အခန်း ၁၀
ကျန်းလော့ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“မင်းက ငါ့ရဲ့ အင်းစာရွက်ကို ဝယ်ချင် တာလား”
သူ တကယ်မေးချင်ခဲ့တာက “ငါ ဒီ အင်းစာရွက်ကို ရောင်းလို့ရတယ်ပေါ့”ဟူ၍ပင်။
ကောကျူ မျက်နှာလွှဲလိုက်ပြီး “ငါ … ငါ ဝယ်ချင်ပေမယ့် … ငါ့မှာ ပိုက်ဆံမရှိဘူး …”
ကျန်းလော့ “……”
ကောကျူရဲ့ စကားတွေက ကျန်းလော့ ကို နောက်နေတဲ့ပုံ တော်တော်လေးပေါက် နေပေမယ့် သူ့မျက်နှာပေါ်ရှိ အမူအရာ ကတော့ ထိုသို့မဟုတ်ကြောင်း ပြနေခဲ့ သည်။ ကျန်းလော့ သူ့မျက်နှာပေါ်ရှိ သိမ်မွေ့သောမျက်နှာထားကို ထိုအတိုင်း ပဲထားကာ စုတ်တံကိုချပြီး အင်းစာရွက် ကို ကောက်ယူလိုက်သည်။
ကောကျူရဲ့ အကြည့်တွေက အင်းစာရွက် မှာ ကပ်ပါလာခဲ့ပြီး … ကျန်းလော့ သူ့ရဲ့ မျက်နှာအမူအရာက စစ်မှန်ကြောင်း သေချာအောင် လေ့လာစိစစ်ပြီးနောက် မှာ အင်းစာရွက်ကို သူ့ဆီ ဒီတိုင်းပဲ ပေးလိုက်သည်။
“မင်းဟာ ဖြစ်သွားပြီ”
ကောကျူ ဝမ်းသာသွားခဲ့ပြီး “ငါ့ကို ပေးတာလား”
ကျန်းလော့ ပုခုံးတွန့်ကာ “အင်း … မင်းပဲ လိုချင်နေတာ မဟုတ်ဘူးလား”
သည်အင်းစာရွက်ကို ဆွဲဖို့ရန်အတွက် ကျန်းလော့ အားတောင်မှ သိပ်မစိုက် လိုက်ရချေ။ အခုလို လွယ်လွယ်ကူကူ နှင့် လုပ်ထားတဲ့အရာတစ်ခုကို အကျိုးအမြတ်ရအောင် ပေးလိုက်ရတာ က တော်တော်လေးတန်သည်။
ကောကျူ အင်းစာရွက်ကို ကိုင်ထားရင်း နဲ့ ဆွံ့အနေခဲ့ပြီးမှ ရင်ထဲခံစားသွားရကာ ပြောလာခဲ့သည်။
“ကျန်းလော့… ငါ မင်းအတွက် တောက်တိုမယ်ရတွေ လုပ်ပေးနိုင်ပါ တယ်။ ငါ့မှာ ပိုက်ဆံတော့မရှိပေမယ့် ငါ မင်းအတွက် အဝတ်တွေလျှော်ပေးနိုင် တယ် စားပြီးသားပန်းကန်တွေကိုလည်း ဆေးပေးနိုင်ပါတယ်။ ငါက အဲလိုနေရာ တွေမှာ အရမ်းအတွေ့အကြုံရှိတယ်”
ကောကျူကို ကျန်းလော့ အမတအရှင်ရဲ့ ဂုဏ်ကျက်သရေတွေနှင့် ကြည့်လိုက်ပြီး နောက် ပိုက်ဆံတွေ တက်ကြွမှုတွေနှင့် ပြည့်လျှံနေသော လုယုံရိကို လှမ်းကြည့် လိုက်သည် ထို့နောက် ကမ္ဘာကြီးက အရမ်း စိတ်ဝင်စားဖို့ကောင်းတာပဲဟု တွေးမိသည်။
“အဲလိုတွေ လုပ်ပေးစရာမလိုပါဘူး… ငါ့ရဲ့ သင်ခန်းစာတွေနဲ့ ပတ်သတ်ပြီး မင်း သင်ပေးရင်ရပြီ”
ကောကျူရဲ့ မျက်လုံးတွေထဲမှာ မျက်ရည် တွေ ဝေ့လာခဲ့သည်။
“ဖုရှန်းဝူလျန်ထျန်းကျွင်း … လောက ကြီးမှာ လူကောင်းတွေ အများကြီး ရှိသေးတာပါလား။ ကျန်းလော့ … အခုချိန်ကစပြီးတော့ မင်း ငါ့ဆီလာပြီး မေးလို့ရတယ် … ငါသိတာ မှန်သမျှ ပြောပြပေးမယ်”
(ဖုရှန်းဝူလျန်ထျန်းကျွင်း - တောက်ဆရာတွေ ကောင်းချီးပေးတဲ့အခါမှာ ပြောတဲ့စကားပါ)
ထိုသို့ပြောပြီးနောက်မှာ ကျန်းလော့ စိတ်မထိန်းနိုင်ဘဲ အင်းစာရွက်ကို နောက်တစ်ကြိမ်ထပ်ပြီး ဂရုတစိုက်နှင့် စစ်ဆေးလိုက်ပြန်သည်။
“ရှေးဟောင်းမှော်စာတွေက အင်အား ပါတယ် …ချီစွမ်းအင်တွေက စီးဆင်းနေ ပြီးတော့ စွမ်းအားတွေက အင်းစာရွက် တစ်ခုလုံးမှာ ညီညီမျှမျှ ပျံ့နှံ့နေတယ်။ ဒါက သေချာပေါက်ကို ရှားပါးတဲ့ အရည်အသွေးမြင့် ဖုလူပဲ”
ကောကျူရဲ့ စကားတွေကို ကျန်းလော့ တိတ်တိတ်လေး ရင်ထဲ မှတ်ထားလိုက် သည်။
သည်လိုအဖြစ်အပျက်မျိုးက မူလပိုင်ရှင် အင်းစာရွက်တွေကို ရေးခဲ့တုန်းက မဖြစ် ပျက်ခဲ့ချေ။ ဟိုတယ် 129 မှာတုန်းက သူ မြင်ခဲ့ရသော အနက်ရောင်စွမ်းအင် အကြောင်းကို ပြန်တွေးလိုက်မိပြီး ဤ ပြောင်းလဲမှုတွေက သူနဲ့ ကိုယ်ပိုင်ဝိညာဉ် နှင့် သက်ဆိုင်နေလိမ့်မည်ဟု ကျန်းလော့ ခံစားရသည်။
သူက တကယ်ကို ပါရမီရှင်လေး ဖြစ်နေနိုင်တယ်။
ကျန်းလော့ကို ကောကျူ အပျော်တွေဖြင့် ကြည့်လာခဲ့ပြီး “ကျန်းလော့ … မင်း ဘယ်လိုလုပ်ပြီးတော့ ဒီလိုအင်းစာရွက် မျိုးကို ရေးနိုင်လာရတာလဲ”
ကျန်းလော့ရဲ့ မျက်နှာအမူအရာက တစ်ချက်ပြောင်းမသွားဘဲ အရူးလုပ်ဖို့ ကြံလိုက်ချိန်မှာ ကောကျူရဲ့ အမူအရာက ရုတ်တရက် နားလည်သွားသည့်ပုံဖြင့်
“ချီယုံအတွက် မင်း လက်စားချေပေးမှာ မို့လို့ပဲဖြစ်ရမယ် … ဒါကြောင့်မို့ မင်း ကိုယ်မင်း သန်မာလာအောင် လုပ်နေတာ မလား”
သူ ပြောရင်းပြောရင်းနဲ့ သူ့ရဲ့ယူဆချက် ကို အတည်ပြုလိုက်ပြီး သက်ပြင်းချ လိုက်သည်။
“လတ်စသတ်တော့ အချစ်က လူတွေရဲ့ စွမ်းရည်တွေကို နိုးထလာအောင် တကယ်လုပ်နိုင်တာပဲ”
ကျန်းလော့ရဲ့ မျက်လုံးတွေက လခြမ်း ကွေးလေးတွေလို ဖြစ်သွားခဲ့ပြီး ကြည့်ရုံ မျှနှင့်ပင် သူ့ရဲ့အပျော်တွေကို ခံစားရစေ သည်။
“ဟုတ်တယ် … သူက ငါ့ကို အသစ်တစ်ဖန် မွေးဖွားလာစေခဲ့တာ”
ဆယ့်ရှစ်ကြိမ်တိတိ အားအင်ကုန်ခန်းပြီး သွေးတွေယိုစီးခဲ့ရသလို ဆယ့်ရှစ်ကြိမ်တိတိ သူ့ရဲ့အရိုးအရေတွေ အစားထိုးခဲ့ရ သည်။
ဟက်။
သူတို့နှစ်ယောက်ရဲ့ အပြုအမူတွေက လူအိုကြီးကို အာရုံစိုက်လာစေခဲ့သည်။ သူတို့အနားကို လူအိုကြီး မျက်မှောင် ကြုတ်ကာ ချဉ်းကပ်လာပြီး တည်ကြည် လေးနက်စွာဖြင့် ပြောလာခဲ့သည်။
“အင်းစာရွက်ကို မရေးဘဲနဲ့ မင်းတို့ နှစ်ယောက် ဒီမှာ ဘာလုပ်နေကြတာလဲ”
ကောကျူ “ဆရာကြီး … ကျွန်တော်တို့…”
လူအိုကြီးက ရုတ်တရက် သူ့စကားကို ကြားဖြတ်ကာ ကောကျူရဲ့လက်ထဲမှာ ကိုင်ထားခဲ့သော ဖုလူကို တအံ့တဩ ကြည့်ရင်း ပျော်ရွှင်စွာဖြင့် ပြောလာခဲ့ သည်။
“ကောကျူ … မင်းရဲ့ မန္တန်ရေးတဲ့ စွမ်းရည်က နောက်တစ်ကြိမ်ထပ်ပြီးတော့ တိုးတက်လာပြန်ပြီ”
ကောကျူ ရှက်သွားပြီး ပြောလိုက်သည်။
“ဆရာကြီး … ဒီမန္တန်ကို ကျွန်တော် ရေစခဲ့တာမဟုတ်ဘူး … ကျန်းလော့ ရေးခဲ့တာ”
လူအိုကြီး တောင့်တင့်သွားပြီးနောက် ကျန်းလော့ကို ကြောင်တောင်တောင်နှင့် ကြည့်လာခဲ့သည်။ သူ့ရဲ့ မျက်လုံးတွေ ထဲက သံသယတွေကို ကျန်းလော့ အတိုင်းသား မြင်နေရသည်။
ကျန်းလော့က နဖူးမှာ ချွေးတစ်စက် တောင် စို့ခြင်းမရှိဘဲ သူများတွေက အခုမှ ရေးနေတုန်းရှိသေးတာကို သူက ပြီးသွားပြီတဲ့လား။
ထိုဟာက လူအိုကြီးကို တစ်ယောက်ယောက်က “သစ်ပင်ပေါ်မှာ ဝက် တက်နေတယ်”လို့ ပြောနေသလို ပင် … ရယ်စရာမကောင်းဘူးလား။
“အဲလိုလား”လူအိုကြီးက ဘာမှမပြော ပေမယ့် သူ့ရဲ့ ကိုယ်နှုတ်အမူအရာက မယုံကြောင်း ညွှန်ပြနေပြီးသားပင်။ သူ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။
“မဆိုးပါဘူး … မဆိုးပါဘူး … ကျန်းလော့ … ဆရာ ကြည့်ရအောင်လို့ နောက်တစ်ခု လောက်ရေးပြပါလား”
ကောကျူ တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“ဒီလို အင်းစာရွက်တစ်ရွက် ရေးဖို့ရာကို စွမ်းအင်အများကြီး လိုအပ်တာ … ဒါကြောင့်မို့ ကျန်းလော့ကို ထပ်မရေးခိုင်း ပါနဲ့တော့လား”
ကျန်းလော့ ပြုံးကာ ပြောလိုက်သည်။
“ဒီလိုဟာနဲ့ တစ်ပုံစံတည်းတူတဲ့ဟာကို ရေးပြနိုင်ရင် ရပြီမလား”
လူအိုကြီးက သူ့ကို တည့်တည့်စိုက်ကြည့် လာခဲ့ပြီး သူ့အကြည့်တွေက ဖိနှိပ်မှုတွေ အပြည့်ပင်။ “ရတယ်”
ချီယုံသေပြီး ပထမခုနှစ်ရက်( အစပိုင်း)
ကျန်းလော့ ပြုံးလိုက်ပြီး “သေချာပေါက် ဒီလိုရိုးရှင်းတဲ့ဟာကို ကျွန်တော် ဆွဲနိုင်တာပေါ့”
ထိုစကားကြီး စကားကျယ်တွေကို ကြားချိန်မှာ လူအိုကြီးရဲ့မျက်လုံးတွေထဲမှာ စိတ်ပျက်မှုတွေဖြင့် ပြန်ဖုံးလွှမ်းသွား ခဲ့သည်။ “ဒါဆို ဆွဲတော့”
ကျန်းလော့ အဝါရောင်အင်းစာရွက် တစ်ရွက်ကို တစ်ကယ်ထုတ်လိုက်ပြီး သူ့ရဲ့စုတ်တံကို လွယ်လွယ်ကူကူ ပေါ့ပေါ့ ပါးပါးပင် ချလိုက်သည်။
အင်းစာရွက်က လူအိုကြီးရဲ့မျက်လုံးရှေ့ မှာပဲ အစကနေ ပြီးမြောက်သည်အထိ ဖြစ်သွားခဲ့သည်။ သူ အင်းစာရွက်ကို ကြည့်လိုက် ကျန်းလော့ကို ကြည့်လိုက်နဲ့ မျက်လုံးတွေ ပြူးကျယ်လာခဲ့ပြီး ရှော့ရ သွားခဲ့သည်။
ကျန်းလော့က ချွေးတစ်စက်တောင် ထွက်ခြင်းမရှိချေ။ အင်းစာရွက်ရေးရ တာက ပုံကြမ်းဆွဲရတာလောက်တောင် မခက်ဟု သူ ထင်လာမိသည်။ ပုံကြမ်းက တစ်နေရာလေးတောင် မှားလို့မဖြစ်ပေမယ့် အင်းစာရွက်ကတော့ ဆွဲရတာ ပိုပြီးတော့ ပေါ့ပါးသည်။
“ဒီဟာ အဆင်ပြေတယ်မလား “
ကောကျူ အံ့အားသင့်သွားခဲ့ပြီး “ဖုရှန်းဝူလျန်ထျန်းကျွင်း..”
လူအိုကြီး ထိုအသံကြားမှ အသိပြန်ကပ် လာပြီး သူ့မျက်လုံးတွေ ချက်ချင်း အရောင်တောက်လာကာ ကျန်းလော့ အခုလေးတင် ဆွဲလိုက်သော အင်း စာရွက်ကို မြန်မြန်ယူလိုက်ပြီး ခဏလောက်ကြည့်ကာ လှည့်ထွက်ပြီး အခန်းအပြင်ကို အပြုံးကြီးချိတ်ဆွဲ၍ ထွက်ပြေးသွားခဲ့တော့သည်။
လူအုပ်ကြီးက ကျန်းလော့အနားမှာ ဝိုင်းလာခဲ့ပြီး သူတို့ရဲ့အရှေ့မှာ ကျန်းလော့ နောက်တစ်ရွက် ထပ်ဆွဲပြ လိုက်ရသည်။
လုယုံရိ သူဆွဲထားသော အင်းစာရွက်ကို ကြည့်ရင်း မျက်ရည်တွေဝဲလာခဲ့ကာ ဆို့နင့်သံကြီးဖြင့် ပြောလာခဲ့သည်။
“လတ်စသတ်တော့ မင်း ငါ့နောက်ကွယ်မှာ တိတ်တိတ်လေး လေ့ကျင့်နေခဲ့တာပဲ။ ဒီတစ်ခါတော့ မင်းက ဘိတ်ချီးမဟုတ်တော့ဘူး … ဘိတ်ချီးက ငါ ဖြစ်တော့မယ်”
ကျန်းလော့ “……”
လုယုံရိ ဝမ်းနည်းလွန်းအားကြီး၍ သူ့ လက်မှာပတ်ထားသော နာရီကိုချွတ်ကာ ကျန်းလော့ကို ပေးလာခဲ့သည်။
“မြန်မြန် … မင်းရဲ့ အင်းစာရွက်နဲ့ လဲပြီး တော့ ကွဲသွားတဲ့ ငါ့နှလုံးသားလေးကို ပြန်ကုစားပေး”
ကျန်းလော့ ဂဏန်းခြောက်လုံးတန်သော နာရီကို တချက်ကြည့်ပြီးနောက် ကောကျူကို ပြန်လှည့်ကြည့်လိုက်သည်။
ကောကျူ အင်းစာရွက်ကို သူ့ရဲ့ အဝတ်အစားတွေထဲ ဂရုတစိုက်ထိုးထည့် လိုက်ပြီးနောက် သူ့ကို ရှက်ပြုံးလေး ပြုံးပြလာခဲ့သည်။
သူ သတိမမူလိုက်မိတာပဲ။
ဒီလို အင်းအဆောင်လေးတစ်ရွက်ကိုက ဂဏန်းခြောက်လုံး တန်တာပေါ့။
ကျန်းလော့ အင်းစာရွက်ကို လုယုံရိဆီ မြန်မြန် ထိုးထည့်ပေးလိုက်ပြီးနောက် နာရီကို သူ့ အိပ်ကပ်ထဲ ထည့်သိမ်းလိုက် သည်။
“လိုချင်တဲ့သူရှိသေးလား။ ဈေးပေါပေါနဲ့ ရမယ်နော် … ဈေးပေါပေါနဲ့ရမယ်။ အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်နော်”
ကျိုးကျုံးချိုး မေးလိုက်သည်။
“နင် ဘယ်နှရွက်လောက် ဆွဲနိုင်သေး လဲ”
ကျန်းလော့ ပြန်ဖြေလိုက်သည်။ “ငါ မသိဘူး”
သူ လက်ပေါ်မေးတင်လိုက်ပြီးနောက် အဝါရောင်စာရွက်ပုံကြီးကို ကြည့်ကာ အကြံထုတ်လိုက်သည်။
“ငါ တစ်ရွက်ဆွဲပေးမယ် … နင် ယူမှာလား”
“ယူမှာပေါ့”ကျိုးကျုံးချိုး သတိပေး လိုက်သည် “ဒါပေမယ့် ကြိုပြောထား မယ်နော် … နင့်ရဲ့ခံနိုင်ရည်အားကို ရောက်တာ နဲ့ နင် တန်းရပ်ပစ်ရမယ်”
ကျန်းလော့ “အေးပါ”
သူ ဆွဲနေရင်း ကျိုးကျုံးချိုး နှင့် ကောကျူ တို့ရဲ့ ဖုလူရဲ့ ခက်ခဲမှုအကြောင်းတွေကို ရှင်းပြတာ နားထောင်လိုက်သည်။
ရုပ်နယ်လွန်လောကရဲ့ ကျဆင်းလာမှု နှင့်အတူ လက်မှုပညာသည်တွေပါ ရှားပါးလာတာမဟုတ်ဘဲ ဖုလူပညာရှင် တွေပါ အလွန်နည်းပါးလာခဲ့သည်။ ဖုလူ ပညာရှင်တွေက အခုချိန်မှာ အသက်အရွယ်တွေ ကြီးနေကြပြီဖြစ်ပြီး ဖုလူကို အားကောင်းအောင် သိပ်ပြီးတော့ မဆွဲနိုင်ကြတော့ချေ။ နောက်မျိုးဆက် တွေထဲမှာ သူတို့ရဲ့ နေရာကို ဆက်ခံမယ့် ပညာရှင်ဆိုတာမရှိဘဲ အောင်မြင်မှုက လည်း ကွာခြားလွန်းသည်။
သည်နှစ်ပိုင်းတွေမှာဆိုရင် အရည်အသွေး ကောင်းသော အင်းစာရွက်တွေကို လိုချင် ပါက ပိုက်ဆံအများကြီး ရှိဖို့လိုတဲ့အပြင် အဆက်အသွယ်လည်း ရှိဦးမှဖြစ်သည်။ ဈေးကွက်မှာ အင်းစာရွက်တွေ ပြတ်လပ် နေခဲ့သည်။ ထို့ကြောင့် အခုတော်တော် များများ သုံးနေကြသည့် အင်းစာရွက် တွေက သူတို့ဘာသာသူတို့ ဆွဲထားကြ သော အင်းစာရွက်တွေဖြစ်ပြီး အရည်အသွေးက သာမန်မျှဖြစ်ပြီး အင်းစာရွက် ဖြစ်သည်ဆိုရုံမျှသာပင်။ ဖုလူဆွဲတာမှာ တကယ်ကိုအခက်အခဲ ဖြစ်နေတယ်ဆိုရင်တော့ နေ့စဉ်သုံးဖို့ရာ အတွက် အရည်အသွေး မကောင်းတဲ့ အင်းစာရွက်တွေကို အတန်းဖော်တွေ ဆီကနေဝယ်ကြရသည်။
ကျန်းလော့ ထိုအကြောင်းတွေကို အင်း စာရွက်ဆွဲရင်းနဲ့ နားထောင်ပြီး သည်အရာ တွေက ရှားပါးမှန်းသိလိုက်ရတော့ နောက်ထပ် အင်းစာရွက်ခုနှစ်ရွက် ဆွဲပြီးနောက်မှာ သူ စုတ်တံကို ချလိုက်သည်။ “တော်ပြီ… ငါ ထပ်မဆွဲနိုင် တော့ဘူး”
သို့သော် အင်းစာရွက်ခုနှစ်ရွက်ကို တစ်ဆက်တည်း ဆွဲနိုင်တယ်ဆိုတာကိုက အံ့ဩဖွယ်ရာဖြစ်ပြီး သူတို့ရဲ့ ဖုလူအတန်းကို သင်တဲ့ဆရာတောင်မှ မလုပ်နိုင်လောက်ချေ။
ကျိုးကျုံးချိုး ရေရွတ်လိုက်သည်။
“နင့်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို နင် အရင်တုန်းက အချိန် ဘယ်လောက် တောင် ဖြုန်းတီးပစ်ခဲ့တာလဲ …”
အင်းစာရွက် ခုနှစ်ရွက်မှာ ငါးရွက်ကို တစ်ရွက်ဆီရှိပြီးသားဖြစ်သော ကောကျူ နှင့် လုယုံရိကလွဲ၍ အုပ်စုထဲက ကျန်တဲ့သူတွေ ယူလိုက်ကြသည်။ ကျိုးကျုံးချိုးက အရိုးစင်းဆုံးပင် ကျန်းလော့ကို WeChat ကနေ ပိုက်ဆံ လွှဲလာခဲ့ပြီး ကျန်တဲ့သူတွေကတော့ သူတို့ အတတ်နိုင်ဆုံးအရာနှင့် လဲလှယ် လာကြသည်။
ယယ်ရွှင် “ငါမင်းကို ကျုရှင်ပြပေးမယ်”
အဆင်ပြေတယ် … ကျန်းလော့ ခေါင်း ညိတ်ကာ သဘောတူလိုက်ပြီး နောက်တစ်ယောက်ကို ကြည့်လိုက် သည်။
ခွန့်ကျိန်း သတိအနေအထားဖြင့် ပြောလာခဲ့သည်။ “ငါမင်းကို လက်နက် လုပ်ပေးနိုင်တယ်”
အရမ်းကောင်းတယ် … ယယ်ရွှင်ရဲ့ အငြိုးအတေးအရုပ်ကို သူ မျက်စိကျ နေတာကြာပြီ။
ဝမ်ယမ်လန် ပြုံးကာဆိုလိုက်သည်။
“လက်မှုကိရိယာလုပ်တဲ့ နေရာမှာ လိုအပ်တဲ့ပစ္စည်းတွေကို ဈေးသက်သက် သာသာနဲ့ သုံးပြီးတော့ အကောင်းဆုံး ပစ္စည်းတွေလည်း ရနိုင်တဲ့နေရာတွေကို ငါ ခေါ်သွားပေးနိုင်တယ်”
ကျန်းလော့ “သဘောတူတယ်”
စိုင်းလောင်အာ တက်တက်ကြွကြွနှင့် ပြောလာခဲ့သည်။ “ငါမင်းကို အကရယ် … ဗုံတီးတာရယ် … သီချင်းဆိုတာရယ် သင်ပေးနိုင်တယ်”
ကျန်းလော့ “……”ဘာကြီးလဲဟ။
“စိုင်းလောင်အာက နတ်ဘုရားတွေကို သူ့ကိုယ်ထဲဝင်ဖို့ ပင့်ဖိတ်ရတဲ့ နတ်ဆရာလေ “ဝမ်ယမ်လန် ရှင်းပြလာ ခဲ့သည်။ “သူ နတ်ဘုရားတွေကို ဆင့်ခေါ် တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲကနေ ဝိညာဉ် ထွက်သွားဖို့ရာအတွက် သူ ကရတယ် ဗုံတီးရတယ် ပြီးတော့ သီချင်းဆိုရတယ်”
စိုင်းလောင်အာ ခေါင်းကို ထပ်လဲလဲ ညိမ့်လိုက်သည်။ “ဟုတ်တယ် … ငါ မင်းကို သင်ပေးနိုင်တယ် … ငါက အဲနေရာမှာ အရမ်းတော်တာ”
ကျန်းလော့ အနားကို လုယုံရိ ကပ်ကာ တီးတိုးပြောလိုက်သည်။
“စိုင်းလောင်အာက သီချင်းကို ကီးဝင် အောင်မဆိုတတ်ဘူးလေ … ဒါကြောင့်မို့ သူ နတ်ဘုရားတွေကို ဆင့်ခေါ်တာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး။ သူ့ ဆီကနေ သီချင်းဆို မသင်မိစေနဲ့။ ငါတို့ ကျောင်းက သီချင်းအတန်းကို သိတယ် မလား။ အဲတာ စိုင်းလောင်အာအတွက် သီးသန့်ဆောက်ပေးထားတာလေ။ သူရဲ့ပါးစပ်ကို ဖွင့်ပြီးတော့ ငါတို့ကို မလန့်မိစေအောင် … အဲဒီ့အခန်းကို အသံလုံအောင် လုပ်ပေးထားတာ”
ကျန်းလော့ ခဏလောက် ငြိမ်သွားပြီး နောက်မှာ စိုင်းလောင်အာကို မေးလိုက် သည်။
“မင်းက ငါတို့အတန်းရဲ့ အောက်ဆုံး ကနေရေရင် သုံးယောက်မြောက် ဟုတ်တယ်မလား”
စိုင်းလောင်အာ ငတုံးအပြုံးပြုံးလာပြီး နောက် “ဟုတ်တယ်… ဟုတ်တယ် … ကျန်း … ငါက တတိယလေ … လုက ဒုတိယ … မင်းက ပထမပေါ့ … မင်း အတော်ဆုံးပဲ”
ကျန်းလော့ရဲ့ မျက်နှာအမူအရာ တခဏ လောက် မဲ့ရွှဲ့သွားခဲ့ပြီး သူ အင်းစာရွက် ကို ထိုအူကြောင်ကြားကလေးရဲ့ လက်ထဲ ထိုးထည့်ပေးလိုက်သည်။
“ယူသွားတော့”
ထိုကလေး ဒုတိယနေရာ ဖြစ်တော့မှာ ဖြစ်လို့ ကျန်းလော့ သူနှင့် ပြိုင်ငြင်း မနေတော့ချေ။
ကျန်းလော့ ကျန်ရစ်သော အင်းစာရွက် နှစ်စောင်ကို သူ့ဘာသာသူသိမ်းထား လိုက်ပြီး ချီယုံနဲ့ ရင်ဆိုင်လို့ရမရ စမ်းကြည့်ချင်သေးသည်။
မနက်ခင်းတစ်ခင်းလုံး ဖုလူအတန်းသင် သည့်ဆရာ ပြန်မလာခဲ့ချေ။ ထိုကိစ္စရဲ့ နောက်ဆက်တွဲ မရှိလောက်တော့ဘူးလို့ ကျန်းလော့ ထင်ခဲ့ပေမယ့် နေ့လည်ခင်း ကန်တင်းမှာ သူ့ရဲ့အတန်းဖော်တွေနှင့် တော်တော်လေး ဆိုးရွားသော နေ့လည်စာစားပြီး … နေ့လည်ခင်း ဖုန်းရွှေအတန်းတက်နေချိန်မှာ ကျောင်း က ရုတ်တရက်ဆိုသလို သတင်း ထုတ်ပြန်လာခဲ့သည်။
ကျန်းလော့၊ လုယုံရိနှင့် ယယ်ရွှင် တို့ရဲ့ တာဝန်ကိုဖြေရှင်းခဲ့သည့် အမှတ်တွေ ထွက်လာပြီပင်။ တာဝန်ရဲ့ ခက်ခဲမှုက မှန်းထားတာထက်ပင် ပိုနေခဲ့ပြီး … ပန်းအိုးထဲမှာ ထည့်ထားပြီး ပြုစု စောင့်ရှောက်ထားသော ခေါင်းပြတ်သရဲ ကိုလည်း ပြန်ခေါ်လာခဲ့သည့်အတွက် ရမှတ်တွေက နှစ်ဆဖြစ်သွားပြီး နဂို လေးမှတ်ကနေ ရှစ်မှတ်ဖြစ်သွားကာ ယယ်ရွှင်နဲ့ လုယုံရိရဲ့ ရမှတ်တွေကို ယွင်နန်ပြိုင်ပွဲအတွက် လုံလုံ လောက်လောက် ဖြစ်သွားစေခဲ့သည်။
ကျန်းလော့က အတန်းထဲမှာ ပြိုင်ပွဲဝင်ဖို့ ရာအတွက် အမှတ်လုံလုံ လောက် လောက် မရှိသော တစ်ဦးတည်းသောသူ ဖြစ်ပြီး ယခုရသည့်အမှတ် ရှစ်မှတ်နဲ့ တောင်မှပဲ သူ့ရဲ့ အမှတ်တွေက သနားစရာကောင်းလောက်အောင် ဆယ့်တစ်မှတ်ပဲ ရှိနေသေးသည်။ သို့သော် ကျောင်းကနေပြီး ကျန်းလော့ ကို ပထမတန်းစား ဖုလူကို ဆွဲနိုင်ခဲ့သည့် အတွက် ကျောင်းသားတွေကို ကနဦး ဆုပေးသည့်အနေနှင့် ထပ်တိုးအမှတ် ဆယ်မှတ်ကို ပေးလာခဲ့သည်။
ရမှတ်နှစ်ဆယ်ရှိသော ကျောင်းသား တွေက ယွင်နန်ပြိုင်ပွဲမှာ စာရင်းသွင်းခွင့် ရကြမှာဖြစ်သည်။ ဆိုလိုတာကတော့ နောက်တစ်မှာကျင်းပမည့် “ဒေသတွင်း ကောလိပ်ကျောင်းသားတွေရဲ့ သဘာဝ သိပ္ပံပြိုင်ပွဲ”မှာ ကျန်းလော့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရသွားပြီဆိုတာပင်။
ထိုညမှာတော့ ကျန်းလော့ သူ့ရဲ့အဆောင် ခန်းကို ပြန်ရွှေ့ လာခဲ့သည်။ တံခါးနှင့် ပြတင်းပေါက်တွေကို သေချာစစ်ဆေး ကာ ဓားတစ်ချောင်းကို သူနေ့လည်က ဆွဲထားခဲ့သော နှိမ်နင်းအဆောင်နှစ်ခုနှင့် အတူ ခေါင်းအုံးအောက်ထားလိုက်သည်။
အဆောင်နှစ်ခုကြောင့်လား မသိပေမယ့် ကျန်းလော့ အရုဏ်တက်ချိန်အထိ အိပ် ပျော်သွားခဲ့သည်။
နောက်တစ်နေ့ မနက်ခင်းစောစောမှာ ကျန်းလော့ မျက်လုံးတွေဖွင့်လိုက်ပြီး အကြောဆန့်ကာ လိုက်ကာတွေကို ပျင်းတိပျင်းရွဲ့နှင့် ဆွဲဖွင့်လိုက်သည်။
ကျန်းလော့ ပျင်းတိပျင်းရွဲ့နှင့် အကြော ဆန့်နေရင်းတန်းလန်း လှုပ်ရှားမှုတွေကို ရပ်လိုက်သည်။
ဝရံတာမှာ အကောင်နှစ်ဆယ်ကျော် ထက်ပိုသော ငှက်သေအလောင်းတွေ ကြမ်းပြင်ပေါ်မှာ ပျံ့ကြဲနေခဲ့ပြီး ပြတင်း ပေါက်မှန်က ငှက်တွေရဲ့ သွေးတွေဖြင့် အပြည့်ပေကျံနေခဲ့သည်။ တစ်ချက် ကြည့်ရုံမျှနှင့် သရဲကားထဲက ဇာတ်ကွက် ဖြင့် သွားတူနေခဲ့သည်။
ကျန်းလော့ ထိုင်ချကာ ငှက်သေတွေရဲ့ အလောင်းကို အေးတိအေးစက် ကြည့် လိုက်သည်။
ဘယ်လိုအခြေအနေကများ ငှက်လေး တွေကို သူ့တို့အသက်ကို ပဓာနမထားပဲ သူ့အခန်းတံခါးကို ဝင်ပြီးတော့ တိုးစေခဲ့ တာလဲ။
ကျန်းလော့ သူ့လက်ကိုဆန့်ပြီး အနည်း ငယ်အက်နေသော ပြတင်းပေါက်မှန်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် ခေါင်းအုံးအောက်မှာ ထည့်ထားသော နှိမ်နင်းအဆောင်နှစ်ခုကို ထုတ်လိုက် သည်။
နှစ်ခုထဲက တစ်ခုက ပြာဖြစ်သွားခဲ့ပြီး နောက်တစ်ခုကတော့ အနည်းငယ် ပူနေ ခဲ့သည်။
သူ ဆွဲခဲ့သော အင်းစာရွက်က ရုပ်သေး ထိန်းချုပ်အတတ်ပညာရဲ့ ခြယ်လှယ်ခြင်း ကို ခံထားရသော ငှက်တွေရဲ့ဒဏ်ကို ခံနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ကျန်းလော့ နှုတ်ခမ်းတွေကို ပင့်တင် လိုက်ပြီးနောက် ပြတင်းပေါက်နားမှာ ပြန်ရပ်ကာ ငှက်သေတွေကို ငုံ့ကြည့် လိုက်သည် ထို့နောက် ရုတ်တရက် သူ ပြုံးကာ စကားဆိုလိုက် သည်။
“ချီယုံ … မင်း ငါ့ကို အရမ်း ချစ်တာပဲနော်”
လေသံက အတုအယောင်ဆန်လှသည်။
“ငါ့ကို ညတိုင်းမတွေ့ရရင်ကို မင်းမှာ စိတ်မချနိုင် ဖြစ်နေတာလား”
ကျန်းလော့ရဲ့ ကိုယ်ပိုင်မျက်နှာက မှန်ထဲမှာ ခပ်ဝါးဝါး ထင်ဟပ်နေခဲ့သည်။
ဆံပင်ရှည်တွေ၊ ထေ့ငေါ့နေတဲ့ မျက်ခုံး တွေနဲ့ ညအိပ်ဝတ်စုံကို ဝတ်ထားခဲ့သည်။
သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မင်းငါ့ကို ကြိုက်လွန်းနေတာက … ငါ့ အတွက် ပြဿနာဖြစ်စေတယ်။ ကြိတ် ကြိုက်နေတဲ့သူမှာလည်း လိုက်နာရမယ့် စဉ်းကမ်းဆိုတာ ရှိသေးတယ်”
ကျန်းလော့ သာသာယာယာပဲ ပြန်လှည့် သွားခဲ့ပြီး နှစ်လှမ်းမျှသာလှမ်းပြီးချိန်မှာ မှန်ကို ပြင်းပြင်းထန်ထန် တိုက်မိတဲ့အသံ က သူ့နောက်ကျောကနေ ထွက်ပေါ် လာခဲ့သည်။
သူ ချက်ချင်းပြန်လှည့်ကြည့်လိုက်သည်။
ကြမ်းပြင်ပေါ်မှာ လဲကျနေသော ငှက်သေ တွေက ထရပ်လာပြီး သူ့တို့ရဲ့ ကျိုးကြေနေသော အတောင်ပံတွေကို တရွတ်တိုက်ဆွဲကာ လောလော လတ်လတ်ကွဲထားသော ခေါင်းတွေဖြင့် နာကျင်မှုကို မသိသည့်အလား မှန်ပြင်ကို တစ်ကောင်ပြီးတစ်ကောင် ဝင်တိုက်နေခဲ့သည်။
ထိုမြင်ကွင်းက ဇာတ်ကားတွေ ဝတ္ထုတွေ ထဲမှာသာ ပေါ်လာတတ်သော ဇွန်ဘီငှက် တွေနှင့်တူပြီး ကျောချမ်းဖို့ကောင်းကာ ခြောက်ခြားဖွယ်ရာပင်။
ကျန်းလော့ရဲ့ မျက်နှာအမူအရာတွေ ပျက်သွားခဲ့ပြီး သူ့လက်ထဲရှိ အင်း စာရွက်က ရုတ်တရက်ထပြီး မီးတောက် ကာ ပြာအဖြစ်ပြောင်းသွားပြီး သူ့ရဲ့ လက်ကြားတွေကနေ လျှောကျသွားခဲ့ သည်။ တစ်ချိန်တည်းမှာပဲ ဝရံတာမှာ ရှိနေခဲ့သော ငှက်သေတွေက သူတို့ကို ထိန်းချုပ်ထားသော အပ်ချည်ကို ဖြတ်ခံလိုက်ရသကဲ့သို့ ကြမ်းပြင်ပေါ် အသက်ကင်းမဲ့စွာ လဲကျသွားခဲ့ကြသည်။
ချီယုံက ပိုပြီးတော့ အားကောင်းလာတယ်။
ဘာလို့လဲ။
ကျန်းလော့ ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို သွားသတိရလိုက်မိသည်။
ဒီနေ့ညက ကြည့်ရတာ ချီယုံ သေတာ ခုနှစ်ရက်နေ့မြောက်ည ဖြစ်တဲ့ပုံပင်။
****