တတိယမြောက်အဆင့်မှာတော့ သေချာပေါက် ငါကပဲ ပထမဖြစ်ရမယ်”

“ တတိယအဆင့်မှာ ထိပ်ဆုံးသုံးယောက်အတွက် ဘာအရိပ်အမြွက်ပေးတာမှ မရှိတော့ဘူး” ချီယယ်က လေးလေးနက်နက်ပြောလိုက်၏။ “ငါတို့တွေ တူညီတဲ့နေရာကနေစကြရမှာ … ကျန်းလော့ ငါမင်းကို မရှုံးစေရဘူး”

ကျန်းလော့က ပြုံးလိုက်ပြီးပြောလိုက်၏။ “ဒါပေမဲ့ ငါလည်း ပထမနေရာဖြစ်ချင်တယ်”

ချီယယ်က ထိုစကားများကို ကြားချိန်မှာ ကျေနပ်အားရစွာပြုံးလိုက်၏။ “နောက်ဆုံးတော့ မင်း လေးလေးနက်နက်လုပ်တော့မယ်ပေါ့”

အရှေ့တန်းမှာထိုင်နေသော လုယုံရိက ခေါင်းလှည့်ပြီးတော့ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလာခဲ့၏။ “ချီယယ်… မင်းဒီ‌ကို ကျန်းလော့အတွက် သီးသန့်ပြောင်းလာခဲ့တာလား”

ချီယယ်၏မျက်နှာမှာ မသက်မသာဖြစ်မှုတို့ ဖြတ်ပြေးသွားခဲ့သည်။ “ငါက ကျောင်းတက်ရတဲ့အတွေ့အကြုံက ဘယ်လိုလဲဆိုတာ သိချင်လို့ လာခဲ့ရုံသက်သက်ပဲ” 

ကျန်းလော့က မျက်ခုံးတစ်ဖက်ပင့်လိုက်၏။ “မင်း အရင်တုန်းက ကျောင်းမတတ်ဖူးဘူးလား”

“ငါက သာမန်တက္ကသိုလ်ကိုတက်ခဲ့တာ … သဘာဝသိပ္ပံနဲ့လူမှုရေးဘာသာရပ်ကို မတတ်ခဲ့ရဘူး” ချီယယ်က ကျန်းလော့၏မျက်နှာကို ကြည့်လိုက်ပြီး အကြည့်ကို ဟိုဟိုဒီဒီပို့လိုက်သည်။ “ငါ ဒါတွေအကုန်လုံးကို အိမ်မှာပဲသင်ခဲ့တာ” 

လုယုံရိက ဝမ်းသာအားရဖြစ်သွားခဲ့သည်။ “အဲလိုဆိုရင် မင်းက ဘိတ်ချီးနေရာဖြစ်နိုင်တာပဲ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ယယ်ရွှင်က အဆိပ်ပြင်းပြင်းဖြင့် ပြောလာခဲ့သည်။ “လုယုံရိ … ချီယယ်က မင်းထက် အများကြီးပိုတော်တယ်”

လုယုံရိ ပြန်ချေပလိုက်၏။ “ဒါပေမယ့် ငါက အဆင့်နှစ်ဆင့်စလုံးမှာ ချီယယ်ရဲ့ အထက်ကလေ”

ချီယယ် “……”

သူအသက်ပြင်းပြင်းရှုလိုက်ပြီး မခံချိမခံသာဖြစ်နေရသော်လည်း လုယုံရိနှင့် ပြိုင်မငြင်းနိုင်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူပြောတာက အမှန်ဖြစ်နေ၍ပင်။

ဝမ်ယမ်လန်က ရယ်ကာပြောလာခဲ့သည်။ “ဒီနေ့ည ညစာအတူတူ ထွက်စားကြရအောင်”

အတန်းချိန်က ခြောက်နာရီထိုးချိန်မှာ ပြီးဆုံးသွားခဲ့ပြီး အုပ်စုလိုက် ညစာစားဖို့ရန်အတွက် စားသောက်ဆိုင်ဆီသို့ သွားလိုက်ကြ၏။ ဝမ်ယမ်လန်နှင့် ကျန်းလော့က နောက်ဆုံးကနေ လျှောက်လာခဲ့ကြပြီး ဝမ်ယမ်လန်က တီးတိုးပြောလာ၏။ “ချီယယ်ကို ချီမိသားစုက ပိုးမွေးသလိုမွေးထားတာ”

ကျန်းလော့က ခေါင်းညိမ့်လိုက်သည်။ “သူ့ပုံစံက စိတ်တိုလွယ်တဲ့ပုံစံပေမယ့် တော်တော်လေးတော့ ရိုးသားတယ်”

“အရည်အချင်းလည်း အရမ်းရှိတယ်” ဝမ်ယမ်လန်က သူ့အရှေ့မှာသွားနေသော ချီယယ်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။ “ပြီးတော့ ရုပ်‌လည်းချောတယ်” 

သူတို့ ဘတ်စ‌ကက်ဘောကွင်းကို ဖြတ်သွားကျချိန်မှာ ဘတ်စကက်ဘောတစ်လုံးက  ကွင်းကိုကျော်ပြီး ကျန်းလော့ဆီကို တန်းတန်းကြီးအရှိန်ဖြင့် ဦးတည်လာခဲ့သည်။ ချီယယ်က ခြေနှစ်လမ်းနောက်ဆုတ်ကာ ဘောလုံးကို အချိန်မှီလှမ်းဖမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ အကျယ်ကြီးအော်ဆဲပစ်လိုက်သည်။ “လူအရိပ်အခြည်ကိုမကြည့်ဘဲ ဘောလုံးကစားနေကြတာလားဟမ်” 

သူဘတ်စကက်ဘောကို  ဘက်စကက်ဘောကွင်း၏ တစ်ဖက်ဆီရောက်သွားအောင် တည့်တည့်ကန်ထည့်ပစ်လိုက်သည်။

ဘက်စဘက်ကောက အဝေး‌ကိုရောက်သွားတာကို တွေ့တော့မှပဲ ချီယယ်က ကျန်းလော့ကို  ပြန်လှည့်ကြည့်လာခဲ့သည်။ “မင်းအဆင်ပြေရဲ့လား”

ကျန်းလော့က ရယ်လိုက်၏။ “ဘက်စဘောက ငါ့ကို ထိတောင်ထိမသွားပါဘူး”

ဝမ်ယမ်လန်၏အကြည့်က သူတို့အပေါ် ဝေ့ဝိုက်သွားခဲ့ပြီး သူ့အပြုံးက ပိုနက်ရှိုင်းလာခဲ့သည်။ သူ အရှေ့ကိုနှစ်လှမ်းလှမ်းလိုက်ပြီး ကျိုးကျုံးချိုးဘေးနာကို အမြန်သွားလိုက်၏။ “နင် ချီယယ်ကို ဘယ်လိုမြင်လဲ”

ကျိုးကျုံးချိုးက သူ့အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး အကဲဖြတ်လာခဲ့သည်။ “မဆိုးပါဘူး … စိတ်ကတော့ နည်းနည်းဆတ်တယ်”

ဝမ်ယမ်လန်က အလျင်စလိုပြောလိုက်သည်။ “အဲလိုဆိုရင် သူ့ကို သင့်တော်တဲ့သူအဖြစ် ထည့်စဉ်းစားလိုက်ကြရအောင်”

ကျန်းလော့၏အချစ်သစ် ဖြစ်နိုင်သည့်သူကို စဉ်းစားကြည့်လိုက်လျှင် ချီယယ်က အတော်လေးကို သတ်မှတ်ချက်နှင့်ကိုက်ညီသည်။

သို့စေကာမူ ချီယယ်ကို ချီယုံနှင့်ယှဉ်လိုက်လျင်တော့ ကွာဟချက်ကရှိနေသေးသည်။ ချီယယ်လိုပုံစံမျိုးကို ကျန်းလော့က ကြိုက်ပါ့မလားဆိုတာမသေချာပေ အဆုံးမှာတော့ ချီယုံက လူကြီးလူကောင်းတို့၏ စံပြပုဂ္ဂိုလ်ဖြစ်နေခဲ့သည့်မဟုတ်လား။ 

စားသောက်ကြချိန်မှာ ချီယယ်က ကျန်းလော့၏ဘေးနားကို ဝင်ထိုင်လိုက်သည်။ သူထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် ကျန်တဲ့သူအားလုံး၏အကြည့်က သူ့ဆီရောက်လာခဲ့၍ ချီယယ်၏မျက်နှာ ရှုံ့မဲ့မဲ့ဖြစ်သွားရသည်။ “ဘာလို့ ငါ့ကို ဒီလိုဝိုင်းကြည့်နေကြတာလဲ”

ယယ်ရွှင်က မေးလိုက်၏။ “ ချီယယ် … မင်းမှာ ချစ်သူရှိလား”

ချီယယ်က မျက်နှာထားတင်းတင်းဖြင့် ပြန်ပြောလိုက်သည်။ “ မရှိဘူး … စိတ်မဝင်စားဘူး”

“အဲလိုဆိုရင် မင်းက ဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲ” ကောကျူက သိချင်လာခဲ့သည်။

ချီယယ်က မျက်မှောင်ကြုတ်လိုက်၏။ “မင်းတို့တွေ ဘာလုပ်မလို့ ဒါတွေမေးနေကြတာလဲ”

ကျန်းလော့က ချီယယ်ကို ပြုံးပြလာခဲ့၏၊ သူ၏အနက်ရောင်ဆံနွယ်တို့က ပခုံးထက်မှာ ကျဆင်းနေခဲ့ပြီး သူ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။  “သူတို့သိချင်တာတွေကို ဖြေပေးပြီးမှ မင်းကိုလွှတ်ပေးကြမှာ”

ကျန်းလော့ကို ယခုလိုပုံစံနှင့်မြင်ရတော့ ချီယယ်က ရုတ်တရက်ဆိုသလို အနက်ရောင်ဆံပင်နှင့်လူငယ်လေးက သစ်ပင်ပေါ်ကနေခုန်ချပြီး ပင့်ကူလူသားကို သတ်ပစ်ခဲ့သည့်ပုံရိပ်ကို ပြန်မြင်ယောင်လာမိသည်။ သူ လည်ချောင်းယားလာခဲ့ပြီး အကြည့်ကို ကမန်းကတန်းလွှဲလိုက်ရသည်။  “ငါ ဘယ်လိုပုံစံမျိုးကို ကြိုက်လဲဆိုတာ ငါမသိဘူး”

ချီယယ်က စိတ်ရှုပ်လာတာကိုမြင်တော့ တခြားသူများလည်း မေးခွန်းထပ်မေးမလာကြတော့ပေ။ 

ညစာစားပြီးသည့်နောက်မှာ ကျန်းလော့နှင့် တခြားသူတို့ လမ်းခွဲလိုက်ကြပြီး သူထျန်းစစ်ဖူကို ပြန်လာခဲ့လိုက်သည်။ ပြိုင်ပွဲမစခင်အချိန်အထိ ကျန်းလော့က ထျန်းစစ်ဖူမှာပဲ နေရဦးမှာဖြစ်သည်။

ဖုန်းလီက ထျန်းစစ်ဖူမှာ ရှိမနေခဲ့ပေ။ ကျန်းလော့က ကိုယ့်ဘာသာကို စာကြည့်ခန်းဆီသွားလိုက်ပြီး စာဖတ်နေလိုက်သည်။ ဖုန်းလီက သူ့တပည့်နှစ်ယောက်နှင့် ပြန်ရောက်လာချိန်မှာ လတောင်ထွက်နေပြီဖြစ်သည်။

ဖုန်းလီက ကျန်းလော့ကို သူ့အရှေ့ခေါ်လိုက်ပြီး ရေနွေးကြမ်းတစ်ငုံသောက်ကာ မေးလာခဲ့သည်။ “မင်းဒီနေ့ စာအုပ်ဘယ်နှအုပ်ဖတ်ခဲ့လဲ”

ကျန်းလော့က တစ်အုပ်ချင်းဆီ ရွတ်ပြလိုက်သည်။

ဖုန်းလီက ခေါင်းညိမ့်လိုက်ပြီး အံဆွဲထဲကနေ အဆောင်စာအုပ်တစ်အုပ်ကို ထုတ်၍ ကျန်းလော့ကို ပေးလာခဲ့သည်။ “အဲဒီ့စာအုပ်တွေကို ဖတ်လို့ပြီးသွားရင် … ဒီဟာကိုယူပြီးတော့ လေ့ကျင့်ချည်”

ကျန်းလော့က စာအုပ်ကိုလှမ်းယူလိုက်ပြီး ကြည့်လိုက်တော့ ထိုစာအုပ်ထဲမှာ လူထုကိုချမပြထားသော ရှေးဟောင်းအဆောင်ရေးဆွဲနည်း‌တို့ ရှိနေမှန်းတွေ့လိုက်ရသည်။ သူစာအုပ်ကို လက်ထဲကိုင်ထားရင်းနှင့် မေးလိုက်သည်။ “ဆရာ … ဒီနေ့ ဘယ်‌ကိုသွားခဲ့တာလဲ”

ဖုန်းလီက သူ့ကိုကြည့်ပြီးပြောလာခဲ့၏။ “ချီမိသားစုအိမ်ကိုသွားခဲ့တာ”

ကျန်းလော့ “ ချီမိသားစုဟုတ်လား”

“ချီမိသားစုရဲ့တိုက်ရိုက်မျိုးဆက်တွေက မရှိကြတော့ဘူးလေ…. ချီမိသားစုရဲ့အနွယ်ဝင်မျိုးနွယ်က သူတို့ချီမိသားစုကို လက်လွှဲယူလိုက်တဲ့အကြောင်းကို  ငါတို့ကိုမျက်မြင်သက်သေလုပ်ခိုင်းတာ” ဖုန်းလီက အေးတိအေးစက်ဖြင့် ပြောလိုက်သည်။ “မင်းကို လိုက်ကပ်နေတဲ့မကောင်းဆိုးဝါးက ချီမိသားစုရဲ့ နောက်ဆုံးတိုက်ရိုက်မျိုးဆက်ပဲ”

“ငါ သူ့ကိုမနေ့ကထိခိုက်အောင်လုပ်ခဲ့တယ် ဒါပေမဲ့ နောက်ဆုံးအချိန်လေးမှာ သူ လွတ်သွားခဲ့တယ်” ဖုန်းလီက ခုံကိုကျောမှီလိုက်ပြီး ပြောလိုက်၏။ “ချီယုံက ချီမိသားစုရဲ့တိုက်ရိုက်မျိုးဆက်တွေထဲမှာ အင်းအားအကြီးဆုံး တကယ်ဖြစ်ထိုက်တယ်… သူ သေသွားပြီးတာတောင်မှပဲ ဒီလိုစွမ်းအားမျိုးရှိနေသေးတယ်။ သူနဲ့ယှဉ်လိုက်ရင် အဲဒီ့အနွယ်ဖွားတွေက ပမွှားအဆင့်ပဲ”

ချီမိသားစုက ရှေးဟောင်းနည်းလမ်းဖြစ်ပြီး အစွမ်းထက်သော ရုပ်သေးဝိညာဉ်ထိန်းချုပ်သည့် အတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်ကြသည်။ ထိုကဲ့သို့သော အတတ်ပညာမျိုးက လူတို့၏လက်ထဲမှာရှိနေခဲ့၍ ကျန်သူများကို အသက်ရှင်နေစဉ်မှာ ချီမိသားစု၏လက်ထဲက ကြိုးဆွဲရုပ်ဖြစ်သွားမှာကို ကြောက်ရသလို၊ သူတို့သေသွားပြီးနောက်မှာလည်း သူတို့၏ဝိညာဉ်ကို ချီမိသားစုကထိန်းချုပ်လိုက်မှာကို စိုးထိတ်မှုကြောင့် တခြားသူများကို စိတ်တထင့်ထင့်နှင့် ရတက်မအေးဖြစ်စေမှာပင်။  ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆိုလျင် ချီမိသားစုက  လူအုပ်၏ဝိုင်းအုံအမဲဖျက်ခြင်းကို ခံရပြီးတော့ ရုပ်သေးဝိညာဉ်ထိန်းချုပ်သည့် အတတ်ပညာကို ဖျက်ဆီးခံရသည်အထိ ဖြစ်သင့်တာဖြစ်၏။ 

အင်အားကြီးလွန်းသည့် ဘယ်အရာမဆို ပျက်ဆီးခြင်းနှင့် မုချကြုံတွေ့ရမှာပင်။

သို့ပါသော်လည်း ချီမိသားစုက အခုချိန်ထိ အေးအေးချမ်းချမ်းနှင့် ဆက်လက်တည်တံ့နေရသည့် အကြောင်းအရင်းနှစ်ခုရှိသည်။ တစ်ခုက ရုပ်သေးဝိညာဉ်ထိန်းချုပ် အတတ်ပညာကို ကျွမ်းကျင်ဖို့က အင်မတန်မှကိုခဲယဉ်းသည်။ အခုချိန်ထိ ချီမိသားစု၏ ပထမမျိုးဆက်ကသာ ထိုအတတ်ပညာကို ကျွမ်းကျင်နိုင်ကြသည်။ ဒုတိယတစ်ခုကတော့ ချီမိသားစု၏ ပထမမျိုးဆက်တိုင်းက အယောက်သန်းနှင့်ချီမှာ တစ်ယောက်သာရှိနိုင်သော အထုံပါရမီရင့်သန်သည့်သူများ ဖြစ်ကြသော်လည်း သူတို့ထဲကတစ်ဦးတစ်ယောက်မှ အသက်သုံးဆယ်ထက်ကျော်ပြီး အသက်မရှင်နိုင်ကြပေ။

ချီယုံ၏အလှည့်ကို ရောက်လာချိန်မှာတော့ ပေါင်းထည့်စရာတစ်ခုပင် ပိုလာခဲ့သေးသည်။ ချီယုံက ကြင်နာတတ်ပြီးတော့ လူကြီးလူကောင်းဆန်သည့်သူဖြစ်သည်။ သူက ရုပ်သေးဝိညာဉ်ထိန်းချုပ်သည့် အတတ်ပညာမှာ ဆရာတစ်ဆူဖြစ်သော်လည်း သူက ထိုအတတ်ပညာကို လွန်စွာမှသုံးခဲသည်။ ဆန့်ကျင်ဘက်အနေနှင့်  သူကရုပ်နယ်လွန်လောကထဲမှာ ကျင်လည်ကြသောသူတို့နှင့်ပင်  မိတ်ဆွေဖွဲ့ခဲ့‌သေးသည်။ မည်သူကမှ ချီယုံက ရုပ်သေးရုပ်လုပ်ပြီးတော့ ဝိညာဉ်ထိန်းချုပ်လိမ့်မည်ဟု မထင်‌ချေ။

ကျန်းလော့က ငြိမ်ငြိမ်သက်သက်ဖြင့် နားထောင်လိုက်သည်။ စွမ်းအားအရမ်းကြီးသော်လည်း အသက်သုံးဆယ်ကျော်ထိ မနေရဘူး၊ ထိုဟာက ကျိန်စာကြီးတစ်ခုလိုပင်။

ကျန်းလော့ “ဆရာ… ရုပ်သေးဝိညာဉ်ထိန်းချုပ်တဲ့ အတတ်ပညာကို တိုက်ရိုက်မျိုးဆက်တွေကပဲ ကျွမ်းကျင်နိုင်တာလား”

ဖုန်းလီ “ အခုချိန်ထိတော့ ဘယ်အနွယ်ဝင်မျိုးနွယ်ကမှ အဲတာကို မကျွမ်းကျင်နိုင်သေးဘူး”

ကျန်းလော့ “အဲလိုဆိုရင် ချီယုံကလည်း သေသွားပြီး တိုက်ရိုက်မျိုးဆက်ကလည်း ပြတ်သွားပြီဆိုတော့… အနာဂတ်မှာ ရုပ်သေးဝိညာဉ်ထိန်းချုပ်တဲ့ အတတ်ပညာမှာ ဆရာတစ်ဆူဖြစ်တဲ့အထိ ကျွမ်းကျင်နိုင်တဲ့သူ မရှိတော့ဘူးပေါ့”

ဖုန်းလီက အေးတိအေးစက်ဖြင့် ပြောလာခဲ့သည်။ “ဒါပေမဲ့ ချီမိသားစုကို အထင်သေးလို့တော့မရဘူး။ သူတို့တွေ အဲဒီ့အတတ်ပညာနဲ့ ဝိညာဥ်တစ်ကောင်စ နှစ်ကောင်စ ထိန်းချုပ်နိုင်ရင်တောင်မှပဲ တော်တော်လေး အစွမ်းထက်နေပြီပြောရမှာ။

သို့သော် သူ့မျက်နှာထက်ရှိ အမူအရာအရဆိုလျင်တော့ ဖုန်းလီက ချီမိသားစု၏အနွယ်ဝင်ကို အထင်မကြီးမှန်း သိသာနေ၏။

ကျန်းလော့က တွေးဆလိုက်ပြီး “ဆရာ … ယွမ်ထျန်းကျူက တကယ်ပဲဘာကြီးလဲ”

ဖုန်းလီက သူ့ကိုကြည့်လာခဲ့သည်။ “မင်းအဲ့တာကို ရတဲ့အခါကျရင်… အလိုလိုသိလာလိမ့်မယ်”

“ငါ့ရဲ့တပည့်တစ်ယောက်အနေနဲ့ မင်း ယွမ်ထျန်းကျူကို ရအောင်မယူနိုင်ခဲ့ဘူးဆိုရင်” ဖုန်းလီ၏လေသံက တုန်လှုပ်ခြင်းအလျင်းမရှိပဲ ပြောလာခဲ့သည်။ “မင်း ရှန်းရှိကနေ ပြန်လာစရာမလိုတော့ဘူး”

ကျန်းလော့ “……”

ကျန်းလော့က ရှန်းရှိကနေ ပြန်လာနိုင်ရန်အတွက် စာကြည့်ခန်းထဲမှာ ညနက်တဲ့အထိ ဖတ်ရှု့ခဲ့သည်။ ဆယ်ရက်ကြာပြီးနောက်မှာတော့ ကျန်းလော့က စာအုပ်စင်တစ်ခုလုံးကို ဖတ်ပြီးသွားခဲ့ပြီဖြစ်သည်။

စာအုပ်ဖတ်ပြီးသွားပြီးနောက်မှာ ဖုန်းလီက ကျန်းလော့ကို သေချာစောင့်ကြည့်ပြီးတော့ အဆောင်ရေးနည်းကို ကျင့်စေခဲ့သည်။ စီနီယာအစ်ကိုချောင်ကို ထိုအတောအတွင်းမှာ အကြိမ်ရေတချို့ ကျန်းလော့က ထပ်တွေ့သေးသော်လည်း ပုံမှန်ပြန်ဖြစ်သွားပုံရပြီး ချီယုံ၏အငွေ့အသက်ကို ထပ်မတွေ့ရတော့ပေ။ 

အချိန်တစ်လက မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားခဲ့ပြီး ပြိုင်ပွဲ၏တတိယအဆင့်ကို ပြိုင်ရတော့မည့်အချိန်ပင် ရောက်လာခဲ့ပြီဖြစ်သည်။ 

မနက်ခင်းစောစောမှာ ကျန်းလော့က ကျောင်းလွယ်အိတ်ကိုလွယ်ပြီးတော့ အောက်ထပ်ကိုဆင်းလာခဲ့သည်။ ဖုန်းလီက သူ့ကိုဧည့်ခန်းမထဲမှာ စောင့်နေခဲ့သည်။ သစ်သားစားပွဲရှည်ကြီးထက်မှာ စာရေးစုတ်တံ‌နှင့် ဟင်္သပြဒါး‌တို့ ရှိနေခဲ့၏။ 

ကျန်းလော့က လျှောက်သွားလိုက်သည်။

ဖုန်းလီက ပြောလာ၏။ “ ထိုင်လိုက်”

ပြောသည့်အတိုင်း ကျန်းလော့က ထိုင်ချပြီးချိန်မှာ ဖုန်းလီက စုတ်တံတစ်ချောင်းကိုယူပြီးတော့ ရေခွက်ထဲကိုနှစ်လိုက်သည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူ့လက်ကို မြှောက်ပြီးတော့ ကျန်းလော့ထံ ရေခါပစ်လိုက်သည်။

ကျန်းလော့က သူ့မျက်လုံးကို မသိစိတ်ကနေ အလိုလိုမှိတ်လိုက်မိပြီး သူ့အပေါ်ကို ရေစက်တစ်စက်နှစ်စက် ကျလာခဲ့သည်။ ထို့နောက်မှာတော့ ဖုန်းလီက စုတ်တံကို ဟင်္သပြဒါးထဲနှစ်လိုက်ပြီးတော့ ကျန်းလော့၏အရှေ့မှာ ရပ်လိုက်သည်။

အနက်ရောင်ဆံနွယ်နှင့်လူငယ်လေး၏ မျက်ခွံတို့က လှုပ်ရှားသွားခဲ့သည်။ ဖုန်းလီက ပြောလိုက်၏။ “မလှုပ်နဲ့”

ကျန်းလော့က သူ့မျက်လုံးကို ထပ်မဖွင့်တော့ပေ။ဖုန်းလီက စုတ်တံကို သူ့လက်ထဲမှာလှည့်လိုက်ပြီး အရှေ့နှင့်အနောက်ပြောင်းလိုက်သည်။ ရှည်သွယ်သောလက်ချောင်းတို့က ခပ်သွယ်သွယ် အနက်ရောင်စုတ်တံကို ဆုပ်ကိုင်ထားရင်းဖြင့် ကျန်းလော့၏ အင်္ကျီကော်လံကို သူညင်ညင်သာသာလေး ဆွဲဟလိုက်၏။ 

လည်တိုင်လေးက ပေါ်လာခဲ့ပြီး ညှပ်ရိုးတို့ကို လှစ်ဟပြလာခဲ့သည်။ ဖုန်းလီ၏အရောင်ဖျော့ဖျော့မျက်ဝန်းထဲမှာ အနက်ရောင်ဆံနွယ်နှင့်လူငယ်လေး၏ ပုံရိပ်က ထင်ဟပ်နေခဲ့သည်။ သူ ကျန်းလော့၏ပခုံးကို အသာအယာဖြင့် နှစ်ကြိမ်ပုတ်လိုက်ပြီး ခေါက်ထားနှင့်ပြီးသားဖြစ်သော လူရုပ်လေးနှစ်ရုပ်က ကျန်းလော့၏အင်္ကျီ‌ပေါ်ကိုတက်ကာ အင်္ကျီကို ဆွဲချပေးလာကြသည်။

ဖုန်းလီက အခုမှစရေးမှာဖြစ်သည်။ 

အနီရောင်ဟင်္သပြဒါးတို့က ကျန်းလော့၏ လည်တိုင်မှာ ရစ်ပတ်နေခဲ့ပြီး သူ့နှလုံးသားအထိကိုရောက်ကာ နွယ်ပင်ကဲ့သို့သော ရှုပ်ထွေးသည့်အဆောင်တစ်ခုကို ဖွဲ့စည်းလာခဲ့သည်။ ဖုန်းလီက အလောတကြီး မဆွဲခဲ့ပေ၊ နောက်ဆုံးစုတ်ချက်ပြီးသွားချိန်မှာ အဆောင်၏ရွှေရောင်မန္တန်တို့က လင်းလက်သွားခဲ့ပြီး ကျန်းလော့၏ ခန္ဓာကိုယ်ထက်ကနေ ပျောက်ကွယ်သွားခဲ့သည်။

ဖုန်းလီက စုတ်တံကိုအဝေးပို့လိုက်ပြီး လူငယ်လေးကို ငုံ့ကြည့်ကာပြောလိုက်၏။ “ရပြီ”

ကျန်းလော့က သူ့မျက်လုံးကိုဖွင့်ကာ သူ့ကိုယ်သူပြန်ကြည့်‌လိုက်သော်လည်း ဘာမှမတွေ့ရချေ။ “ဆရာ … ဘာကိုဆွဲလိုက်တာလဲ”

“အသက်ကယ်ပေးတဲ့အဆောင်” ဖုန်းလီက သူ့တပည့်များကို ပစ္စည်းသိမ်းဖို့ ညွှန်ကြားလိုက်ပြီး ပြောလာခဲ့သည်။ “ တတိယအဆင့်က အရင်နှစ်ဆင့်နဲ့မတူဘူး။ ဒါကြောင့်မို့ မင်း သေချာဂရုစိုက်ပြီးတော့ သတိထားဖို့လိုတယ်”

ဒိုင်လူကြီးက ပြောလာသမျှ စကားလုံးတိုင်းက သတိပေးချက်ဖြစ်နိုင်သည်။ ကျန်းလော့က ထိုစကားကို ရင်ထဲကနေမှတ်ထားလိုက်သည်။ “ကျွန်တော် နားလည်ပါပြီ”

ဖုန်းလီ ခေါင်းညိမ့်လိုက်၏။ “သွားတော့”

ကျန်းလော့က သူ့အင်္ကျီကို ပြန်ပြီးတော့ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်လိုက်ပြီး ကျောပိုးအိတ်ကိုဆွဲကာ ထျန်းစစ်ဖူကနေ ထွက်လာလိုက်သည်။ ထို့နောက် ကျောင်းကို သူ့အတန်းဖော်များနှင့် တွေ့ဖို့ရန်အတွက် သွားလိုက်သည်။

သူတို့အုပ်စုလေယာဉ်စီးလိုက်ကြပြီး သုံးနာရီကြာပြီးနောက်မှာ ရှန်းရှိကို ရောက်သွားခဲ့သည်။

ဤတစ်ခေါက်မှာလည်း သူတို့အုပ်စုကို ဦးဆောင်လာသည့်သူက ဆရာဝမ်ပင်ဖြစ်၏။ ဆရာဝမ်က  ဝန်ထမ်း‌နှင့်ဆုံပြီးနောက်မှာ ကျန်းလော့နှင့်သူ့အဖွဲ့က လေးနာရီကြာအောင် ဘတ်စ်ကားထပ်စီးကြရပြန်သည်။ ထိုဘတ်စ်ကားပေါ်ကနေ တရုတ်ဘတ်စကားပေါ်ကို ပြောင်းစီးကြရပြန်သည်။

 တစ်နာရီလောက်ကြာအောင် ကဆုန်ပေါက်နေသောလမ်းပေါ် ဖြတ်သန်းပြီးချိန်မှာတော့ သူတို့၏ ဦးတည်ရာကို ရောက်လာခဲ့ကြသည်။ ဘတ်စ်ကားပေါ်ကနေ ဆင်းသည့်တခဏမှာ သူတို့အဖွဲ့ထဲက လူတစ်ချို့ ထိုးအန်ကုန်ကြသည်။

အန်လို့ရသမျှအကုန် ထိုးအန်ပြီးနောက်မှာ သူတို့ နားခိုရမည့်နေရာကို ယဲ့ယဲ့ကလေးသွားလိုက်ကြသည်။ 

ပြိုင်ပွဲက မနက်ဖြန်မရောက်ခင်အထိ စသေးမှာမဟုတ်ဘဲ သူတို့ကအနားယူရမည့်နေရာမှာ တစ်ညကုန်ဆုံးကြရဦးမှာဖြစ်သည်။ သို့သော် ပြိုင်ပွဲစီစဉ်သူ‌များက သူတို့အတွက်ပြင်ဆင်ပေးထားသော အခန်းက အတော်လေးကို ရိုးရှင်းလွန်းသည်။ အဆောက်အဦးက ခဏတဖြုတ်နေရန် ဆောက်ထားသည့်အလားဖြစ်နေခဲ့ပြီး အနီရောင်အုတ်နံရံကိုလည်း အဖြူရောင်ဆေးမသုတ်ရသေးပေ။ နံရံနှစ်ခု၏ဘေးနားမှာ နှစ်ဆယ့်နှစ်ခုသော ခေါက်မွေ့ရာများကို တန်းစီပြီးခင်းထားခဲ့၏။

လုယုံရိက သူ့လက်ထဲကခရီးဆောင်အိတ်ကို ချလိုက်ပြီး ပါးစပ်အဟောင်းသားဖြင့် မေးလာခဲ့သည်။ “ဒါက ငါတို့နေရမယ့်နေရာလား”

ဝန်ထမ်းကရယ်ပြီးတော့ ပြောလာခဲ့၏။ “ပျော်စရာကောင်းတယ်မလား။ ငယ်ရွယ်တဲ့လူငယ်လေးတွေစုပြီးတော့ ညကိုအတူတူကုန်ဆုံးကြရမှာ ဘယ်လောက်တောင် စည်ကားနေလိမ့်မလဲ”

“ရေချိုးဖို့နေရာရောရှိရဲ့လား” ကျိုးကျုံးချိုးက မေးလိုက်သည်။

ဝန်ထမ်းက သူတို့ကို ရေချိုးခန်းနှင့်သန့်စင်ခန်းကိုကြည့်ဖို့ ခေါ်သွားပေးခဲ့သည်။ ရေချိုးခန်းက ပလတ်စတစ်ဖြင့်ကာထားခဲ့သော ပလတ်စတစ်ဇလုံများနှင့် ခြေထောက်စိမ်သည့်ပလုံးများပင်ဖြစ်၏။ သန့်စင်ခန်းအတွက်ကတော့ ရိုးရာကျေးလက်စတိုင်ပုံစံဖြစ်သည်။

သူတို့အုပ်စုက ပြောစရာစကားမရှိအောင် ဆွံ့အသွားခဲ့ကြပြီး အနားယူရမည့်နေရာဆီပြန်ကာ သူတို့နေဖို့အတွက် အိပ်ရာကိုးခုကိုပဲ ရွေးလိုက်ကြတော့သည်။

ကျိုးကျုံးချိုးက မိန်းကလေးဖြစ်၍ သူမကိုနံရံနား ကပ်အိပ်ခိုင်းလိုက်ကြ၏။ ကျန်တဲ့သူများက တန်းစီ၍နေလိုက်ကြပြီး အချိန်ဘယ်လောက်မှမရှိသေးခင်မှာပဲ မွှေ့ရာတစ်ဝက်နီးပါးကို လူကိုးယောက်က ဦးသွားခဲ့ကြသည်။

ကျန်းလော့က မွှေ့ရာအရေအတွက်ကို ရေတွက်လိုက်သည်။ “မဟုတ်သေးပါဘူး …ဘာလို့ မွှေ့ရာက နှစ်ဆယ့်နှစ်ခုပဲရှိရတာလဲ”ဒုတိယအဆင့်ပြီးဆုံးသွားချိန်မှာ အောင်အောင်မြင်မြင်နှင့် ဖြတ်ကျော်နိုင်ခဲ့သည့် လူအရေအတွက်က သေချာပေါက်ကို အယောက်သုံးဆယ်ဖြစ်သည်။

“လူရှစ်ယောက်ကထွက်လိုက်ရတယ်” ဝန်ထမ်းက နှမျောတသစွာဖြင့် ပြောလာခဲ့သည်။ “လူငါးယောက်က ယွင်နန်မှာ မှိုတွေစားလိုက်ကြပြီးတော့ ဆေးရုံရောက်သွားကြတယ်လေ … အခုထိအိပ်ရာထဲမှာနေနေရတုန်း မသက်သာသေးဘူး”

ကျန်းလော့နှင့် သူ့အုပ်စု “…..”

ဟင်း။

ပိုင်ဟွာတက္ကသိုလ်ရှိလူများက အရင်ဆုံးရောက်လာခဲ့ကြတာဖြစ်သည်။ သူတို့က တစ်နေ့လည်ခင်းလုံး ခရီးဆက်လာကြရတာဖြစ်သည်။ သူတို့က လေယာဉ်ပေါ်မှာသာ တရုတ်အစားအစာကို စားခဲ့ကြရပြီး ဘတ်စ်ကားစီးပြီးနောက်မှာ ထိုဟာကိုလည်း ပြန်အန်ထုတ်ခဲ့ကြရ၏။ သူတို့၏အိပ်ရာ‌ကို သန့်ရှင်းရေးလုပ်ပြီးနောက်မှာ သူတို့ထဲကတစ်ချို့က ဗိုက်အရမ်းဆာလာကြပြီး ဝန်ထမ်းကိုသွားရှာလိုက်ကြသည်။ သို့သော် ဝန်ထမ်းက သူတို့ကိုခေါက်ဆွဲခြောက်တစ်ဖာ၊ ဆိုဒါရေတစ်ဘူးနှင့် ဝက်အူချောင်းကိုးချောင်းကိုသာ ပေးလာခဲ့သည်။ 

အကြမ်းပတမ်းခံနိုင်သော ကောကျူတောင်မှပဲ အနည်းငယ်ဖြူဖျော့လာခဲ့၏။ “ပြိုင်ပွဲစီစဉ်တဲ့သူတွေက အတော်လေးကို ရက်စက်လွန်းပါတယ်ကွာ”

ကျန်းလော့က သက်ပြင်းချလိုက်မိ၏။ အဖွဲ့ထဲမှာ ချက်တတ်ပြုတ်တတ်သော တစ်ဦးတည်းသူအဖြစ်နှင့် ကျန်းလော့က ဝန်ထမ်းဆီကနေ သံဒယ်အိုးတစ်လုံးကို ငှားလိုက်ပြီး သူ့အဖော်များကို ထင်သွားရှာပြီးတော့ အလေ့ကျပေါက်နေသော ဟင်းသီးဟင်းရွက်တချို့ကိုလည်း ခူးခဲ့ခိုင်းလိုက်သည်။ ထို့နောက် ထိုနေရာမှာတင်ပဲ မီးဖိုဖိုလိုက်သည်။

ဝမ်ယမ်လန်က မီးဖိုဘေးနားမှာ စိတ်ဝင်တစားနှင့် ထိုင်ကြည့်နေခဲ့ပြီး ဟင်းသီးဟင်းရွက်ရှာဖို့သွားသော ခွမ့်ကျိန်းကို သေချာ‌မှာလိုက်၏။ “မှားခူးမလာခဲ့နဲ့နော်”

မဟုတ်လို့ကတော့ သူတို့လည်းပဲ မှိုစားပြီး ဆေးရုံရောက်သွားကြသော လူငါးယောက်လိုမျိုး ပြိုင်ပွဲကိုလွတ်သွားလောက်သည်။ 

ခွမ့်ကျိန်း၏မိသားစုက ခက်ခဲသောအချိန်ရှိခဲ့၍ သူကဝမ်ယမ်လန်ထက်ပိုပြီးတော့ ဘယ်ဟင်းသီးဟင်းရွက်က စားလို့ရလဲဆိုတာကို ပိုသိသည်။ သို့သော် သူခေါင်းညိမ့်ပြလိုက်ပြီး ကျန်းလော့ကို မီးဖိုတည်ဖို့ကူညီပေးကာ တောထဲကို ထွက်သွားခဲ့သည်။ 

နာရီဝက်လောက်ကြာပြီးချိန်မှာ ခွမ့်ကျိန်းပြန်လာခဲ့သည်။ သူက လက်တစ်ဆုပ်စာ ဟင်းသီးဟင်းရွက်များသာမကပဲ အရေခွံချွတ်ပြီးသော နားရွက်ရှည်ယုန်တစ်ကောင်ကိုပါ ပြန်သယ်လာခဲ့သည်။

ကျန်းလော့က မီးမွှေးပြီးပြီဖြစ်ကာ စပ်စုနေကြသောလူအုပ်ကြီးက အနားမှာ ပတ်ပတ်လည်ဝိုင်းထိုင်နေကြသည်။ ခွမ့်ကျိန်း၏လက်ထဲက ယုန်ကိုမြင်ချိန်မှာ သူတို့၏မျက်လုံးများ အရောင်တောက်လာခဲ့ကြသည်။ “ညစာအတွက် ယုန်ကင်မလို့လား”

ကျန်းလော့က သူ့မေးစေ့ကိုပွတ်လိုက်၏။ “ကောင်းသားပဲ”

ဆယ်မိနစ်မရှိသေးခင်မှာပဲ သံဒယ်အိုးထဲရှိရေက ဆူပွက်လာခဲ့သည်။ ကျန်းလော့ ခေါက်ဆွဲဆယ့်ရှစ်ထုပ်ကို ဖောက်ထည့်လိုက်သည်။

ဤနယ်ပယ်၏အလုပ်က ခန္ဓာကိုယ်၏အင်အားကိုသုံးရ၍ ဖြစ်ကောင်းဖြစ်နိုင်သည် သူတို့ထဲက ဘယ်သူမဆို ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် မဟားတရားစားနိုင်ကြသည်။ အပေါ်ယံမှာ သိမ်မွေ့ပုံပေါက်ကြသော်လည်း ထမင်းသုံးပန်းကို တစ်ထိုင်တည်းနှင့် ဗိုက်မပြည့်ဘဲစားနိုင်ကြသည်။

ခေါက်ဆွဲကိုထည့်ပြီးနောက်မှာ ဝမ်ယမ်လန်က ဝန်ထမ်းဆီကနေ တောင်းလာခဲ့သော ခရမ်းချဉ်သီးနှစ်စိတ်ကို အိုးထဲထည့်လိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်အချို့ကို အတော်အသင့်ထည့်ကာ တချို့ကို ယုန်ကင်အတွက် ချန်ထားလိုက်သည်။

ဟင်းသီးဟင်းရွက်‌ကို နောက်ဆုံးကျမှထည့်လိုက်သည်။ အနီရောင်ဟင်းရည်က ခေါက်ဆွဲနှင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်နှင့် ဝက်အူချောင်းကြားမှာ တပွက်ပွက်ဆူနေခဲ့ပြီး ခရမ်းချဉ်သီးနှင့် ခေါက်ဆွဲ၏ရနံ့တို့က ပေါင်းစပ်ကာ လူတို့၏စားချင်သောက်ချင်စိတ်ကို နှိုးဆွပေးလာခဲ့ပြီး တံတွေးမျိုချသံကို တစ်ယောက်ပြီးတစ်ယောက်ဆီကနေ ကြားလာရသည်။ 

တစ်နေ့လုံးပင်ပန်းထားကြသော လူအုပ်ကြီး၏မျက်လုံးတို့က သံဒယ်အိုးကို စိုက်ကြည့်နေသည်မှာ မျက်လုံးအရောင်တောင် အနီရောင်ပြောင်းလုမတတ်ပင်။

လုယုံရိက သူ့သွားရည်ကိုသုတ်လိုက်ပြီး အပြေးလေးသွားကာ ဝန်ထမ်းဆီကနေ ပန်းကန်လုံးနှင့်တူများ သွားငှားလိုက်သည်။

ချီယယ်က ဘယ်နှကြိမ်မြောက်မှန်းမသိအောင် အံ့ဩတကြီးပြောလာခဲ့သည်။ “မင်းက ဟင်းချက်တတ်လိမ့်မယ်လို့ မထင်ထားဘူး”

“ အသင့်စားခေါက်ဆွဲလေးကို ပြုတ်ရုံတင်မလား။ ရေကြီးခွင်ကျယ်မှ မဟုတ်ဘဲ” ကျန်းလော့က ယုန်ကို မီးဖိုပေါ်တင်ပြီးတော့ ကင်လိုက်ရင်း နှုတ်ခမ်းကိုကော့တက်ပြီး မေးလိုက်သည်။ “ဘာလို့လဲ … ငါ့ဆီကနေ နံပါတ်တစ်နေရာကိုလုဖို့အတွက် …. ငါကအရမ်းကို တော်လွန်းနေတယ်လို့ တွေးမိသွားလို့လား” 

ချီယုံက တိုးတိုးလေးပြန်ပြောလာခဲ့သည်။ “အဲတာကတော့ လုရဦးမှာပေါ့”

တစ်ယောက်ယောက်က ချက်ပြုတ်ကျွေးတာကို စားပြီးနောက်မှာ ထိုကဲ့သို့သောစကားမျိုးပြောရတာကို ရှက်၍ဖြစ်နိုင်သည်၊ ချီယယ်၏အသံက ခြင်သံလောက်ပဲရှိတော့သည်။ 

ကျန်းလော့က ရယ်ချင်မိသွားသည်။

ခရမ်းချဉ်သီးခေါက်ဆွဲ၏ရနံ့က အနားယူသည့်နေရာတစ်လျှောက် လွင့်ပျံ့သွားခဲ့ပြီး ဆရာဝမ်ကလည်း စားဖို့အတွက်ရောက်လာခဲ့ကာ ပျော်ပျော်ကြီးပြောလာခဲ့သည်။ “ဒီခေါက်ဆွဲကလေ ပြုတ်လိုက်တာနဲ့ စိမ်ပြီးတော့စားတာနဲ့ အရသာကတခြားစီပဲ”

ကျန်းလော့က စားလို့ရပြီဟုပြောလိုက်သည့်အချိန်မှာ တူဆယ်ချောင်းက သံဒယ်အိုးထဲကို လှစ်ခနဲပြေးဝင်လာခဲ့ပြီး တစ်ခဏချင်းမှာပဲ ခေါက်ဆွဲတစ်ဝက်က ပျောက်ကွယ်သွားခဲ့သည်။ 

ကျန်းလော့က ပထမဆုံးအဖြစ်နှင့် လုယုံရိဆီကနေ ခေါက်ဆွဲတစ်ပန်းကန် ခပ်ပေးခံလိုက်ရသည်။ သူထိုင်ချပြီးတော့ ခရမ်းချဉ်သီးဟင်းရည်ကို ဇိမ်ရှိရှိဖြင့် သောက်နေသည့်အချိန်မှာ ခရီးဆောင်အိတ်ကို ဆွဲလာသည့်အသံကို ကြားလိုက်ရသည်။ 

ကျန်းလော့က မော့ကြည့်လိုက်တော့ ဖြူဖျော့နေသောပြိုင်ပွဲဝင်တစ်ယောက်က တရွေ့ရွေ့နှင့်လျှောက်လာနေတာကို တွေ့လိုက်ရသည်။

ထိုသူက ခြေလှမ်းသုံးလှမ်းလှမ်းပြီးချိန်တိုင်းမှာ ချောင်းတစ်ခါဆိုး၏။ သူ၏ရုပ်ရည်သွင်ပြင်က မဆိုးသော်လည်း ခန္ဒာကိုယ်ကတော့ သေလုမျောပါးနာမကျန်းဖြစ်နေသည့်အလား ပိန်ကပ်နေခဲ့ကာ မျက်နှာက သွေးရောင်မရှိပေ။ ခရီးဆောင်အိတ်ကို ဆွဲလာသော လက်ကတောင်မှပဲ ဖြူဖျော့ကာ ပိန်သေးနေခဲ့ပြီး သွေးကြောစိမ်းများကိုတောင် ရှင်းရှင်းလင်းလင်းကြီး မြင်နေရသည်။

ထိုပြိုင်ပွဲဝင်ကလည်း သူတို့ကိုမြင်သွားကာ အားဖျော့သည့်အပြုံးလေးတစ်ပွင့် ပြုံးပြလာခဲ့ပြီး သူတို့ဆီဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ “ဟယ်လို”

“ ဟယ်လို” ကျန်းလော့က သူ၏အကဲခတ်နေသောအကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဖော်ရွေစွာပြုံးပြလိုက်သည်။ “မင်းက ဘယ်သူ”

အနီရောင်ဟင်းရည်ကြောင့် ကျန်းလော့၏နှုတ်ခမ်းအရောင်က  အနီရောင်သန်းကာ ရွှန်းစိုနေခဲ့သည်။

“ ငါ့နာမည်က လျောင်ဇီပါ” လျောင်ဇီက ချောင်းဆိုးလိုက်ရင်း အသံတိုးတိုးဖြင့် မေးလာခဲ့သည်။ “မင်းတို့ ညစာစားနေကြတာလား”

ထိုယောင်္ကျားက ထိုစကားနှစ်ခွန်းကို အားကုန်သုံး၍ ပြောလိုက်ရပုံပေါ်သည် သို့သော် သူ့မျက်လုံးထောင့်ကတော့ သံဒယ်အိုးကို လှမ်းကြည့်လာပြီး သွယ်ဝိုက်သောသဘောဖြင့် သူဖြစ်ချင်သည့်အဓိပ္ပာယ်ကို ပြလာခဲ့၏။

ကျန်းလော့က ယဉ်းကျေးပျူငှာစွာဖြင့် မေးလိုက်သည်။ “ မင်း ငါတို့နဲ့အတူ ဝင်စားလိုက်ပါ့လား”

လျောင်ဇီကပြုံးလိုက်ပြီး ပြောလာ၏။ “ကျေးဇူးတင်ပါတယ်”

လျောင်ဇီက သူ၏ခရီးဆောင်အိတ်ကို ဘေးပို့ပြီးတော့ ကျန်းလော့၏ဘေးမှာ ဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။ ထို့နောက် လုယုံရိက ကမ်းပေးလာသော တူတစ်စုံကိုယူလိုက်ပြီး သံဒယ်အိုးထဲကနေ ခေါက်ဆွဲတစ်ပန်းကန်ကို ညင်ညင်သာသာလေး ခပ်လိုက်သည်။”

“စားလို့ကောင်းလိုက်တာ” လျောင်ဇီက သက်ပြင်းချလိုက်ပြီး ခေါင်းကိုစောင်းကာ ကျန်းလော့ကို တီးတိုးပြောလာခဲ့သည်။ “ငါ ဒီကို လမ်းလျှောက်လာရင်းနဲ့ သေတော့မလို့”

သူ့ပုံစံက အတော်လေးကို နာမကျန်းဖြစ်နေသည့်ပုံပေါက်ပြီး ထိုအခြေအနေနှင့် ဒီအထိကို လမ်းလျှောက်လာနိုင်တာက အောင်မြင်သည်ဟုပင် ပြောလို့ရသည်။ ကျန်းလော့က မေးလိုက်၏။ “မင်းက ဘယ်ကနေလာရတာလဲ”

လျောင်ဇီက ရှက်ပြုံးလေးပြုံးလာခဲ့၏။ “ငါက ရှန်းရှိနယ်သားပါ”

ကျန်းလော့ “…… တော်တော်လေးကို ကြိုးစားခဲ့တာပဲ”

လျောင်ဇီက မချိပြုံးပြုံးလိုက်ပြီး ပြောလာခဲ့သည်။ “ငါက  ကျန်းမာရေးသိပ်မကောင်းဘူးလေ။ မင်းတို့လို ခရီးအဝေးကြီးကနေ လာရတာမဟုတ်ပေမယ့် မင်းတို့လို အားအင်မရှိဘူး” 

ကျန်းလော့က ရယ်လိုက်ပြီး ပြောလိုက်၏။ “ငါတို့က ဘယ်ကနေလာလဲဆိုတာကို မင်းသိလို့လား”

လျောင်ဇီက ဖျော့ဖျော့‌လေးပြုံးလာခဲ့၏။ “တတိယအဆင့်မှာ ယှဉ်ပြိုင်ကြတဲ့သူတွေထဲမှာ ရှန်ဟိုင်းတက္ကသိုလ်နဲ့ ပိုင်ဟွာတက္ကသိုလ်ကလူတွေပဲ အုပ်စုတောင့်တာလေ။ ပြီးတော့ ငါက ဝက်ဆိုဒ်မှာတင်တဲ့ ဗီဒီယိုတွေကိုလည်း ကြည့်ထားသေးတယ်။ ကျန်တဲ့သူတွေကို မမှတ်မိရင်တောင်မှပဲ ပထမနေရာကလူဖြစ်တဲ့ မင်းကိုတော့ ငါမှတ်မိတယ်” 

ဆရာဝမ်က ရုတ်ထရက်ထပြောလာခဲ့၏။ “မင်းနာမည်က လျောင်ဇီ ပြီးတော့ မင်းက ရှန်းရှိကနယ်ခံဆိုတော့… မင်းက ရှန်းရှိမှာနေကြတဲ့ အလောင်းကောင်မုဆိုး ရှေးဟောင်းလျောင်မိသားစုရဲ့ မျိုးဆက်များလား” 

အုပ်စုထဲရှိလူများက တည်တည်ငြိမ်ငြိမ် ပြုံးပြီးတော့ ခေါင်းညိမ့်ပြလာသည့် လျောင်ဇီကို ချက်ချင်းဆိုသလို မော့ကြည့်လိုက်ကြသည်။ “ဟုတ်ပါတယ်”

“ရှေးဟောင်းလျောင်မိသားစုရဲ့ မျိုးဆက်တွေတောင် အကုန်အရွယ်ရောက်ကုန်ကြပြီပဲ” ဆရာဝမ်က လေးနက်သည့်ခံစားချက်တွေဖြင့် မေးလိုက်သည်။ “ မင်းရဲ့အဖေရော ကျန်းမာရေးဘယ်လိုနေလဲ”

“အဖေက ကျန်းမာရေးကောင်းပါတယ်” လျောင်ဇီက ထိုအကြောင်းကိုပြောရတာ သိပ်ပြီးတော့ စိတ်သက်သောင့်သက်သာ မဖြစ်သည့်ပုံပင်၊ သူက ယုန်ကင်ကို လှမ်းကြည့်လာပြီးတော့ ဖြည်းဖြ့ည်းချင်း သတိပေးလိုက်သည်။ “ ယုန်ကင်က စားလို့ရနေပြီလားလို့”

ကျန်းလော့က ငုံ့ကြည့်လိုက်တော့ ယုန်ကပျားရည်ရောင်သန်းနေအောင်ထိ အကင်ခံထားရပြီး အရေပြားဆီကနေတောင် ဆီတွေစိမ့်ထွက်နေပြီဖြစ်ကာ အမှန်တကယ်ကိုပင် စားဖို့အသင့်ဖြစ်နေပြီဖြစ်သည်။ 

သူယုန်ကင်ကိုအောက်ချလိုက်ပြီး ဓားမြှောင်ဖြင့် အသားကိုပိုင်းကာ လူအုပ်ကြီးကို ခွဲဝေပေးလိုက်သည်၊ အထူးသဖြင့် ခွမ့်ကျိန်းကို ယုန်ခြေထောက်ပေးလိုက်၏။

လျောင်ဇီကလည်း နူးညံ့သောအသားပိုင်းကို ရလာခဲ့ပြီး သူအရသာခံလိုက်ကာ သက်ပြင်းချလိုက်ပြီး အရသာရှိကြောင်း ချီးမွမ်းလာခဲ့သည်။ 

ခရမ်းချဉ်သီးခေါက်ဆွဲအိုးလိုက်ကို အကုန်စားလိုက်ကြပြီး ချဉ်ပြုံးပြုံးစွပ်ပြုတ်က အိုး၏အောက်ခြေကိုပင် ရောက်နေခဲ့ပြီဖြစ်သည်။ သူတို့ ခဏတဖြုတ်လောက် အနားယူလိုက်ကြပြီး လျောင်ဇီကို အခန်းထဲခေါ်လာလိုက်ကြသည်။ 

လျောင်ဇီကလည်း ပိုင်ဟွာတက္ကသိုလ်၏ဘေးနား ကျန်းလော့၏ဘယ်ဘက်ကအိပ်ရာကို ရွေးခဲ့သည်။ 

ထူထဲထဲတောအုပ်ကြီးထဲမှာ ဖုန်းလိုင်းလည်းမမိပေ။ ကံကောင်းထောက်မစွာဖြင့် လုယုံရိက ဖဲနှစ်ထုပ်ကိုယူလာခဲ့မိသည်။ သူတို့ ဖဲကစားနေကြသည့်အချိန် အတောအတွင်း ကျန်ရစ်သည့်‌ပြိုင်ပွဲဝင်များလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြသည်။ 

လူနှစ်ဆယ့်နှစ်ယောက် တစ်ယောက်တလေတောင်မလျော့ဘဲ အနားယူသည့်နေရာထဲမှာ ပြွတ်သိပ်နေခဲ့ကြသည်။ 

လျောင်ဇီပြောသလိုပင် ပြိုင်ပွဲဝင်တွေထဲက လူအများစုက ရှန်ဟိုင်းနှင့်ပိုင်ဟွာတက္ကသိုလ်ကလူများ ဖြစ်ကြသည်။ ကျန်တဲ့သူများကတော့ အကုန်တကွဲတပြားစီဖြင့် တစ်ယောက်ချင်းစီ ရောက်လာကြသည်။ 

ပြိုင်ပွဲစီစဉ်သူများက စာနာထောက်ထားမှုလေးတော့ အနည်းငယ်ရှိကြသေးသည်၊ ပြိုင်ပွဲဝင်များကို ကိုယ်တိုင်ရေမကျိုခိုင်းဘဲ သူတို့ကိုရေပူ‌ပေးလာခဲ့သည်။ လူတိုင်းက အဖြစ်လုပ်ထားသော နေရာလေးမှာ ဆေးကြောပြီးသွားကြချိန်မှာ ဒိုင်လူကြီးနှင့်ဝန်ထမ်များက သူတို့အခန်းထဲကို ဝင်လာခဲ့ကြသည်။ 

ဖုန်းလီက ဒိုင်လူကြီးခြောက်ယောက်ထဲမှာ ရှေ့ဆုံးကနေ ရပ်နေခဲ့သည်။ ဖုန်းလီ၏ မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိသလို မညီမညာသောလမ်းကနေ ဖြတ်လာခဲ့ရ၍ ခန္ဓာကိုယ်ပေါ်မှာ ဖုန်တင်နေခြင်းလည်းမရှိပေ။ သူ့ဘေးနားမှာရပ်နေခဲ့သောဝန်ထမ်းက လင်ပန်းတစ်ချပ်ကို ကိုင်ထားခဲ့သည်။ ထိုလင်ပန်းအပေါ်မှာတော့ အဝါရောင်စာရွက်၊ ဟင်္သပြဒါး၊ ခွေးနက်၏သွေးနှင့် ရေးထားနှင့်ပြီးသား အဆောင်တို့ကို တင်ထားခဲ့သည်။ 

ဝန်ထမ်းကပြောလာခဲ့သည်။ “အရင်တစ်‌ခေါက်ရဲ့နောက်ဆုံးပြိုင်ပွဲတုန်းက မကောင်းဆိုးဝါးဝင်ပူးတာကိုခံခဲ့ရတဲ့ ပိုင်ယယ်ဖုန်းရဲ့ ပြဿနာကိုအရင်းပြုပြီးတော့ … ပြိုင်ပွဲဝင်တွေအားလုံးရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ကျွန်တော်တို့ စစ်ဆေးကြည့်ဖို့လိုပါတယ် … ဒါကြောင့်မို့လို့ လူတိုင်းပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” 

ကျန်းလော့က မျက်ခုံးကို ပင့်တင်လိုက်ပြီး ပြုံးလိုက်မိသည်။ “မမျှော်လင့်ထားတဲ့ ပျော်စရာလေးပါလား”

ဤပုံစံအရဆိုလျှင် ချီယုံကလူအုပ်ထဲမှာ ပုန်းနေရင်တောင်မှပဲ သူလူမိမှာသေချာသည်။

သူ့ဆံပင်ကနဖူးပေါ် အသာအယာလေး ဖြာကျနေခဲ့သော လျောင်ဇီက သူ့ဘေးနားမှာထိုင်နေ‌ရင်းဖြင့် ပြိုင်ပွဲဝင်များကို စတင်စစ်ဆေးနေပြီဖြစ်သော ဒိုင်လူကြီးများကို ကြည့်နေရင်း နွေးထွေးစွာပြောလာခဲ့သည်။ “ဒိုင်ခြောက်ယောက်စလုံး အတူတူပေါ်လာတာကို ဒါပထမဆုံးတွေ့ဖူးတာပဲ” 

သိပ်မကြာလိုက်ခင်မှာပဲ ဒိုင်များက ပိုင်ဟွာတက္ကသိုလ်ဆီ ရောက်လာခဲ့ကြသည်။

ဒိုင်ခြောက်ယောက်စလုံးက တစ်ယောက်နှင့်တစ်ယောက် မတူညီကြသော်လည်း လူတိုင်းမှာ ကိုယ်ပိုင်စရိုက်လက္ခဏာ‌ရှိကြ၏။ သူတို့ထဲကတစ်ဦးက ခေါင်းတုံးပြောင်နှင့် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ကျန်းလော့ကို အပြုံးဖြင့်ကြည့်လာခဲ့သည်။ “ဒီလူတွေအကုန်လုံးက ဆရာတွေနဲ့ အသိအကျွမ်းတွေချည်းပဲ”

နောက်ဆုံးမှာ သူ့အကြည့်က ကျောကိုမတ်မတ်ထားပြီး တင်ပျဉ်ခွေထိုင်နေသော်လည်း ခေါင်းကိုငုံ့ထားကာ အမူအရာဖတ်မရဖြစ်နေခဲ့သော ကောကျူထံရောက်သွားခဲ့သည်။ 

“ကောကျူ” ခေါင်းတုံးပြောင်နှင့် ဘုန်းတော်ကြီးက သက်ပြင်းဖျော့ဖျော့လေးချလိုက်ပြီး အသံကိုနိမ့်ကာပြောလာခဲ့သည်။ “မင်းအခုထက်ထိပြန်လာဖို့ အစီအစဉ်မရှိသေးဘူးလား”

ကျန်းလော့က ကောကျူကို ဘေးတစ်စောင်းဖြင့် လှမ်းအကဲခတ်လိုက်သည်။ ကောကျူ၏နှုတ်ခမ်းတို့က တင်းတင်းစေ့နေခဲ့၏။ “ဆရာတော်ချန်းသယ် … တပည့်တော်က တာအိုဘာသာကို ခံယူလိုက်ပါပြီ”

ဆရာတောင်ချန်းသယ်က မချိပြုံးပြုံးလိုက်ပြီး ခေါင်းယမ်းကာ ထပ်ပြောမလာတော့ပေ။

ဖုန်းလီက ကျန်းလော့ဆီလျှောက်လာခဲ့သည်။ “မင်းရဲ့လက်ကိုမြှောက်လိုက်”

ကျန်းလော့က အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ပြောသည့်အတိုင်း လက်မြှောက်လိုက်သည်။

သူ့ဘေးနားမှာတော့ လျောင်ဇီက ကျိုးကျန်းယွီ၏စစ်ဆေးခြင်းကို ခံနေရသည်။ ပထမဆုံးအနေနှင့် ခွေးနက်၏သွေးကို သူ့မျက်ခုံးပေါ်မှာ ချလိုက်သည်၊ ခွေးနက်၏သွေးက တုံ့ပြန်မှုမရှိပါက အဆောင်ဖြင့်စမ်းသပ်သည်၊ ထို့နောက် အဆောင်ကလည်း တုံ့ပြန်မှုမရှိဘူးဆိုလျှင် ထိုသူက မကောင်းဆိုးဝါး၏ပူးကပ်ခြင်းကို မခံထားရဟု ဆုံးဖြတ်လို့ရသည်။ 

ထိုမျှနှင့်တင်မကပဲ ဒိုင်လူကြီးများက ဝိညာဉ်ကိုအားကောင်းစေပြီး မကောင်းဆိုးဝါးကို နှိမ်နင်းပေးသောအဆောင်ကို ယှဉ်ပြိုင်သူတို့၏ကိုယ်ပေါ်မှာ နေရာမှာတင်ရေးဆွဲပေးလာကြ၏၊ ပြိုင်ပွဲပြိုင်နေစဉ်အတောအတွင်းမှာ မကောင်းဆိုးဝါးဝိညာဥ်၏ပူးကပ်ခြင်းမှ ကာကွယ်ရန်အတွက်လည်းဖြစ်သည်။  

ကျန်းလော့က အကုန်ပြီးဆုံးသွားချိန်မှာ ကျန်တဲ့သူများကလည်း ပြီးလုပြီးခင်ဖြစ်သည်။ ဖုန်းလီက သူ့ကိုနောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်လာခဲ့၏ ထို့နောက် ဒိုင်လူကြီးများ၏အနောက်ကိုလိုက်ကာ တခြားအုပ်စုဆီကို သွားလိုက်သည်။ 

လျောင်စီက သု့လက်ဖမိုးထက်မှာ ရေးထားခဲ့သောမန္တန်ကိုကြည့်လိုက်ရင်း ဘာမှမဟုတ်သလိုပြုံးလိုက်သည်။ “ဆရာတွေက အရမ်းအစွမ်းထက်ကြတာပဲ … ဒီလောက်မန္တန်တွေအများကြီး ရေးပြီးသွားကြတာတောင် တုံ့နှေးမှုတစ်စက်မရှိဘူး” 

ကျန်းလော့က ပြန်ပြောလိုက်သည်။ “အဆုံးမှာတော့ သူတို့ကမိသားစုခြောက်စုက ဆရာသခင်တွေပဲလေ” 

သူထရပ်လိုက်ပြီး ဝမ်ယမ်လန်ဆီသွားကာ သူ့ပခုံးကိုပုတ်လိုက်သည်။ “ဝမ်ယန် … အဲဒီ့ခြောက်ယောက်ထဲက ဘယ်သူက ချီမိသားစုကလည်း” 

( ချီယယ်နဲ့ ချီယုံက ချီအသံထွက်ချင်းတူကြပေမယ့် တရုတ်စာလုံးကမတူကြပါဘူး။ ချီယုံက Chiဖြစ်ပြီးတော့ ချီယယ်က Qi ပါ)

ဝမ်ယမ်လန်က ပြောလိုက်၏။ “ဘယ်ဘက်ကနေရေရင် ဒုတိယမြောက်”

ကျန်းလော့က ဘယ်ဘက်ကနေရေရင် ဒုတိယမြောက်လူကို ကြည့်လိုက်ရာ တည်ကြည်သောမျက်နှာထားနှင့် သတ်လတ်ပိုင်းလူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ကျောင်းသားတစ်ယောက်အတွက် အဆောင်ရေးပေးနေခဲ့တာဖြစ်ပြီး သူ့မျက်နှာထားကမပြောင်းလဲသော်လည်း နဖူးထက်မှာ ချွေးစက်တို့တဖြည်းဖြည်းနှင့် ထွက်လာနေခဲ့၏။

“အဲတာချီယုံရဲ့အဖေဘက်ကဦးလေးပဲ” ဝမ်ယမ်လန်က အေးစက်စက်ရယ်လိုက်ပြီး ပြောလာခဲ့သည်။ “ဘာမှအရည်အချင်းမပြည့်မှီတဲ့ ချီးထုတ်ပဲ”

ကျန်းလော့ကရယ်လိုက်မိ၏။ “မင်း အဲလိုမျိုးပြောတာကို ငါကြားခဲပါတယ်”

“ဘာလို့လဲဆိုတော့ သူလုပ်ခဲ့တဲ့လုပ်ရပ်က ရွံစရာကောင်းလို့လေ” လုယုံရိကလည်း အေးစက်စက်ဖြင့် သရော်သံပြုလာခဲ့၏။ “လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က တစ်စုံတစ်ယောက်က သူ့ကို မကောင်းဆိုးဝါးကိုရှင်းလင်းပေးဖို့ အကူအညီတောင်းခဲ့တယ်လေ။ သူ သတိမထားမိဘဲ အမှားလုပ်လိုက်မိလို့ သူတစ်မိသားစုလုံးကိုတောင် သတ်မိတော့မလိုဖြစ်သွားခဲ့တာ။ ပြဿနာတွေတတ်လာတော့ သူကတာဝန်မယူဘူးလေ။ အစ်ကိုချီယုံကို လွှဲချခဲ့တာ။ သူ့ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ အစ်ကိုချီယုံက အဲဒီ့ကိစ္စကိုလုပ်ခဲ့ပါတယ်ဆိုပြီး” 

“အစ်ကိုချီယုံက အရမ်းသဘောကောင်းတာကြောင့်  အဲလိုအပြစ်ဖို့တာကို ခေါင်းခံပြီးတော့ နှစ်တွေအများကြီး အပြောအဆိုခံခဲ့ရတာ” လုယုံရိက လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။  “ဒီနှစ်တွေအတောအတွင်းမှာ… အဲဒီ့ချီမိသားစုရဲ့အနွယ်ဖွားမျိုးဆက်ကြောင့် အစ်ကိုချီယုံက ခြိမ်းခြောက်အကျပ်ကိုင်ခံရပြီးတော့ သူမလုပ်တဲ့အမှားတွေကို အစားဝင်ခံခဲ့ရတာ ဘယ်နှစ်ကြိမ်များလဲတောင် မသိတော့ဘူး။ အစ်ကိုချီယုံမှာ သူငယ်ချင်းတွေရှိလာပြီးတော့ လူတွေက သူ့အကြောင်းကို ကောင်းကောင်းကြီးသိလာမှ … အစ်ကိုချီယုံက အရမ်းကြင်နာတတ်ပြီးတော့ ဒီလိုမကောင်းတဲ့လုပ်ရပ်တွေ လုပ်မယ့်သူမဟုတ်မှန်း သဘောပေါက်လာကြပြီး အစ်ကိုချီယုံရဲ့အပြစ်ကင်းမှုကို ပြန်ရခဲ့တာ” 

ကျန်းလော့က သူပဲနားကြားမှားမိတယ်လို့တောင် ထင်သွားမိသည်။ 

ချီယုံကို ကိုယ်စားအပြစ်ခံခိုင်းတယ်။

သူအော်ရယ်မိတော့မလိုတောင် ဖြစ်သွားမိသည်၊ တကယ်ကြီး ပြောနေတာလား။

ချီယုံက ကိုယ်စားအပြစ်ခံဖို့ အကျပ်ကိုင်ခံခဲ့ရပြီး၊ သူတကယ်ကြီး အပြစ်ဖို့ခံခဲ့သည် ထိုမျှတင်မကသေးပဲ သူ့ကိုအပြစ်လွှဲချခဲ့သောသူက အခုချိန်ထိကို ကောင်းကောင်းကြီးအသက်ရှင်နေသေးတယ်တဲ့လား။ 

“ချီယုံကို အပြစ်လွှဲချခဲ့တဲ့ တခြားမိသားစုဝင်တွေကရော ဘယ်လိုဖြစ်သွားပြီလဲ” သူ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ ဤဦးလေးဖြစ်သူက အသက်ရှင်နေသေးပေမယ့်လည်း ကျန်တဲ့သူတွေကတော့ မသေချာပေ။ 

ဝမ်ယမ်လန်က အေးတိအေးစက်ဖြင့် ပြောလာခဲ့သည်။ “သူတို့နောက်ကျောပေါ်မှာ ယုတ်မာမှုတွေ ထမ်းထားတာကလွဲလို့ … ကောင်းကောင်းကြီး အသက်ရှင်နေကြသေးတယ်”

ကျန်းလော့က အံ့အားသင့်မိသွားသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ချီယုံ၏အငြိုးအတေးထားတတ်ပြီးတော့ အကြင်နာတရားမရှိ ရက်စက်တဲ့စရိုက်နဲ့ဆိုလျင်  ဘယ်လိုလုပ်ပြီးတော့ သူ့ကိုတစ်ယောက်ယောက်က အနိုင်ကျင့်ရင် ပြန်ပြီးတော့လက်တုံ့မပြန်ဘဲနေမှာတဲ့လဲ။

ကျန်းလော့ကမျက်မှောင်ကြုတ်လိုက်မိပြီး ထူးဆန်းမှုတချို့ကို မရေမရာခံစားလိုက်ရသည်။

“ ချီမိသားစုထဲမှာ ဒီနှစ်တွေအတောအတွင်း သေတဲ့သူတစ်ယောက်တောာင် မရှိဘူးလား” သူ ဇွဲမလျော့ဘဲမေးလိုက်၏။ “အနွယ်ဖွားတွေထဲကလေ”

နောက်ထပ်အသံတစ်သံက သူ့နောက်ကျောဘက်ကနေ ထွက်လာခဲ့သည်။  “ဒီနှစ်တွေအတောအတွင်းမှာ ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေသာ သေသွားခဲ့ပေမယ့် … အနွယ်ဖွားတွေထဲက တစ်ယောက်တောင်မှ မတော်တဆမဖြစ်ကြဘူးလေ”

လျောင်ဇီက ကျန်းလော့၏ဘေးနားမှာ ဝင်ထိုင်ပြီးတော့ သူ့ကိုပြုံးပြကာ ပြောလာခဲ့သည်။ “ထူးဆန်းတယ်လို့ မထင်ဘူးလား”

ထူး‌ဆန်းသည်။

သောက်ရမ်းကို ထူးဆန်းသည်။

ချီယုံက သူသွားမည့်လမ်းကြောင်းမှာ ဘယ်သူမှလာရှုပ်တာကို ဘယ်တော့မှ လက်သင့်မခံသည့်သူဖြစ်သည်။

ချီယုံကိုအပြစ်လွှဲချရဲ‌သော သူများက ချီယုံ၏လက်တုံ့ပြန်ခြင်းကို ခံကြရမှာ ဖြစ်သင့်သည့်ကိစ္စပင်။

ကျန်းလော့က နောက်ထပ်ထပ်မေးချင်သေးသော်လည်း ဒိုင်ခြောက်ဦးက ပြိုင်ပွဲဝင်များကို စစ်ဆေးလို့ပြီးသွားခဲ့ပြီဖြစ်ကာ ဝန်ထမ်းကအပြုံးဖြင့် ပြောလာခဲ့သည်။ “လူတိုင်းစောစောအနားယူကြတော့” 

ညကနက်နေပြီဖြစ်၍ ကျန်းလော့ ဆက်မေးဖို့စဉ်းစားတာကို ရပ်လိုက်ပြီး လျောင်ဇီနှင့်အတူ အိပ်ရာဆီပြန်သွားလိုက်သည်။သူအိပ်ရာပေါ်မလှဲခင်လေးမှာ သူရုတ်တရက်ဆိုသလို ခေါင်းအုံးပြင်နေခဲ့သော လျောင်ဇီကို ကြည့်ပြီးတော့မေးလိုက်၏။ “မင်းက ဘယ်လိုလုပ်ပြီးတော့ ချီမိသားစုရဲ့အကြောင်းကို သိနေရတာလဲ”

“ဘာလို့လဲဆိုတော့ ငါကသိချင်လို့လေ” လျောင်ဇီက သူ့ကိုအကြွင်းမဲ့ပြံးပြလာခဲ့၏။ “ငါက အလောင်းကောင်မုဆိုးမျိုးဆက်ကဆိုတော့ သူသေသွားတယ်လို့ကြားတဲ့အချိန်မှာ ချီယုံရဲ့အလောင်းကို ကြည့်ချင်လို့လေ။ ဒါပေမယ့် ငါက ကျန်းမာရေးသိပ်မကောင်းတဲ့သူဆိုတော့ ငါချီယုံတို့အိမ်ကိုရောက်သွားတဲ့အချိန်မှာ အသုဘကပြီးတောင်သွားပြီ” 

“ချီယုံတို့အိမ်မှာ ငါနေခဲ့တဲ့ရက်ပိုင်းအတောအတွင်း ငါ‌ကိစ္စတွေတော်တော်များများကြိ သိလာရတာ”

ကျန်းလော့က သံသယဝင်စရာဘာမှရှာမတွေ့၍ ခေါင်းညိမ့်ပြလိုက်ပြီး ခြုံစောင်၏အောက်မှာလှဲလိုက်သည်။

ကျန်းလော့က ညခင်းပိုင်း၏အေးမြမြလေညင်းကို ခံစားရင်း အိပ်ချင်လာခဲ့သည်။

သို့သော် သူအိပ်ပျော်တော့မည့်ဆဲဆဲမှာပဲ သူ့ ဦးရေပြားကနာကျင်လာခဲ့ပြီး သူချက်ချင်းဆိုသလို နိုးသွားခဲ့သည်။

သူ့ခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်တော့ လျောင်ဇီက သူ့ဆံပင်အဖျားကို မတော်တဆဖိထားမိမှန်း တွေ့လိုက်ရသည်။ ကျန်းလော့က သူ့နားထင်ကိုပွတ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “လျောင်ဇီ… မင်း ငါ့ဆံပင်ကိုဖိထားတယ်”

လျောင်ဇီက သူ့လက်မောင်းကိုကြွကာ တောင်းပန်လာခဲ့သည်။ “တောင်းပန်ပါတယ်”

-----------------