Ch 17
Viewers 8k

အခန်း ၁၇ ပထမနေရာ။

 

ပျော်လား မပျော်လား ကျန်းလော့ မသိ ပေမယ့် အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းသည့် ညဆိုတာတော့ သေချာ သည်။

 

မကောင်းဆိုးဝါးဝိညာဉ်က ကျန်းလော့ သူ့ကို ပြောခဲ့သောစကားတွေကို တစ်ဖန် ပြန်ပြောလာခဲ့သည်။ ထိုစာကြောင်း လေးတစ်ကြောင်းနှင့်ပင် ချီယုံ၏ အငြိုး ကြီးသော ကာရိုက်တာကို သူ လှစ်ဟပြ ခဲ့သည်။

 

ကျန်းလော့၏ ကိုယ်ပိုင်အကျင့်စရိုက်ကို ပြောရရင်တော့ အကျင့်ကောင်းသည်ဟု ပဲ သူ ထင်သည်။ တစ်စုံတစ်ယောက်က သူ့ကို မကောင်းကြံလာလျှင် သူ ထိုသူ့ကို ပြန်ပြီးတော့ တုံ့ပြန်ရမှကျေနပ်သည်။  သို့သော် ထိုသို့သောစရိုက်က ချီယုံဆီ ရောက်သွားသည့်အခါမှာတော့ ကျန်းလော့ သုံးခါတိတိ လှောင်ရယ်ရယ် ပြီးတော့ တော်တော် သဘောထားသေး သိမ်ရသလားဆိုပြီး ကျိန်ဆဲလိုက်မှာပင်။

 

သူ ရေထဲမှာ ကိုယ်တစ်ပိုင်းရပ်ရင်းနှင့် ချီယုံကို အမူအရာမရှိသောမျက်နှာဖြင့် မော့ကြည့်လိုက်သည်။

 

မကောင်းဆိုးဝါး၏ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ပွင့် ရှိနေခဲ့ပြီး … နှုတ်ခမ်း ကွေးညွတ်နေသည့်ပုံစံက လူတစ်ယောက်၏လည်ပင်းမှာ ရစ်ပတ် နေသော ဆွဲကြိုးချသည့် ကြိုးလိုပင်။ မကောင်းဆိုးဝါး၏ ပြီးပြည့်စုံသည့် မျက်နှာတစ်ခြမ်းက အမှောင်ထဲမှာ ကနေခဲ့ပြီး နောက်တစ်ခြမ်းကတော့ လရောင်ထဲမှာ ထင်ဟပ်နေခဲ့သည်။  မျက်နှာက ချောမောပြီး လှပပေမယ့် လည်း ထိုမျက်နှာက လူတွေကို ကြက်သီးတဖြန်းဖြန်း ထစေသည်။

 

“ကျောင်းသားလေးကျန်း”မကောင်းဆိုးဝါးက ရှေ့ကို အေးအေး ဆေးဆေးပင် ခြေတစ်လှမ်း တိုးလာပြီး သူ့ရဲ့ သားရေဖိနပ်အသံက စိုစွတ် နေသော မြေကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ သူ့ရဲ့ အသံက ပျော်ရွှင် စရာနှင့် ကြုံနေသည့်အလား ရွှင်ပျနေခဲ့ သည်။

 

“မင်းရဲ့ ပုံစံက .... အခု တော်တော် လေးကို သနားစရာကောင်းနေတာ သိလား”

 

ဈေးကြီးသောဝတ်စုံကို ဝတ်ထားခဲ့ပြီး အင်္ကျီမှာ တွန့်ရာတစ်ခုတောင်မရှိသော မကောင်းဆိုးဝါးက ညကြီးသန်းခေါင် တောအုပ်အလယ်မှာ ရှိနေသင့်တာ မဟုတ်ဘဲ အချင်းချင်းဖန်ခွက်တိုက်ကာ စကားစမြည် ပြောဆိုနေကြသော လူစည်ကားသည့် ညစာစားပွဲမှာ ရှိနေ သင့်တာဖြစ်သည်။

 

ဒါမှမဟုတ် အပျော်ရှာတဲ့ ဘားမှာပဲ ဖြစ်ဖြစ်ပေါ့။

 

ကျန်းလော့ အငြိုးထားစွာဖြင့် တွေးလိုက် သည်။

 

“ဆရာ့ ကျေးဇူးကြောင့်ပါ “ချီယုံ ပေါ်လာတာကို ကျန်းလော့ သိပ်တော့ မအံ့ဩချေ။ သူ အပြုံးတုဖြင့် ပြောလိုက် သည်  “ဒါတွေ အားလုံးက ဆရာ့ရဲ့ ကျေးဇူးကြောင့်ပါ”

 

မကောင်းဆိုးဝါးပြောသလိုပင် ကျန်းလော့၏ အခုအနေအထားက အတော်လေး သနားစရာကောင်းနေခဲ့ သည်။

 

သူ့တစ်ကိုယ်လုံး ရေတွေစိုရွှဲနေခဲ့ပြီး သူ့ ခါးနားလောက်မှာ ရေတွေက တသိမ့်သိမ့် စီးဆင်းနေခဲ့သည်။ သူ့ရဲ့ အနက်ရောင် ဆံပင်တွေက သူ့နောက်ကျောပေါ်က အဝတ်အစားပေါ်မှာ ကပ်နေခဲ့ပြီး အနက် ရောင်ပိုးမျှင်တွေကဲ့သို့ ညှိတွယ်နေခဲ့ သည်။ သူ့ရဲ့ ကျစ်လျစ်သောခန္တာကိုယ် လေးက အခုချိန်မှာတော့ အထင်းသား ပေါ်လာခဲ့သည်။

 

ထိုနေရာမှာသာ တစ်ယောက်ယောက် ရှိနေခဲ့ပါက ကျန်းလော့ကို လူတွေကို ဖမ်းစားဖို့အတွက် မြစ်ထဲကနေ တွားသွားပြီး တက်လာသော နတ်ဆိုး တစ်ကောင်လို့ ထင်သွားကြလောက် သည်။

 

အခုကဲ့သို့ စိတ်ပျက်စရာကောင်းပြီး ကူကယ်ရာမဲ့သော အခြေအနေမှာ မကောင်းဆိုးဝါးဝိညာဉ်နှင့် ရင်ဆိုင် ကြုံတွေ့ရသော ဘယ်သူမဆို ကြောက်လန့်ပြီးတော့ စိတ်အခြေအနေ ထိန်းသိမ်းလို့မရအောင် ဖြစ်နေကြမှာပေ မယ့် ကျန်းလော့ကတော့ အလွန် တည်ငြိမ်နေခဲ့ပြီး မကောင်းဆိုးဝါး၏ မျက်လုံးတွေထဲကို  အနိုင်မခံ အရှုံး မပေးသော အကြည့်တွေဖြင့် ကြည့်နေ ခဲ့သည်။

 

မျက်စိကျိန်းလောက်အောင်ပင် အလွန်တရာ တောက်ပ‌နေသော ဝိညာဉ် ပိုင်ရှင်ပင်။

 

ထိုအကြည့်က မကောင်းဆိုးဝါး၏ စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သော အကြည့်ဖြစ်ပြီး အနက်ရောင်ဆံနွယ်နှင့် ကောင်လေးကို သတ်ရမည့်ကိစ္စက တောင်မှပဲ သူ့ကို ပျော်ရွှင်စေသော ရှားပါးသည့် ကစားပွဲတစ်ပွဲ ဖြစ်လာစေ ခဲ့သည်။

 

မကောင်းဆိုးဝါး အပြုံးဖြင့် ဆိုလိုက် သည်။

 

“ကျေးဇူးတင်စရာ မလိုပါဘူး”

 

သူ့နှုတ်ခမ်းတွေနှင့် လျှာဖျားထက်ဆီက ဟိုလိုလိုဒီလိုလိုနှင့် အဓိပ္ပာယ်မရေရာ သော စကားတွေ ပြောလာခဲ့ပေမယ့် သူ့ အကြည့်တွေကတော့ အေးစက်ကာ အန္တရာယ်အပြည့်ပင်။ 

 

“ဘယ်သူကများ ငါ့ကို မင်းရဲ့ ချစ်ရေးဆိုသူအဖြစ် လုပ်ခိုင်းလို့လဲ”

 

ကျန်းလော့ရဲ့ မျက်ခုံးတွေ လှုပ်သွားခဲ့ ပေမယ့် မနီးမဝေးမှာရှိနေသော ဒရုန်းကို သူ တွေ့လိုက်ရသည်။ သူ့ရဲ့ တွန့်ချိုးနေ သော မျက်ခုံးတွေ အနည်းငယ်ပြေလျော့ သွားခဲ့ပြီး သူ ဖြည်းဖြည်းချင်း ပြုံးလိုက် သည်။

 

“ဆရာ … ကျွန်တော်တို့ ဒီပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေတာ ဆိုတာ ကိုရော သိလား”

 

မကောင်းဆိုးဝါးက ငြိမ်သက်နေခဲ့သည်။

 

ချီယုံက နေရာတကာမှာ ရှိနေခဲ့ပြီး သူ တစ်ခုခုကိုသိချင်လျှင် ရုပ်သေးဝိညာဉ် ထိန်းချုပ် အတတ်ပညာကို သုံးလိုက်ရုံ ဖြင့် အသက်ရှင်နေတဲ့သူရော သေပြီးသားသူတွေပါ သူ့ရဲ့ သစ္စာရှိ နောက်လိုက်တွေ ဖြစ်လာမှာပင်။  သူက ဘယ်သူမျှမမြင်နိုင်သော လေထုဖြစ်နေ ရင်တောင်မှပဲ အချက်အလက်တွေကို သူ အလွယ်လေး ရနေနိုင်သည်။

 

ကျန်းလော့ ရေထဲကနေထွက်ပြီး ကမ်းပေါ်တက်ကာ သစ်ပင်‌တွေရဲ့ အရိပ် အောက်ကို သွားလိုက်သည်။  သူ့ ခြေထောက်တွေအောက်မှာ ရေစီးကြောင်းတွေ တောက်လျှောက်ပါ လာခဲ့ပြီး ရေစက်အနည်းငယ်တောင်မှပဲ မကောင်းဆိုးဝါး၏ အသစ်စက်စက် တောက်ပြောင်နေသော သားရေဖိနပ် ပေါ် ကျသွားခဲ့သေးသည်။

 

သူ့ပုံစံက ဆာလောင်နေသော သားရဲကောင်ကြီးကို ဒေါသထွက်အောင် သူ့ဘဝကိုရင်းပြီး ဆွပေးနေသည့်အလား ရဲတင်းနေခဲ့သည်။ ကျန်းလော့ ပြုံးလိုက် ပြီး ရေစက်လက်ဖြစ်နေသော လက် နှစ်ဖက်ကို မကောင်းဆိုးဝါး၏ ပုခုံးပေါ် တင်လိုက်သည်။ မကောင်းဆိုးဝါး ဘယ်လိုအစွမ်းတွေ သုံးထားမှန်းမသိ ပေမယ့် ကျန်းလော့လက်မောင်းပေါ်ရှိ ရေတွေက သူ့အဝတ်အစားကို စိုသွားစေ ခဲ့သည်။

 

ကျန်းလော့၏ အဝတ်အစားတွေနှင့် ဆံပင်ဆီကနေ ရေကျသံ တစက်စက်ကို ကြားနေရသည်။

 

အနက်ရောင်ဆံပင်တွေက ကျန်းလော့၏ မျက်နှာနှစ်ဖက်နှင့် လည်ပင်းတွေမှာ မညီမညာ ကပ်နေခဲ့ပြီး ပုရွက်ဆိတ်တွေ တရွေ့ရွေ့ တွားသွားနေသကဲ့သို့ နေရတာ သက်သောင့်သက်သာမရှိ ဖြစ်စေခဲ့ သည်။ ကျန်းလော့၏ မျက်လုံးတွေ အရောင်လက်လာခဲ့ပြီး သူ ခေါင်းကို စောင်းကာ အပြုံးလေးဖြင့် မကောင်းဆိုးဝါး၏ နားထဲကို စကားဆို လိုက်သည်။

 

“မင်းရဲ့ အနောက်မှာ … ဒရုန်းနှစ်ခု ရှိနေတယ်”

 

“သူတို့ ဒီဘက်ကို ပျံလာနေကြတာ … ငါ့ အထင်ပြောရရင် ဒီဘက်ကို လာနေကြ တဲ့ ပြိုင်ပွဲဝင်တွေ ရှိနေတဲ့ပုံပဲ … အရမ်း အန္တရာယ်များတယ်နော်”ချီယုံ၏ ကျောထက်မှာ လက်တွေတင်ထားရင်း ကျန်းလော့ ရယ်လိုက်သည်။

 

“မင်းကို တွေ့သွားကြလိမ့်မယ်”

 

“ဒရုန်းမှာ မင်း ပေါ်သွားပြီဆိုတာနဲ့ မင်း လူတိုင်းမြင်တာကို ခံရပြီပဲ”ကျန်းလော့ နူးနူးညံ့ညံ့လေး ပြောလိုက်သည်။

 

“ခုနတုန်းက ပင့်ကူလူသားရယ် … အခု လက်ရှိ မင်းရယ် … အကုန်လုံးက ဒရုန်း မရှိတဲ့နေရာတွေမှာပဲ ပေါ်လာကြတာ။ ဆရာက လူမြင်ခံရမှာကို ကြောက်နေ တာလား။ ဘာလို့လဲ … ဆရာ့ရဲ့ စွမ်းအား ကို လူသိမခံချင်လို့လား”

 

“ဒါမှမဟုတ်…..”ကျန်းလော့ သူ့ လေသံ ကို ဆွဲဆန့်လိုက်ပြီး နှစ်ထောင်းအားရ ဖြင့်ပြောလိုက်သည်။ “သူ့ရဲ့ စိတ်ထား‌ ကောင်းတဲ့ ဂုဏ်သတင်းကြောင့် နာမည် ကြီးတဲ့ ချီယုံက … ကျောင်းသားရဲ့ နောက် ကနေ လိုက်ပြီးတော့ချောင်းနေတဲ့ နှာဘူး တစ်ယောက်လို့ အမြင်မခံချင်လို့လား”

 

မကောင်းဆိုးဝါး၏ မျက်လုံးတွေ ကျဉ်းမြောင်သွားခဲ့ပြီး သူ ရုတ်တရက် ခပ်တိုးတိုး ထရယ်လိုက်သည်။ သူ့ လက်ကို ပေါ့ပေါ့ပါးပါးပင် ဆန့်လိုက်ပြီး သူ့ကို ဓားမြှောင်ဖြင့် ထိုးနေသော ကျန်းလော့၏ လက်ကို ဖမ်းဆုပ်လိုက် သည်။ သူ့ရဲ့  ရှည်သွယ်ပြီး ဖြူဖျော့နေသည့် လက်ဖဝါးကြီးက ကျန်းလော့ရဲ့  လက်ဖဝါးကို အလွယ်တကူပင် အုပ်မိုး လိုက်ပြီး တုန်နေအောင်ချစ်သောလေသံ ဖြင့် ပြောလိုက်သည်။

 

“မင်းက အရမ်းဆိုးတာပဲ”

 

ထိုစကားတွေ သူ့ပါးစပ်ကနေ ထွက်ပြီး ပြီးချင်းမှာပဲ သူ ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင်မြူထုကြီး အဖြစ် ပြောင်းလဲသွားခဲ့ပြီး အနက်ရောင် ဆံနွယ်နှင့် ကောင်လေးကို သေဆုံးသည့် အချိန်ထိတိုင်အောင် ထွေးပွေ့ထားမည့် အလား တဖြည်းဖြည်းနှင့် ရစ်ပတ် လွှမ်းခြုံသွားခဲ့သည်။

 

အနက်ရောင်ဆံနွယ်နှင့် ကောင်လေးကို ဝါးမျိုပြီးနောက်မှာ အနက်ရောင်မြူထု ကြီးက သူ့ကိုယ်သူ အရိပ်တွေထဲမှာ ပုန်းကာ အမှောင်ထုထဲ ရောထွေးပစ် လိုက်သည်။

 

အနက်ရောင်မြူတွေက နေရာတကာမှာ ရှိနေခဲ့ပြီး ကျန်းလော့ သူ့မျက်လုံးတွေကို မှိတ်ပစ်လိုက်ရသည်။ သူ့ရဲ့ လက်ကောက်ဝတ် နာကျင်သွားခဲ့ပြီး သူ့ လက်ထဲရှိ ဓားမြှောင်ကို တဖက် ယောက်ျားက လုယူသွားခဲ့သည်။ သူ့ နားထဲကို စကားနှင့်ဖော်ပြလို့မရသော ရယ်သံတစ်ခု တိုးဝင်လာခဲ့သည်။

 

“ဆရာ မင်းကို သင်ပေးမယ့် ဒုတိယအချက်က … စကားဆိုတာ ပြောတိုင်းမကောင်းဘူးဆိုတာပဲ”

 

ကျန်းလော့၏ နှလုံးခုန်လှုပ်သွားခဲ့ပြီး နောက်တစ်စက္ကန့်အကြာမှာ ထက်ရှသော ဓားမြှောင်က သူ့ရဲ့ မျက်ခုံးတွေအနားမှာ ရွတ်နောက်နောက်ပုံစံဖြင့် လာ‌ထိခဲ့သည်။

 

ဓားမြှောင်က အေးစက်ပြီး ချွန်မြသည်။ အနည်းငယ် အားထည့်လိုက်ရုံနဲ့တင် ကျန်းလော့၏ အရေပြားကို ဖောက်ဝင် သွားမှာပင်။ မမြင်ရသော မကောင်းဆိုးဝါးက ဓားမြှောင်ကို ဆုပ်ကိုင်ပြီး အောက်သို့ ဖြည်းဖြည်းချင်း ဆင်းကာ ကျန်းလော့၏ မျက်လုံးထောင့် တွေ ပါးပြင်တွေကို ဖြတ်ကျော်ပြီး သူ့ နှုတ်ခမ်းတွေရဲ့ ထောင့်နားမှာ ရပ်သွားခဲ့ သည်။

 

ဖြတ်ခံလိုက်ရသော နေရာတွေမှာ အနီရောင်ခြစ်ရာတွေ ပေါ်လာခဲ့ ပြီး ကျန်းလော့၏ အရှုံးပေးခြင်းမရှိဘဲ အလွန်အကြူး လှပသော မျက်နှာကို ကြည့်ရင်း ဖိနှိပ်ညှင်းပန်းလိုသော ဆန္ဒတွေ ရုတ်တရက် ပေါ်ထွက်လာ ခဲ့သည်။

 

ကျန်းလော့၏ မျက်နှာသွင်ပြင်ကို ဒီလို အနီးကပ်ကြည့်ဖူးတာ မကောင်းဆိုးဝါး အတွက်တော့ ပထမဆုံးအကြိမ် ဖြစ်သည်။

 

လူသတ်သမားမှာ သံသယဝင်စရာ မရှိလောက်အောင် လှပသော အသားအရေရှိသည်။ သူ့ကို သတ်ပြီး နောက်မှာ ထိုအသားအရေလေးက ပိုပို ပြီး မျက်စိကျိန်းလောက်အောင် တောက်ပလာခဲ့သည်။ ချီယုံ၏ ဥယျာဉ် ထဲမှာ စိုက်ပျိုးထားခဲ့သော နှင်းဆီ ပန်းပွင့်လေးကဲ့သို့ မွှေးပျံ့သင်းကြိုင်စွာ ပွင့်လန်းလာခဲ့ပြီး သူ့ရဲ့ နီရဲတောက်ပပြီး လှပသော ပွင့်ချပ်တွေကို အစွမ်းကုန် ပွင့်အာပြီး လူတိုင်းအား သူ့ရဲ့ ပွင့်လန်းမှု ကို ကြေညာနေခဲ့သည့်အလား။

 

ထိုအသွင်လေးက သူ့ကိုမြင်တဲ့ လူသား တွေအားလုံး သူ့ရဲ့ အလှအပအောက်မှာ ဦးညွတ်ရလိမ့်မယ်လို့ ပြောနေသကဲ့သို့ ပင်။

 

လှပသောအရာတွေက အမြဲတမ်း မျက်စိပဒါဿဖြစ်စေသည် သို့သော် ချီယုံကတော့ သူတို့တွေ ခြောက်သွေ့ ညှိုးနွမ်းတော့မည့်အချိန်ကို ပိုသဘောကျ မိသည်။

 

သူ့ရယ်သံက တိုးရာကနေ ကျယ်လောင် လာခဲ့ပြီး ဓားမြှောင်ကို ကျန်းလော့၏ နှုတ်ခမ်းသားတွေထက်မှာ ဖိလိုက်သည်။ ဓားသွား၏ ရေခဲကဲ့သို့သော မျက်နှာပြင် နှင့် ယှဉ်လျှင် ကျန်းလော့၏ နှုတ်ခမ်းတွေ က အလွန်တရာမှ နူးညံ့ပြီး ဓားသွား တောင်မှ နစ်ဝင်သွားခဲ့ရသည်။

 

“ဒီပါးစပ်လေးက….”မကောင်းဆိုးဝါး နှမြောတသစွာဖြင့် ဆိုလိုက်သည်။

 

“အရမ်းကို လှတယ် ဒါပေမယ့် ပြောသမျှ စကားလုံးတိုင်းက ငါ့ကို ဒေါသထွက် အောင်ပဲ လုပ်နေခဲ့တာ”

 

ကျန်းလော့ မျက်လုံးကိုမှိတ်လိုက်ပြီး ချီယုံရဲ့ အနေအထားကို မှန်းဆကာ လက်သီးဖြင့် ပိတ်ထိုးလိုက်သည်။

 

ထိုးချက်က သေချာပေါက်ကိုပင် ဖောက်ထွက်သွားခဲ့သည်။

 

မြူထုကို မြင်နိုင်စွမ်းမရှိဘဲ ကျန်းလော့ကို လွှမ်းခြုံထားသည့် အစိတ်အပိုင်းတိုင်းက ချီယုံပင်။  ချီယုံ ပြုံးလိုက်ပြီး သူ့အသံက နက်ရှိုင်းသထက် နက်ရှိုင်းလာပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

 

“မလောနဲ့လေ”

 

ဓားမြှောင်က ကျန်းလော့၏ အပေါ် နှုတ်ခမ်းလွှာကို ညင်ညင်သာသာ ပင့်မလိုက်သည်။

 

ဓား‌မြှောင်က သူ့ပါးစပ်ကို ဖြဲမပစ်မိ စေရန် ကျန်းလော့ ဓားမြှောင်နှင့်လိုက်ပြီး သူ့ပါးစပ်ကို ဟပေးလိုက်သည်။

 

ဓားသွားထိပ်က သွားဖြူဖြူလေးတွေကို ညင်သာစွာ ထိသွားခဲ့ပြီး မကောင်းဆိုးဝါး အမှတ်တမဲ့တွေးလိုက်မိသည် … ပန်းပွင့်ဖတ်လေးတွေ ကျနေတာပဲ။

 

တစ်ခုပဲရှိသည် …သူ့ရဲ့ ဓားသွားအောက် မှာ ရှိနေခဲ့သော သူက လူတကာ ခူးဆွတ် လို့ရသည့် နှင်းဆီပန်းမဟုတ်ဘဲ လူတွေကို ကုတ်ဖမ်းပြီး ကိုက်ပစ်မည့် ကြောင်အကြီးစားကြီး ဖြစ်နေခဲ့‌ခြင်းပင်။

 

သူ့နှုတ်ခမ်းတွေဆီကနေ ဓားမြှောင်ကို အချိန်အတော်ကြာမှ ဖယ်သွားခဲ့ပြီး ကျန်းလော့ နှုတ်ခမ်းတွေကို စေ့လိုက် သည်။ သူ့ရဲ့ မျက်တောင်ရှည်တွေက တုန်ရီနေခဲ့ပြီး ချုပ်ထိန်းထားခဲ့သော မျက်မှောင်ကြုတ်တွေနှင့် နှုတ်ခမ်းတွေ ထက်မှာ ပုန်းကွယ်နေသောဒေါသတွေ အပြည့်ပင်။

 

ကျန်းလော့၏ အောက်မေးစေ့နားမှာ ပြတ်ရှရာလေးတစ်ခု ပေါ်လာခဲ့သည်။

 

ကျန်းလော့၏ အပေါ်အောက်သွားနေ‌ သော လည်စလုတ်အပေါ်မှာ အေးစက် ပြီး အန္တရာယ်များသော ဓားမြှောင်က ရစ်ဝဲနေခဲ့သည်။

 

“အို့”မကောင်းဆိုးဝါး ရုတ်တရက် သဘောပေါက်သွားခဲ့သည် “ပင့်ကူဥ တွေကို မင်းရဲ့အထဲ ဘယ်လိုထည့်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ငါ နည်းလမ်း အသစ်စက်စက် တစ်ခုကို အကြံရသွား ပြီ”

 

“မင်းရဲ့ ပါးစပ်ကို ဖြတ်ပြီးတော့ ဝင်သွားတာက ပိုကောင်းမယ်ထင်တယ်”သူ ဓားမြှောင်ကို အောက်ချလိုက်ပြီး “သူတို့တွေ မင်းရဲ့ ပါးစပ်ထဲကနေ လျှောဆင်းသွားကြလိမ့်မယ်”

 

ဓားသွားထိပ်က အဝတ်အစားတွေကို ထိလာခဲ့ပြီး တခဏလောက် တန့်သွားပြီး နောက်မှာ “ဗြိ”ဆိုသည့် အသံနှင့်အတူ ကျန်းလော့၏ အင်္ကျီတွေ ဓားမြှောင်ဖြင့် ရုတ်တရက် ဖြတ်ပစ်ခြင်းကို ခံလိုက်ရ သည်။

 

သူ့ရဲ့ ညှပ်ရိုးတွေကနေ ရင်ဘတ်အထိ သူ့ရှပ်အင်္ကျီပေါ်ရှိ ပြဲထွက်နေသော အပေါက်က ကြီးသထက်ကြီးလာခဲ့ပြီး အနက်ရောင်ဆံနွယ်နှင့် ကောင်လေး၏ ခန္ဓာကိုယ်က “Z”အမှတ်အသားပုံစံ ပေါ်ထွက်လာခဲ့သည်။

 

သေးသွယ်ပေမယ့် ကျစ်လျစ်သော ခန္ဓာကိုယ်က ဖြူဖွေးနုဖတ်ပြီးတော့ လှပသည်။ ကျားကုတ်ကျားခဲ အလျော့ မပေးဘဲ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားခဲ့သော တစ်ပိုင်းတစ်စသာ ကျန်တော့သည့် အထည်စ၏‌အောက်မှာ တစ်ဝက်မျှ ဖုံးကွယ်နေသေးသည့် အသားအရည် လေးက ကျောက်စိမ်းကဲ့သို့ နွေးထွေးစွာ တောက်ပနေခဲ့သည်။

 

ကံမကောင်းစွာဖြင့် အနက်ရောင်မြူက ကျန်းလော့ကို ရစ်ပတ်ထားခဲ့ပြီး ရေ နှင့် လရောင်တောင်မှ ထိုမြင်ကွင်းကို ချောင်းကြည့်ခွင့် မရခဲ့ကြချေ။

 

ချီယုံ သူ့ကို နှစ်ထောင်းအားရစွာဖြင့် ကြည့်လိုက်ပြီး “…… အဲဒီ့နောက် မှာတော့ မင်းရဲ့ ဝမ်းဗိုက်ထဲမှာရှိတဲ့ အစာအိမ်ထဲကို ဝင်သွားကြလိမ့်မယ်”

 

သူ့စကားတွေ နောက်ကိုလိုက်ပြီး အထည်စက ပြဲသထက်ပြဲလာခဲ့ကာ နောက်ဆုံးမှာတော့ သူ့ရဲ့ခါးထက်ရှိ အထည်စက မတောင့်ခံနိုင်တော့ဘဲ နောက်ဆုံးတွေ ချည်မျှင်စတွေက ပြတ် ထွက်ကာ အနက်ရောင်မြူထုထဲသို့ ကျ သွားခဲ့တော့သည်။

 

အလွန်တရာမှ ကျစ်လစ်သော ခါးလေး ကို ပြသလာခဲ့သည်။

 

“ဒီနည်းလမ်းက မင်းရဲ့အရေပြားကို တိုက်ရိုက်ကြီး ဖြတ်ရတာထက်စာရင် ပိုပြီးတော့ စိတ်‌ဝင်စားဖို့ကောင်းတယ် ဆိုတာ လုံးဝ သေချာသွားပြီ”

 

ကျန်းလော့ အေးစက်စက်ရယ်လိုက် သည်။ သူ ဘယ်တော့မှ အရှုံးကို လက်သင့်ခံမည် မဟုတ်ချေ။

 

“ကျွန်တော့်ကို မကြိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ... ကျွန်တော့်ကို  နောက်ယောင်ခံလိုက်ပြီး အဝတ်အစား တွေကို  ခွင့်ပြုချက် မရှိဘဲနဲ့ ဖြဲတာကျ တော့ “သူ ပြောလိုက်သည် “ဆရာ့ရဲ့  အကျင့်စရိုက်မှာ ပြဿနာ နည်းနည်း လေး ရှိနေသလားလို့ “

 

“နှာဘူးလိုမျိုးပေါ့”ကျန်းလော့ ပြော လိုက်သည် “ဘယ်လိုလူက နှာဘူးတွေကို ကြိုက်မှာလဲ”

 

သူ တစ်ခါက အလုပ်လစ်ပြီးတော့ ချီယုံ အတွက်ရေးခဲ့သည့် စာလုံးပေါင်း 3000 ရှိသော ကောမန့်ရှည်ကြီးကို ကျန်းလော့ မသိစိတ်ကနေ လျစ်လျူရှုလိုက်သည်။

 

ဓားမြှောင်နှင့် ခြစ်ထားခဲ့သော နေရာ တွေမှာ အနီရောင်ခြစ်ရာတွေက ကျန်းလော့၏ ခန္ဓာကိုယ်ပေါ် တဖြည်း ဖြည်းနှင့် ပေါ်လာတာကို အနက်ရောင် မြူထု ပြုံးပြီး ကြည့်နေလိုက်သည်။ ထို့နောက် သူ ဓားကို ထပ်ကိုင်လိုက်ပြီး ထိုနေရာတွေကို ထပ်ခြစ်လိုက်သည်။ နုနယ်သော အရေပြားလေးက ထပ်တလဲလဲ နှိပ်စက်သည့်ဒဏ်ကို မခံနိုင်တော့ဘဲ ပြဲထွက်သွားသော အရေပြားဆီကနေ သေးငယ်သော သွေးစက်လေးတွေ စီးကျလာခဲ့တော့ သည်။

 

ဓားမြှောင်၏ထိပ်ကို ကျန်းလော့၏ နှလုံးနားမှာ ရစ်သီရစ်သီလုပ်ရင်း မကောင်းဆိုးဝါး ပြောလိုက်သည်။

 

“မင်းက လိမ်မှမလိမ္မာခဲ့တာ”

 

တစ်စုံတစ်ယောက်၏ အသံက ရုတ်တရက် အပြင်ဘက်ကနေ ထွက်ပေါ် လာခဲ့သည်။

 

“ဟေး … ဘာလို့ ဖိနပ်တစ်စုံက ဒီနေရာ မှာ ရှိနေရတာလဲ။ မဟုတ်သေးပါဘူး … ဒါတွေက ကျန်းလော့ရဲ့ ဖိနပ်‌တွေ မဟုတ်ဘူးလား”

 

ခြေသံတွေက နီးကပ်လာခဲ့သလို ဒရုန်း အသံတွေကလည်း နီးလာခဲ့သည်။ မကောင်းဆိုးဝါး အောက်ကိုငုံ့ကြည့် လိုက်ချိန်မှာတော့ အနက်ရောင်ဆံနွယ် နှင့် ကောင်လေးက သူ့ခြေထောက်ပေါ် မှာ ရေစိုနေသောခြေအိတ်တစ်စုံကိုပဲ ဝတ်ထားခဲ့မှန်း သူ နားလည်သွားခဲ့သည်။

 

ခြေကျင်းဝတ်တွေက ပြောင်ရှင်းနေခဲ့ ပြီး သွေးကြော‌စိမ်းလေးတွေ နှစ်မျှင် သုံးမျှင်ကို မျက်နှာပြင်ပေါ်မှာ မြင်နေ ရသည်။ သေးသွယ်‌သော ခြေကျင်းဝတ် အဆစ်လေးတွေက အနုပညာလက်ရာ ကဲ့သို့ပင် ငေါထွက်နေခဲ့သည်။ အနက်ရောင်ဆံနွယ်နှင့်ကောင်လေး တခစ်ခစ်ရယ်လိုက်ပြီး ရက်ရက်စက်စက် ပြောလိုက်သည်။

 

“ဆရာ တစ်ယောက်ယောက်တော့ လာနေပြီ”

 

ချီယုံကနေ ပြောင်းလဲသွားသည့် အနက်ရောင်မြူထုကြီးက ရစ်ပတ်ခြင်း ကို ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျန့်လော့ သူ့ရှုးဖိနပ်တွေကို အခွင့်အရေး အရယူကာ ချွတ်လိုက်ပြီး ဒရုန်းလာနေသည့်ဘက်ကို ကန်ထုတ်ပစ် ခဲ့သည်။

 

ဖိနပ်တစ်စုံက လမ်းလယ်ခေါင်ကြီးမှာ ရုတ်တရက် ပေါ်လာခဲ့တယ် … ယှဉ်ပြိုင်တဲ့သူတွေ မမြင်ရင်တောင်မှပဲ ဒရုန်းတွေရဲ့ မြင်ကွင်းကနေတော့ လွတ်မှာ မဟုတ်ဘူး။ ကျန်းလော့ သူ နှင့် သိသောသူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ချေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုသူကလည်း လုယုံရိ ဖြစ်နေခဲ့သည်။

 

ကျန်းလော့ရဲ့ မှိတ်ထားသည့်မျက်လုံး တွေ အဆုံးမှာ အနည်းငယ် ကော့တက် သွားခဲ့ပြီး အပြုံးကို ဖုံးဖိထားလို့မရတော့ ချေ။

 

“ကျောင်းသားတွေက မင်းကို မမြင်နိုင် ရင်တောင်မှပဲ …. ဒရုန်းတွေရဲ့ နောက်မှာ ကြည့်နေကြတဲ့ တခြားစွမ်းအားကြီး လူတွေလည်း ရှိသေးတယ်နော်”

 

ထိုသူတွေက ချီယုံကို မမြင်နိုင်ရင်လည်း ကိစ္စမရှိချေ။ ထိုအရူးကောင် ချီယုံက မူလဝတ္ထုထဲမှာ အားနည်းချင်ယောင် ဆောင်ရသည့် အလွန်တရာ အရေးပါ သော အကြောင်းရင်းရှိကိုရှိသည်။ ပြီးတော့ သူ့ကိုယ်သူ အားနည်းတဲ့ပုံစံ ပေါက်အောင် အကြာကြီး သရုပ်ဆောင် လို့ရနေသေးရင် ဘာကိစ္စ ဒီနေရာမှာ သူ့ကိုယ်သူ ပေါ်အောင်လို့လုပ်မှာလဲ။

 

အမှန်ကိုပင် သူထင်တာ မှန်ခဲ့သည်။ အနက်ရောင်မြူထုကြီး တခ‌ဏလောက် တုံ့ဆိုင်းသွားပြီးနောက်မှာ မကောင်းဆိုးဝါး ဝိညာဉ်က နှစ်ကြိမ်မျှ ရယ်လိုက်ပြီး ဓားမြှောင်ကို ယူကာ ကျန်းလော့၏ ပါးပြင်ကို ညင်ညင် သာသာ ပုတ်ပြီး တယုတယဖြင့် ပြောလာခဲ့သည်။

 

“ဒီတစ်ကြိမ်တော့ အခုလောက်နဲ့ပဲ မင်းကို လွှတ်ပေးလိုက်မယ်”

 

နောက်တခဏမှာ အနက်ရောင်မြူထု ကြီး ပျောက်ကွယ်သွားခဲ့ပြီး ကျန်းလော့ က လရောင်အောက်မှာ ပြန်ပေါ်လာခဲ့ သည်။

 

စိုင်းလောင်အာနှင့်အတူ မြေပြင်ပေါ် ငုတ်ထုတ်ထိုင်ပြီး ဖိနပ်ကို ကြည့်နေခဲ့ ကြသော လုယုံရိတစ်ယောက် သူ့ရဲ့ ရုတ်တရက် ပေါ်ထွက်လာမှုကို ငေး ကြောင်ကြောင်လေး ကြည့်နေမိသည်။

 

ကျန်းလော့ ဒေါသတွေ အလုံးအရင်းနှင့် ထွက်နေခဲ့ပြီး သူ့မျက်နှာက အိုးဖင်ကဲ့သို့ မည်းမှောင်နေခဲ့သည်။ သူ့ရဲ့ ခန္ဓာကိုယ် နှင့် မျက်နှာဘေးဖက်တွေမှာလည်း ဓားရှရာတွေနှင့် ဖုံးလွှမ်းနေခဲ့ပြီး ဗွက်တွေနှင့်လည်း ပေရေနေခဲ့သည်။

 

ထိုကဲ့သို့သော အရှက်တကွဲ အကျိုးနည်း ပုံစံက အံ့ဩဖို့ကောင်းလောက်အောင် ပင် ခက်ထန်ပြီး အထိမခံနိုင်အောင် နုနယ်သော အလှတရားနှစ်မျိုးကို ဖော်ဆောင်နေခဲ့သည်။

 

ကျန်းလော့ အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့မျက်လုံးတွေကို ပြန်မဖွင့်ခင် ဒေါသ တွေကို ထိန်းချုပ်လိုက်သည်။ ထို့နောက် သူ မျက်လုံးတွေ ပြန်ဖွင့်လိုက်ချိန်မှာ ပထမဆုံးမြင်လိုက်ရတာက လက်ထဲမှာ ကြက်ပေါင်တစ်ယောက် တစ်ချောင်းစီ နှင့် သူ့ကို ပါးစပ်အဟောင်းသားလေး တွေ ကြည့်နေခဲ့ကြသော လုယုံရိ နှင့် စိုင်းလောင်အာတို့ကိုပင်။

 

ကောမန့်‌တွေ ပေါက်ကွဲထွက်လာခဲ့သည်။

 

[ဘုရားရေ ဘုရားရေ ဟောဒီ့ ကောင်ချောလေးက ဘယ်သူများလဲ]

 

[ အား ဘယ်သူက သူ့အဝတ်အစား တွေကို ဒီလိုလုပ်လိုက်တာလဲ။ ဒီတိုင်း အကုန် ဖြဲပစ်လိုက်လို့ မရဘူးလား]

 

[ သေနိုင်လောက်တဲ့ အလှလေးပဲ ငါ လျက်ပြီ လျက်ပြီ … ငါ့ ပါးစပ် ထောင့်တွေကနေ မျက်ရည်တွေ စီးကျ လာနေပြီ …. အိုး လှရက်လိုက်တာ]

 

[ ငါ့ရဲ့ ညီအစ်ကိုတွေနဲ့ ညီအစ်မတွေကို နှုတ်ဆက်ခဲ့ပါတယ် … ငါတော့ သတ်ခံ လိုက်ရပြီ]

 

[ ငါ့ သူငယ်ချင်းက ငါ့ကို ဒီနှစ်ပြိုင်ပွဲ တွေကို လာကြည့်ဖို့ အော်ခေါ်တုန်းက ငါ မယုံခဲ့ဘူး … ဒါပေမယ့် ငါ အခုတော့ သိလိုက်ပါပြီ … ဒီ‌ ကိုကိုလေးကို ဆက်သွယ်ရမယ့်နံပါတ် ရနိုင်မလားလို့ပဲ မေးချင်ပါတယ်]

 

[ တို့ကတော့ ခပ်ပြောင်ပြောင်ပဲ… ယောက်ျားပဲ တော်ပစ်လိုက်တော့မယ်]

 

[ ငါ မေးကြည့်ပါအုံးမယ်။ ဘယ်သူကများ ငြင်းဆန်နိုင်အုံးမှာတဲ့လဲ]

 

[ ဖုရှန်းဝူလျန်ထျန်းကျွင်း … ဒီဟာက ငါတို့ရဲ့ တာအိုနှလုံးသားတွေကို စမ်းသပ်တဲ့ စာမေးပွဲများလား။ ဒါဆိုရင်လည်း ဒီလိုစာမေးပွဲမျိုး နည်းနည်းလောက် ထပ်လုပ်ပေးပါအုံး]

 

သူ ဘယ်လောက်တောင် ဖရိုဖရဲဖြစ်နေ လိမ့်မလဲဆိုတာ ကျန်းလော့ ကြည့်နေ စရာတောင် မလိုချေ။ ထို့ကြောင့် သူ လုယုံရိနှင့် စိုင်းလောင်အာကို သံသ‌ယ တွေဖြင့် ကြည့်လိုက်သည်။

 

“မင်းတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး အတူတူဖြစ်နေကြတာလဲ”

 

ကျန်းလော့ လုံးဝခန့်မှန်းလို့မရသော ချီယုံကြောင့် စိတ်ဖိစီးမှုတွေ များနေပြီ ဖြစ်ပြီး သူ မထင်မှတ်ဘဲ တွေ့လိုက်ရ သော လုယုံရိ နှင့် စိုင်းလောင်အာတို့က လည်း ချီယုံ၏ ကြိုးဆွဲရုပ်တွေထဲက ဖြစ်နေမှာကို စိုးရိမ်နေမိသည်။ 

 

လုယုံရိ “အာ … ငါတို့က တစ်ချိန်လုံး အတူတူသွားနေကြတာ”

 

စိုင်းလောင်အာ ဘေးနားကနေ ခေါင်း‌ တဆတ်ဆတ် ညိတ်ပြလိုက်သည်။

 

“ပြိုင်ပွဲစတုန်းက မထင်မှတ်ထားဘဲ စိုင်းလောင်အာ နဲ့ ငါနဲ့ က ဝင်ပေါက် အတူတူဖြစ်နေခဲ့တာ”လုယုံရိ ခေါင်း ကုတ်လိုက်ရင်း “မင်း သိပါတယ် … ငါက အမှောင်ကြောက်တတ်ပြီးတော့ စိုင်းလောင်အာ လမ်းမသိတဲ့ အရူးလေ။ ဒါကြောင့်မို့ ငါတို့ အသင်းဖွဲ့ လိုက်ပြီး အတူတူသွားနေကြတာ”

 

ကျန်းလော့ သူ‌တို့ရဲ့ မျက်နှာအမူအရာ တွေကို ကြည့်လိုက်သည်။  လုယုံရိ နှင့် စိုင်းလောင်အာရဲ့ ပုံစံတွေက ပုံမှန် အတိုင်းပဲဖြစ်ပြီး မျက်လုံးလေးတွေက အူလည်လည်နှင့်ပင် ။ သူ စိတ်အေး သွားခဲ့ရသည်။

 

“မင်းတို့မှာ အဝတ်အစား အပိုပါလား”

 

စိုင်းလောင်အာ ချက်ချင်းလက်ထောင် လိုက်ပြီး “ငါ့မှာ ရှိတယ် … ကြေနေတဲ့ အင်္ကျီတစ်စုံ”

 

ဝဲတဲတဲလေသံကို ကြားချိန်မှာ ကျန်းလော့၏ မျက်နှာကြော‌တွေ အနည်းငယ် ပြေလျော့သွားခဲ့သည်။

 

“ငါ့ကို ငှါး‌ပေးစမ်းပါ”

 

စိုင်းလောင်အာ သူ့ရဲ့အိတ်ထဲကနေ သူ့ ဂျာကင်အင်္ကျီကို ထုတ်လိုက်ပြီး ပစ်ပေးလာခဲ့သည်။ ကျန်းလော့ လက်မြှောက် ကာ ဖမ်းလိုက်ပေမယ့် သူ့ရဲ့ ရှပ်အင်္ကျီ က မြှောက်တက်သွားခဲ့ပြီး သူ့ရဲ့ ကျစ်လစ်သောခါးနှင့် ဗိုက်သားတွေကို ပေါ်သွားစေတာကြောင့် ကောမန့်တွေ နောက်တခါ ပလူပျံသွားကြပြန်သည်။

 

ကျန်းလော့ ဂျက်ကတ်ကို ဝတ်လိုက်ပြီး ဇစ်ဆွဲလိုက်သည်။ လုယုံရိက မေးလိုက် သည်။

 

“ကျန်းလော့ … မင်း ဘယ်လိုလုပ်ပြီး ဒီလိုပုံစံဖြစ်သွားရတာလဲ”

 

[ဝိုး  ကိုကိုလေးရဲ့ နာမည်က ကျန်းလော့တဲ့]

 

[အဲဒီ့အရူးနှစ်ယောက် ဘယ်ကျောင်းကို တက်ကြတာပါလိမ့်။ ငါ မှတ်မိပြီ … ပိုင်ဟွာ တက္ကသိုလ်ပဲ]

 

[ငါ အပေါ်စီးကနေ ရိုက်ထားတဲ့ ဗီဒီယိုကို ကြည့်လိုက်ရတယ် … ပိုင်ဟွာ တက္ကသိုလ်က လူတွေက တော်တော် တော်ကြတာ။ နောက်ဆုံးကျန်ခဲ့တဲ့ နှစ်ယောက်က လုယုံရိနဲ့ စိုင်းလောင်အာ တဲ့ … ဒါပေမယ့် သူတို့နှစ်ယောက်က လည်း အလယ်အလတ်အဆင့်ရှိတယ်။ ဒါနဲ့ ဒီကျောင်းက ကျောင်းသားတွေကို ရုပ်ကြည့်ပြီးတော့ ရွေးတာလား]

 

ကျန်းလော့၏ တိုက်ရိုက်ထုတ်လွှင့် သည့် ဗီဒီယိုကို ကြည့်နေကြသည့်သူတွေက လည်း လုယုံရိနှင့် စိုင်းလောင်အာ ရဲ့ ကင်မရာတွေဆီ ပြေးလာခဲ့ကြသည်။

 

[အလှလေးနဲ့ ချီယယ် အဆင်ပြေကြရဲ့ လား။ သူတို့နှစ်ယောက် တောထဲကို ဝင်ပြေးပြီးတော့ ပျောက်သွားတာပဲ တွေ့လိုက်ရတယ် … ငါ လန့်သွားတာ သေမလိုပဲ]

 

[သုံးစားမရတဲ့ ဒရုန်း … သုံးစားမရတဲ့ ပွဲစီစဉ်သူတွေ]

 

[ဟမ်။ ငါ ချီယယ်ကို မတွေ့မိပါလား]

 

ကျန်းလော့ နှင့် လုယုံရိတို့ တစ်ယောက် နှင့်တစ်ယောက် အပြန်အလှန် မေးခွန်း တွေ မေးပြီးနောက်မှာ ချီယယ်ကို သတိ ရသွားကြသည်။ သူ လှည့်ကြည့်လိုက် ချိန်မှာ မည်းမှောင်နေသော တောအုပ် နှင့် မြစ်ချောင်းကို တွေ့လိုက်ရသည်။  သည်အခြေအနေမှာတော့ ကောင်းကင် ဘုံရဲ့ ဘုရားသခင်တောင် ပြန်ရမည့် လမ်းကို မှတ်မိနိုင်မယ်မထင်ချေ။

 

ကျန်းလော့ တခဏလောက် တိတ်ဆိတ် သွားပြီးနောက် ဒရုန်းကို မော့ကြည့် လိုက်သည်။

 

“ချီယယ် နဲ့ ငါ ပင့်ကူလူသားနဲ့ တွေ့ခဲ့ကြ တာ။ ပင့်ကူလူသားက ငါ့နောက် ပြေးလိုက်လာပြီးတော့ သူ့ကို ပင့်ကူအိမ် ပေါ်မှာ ချန်ထားခဲ့တာ… ကြည့်‌နေတဲ့သူ တစ်ယောက်ယောက်များ ရှိလား။ ရှိရင် ကျေးဇူးပြုပြီး ဝန်ထမ်းတွေကို အသိ ပေးပေးပါ”

 

[လက်ခံရရှိကြောင်း]

 

[အဲဒါက တော်တော်လေးကို အန္တရာယ် များတာလား]

 

အခုက အရမ်းမှောင်လွန်းနေပြီဖြစ်ပြီး လမ်းကို ရှာဖို့သိပ်မလွယ်ကူချေ။  သူတို့ သုံးယောက် နားစရာနေရာ ရှာလိုက်ကြ ပြီး လုယုံရိက ကျန်းလော့ကို အိတ်ထဲက အစားအသောက်နှင့် ရေထုတ်ပေးလာ ပြီး သနားသည့်အကြည့်နှင့် ကြည့်လာ ခဲ့သည်။

 

“မင်းပဲ ကံဆိုးမှုမျိုးစုံ ပတ်ကြုံနေရတာ … အခုလည်း ကြည့်ဦးလေ … ကျောပိုး အိတ်တောင် မရှိတော့ဘူး”

 

ကျန်းလော့ ပေါင်မုန့်အိတ်ကို ဖောက် လိုက်ပြီး အားပါပါ ကိုက်ချပစ်လိုက် သည်။

 

“ဘာလို့ငါပဲ မကောင်းတာမှန်သမျှနဲ့ ကြုံနေရလဲဆိုတာ ငါလည်း သိချင်မိ သား”

 

စိုင်းလောင်အာ သူ့ဘေးနားမှာ ငုတ်တုတ်ထိုင်ချလာပြီး ကြက် ခြေထောက်ကိုကိုက်ကာ ပြောလာခဲ့ သည်။

 

“ငါတို့တွေ ပြိုင်ပွဲပြီးသွားတာနဲ့ နတ်ဘုရားတွေကို သွားပြီးတော့ ပသကြ ရအောင်”

 

လုယုံရိ မေးစေ့ကိုပွတ်လိုက်ရင်း “ယွင်နန်မှာ အရမ်းနာမည်ကြီးတဲ့ ဘုရားကျောင်း တချို့ရှိတယ် … ကျန်းလော့ … အဲဒီ့ကိုသွားပြီး သူတို့ကို ပူဇော်ပသလိုက်စမ်းပါ … မင်းရဲ့ မကောင်းတဲ့ကံတွေ ပျောက်သွား အောင်လို့”

 

သူတို့သုံး‌ယောက် အစာစားကာ ရေ သောက်လိုက်ကြပြီး လုယုံရိက မီးမွှေး လိုက်သည်။ မနက်မိုးသောက်ချိန်မှာ သူတို့သုံးယောက် တစ်ယောက်ပြီး တစ်ယောက် နိုးလာကြပြီး အစီအရင်၏ ဗဟိုချက်ရှိရာဆီ ခရီးဆက်လိုက်ကြ သည်။

 

ကျန်းလော့၏ ဦးတည်ချက်က ရှင်းလင်းသည်။  သူ သံလိုက်အိမ်မြှောင် လည်း ပျောက်သွားပြီးဖြစ်ကာ ကြည့်ချင်ယောင် ဆောင်ချင်လို့တောင် ချေ။ သူ အတိတ်နိမိတ်ဆောင်သော ရွှေရောင်အလင်းတန်းတွေကို ကြည့်ရင်းနှင့်သာ ရှေ့ဆက်သွားလိုက် သည်။

 

အစကတော့ သူ မျက်ကန်းလမ်း လျှောက်ချင်ယောင် ဆောင်နေတာလား ဟု လုယုံရိ သံသယဝင်မိပေမယ့် ကျန်းလော့က သူတို့ကို အစီအရင်၏ ဗဟိုချက်နေရာကို ခေါ်သွားပေးလာချိန် မှာတော့ လုယုံရိ အံ့အားသင့်သွားခဲ့ရ သည်။

 

“ကျန်းလော့ မင်းဘယ်လိုများ လုပ်လိုက်တာလဲ”

 

သူ့ရဲ့ နောက်ဆုံးပိတ်မတိုင်မီ တစ်ယောက်ဟူသော အမည်လေးက မတည်ငြိမ်လောက်တော့မှန်း သူ ရေးတေးတေး ခံစားလိုက်မိပြီး … လုယုံရိ အသည်းကွဲကာ စိတ်လှုပ်ရှား လာခဲ့သည်။ 

 

“ဘုရားရေ … ငါတို့တွေက အစီအရင် ရဲ့ ဗဟိုချက်နေရာကို ပထမဆုံးရောက် တဲ့ သူတွေလား”

 

ဝန်ထမ်းက မေးခွန်းကို ဖြေလာခဲ့သည်။

 

“ဟုတ်ပါတယ် … ကျောင်းသားလေး တို့က ပထမဆုံးရောက်တဲ့ သူတွေပါ”

 

အမြဲတမ်း နောက်ဆုံးပိတ်ဖြစ်နေခဲ့‌သော လုယုံရိနှင့် စိုင်းလောင်အာတို့ အောင်ပွဲခံ လိုက်ကြပြီး ကျန်းလော့ရဲ့ပါးကို ဘယ်တစ်ဖက် ညာတစ်ဖက် နမ်းလိုက် ကြသည်။

 

“ဘုရားရေ မင်းက အရမ်းမိုက်တာပဲ”

 

“အို့ ငါ ပထမနေရာကို ပထမ‌ဆုံး အကြိမ်အနေနဲ့ ရခဲ့ပြီ … ပျော်လိုက်တာ ပျော်လိုက်တာ”

 

ကျန်းလော့ သူ့မျက်လုံးတွေကို လှိမ့်လိုက်ပြီး အလံကိုယူကာ သူတို့ကို ထွက်ပေါက်ဆီ ခေါ်သွားပေးလိုက်သည်။

 

ထွက်ပေါက်မှာ ရွှေရောင်အလင်းတန်း တွေ မရှိပေမယ့်လည်း လူတွေအများ ကြီး ဝင်ထွက်သွားလာနေကြတာကြောင့် အသက်စွမ်းအင်တွေ အများကြီး ရှိနေခဲ့ သည်။ ကျန်းလော့ ရွာ၏  အသက်ဓာတ် အပြင်းဆုံးနေရာဆီ သွားလိုက်သည်။  ဆယ်နာရီမထိုးသေးခင်မှာပဲ သူတို့ ကျားခြေရာရွာထဲကနေ ထွက်လာနိုင်ခဲ့ သည်။

 

ယောက်ျားလေးသုံးယောက်စလုံး ပင်ပန်းနေကြပေမယ့် စိတ်ဓာတ်တွေက တက်ကြွနေခဲ့သည်။  သူတို့တွေကို နေ့လည်စာထမင်းဘူး သုံးဘူးပေးလာ ခဲ့ချိန် မှာ ကျန်းလော့ ဝန်ထမ်းကို မေးလိုက်သည်။

 

“ချီယယ်ကို ကယ်ပြီးပြီလား”

 

ဝန်ထမ်းက ခေါင်းညိတ်ပြလာခဲ့သည်။

 

“သူ ထိခိုက်ဒဏ်ရာရသွားတာတော့ မရှိ ပါဘူး … ကျွန်တော်တို့ သူ့ကို ချပေးပြီး ချိန်မှာ သူ ပြိုင်ပွဲကို ဆက်ပြိုင်ဖို့သွား ပါတယ်”

 

ချီယယ် အဆင်ပြေတာကို ကြားရ၍ ကျန်းလော့ စိတ်သက်သာရာရသွားခဲ့ သည်။

 

သူတို့တွေက ပထမဆုံးထွက်လာကြ‌ သော ပြိုင်ပွဲဝင်သုံးဦးဖြစ်ပြီး ပထမ နေရာ သုံးနေရာကို အေးအေး ဆေးဆေးပင် ရလိုက်ကြသည်။ သူတို့ သုံးယောက် ထမင်းဘူးလေးတွေကိုင်ပြီး လမ်းဆုံနေရာမှာထိုင်ကာ နောက်ထပ် ထွက်လာမည့်သူကို စောင့်ကြည့်နေခဲ့ ကြသည်။

 

နာရီဝက်ကြာပြီးနောက်မှာတော့ ချွေး တွေပြန်ပြီး ရှုသိုးသိုးမျက်နှာထားနှင့် ချီယယ် လမ်းဆုံနေရာကနေ အမြန် ထွက်လာခဲ့သည်။

 

ချီယယ် ထွက်လာပြီးသည်နှင့် တစ်ပြိုင် နက် သူမြင်လိုက်ရသည့် ပထမဆုံးသူက ကျန်းလော့ပင်။ သူ ကျန်းလော့ဆီ မြန်မြန်လျှောက်လာပြီး မျက်မှောင်ကြုတ် နှင့် မေးလာခဲ့သည်။

 

“မင်း အဆင်ပြေလား”

 

ကျန်းလော့က စိုင်းလောင်အာ၏ဂျာကင် အင်္ကျီကို ဝတ်ထားဆဲဖြစ်ပြီး သူ့ မျက်နှာထက်က ရှရာတွေ ပျောက်ကွယ် သွားခဲ့ပြီဖြစ်သည်။

 

ချီယယ်၏ မျက်ခုံးတွေ နည်းနည်းပြေ သွားခဲ့ပြီး ထို့နောက်မှာ တစ်ခုခုကို သတိရသွားသည့်ပုံစံဖြင့် “မင်းက အဆင့်တစ်လား”

 

စိုင်းလောင်အာ ရယ်ကျဲကျဲနှင့် ဖြေလိုက် သည်။

 

“ကျန်းလော့က အဆင့်တစ်၊ လုယုံရိက အဆင့်နှစ်၊ ငါက အဆင့်သုံး”

 

ချီယယ်၏ မျက်နှာ အပြာရောင်သန်း သွားခဲ့သည်။  ရိုးရှင်းသော အစီအရင် ချိုးဖောက်ရသည့်ပြိုင်ပွဲလေးမှာ သူ ပထမသုံးနေရာကနေ ပြုတ်ကျသွားလိမ့် မည်ဟု သူ ဘယ်တုန်းကမှ မထင်ထား ခဲ့ချေ။

 

ကျန်းလော့ တစ်ယောက်တည်း မဟုတ်ဘဲ ဒုတိယနှင့် တတိယက ဘယ်ကနေ ရောက်လာကြတာလဲ။ သူတို့ ပုံစံတွေကို မြင်လိုက်သည့် တခဏမှာပဲ သူတို့ ကျန်းလော့ကိုမှီပြီး ဒီနေရာကို ရောက်လာကြမှန်း ချီယယ် သိလိုက်ရသည်။

 

သူ အသက်ပြင်းပြင်းရှုပြီး ကျန်းလော့ ကို လေသံမာမာနှင့် ကတိပြုလိုက်သည်။

 

“နောက်တစ်ခါကျရင်… ငါက အဆင့်တစ် ဖြစ်စေရမယ်”

 

ကျန်းလော့ နားမလည်နိုင်ဖြစ်သွားခဲ့ရ သည်။ “ကြိုးစားပေါ့”

 

ဆယ့်နှစ်နာရီထိုးပြီးနောက်မှာ ကျောင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။ နောက်ဆုံးထွက်လာသည့်သူက ခွမ့်ကျိန်း ဖြစ်ပြီး သူလည်းပဲ တစ်နာရီမထိုးခင် ထွက်လာခဲ့တာဖြစ်သည်။

 

ပြိုင်ပွဲအဆုံးသတ်ချိန် သုံးနာရီထိုးသည် နှင့် တစ်ပြိုင်နက်တည်း ဝန်ထမ်းက နာရီကို ရပ်ကာ ပြိုင်ပွဲပြီးဆုံးကြောင်း ကြေညာလိုက်သည်။

 

ကျန်းလော့ လူတွေကို အကြမ်းဖျင်းရေ တွက်လိုက်သည်။ ပြိုင်ပွဲမစခင်တုန်းက လူအယောက် 180နှင့် ယှဉ်လျှင် ပထမ အဆင့်ဖြစ်သော အစီအရင်ချိုးဖောက် သည့် အဆင့်မှာတင် လူအယောက် 50 လောက် ထုတ်ပယ်ခံလိုက်ရပြီး အယောက် 130သာ ကျန်ရစ်တော့သည်။

 

ကျောင်းအသီးသီးကလူတွေ အကုန် စုစည်းလိုက်ကြသည်။ကျန်းလော့ နှင့် ကျန်နှစ်ယောက်က ပထမပြိုင်ပွဲ၏ ပထမ သုံးနေရာကိုရသွားမှန်း သိလိုက်ကြချိန် မှာ ကျိုးကျုံးချိုး  လက်မထောင်ပြ လိုက်ပြီး သူ့ရဲ့ အက်ရှရှအသံဖြင့် ပြောလာခဲ့သည်။

 

“ဟုတ်ပြီကွ … ညီအစ်ကိုတို့ … တော်တယ်”

 

ဝမ်ယမ်လန်က အပြုံးဖြင့် ပြောလာခဲ့ သည်။

 

“လွန်ခဲ့တဲ့နှစ်တွေတုန်းက ပထမဆုံး သုံးနေရာကို ဒုတိယအဆင့်အတွက် သဲလွန်စတွေ ပေးလေ့ရှိတယ် … ဒီနှစ်ရဲ့ ထိပ်ဆုံးသုံးနေရာက ငါတို့ကျောင်းက ဆိုသော့ ငါတို့အဲတာကို အခွင့်အရေး ယူလို့ရပြီ”

 

လုယုံရိက တက်ကြွနေခဲ့သည်။

 

“နောက်အဆင့်က ဘယ်တော့လဲ”

 

ဝမ်ယမ်လန် “နောက်ငါးရက်နေရင်”

 

သူတို့အုပ်စု ခဏတဖြုတ်စကားပြောနေ ကြချိန်မှာ ရုတ်တရက်ဆိုသလို အုပ်စု တစ်စုက သူတို့ဆီ ချီတက်လာခဲ့သည်။ ခွမ့်ကျိန်းက သူတို့ကို ပထမဆုံး သတိ ထားမိလိုက်သူဖြစ်ပြီး ရှေ့သို့တိုးကာ သူ့အဖော်တွေကို ကာပြီး ရပ်လိုက်သည်။

 

“တစ်ယောက်ယောက် လာနေတယ်”

 

ကျန်းလော့ လှည့်ကြည့်လိုက်သည်။

 

ထိုအုပ်စုက “ရှန်ဟိုင်းတက္ကသိုလ်” ဆိုသည့်စာသားတွေ ရေထိုးထားသော ဝတ်စုံတွေကို ဝတ်ထားခဲ့ကြပြီး သူတို့ကို ဦးဆောင်လာသည့်သူကတော့ ငွေရောင် မျက်မှန်နှင့် နှုတ်ခမ်းမှာ အပြုံးကို ချိတ်ဆွဲထားသော လူကြီးလူကောင်း ဆန်ဆန် ကောင်လေးတစ်ယောက်ဖြစ် သည်။

 

ထိုသူတွေက ကျန်းလော့တို့အုပ်စုဆီ တည့်တည့်ကြီး လျှောက်လာကြကာ မျက်မှန်‌နှင့် ကောင်လေးက လူတိုင်းရဲ့ မျက်နှာကို အရင် အကဲခတ်လိုက်ပြီး နောက်ဆုံးမှာ အကြည့်က ကျန်းလော့ ဆီ ရောက်လာခဲ့သည်။

 

“ဟယ်လို “ကောင်လေးက အပြုံးဖြင့် နှုတ်ဆက်လာခဲ့ပြီး “မင်းက ကျန်းလော့ ဟုတ်တယ်မလား … ငါက ပိုင်ယွီဖုန်းပါ … ငါတို့တွေ သူငယ်ချင်းလုပ်ကြရ အောင်လေ … ဘယ်လိုလဲ”

 

သူ လက်ဆန့်ပေးလာခဲ့သည်။

 

ကျန်းလော့ သူ့ကို တခဏလောက် စိုက် ကြည့်လိုက်ပြီးနောက် လက်ဆွဲနှုတ်ဆက် လိုက်သည်။

 

“ဟယ်လို”

 

ပိုင်ယွီဖုန်းက ပြုံးရင်းနှင့် တခြားသူတွေ ကို ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီး ရုတ်တရက်ဆိုသလို ကျန်းလော့ကို အရင်းခံပုံစံဖြင့် “မင်းတို့ နောက်အဆင့်အတွက် သဲလွန်စတွေ ရလာတဲ့အခါကျရင် … ငါတို့ကို ကော်ပီ ရောင်းပေးလို့ရမလား”

 

လတ်စသတ်တော့ စီးပွားရေးကိစ္စကိုး။ ကျန်းလော့၏ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားခဲ့ပြီး ခုနကထက်ပင် ပိုပြီးတော့ ဟက်ဟက်ပက်ပက် ရှိလာခဲ့ သည်။

 

“မင်းက ငါ့မှာရှိတဲ့ သဲလွန်စကို ဝယ်ချင် တာလား”

 

ပိုင်ယွီဖုန်း ခေါင်းညိတ်လိုက်ပြီး နောက်တစ်ခေါက် ခေါင်းကိုယမ်းပြ လိုက်သည်။ လုယုံရိနှင့် စိုင်းလောင်အာ  ကို သူ လက်ညိုးထိုးလိုက်ပြီး သက်သောင့်သက်သာ ပြုံးပြလာခဲ့သည်။

 

“မင်းတို့ သုံးယောက်လုံးမှာရှိတဲ့ သဲလွန်စကို ဝယ်ချင်တာ”

 

ကျန်းလော့၏ နားထဲကို ဝမ်ယမ်လန် ကပ်ပြောလိုက်သည်။

 

“သူက ဒီပြိုင်ပွဲရဲ့ ပဉ္စမနေရာကသူပဲ … ဒါပေမယ့် ပဉ္စမနေရာထက် ပိုပြီးတော့ အရည်အချင်းရှိတယ်။  ပြိုင်ပွဲမစခင် တုန်းက သူနဲ့ ချီယယ် နှစ်ယောက်တည်း က တစ်ယောက်က ပထမနေရာရလိမ့်မယ်လို့ မှန်းထား ကြတာ”

 

အို … ဒါဆိုရင် ဒါက ရုပ်ချော ဉာဏ်ကောင်းပြီး ပိုက်ဆံရှိတဲ့ နောက်ထပ် တစ်ယောက်ပေါ့။

 

ကျန်းလော့ရဲ့ အပြုံးက မပြောင်းမလဲ ရှိနေဆဲဖြစ်ပေမယ့် သူ့စိတ်ထဲက နဂို မှန်းထားသောဈေးကို နှစ်ဆတိုးလိုက် ပြီး ပြောလိုက်သည်။

 

“ငါတို့ ရောင်းလို့တော့ရပါတယ် … ဒါပေမယ့် ကော်ပီတစ်စုံကိုပဲ ရောင်းမယ်”

 

ပိုင်ယွီဖုန်း မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး စိတ်ရှည်လက်ရှည် ပြောလာခဲ့သည်။

 

“ကျောင်းသားကျန်း … ငါတို့မှာ ပိုက်ဆံ အလုံအလောက်ရှိပါတယ်”

 

ကျန်းလော့ ပြန်ပြောလိုက်သည်။

 

“တိုက်ဆိုင်လိုက်တာ … ငါတို့မှာလည်း ငွေလိုမနေဘူး”

 

ကောကျူက တစ်ခုခုပြောမလို့ လုပ်လိုက်ပေမယ့် ယယ်ရွှင်က တားဆီး ခြင်းကို ခံလိုက်ရသည်။

 

“ဝင်မပြောနဲ့”

 

“အာ”ပိုင်ယွီဖုန်း နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ပြီး “အဲလိုဆိုရင် ကော်ပီ တစ်ခုကိုပဲ ရောင်းနိုင်မယ်ပေါ့”

 

ကျန်းလော့လည်း ရယ်လိုက်ရင်း “အမှန်ပဲ ”

 

သူ့ရဲ့ မှန်ဘီလူးတွေနောက်က မျက်လုံး တွေကို ပိုင်ယွီဖုန်း အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး ပုခုံးတွန့်လိုက် သည်။

 

“ကောင်းပြီလေ … တစ်စုံဆိုတော့လည်း တစ်စုံပေါ့… ဒါပေမယ့် မင်းရတဲ့ သဲလွန်စကို လိုချင်တယ်”

 

ကျန်းလော့ နားလည်သည့်ပုံစံဖြင့် ခေါင်းညိတ် လိုက်သည်။

 

“သဘောတူတယ်”

 

ဆယ်မိနစ်အကြာမှာတော့ ပြိုင်ပွဲ၏ ထိပ်ဆုံးသုံးဦးကို သူတို့ရဲ့ သဲလွန်စတွေ ပေးလာခဲ့သည်။ ကျန်းလော့ စာရွက် ခေါက်လေးကို ဖွင့်ကြည့်လိုက်ချိန်မှာ ရိုးစင်းသော စာကြောင်းလေး တစ်ကြောင်းကို တွေ့လိုက်ရသည်။

 

‘4-5 အခန်း’

 

စာကြောင်းကအရမ်းကို မရေမရာဖြစ် လွန်း၍ ကျန်းလော့ သုံးကြိမ်ဖတ်ပြီး တာတောင်မှပဲ နားမလည်ခဲ့ချေ။ လုယုံရိနှင့် စိုင်းလောင်အာတို့ကမှ သူ့ ထက် ရှင်းလင်းသော သဲလွန်စတွေကို ရလာခဲ့သေးသည်။

 

“2012 ခုနှစ်မှာ မြို့မှာရှိတဲ့ ကျောင်းအချို့ ကို တိုးချဲ့ခဲ့တယ်” နှင့်  “ယောက်ျားလေးဦးရေနှင့် မိန်းကလေး ဦးရေ မညီမျှဘူး”တို့ပင်ဖြစ်သည်။

 

သူတို့ရရှိခဲ့သော သဲလွန်စတွေက နောက်အဆင့်ကို 2012 မှာ တိုးချဲ့ ခဲ့သောကျောင်းတွေထဲက တစ်ကျောင်း မှာ ကျင်းပလိမ့်မည်ဟု ညွှန်ပြနေခဲ့ ပေမယ့် ကျန်းလော့၏ မတ်ဆေခ်ျ့က တော့ မရှင်းမလင်းချေ။

 

ကျိုးကျုံးချိုး မျက်နှာတွေ ပျက်သွားခဲ့ သည်။

 

“ပထမနေရာရဲ့ သဲလွန်စက ထိပ်တန်း ဦးစားပေးပဲ ဒါပေမယ့် ဒီနှစ်ရဲ့ ပထမ‌ နေရာကသူကို ဒီလို မရေမရာတဲ့ သဲလွန်စမျိုး ပေးလာခဲ့တယ်ဆိုတော့ နောက်တစ်ဆင့်က လွယ်မယ့်ပုံ မပေါ်ဘူး”

 

ကျန်းလော့က စိတ်ထဲထားမနေခဲ့ချေ။

 

“မေးခွန်းက ခက်တယ် … လူတိုင်း လည်း ခက်ခဲတယ် … ကြိုးစားရုံပဲ ရှိတာပေါ့”

 

သူ သတင်းကြားပြီးချိန်မှာ ရောက်လာခဲ့ သော ပိုင်ယွီဖုန်းကို သဲလွန်စပေးလိုက် သည်။ပိုင်ယွီဖုန်း မျက်မှောင်ကြုတ်လိုက် ပြီး “ငါ သိပြီ”

 

သူ ပိုက်ဆံပေးချေပြီး ပြန်လှည့်သွားခဲ့ သည်။ သို့သော် ခြေလှမ်းဘယ်နှလှမ်း မှတောင် မလှမ်းရသေးခင်မှာပဲ ပိုင်ယွီဖုန်းက ကျန်းလော့ဆီ ရုတ်တရက် ပြန်လှည့်လာပြီး ပြုံးကာ အသံကိုမြှင့် လိုက်သည်။

 

“ကျန်းလော့ …..”

 

ထို “ကျန်းလော့”ဆိုတဲ့ ခေါ်သံက ကျန်းလော့ကို မျက်ခုံးတွေ အကြိမ် အနည်းငယ်လှုပ်သွာစေခဲ့ပြီး သူ ထူးဆန်းသော ရင်းနှီးကျွမ်းဝင်မှု တစ်စုံတစ်ရာကို ခံစားလိုက်ရသလိုပင်။

 

ပိုင်ယွီဖုန်းရဲ့ နှုတ်ခမ်းထောင့်တွေက ကော့တက်နေခဲ့ပြီး သူ အဓိပ္ပာယ်ပါပါ ပြောလာခဲ့သည်။

 

“မင်းရဲ့ အရင်တုန်းက အဆင့်တွေက မကောင်းဘူးလို့ ငါကြားဖူးတယ်။ ဒီနှစ် ရဲ့ ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရခဲ့တာကလည်း တိုက်ဆိုင်သွားလို့ပဲ‌ဆိုပြီး။ ဒါပေမယ့် ပထမအဆင့်မှာ ပထမနေရာကို ရသွားခဲ့တာက တကယ် မယုံနိုင်လောက် အောင် အရည်အချင်းရှိလို့ပဲပေါ့နော်”

 

သူ ပြုံးလိုက်ပြီး ဆက်ပြောလာခဲ့သည်။

 

“ငါ မင်းကို အရမ်းအထင်ကြီးတယ် ကျန်းလော့ … ဒုတိယအဆင့်မှာလည်း ပထမနေရာကို သေချာပေါက် မင်းပဲ ရလိမ့်မယ်လို့ ယုံကြည်တယ်။ ဒီနေရာ မှာ ရှိနေတဲ့ ဘယ်သူကမှ မင်းကို မယှဉ်နိုင်ဘူး”

 

ထိုစကားတွေ သူ့ပါးစပ်ကနေ ထွက်ကျ လာလာခြင်းမှာပဲ ရှန်ဟိုင်းတက္ကသိုလ်က လူတွေ ပေါက်ကွဲကုန်ကြသည်။ ပိုင်ရှင်းယွီက ကျောင်းမှာ လူကြိုက်များ သည့်ပုံပင် … ထိုလူတွေက ပိုင်ရှင်းယွီ ကို စကားမျိုးစုံဖြင့် နှစ်သိမ့်ပေးလာကြ ပြီး ကျန်းလော့ဆီကို ရန်လိုသော အကြည့်တွေဖြင့် မရေမရာ ကြည့်လာခဲ့ ကြသည်”

 

ရှန်ဟိုင်းတက္ကသိုလ်က လူတွေအပြင် အနီးအနားမှာ ရှိနေသော လူတွေရဲ့ တီးတိုးပြောသံတွေကိုပါ ကျန်းလော့ ကြားလိုက်ရသည်။

 

“အဲတာ ရှန်ဟိုင်းတက္ကသိုလ်က ပိုင်ယွီဖုန်း မဟုတ်ဘူးလား။ သူက ဘာလို့ ဒီလိုမျိုး ပြောရတာလဲ”

 

“ဒီ ကျန်းလော့ဆိုတာကရော ဘယ်သူ လဲ။ ငါဖြင့် သူ့နာမည်ကို တစ်ခါမှ တောင် မကြားဖူးဘူး … ပိုင်ယွီဖုန်းက သူနဲ့ မယှဉ်နိုင်ဘူးတဲ့လား။ ချီယယ် ကရော သူနဲ့ မယှဉ်နိုင်ဘူးပေါ့။ ဒီနေရာမှာ ရှိနေတဲ့ ပါရမီရှင်တွေထဲမှာ သူ့ထက် နာမည်မကြီးတဲ့သူ ဘယ်သူ ရှိလို့လဲ”

 

“သောက်ရမ်း ဒေါသထွက်စရာပဲ … ဒီတစ်ယောက်က နောက်ပေါက်ကနေ ဝင်လာတာများလား”

 

ကျန်းလော့ရဲ့ အပြုံးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ပိုင်ယွီဖုန်းကို သူ လေးနက်စွာ ကြည့်လိုက်သည်။

 

ပိုင်ယွီဖုန်းက သူ့ကို ချီးမွမ်းသွားသည့် ပုံပေါက်နေပေမယ့် အမှန်တကယ်က တော့ သူ့ကို လူမြင်ကွင်းရောက်အောင် တွန်းပို့လိုက်တာပင်။

 

ကျန်းလော့က ဒုတိယအဆင့်ကို သိုသို သိပ်သိပ်လေး ဖြတ်သန်းပြီး ယွမ်ထျန်းကျူကို ကြည့်ချင်ခဲ့ရုံသာ ဖြစ်ပေမယ့် အခု ပိုင်ယွီဖုန်းက အဲလို ပြောလိုက်တော့ သိုသိုသိပ်သိပ်နေဖို့ မပြောနှင့် ပစ်မှတ်မထားခံရရင်တောင် ကံကောင်းနေပြီပင်။

 

ဒါပေမယ့် ပိုင်ယွီဖုန်းက ဘာလို့ သူ့ကို ပစ်မှတ်ထားနေရတာလဲ။

 

သူ ပိုင်ယွီဖုန်းကို ဘယ်တုန်းကမှ ရန်မစ ခဲ့ဖူးချေ …ခုနလေးတင်ကမှ သူ့ကို သဲလွန်စတစ်ခုပဲ ရောင်းလိုက်တာက လွဲလို့ပေါ့။

 

အဲတာလေးကြောင့်မို့လို့ ကျန်းခော့ ပစ်မှတ်ထားခံရတာလား။

 

အဲတာသာ အမှန်ဆိုရင်တော့ ပိုင်ယွီဖုန်း၏ စိတ်သဘောထားက ပင်အပ်လောက်တောင် မကြီးလောက် ချေ။ သို့သော် ထိုဟာမဖြစ်နိုင်ဘူး ဆိုသည့် မရေမရာခံစားချက်ကြီးက ကျန်းလော့ ရင်ထဲ ဖြစ်နေခဲ့သည်။

 

သူ ကြည့်နေစဉ်မှာပဲ ပိုင်ယွီဖုန်းရဲ့ နှုတ်ခမ်းထောင့်တွေက ကော့တက်သွား ပြီး သူ့ကို မျက်စိမှိတ်ပြကာ လူတွေ ခြံရံပြီး တရွေ့ရွေ့နှင့် ထွက်သွားခဲ့ သည်။

 

ကျန်းလော့ခေါင်းထဲကို အတွေးတစ်ခု ရုတ်တရက် ဝင်လာခဲ့သည်။

 

သူ့ကို အသည်းအသန် ပစ်မှတ်ထားမည့် သူ တစ်ယောက်တည်းသာ ရှိသည်။

 

သူ အံကြိတ်လိုက်ပြီး သူ့ စိတ်ထဲမှာ ရေရွတ်လိုက်သည်။

 

ချီယုံ။

 

ပိုင်ယွီဖုန်းက … ချီယုံများလား။

****