ဒီအပြစ်သားက ရှင်သန်လို
အခန်း ၂၁
ထိုအချက်အလက်တွေကို သေချာကြည့်ပြီးနောက်မှာ ကျန်းလော့ ဖိုင်တွေကို သူတို့၏ နဂိုနေရာဆီ ဂရုတစိုက် ပြန်ထည့်လိုက်ပြီး စင်ပေါ်ပြန်တင်လိုက်သည်။
ကျောင်းတွင်းမှတ်တမ်းနှင့် ဆရာတွေ၏ မှတ်ချက်တွေထဲမှာတော့ ဖူယွမ်အာက မိဘတွေရဲ့ မျက်လုံးထဲမှာ သမီး လိမ္မာလေးဖြစ်ပြီး ဆရာဆရာမတွေရဲ့ မျက်လုံးထဲမှာ တော်တဲ့ကျောင်းသား တစ်ယောက်ဖြစ်၏။ ထိုကဲ့သို့သော သမီးလိမ္မာမျိုးက မိဘနှင့်ဆရာဆရာမတွေ၏ စကားကို မြေဝယ်မကျ နားထောင်မည့်သူမျိုးဖြစ်သည်။ အဆောင်တံခါး မပိတ်ခင်မှာ အဆောင်ကိုရောက်အောင် ပြန်မယ် ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစား လည်းမထားသလို ဖုန်းလည်းမဆော့ဘဲ သူမကို မလုပ်ခိုင်းသမျှ အရာအားလုံးကို အမြဲလိုလို မလုပ်ဘဲနေမည့်သူမျိုးဖြစ်သည်။
ထိုနည်းလမ်းက အနည်းငယ်ချုပ်ချယ်သလို ဖြစ်နေပေမယ့်လည်း ဒုက္ခရောက်မည့်ဟာ အများစုကိုတော့ ရှောင်နိုင်မှာဖြစ်သည်။
အမြဲစိမ်းအထက်တန်းကျောင်းက ကျောင်းအိပ်ကျောင်းစားနေရသည့် ကျောင်းဖြစ်ပြီး ထိုကဲ့သို့သော ကျောင်းတွေက အများအားဖြင့် သူတို့ ကျောင်းသားတွေအပေါ် တော်တော်လေး စည်းကမ်းတင်းကျပ်လေ့ရှိသည်။ အထူးသဖြင့် သူတို့ရဲ့ သွားရေးလာရေး နှင့် လုံခြုံမှုတွေမှာဆိုရင် ပိုလို့တောင်ဂရုစိုက်သေးသည်။
ထိုကဲ့သို့သော အခြေအနေမျိုးမှာ ဖူယွမ်အာ ပျောက်ဆုံးသွားမှုက ထိုအချိန်က ကျောင်းကိုတိုးချဲ့မှုနှင့် ခွဲခြား၍မရနိုင်အောင်ပင် ဆက်စပ်နေသည်။
ကျောင်းကို တိုးချဲ့သည့်အချိန်မှာ လူစိမ်းတွေလည်း ကျောင်းထဲကို ဝင်ထွက်သွားလာခဲ့ကြသည်။ ထို အလုပ်သမားတွေကလည်း အလုပ် အရမ်းများနေခဲ့ကြသလို ကျောင်း ကလည်း တိုးချဲ့မှုကြောင့် မအားမလပ် ဖြစ်နေခဲ့ကြမှာပင်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ကျောင်းကပုံမှန် ဆိုလျှင် ခွင့်မပြုသောအရာတွေကို လုပ်ကြသည့်သူတွေ ရှိကိုရှိမှာဖြစ်သည်။
အလုပ်တွေများနေခဲ့ကြသောကြောင့် စည်းကမ်းချိုးဖောက်မှု အများစုကို မသိခဲ့ကြပေ။
“မင်းတို့ သတိထားမိလိုက်ကြလား”ကျန်းလော့ ဖြည်းဖြည်းချင်းတွေးလိုက်ပြီး ပြိုင်ပွဲမစခင်တုန်းက ဝန်ထမ်းပြောခဲ့တာတွေကို ပြန်ပြောလိုက်သည်။
“ငါတို့မှာ လုပ်ရမယ့် တာဝန်သုံးခုရှိတယ် … ပထမက ပျောက်ဆုံးနေတဲ့ မိန်းကလေးကိုရှာဖို့ … ဒုတိယက အလုပ်သမားတွေရဲ့ သေဆုံးမှုကို အဖြေရှာဖို့နဲ့ တတိယက အဲဒီ့အချိန်တုန်း က ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို စုံစမ်းဖို့ပဲ”
“ပထမတစ်ခုက အရမ်းထူးဆန်းတယ်”ကျန်းလော့ မတ်တပ်ရပ်ရင်းဖြင့် ကျိုးကျုံးချိုး နှင့် ယယ်ရွှင်တို့ မျက်နှာ ကို ကြည့်လိုက်ပြီး “ပျောက်ဆုံးနေတဲ့ မိန်းကလေးကို ‘ ရှာ ‘ ပါတဲ့”
“အဲတာက အဲဒီ့မိန်းကလေးက ဒီကျောင်းထဲမှာ ရှိနေတုန်းပဲလို့ ဆိုလိုလိုက်တာပဲ”ကျိုးကျုံးချိုး သဘောပေါက်သွားခဲ့သည်။
နောက်ထပ်ထုတ်ပြောမလာခဲ့သော စကားတစ်ခွန်း ရှိသေးသော်ငြားလည်း ထိုစကားကို လူတိုင်း စိတ်ထဲကနေ နားလည်နေခဲ့သည်။
သူတို့တွေ ရှာနေသည့်အရာက ထိုမိန်းကလေး၏ ခန္ဓာကိုယ် ဖြစ်ဖို့အများဆုံးဖြစ်၏။
“စီနီယာတတိယနှစ် အတန်း (4) ကို သင်တဲ့ ဆရာတွေက အခုထိ အမြဲစိမ်း အထက်တန်းကျောင်းမှာ သင်နေကြ တုန်းပဲ”ယယ်ရွှင် ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “သူတို့ကို သွားရှာပြီး မေးကြတာပေါ့”
2012 ခုနှစ်တုန်းက စီနီယာအတန်းကို သင်ခဲ့ကြသော ဆရာတွေက တိုက်တိုက်ဆိုင်ဆိုင်ပင် ဒီနှစ်မှာလည်း စီနီယာအတန်းကို သင်ကြားပေးနေခဲ့ကြသည်။ သူတို့ အဆောင်ဧရိယာကနေပြီး စာသင်ကြားတဲ့ ဧရိယာဆီ ရောက်သွားချိန်မှာ ထိုနှစ်မှာသင်ကြားခဲ့သော ဆရာတွေထဲက တစ်ယောက်က အတန်းဆင်းဖို့ လုပ်နေသည့်အချိန် ကျန်းလော့နှင့် သူ့အဖော်တွေ အတန်း၏ အနောက်တံခါးမှာ စောင့်နေလိုက်ကြသည်။
အတန်းထဲကလူတွေက သူတို့ကို သတိထားမိသွားကြပြီး ခိုးကြည့်ကာ တီးတိုးပြောနေခဲ့ကြသည်။
စတိတ်စင်ပေါ်ရှိ ဆရာဖြစ်သူက ပြောလာခဲ့သည်။
“တိတ်ကြစမ်း”
အောက်မှာရှိနေကြသော ကျောင်းသား တွေ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့သည်။
အတန်းကို သင်ကြားပေးနေသည့်သူက သုံးဆယ်စွန်းစွန်းလောက် ရှိပုံပေါ်သော ယောက်ျားလေးဆရာဖြစ်ပြီး အခုထိကို ချောမောနေဆဲဖြစ်ကာ ခန္ဓာကိုယ် အချိုးအစားကလည်း ပုံစံကျဆဲဖြစ်၏။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပုံရသည်။
အောက်မှာရှိနေကြသော ကျောင်းသားတွေက သူ့ကို သဘော ကျကြမှန်း သိသာပြီး မိန်းကလေးတချို့က ဆိုလျှင် ဆံပင်တွေတောင်မှ သပ်လိုက် ကြသေးသည်။
ကျန်းလော့ ကြက်သေသေသွားမိပြီး ချက်ချင်းဆိုသလို သူ့ဖုန်းကိုဆွဲထုတ်၍ ဖူယွမ်အာ၏ဓာတ်ပုံကို ရှာလိုက်သည်။
ဖူယွမ်အာ၏ ဓာတ်ပုံကို သူ လက်နှစ်ချောင်းဖြင့် အကျယ်ချဲ့ပြီး ကြည့်နေတာကိုတွေ့တော့ ယယ်ရွှင် သိချင်စိတ်ဖြင့် မေးလိုက်သည်ပေးယ
“ကျန်းလော့ … မင်း ဘာကိုကြည့်နေတာ လဲ”
ကျန်းလော့ရဲ့ လက်ချောင်းတွေက ဖူယွမ်အာ၏ ဆံပင်တစ်လျှောက် လျှောကျသွားခဲ့ပြီး ထို့နောက် ဖူယွမ်အာ၏ နှုတ်ခမ်းတွေနှင့် သူမရဲ့လည်ပင်းမှာ ဆွဲထားခဲ့သော လည်ဆွဲဆီ ရောက်သွားခဲ့သည်။
“သူမရဲ့ ဒီပုံစံက ချစ်မိနေတဲ့သူတစ်ယောက်နဲ့ တူလား”
“ဒါမှမဟုတ် သူမ သဘောကျနေတဲ့သူ တစ်ယောက်ယောက်ရှိပြီးတော့ အဲဒီ့လူရှေ့မှာ သူမရဲ့အလှဆုံးပုံစံကိုပဲ ပြချင်တာမျိုးပေါ့”ကျန်းလော့ တတွတ်တွတ် ပြောလိုက်သည် “သူ့ရဲ့ ရှေ့ဆံမြိတ်တွေက တိတိရိရိနဲ့ မျက်ခုံး အပေါ်မှာရှိနေခဲ့တယ် အဲတာကြောင့် သူမ လောလောလတ်လတ် ဆံပင်ညှပ်ခဲ့ တာပဲဖြစ်ရမယ်။ ဒါပေမဲ့ ကျောင်းအိပ်ကျောင်းစားနေရတဲ့ ကျောင်းသားတွေက ဆံပင်ညှပ်ချင်ရင် လကုန်တဲ့အထိ ပိတ်ရက်ကိုစောင့်ရမှာ။ ပြီးတော့ သူမ အရောင်ပါတဲ့နှုတ်ခမ်းနီ ကို မဆိုးထားခဲ့ပေမယ့် နှုတ်ခမ်းတွေ စိုလက်နေပုံကိုထောက်ရင် နှုတ်ခမ်းအဆီ ဆိုးထားတာပဲဖြစ်ရမယ်”
“ပြီးတော့ လည်ဆွဲ … ပုံစံက နည်းနည်း ရင့်ကျက်ပြီးတော့ မိန်းမဆန်လွန်းတယ်။ အဲဒီ့အရွယ် မိန်းကလေးတွေ ဝတ်လေ့ ရှိတဲ့စတိုင်မျိုးမဟုတ်ဘူး “
ကျိုးကျုံးချိုး အနီးကပ် ကြည့်လိုက်ပြီး “အမှန်ပဲ”
ယယ်ရွှင် တခဏလောက် တွေးတောလိုက်ပြီး ပြောလိုက်၏။
“စိုင်းလောင်အာ ရခဲ့တဲ့မတ်ဆေ့က ယောက်ျားလေးနဲ့ မိန်းကလေးဦးရေ မမျှဘူးလို့ ပြောထားခဲ့တာ”
ကျန်းလော့ သူ့ဖုန်းကို ပိတ်လိုက်ပြီး လေးလေးနက်နက်ဖြင့် “သူမကို ဒီ လည်ဆွဲပေးခဲ့တဲ့သူက သူမထက် ပိုအသက်ကြီးပြီးတော့ ရင့်ကျက်တဲ့ အလှအပ ခံစားတတ်မှုမျိုး ရှိရမယ်။ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ ဆက်ဆံပြီး ခံစားချက်တွေ ဖြစ်ပေါ်လာ အောင်လုပ်ဖို့ လူလွတ်လည်းဖြစ်ရမယ် ပြီးတော့ ရုပ်လည်းချောရဦးမယ်”
ဘယ်လိုလုပ်ပြီးတော့ ဆယ့်ရှစ်နှစ်အရွယ် ပန်းလေးလိုလှပတဲ့ မိန်းမလှလေးက သူ့ထက်အသက်ကြီးပြီးတော့ ရုပ်ဆိုးတဲ့ ယောက်ျားတစ်ယောက်ကို ချစ်ကျွမ်းဝင်နိုင်မှာလဲ။
တဖြည်းဖြည်းချင်းဖြင့် လူသုံးယောက် ၏ မျက်လုံးတွေက စာသင်နေခဲ့သော ဆရာဆီ ရောက်သွားခဲ့ကြသည်။
ကျိုးကျုံးချိုး “….. ဒီလိုဟာက တိုက်ဆိုင်တာတော့ လုံးဝမဖြစ်နိုင်ဘူး”
ယယ်ရွှင် “အဲဒီ့အချိန်တုန်းက ကျောင်း ကို တိုးချဲ့ဖို့လာပြီးတော့ အလုပ်လုပ်ခဲ့ ကြတဲ့ အလုပ်သမားတွေထဲကလည်း ဖြစ်နိုင်ချေရှိတာပဲ”
သူတို့တွေ စကားကို မိနစ်အချို့အပြင် မပြောရသေးခင်မှာပဲ အတန်းချိန် ပြီးသွားခဲ့သည်။ ချောမောသော လူလတ်ပိုင်းအရွယ် ယောက်ျားလေး ဆရာက ထွက်လာခဲ့ပြီး “မင်းတို့က ဆရာ့ကို လာရှာကြတာလား “
ကျန်းလော့ အပြုံးဖြင့် ရှေ့ကိုလျှောက် သွားလိုက်ပြီး “ဆရာ … ကျွန်တော်တို့ ဆရာ့ကို မေးစရာလေးရှိလို့ပါ”
သူ၏အလွန့်အလွန်ကို လှပလွန်းသော မျက်နှာကြောင့် ယောက်ျားလေးဆရာ စိတ်မထိန်းနိုင်ဘဲ အကြိမ်ရေတချို့ ထပ်ကြည့်လိုက်မိသည်။
“ဆရာ့ရဲ့ ရုံးခန်းထဲကို သွားပြီး ပြောကြတာပေါ့”
သူတို့တွေ ထွက်သွားဖို့ပြင်လိုက်ချိန်မှာပဲ အတန်းထဲကနေ မိန်းကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အားပေးရင်းဖြင့် ယောက်ျားလေးဆရာ ကို ရှက်ကိုးရှက်ကန်းဖြင့် ရေဘူးတစ်ဘူးပေးလာခဲ့ပြီး နီရဲနေသော မျက်နှာဖြင့် ပြောလာခဲ့၏။
“ဆရာလျူ ပင်ပန်းသွားပါပြီ”
ကျိုးကျုံးချိုး လေချွန်လိုက်မိသည်။ ကောင်မလေးနှစ်ယောက်က သူမကို ကြည့်လာခဲ့ကြပြီး ပို၍ရှက်သွားကာ ထွက်ပြေးသွားကြ၏။
ယောက်ျားလေးဆရာဖြစ်သူက ခေါင်းကိုယမ်းလိုက်ရင်း “ဒီကလေးမလေးတွေကတော့”
ရုံးခန်းထဲ၌ သူတစ်ဦးတည်းကသာ ယောက်ျားလေးဆရာဖြစ်သည်။ ဆရာဖြစ်သူက သူတို့အတွက် သောက်ရေသွားခပ်ပေးသည်ကို အခွင့်ကောင်းယူပြီး ကျန်းလော့ ဆရာ၏သင်ကြားဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာကို ကြည့်လိုက်၏။ ထိုအပေါ်မှာတော့ ဆရာဖြစ်သူ လျူကျီ၏နာမည်ကို ရေးထိုးထားခဲ့သည်။
သူ ခေါင်းမော့၍ တစ်ဖက်နံရံကို ကြည့်လိုက်သည်။ ထိုအပေါ်မှာ အတန်းချိန်ဇယားနှင့် လျူကျီ၏ အတန်းချိန်စာရွက်ကို ရေးကပ်ထားခဲ့၏။
ထိုအပေါ်၌ ငါးလစာအတန်းချိန်များကိုပဲ မှတ်တမ်းတင်ထားပြီး အကုန်လုံးကို အမှန်ခြစ်ခြစ်ထားခဲ့သည်။ ထိုသို့ဆိုလျှင် လျူကျီက အတန်းချိန်ကို တစ်ရက်တလေတောင် ပျက်ကွက်ခြင်းမျိုးမရှိခဲ့ဘူးဟု ဆိုလိုလိုက်တာပင်။
ချီးကျူးစရာပဲ။
ကျန်းလော့ သူ့မျက်ခုံးတွေကိုပင့်လိုက်ပြီး လျူကျီ၏အံဆွဲကို မသိမသာကြည့်လိုက်၏။
သော့ခတ်ထားခဲ့သည်။
လျူကျီ သောက်ဖို့ရေယူလာပေးပြီး တောင်းပန်စကားဆိုလာ၏။
“တကယ်အားနာပါတယ် … ရုံးခန်းထဲမှာ စက္ကူခွက်တွေပဲရှိလို့”
လူသုံးယောက် ခေါင်းယမ်းပြလိုက်ကြသည်။
“ဆရာ … ကျွန်တော်တို့ 2012ခုနှစ်က ပျောက်သွားခဲ့တဲ့ မိန်းကလေးအကြောင်းကို စုံစမ်းချင်လို့ပါ”
ကျန်းလော့ ပြုံးလိုက်သည့်အပြုံးလေးက လူတွေ၏စိတ်ခံစစ်ကို အလွယ်တကူပင် ချိုးဖောက်နိုင်စွမ်းရှိ၏။
“အဲဒီ့အချိန်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော်တို့ သေချာမသိရလို့လေ… ဆရာသင်ခဲ့တဲ့ အခန်းထဲမှာများ ပျောက်သွားတဲ့မိန်းကလေးရှိနေလား”
လျူကျီ မျက်မှောင်ကြုတ်လိုက်ပြီး ထိုအကြောင်းကို ပြန်စဉ်းစားလိုက်၏။
“2012 တုန်းက …. အဲဒီ့အချိန်တုန်းက ဆရာ အတန်းတွေအများကြီးကို သင်ခဲ့ရတာ။ အဲဒီ့နှစ်တုန်းက မိန်းကလေးတစ်ယောက် တကယ်ပျောက်သွားခဲ့ဖူးပေမယ့် ဘယ်အခန်းကလဲဆိုတာ မမှတ်မိတော့ဘူး”
“ဟုတ်တာပေါ့”ကျန်းလော့ နားလည်သည့်ပုံစံဖြင့် “အချိန်တွေလည်း အရမ်းကြာသွားပြီးတော့ … ကျောင်းကလည်း အများကြီးပြောင်းလဲသွားခဲ့ပြီလေ။ အဲဒီ့အချိန်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို မှတ်မိနေဖို့ ဘယ်လွယ်ပါ့မလဲ”
လျူကျီ သက်ပြင်းချလိုက်၍ “နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဆရာ အဲဒီ့အကြောင်းကို မှတ်မိလာအောင် အကောင်းဆုံးကြိုးစားပါ့မယ်။ တစ်ခုခုကိုသိလာတာနဲ့ မင်းတို့ကို အသိပေးပါ့မယ်”
ကျန်းလော့ သူ့ဖုန်းကိုထုတ်လိုက်ပြီး “အဲဒါဆိုရင် ဆရာ ကျွန်တော့်ကို ဆက်သွယ်လို့ရမယ့်နံပါတ်လေး ပေးလို့ရမလား”
လျူကျီ အံ့အားသင့်သွားပြီး သူ့ဖုန်းနံပါတ်ကို ပေးလာခဲ့၏။
သူတို့ လျူကျီနှင့် အကြာကြီး စကားမပြောလိုက်ရပေ။ အဘယ်ကြောင့်ဆိုသော် နောက်ဆယ်မိနစ်နေရင် နောက်တစ်ခန်းကို စာသင်ပြဖို့သွားရတော့မည့်အတွက်ဖြစ်သည်။ သူတို့သုံးဦး လာရာလမ်းအတိုင်း ပြန်လာခဲ့ကြပြီး ဖြည်းဖြည်းချင်း လျှောက်လာခဲ့လိုက်သည်။
အဆောင်၏မြေညီထပ်က သန့်စင်ခန်းထဲ၌ ကျန်းလော့နှင့် ယယ်ရွှင် စကားပြောနေစဉ်မှာ ကျိုးကျုံးချိုးက အပြင်ဘက်ကနေ သူတို့ကို ပျင်းပျင်းနှင့် စောင့်နေခဲ့သည်။
“ဖူယွမ်အာက ချစ်မိနေတယ်ဆိုတာ ငါတို့ သိရင်တောင်မှပဲ… အဲတာက ငါတို့ကို အဖြေမပေးနိုင်ဘူးလေ”
ကျန်းလော့ သာမန်ကာလျှံကာပင် ပြောလိုက်၏။ “ဘယ်သူပြောလဲ။ အချစ်ကြောင့် သေသွားရတာဆိုရင်ရော ဘယ့်နှယ့်လုပ်မလဲ”
ယယ်ရွှင် တမင်တကာမလုပ်ပါဘဲ တုန်ရီသွားမိသည်။
သူ ကျန်းလော့ကို ကြည့်လိုက်မိပြီး ဟိုတယ် 129မှာ ပြောသမျှစကားတိုင်း အမှန်ဖြစ်လာစေခဲ့သော ကျန်းလော့၏ အံ့ဩဖွယ်ရာ ပါးစပ်စီးမှုကို ပြန်သတိရသွားမိ၏။
နေ့လည်စာစားချိန်မှာ သူတို့အုပ်စု လူပြန်စုလိုက်ကြသည်။ ဝမ်ယမ်လန် ခေါင်းယမ်းပြကာ သက်ပြင်းချလိုက်၏။ “မိုးက မနေ့တုန်းကမှ လောလောလတ်လတ် ရွာထားတာဆိုတော့ နေရာတိုင်းက စိုနေတယ်လေ။ မိုးမရွာသေးခင်တုန်းက ရေရှိလောက်တဲ့ နေရာတိုင်းကို ငါတို့ သွားကြည့်ခဲ့တယ် ဥပမာ ရေကန်ဘက်တို့ ဘုံပိုက်ခေါင်းလို နေရာတွေပေါ့ ဒါပေမဲ့ ဘာမှရှာမတွေ့ခဲ့ဘူး။ ဒီည ဒါမှမဟုတ် မနက်ဖြန် ရေခြောက်သွားတဲ့အချိန်ကျမှပဲ ရွှီယန် သွားခဲ့တဲ့နေရာကို ငါတို့သိရမယ်ထင်တယ်”
သို့သော် မနက်ဖြန်က တတိယမြောက်နေ့ဖြစ်၏။
ကျန်းလော့ ဆုံးဖြတ်ချက်ချလိုက်သည်။
“ငါ ဒီည လျူကျီ၏ရုံးခန်းကို သွားပြီးတော့ရှာဖို့ ဆုံးဖြတ်လိုက်ပြီ”
ကျိုးကျုံးချိုး ပြောလာ၏။ “ငါ့ကိုလည်း နင်နဲ့အတူခေါ်သွား”
သူတို့ နေ့လည်ခင်းအချိန်တွေကို အလကားမဖြုန်းတော့ဘဲ အချက်အလက်တွေ စုံစမ်းရန်အတွက် အသီးသီးထွက်သွားလိုက်ကြသည်။ ညရောက်လာချိန်မှာတော့ အဆောင်ခန်းဆီကနေ မီးဝါဝါတွေ ထွန်းလင်းလာခဲ့သည်။ ကျန်းလော့နှင့် ကျိုးကျုံးချိုးတို့ ကိုယ်လက်မျက်နှာ စောစောသန့်စင်လိုက်ကြပြီး ညသန်းခေါင်းအချိန်ထကာ သဲလွန်စသွားရှာဖို့ အိပ်ရာစောစော ဝင်လိုက်ကြသည်။
ကျန်းလော့ သူ၏အိပ်မှုန်စုံမွှားဖြစ်နေသော မျက်လုံးတွေကို မနက်တစ်နာရီထိုးချိန်မှာ ဖွင့်လိုက်သည်။ သူ အိပ်ချင်ပြေလာအောင် ခဏလုပ်လိုက်ပြီး အဆင်သင့်ဖြစ်ချိန်မှာ ကျိုးကျုံးချိုးက အိပ်ရာပေါ်ကနေဆင်းရန် အသင့်ဖြစ်နေပြီး သူ့ကိုသွားကြဖို့ ပြောလာခဲ့သည်။
ကျန်းလော့ အိုကေဟု လုပ်ပြလိုက်ပြီး ထထိုင်ကာ ဖိနပ်စီးလိုက်သည်။ ညလယ်ခေါင်းကြီးဝင်လာသော ဖုန်းကြောင့် သူ မနေ့က နာရီအနည်းငယ်မျှသာ အိပ်ရသေးတာဖြစ်၍ အခုထိ သူသိပ်ပြီးတော့ စိတ်မလန်းပေ။
သို့သော် ဒီဇိုင်နာတွေအတွက် ညနက်တဲ့ထိနေရတာ ပုံမှန်ဖြစ်၏။ မျက်နှာသစ်ပြီးချိန်မှာ ကျန်းလော့ လုံးဝလန်းဆန်းသွားခဲ့သည်။ သူ ရေချိုးခန်းတံခါးကို ဖွင့်လိုက်ချိန်မှာ ပိုင်ယယ်ဖုန်း၏ရင်ဘတ်နှင့် တိုက်မိတော့မလို ဖြစ်သွားခဲ့သည်။
ပိုင်ယယ်ဖုန်းက ပြုံးပြီးတော့ မေးလာ၏။
“မင်းတို့ အပြင်သွားကြမလို့လား”
ဒီလူကတော့ တော်တော်ကို တဝဲလည်လည်လုပ်နေတာပဲ။ ကျန်းလော့ ပြုံးလိုက်ပြီး ဝတ်ကျေတမ်းကျေဖြေလိုက်သည်။
“ငါတို့တွေ သန့်စင်ခန်းသွားကြမလို့”
“အို”ပိုင်ယယ်ဖုန်းက ကျိုးကျုံးချိုးကို တစ်ချက်ကြည့်လိုက်ပြီး ထို့နောက် ကျန်းလော့ကို အကြည့်တစ်မျိုးဖြင့် ကြည့်လာခဲ့သည်။
“မင်းတို့နှစ်ယောက်အတူတူ သန့်စင်ခန်းကို သွားကြမလို့လား”
ကျန်းလော့၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ “သူမက ငါနဲ့လိုက်ခဲ့မှာ”
“ကျောင်းသူကျိုးက မိန်းကလေးလေ”ပိုင်ယယ်ဖုန်း အပြုံးဖြင့်ပြောလာခဲ့၏။
“ပြီးတော့ ကျန်းလော့ ကြောက်တယ်ဆိုရင်လည်း ငါ အဖော်လိုက်ခဲ့ပေးလို့ ရတာပဲ … မိန်းကလေးတစ်ယောက်ကို အတူလိုက်ခိုင်းတာကျ နည်းနည်းမသင့်တော်ဘူးလေ”
ထိုစကားပြောပြီးနောက် ကျိုးကျုံးချိုးကို ပိုင်ယယ်ဖုန်း ပြောလိုက်သည်။
“ကျောင်းသူကျိုး … မင်း အနားယူလို့ရပြီ … ငါပဲ သန့်စင်ခန်းဆီ ကျန်းလော့နဲ့ အဖော်လိုက်ပေးလိုက်မယ်”
အားတက်သရောတွေ ကူညီပေးချင်နေသော မျက်နှာထား။
ကျန်းလော့ “…..”
ကျိုးကျုံးချိုး “…..”
ကျန်းလော့ အပြံးတုကြီးဖြင့် “သန့်စင်ခန်းသွားတဲ့အပြင်ကို ငါတို့တွေ လက်တိုလက်တောင်းလုပ်စရာလေးတွေ လည်းရှိသေးတယ်။ ကျောင်းသားပိုင် … မင်း စောစောဆေးကြောပြီးတော့ အိပ်တော့လေ”
တခြားသူတွေ၏ ငြင်းပယ်နေသော အမူအရာကို မဖတ်တတ်သည့်အလား ပိုင်ယယ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ပြောလာခဲ့သည်။
“ဘာလုပ်ရမှာမို့လို့လဲ။ ငါလည်း မင်းတို့နဲ့အတူ လိုက်ခဲ့လို့မရဘူးလား”
ကျန်းလော့ ငြင်းမလို့လုပ်လိုက်ချိန်မှာပဲ သူတစ်စံတစ်ခုကို သတိရသွားမိ၏။ ပိုင်ယယ်ဖုန်းကို သူ လေးလေးနက်နက် ကြည့်လိုက်ပြီး ထို့နောက်အကြည့်ကို တစ်ခြားနေရာပို့ကာ ပြုံးလိုက်သည်။
“ကောင်းပြီလေ”
သူတို့သုံးယောက် ပစ္စည်းတွေထုပ်ပိုးပြီး အဆောင်ခန်းထဲကနေ ထွက်လာလိုက်၏။ သူလိမ်ပြောထားတာကို ဖုံးဖိရန်အတွက် ကျန်းလော့ သန့်စင်ခန်းဆီကို တကူးတက သွားလိုက်သည်။
ပိုင်ယယ်ဖုန်းက တကယ်ကြီးကိုပင် သူ့နောက်ကနေ လီုက်လာခဲ့သည်။
ချီယုံကို သူ့စိတ်ထဲမှာ ကျန်လော့ ကျိန်ဆဲလိုက်ပြီး သူ့ဘောင်းဘီဇစ်ကို တည်တည်ငြိမ်ငြိမ်ပင် ဆွဲချလိုက်သည်။ သူ ဆီးသွားရင်းဖြင့် ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ချိန်မှာ တစ်စုံတစ်ခု မှားယွင်းနေတာကို သိလိုက်ရသည်။
“အဟောင်းနဲ့ အသစ်ဖြစ်နေတဲ့ဟာက…”
နံရံတွေက အလွန်ကြာမြင့်နေပြီဖြစ်သော်လည်း ဆီသွားတဲ့ခွက်တွေကတော့ နံရံတွေထက်စာလျှင် နည်နည်းအသစ်ဖြစ်နေသေးသည်။
ကျန်းလော့ အတွေးနွံနစ်သွားမိ၏။ “ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေက အဆောင်ချင်း လဲလိုက်ကြတာပဲ”
ထို့ကြောင့်မို့ နံရံတည်ဆောက်ပြီး အတော်ကြာမှ ဆီးသွားတဲ့ခွက်တွေကို ထည့်ခဲ့တာဖြစ်၏။
ကျောင်းတွေမှာ ယောက်ျားလေးနှင့် မိန်းကလေးအဆောင်ကို နှစ်အနည်းငယ်ကြာလျှင် နေရာပြောင်းကြတာက ပုံမှန်ဖြစ်သည်။ သည်လိုဆိုလျှင် သူတို့အခုနေနေသော အဆောင်က 2012 ခုနှစ်တုန်းက ပျောက်ဆုံးသွားသော မိန်းကလေးတွေ နေခဲ့ကြသောအဆောင်ဖြစ်နိုင်သည်ဟု ဆိုလိုတာပင်။
ကျန်းလော့ စဉ်းစားလို့ပြီးချိန်မှာပဲ မျက်နှာကြက်ပေါ်ရှိ မီးသီးတွေ ရုတ်တရက်ဆိုသလို မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့၏။
တောက်လိုက်မှိန်လိုက်ဖြစ်နေသော အလင်းရောင်၏ကြားမှာ အနံ့ဆိုးကြီးက ရုတ်တရက်ထောင်းထလာခဲ့ပြီး ကြမ်းပြင်ထက်မှာ ရေတွေစီးကျနေသော အသံက တစ်စုံတစ်ခု၏ရောက်ရှိလာမှုကို ညွှန်ပြနေသလိုပင်။
ကျန်းလော့၏ ပင်ကိုယ်သိစိတ်ကနေ အန္တရာယ်ကိုခံစားလိုက်မိပြီး သူ မတ်မတ်ရပ်ကာ သတိအနေအထားဖြင့် နေလိုက်သည်။ ထိုအခိုက်မှာပင် သူ့ဘေးနားမှာရပ်နေခဲ့သော ပိုင်ယယ်ဖုန်းက ရုတ်တရက်ဆိုသလို ကျန်းလော့ကိုလှမ်းဆွဲလာခဲ့ပြီး သောင်းပြောင်းထွေလာသောပစ္စည်းတွေ စုပုံနေသော သန့်စင်ခန်း၏အတွင်းအကျဆုံး အကန့်ထဲကို ဆွဲသွင်းခဲ့သည်။
အခန်းငယ်လေးက နဂိုကတည်းကကျဉ်းပြီး အရပ်ရှည်ရှည် ကောင်လေးနှစ်ယောက် ရပ်နေခဲ့ကြ၍ ပို့လို့တောင် မလှုပ်သာမလှည့်သာ ဖြစ်သွားခဲ့သည်။
ကျန်းလော့၏ဆံပင်တွေက ပိုင်ယယ်ဖုန်း၏မျက်နှာနှင့် လည်ပင်း ပေါ်ကို ဖြတ်သန်းသွားခဲ့ပြီး အရေပြားကတစ်ဆင့် အရိုးထဲထိတိုင် စိမ့်ဝင်သွားသော ယားယံမှုကို ပေးစွမ်းလာခဲ့သည်။ ပိုင်ယယ်ဖုန်း သူ့လက်ကို ဖြည်းဖြည်းချင်း ဆန့်လိုက်ပြီး ဆံပင်တွေကို နားနောက်ညှပ်ပေးလိုက်သည်။
ကျန်းလော့ သူ့ခေါင်းကို ရွံရှာသည့်ပုံစံဖြင့် လှည့်လိုက်ပြီး တစ်ခုခုပြောဖို့ ကြံရွယ်လိုက်ချိန်မှာပဲ ပိုင်ယယ်ဖုန်းက သူ့နှုတ်ခမ်းကို လက်ဖြင့်အုပ်လာခဲ့သည်။
“ရှူး”
ပိုင်ယယ်ဖုန်း၏အသံက နူးညံ့ညင်သာနေခဲ့သည် သို့သော် သေချာနားထောင်ကြည့်ပါက ထိုအသံထဲမှာ ဖုံးကွယ်ထားခဲ့သော မလိုမုန်းတီးမှုတချို့ရှိနေတာကို တွေ့ရမှာဖြစ်သည်။
“တစ်ခုခု လာနေပြီ”
****