Part 42
ဝမ်ယမ်လန်က နူးနူးညံ့ညံ့လေးပြုံးနေခဲ့သော်လည်း ကျန်းလော့၏မျက်လုံးထဲမှာတော့ ထိုအပြုံးက အနည်းငယ် အကြင်နာတရားမရှိသည့်ပုံပေါက်နေခဲ့သည်။ “မိန်းမအဝတ်အစားကို ဝတ်စရာမလိုပါဘူး… ရွာထဲကမိန်းကလေးတွေက ဝတ်ရုံရှည်တွေပဲ ဝတ်ကြတာကို ငါတွေ့တယ်။ အဲဒီ့ဝတ်စုံက ယောင်္ကျားလေးဝတ်နဲ့ မိန်းကလေးဝတ် သိပ်မကွာပါဘူး”
ကျန်းလော့က ယတိပြတ်ပင် ငြင်းဆန်လိုက်သည်။ “လုံးဝမဖြစ်နိုင်ဘူး”
ဝမ်ယမ်လန်က သနားစဖွယ်လေး ပြောလာခဲ့သည်။ “ဒါပေမယ့် ငါကတစ်ယောက်တည်းသွားရမှာလေ … လူမှမလောက်ဘဲ”
ကျန်းလော့က လက်ကိုမြှောက်ပြီး သူ့ကိုကျောပေးထားသော ကျိုးကျုံးချိုးကို လက်ညှိုးထိုးလိုက်သည်။ “ကျိုးကျုံးချိုးသွားလို့မရဘူးလား”
ကျိုးကျုံးချိုး၏မျက်နှာအမူအရာက တခဏလောက် ပျက်ယွင်းသွားခဲ့သည်။ “ကျန်းလော့… ဒါက မလိုဘူးလေ”
ဝမ်ယမ်လန်က ညင်ညင်သာသာလေး တီးတိုးပြောလိုက်သည်။ “ကျုံးချိုးက သွားလို့ရတယ်လေ ဒါပေမယ့် သူတို့က မိန်းကလေးတွေကိုပဲ အဝင်ခံတာဆိုတော့ ကျုံးချိုးဒုက္ခရောက်မှာကို ငါစိတ်ပူတယ် … ယောင်္ကျားလေးကျ ပိုစိတ်ချရတယ်လေ”
ကျန်းလော့ “…..”
သူ ဒေါသထွက်ချိန်တိုင်းမှာ ချီယုံကို ခေါ်ထုတ်ပြီးတော့ ဆဲလေ့ရှိသည်။
ငါလိုးမ ချီယုံ။
တခြားသူများက အပြင်ကိုမောင်းထုတ်ခံလိုက်ရသည်။ စီဝမ်ကွေးက လုယုံရိ၏ဘေးနားမှာ ဓားကိုပိုက်ရင်း ရပ်နေခဲ့သည်။ သူ တံခါးကိုစိုက်ကြည့်ရင်း စိတ်ဝင်စားသည့်အမူအရာတစ်စက်မှမရှိဘဲ မေးလာခဲ့သည်။ “သူတို့ ဘာလုပ်နေကြတာလဲ”
“သူတို့တွေ အရမ်းကိုနာကျင်ရတဲ့တစ်စုံတစ်ခုကို လုပ်နေကြတာ” လုယုံရိက ဆက်ပြောလိုက်သည်။ “အထူးသဖြင့် ကျန်းလော့အတွက် တော်တော်လေး နာကျင်ရလိမ့်မယ်”
စီဝမ်ကွေးက မျက်မှောင်ကြုတ်လိုက်ပြီး တံခါးကိုဖျက်ဖို့လုပ်လိုက်သည်။ လုယုံရိက သူ့ကိုအချိန်မှီလေး ဖမ်းဆွဲလိုက်ရသည်။ “ဟေး … ဟေး … မင်းဘာလုပ်နေတာလဲ”
“ငါ့သူငယ်ချင်းတွေကို ငါကာကွယ်ပေးရမယ်” စီဝမ်ကွေးက သူ့ကိုပြန်လှည့်ကြည့်လာပြီး “ ပြီးတော့ မင်းကငါ့ကို ဝင်မသွားစေချင်ဘူးမလား။ ကိစ္စမရှိပါဘူး …. မင်းကငါနဲ့အတူ ဝင်သွားပြီးတော့ လူကိုကယ်လိုက် … ငါကမင်းကို ကာကွယ်ပေးမယ်”
လုယုံရိ “….. မင်းက ဒီလိုစရိုက်နဲ့လူမှန်း ငါတကယ်မသိခဲ့ဘူး”
“ ဘယ်လိုစရိုက်ကိုပြောနေတာလဲ” စကားများတာလား ဒါမှမဟုတ် အရမ်းဖြောင့်မတ်တာလား” စီဝမ်ကွေးက ရယ်ဖို့ကြိုးစားလိုက်သော်လည်း သူ့မျက်နှာက အကြောသေနေခဲ့ပြီး နှုတ်ခမ်းတစ်ခုသာ တောင့်တောင့်ကြီး လှုပ်ရှားသွားခဲ့သည်။ သူက ထူးဆန်းသည့်အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး ရွှဲ့စောင်းသောအပြုံးတစ်ပွင့်ကို အတင်းလုပ်ကာပြုံးပြလာခဲ့သည်။ “ငါက အရမ်းလည်း ပြုံးတတ်သေးတယ်”
ဘေးနားကနေ ခိုးနားထောင်နေခဲ့သော လျောင်ဇီ “…..”
ဒါကြီးကသေချာပေါက်ကို သူသိတဲ့ ထျန်ပိမဟုတ်ဘူး။
လုယုံရိက ကြက်သီးတဖြန်းဖြန်းထသွားခဲ့သည်။ “မပြုံးပါနဲ့တော့ … ငါတောင်းပန်ပါတယ်။ သူတို့ကသူတို့အလုပ်ကို လုပ်နေကြတာ … မင်းဝင်သွားပြီးတော့ သူတို့ကိုနှောင့်ယှက်လို့မရဘူး”
“ဘာအလုပ်လဲ” စီဝမ်ကွေးက ပြောလာခဲ့သည်။ “ ငါ့သူငယ်ချင်း နာကျင်နေရတာကို ငါဘေးနားကနေ ရပ်ကြည့်မနေနိုင်ဘူး”
လုယုံရိ၏အမူအရာက ထူးဆန်းလာခဲ့သည်။ “မင်းက ကျန်းလော့ရဲ့ဝေဒနာကို သူ့အစားခံပေးချင်တာလား”
သူ့ပုံစံက ရယ်ချင်တာကို အောင့်ထားရသလိုပင်။
စီဝမ်ကွေးက ခေါင်းညိမ့်ပြလာပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောလိုက်၏။ “ငါတို့အားလုံးက သူ့သူငယ်ချင်းတွေလေ … သူငယ်ချင်းဆိုရင် အခက်အခဲကို မျှဝေခံစားကြရမှာပေါ့”
ဘေးနားမှာရပ်နေခဲ့ကြသော ကျိူကျုံးချိုးနှင့်ကောကျူက ချက်ချင်းဆိုသလို လက်ခုပ်လက်ဝါးတီးလာကြသည်။
“ကောင်းတယ်” စီဝမ်ကွေးနှင့်လုယုံရိကို အခန်းထဲ သူတို့တွန်းပို့နေရင်းမှ ကောကျူက သက်ပြင်းချကာပြောလာခဲ့သည်။ “မင်းတို့က တကယ်ကိုသူငယ်ချင်းကောင်းတွေပဲ … ဒါကြောင့်မို့ ဗိမာန်ကိုစုံစမ်းဖို့ကိစ္စကို မင်းတို့လေးယောက်ရဲ့လက်ထဲ လွှဲအပ်လိုက်မယ်။ ငါတို့တွေ မင်းတို့ကို ဗိမာန်အပြင်ကနေ စောင့်နေပါ့မယ်”
လုယုံရိက ဘဝကိုပင် သံသယဖြစ်လာမိသည်။ “မဟုတ်ဘူး … မဟုတ်ဘူး … ငါမပြောခဲ့ဘူးလေ … ငါတကယ်အဲလိုမရည်ရွယ်ဘူး”
သူတို့နှစ်ယောက် အိမ်ထဲသို့ ဝှီးခနဲနေအောင် တန်းအပို့ခံလိုက်ရ၏။
ဝမ်ယမ်လန်က ကျန်းလော့၏မျက်နှာကို ခြယ်သပေးနေရင်းမှ အသံလာရာကို မော့ကြည့်ပြီး ကျေနပ်အားရသည့်အပြုံးတစ်ပွင့် ပေးလာခဲ့သည်။ “စစ်ဆင်ရေးကို လာပြီးတော့ပူးပေါင်းတာကို ကြိုဆိုပါတယ်”
သူလက်ကိုခါယမ်းလိုက်တော့ ပေါင်ဒါမှုန့်များက လေထဲမှာပျံ့နှံ့သွားခဲ့သည်။ ဝမ်ယမ်လန်က သူများတွေထက် ပိုပြီးတော့အရပ်ရှည်ကာ ခန္ဓာကိုယ်တောင့်သော လုယုံရိနှင့်စီဝမ်ကွေးကို သေချာကြည့်လိုက်ပြီး စိတ်ရင်းအမှန်ဖြင့် ပြောလိုက်၏။ “ ငါမင်းတို့ကို မိန်းမလှလေးဖြစ်သွားအောင် အစွမ်းကုန်ကြိုးစားပေးပါ့မယ်”
ကျန်းလော့က သူတို့ကိုမျက်စိတစ်ဖက်ဖွင့်ကာ ကြည့်လာပြီး ဝမ်းသာအားရဖြစ်သွားခဲ့သည်။ “တော်လိုက်တဲ့သူငယ်ချင်း”
ယောင်္ကျားရင့်မာကြီးသုံးယောက်ကို မိန်းကလေးနှင့်တူအောင် မိတ်ကပ်လိမ်းပေးရတာက အတော်လေးကို အချိန်ကုန်၏။ ကျန်းလော့တစ်ယောက်ကသာ မြန်မြန်ဆန်ဆန်နှင့်အဆင်ပြေပြေ ပြီးသွားသည့်သူဖြစ်သည်။ သူ၏ မျက်စိကျိန်းလောက်အောင် လှပသောမျက်နှာက သူ၏မျက်ခုံးထက်မှာရှိသော ရဲရင့်ဝင့်ကြွားဟန်ကို ဖုံးကွယ်လိုက်ရုံနှင့် ယောင်္ကျားမှန်းမိန်းမမှန်း ခွဲခြား၍မရလောက်သည်အထိ လှပသွားခဲ့သည်။
ကောကျူနှင့်ကျိုးကျုံးချိုးက သူတို့ကို ငှားလာခဲ့သော ရိုးရာအထည်လေးထည်ကို ပေးလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အဝတ်အစားများက ဝမ်ယမ်လန်ပြောသလိုပင် ယောင်္ကျားရောမိန်းမပါ ဝတ်လို့ရသည့်ဟာမျိုးဖြစ်နေခဲ့သည်။ အပေါ်နှင့်အောက်ကဝတ်ရုံရှည်က ယောင်္ကျားနှင့်မိန်းမသိပ်ပြီးတော့ ကွာခြားချက်မရှိပေ။
အကုန်ပြီးဆုံးသွားချိန်မှာ ညနေငါးနာရီတောင်ရှိနေပြီဖြစ်သည်။ ကျန်းလော့နှင့်သူ့အုပ်စုတို့ အိမ်ထဲကနေထွက်လာချိန်မှာ ကောကျူတို့က စောင့်ရလွန်း၍ ပျင်းနေပြီတောင်ဖြစ်သည်။
ကျန်းလော့၏ပြင်ဆင်ထားသောပုံစံကို မြင်ချိန်မှာ သူတို့အားလုံး အံ့အားသင့်သွားခဲ့သည်။ “ကျန်းလော့ … မင်းကတကယ်ကို အံ့အားသင့်စရာပဲ”
အနက်ရောင်ဆံပင်နှင့်လူငယ်လေးက ဆံကျစ်ကိုလျော့လျော့လေးကျစ်ထားခဲ့ပြီး သူ့ဘယ်ဘက်ပခုံးပေါ်မှာ တင်ထားခဲ့သည်။ သူ၏အနီရောင်နှုတ်ခမ်းတစ်စုံ၏ထောင့်လေးများက အပေါ်ကိုအနည်းငယ်ကော့တက်နေခဲ့ပြီး ပုံစံလေးက တက်ကြွမှုတို့အပြည့်နှင့် လှပနေခဲ့သည်။
ထိုပုံစံလေးက လူများကို သူတမင်တကာဖုံးကွယ်ထားခဲ့သော လိင်ကိုပင် မသိစိတ်ကနေ မေ့လျော့သွားအောင်လုပ်နိုင်သည့် အစွမ်းရှိသည်။ ဝတ်စုံကလည်း အံ့ဩဖို့ကောင်းလောက်အောင် ကွက်တိဖြစ်နေခဲ့ပြီး ခါးလေးကလည်း ကပ်ရပ်ကာ လူကိုပင်ရှက်သွေးဖြာစေလောက်သော ရှိုက်ဖိုကြီးငယ်များရှိနေခဲ့သည်။
ကျန်းလော့က ပြုံးလိုက်ပြီး စိတ်အခြေအနေကောင်းစွာဖြင့် သူ့အနောက်မှာရှိနေသော လုယုံရိနှင့်စီဝမ်ကွေးကို ပြသလိုက်သည်။
လူတိုင်း “……ခွီး”
သူ၏မိန်းမအဝတ်စားဝတ်ထားသည့်ပုံစံမှာ အရမ်းသက်သောင့်သာဖြစ်နေခဲ့သော လုယုံရိက အံ့ဩတကြီးမေးလိုက်သည်။ “မင်းတို့အကြည့်တွေက ဘယ်လိုဖြစ်နေရတာလဲ … ငါတို့ ကြည့်ကောင်းတယ်မဟုတ်ဘူးလား”
ကောကျူက သူ့မျက်နှာကြောများ အောင့်လာသည်အထိ ရယ်ချင်တာကို အောင့်အီးသည်းခံလိုက်သည်။ “ကြည့်ကောင်းတယ် … အရမ်းကြည့်ကောင်းတယ်”
လုယုံရိ၏ရုပ်ရည်က ချောမောသည့်ဘက်ကိုသွားပြီး ခန္ဓာကိုယ်ကလည်း အရပ်ရှည်သည် ထို့ကြောင့် သူ့ပုံစံက ပြောပလောက်စရာမရှိဟုသာပြောလို့ရသည်။ သို့သော် သူ့ဘေးနားမှာရပ်နေခဲ့သော စီဝမ်ကွေးနှင့်ယှဉ်လိုက်လျင် လုယုံရိက ငေးကြည့်ချင်စရာလေးဖြစ်သွားခဲ့သည်။
စီဝမ်ကွေး၏ရုပ်ရည်သွင်ပြင်က ခက်ထန်ပြီးတော့အေးစက်သည်။ သူက မိန်းမအဝတ်အစားကိုဝတ်ကာ မိတ်ကပ်ထူထူလိမ်းထားခဲ့သော်လည်း သူ့မျက်နှာသွင်ပြင်က သိပ်ပြီးတော့ပျော့ပြောင်းမသွားခဲ့ပေ ထိုအစား ပုံစံကရယ်ချင်စရာကောင်းပြီး လူများကိုရယ်မိစေသည်။
ဝမ်ယမ်လန်က ဘာမှမတတ်နိုင်တော့သည့်အမူအရာဖြင့် ရယ်ပြီးပြောလာခဲ့သည်။ “ငါလည်း အကောင်းဆုံးကြိုးစားခဲ့တာပဲ”
အချိန်ကျတော့မည်ဖြစ်၍ သူတို့၏ကိုယ်ပေါ်မှာ အကာအကွယ်ပေးနိုင်မည့်လက်နက်တချို့ကို ဝှက်လိုက်ပြီး တံခါးအပြင်ကို တိတ်တိတ်လေး ထွက်သွားလိုက်ကြသည်။
အိမ်တိုင်းလိုလို၏တံခါးပေါက်များက စေ့ထားခဲ့ပြီး ငယ်ရွယ်သောမိန်းမပျိုလေးများကပဲ ရွာထဲမှာသွားနေခဲ့ကြသည်။ နူးညံ့ပြီး လှပသောမျက်နှာလေးတိုင်း၏အပေါ်မှာ ရှက်ပြုံးလေးများရှိနေခဲ့ကြပြီး မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်နေကြသည်။
ကျန်းလော့တို့လေးယောက်က အာရုံစိုက်မှုကိုသိပ်မခံလိုက်ရဘဲ လူအုပ်ထဲကို ရောနှောဝင်နိုင်လိုက်သည်။ မိန်းမပျိုလေးများက သူတို့ကိုယ်သူတို့ အာရုံစိုက်နေရသည်နှင့်အလုပ်များနေခဲ့၍ တခြားသူကို အာရုံမစိုက်နိုင်ကြပေ။ သူတို့၏အသက်ရှူသံများက အနည်းငယ်ပြတ်တောင်းပြတ်တောင်းဖြစ်နေခဲ့ပြီး စိတ်လှုပ်ရှားမှုနှင့်မျှော်လင့်စောင့်စားခြင်းတို့က သူတို့၏စိတ်ကိုလွှမ်းမိုးသွားခဲ့၏။
ခြောက်နာရီထိုးချိန်မှာ မိန်းမပျိုလေးများက ဗိမာန်၏အရှေ့မှာ အသင့်ရပ်နေခဲ့ပြီဖြစ်သည်။
မိန်းမပျိုလေးများက အများကြီးရှိကြသော်လည်း တန်းစီလိုက်သောအခါ အတန်းရေက နည်းနည်းပဲရှိသည်။ သတိထားမခံရဖို့အတွက် ကျန်းလော့တို့က ချောင်ကျသောထောင့်လေးမှာ ရပ်နေလိုက်ကြသည်။
ရွာသူကြီးက ရေးကြီးသုတ်ပြာနှင့်ရောက်လာခဲ့ပြီး အတူတူရှေ့ဆုံးမှာရပ်ကာ ဗိမာန်ဖွင့်လာဖို့ကို စောင့်ကြိုနေခဲ့သည်။ သူက မိန်းမပျိုလေးများထက်ပင် ပိုပြီးတော့စိတ်လှုပ်ရှားနေသည့်ပုံပေါက်၏၊ ရှေ့နှင့်နောက်ကိုခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့ပြီး ခေါင်းပေါ်ကနေ စီးကျလာသောချွေးများကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။
ကောင်းကင်ကြီးက ရုတ်တရက်ဆိုသလို တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ဗိမာန်၏တံခါးက ဖြည်းဖြည်းချင်းပွင့်လာခဲ့ပြီး နတ်ဘုရား၏တမန်တော်က အနက်ရောင်ကိုဝတ်ဆင်ပြီးတော့ ထွက်လာခဲ့သည်။ ရွာသူကြီးက သူ့ကို အလျင်အမြန်နှုတ်ခွန်းကြိုလိုက်ပြီး နတ်ဘုရား၏တမန်တော်ကို သူ့အရှေ့မှာရှိသောခုံပေါ်မှာထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။
နတ်ဘုရား၏တမန်တော်မျက်နှာကို အနက်ရောင်ခေါင်းစွပ်ကြီးက ကာထားခဲ့ပြီး သူ့အသံက အင်မတန်ကို တိုးလျကာ အသံအိုးကိုဖျက်ဆီးခံထားရသည့်အလား ခြောက်သွေ့ကြမ်းရှနေခဲ့သည်။ “သူတို့တွေကို တစ်ယောက်ချင်းဆီရှေ့ထွက်လာပြီးတော့ သူတို့ရဲ့မွေးရက်ကို လာပြောခိုင်းလိုက်”
ရွာသူကြီးက မြန်မြန်ခေါင်းညိမ့်လိုက်ပြီး မိန်းမပျိုလေးများဆီကို သွားကာပြောလိုက်သည်။ “တစ်ယောက်ချင်းစီရှေ့ထွက်လာပြီးတော့ … တမန်တော်ရဲ့ရှေ့မှောက်ကိုသွားပြီး မင်းတို့ရဲ့မွေးရက်ကိုလျှောင်တင်ကြ ပြီးတော့ တမန်တော်ကမေးလာသမျှ မေးခွန်းတိုင်းကို ဖြေခဲ့။ ဒီအခွင့်အရေးက အရမ်းကိုရှားပါးတယ်.. တန်ဖိုးထားကြ ကြားလား”
ရှေ့ဆုံးတန်းမှာရပ်နေခဲ့ကြသော မိန်းမပျိုလေးများက တစ်ယောက်ပြီးတစ်ယောက်ရှေ့ထွက်ကာ နတ်ဘုရား၏တမန်တော်ရှေ့မှာ ရပ်လိုက်ကြသည်။
နတ်ဘုရား၏တမန်တော်က သူ့ခေါင်းကို အောက်ငုံ့ထားခဲ့၍ မိန်းကလေးများကို ကြည့်နေလားမကြည့်နေလားဆိုတာ သေချာမသိရပေ။ ရံဖန်ရံခါ သူ့ပါးစပ်ကိုဟပြီးတော့ မိန်းကလေးအချို့ကို သူ၏ဘယ်လက်မှာရပ်ခိုင်းတာကလွဲပြီး ကျန်တာဘာမှမပြောပေ။ ကျန်းလော့၏အရှေ့မှာရှိနေကြသော မိန်းကလေးများကလည်း သိပ်မကြာခင်မှာပဲ စစ်ဆေးပြီးသွားခဲ့၏။ နတ်ဘုရား၏တမန်တော်၏ ဘယ်ဘက်မှာရပ်နေကြသော မိန်းမပျိုလေးများက အပျော်လွန်နေကြပြီး အခေါ်မခံရသော မိန်းမပျိုလေးများကတော့ မျက်လုံးထဲမှာ မျက်ရည်များဝဲပြီး တုန်ရီနေကြပြီပင်။
ဘယ်ဘက်မှာချန်ထားခံရသော မိန်းမပျိုလေးများက လူတိုင်းချွင်းချက်မရှိအောင်ပင် မွေးရက်များက ယင်ဓာတ်အားကောင်းသောနေ့များ ဖြစ်နေခဲ့၏။
သေချာပေါက် တစ်ခုခုကတော့ ထူးဆန်းနေတယ်။
ကျန်းလော့၏စိတ်ကကြည်လင်နေခဲ့ပြီး သူအရှေ့ကိုထွက်ရချိန်မှာ ရွာသူကြီးနှင့်မျက်လုံးချင်းမဆုံရအောင် ခေါင်းကိုငုံ့လိုက်ပြီး အလွန်ပင်ယန်ဓာတ်ပြင်းထန်သော မွေးရက်ကို အသံတိုးတိုးဖြင့်ပြောလိုက်သည်။
ပုံမှန်အတိုင်းဆိုလျင် သူလည်းပဲ ဘယ်ဘက်မှာချန်ထားခံခဲ့ရမှာဖြစ်သည်။ သို့သော် နတ်ဘုရား၏တမန်တော်က သည်တစ်ခေါက်မှာတော့ ပုံမှန်လုပ်နေကျအတိုင်းမလုပ်ပဲ လည်ချောင်းသံကြီးဖြင့် မေးလာခဲ့သည်။
“နာမည်ဘယ်လိုခေါ်လဲ”
ကျန်းလော့ကရပ်တန့်သွားပြီးမှ ရွာထဲမှတွေ့နေကျဖြစ်သော သာမန်နာမည်တစ်ခုကို ရွေးလိုက်သည်။ “ချွေ့ဟွားပါ”
နတ်ဘုရား၏တမန်တော် “ခုနတုန်းက မိန်းကလေးတွေထဲမှာ ချွေ့ဟွားလို့ခေါ်တဲ့သူ ပါသွားပြီးပြီ”
ရွာသူကြီးက ကျန်းလော့ကို မယုံသင်္ကာဖြင့်ကြည့်လိုက်သည်။ သူတို့ကိုသူတို့နတ်ဘုရားကိုအပ်နှင်းထားကြသော မိန်းမပျိုလေးများက ကြားရက်မှာ အပြင်ထွက်လေ့သိပ်မရှိကြပေ။ ထို့အပြင် အခြားယောင်္ကျားများနှင့်လည်း ပြောဆိုဆက်ဆံခြင်းလည်းမလုပ်ကြချေ။ ရွာထဲမှာချွေ့ဟွားဆိုသောနာမည်နှင့် မိန်းကလေးအများကြီးရှိလားဆိုတာ သူမမှတ်မိသော်လည်း ရွာသူကြီးက ကျန်းလော့ကိုသံသယမဝင်ဘဲ ကိုယ်စားပြောပေးလာခဲ့သည်။ “တမန်တော်ကြီးခမျာ… ကျွန်တော်မျိုးတို့ရွာထဲမှာ မိန်းမပျိုလေးတွေ အများကြီးရှိတာမို့လို့ … နာမည်တူတာတွေလည်းရှိပါတယ်”
နတ်ဘုရား၏တမန်တော် “အဲလိုလား”
သူကတောင်ဝှေးဖြင့်ထရပ်လိုက်ပြီး ကျန်းလော့၏ရှေ့ကို ဖြည်းဖြည်ချင်း လျှောက်သွားလိုက်သည်။
ကျန်းလော့၏ငုံထားသောခေါင်းရှေ့မှာ ခြေတစ်စုံက ရောက်လာခဲ့သည်။အနက်ရောင်ဖိနပ်၊ အနက်ရောင်ဝတ်ရုံရှည်ဖြင့် နတ်ဘုရား၏တမန်တော်ကိုတစ်ကိုယ်လုံး ဖုံးအုပ်ထားခဲ့သည်။ပိုပြီးတော့ပင် အံ့ဩဖို့ကောင်းတာက ကျန်းလော့၏အရပ်က 180စင်တီမီတာထက်ရှည်တာတောင်မှပဲ ထိုတောင်ဝှေးနှင့်တမန်တော်က ကျန်းလော့ထက် ခေါင်းတစ်လုံးမြင့်နေသေး၏။
နတ်ဘုရား၏တမန်တော်က အနက်ရောင်အဝတ်စဖြင့် စည်းနှောင်ထားခဲ့သောလက်တစ်ဖက်ကို အနက်ရောင်ဝတ်ရုံထဲကနေ ထုတ်လိုက်ပြီး ကျန်းလော့၏မေးစေ့ကို မော့ကာ သေသေချာချာ စူးစမ်းလာခဲ့သည်။ “ဒါပေမဲ့ ဒီတစ်ယောက်က နည်းနည်းထူးဆန်းနေတယ်လို့ ငါဘာလို့ခံစားနေရတာပါလိမ့်”
ကျန်းလော့၏နှလုံးခုန်လှုပ်သွားခဲ့ပြီး သူ့မျက်လုံးကိုပင့်ကြည့်လိုက်ရာ တမန်တော်၏အနက်ရောင်ဝတ်ရုံခေါင်းစွပ်အောက်ကနေ ပေါ်ထွက်နေသော ဖြူဖျော့ဖျော့မေးရိုးတစ်ခုကို မြင်လိုက်ရသည်။
အောက်မေးရိုးက အနက်ရောင်ခေါင်းစွပ်နှင့်ယှဉ်လိုက်လျှင် ပိုပြီးတော့တောင် အသက်မရှိသည့်ဟန် ဖွေးဆုတ်နေပြီးတော့ မေးရိုးကချွန်ထက်ကာ လုံးဝကိုပြီးပြည့်စုံ၏။
ကျန်းလော့၏ရင်ထဲမှာ ရင်းနှီးနေသောခံစားချက်ကို ရေးရေးလေးခံစားလိုက်ရသည်။
တမန်တော်၏လက်က အောက်ကနေအပေါ်တက်၍ ကျန်းလော့၏ပါးပြင်ကို ဖိညစ်လာခဲ့သည်။ သူ့အသံက နားဆင်၍မကောင်းလောက်အောင်ပင် ဩရှနေခဲ့ပြီး သူပြောလာခဲ့သည်။ “မင်းကတကယ်ပဲ ရှန်းတုချွင်ကလူလား”
ကျန်းလော့က အန္တရာယ်မပြုနိုင်သော အပြုံးလေးတစ်ပွင့်ကို ပြုံးပြလိုက်သည်။ “နတ်ဘုရားရဲ့တမန်တော်ကြီး … ကျွန်တော်မျိုးမက သေချာပေါက်ကို ရှန်းတုချွင်ကလူပါ”
“ပြီးတော့ မင်းဘာလုပ်မှာလဲ” တမန်တော်၏လက်က ကျန်းလော့၏ပခုံးပေါ်ရောက်သွားခဲ့ပြီး အားဖြင့်ဖိချလာ၏။ “နတ်ဘုရားတွေကို အလုပ်အကျွေးပြုစုရတာမျိုး မင်းလုပ်မှာလား”
ကျန်းလော့၏ပခုံးက နာကျင်လာခဲ့သည်၊ သူ့အရိုးများကို ဖိချေခံနေရသကဲ့သို့ပင်။ ချွေးစေးများက သူ့နှာခေါင်းထိပ်မှာ ပြန်လာခဲ့ပြီး သူတည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။ “အလုပ်အကျွေးပြုမှာပါ”
ရွာသူကြီးက ပြာပြာသလဲဝင်ပြောလာခဲ့သည်။ “မစိုးရိမ်ပါနဲ့… တမန်တော်ကြီး… ကျွန်တော်မျိုးတို့ရဲ့ရွာမှာရှိတဲ့ မိန်းကလေးတိုင်းက နတ်ဘုရားကို ဘယ်လိုအလုပ်အကျွေးပြုရမလဲဆိုတာ သင်ယူပြီးသားပါ။ ဘယ်လိုအလုပ်အကျွေးပြုရမလဲဆိုတာကို မသိတဲ့သူတစ်ယောက်တောင်မရှိပဲ တစ်ယောက်ချင်းဆီတိုင်းက ပိုတော်ကြပါတယ်”
“ရွာသူကြီးက ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်လိမ့်မယ်လို့ ငါယုံကြည်ပြီးသားပါ” တမန်တော်က ဖြည်းဖြည်းချင်းပြောလာခဲ့သည်။ “ပြောရရင် …အရင်နှစ်တွေတုန်းကလည်း တစ်ခါမှ အမှားမလုပ်ခဲ့ဖူးဘူးလေ”
ရွာသူကြီး၏မျက်နှာထက်မှာ ရုတ်ချည်းဆိုသလို ဝမ်းမြောက်မှုများ ထင်ဟပ်လာခဲ့ပြီး ဘဝသစ်တစ်ခုကို မွေးဖွားလိုက်ရသကဲ့သို့ သူ့မျက်နှာက ရွှင်လန်းတက်ကြမှုများနှင့် အပြည့်ဖြစ်လာခဲ့သည်။ “ ဒီနှစ်မှာလည်း ဘာအမှားအယွင်းမှ မရှိစေရပါဘူး”
တမန်တော်ကခေါင်းညိမ့်လိုက်ပြီး ကျန်းလော့ကို နောက်တစ်ကြိမ်ထပ်ကြည့်လာခဲ့သည်။ သူတခဏလောက် တွေးတောပြီးနောက်မှာ ပြောလိုက်၏။ “သူ့ကိုရွေးချယ်လိုက်ပြီ… ကျန်တဲ့သူတွေ ပြန်သွားလို့ရပြီ”
ထိုစကားဆုံးချိန်မှာ ရွေးချယ်မခံရသော မိန်းမပျိုလေးများက မျှော်လင့်ချက်ကင်းမဲ့သည့်ပုံစံ ပေါက်သွားခဲ့ကြပြီး အများစုကဆိုလျှင် သွေးမရှိတော့သကဲ့သို့ ဖြူဖျော့ပီ့း မြေကြီးပေါ်ပင် သာခွေယိုင်ကျသွားခဲ့သည်။
ကျန်းလော့က နောက်လှည့်ပြီး သူ့အပေါင်းအဖော်များကို ကြည့်လိုက်သည်။ ဝမ်ယမ်လန်က သူ့ကို အသံတိတ်ဖြင့်အမူအရာ လုပ်ပြလာခဲ့၏။ မစိုးရိမ်နဲ့ဟု။
သူ တည်တည်ညိမ်ညိမ်ပင် ခေါင်းညိမ့်ပြလိုက်ပြီး တမန်တော်နှင့်ရွာသူကြီး၏အနောက်ကိုလိုက်ကာ ဗိမာန်ထဲကိုဝင်သွားလိုက်သည်။
သူက ကြောက်သည့်စိတ်ထက် ဤရွာ၏ဗိမာန်ထဲမှာ ဘယ်လိုလျို့ဝှက်ချက်တို့များ ရှိနေလိမ့်မလဲဆိုပြီး သိချင်သည့်စိတ်က ပိုများနေခဲ့သည်။
ဗိမာန်၏တံခါးကို ဟလိုက်ပြီး အထဲမှာမှောင်မိုက်နေခဲ့၏။ ကျန်းလော့တို့သုံးဦးစလုံး အထဲကိုဝင်ပြီးသွားချိန်မှာ လေးလံသောတံခါးပိတ်သံကြီး ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးလက်ကျန်အလင်းရောင်ခြည်တန်းလေးကို ပိတ်ဆို့ခံလိုက်ရသည်။
တမန်တော်က ရှေ့ကနေဦးဆောင်ခေါ်သွားပြီး ကျန်းလော့ကအလယ်ကနေလိုက်ကာ ရွာသူကြီးက နောက်ဆုံးမှာဖြစ်သည်။ အမှောင်ထုထဲကို ချည်းနင်းဝင်ရောက်ပြီးနောက် ကျန်းလော့၏မျက်လုံးကို တခဏလောက်ကျင့်သားရအောင် လုပ်လိုက်၏၊ ထို့နောက်မှာတော့ ဗိမာန်အတွင်းထဲကမြင်ကွင်းကို ကျန်းလော့ ရှင်းရှင်းလင်းလင်းကြီး မြင်လာရသည်။
ဗိမာန်ကို အတွင်းပိုင်းနှင့်အပြင်ပိုင်း နှစ်ပိုင်းခွဲထားခဲ့၏၊ အပြင်ဘက်ပိုင်းက ရှင်းလင်းနေပြီးတော့ ပူဇော်ပသသည့်ပစ္စည်းများတင်သော စားပွဲကလွဲပြီး ကျန်တာမရှိပေ။ ထူးဆန်းသည်တစ်ခုက စားပွဲပေါ်မှာ အမွှေးတိုင်နှင့်ဖယောင်းတိုင်များသာရှိပြီး ကိုးကွယ်သောနတ်ဘုရား၏ရုပ်တုလည်း မရှိသလို ပုံတူလည်းမရှိပေ။
သူတို့အပြင်ဘက်ပိုင်းကနေ အထဲကို ထွန်းညှိထားသောဖယောင်းတိုင်မီး မှိန်ပျပျကြားကနေ လျှောက်လာခဲ့ကြသည်။ တမန်တော်က ဖယောင်တိုင်စိုက်သောတိုင်တစ်တိုင်ကို ကောက်ယူလိုက်ပြီး ကြမ်းပြင်ထက်မှာရှိသော လျို့ဝှက်တံခါးကိုဖွင့်ကာ ခေါင်းကိုစောင်း၍ တိုးညင်းစွာပြောလာခဲ့သည်။ “နောက်ကနေလိုက်ခဲ့ကြ”
ဖယောင်တိုင်မီး၏အလင်ရောင်က သူ့မျက်နှာထက်မှာ အရိပ်များထင်ဟပ်နေစေခဲ့ပြီး အခန်းကြီးက ခြောက်ခြားဖို့ကောင်းနေခဲ့သည်။ ရွာသူကြီးက အသံတုန်တုန်ရီရီဖြင့် ပြန်ပြောလာခဲ့သည်။ “ကောင်းပါပြီ”
လျို့ဝှက်လမ်းက အရှည်ကြီးဖြစ်ပြီး ကျောက်တုံးလှေကားထစ်များက အောက်ဘက်ကို ဆင်းသွားကြသည်။
သူဘယ်လောက်ကြာအောင် ဤလမ်းပေါ်မှာလျှောက်နေရမှန်း ကျန်းလော့မသိတော့ပေ၊ တမန်တော်၏လက်ထဲက ဖယောင်းတိုင်တောင်မှပဲ သုံးပုံပုံလျှင်တစ်ပုံ လောင်ကျွမ်းသွားခဲ့ပြီဖြစ်၏။ ခြေသံများက ရှင်းလင်းနေသော လျို့ဝှက်လမ်းထက်မှာ ထွက်ပေါ်နေခဲ့သည်။ သေချာပေါက်ကို လူသုံးယောက်တည်း၏အသံဖြစ်သော်လည်း လူအများကြီးလျှောက်နေသလို ဆူညံနေခဲ့သည်။
နောက်ဆုံးမှာတော့ သူတို့မြေပြင်ညီပေါ် ခြေထောက်ချလိုက်ကြသည်။
မြေပြင်ညီပေါ်ခြေချပြီးနောက်မှာ နံရံ၏နှစ်ဘက်စလုံးတွင် အလင်းရောင်များရှိနေခဲ့သည်။ တမန်တော်က သူ့လက်ထဲရှိ ဖယောင်းတိုင်ကိုမှုတ်ပြီး ဘေးကိုပို့လိုက်သည်။ ထို့နောက် သူ့လမ်းကို အလျင်စလိုမရှိဘဲ တောင်ဝှေးဖြင့်ထောက်ကာ ဆက်လျှောက်သွားလိုက်သည်။
ကျန်းလော့၏သံသယအကြည့်များက ထိုသူ့ပေါ်မှာ ရှိနေခဲ့သည်။
အနက်ရောင်ခြုံထည်က တမန်တော်၏ပုံပန်းသဏ္ဍာန်ကို ဖုံးကွယ်ထားခဲ့သည်။ တမန်တော်က အမြဲလိုလို ဤပုံစံအတိုင်းဝတ်စားထားခဲ့လျှင် ထိုဟာက ရှန်းတုချွင်မှာရှိသော ဘယ်သူကမှ တမန်တော်၏တကယ့်ပုံစံအစစ်ကို မြင်ဖူးခြင်းမရှိဟုဆိုလိုသည်လား။
သည်လိုအနက်ရောင်ခြုံထည်လေး ခြုံလိုက်သည်နှင့် နတ်ဘုရား၏တမန်တော်ဆိုပြီး ဟန်ဆောင်ဖို့ဖြစ်နိုင်သည်လား။
ထိုအကြောင်းကိုတွေးနေစဉ်မှာ ကျန်းလော့ ရေစီးသံသဲ့သဲ့ကို ကြားလိုက်ရသည်။ သူတို့အထဲကို နက်သထက်နက်အောင်ဝင်သွားပြီးချိန်၌ မြစ်တစ်စင်းပေါ်လာခဲ့သည်။
မှိန်ပျပျအလင်းရောင်အောက်မှာ နှစ်မီတာအကျယ်ရှိသော ရေအောက်မြစ်တစ်စင်းကို ထင်ထင်ရှားရှားကြီး တွေ့လိုက်ရသည်။ ရေစီးကြောင်းက မြန်ပြီးတော့အားပြင်းသည်။ တဝေါဝေါစီးဆင်းနေသောရေများက ကမ်းစပ်နှစ်ဘက်နားမှာရှိသော မြေကြီးကိုစိုစွတ်သောစိမ့်မြေများ ဖြစ်စေခဲ့သည်။
မြစ်ကသိပ်မနက်သည့်ပုံပေါ်ကာ ဖြတ်ကူးဖို့ တံတားလည်းမရှိပေ။ ရှေ့ဆုံးကနေသွားနေခဲ့သော တမန်တော်က ရုတ်တရက်ဘေးကိုကပ်လိုက်ပြီး တိုးတိုးပြောလာခဲ့သည်။ “နတ်ဘုရားရဲ့သတို့သမီး… ကျေးဇူးပြုပြီးတော့ အရင်သွားပါ”
ကျန်းလော့၏မျက်ခွံများက ထိုအမည်နာမမှာ ခုန်လှုပ်သွားခဲ့သည်။ သူအရေးမပါသော စိတ်တိုင်းမကျစရာ အသေးအမွှားကိစ္စလေးကို လစ်လျုရှုလိုက်ပြီး မေးလိုက်သည်။ “ဘယ်လိုသွားရမှာလဲ”
သို့သော် သူကမိုက်မဲသည့်အရာတစ်ခုကို ပြောလိုက်သကဲ့သို့ တမန်တော်ကို ရယ်သံထွက်လာစေခဲ့သည်။ ခြောက်ကပ်ကပ်နှင့်အေးစက်သောရယ်သံက ကြောချမ်းစရာကောင်းနေခဲ့သည်။ “သေချာပေါက် ခြေထောက်နဲ့လျှောက်သွားရမှာပေါ့”
ကျန်းလော့၏သွားများ ယားလာခဲ့သည်။
လောကကြီးတစ်ခုလုံးမှာ ရယ်သံတစ်ခုတည်းနှင့် သူ့ဒေါသအကုန်လုံးကို ပေါက်ထွက်လာအောင် ဆွပေးနိုင်သောသူက တစ်ယောက်တည်းသာရှိသည်။
ချီယုံ။
ဤဟာက ဟိုတယ်၌ရှင်းပြ၍မရသော အရူးအနှမ်းလုပ်ရပ်များ လုပ်သွားပြီးနောက်မှာ ချီယုံကို ကျန်းလော့ပြန်တွေ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။
အရင်တစ်ခေါက်တုန်းကလုပ်ရပ်ကို သူပြန်ပြီးတော့ လက်စားမချေရသေးပေ။
ကျန်းလော့ ခနဲ့သလို အေးစက်စက်ရယ်လိုက်သည်။ “ရှင်က နတ်ဘုရားရဲ့ဘေးနားမှာ အစေခံအဖြစ်ခစားရတဲ့ နတ်ဘုရားရဲ့တမန်တော် ဟုတ်တယ်မလား”
ရွာသူကြီးက လန့်ဖျပ်သွားခဲ့သည်။”ချွေ့ဟွား … စကားကိုဘယ်လိုပြောလိုက်တာလဲ”
“မဟုတ်ဘူးလား” ချီယုံကို ကျန်းလော့က မျက်လုံးပင့်ကြည့်လိုက်ပြီး အမုန်းတရားများက လျှံကျလာခဲ့သည်။ သူ ခပ်တိုးတိုးပြောလိုက်သည်။ “ရှင်က နတ်ဘုရားရဲ့အစေခံ မဟုတ်ဘူးလို့ ငြင်းမလို့လား”
တမန်တော်က သူ့တောင်ဝှေးကိုလှည့်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလာခဲ့သည်။ “ဟုတ်ပါတယ်”
“အဲလိုဖြစ်နေတာတောင် ကျွန်မကိုရေထဲတန်းဆင်းသွားခိုင်းတယ်ပေါ့လေ” ကျန်းလော့ကမျက်မှောင်ကြုတ်လိုက်ပြီး ခပ်တည်တည်ပြောလိုက်သည်။ “ဒါက အစေခံတစ်ယောက်အနေနဲ့ လုပ်ရမဲ့လုပ်ရပ်လား”
ပိုပြီးတော့အရေးကြီးတာက ကျန်းလော့ ထိုမြစ်ထဲမှာ ရေသရဲအများကြီးကို တွေ့နေရသည်။
တစ်အုပ်ပြီးတစ်အုပ်၊ ရေသရဲတစ်အုပ်စုက ရေစီးကြောင်းနှင့် မျောပါသွားလျင် နောက်ထပ်တစ်အုပ်က ထပ်ရောက်လာခဲ့သည်။ မြစ်ရေ၏အမှောင်ထုထဲမှာ အရွယ်ပေါင်းစုံရှိသော ရေသရဲများက ကမ်းပေါ်ကိုတက်လာဖို့ အစွမ်းကုန်ကြိုးစားနေခဲ့ကြသည် သို့သော် မြစ်ထဲမှာပိတ်မိနေပြီးတော့ ရေထဲကိုကူကယ်ရာမဲ့စွာဖြင့် ပြန်ပြုတ်ကျနေကြသည်။
ထိုဟာကို ရေနစ်ပြီးတော့သေသည့်သရဲများ သို့မဟုတ် ရေသရဲများဟုခေါ်ကြသည်။
ရေနစ်ပြီးတော့သေခဲ့သည့်သရဲများနှင့် ဆွဲကြိုးချပြီးသေခဲ့သည့်သရဲများသည် လူပြန်ဝင်စားခွင့်မရပေ ထို့ကြောင့် သူတို့ကိုသူတို့လွတ်မြောက်ဖို့ရာအတွင် အစားထိုးခံမည့်လူများကို ရေထဲဆွဲချလေ့ရှိကြသည်။ ကျန်းလော့သာ ထိုရေထဲကိုခြေထောက်ချလိမ့်မည်ဆိုလျှင် ရာပေါင်းများစွာသောရေသရဲများ၏ ဆွဲချခြင်းကိုခံရပြီးတော့ သူတို့၏အစားထိုးခံလူဖြစ်သွားမှာပင်။
တမန်တော်က သူ့နှင့်မျက်နှာချင်းဆိုင်လာခဲ့သည်။ အနက်ရောင်ခေါင်းစွပ်နှင့် လွှမ်းခြုံခြင်းခံထားရသော သူ၏မျက်လုံးများက ဝတ်ရုံစကိုဖြတ်ပြီးတော့ ကျန်းလော့ကို မြင်နိုင်သည့်အလားပင်။ “မင်းလိုချင်တာဘာလဲ”
“ရှင်ရေထဲကိုခုန်ဆင်းလိုက်” ကျန်းလော့က သူ့မေးကိုအနည်းငယ်မော့လိုက်ပြီး သူ့မျက်နှာကအေးစက်မာကျောနေခဲ့သည်။ “မြစ်ကိုဖြတ်ဖို့အတွက် ကျွန်မရဲ့ခြေနင်းကျောက်ဖြစ်လာပေး”
ရွာသူကြီးက အသက်ရှူမှားသွားခဲ့ပြီး သူပြောခဲ့သမျှအရာအားလုံးကိုမေ့ကာ ကျန်းလော့ကို လိပ်ပြာလွင့်လုမတတ် ကြည့်လိုက်မိသည်။
တမန်တော်က တောင်ဝှေးကိုဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာပြန်လွှတ်လိုက်သည်။ ရှည်သွယ်သောတောင်ဝှေးက သူ့လက်ထဲမှာကစားစရာဖြစ်လာခဲ့သည်။ သူ့လက်များကို အနက်ရောင်ပိတ်စဖြင့် ရစ်ပတ်ထားသော်လည်း သူ၏အပြုအမူများက လွန်စွာအရေးမထားသည့်ဟန်ပေါက်နေခဲ့ပြီး လူများကိုမျက်လုံးမလွှဲနိုင်အောင်ဖြစ်စေသည်။
“အရှင်မ ပြောတာမှန်ပါတယ်” တမန်တော်က ရိုသေလေးစားသည့်အသုံးအနှုန်းကို သုံးလာခဲ့ပြီး အနည်းငယ်တောင် ပြုံးလိုက်သကဲ့သို့ပင်။ “အရှင်မရဲ့အဆင့်အတန်းမျိုးနဲ့ ရေထဲကိုတကယ်မဆင်းသင့်ဘူး”
ထိုစကားများကို ပြောပြီးသည့်နောက် တမန်တော်က ရွာသူကြီး၏မယုံကြည်နိုင်သော အကြည့်အောက်မှာ မြစ်ထဲကို ဆင်းသွားခဲ့သည်။
တမန်တော်က ရေထဲကိုခြေချလိုက်သည့်တခဏမှာပဲ ရေသရဲများက နှစ်ပေါင်းရာနှင့်ချီပြီး ငတ်ပြတ်နေခဲ့ရပြီးမှ ငါးနံ့ကိုရလိုက်ကြသကဲ့သို့ သူ့ဆီကို တစ်ဟုန်ထိုး ချည်းကပ်လာကြသည်ကို ကျန်းလော့က ရှင်းရှင်းလင်းလင်းကြီး တွေ့လိုက်ရသည်။ သို့သော် သရဲလက်အချို့က တမန်တော်ကို ထိလိုက်သည့်တခဏမှာပဲ ဒီရေကဲ့သို့ နောက်ပြန်ဆုတ်သွားခဲ့ကြသည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့်အရာကို မြင်လိုက်ရသည့်အလားဖြစ်သွားကြပြီး အနီးနားမှာရှိနေသော ရေသရဲများဆိုလျှင် ကယောင်ချောက်ချားဖြစ်ပြီးတော့ သမင်လည်ပြန်တောင် ပြန်ကူးသွားကြသည်။
ချက်ချင်းဆိုသကဲ့သို့ တမန်တော်၏ပတ်ပတ်လည်မှာရှိသော ရေများက ကြည်လင်သွားခဲ့သည်။
တမန်ဝောာ်က သူ့လက်မောင်းကိုဆန့်ကာ တောင်ဝှေးကို မြစ်၏တစ်ဖက်က မြေပြင်ထက်မှာ ထိုးစိုက်လိုက်ပြီး နှိမ့်ချစွာဖြင့်ပြောလာခဲ့သည်။ “ကျေးဇူးပြုပြီးတော့လျှောက်ပါ”
ကျန်းလော့က သူ့ကိုအဓိပ္ပာယ်ပါသော ရှည်လျားသည့်အကြည့်တစ်ချက် ပေးလိုက်ပြီး ခြေလှမ်းအကျယ်ကြီးလှမ်းကာ တမန်တော်၏ပုခုံးထက်မှာ ခြေထောက်ချလိုက်သည်။
တမန်တော်က ဖြောင့်တန်းစွာရပ်နေခဲ့ပြီး အနည်းမျှဝောာင် ယိမ်းယိုင်သွားခြင်းမရှိဘဲ တချို့သောကြိုးတံတားများထက်တောင် အများကြီးတည်ငြိမ်သည့် “တံတား” ဖြစ်နေခဲ့သည်။
ကျန်းလော့က ဆက်ပြီးတော့နင်းလျှောက်သွားမလို့လုပ်လိုက်သော်လည်း ဖြူဆုတ်နေသော သရဲလက်အချို့က သူ့ခြေကျင်းဝတ်ကို ရုတ်တရက်ဆွဲကိုင်ကြလာသည်။
မကြာသေးခင်ကမှ အလွန်ကြောက်လန့်နေခဲ့ကြသော ရေသရဲများက အံ့ဩဖို့ကောင်းစွာပင် နောင်တစ်ကြိမ်ပြန်စုဝေးလာကြပြီး ကျန်းလော့၏ခြေထောက်အောက်မှာရှိသော တမန်တော်ကိုလျစ်လျူရှုကာ ကျန်းလော့၏ခြေထောက်ကိုဆွဲပြီး ရေထဲကိုဆွဲချဖို့ အသည်းအသန်ကြိုးစားလာကြသည်။
ကျန်းလော့ကို ဆွဲချနေကြ၍ သူ့မှာခြေတစ်လှမ်းတောင် လှမ်းလို့မရတော့ပေ။
တမန်တော်ကို သူတစ်ချက်ကြည့်လိုက်ပြီး လှောင်ရယ်ရယ်ကာ မြောက်မြားလှစွာသော သရဲလက်များထဲကနေ သူ့ခြေထောက်ကို တောင့်တောင့်ကြီးဆွဲထုတ်ပြီး မြစ်တစ်ဖက်ကမ်းကို ခြေတစ်လှမ်းတည်းဖြင့် ခုန်ကူးသွားလိုက်သည်။
တမန်တော်နှင့်ရွာသူကြီးလည်း ကမ်းစပ်ကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ ရွာသူကြီးက ရေထဲကိုဆင်းသည့်အချိန်မှာ ရေသရဲများက သူ့ကိုဂရုမစိုက်ကြတာကို ကျန်းလော့က သတိထားလိုက်မိသည်။ တမန်တော်ကဲ့သို့ ကြောက်ရွံ့၍မဟုတ်ဘဲ အဖက်မလုပ်ကြတာဖြစ်သည်၊ ရွာသူကြီးက သေဆုံးပြီးသားသူတစ်ယောက်ကဲ့သို့။
သူတို့သုံးယောက် အရှေ့ကိုအနည်းငယ် ဆက်သွားလိုက်ကြပြီး ဗိမာန်၏အလယ်ကို ရောက်လာကြသည်။
မြေအောက်မှာရှိသော ဗိမာန်က မြေပြင်ထက်မှာရှိသောဗိမာန်ထက် နှစ်ဆသုံးဆလောက် ပိုပြီးတော့ကြီး၏။
ဗိမာန်ထဲမှာ ဖယောင်းတိုင်မီးများက မှိတ်တုတ်မှိတ်တုတ်လင်းနေကြပြီး မြေပြင်ထက်မှာ အရွယ်စုံအရိပ်များကို ထင်ဟပ်စေကာ နံရံထက်မှာရှိသော နံရံဆေးရေးပန်းချီတချို့ကို အလင်းရောင်ထွန်းညှိပေးနေခဲ့သည်။ သို့သော် နံရံဆေးရေးပန်းချီများထက် ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာက ဗိမာန်ထဲမှာ ခြေထောက်ကိုတင်ပျင်ခွေထိုင်နေသော နတ်ဘုရား၏ရုပ်တုပင်ဖြစ်၏။
မဟုတ်သေးပေ၊ ထိုဟာက နတ်ဘုရားရုပ်တုထက် မကောင်းဆိုးဝါး၏ရုပ်တုနှင့် ပိုတူနေခဲ့သည်။
နတ်ဘုရားရုပ်တုကို ကျောက်တုံးနှင့်ထွင်းထုထားခဲ့ပြီး သူ၏အကြမ်းထည်မျက်နှာထက်မှာ မျက်နှာဖုံးပေါ်ကအပြုံးနှင့်တူသော ပုံသေကားချပ်ဆန်သောအပြုံးကို ချိတ်ဆွဲထားခဲ့သည်။သူ၏ဘယ်ဘက်လက်မှာ ကြာပန်းကို ကိုင်ထားခဲ့ပြီး မျက်လုံးများက မှိတ်နေခဲ့ကာ ပြုံးနေသကဲ့သို့ ကွေးညွတ်နေခဲ့သည်။
သူ၏ရုပ်ရည်သွင်ပြင်က စစချင်းကြည့်လျှင် မေတ္တာဂရုဏာထက်သန်သောပုံစံပေါက်နေသော်လည်း ထိုအနောက်ကနေ အမြဲလိုလို ကပ်ပါလာသော ကျောချမ်းစရာခံစားချက်က ရှိနေခဲ့သည်။ ခြောက်သွေ့နေသောသွေးစက်အချို့က သူ့နှုတ်ခမ်းထက်မှာ အရောင်ခြယ်ထားသကဲ့သို့ ထင်ကျန်နေခဲ့သည်။
ရုပ်ထု၏ကိုယ်ထည်ပေါ်မှာရှိသော အရောင်များကလည်း ထူးဆန်းနေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးကို အရောင်ချယ်ထားသလိုထင်ရသော်ငြားလည်း ခြေထောက်များကတော့ အနက်နှင့်အဖြူဖြစ်နေခဲ့သည်။ အနက်ရောင်နှင့်အဖြူရောင်တို့ ဆုံသည့်နေရာမှာ သွေးစွန်းနေသည့်အကွက်လည်း ရှိနေခဲ့သည်။
သို့သော် ရွာသူကြီးကတော့ ထူးဆန်းမှုကို မခံစားမိသကဲ့သို့ပင်။ သူ့မျက်လုံးထဲမှာ ကြည်ညိုစိတ်များ တောက်လောင်လာခဲ့ပြီး သူချက်ချင်းပင် ဒူးထောက်ချကာ ဦးသုံးကြိမ်ချပြီး ပါးစပ်ကနေ အဆက်မပြတ်ရေရွတ်နေခဲ့သည်။
“အရှင်နတ်ဘုရား ….”
သူ၏အပြုအမူကို လျစ်လျူရှုပြီး တမန်တော်က တည့်တည့်ဆက်သွားကာ ရုပ်တုရှေ့မှာ အမွှေးတိုင်သုံးတိုင်ကို ထွန်းညှိလိုက်သည်။ မီးခိုးငွေ့များက အထက်ကို တလူလူတက်လာခဲ့ချိန်မှာ သူ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“သူ့ကိုကြိုးချည်လိုက်”
ဘယ်သူ့ကိုလဲ။
ကျန်းလော့က မျက်ခုံးပင့်လိုက်ပြီး ဘေးကိုသတိထား၍ ကြည့်လိုက်သည်။ ရွာသူကြီးက သူ့အင်္ကျီအိပ်ထောင်ထဲကနေ ကြိုးခွေတစ်ခွေကို ထုတ်ပြီးနေပြီတောင်ဖြစ်ပြီး မျက်လုံးထဲမှာ မကောင်းကြံသည့်အရိပ်အယောင်များဖြင့် သူ့ဆီကိုလှမ်းလာနေခဲ့သည်။
-----------