အခန်း ၂၂
ကျန်းလော့ အော်ရယ်မိလုနီးပါးပင်။
ဘယ်ဟာကများ မင်းထက်ပိုပြီးတော့ ကြောက်ဖို့ကောင်းနိုင်မှာတဲ့လဲ။
သူ့ဘေးနားမှာ လူအရေခြုံထားသော ရက်စက်သည့်ဝိညာဉ်ရှိနေခဲ့ပြီး တံခါး၏ အပြင်ဘက်မှာတော့ ညစ်ညမ်းသောအရာနောက်တစ်ခု ရှိနေခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ပစ္စည်းတွေထားတဲ့အခန်းထဲ၌ ပိုင်ယယ်ဖုန်းနှင့်အတူ ပုန်းနေရမည့်အစား အပြင်မှာရှိနေသော သရဲနှင့်သာ ကျန်းလော့ ရင်ဆိုင်လိုက်ချင်သည်။
မကောင်းဆိုးဝါးဝိညာဉ်၏ သဘာဝမကျသော သရုပ်ဆောင်မှုကို ကျန်းလော့ ထုတ်ဖော်မပြရုံသာမကပဲ သူ့လေသံထဲမှ မုန်းတီးမှုများကိုပါ သူ ပြင်းပြင်းပြပြ ခံစားလိုက်မိသည်။
ထိုအမုန်းတရားတွေက သူ့အာရုံကြောများကို တောင့်တင်းလာစေခဲ့၏။
တံခါးပိတ်ထားခဲ့သော ပစ္စည်းတွေထားသည့်အခန်းထဲရှိ လေထုက အောက်သိုးသိုးဖြစ်နေခဲ့သည်။ ထို့အပြင် ထိုအထဲမှာ လူတွေမတ်တပ်ရပ်ဖို့ရာလောက်ပဲ နေရာရှိသည်။
ပိုင်ယယ်ဖုန်း၏လက်ကို ကျန်းလော့ ရိုက်ထုတ်လိုက်ပြီး နောက်တစ်လှမ်းဆုတ်၍ ပိုင်ယယ်ဖုန်းဆီကနေ သူ့ကိုယ်သူခွာလိုက်သည်။
ခေါင်းထက်မှာရှိနေခဲ့သော မီးသီးများက နောက်တခဏမှာ ဖောင်းကနဲ ပေါက်ထွက်လာတော့မည့်အလား မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကြ၏။ အနံ့အသက်ဆိုးကြီးက တံခါးအဟကြားကနေ တိုးဝင်လာခဲ့ပြီး တစ်ယောက်ခန်းတံခါးလေးကို မြူပါးပါးတစ်လွှာက လွှမ်းခြုံသွားခဲ့သည်။
သန့်စင်ခန်း၏အပြင်ဘက်မှာ ရုတ်တရပ်ဆိုသလို ခြေသံတွေကို ကြားလာခဲ့ရ၏။
ခပ်ပြတ်ပြတ် ယောက်ျားသံတစ်သံက ကြမ်းကြမ်းတမ်းတမ်း ပြောလာခဲ့သည်။
“သူ ဘယ်မှာလဲ။ ငါတို့ သူ့ကို လွတ်သွားလို့မဖြစ်ဘူး”
“မြန်မြန်လုပ် … သူ သန့်စင်ခန်းထဲမှာ ပုန်းနေတာ… မြန်မြန်ရှာကြရအောင် မဟုတ်ရင် ငါတို့ကိုရှာတွေ့သွားလိမ့်မယ်”
ကျန်းလော့ အာရုံစိုက်လိုက်သည်။ ကြားရသည့်ခြေသံတွေအရဆိုလျှင် အပြင်ဘက်မှာ လူသုံးယောက်ရှိနေတာပေမဲ့ လူနှစ်ယောက်၏ စကားပြောသံကိုပဲ ကြားရသည်။ သူတို့တွေ အသံကျယ်ကျယ်နှင့် ငြင်းခုန်နေခဲ့ကြပြီး သူတို့အသံကို လူတွေကြားသွားမှာ မစိုးရိမ်ကြသည့်ပုံပေါက်၏။ သူတို့အသံတွေအရဆိုလျှင် အသက်သုံးဆယ် ပတ်ချာလည်လောက်တော့ရှိသည်။
ဘယ်လိုလုပ်ပြီး အသက်သုံးဆယ်တွင်း ယောက်ျားကြီးတွေက ပြိုင်ပွဲဝင်တွေ အပြည့်ရှိတဲ့ အဆောင်ထဲကို ဝင်လာနိုင်ရတာလဲ။
ကျန်းလော့ ရုတ်ခြည်းသဘောပေါက်သွားမိ၏။ သူ ဟိုတယ်129 မှာထိခဲ့မိသော ပိုင်ရှင်ဇနီးဖြစ်သူ၏ မှတ်ဉာဏ်တွေလိုပင် အရင်တုန်းက ဖြစ်ပွားခဲ့သောဖြစ်ရပ်၏ ဖြစ်စဥ်ထဲကို သူရောက်သွားခဲ့တာ ဖြစ်ဖို့များသည်။
အပြင်ဘက်မှာရှိနေသော ယောက်ျားသုံးယောက်၏အသံတွေက ပိုပိုပြီးကြမ်းကြုတ်လာကြသည်။
“သူ့ကို တစ်ယောက်ချင်းစီ ခွဲရှာကြတာပေါ့”
ကျန်းလော့က အာရုံစိုက်ပြီး နားထောင်နေခဲ့စဉ်တွင် ပိုင်ယယ်ဖုန်းကတော့ စိတ်မဝင်စားသည့်ပုံ ပေါက်နေခဲ့ပြီး ကျန်းလော့၏ အနက်ရောင်ဆံနွယ်တစ်ချောင်းကို သူ့လက်ချောင်းဖြင့် ရစ်ပတ်ကာ ဆော့ကစားနေခဲ့သည်။
“ဘန်း”ဆိုသည့်အသံနှင့်အတူ ပထမဆုံး အိမ်သာတံခါးက ကြမ်းကြမ်းတမ်းတမ်း ဖွင့်ခံလိုက်ရသည်။ တံခါးကို ကန်ဖွင့်လိုက်သော ယောက်ျားက တံတွေးထွေးလိုက်ပြှီး “ချီး … အဲ့ခွေးမ ပထမအခန်းထဲမှာ မရှိဘူး”
နောက်ထပ်တံခါးတစ်ချပ်ကို ကန်ပြီး ဖွင့်ခံလိုက်ရသည်။
ကျန်းလော့ရှိနေခဲ့သော ပစ္စည်းတွေ ထားထားသည့်အခန်းက ခြောက်ခန်းမြောက်ဖြစ်သည်။
တံခါးကိုပိတ်ကန်နေသည့် အသံတွေက မိုးချိန်းသံအလား မည်ဟီးနေခဲ့ပြီး သိပ်မကြာလိုက်ခင်မှာပဲ ယောက်ျားသုံးယောက်က တံခါးလေးချပ်ကို ပိတ်ကန်ပြီးတော့ ဖွင့်ခဲ့ပြီးပြီဖြစ်၏။
ငါးခန်းမြောက်အခန်းတစ်ခုပဲ ကျန်တော့သည်။
ကျန်းလော့ ထွက်ပြေးနေသော မိန်းကလေးအတွက် ချွေးစေးတွေ ပြန်လာခဲ့သည်။ ဤအဖြစ်အပျက်တွေက ဖြစ်ပြီးသွားခဲ့ပြီမှန်း သူသိနေပါသော်လည်း စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်ကြောက်ရွံ့ခြင်းတွေက လူကို ကြောက်လန့်စေတုန်းပင်။
အပြင်မှာရှိနေသော ယောက်ျားသုံးယောက်ကလည်း ကျန်းလော့ တွေးသလို တွေးလိုက်ကြသည့်ပုံပေါ်သည်၊ ထိုမိန်းကလေးက ငါးခန်းမြောက်ထဲမှာဆိုပြီး ထို့နောက် သူတို့တွေ ညစ်ညစ်ညမ်းညမ်း ရယ်လိုက်ကြပြီး ပါးစပ်ထဲကနေ ယုတ်မာရက်စက်သောစကားတွေ ထွက်လာကြသည်။
“ခွေးမ… ဘာလို့ပုန်းနေသေးတာလဲ”
“ငါ မောနေပြီ… ငါ သောက်ရမ်း ပြေးလိုက်ခဲ့ရတာ။ ကံကောင်းလို့ အားလပ်ရက်မှာ ဒီထဲတစ်ယောက်မှ မရှိကြဘူး ... ဒါကြောင့်မို့ ငါသူ့ကို မသတ်ခင် ငါ့ကိုငါ အားပြန်မွေးလိုက်ဦးမယ်”
“ဟားဟားဟား မင်းခုထိကို မဝသေးဘူးလား။ မိန်းမအပေါ်မှာ ဟိုဒင်းလုပ်ရင်းနဲ့တော့ သေမသွားနဲ့အုံးနော်”
“ဒီခွေးမက သူ့ အချစ်ဆုံးသူငယ်ချင်းလောက် မလှပေမယ့်လည်း အနည်းဆုံးတော့ သူက အသက်ရှိနေသေးတယ်လေ။ ငါတို့တွေ နည်းနည်းလောက် ထပ်ပျော်လို့ မရဘူးလား”
ရိုင်းစိုင်းယုတ်မာသော စကားတွေနှင့်အတူ တစ်ယောက်က ငါးခန်းမြောက်တံခါးကို ကန်ဖွင့်လိုက်သည်။
ကျန်းလော့၏မျက်ခုံးတွေ တွန့်ချိုးသွားခဲ့ပြီး ဘာဆက်ဖြစ်မလဲဆိုတာကို သူ ခန့်မှန်းလို့ရနေပြီဖြစ်သည်။
သို့သော် အံ့ဩဖို့ကောင်းအောင်ပင် အပြင်ဘက်မှာ တိတ်ဆိတ်နေခဲ့သည်။
ယောက်ျားတစ်ဦးက အံ့ဩတကြီး ပြောလာခဲ့သည်။
“ဘယ်လိုလုပ်လို့ ငါးခန်းမြောက်ထဲမှာပါ တစ်ယောက်မှ ရှိမနေရတာလဲ”
ငါးခန်းမြောက်ထဲမှာတောင် မရှိဘူးလား။
ဘယ်မှာရှိနေတာများလဲ။
ကျန်းလော့ မျက်မှောင်ကြုတ်လိုက်မိပြီး သူ့မျက်နှာထား ရုတ်တရက်ဆိုသလို တောင့်တင်းသွားခဲ့ပြီး သူ့နောက်ကျော အေးစိမ့်လာခဲ့သည်။
ပစ္စည်းတွေထားသည့်အခန်း ရှိသေးတာပဲဟုသောအတွေးက ရုတ်ခြည်းပေါ်လာခဲ့သည်။
ထိုနေရာက သူတို့အခုရှိနေသည့် နေရာပင်။
ကျန်းလော့ သူ့ခေါင်းကိုဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိပြီး ကြမ်းပြင်ဆီကနေ လက်တစ်ဖက်က သူ့ခြေထောက်ကို ရုတ်တရက် ဖက်တွယ်လာခဲ့သည်။
စုတ်ပြဲနေသောအဝတ်အစားတွေနှင့် သရဲမတစ်ကောင်က ဘာမှရှိမနေခဲ့သော ပစ္စည်းတွေထားသည့်အခန်းထောင့်မှာ ဗြုန်းခနဲ ပေါ်လာခဲ့၏။ သရဲမက စုတ်ဖွာနေသောခေါင်းကိုမော့၍ ဖြူဖပ်နေသော မျက်နှာကို ပြသလာခဲ့သည်။
သွေးမျက်ရည်နှစ်ကြောင်းက ကောင်မလေး၏ ညိုမဲပွန်းပဲ့နေသော မျက်နှာထက်မှာ စီးဆင်းနေခဲ့ပြီး သူမမျက်နှာတစ်ခုလုံးကို သွေးတွေနှင့် ဖုံးလွှမ်းသွားစေခဲ့သည်။ ထို့နောက် သူမ ကြောက်စရာကောင်းသော အပြုံးကြီးဖြင့် ကျန်းလော့ကို ပြုံးပြလာခဲ့သည်။
ကျန်းလော့၏ အသက်ရှုသံတွေ ရပ်တန့်သွားခဲ့သည်။
နောက်တခဏမှာပဲ တစ်ယောက်ခန်းတံခါးကို ပိတ်ကန်၍ ဖွင့်ခံလိုက်ရသည်။ ယောက်ျားသုံးယောက်က ပြုံးရယ်ပြီး ဝင်လာခဲ့ကြသည်။ ကျန်းလော့နှင့် ပိုင်ယယ်ဖုန်းကို မမြင်ကြသည့်အလား အော်ဟစ်ငိုကြွေးနေသော သရဲမကို တရွတ်တိုက် ဆွဲခေါ်သွားခဲ့ကြသည်။
အလင်းရောင်တွေက မှိတ်တုတ်မှတ်တုတ် ပြန်ဖြစ်လာခဲ့၏။
ကျန်းလော့ သူ့စိတ်ကိုငြိမ်အောင် လုပ်နေစဉ်မှာ ရုတ်တရက်ဆိုသလို ထိုသရဲမကို ရင်းနှီးနေသလို သူ ခံစားလာရသည်။ မတည်မငြိမ် ဖြစ်နေသော အလင်းရောင်အောက်မှာ ထိုသရဲမက ဖူယွမ်အာ၏အတန်းထဲက ပျောက်ဆုံးနေသော မိန်းကလေး ဝမ်ရှင်းဟွေ့ ဖြစ်ကြောင်း သူ မှတ်မိသွား ခဲ့သည်။
အလင်းရောင်တွေ ရုတ်တရက် ပျောက်ရှသွားခဲ့သည်။
အမှောင်ထုထဲမှာ အပြင်ဘက်ရှိ ပုံသဏ္ဍန်များကို မမြင်တော့ရချေ။ သို့သော် အသံတွေကတော့ ပျောက်ကွယ်မသွားပေ။ တံခါးတွေ အဖွင့်အပိတ်လုပ်နေသည့် အသံတွေကို ကြားနေရပြီး အိမ်သာကို ဆက်တိုက် ရေဆွဲချနေသည့် အသံတွေက ဆက်တိုက်ထွက်နေခဲ့သည်။
ပိုင်ယယ်ဖုန်း သူ့နားထဲကို တီးတိုးပြောလာခဲ့၏။
“ဟမ်။ ကြည့်ရတာ သူတို့တစ်ယောက်ယောက်ကို ခုတ်ထစ်ပြီးတော့ ရေအိမ်ထဲပစ်ချပြီး ရေဆွဲချနေတဲ့ပုံပဲ”
အမှန်ပင် ၊ ကျန်းလော့လည်း ထိုအသံကို ကြားလိုက်သည်။
ထိုဟာတင်မကပဲ သူ အဆောင်ထဲကို ပထမဆုံးစဝင်ဝင်ချင်းတုန်းက ရလိုက်သော အနံ့အသက်ဆိုးကြီးကို သွားသတိရလိုက်မိပြီး ဝန်ထမ်းပြောခဲ့သော “ရေဆိုးပိုက်က မကြာခဏ ပိတ်တတ်တယ်”ဆိုတာကိုပါ ပြန်အမှတ်ရလာခဲ့၏။
အချိန်ဘယ်လောက်ကြာသွားမှန်း မသိတော့သည့် အချိန်ရောက်မှ ရေဆွဲချသည့်အသံ ဖြည်းဖြည်းချင်း ရပ်သွားခဲ့သည်။
သန့်စင်ခန်းထဲမှာ တိတ်ဆိတ်မှုက တစ်ဖန်ပြန်ကြီးစိုးသွားခဲ့သည်။
ပိုင်ယယ်ဖုန်း အပြင်ပန်းကတော့ စိုးရိမ်နေသည့်ပုံစံဖြင့် ကြိတ်ပြုံးပြီး မေးလိုက်သည်။
“မင်း ကြောက်နေလား”
ကျန်းလော့ ချက်ချင်းဆိုသလို စောနတုန်းက သူ့စကားတွေထဲရှိ မုန်းတီးမှုတွေကို ပြန်သတိရလိုက်မိ၏။
မကောင်းဆိုးဝါးက ဒီအခန်းထဲမှာ သရဲမ ဝင်ပုန်းလိမ့်မည်ဆိုတာကို ကြိုသိနှင့်ပြီးသားပင် ထို့ကြောင့်မို့ သူ့ကိုခေါ်၍ ဤပစ္စည်းထားသည့်အခန်းထဲကို ဝင်ပုန်းခဲ့ခြင်းဖြစ်သည်။
သူ့ကို ကြောက်သွားအောင် ခြောက်ဖို့ရာ သက်သက်နဲ့လား။
ကျန်းလော့ ဒေါသထွက်ရမည့်အစား ပြုံးလိုက်ပြီး မျှော်လင့်မထားသည့်အရာ ကို ရလိုက်သည့်အလား တက်ကြွနေသောအသံဖြင့် “မကြောက်ပါဘူး …သဲလွန်စ နောက်တစ်ခုထပ်ရအောင် လုပ်ပေးခဲ့တဲ့ ကျောင်းသားပိုင်ကိုတောင် ကျေးဇူးတင်ချင်သေးတာ”
ပိုင်ယယ်ဖုန်း၏ပခုံးကို ကျန်းလော့ ခင်မင်ရင်းနှီးစွာဖြင့် ပုတ်လိုက်ပြီး ကျေးဇူးတင်စွာနှင့် ပြောလိုက်သည်။
“ကျောင်းသားပိုင် … မင်း မြန်မြန် လှုပ်ရှားပြီးတော့ ငါ့ကို ပစ္စည်းထားတဲ့ အခန်းထဲ ဆွဲခေါ်သွားတာက တကယ်ကို အဆင်ပြေသွားတယ်။ ငါ မင်းကို ကျေးဇူးတင်လို့မဆုံးဘူး”
အနက်ရောင်ဆံနွယ်တွေနှင့် လူငယ်လေး၏ မျက်ဝန်းတွေက ဟန်ဆောင်မှုကင်းမဲ့နေခဲ့ပြီး “ငါ့ကို မင်း ပစ်မှတ်ထားနေတယ်လို့ အစောပိုင်းတုန်းက ထင်ခဲ့မိတာ ဒါပေမဲ့ ကြည့်ရတာ ငါအတွေးလွန်သွားတဲ့ပုံပဲ။ ငါ စိတ်သဘောထား သေးသိမ်မိလိုက်တယ်။ ပိုင်ယယ်ဖုန်း … မင်းက တကယ်ကို လူကောင်းပဲ”
လူကောင်းပိုင်ယယ်ဖုန်း “……”
သူ့အပြုံး အနည်းငယ် ဖျော့သွားခဲ့သည်။
ကျန်းလော့ သူ့ကို နောက်တစ်ကြိမ်ထပ်ပြီး တောက်ပစွာပြုံးပြလိုက်ကာ ပစ္စည်းထားသည့်အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။
ကျိုးကျုံးချိုးက အပြင်ဘက်မှာ ဘာမှသတိမထားမိဘဲ စောင့်နေဆဲဖြစ်သည်။ သူတို့ထွက်လာတာကိုမြင်တော့ သူ မနေနိုင်ဘဲ ပြောလိုက်မိသည်။
“နင်တို့ကလည်း သန့်စင်ခန်းလေးဝင်တာကို … ဘာကိစ္စ ဒီလောက်ကြာနေရတာလဲ”
ကျန်းလော့ မေးလိုက်၏။
“ငါတို့သွားတာ ဘယ်လောက်ကြာပြီလဲ”
ကျိုးကျုံးချိုး လက်ပိုက်ကာ ပြောလိုက်သည်။ “ဆယ့်ငါးမိနစ်”
“ဆယ့်ငါးမိနစ်တဲ့လား”ကျန်းလော့ လေးလေးနက်နက် တွေးလိုက်ပြီး “ငါက တစ်နာရီလောက်တောင် ကြာသွားပြီထင်နေတာ”
ထိုကဲ့သို့သော နှောင့်ယှက်မှုမျိုးက သူတို့၏အစီအစဉ်တွေကို သက်ရောက်မှုမရှိခဲ့ပေ။ သူတို့ လျုကျီ၏ ရုံးခန်းဆီသွားနေသည့် လမ်းတစ်လျှောက် ကျန်းလော့ အိမ်သာမှာ တွေ့ခဲ့ရသောမြင်ကွင်းကို ပြန်စဉ်းစားနေမိသည်။
ယောက်ျားသုံးယောက်က အလုပ်သမားတွေကဲ့သို့ ဝတ်စားထားကြသည်။ ကျန်းလော့ သူတို့၏ပုံပန်းသဏ္ဍန်တွေကို ရေးချထားလိုက်သည်၊ အလွယ်လေး မျက်စိလျှမ်းသွားနိုင်သော နေရာတွေကိုပင် မေ့မထားခဲ့ပေ။
အလုပ်သမားသုံးယောက်ထဲမှာ တစ်ယောက်က အစကနေအဆုံးထိ စကားတစ်ခွန်းမျှ မပြောခဲ့ဘူးဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် 2012ခုနှစ် ကျောင်းတိုးချဲ့မှုမှာ အလုပ်သမားနှစ်ဦး လုပ်ငန်းခွင်၌ သေဆုံးခဲ့ကြသည်။
ထိုဖြစ်စဉ်နှစ်ခုကြားမှာ သာမန်ထက်ထူးကဲသော ဆက်နွယ်မှု သေချာပေါက်ကို ရှိလိမ့်မည်။ အလုပ်သမားသုံးယောက်၏ စကားတွေကို ကျန်းလော့၏ ခေါင်းထဲမှာ ထပ်တလဲလဲ ပြန်ကြားနေခဲ့သည်။
“ဒီခွေးမက သူ့ အချစ်ဆုံးသူငယ်ချင်းလောက်တော့ မလှပေမယ့် အနည်းဆုံးတော့ သူက အသက်ရှိနေသေးတယ်လေ”
အလုပ်သမားသုံးယောက် ဖူယွမ်အာကို တွေ့တဲ့အချိန်မှာ ဖူယွမ်အာက သေနှင့်ပြီးပြီလား။
ကျန်းလော့ သူ့အတွေးထဲမှာ ပုံရိပ်ရေးရေးတော့ ပေါ်လာနေပြီဖြစ်၏ သို့သော် အဓိပ္ပာယ်ရှိအောင် ဆက်စပ်ရမည့် အဓိကကျသော အချက်တွေကိုရှာဖို့ လိုနေသေးသည်။
စာသင်ကြားသည့်အဆောင်ဘက်မှာ ညသန်းခေါင်ယံ၌ မည်သူမှရှိမနေခဲ့ပေ။ လူသုံးယောက် တိတ်ဆိတ်နေသော လျှောက်လမ်းကနေ လော့ခတ်ထားသော ရုံးခန်းဆီ လျှောက်သွားလိုက်ကြပြီး ပြတင်းပေါက်ကိုဖွင့်၍ ဝင်လိုက်ကြ၏။
လျူကျီ၏စားပွဲရှိရာဆီ ကျန်းလော့ တန်းသွားလိုက်သည်။ လျူကျီ၏အံဆွဲမှာ ခတ်ထားသောသော့ခလောက်လေး ရှိနေခဲ့သော်လည်း ထိုသော့ခလောက်ကတော့ သူတို့တွေအတွက် အေးဆေးပင်။ ကျိုးကျုံးချိုး သော့ခလောက်ကို ဖွင့်၍ အံဆွဲကိုဖွင့်လိုက်သည်။
အံဆွဲထဲမှာ လေ့ကျင့်ခန်းစာအုပ်တွေနှင့် မှတ်တမ်းစာရွက်တွေ အများကြီးရှိနေခဲ့၏။ ကျန်းလော့နှင့် ကျိုးကျုံးချိုးတို့ ထိုဟာတွေကို တစ်ခုချင်း စီသေချာရှာလိုက်ကြပြီး အဆုံးမှာတော့ အံဆွဲ၏အောက်ခြေမှာ လိပ်ထားသော သတင်းစာတစ်စောင်ကို တွေ့လိုက်ရသည်။
ကျန်းလော့ သတင်းစာကို မကြည့်လိုက်တော့ အလေးချိန်က တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရ၏။ သူ သတင်းစားတွေကို တစ်လွှာချင်းစီ ဖယ်လိုက်သည်။ တကယ်တော့ သတင်းစာထဲမှာ ထုပ်ထားခဲ့သော မိန်းမဝတ် လက်ဝတ်ရတနာ ရှိနေခဲ့တာပင်။
ဒီဇိုင်နာတစ်ယောက်အနေနှင့် ဥယျာဉ်ပန်းမန်ဒီဇိုင်နာ ဖြစ်နေရင်တောင်မှပဲ ဒီဇိုင်းပညာ၏ အခြေခံတွေကို သင်ကြားရသည့်အချိန်မှာ ကွဲပြားသော နယ်ပယ်အသီးသီးက ဒီဇိုင်းပုံစံတွေကို နားလည်ထားဖို့လိုသည်။ တစ်ချက်ကြည့်ရုံမျှနှင့်ပင် ထိုလက်ဝတ်ရတနာက မတူညီသော ထုတ်ကုန်ငါးမျိုးကနေလာမှန်း ကျန်းလော့ တန်းသိလိုက်သည်။
ဂဟေဆက်သည့်နည်းလမ်းနှင့် ဒီဇိုင်းပုံစံ၏ကြားမှာ အချိန်ကွာဟချက်လည်း ရှိနေခဲ့သည်။ အကယ်၍ ဤဟာကို လျူကျီက လက်ဆောင်ပေးဖို့အတွက် ဝယ်ခဲ့တာဆိုလျှင် လက်ဝတ်ရတနာတစ်စုံချင်းစီ၏ ဝယ်ယူသည့်အချိန်က ကြားထဲမှာ တစ်နှစ်ကနေနှစ်နှစ်တော့ အချိန်ကွာနေမှာဖြစ်သည်။
သို့သော် အသေးစိတ်အချက်တွေက ကွာခြားနေပါသော်လည်း အပြင်ပန်းသဏ္ဍန်ကို ခြုံငုံကြည့်လိုက်လျှင် ပုံစံတွေက အနည်းငယ်ရင့်ကျက်ပြီး မိန်းမဆန်သည့် စတိုင်ဘက်ကိုသွားနေတာ တွေ့ရလိမ့်မည်။
နားကပ်တွေထဲကတစ်စုံက ဖူယွမ်အာ၏ လည်ပင်းမှာဝတ်ထားခဲ့သော လည်ဆွဲနှင့် လိုက်ဖက်ညီနေတာကို တွေ့လိုက်ရသည်။
ကျန်းလော့ ဘောင်းဘီအိပ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး လက်ဝတ်ရတနာကို တစ်ခုချင်းစီ ဓာတ်ပုံသေချာရိုက်လိုက်၏။
“2012ကနေပြီး အခုချိန်ထိကြားထဲမှာ မိန်းကလေးဘယ်နှယောက် ပျောက်ပြီးပြီလဲ”
ပိုင်ယယ်ဖုန်း ပေါ့ပေါ့ပါးပါးပင် ဖြေလာခဲ့သည်။ “ငါးယောက်”
ကျန်းလော့ အတွေးနွံနစ်သွားမိသည်။
ဓာတ်ပုံတွေရိုက်ပြီး ရုံးခန်းကို နဂိုပုံစံအတိုင်း ပြန်ထားပြီးနောက်မှာ သူတို့သုံးဦး ပြတင်းပေါက်ကနေခုန်ချပြီး အဆောင်ဆီ ပြန်လာခဲ့ကြသည်။ လျူကျီနှင့် ဖူယွမ်အာက ပတ်သတ်ဆက်နွယ်မှုရှိခဲ့မှန်း ကျန်းလော့
အတည်ပြုလိုက်နိုင်သော်လည်း ဖူယွမ်အာ၊ ဝမ်ရှင်းဟွေ့ နှင့် အလုပ်သမားတို့ကြားက ဆက်ဆံရေးကိုတော့ သူ သိပ်ပြီးတော့ မရှင်းသေးပေ။
အလုပ်သမားသုံးယောက်ထဲမှာလည်း လျူကျီ မပါခဲ့ပေ။
သူတို့အဆောင်ကို ပြန်ရောက်သွားချိန်မှာ ညလယ်ခေါင် သုံးနာရီထိုးနေပြီဖြစ်ပြီး ညမအိပ်ပဲနေနိုင်သော ညဇီးကွက်တွေတောင်မှပဲ ခြေကုန်လက်ပန်း ကျလောက်ပြီဖြစ်သည်။
ကျန်းလော့ ကိုယ်လက်ဆေးကြောပြီး အိပ်ရာပေါ်လှဲလိုက်သည်။ သူ အိပ်ပျော်တော့မည့်ဆဲဆဲမှာပဲ သူ့ဖုန်းက နောက်တစ်ကြိမ် ထပ်မြည်လာခဲ့သည်။
သည်တစ်ကြိမ်မှာတော့ သူချက်ချင်း နိုးသွားပြီး ဖုန်းကိုကောက်ကိုင်လိုက်တော့ မျှော်လင့်ထားခဲ့သလိုပင် မနေ့ညကဆက်လာသော ထူးဆန်းသည့်ဖုန်းကို တွေ့လိုက်ရသည်။
သို့သော် သည်တစ်ခေါက်မှာတော့ မရင်းနှီးသောဖုန်းခေါ်မှုမှာ မှတ်ထားသော နာမည်ရှိနေခဲ့သည်။
[လျူကျီ]
သရဲမက လျူကျီ၏ဖုန်းကိုသုံးပြီးတော့ ကျန်းလော့ဆီ ခေါ်နေခဲ့တာပင်ဖြစ်သည်။
ကျန်းလော့ အသံသွင်းသည့်ခလုတ်ကို နှိပ်လိုက်ပြီး ဖုန်းလက်ခံကာ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။
“ဟယ်လို”
“ဂျစ်…… ဂျစ် ……”
မနေ့ကလိုပင် ပြတ်တောက်ပြတ်တောက်အသံတွေက အရင်ထွက်လာခဲ့ပြီး သရဲမ၏ အသံထွက်လာဖို့ ကျန်းလော့ စိတ်ရှည်ရှည်နှင့် စောင့်လိုက်သည်။
“ငါ …… ဂျစ်……”မသဲမကွဲဖြစ်နေသော မိန်းမသံတစ်သံက ပြောလာခဲ့သည် “ငါ နင်နဲ့ ကျောချင်းကပ်ရပ်ရှိနေတယ်”
“မင်းနဲ့ ငါနဲ့ ကျောချင်းကပ်ရပ်ရှိနေတာလား ဒါမှမဟုတ် မင်းနဲ့ လျူကျီနဲ့ ကျောချင်းကပ်ရပ်ရှိနေတာလား”
ကျန်းလော့ ပြန်မေးလိုက်သည်။
သူ့စကားတွေထဲရှိ ဘယ်စကားလုံးက သရဲမ၏အနာပေါ် တုတ်ကျသလို ဖြစ်သွားစေခဲ့လဲ မသိပေမယ့် သူမ၏အသံ တဖြည်းဖြည်းနှင့် မြန်လာခဲ့သည်။
“ငါ နင်နဲ့ ကျောချင်းကပ်ရပ်မှာ ... ငါ နင်နဲ့ ကျောချင်းကပ်ရပ်မှာ … ငါ နင်နဲ့ ကျောချင်းကပ်ရပ်မှာ”
အသံက စူးရှသထက် စူးရှလာခဲ့သည်။
သည်လိုဆိုရင် လူသားတို့၏ ပင်ကိုသဘာဝကကို ထပ်တလဲလဲ ပြောတတ်ကြတာမဟုတ်ဘဲ သရဲတို့ကပါ ထပ်တလဲလဲပြောတတ်တဲ့ သဘာဝရှိကြတာလား။
အရေးကြီးတဲ့အရာကို သုံးကြိမ်တောင်ပြောတယ်။
ကျန်းလော့ ဖုန်းကိုကိုင်ထားရင်းနှင့် ခေါင်းငုံ့ကာ ကုတင်အောက်ကို ကြည့်လိုက်သည်။
ဘာမှရှိမနေခဲ့ပေ။
****