Ch 11
Viewers 8k

အခန်း ၁၁ ချီယုံသေပြီး ပထမဆုံးခုနှစ်ရက်


သေပြီးခုနှစ်ရက်မြောက်နေ့မှာ သေဆုံးသွားသူရဲ့ ဝိညာဉ် ပြန်ရောက်လာလေ့ရှိသည်။


သည်နေ့ရောက်လာချိန်မှာ ကျန်းလော့ သူ ထင်ထားသည်ထက် ပိုတည်ငြိမ်နေခဲ့ သည်။


ချီယုံ သူ့ကိုယ်သူ ပိုပြီးသန်မာလာအောင် လုပ်နေတာကနေ သူ တားနိုင်တဲ့နည်း လေးများ မရှိဘူးလား။


ချီယုံနှင့် ယှဉ်လျှင် သူနောက်ကောက်ကျ ကျန်ခဲ့တာ ဘာမှမရှိဟု ကျန်းလော့ ထင်သည်။ သူ့ဆီမှာ မူလပိုင်ရှင်မှာ မရှိသော အရည်အချင်းရှိပြီး ထိုဟာက လည်း အံ့မခန်းလောက်အောင်ပင်။ ကံကောင်းထောက်မစွာဖြင့် ချီယုံရဲ့ ပထမဆုံး ခုနှစ်ရက်မြောက်နေ့ မတိုင်ခင် မှာ သူ့ကိုယ်သူ ကာကွယ်နိုင်မယ့်နည်းကို ရှာတွေ့ခဲ့သည်။


သူ လှည့်ထွက်ကာ အဝတ်ဗီရိုဆီ သွားလိုက်ပြီး အရောင်တောက်တောက် အဝတ်တွေကိုကျော်ကာ အ‌နက်ရောင် ဝတ်စုံတွေဆီ လက်လှမ်းလိုက်သည်။


ကျန်းလော့ ယဉ်ကျေးသိမ်မွေ့စွာဖြင့် အနက်ရောင်ဘောင်းဘီရှည်ကို လဲဝတ် လိုက်ပြီး လည်သာကြိုးကိုရှာကာ သူ့ရဲ့ ပုခုံးထောက်နေသော ဆံပင်တွေကို ချည် လိုက်သည်။ ဆံပင်နှစ်ချောင်းက သူ့ ရဲ့ နားထင်စပ်ကနေပြီး သူ့မျက်နှာ ဘေးတစ်ဖက် တစ်ချက်ဆီမှာ ကပိုကရို လေး ကျဆင်းနေခဲ့ကာ ချောမောမှုကို ပံ့ပိုးနေခဲ့သည်။


သူ့ပုံစံက ကြောက်ရွံ့နေသည့်ပုံလည်း မပေါ်ချေ။ သူ ကြောက်မနေသည့်အပြင် အနည်းငယ်တောင်မှ စိတ်လှုပ်ရှားနေ သေးသည်။ 


ထိုဟာက မှန်ပေသည်။ ကျန်းလော့သာ စိတ်လှုပ်ရှားမှုနှင့် ကြောက်မက်ဖွယ်ရာ တွေကို သဘောမကျလျှင် “နတ်ဆိုး”ဆိုသည့် စာအုပ်ကို တကူးတကရှာခဲ့မှာ လည်းမဟုတ်သလို ချီယုံဆိုသည့် ဇာတ်ကောင်ကိုလည်း ကြိုက်ခဲ့မှာ မဟုတ်ချေ။


သူ ချီယုံဆီကနေ အသတ်ခံခဲ့ရသော ဆယ့်ရှစ်ကြိမ်ကို သူ့စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေခဲ့ပြီး ကျန်းလော့ သူ လက်စား ချေဖို့ရာ မစောင့်နိုင်တော့ချေ။


သူ ချီယုံကို သေမလောက် သတ်ပစ်ချင် နေသလို ချီယုံကလည်း သူ့ကို သေမလောက် သတ်ပစ်ချင်နေလိမ့်မည် ဟု ကျန်းလော့ ယုံကြည်သည်။


ကျန်းလော့ ဆံပင်ကိုစီးကာ မျက်လုံးတွေ ကိုပင့်ပြီး မှန်ထဲကိုကြည့်လိုက်သည်။ မှန်ထဲရှိ ကောင်လေးငယ်ငယ်လေးရဲ့ မျက်လုံးတွေထဲမှာ မီးပွားတွေ ထတောက်နေခဲ့သလိုမျိုး လင်းလက်စွာ တောက်ပနေခဲ့သည်။ 


မူလစာအုပ်ထဲမှာတော့ ချီယုံရဲ့ဝိညာဉ်က အရမ်း အားနည်းနေသောကြောင့်  ပထမဆုံး ခုနှစ်ရက်မြောက်နေ့ သူ့ ဝိညာဉ်ကို ဆင့်ခေါ်တဲ့အချိန်မှာတောင်မှ သူ ကိုယ်ထင်မပြနိုင်ခဲ့ချေ။ သို့သော် သည်ရက်ပိုင်း ကြုံတွေ့ခဲ့ရသော အဖြစ် အပျက်တွေ အပြီးမှာတော့ ကျန်းလော့ တစ်ခုခုတော့ မှားယွင်းနေကြောင်း သိလာရသည်။ 


ချီယုံက အားနည်းနေတယ် … ဒါပေမယ့် အရမ်းကြီး အားနည်းနေတာတော့ မဟုတ်ဘူး။


သူက သေပြီးသားဝိညာဉ်တွေကို ကြိုးကိုင်ခြယ်လှယ်နိုင်သလို အသက်ရှင် နေသော သူတွေကိုပါ ခြယ်လှယ်နိုင် သည်။ သူ ကြိုးကိုင်ခြယ်လှယ်နေတဲ့ အရာတွေက ငှက်လေးတွေဖြစ်နေရင် တောင်မှပဲ ထိုဟာက မူလစာအုပ်ထဲမှာ ဖော်ပြထားတာနဲ့ ကွာခြားနေသည်ဟု အတည်ပြုလိုက်တာပင်။


ဒါက ဘာကို ဆိုလိုတာလဲ။ 


ကြည့်ရတာ “နတ်ဆိုး”စာအုပ်ထဲက ချီယုံက သူ့ရဲ့အစောပိုင်းကာလမှာ အားနည်မှုကို တမင်ပြသခဲ့တာ ဖြစ်နိုင်သည်။


သူ့မှာ မူလပိုင်ရှင်ကို လက်စားချေဖို့ရာ အင်အား ရှိနှင့်ပြီးသားပေမယ့် သူ မရှိဟန်ဆောင်ခဲ့သည်။ ထိုတင်မကပဲ သူ့ရဲ့ အငြိး‌အတေးတွေကိုသုံးကာ စာအုပ်ထဲမှာ ဖော်ပြခဲ့သော ပထမဦးဆုံး ကောင်းကင်ဘုံ ဆရာသခင် ဖြစ်သည့် ဖုန်းလီကို ဆွဲဆောင်ခဲ့ပြီး ဖုန်းလီကို သူ့ လက်စားချေနိုင်ဖို့ရာအတွက် ကျင့်ကြံလို့ ရအောင် ကူညီပေးဖို့ တောင်းဆိုခဲ့သည်။


သူဘာလို့ ဒီလိုလုပ်ရတာလဲ။


ကျန်းလော့ မျက်မှောင်ကြုတ်လိုက် သည်။


မူလပိုင်ရှင်က ဂိုဏ်းကြီးခြောက်ဂိုဏ်း ထဲက ကောင်းကင်ဘုံ ဆရာသခင် ဂိုဏ်းဖြစ်သော ဖုန်းမိသားစုရဲ့ သား ဖြစ်ပြီး ဖုန်းလီက အခုလက်ရှိ ကောင်းကင်ဘုံ ဆရာသခင်ပင်။


မူလပိုင်ရှင်က ချီယုံကို မနာလိုဖြစ်ပြီး ချီယုံကို ရက်ရက်စက်စက် တိုက်ခိုက်ရဲခဲ့ တာက ချီယုံရဲ့ သူတော်ကောင်းယောင် ဆောင်မှုမှာ လှည့်စားခံလိုက်ရ၍ဖြစ် သည်။


သို့သော် ဖုန်းလီကတော့ မူလပိုင်ရှင် အနားတောင် မကပ်ရဲတဲ့သူဖြစ်သည်။


ဖုန်းလီက ချီယုံကဲ့သို့ အရည်အချင်းမရှိ ပေမယ့်လည်း သူလည်းပဲ ကောင်းကင်ဘုံ ၏ မျက်နှာသာပေးခြင်းခံရသော သားတော်ဖြစ်သည်။ ချီယုံနှင့် သူ့ရဲ့ ကွာခြားချက်က ဘာများလဲ။ အကယ်၍ ချီယုံက သူ့ကိုအကြံအစည်နဲ့ ချဉ်းကပ် ခဲ့တယ်ဆိုရင် သူဘာကို ကြံစည်နေတာ များလဲ။


ကျန်းလော့ ထိုမေးခွန်းတွေကို တွေးတော နေရင်းနှင့် တခြားသူတွေနှင့် တွေဖို့ ချိန်းထားတဲ့အချိန်ကျမှ အောက်ထပ်ကို ဆင်းလာခဲ့သည်။


သည်နေ့က ချီယုံ သေပြီး ပထမဆုံး ခုနှစ်ရက် ဖြစ်သည်။ ထို့ကြောင့် သူတို့အုပ်စု အတန်းတွေပြီးချိန်မှာ ကျောင်းကို ခွင့်တိုင်ပြီးတော့ ချီယုံဆီ သွားပြီး လေးစားသမှုနဲ့ ဂါဝရ ပြုကြမှာဖြစ်သည်။ 


ညနေပိုင်း အတန်းတွေပြီးချိန်မှာ ကျန်းလော့ သူပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးတော့ အတန်းဖော်တွေ၏ နောက်ကနေ လိုက်လာခဲ့သည်။ သို့သော် သူ လျှောက်နေရင်းနဲ့ သူနာရေးအပြင် အဆင်ပစ္စည်းတွေ ရောင်းသောဆိုင်ကို ရောက်လာခဲ့သည်။


ဤဆိုင်မှာ သေသူအတွက် ပူ‌ဇော်သည့် ပစ္စည်းတွေ ရောင်းရုံသာ မကပဲ အဝါရောင်စာရွက်နှင့် ဟင်္သာပြဒါး သံလိုက်အိမ်မြှောင် အစရှိသည် တို့ကိုလည်း ရောင်းသည်။  အနက်ရောင် ဝတ်စုံဝတ်ထားသော ဝမ်ယမ်လန်က အရှေ့ကနေ ဦးဆောင်၍ ဆိုင်ထဲကို ရင်းနှီးကျွမ်းဝင်စွာဖြင့် ဝင်သွားပြီး ပြုံးလျက် ပြောလာခဲ့သည်။  


“မင်းတို့ ဝယ်စရာရှိတာတွေကို မြန်မြန် ဝယ်ကြ … ငါတို့တွေ အဲဒီ့ကို မမှောင်ခင် အရောက်သွားကြရမှာ”


လုယုံရိနှင့် တခြားသူတွေ သူတို့လိုအပ် တာဝယ်ကြဖို့အတွက် တစ်နေရာစီ ခွဲထွက်သွားကြချိန်မှာ ကျန်းလော့ ဆိုင်ရဲ့ လမ်းဘေးမှာ နေရာချထားခဲ့သော ပန်းခွေတွေနှင့် စက္ကူအိမ်တွေကို ကြည့် လိုက်ပြီး သူ့ အကြည့်တွေကို ကောင်တာ ဆီ ပို့လိုက်သည်။


လူလတ်ပိုင်းအရွယ် ယောက်ျားကြီး တစ်ယောက်က လှုပ်ကုလားထိုင်ပေါ်မှာ သူ့ရဲ့ မျက်လုံးတွေကို မှိတ်ကာထိုင်နေခဲ့ ပြီး လက်ထဲက ပုတီးခွေကို စိတ်နေခဲ့ကာ တစ်ယောက်ယောက် ဝင်လာသည့်အသံ ကြားတာတောင်မှပဲ မျက်လုံးဖွင့်ကြည့် မလာခဲ့ချေ။ 


“ကြိုက်သလို ကြည့်လို့ရတယ် … ကြိုက်တာဝယ်လို့ ရတယ် ….”သူဌေးက ပျင်းတိပျင်းရွှဲနှင့် နှုတ်ဆက်လာခဲ့သည်။ 


“ကိုင်ကြည်တဲ့ပစ္စည်းကို ဝယ်ရမယ် … ခွဲပစ်မိရင် ဆယ်ဆပြန်လျော်ပေးရမယ်”


“ဒါက ပစ္စည်းကောင်းတွေကို ဝယ်လို့ရ တယ်လို့ ငါပြောခဲ့တဲ့ဆိုင်လေ”


 ဝမ်ယမ်လန် ပြုံးရင်းနှင့် ကျန်းလော့ဆီ လျှောက်လာခဲ့ပြီး “ငါတို့တွေ ပစ္စည်း တော်တော်များများ လိုအပ်နေတာ။ အဲတာကြောင့် လိုအပ်တဲ့ ပစ္စည်းတွေကို ဖြည့်ဝယ်ပြီးမှပဲ သုသာန်ကိုသွားတော့ မယ်။ မင်းလည်း မင်းဘာလိုချင်လဲ ဆိုတာ လျှောက်ပတ်ကြည့်‌ချည်လေ”


ကျန်းလော့ ခေါင်းညိတ် လိုက်ပြီးနောက် အဆောင်တစ်ခုတည်းနှင့် မလုံလောက် ဘူးဟု တွေးမိသည်။


သူ ဆိုင်ထဲကို ဖြည်းဖြည်းချင်း ပတ်ကြည့်လိုက်သည်။ ဆိုင်ခန်းက သိပ် မကျယ်ချေ။ မြေပြင်အကျယ်က သုံးဆယ် စတုရန်းမီတာလောက်သာရှိ၍  သစ်သားနက်တန်းတွေပေါ်မှာ ပစ္စည်း တွေအပုံလိုက် ရှုပ်ယှက်ခတ်နေခဲ့ပြီး မြောက်ဘက်နံရံနားမှာ လက်ရန်း မပါသော သစ်သားလှေကားအုံတစ်ခုကို ရိုက်ထားခဲ့သည်။


ကျန်းလော့ရဲ့ အကြည့်တွေက ပစ္စည်း အမျိုးမျိုးအပေါ်မှာ ဝေ့ဝိုက်သွားခဲ့သည်။ အများစုက သူ မသိသော ထူးဆန်းသည့် ပစ္စည်းတွေဖြစ်သည်။ လုပ်ငန်းခွင် သဘာဝအရ အကျင့်ဖြစ်နေခဲ့၍ သူ့မှာ အမြဲလိုလို အသေးစိတ်တွေထိပါ ဂရုတစိုက်ကြည့်သည့် အကျင့်ရှိသည်။ ကျန်းလော့ အတွင်းအကျဆုံး ထောင့်စွန်း‌တွေထိ သွားလိုက်သည်။ အဲဒီ့မှာ ပြောပလောက်စရာမရှိသော သစ်သားဘူးလေးတစ်ဘူးကို သူ တွေ့လိုက်ရသည်။  


ပစ္စည်းကောင်းတွေက လူတွေ အလွယ်တကူ မြင်နိုင်သည့်နေရာမှာ ထားခံရလေ့ရှိသည်။ သည်တစ်ခုကတော့ ချောင်ထဲရောက်လွန်း၍ ပိုင်ရှင်တောင်မှ မေ့နေလောက်ပြီပင်။  ကျန်း‌လော့ စိတ်ဝင်စားသွားပြီး ဘူးလေးကို ထုတ် လိုက်သည်။


ဘူးပေါ်မှာ ဖုန်တွေတောင်ထူနေပြီဖြစ်ပြီး ကျန်းလော့ လေဖြင့်မှုတ်လိုက်ချိန်မှာ အနားတစ်ဝိုက် ဖုန်တွေ ပျံ့သွားခဲ့သည်။


ဖုန်တွေ မရှိတော့သည့်နောက်မှာ ကျန်းလော့ ဘူးကို အကြိမ်ရေတချို့ လောက် ထိကြည့်ပြီး တစ်ခုခုတော့ မှားနေပြီဟု ခံစားလိုက်ရသည်။ သူ ဘူးလေးကို ကြမ်းပြင်အလွတ်‌ပေါ် ချပြီး စိတ်ဝင်တစားဖြင့် ဂရုတစိုက် ထပ်တလဲလဲ လေ့လာလိုက်သည်။


သူ့လက်ဖြင့် ခံစားမိသည့် မျက်နှာပြင် အနေအထားအရသည့် ဘူးက သေချာပေါက် ကို သာမန်ဘူးမဟုတ်ချေ။ ကျန်းလော့ သူ့ရဲ့ နဂိုထင်မြင်ချက်ကို ပြောင်းပြန်လှန် လိုက်သည်။ သည်ဘူးက သေချာပေါက်ကို တစ်စုံ‌တစ်ယောက်က သဘောကျပြီး တော့ တခြားသူ ဝယ်သွားမှာ စိုး၍ သေချာ ဝှက်ထား ခဲ့တာပင်ဖြစ်ရမည်။


သူ့ရဲ့ စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပြီး ကျန်းလော့ ဘူးကို ညင်ညင်သာသာလေး ဖွင့်လိုက်ချိန်မှာတော့ အထဲမှာ လက်ကောက်လေးတစ်ကွင်း ရှိနေခဲ့ သည်။


လက်ကောက်က သတ်တမ်းအတော် ရင့်နေပုံပေါက်ပြီး သူ့ရဲ့ မျက်နှာပြင်ပေါ် မှာ ရွှေရောင် ရှေးဟောင်းမှော်စာတွေ ထွင်းထုထားခဲ့သည်။ ထိုမှော်စာတွေရဲ့ အဓိပ္ပာယ်ကို ကျန်းလော့ နားမလည်ချေ။ သူ လက်ကောက်ကို သူ့ရဲ့အင်္ကျီအစွန်း ဖြင့် ပတ်ကာကိုင်ကြည့်လိုက်ပြီး အနည်း ငယ် အံ့အားသင့်သွားခဲ့သည်။ 


လက်ကောက်ရဲ့ ပုံစံက သစ်သားနှင့်တူ ပေမယ့် အလေးချိန်ကတော့ ကျောက်စိမ်း လောက်ရှိပြီး အရည် အသွေးက နူးညံ့ ချောမွတ်ပြီး အနုစိတ် မှန်း သာမန် မျက်စိဖြင့်ပင် တွေ့နိုင်ကာ အရည် အသွေးမြင့် ကျောက်စိမ်းကို မရှုံးချေ။ 


သည်လက်ကောက်ကို ဘယ်နေရာမှာ သုံးရ မှန်းမသိတာကြောင့် ကျန်းလော့ ထိုဟာ ကို ဆိုင်ရှင်ဆီ ယူသွားကာ ပြလိုက်သည်။


“သူဌေး … ဒါကဘာလေးလဲ”


သူဌေးက မျက်လုံးတစ်လုံးဖွင့်ကြည့်လာ ပြီး “ဟေ”ဆိုသည့်အသံ ပြုလိုက်ပြီးမှ သူ့ရဲ့ အင်အားကို အနည်းငယ် ပြန်ထိန်း လိုက်သည်။


“အို … ဒါက ယင်ယန်လက်ကောက်လေ … မင်းကံကောင်းတယ်… ဒါက ပစ္စည်းကောင်းပဲ”


သူ လက်ဝါးဖြန့်ကာ လက်ငါးချောင်း ထောင်ပြလိုက်သည်။


“ဒါက အဲလက်ကောက်ရဲ့ဈေးပဲ … ဈေးဆစ်လို့မရဘူး”


ကျန်းလော့ ပြောလိုက်သည်။ 


“ယင်ယန်လက်ကောက်တဲ့လား “


သူဌေးက မျက်လုံးတွေကို နောက် တစ်ကြိမ် ပြန်မှိတ်လိုက်ပြီး “ယင်ယန် လက်ကောက် …ရွှေရောင်လျို့ဝှက် ဂါထာမန္တန် ဆယ့်သုံးပုဒ်ကို ရေးထိုးထား ပြီးတော့ ကိုယ်ပေါ်မှာဝတ်ထားရင် လူကို ကာကွယ်ပေးပြီး မကောင်းဆိုးဝါးတွေရဲ့ ကျူးကျော်ဝင်ရောက်ခြင်းကို တားဆီး ပေးတယ်”


ကျန်းလော့ စိတ်လှုပ်ရှားသွားပြီး လက်ကောက်ကို သူ့ရဲ့ ညာဘက်လက်မှာ ဝတ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယင်ယန်လက်ကောက်က ကျန်းလော့ ရဲ့ လက်ကောက်ဝတ်နှင့် အံကျဖြစ်နေခဲ့ သည်။ ကျောက်စိမ်းကဲ့သို့သော သစ်သားလက်ကောက်လေးက အမှောင် ထဲမှာ တိတ်တဆိတ် တောက်ပနေခဲ့ပြီး လူငယ်လေးရဲ့ ကြွေထည်သည့်နှယ် ဖြူဝင်းနေသည့် လက်ကောက်ဝတ်လေး နှင့် တစ်ခုနှင့်တစ်ခု ဖယ်ကြဉ်မနေဘဲ အလွန်ပင် ပနံသင့်နေခဲ့သည်။


ကျန်းလော့ သူ့ရဲ့ကျ‌သင့်ငွေကို ကျေကျေ နပ်နပ်ကြီး ပေးချေပြီးချိန်မှာ ပိုင်ရှင်ဖြစ် သူရဲ့လက်ထဲက ပုတီးခွေထဲက ပုတီးစေ့ တစ်စေ့က သာမန်နှင့်မတူ ကွဲပြားနေတာ ကို သူရုတ်တရက် တွေ့လိုက်ရသည်။


သစ်သားနှင့်လုပ်ထားသော ပုတီးစေ့တွေ ကြားမှာ ထိုပုတီးစေ့လေးတစ်လုံးကပဲ ဖောက်ထွင်းမြင်နေရသည့် မျက်နှာပြင် ရှိပြီး အေးမြသော အဖြူရောင်အငွေ့ အသက်လေးက ရေးရေးလေး ထွက်ပေါ် နေခဲ့သည်။ ကျန်းလော့ စိတ်မထိန်းနိုင်ဘဲ ထိုပုတီးစေ့လေးကို အကြိမ်အနည်းငယ် ကြည့်လိုက်မိပြီး သူ့ရဲ့ ညာဘက်မျက်ခွံက ရုတ်တရက်ဆိုသလို အကြိမ်ရေအချို့ လှုပ်သွားခဲ့သည်။ 


သူ့ရဲ့ ညာဘက်မျက်ခွံကို သူဖိလိုက်ပြီး မေးလိုက်သည်။ “သူဌေး … ခင်ဗျားရဲ့ လက်ထဲက ပုတီးခွေလေးကို ကျွန်တော် ကြည့်လို့ရမလား”


သူဌေးဖြစ်သူ သူ့မျက်လုံးတွေကို ရုတ်တရက် ဖွင့်လိုက်ပြီး ကျန်းလော့ကို အဓိပ္ပာယ်ပါပါ ကြည့်လာခဲ့သည်။


“မင်းက ငါ့ရဲ့ ပုတီးခွေကို ကြည့်ချင်တာ လား”


ကျန်းလော့ ပြုံးလိုက်ပြီး “မရဘူးလား”


ပိုင်ရှင်က သူ့ကို နက်ရှိုင်းသောအကြည့် တစ်ချက်ဖြင့် ကြည့်လိုက်ပြီး ပုတီးခွေကို ကမ်းပေးလာခဲ့သည်။ 


“ရပါတယ်”


သို့သော် ပုတီးခွေက ကျန်းလော့ဆီ မရောက်ခင်မှာပဲ သူတို့ကိုသီထားသော  ကြိုးက ရုတ်တရက် ပြတ်တောက်သွား ခဲ့သည်။ ပုတီးစေ့တွေက ကြမ်းပြင်ပေါ် ကျကာ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။ 


ပုတီးခွေက ရုတ်တရက်ကြီး ပြတ်သွား လိမ့်မယ်ဟု ဘယ်သူမျှ ထင်မထားခဲ့ချေ။ ယယ်ရွှင်နှင့် တခြားသူတွေက အသံကြား ချိန်မှာ အပြေးရောက်လာကြပြီး ပုတီး စေ့တွေကို ကူရှာပေးကြပေမယ့် ပြန်ရှာ တွေ့သော ပုတီးလုံး အရေအတွက်က နဂိုထက် တစ်လုံးလျော့နေခဲ့သည်။


ပျောက်ဆုံးနေသည့် တစ်ခုကလည်း ကျန်းလော့ ကွဲပြားနေသည်ဟု မြင်ခဲ့သောဟာပင်။


သူဌေးက ပြန်ရှာတွေ့သော ပုတီးစေ့တွေ ကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်နေ ခဲ့သည်။ သူ၏ အမူအရာက ဘာကိုဆိုလို မှန်း ကျန်းလော့ မသိပေမယ့် သူ ကြောက်ရွံ့ပြီးတော့ မှိုင်တွေနေသလို တစ်ချိန်တည်းမှာပဲ စိတ်သက်သာရာရ သွားသည့်ပုံပင်။ အချိန်အတော်ကြာပြီး နောက်မှာတော့ သူဌေးက လက်ကို ဝှေ့ယမ်းပြီး ပြောလာခဲ့သည်။


“ထားလိုက်တော့ … အရေးမှမကြီးတာ… မရှာကြနဲ့တော့”


“မြန်မြန်သာ ပိုက်ဆံရှင်းကြ… ငါ ဆိုင်ပိတ်တော့မယ်”


ထိုကဲ့သို့သော ဆိုင်မျိုးက မှောင်သွား သည်နှင့် အရောင်းအဝယ်မလုပ်တော့ ချေ။ ထို့ကြောင့် သူတို့အုပ်စု ကျသင့်ငွေ ကို မြန်မြန်ပေးကာ အငှားကားငှားလိုက်ပြီး သုသာန်ဆီသွားလိုက်ကြသည်။



ချီယုံရဲ့ အုတ်ဂူရှိရာဆီကို လူရှစ်ယောက် အငှားကားနှစ်စီးနှင့် ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။ ချီယုံက ချီမိသားစု ၏ ခေါင်းဆောင်ဖြစ်တာမို့ သူ့ရဲ့ အုပ်ဂူ ကလည်း ဖုန်းရွှေကောင်းသောနေရာမှာ တည်ရှိသည်။ သူတို့ ရောက်သွားချိန်မှာ ချီယုံရဲ့ အုပ်ဂူရှေ့တွင် နေ့ခင်းက လာပြီး ဂါဝရပြုကြသော လူတွေ ထားခဲ့ကြတာ ဖြစ်နိုင်သည့် ပန်းတွေနှင့် မီးရှို့ထားသော စက္ကူတွေကို အမြောက်အမြားတွေ့လိုက် ရသည်။


သူတို့အုပ်စုက အကုန်လုံး ကျွမ်းကျင်သူ တွေဖြစ်ကြတာကြောင့် ဝိညာဉ်ဆင့်ခေါ်  ဖို့ရာအတွက် လိုအပ်တာတွေကို အမြန် ပြင်ဆင်လိုက်ကြပြီး ယယ်ရွှင်က ဝိညာဉ် ဆင့်ခေါ်လိုက်သည်။


ကျန်းလော့ သူ့ရဲ့ သတိဝိရိယကို လျို့ဝှက်ကာ နိုးနိုးကြားကြားထားလိုက် ပြီး ချီယုံ ပေါ်လာတာကို အသင့်စောင့် လကျန်းလော့


 ချီယုံ သူတို့ဖျောင်းဖျတာ ကို လက်မခံဘဲ ကျန်းလော့ကို ဒီည သူနှင့် အတင်း ခေါ်သွားမှာစိုး၍ လုယုံရိ နှင့် တခြား သူတွေက ကျန်းလော့ကို အလယ်မှာ ထား၍ ကာကွယ်ပေးထား ကြသည်။ 


သို့သော် အဆုံးမှာတော့ ဘာမှဖြစ်မလာ ခဲ့ချေ။


ယယ်ရွှင် သူမျက်လုံးတွေကိုပြန်ဖွင့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


“ချီယုံရဲ့ ဝိညာဉ်ကို ငါ ပြန်ခေါ်လို့မရဘူး”


ကောကျူ လေးနက်စွာပြောလိုက်သည်။


“ငါ ကြိုးစားကြည့်မယ်”


သို့သော် တစ်ယောက်ပြီးတစ်ယောက် ကြိုးစားပါသော်လည်း ချီယုံက ပေါ် မလာခဲ့ချေ။ လူတိုင်း စိတ်တွေရှုပ်သွား ကြပြီး လုယုံရိ နားမလည်နိုင်တော့ချေ။


“ဒီနေ့က ချီယုံသေပြီး ပထမဆုံးခုနှစ် ရက်မြောက်နေ့ မဟုတ်ဘူးလား”


“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”ကျိုးကျုံးချိုး ခွန်းတုံ့ပြန်လိုက်သည်။ 


“ဒီနေ့က ချီယုံသေပြီး ပထမဆုံးခုနှစ် ရင်မြောက်နေ့ဆိုတာ မှားစရာမရှိဘူး။ သူ့ရဲ့ ဝိညာဉ်ကို ပြန်ဆင့်ခေါ်လို့မရတာ တကယ်ထူးဆန်းတယ်…”


ကျန်းလော့ သူ စိတ်ပဲသက်သာရလိုက် ရတော့မလား ဒါမှမဟုတ် ပိုပြီးတော့ပင် သတိထားလိုက်ရတော့မလား မပြော တတ်တော့ချေ။ သူ အမှောင်ထဲက အုတ်ဂူကို မျက်မှောင်ကြုတ်ကြည့်လိုက် ရင်း သူ မျက်လွှာချကာ အတွေးများနေ မိသည်။


တခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ ထိုပုံစံက ဝမ်းနည်းသည့်အငွေ့အသက် တွေ လွှမ်းခြုံနေခဲ့သည်ဆိုတာ ပြောနေ စရာတောင်မလိုတော့ချေ။  ကျိုးကျုံးချိုး သူမ လက်ထဲက မက်မွန်သစ်သားဓားကို ရုတ်တရက် လွှင့်ပစ်လိုက်ပြီး သူမရဲ့ ဖုန်းကို ပျင်းတိပျင်းရွှဲ့နှင့်ရှာကာ အငှား ယာဉ် ခေါ်လိုက်သည်။ 


“သွားကြရအောင် … ဒီမှာ အချိန်ဖြုန်း မနေကြနဲ့တော့ … ငါနင်တို့ကို ဘားမှာ သောက်ဖို့ ခေါ်သွားပေးမယ်”


ဝမ်ယမ်လန်ကလည်း သူမရဲ့ လက်ထဲက ပစ္စည်းတွေကို အောက်ချလိုက်ပြီး သူမရဲ့စကတ်ကို ကြော့ကြော့မော့မော့ လေး ခါလိုက်သည်။


“ဒီနေ့က ချီယုံသေပြီး ခုနှစ်ရက်မြောက် နေ့ဆိုတော့ ဘယ်သူမှ စိတ်ခံစားချက် မကောင်းကြဘူး။  အရက်သောက်ပြီး တော့ ဝမ်းနည်းမှုတွေကို မျှောချလိုက် တာ အကောင်းဆုံးပဲ”


ကျန်းလော့ကို လုယုံရိ မျက်လုံးထောင့် လေးကနေ ခိုးခိုးကြည့်ပြီး “အဲတာ ကောင်းတယ် … အဲတာကောင်းတယ်”


သုသာန်ကနေပြီး ဘားဆီသို့ သူတို့အုပ်စု တန်းသွားလိုက်ကြသည်။ ကျိုးကျုံးချိုး က ဘယ်လိုပျော်ရမလဲဆိုတာ သိတဲ့သူ ဖြစ်ပြီး သူတို့ကို မြို့လယ်ခေါင်က ဘား အကြီးကြီးဆီ ခေါ်သွားခဲ့သည်။ ရောင်စုံ နီယွန်မီးတွေနှင့် လူသံတွေဖြင့် ကြွက်ကြွက်ညံနေသော ဘားကြီးဆီကို ပေါ့။


သူတို့တွေ ဘားထဲကို ဝင်ပြီးပြီးချင်းမှာပဲ ကျိုးကျုံးချိုးက လုယုံရိကို ခေါ်သွားခဲ့ပြီး စိုင်းလောင်အာနှင့် ကောကျူကတော့ အကကြမ်းပြင်ဆီ တန်းသွားခဲ့ကြသည်။ အပြင်သွားရန်အတွက်  ပုံမှန် အဝတ်အစားတွေ ပြောင်းဝတ်ထားခဲ့ သော ကောကျူက ပါးစပ်ကနေပြီး “မကချင်ဘူး … မကချင်ဘူး”ပြောနေခဲ့ ပေမယ့် အကကြမ်းပြင်ဆီ ရောက်သွား ချိန်မှာတော့ သူက သူများတွေထက်ပင် ပိုပြီးတော့ ကွေးနေအောင်ကနေခဲ့သည်။


ကျန်းလော့ သူတို့တွေ သောင်းကျန်းနေ ကြတာကို ကြည့်လိုက်ပြီး ဘားဆီ သွားကာ စားပွဲကို လက်ဖြင့်တောက်ပြီး အရက်ဖျော်စပ်သူကို ပြောလိုက်သည်။


“ဘီယာအေးအေးလေး တစ်ခွက်ပေးပါ”


ဘားကောင်တာ မီးရောင်မှိန်ပျပျသာရှိပြီး ဝိုင်တွေခင်းကျင်းထားသော ကောင်တာ မှာပဲ အတော်လေးမှိန်သည့် မီးရောင်ရှိ နေခဲ့သည်။


အရပ်ဖျော်စပ်သူရဲ့ မျက်နှာက အမှောင် ထဲမှာ ကွယ်နေခဲ့ပြီး ကျန်းလော့ရဲ့ စကား တွေကို ဘယ်ဘီယာအမျိုးအစား ယူမှာ လဲလို့ ပြန်မမေးခဲ့သလို စနောက်ခြင်း ပရောပရည်လုပ်ခြင်းမျိုးလည်း မရှိချေ။ ထိုအစား တိတ်တဆိတ်နှင့် အနောက်ကို လှည့်သွားပြီး ရောစပ်သည့် ဖန်ခွက်တွေကို ကျွမ်းကျင်စွာ ထုတ်ယူလိုက်သည်။


ယယ်ရွှင်က ကျန်းလော့ရဲ့ ဘယ်ဘက်မှာ ထိုင်နေခဲ့ပြီး ဝမ်ယမ်လန်နှင့် ခွမ့်ကျိန်းက ညာဘက်မှာ ထိုင်နေခဲ့ကြသည်။ ဝမ်ယမ်လန် စီးကရက်တစ်ဘူးကို ထုတ် လိုက်ပြီး စားပွဲပေါ်တင်ကာ ကျန်းလော့ ကို တစ်လိပ်ပေးလာခဲ့သည်။  ထို့နောက် စီးကရက်တစ်လိပ်ကို သူ့ရဲ့ နီရဲရဲ နှုတ်ခမ်း ပေါ်တင်ကာ ပြုံးလျက်ပင် မီးညှိလိုက် သည်။


သူ့လည်ပင်းက လည်စိကို မကြည့်ပါက ဝမ်ယမ်လန်ရဲ့ အပြုအမူတိုင်းက မိန်းမ ဆန်သော ဆွဲဆောင်မှုတွေအပြည့်နှင့် ရင့်ကျက်ကာ တပ်မက်ဖို့ကောင်းသည်။ သူ့ ဘေးနာမှာထိုင်နေခဲ့သော ကျန်းလော့ ကလည်း ဝမ်ယမ်လန်ရဲ့ တောက်ပမှု အောက်မှာ မှေးမှိန်သွားခြင်းမရှိချေ။ အရောင်စုံတောက်ပနေသော နီယွန်မီး ရောင်‌ရဲ့အောက်မှာ သူ့ရဲ့မျက်ခုံးတွေက ရီဝေဝေ အလင်းရောင်တွေဖြင့် လွှမ်းခြုံ ခြင်းကို ခံထားရသည်။ လူငယ်လေးရဲ့ မျက်ဝန်းတွေက ဆေးလိပ်တစ်ခါရှိုက် လိုက်တိုင်းမှာ စုတ်တံကဲ့သို့ ကျဉ်းမြောင်း သွားခဲ့သည်။ ဘေးနားမှာ ရှိနေကြသော သူတွေက သူတို့ထိုနေရာမှာရှိ‌မနေသည့် အလား ကျန်းလော့တို့နှစ်ယောက်ကို ငေးကြည့်နေမိကြသည်။


“ငါဒီနေ့ ချီယုံကို တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားတာ”ဝမ်ယမ်လန် ဘေးနား ကနေ တိုးတိုးလေးပြောလာခဲ့သည်။


“ပြီးတော့ သူ့ကို မင်းကိုလက်လွှတ်ပေး လိုက်တော့ဖို့ ဘယ်လိုနားချရမလဲဆိုတာ ကိုလည်း ငါ ကြိုတင်ပြီးတော့ တွေးထား ခဲ့တာ”


ကျန်းလော့ ခါးသက်သက်ပြုံးလိုက်ပြီး ဆေးလိပ်ငွေ့တွေကို စိတ်မပါစွာဖြင့် ရှိုက်ထုတ်လိုက်သည်။ 


“ငါလည်း သူ့ကို ဒီနေ့တွေ့ရမယ် ထင်ထားတာ”


“သူသာ မင်းကို အတူခေါ်သွားချင်တယ် ဆိုရင် သူ ဒီအခွင့်အရေးကို လက်လွှတ် ခံမှာမဟုတ်ဘူး”ဝမ်ယမ်လန် ပြောလိုက် သည်။ “သူ့ရဲ့ဆန္ဒပြည့်မြောက်သွားပြီး တော့ မင်းကို လက်လွှတ်‌ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ရင်တော့ မသိဘူး”


ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။


ကျန်းလော့ စိတ်ထဲကနေ လှောင်ရယ် လိုက်သည်။ သူ သက်ပြင်းချကာ သူ့ပါးကို လက်တစ်ဖက်ပေါ်တင်လိုက်ပြီး သူ့မျက်လုံး‌တွေက ရီဝေနေခဲ့သည်။


“ဝမ်ယမ် … မင်း ထင်လား … ချီယုံ တကယ်သေသွားတာ မဟုတ်လောက် ဘူးလို့လေ”


သူတို့ရဲ့စကားဝိုင်းကို ဘေးနားကနေ နားထောင်နေခဲ့သော ယယ်ရွှင် မျက်မှောင်ကြုတ်လိုက်ပြီး “ကျန်းလော့ … ချီယုံက သေသွားပြီ”


လေသံမာမာဖြင့် “မင်းမျက်လုံးတွေနဲ့ မင်းကိုယ်တိုင် မြင်ခဲ့တာပဲမလား”


ရင်ဝကို ဆောင့်ကန်ခံလိုက်ရသည့် အလား ကျန်းလော့ရဲ့မျက်နှာ ဖြူဆုတ် သွားခဲ့သည်။ သူ ဖြည်းဖြည်းချင်းခေါင်း ငုံ့ကာ စီးကရက်ကို ဖိချေလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ 


“ဟုတ်သားပဲ … သူ အခေါင်းတလားထဲ မှာ လှဲနေတာကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့ရတာ”


တိတ်ဆိတ်မှုကြားမှာ အရက်ဖျော်စပ်သူ က ကျန်းလော့ကို ဖျော်စပ်ထားသော အရက်တစ်ခွက် ပေးလာခဲ့သည်။


ဝိုင်တွေက လှုပ်ယမ်းနေခဲ့ပြီး သွေးကဲ့ သို့သော အရည်တွေက ဖန်ခွက်နံရံတွေ ကနေ စီးကျကာ ရှည်လျားပြီး စေးကပ် သော သွေးကြောင်းရှည်ကြီးတွေ ချန်ရစ် ခဲ့သည်။


ကျန်းလော့က ဘီယာအေးအေးလေး မှာခဲ့ပေမယ့် သူ့ရဲ့ဖန်ခွက်ထဲက သောက်စရာကတော့ သွေးကဲ့သို့ နီရဲနေ ခဲ့သည်။ သူ ခေါင်းကို မော့လိုက်ပြီး သူ့ရဲ့ စူးရှသောအကြည့်တွေက အရက် ဖျော်စပ်သူကို ထိုးဖောက်ကြည့်နေခဲ့ သည်။


အရပ်ဖျော်စပ်သူက သူ့ရဲ့ဖန်ခွက်တွေကို အသံတိတ် တိုက်ချွတ်နေခဲ့ပြီး ကျန်းလော့ သူ့ကိုကြည့်လာချိန်မှာ သူ ယဉ်ကျေးပြီးပျူငှာသော ဝန်ဆောင်မှု ပေးသည့်အပြုံးကို ပြုံးပြလာခဲ့ပေမယ့် သူ့ရဲ့ လှုပ်ရှားမှုတွေမှာတော့ သတိမပြု မိလောက်သော တောင့်တင်းမှုတွေ ရှိနေ ခဲ့သည်။


ပိုးချည်မျှင်နဲ့ ထိန်းချုပ်ခံထားရသော ရုပ်သေးရုပ်တစ်ရုပ်လိုပေါ့။


ကျန်းလော့ရဲ့ ပါးစပ်ထောင့်စွန်းတွေ ကော့တက်သွားခဲ့သည်။ သူ ဖန်ခွက်ကို မပြီး လက်ထဲမှာ လှုပ်ယမ်းလိုက်သည်။ 


ဝမ်ယမ်လန်က ရုတ်တရက်ပြောလာခဲ့ သည်။ “ငါတို့ခုနတုန်းက သွားခဲ့တဲ့ဆိုင် မှာ … မင်းရဲ့အဆောင်နဲ့ တစ်ခုခုကို အလဲအထပ်လုပ်လို့ရတယ်”


ကျန်းလော့ ပြောလိုက်သည်။ 


“တော်ပါပြီ… ငါ တစ်နေ့လုံးမှ အဆောင် ခုနှစ်ခုပဲ ဆွဲနိုင်တာ … အဆောင်တစ်ခု ချင်းဆီတိုင်းက တန်ဖိုးအရမ်းရှိတယ် … ပြီးတော့ ဒီနေ့ညက ချီယုံရဲ့ ပထမဆုံး ခုနှစ်ရက်မြောက်နေ့လေ … ငါ အဆောင် တွေကို အလွယ်တကူမသုံးရဲဘူး”


“အဆောင်ခုနှစ်ရွက်ဆိုတာကိုက အရမ်း များနေပါပြီ”ဝမ်ယမ်လန် သက်ပြင်းချ လိုက်သည် “ပြီးတော့ ဂရုတစိုက်နဲ့ သုံးတာ ပိုကောင်းပါတယ်လေ”


အရက်ဖျော်စပ်သူက ရုတ်တရက် ပြောလာခဲ့သည်။ “ဧည့်သည် … သောက်စရာက အကြိုက်မတွေ့လို့လား”


အရပ်ဖျော်စပ်သူကို ကျန်းလော့ မော့ ကြည့်လိုက်ပြီး သောက်စရာခွက်ကို ဗြုန်းစားကြီး အဝေးသို့ပို့ကာ ထရပ် လိုက်သည်။


“သောက်ချင်စိတ်မရှိတော့ဘူး … ငါ အကကြမ်းပြင်ဘက်ကို တစ်ချက် လောက် သွားကြည့်လိုက်ဦးမယ်”


အကကြမ်းပြင်က လူတွေနှင့် ပြည့်ကျပ် နေခဲ့သည်။ ကျန်းလော့ ဝင်သွားသွား ချင်းမှာပဲ သူ လူတချို့ရဲ့ ချဉ်းကပ် မြှူဆွယ်ခြင်းကို ခံလိုက်ရသည်။ သူ ထိုလူတွေကို ဖော်ရွှေစွာဖြင့် ငြင်းလိုက် ပြီး လူအုပ်ထဲမှာ လုယုံရိတို့ကို လိုက်ရှာ လိုက်ပေမယ့် သူ ရင်းနှီးနေသောမျက်နှာ တစ်ခုတလေတောင် မတွေ့ရချေ။


အပြာရောင်အလင်းရောင်က လူတွေ အပေါ်မှာ ဖြာကျနေခဲ့ပြီး မျက်နှာတစ်ခု ချင်းစီတိုင်းကို ချောက်ချားဖွယ်သရဲ အရိပ်‌အယောင်တွေ လွှမ်းခြုံနေခဲ့ သလိုမျိုး ထူးဆန်းကာ ကြောက် မက်ဖွယ် ကောင်းလာစေခဲ့သည်။


ကျန်းလော့ ခြေတစ်လှမ်းပြန်ဆုတ်လိုက် ချိန်မှာ ရုတ်တရက်ဆိုသလို လူ တစ်ယောက်က သူ့ပုခုံးကို ပုတ်လာခဲ့ သည်။


သူ လှည့်ကြည့်လိုက်တော့ ညိုးငယ်နေ ပေမယ့် ချောမောသောမျက်နှာတစ်ခုက သူ့မျက်လုံးတွေထဲ ဝင်လာခဲ့သည်။


ထိုသူက ဘားနှင့်မလိုက်ဖက်‌သော ဝတ်စုံပြည့်ကို ဝတ်ထားခဲ့ပြီး သူ့ရဲ့ မျက်လုံးတွေထဲမှာ လွမ်းဆွေးမှု‌တွေနှင့် အပြည့်‌ပင်။ ထိုသူက လူကိုကြည့်ချိန်မှာ အလွန် ကြင်နာတတ်သောမျက်လုံးတွေ ဖြင့် ကြည့်လာခဲ့ပြီး ကျန်းလော့ကို ပြုံး၍ ပြောလာခဲ့သည်။ 


“ကိုယ်နဲ့အတူ တွဲကဖို့ ဖိတ်ခေါ်လို့ ရမလား…  အလှလေး”


ကျန်းလော့ သူ့မျက်ခုံးတွေကိုပင့်ကာ ထိုသူကို အချိန်အကြာကြီး စိုက်ကြည့်နေ ပြီးမှ ထိုသူကို လှပသောအပြုံးတစ်ပွင့် ပေးလိုက်ပြီး သူ လေသံကို သံရှည်ဆွဲ ကာ ပြောလိုက်သည်။  


“ရတာပေါ့”


****