အခန်း ၃
မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေထဲမှာ ထိုကဲ့သို့သော အနက်ရောင်မြူမျိုးကို ဘယ်တုန်းကမှ တွေ့ခဲ့ခြင်းမျိုးမရှိချေ။
ကျန်းလော့ ဤကိစ္စကို သူ့စိတ်ထဲမှာပဲ ထားလိုက်ပြီးနောက် သူဌေးနောက်ကို လိုက်၍ အိပ်ပျော်နေသောမင်းသမီး လေးအပြင်အဆင်နှင့် အခန်းဆီသွား လိုက်သည်။
ထိုဟာက အခန်းရဲ့အလယ်မှာ ကုတင် ကြီးသုံးလုံးရှိသော သုံးခန်းတွဲကြီးဖြစ်ပြီး အခန်းအပြင်အဆင်က မိန်းကလေးတွေ ရဲ့ အိပ်မက်ဆန်ဆန် ခံစားမှုရသ အပြည့် အဝပင်။ အနောက်ဘက်မှာ ဖွင့်ထားတဲ့ ပြတင်းပေါက်တံခါးကို မထိမိစေဖို့ အစိမ်းရောင်အပင်လေးတွေ စိုက်ထားတဲ့ ပန်းအိုးကို နံရံထောင့်မှာ ထားထားခဲ့ သည်။
သူဌေးက တံခါးနားမှာ ရပ်၍ အခန်းကို ကြောက်ရွံ့နေသော အမူအရာဖြင့် ကြည့် နေခဲ့သည် အခန်းထဲမှာရှိနေသော မကောင်းဆိုးဝါး တစ်ကောင်ကောင်က သူ့ကို ဝါးမျိုတော့မည့်သကဲ့သို့။
“လွန်ခဲ့တဲ့တစ်လလောက်က ပျောက်သွားကြတဲ့ ဧည့်သည်သုံးယောက် ဒီအခန်းကို ငှားရမ်းခဲ့ကြတယ်။ မိန်းကလေး သုံးယောက်ပေါ့။ သူတို့ တွေက ဆက်ဆံရေးလည်း ကောင်းကြ ပြီးတော့ ကျောင်းတက်နေတုန်းပဲ ရှိသေး တာ။ စောင့်ကြည့်ကင်မရာ မပျက်ခင် တုန်းက သူတို့တွေ အနားယူဖို့ရာအတွက် သူ့တို့ အခန်းကိုပြန်သွားကြတာကို ရိုက်မိလိုက်တယ် ဒါပေမယ့် နောက်နေ့ ကျတော့ တစ်ယောက်မှ ထွက်မလာကြ ဘူး။ ဦးလေးတို့ တံခါးကို ဖွင့်ကြည့် လိုက်တဲ့အခါကျ သူတို့တွေမရှိကြ တော့တာကို တွေ့လိုက်ရတယ်”
သူဌေးဖြစ်သူ နှစ်ကြိမ်တောင် တုန်တုန် ခိုက်ခိုက်ဖြစ်သွားခဲ့ပြီး သူ့မျက်လုံးတွေ ထဲရှိ အကြောက်တရားတွေ ထွက်ပြူလာ ခဲ့သည်။ “သူတို့နဲ့ အခန်းချင်းကပ်ရပ်မှာ နေကြတဲ့ သူတို့ရဲ့အဖော် ကောင်လေး နှစ်ယောက်ကလည်း အဲဒီ့မိန်းကလေး တွေ တစ်ညလုံးအပြင်ပြန်ထွက်မလာတဲ့ အကြောင်းကို သက်သေခံနိုင်တယ် … သူတို့တွေ အိပ်ရာမဝင်ကြခင်က အဲဒီ့ ကောင်လေးနှစ်ယောက်ကိုတောင် နှုတ်ဆက်သွားကြသေးတယ်။ သူတို့တွေ မရှိကြတော့မှန်း သိသိချင်းပဲ ဦးလေးတို့ ရဲကို အကြောင်းကြားခဲ့ကြတယ်။ ဟိုတယ်တစ်ခုလုံးကို မြေလှန်ရှာခဲ့ပေ မယ့်လည်း သူတို့ရဲ့အရိပ်အယောင်ကို တောင်မှ မတွေ့ခဲ့ရဘူး”
သူတို့သုံးဦးသား ငြိမ်ငြိမ်သက်သက်လေး နားဆင်နေရင်းမှ ယယ်ရွှင် မေးလိုက် သည်။ “အခန်းထဲမှာရော တစ်ခုခုကို ရှာတွေ့သေးလား”
“မတွေ့ဘူး”သူဌေး စီးကရက်ကို တစ်ချက်ရှိုက်လိုက်ပြီးနောက် နည်းနည်း စိတ်ငြိမ်လာခဲ့သည်။ “ဦးလေးတို့ရဲ့ သန့်ရှင်းရေးအန်တီကြီးတစ်ယောက်ပဲ သူတို့ရဲ့ ဆံပင်မွှေးတွေကို အိပ်ရာပေါ်မှာ ရှာတွေခဲ့ပြီး သူတို့တွေ အဲဒီအပေါ်မှာ အိပ်သွားကြတာကို သက်သေပြနိုင် ခဲ့တာ”
ထို့အပြင်ကို ထိုမိန်းကလေးသုံးဦးက ဤဟိုတယ်ဆီ အရင်တုန်းက ရောက်လာ ခဲ့ဖူးခြင်း ရှိပုံလည်းမပေါ်ချေ။
ထိုအကြောင်းကို သူဌေးပြောနေချိန် သူတစ်ကိုယ်လုံးမှာ ကြက်သီးမွေးတွေ ထနေခဲ့ပြီး ခန္ဓာကိုယ်ပေါ်မှာ သန်းတွေ ပြေးနေခဲ့သည့်အတိုင်း ခံရခက်နေခဲ့ သည်။
“မနှစ်ကစပြီးတော့ … ဦးလေးတို့ ဟိုတယ်ရဲ့ စီးပွားရေး ရုတ်တရက် ထိုးကျ သွားခဲ့တယ်။ လာတည်းတဲ့ဧည့်သည်တွေ နည်းသွားပြီးတော့ မကောင်းတဲ့မှတ်ချက် တွေလည်း များလာတယ်။ ဒီကို လာပြီး တည်းခိုကြတဲ့ ဧည့်သည်တိုင်း အမြဲလိုလို အသေးစား ထိခိုက်မှုလေးတွေကို ကြုံကြ ရတယ် … ကြီးကြီးမားမားတွေတော့ မဟုတ်ပေမယ့်လည်း သာမန်ရိုးကျတော့ မဟုတ်ဘူး”
“အဲတာတင်မကပဲ ညသန်းခေါင်ချိန် ကျရင် ကော်ရစ်ဒါကနေပြီး ကြမ်းပြင်ကို ဘောလုံးနဲ့ပုတ်နေတဲ့အသံကို ကြားကြရ တဲ့ ဧည့်သည်တွေတောင် ရှိတယ်။ ညကြီးမင်းကြီး အချိန်မတော် ဘယ်သူ ကများ မအိပ်ဘဲနဲ့ ဘောလုံးကစားနေမှာ လဲ။ အရင်က တချို့ ဧည့်သည်တွေက အဲဒီ့အသံကိုသိချင်ကြတာ ဒါပေမယ့် ညသန်းခေါင်ကြီးမှာ တံခါးလည်း ထမဖွင့်ရဲကြတာမို့ တံခါးအောက်ခြေ မှာရှိတဲ့ အဟလေးကနေပြီး လှဲကြည့် လိုက်ကြတာ။ အဲ့ဒီမှာ တံခါးရဲ့ အပြင်ဘက်က ကြမ်းပြင်ပေါ်မှာ ခုန်ဆွ ခုန်ဆွလုပ်နေတဲ့ ယောက်ျားခေါင်းပြတ် ကြီးကို သူတို့ တွေ့လိုက်ရတော့တာပဲ”
သူဌေးရဲ့မျက်နှာ သွေးဆုတ်သွားခဲ့သည်။
“ဧည့်သည်တွေ မြင်လိုက်ရတာက တကယ်လား အမြင်မှားတာလားတော့ ဦးလေး … ဦးလေးလည်း မသိဘူး … အဲဒီ့ဟာကြီးကို မမြင်ဖူးသေးတော့”
ထိုအကြောင်းကို ကြားပြီးနောက်မှာ ယယ်ရွှင် အခန်းတွေကို စစ်ဆေးဖို့ရာ အတွက် လက်ဦးမှုယူလိုက်သည်။ ပထမ ဆုံးအနေနှင့် မီးဖိုခန်းနှင့် အိမ်သာကို ကြည့်လိုက်သည်။ အတွေ့အကြုံနုသေး သည့်သူတစ်ယောက်အနေဖြင့် ယယ်ရွှင် နောက်ကို ကျန်းလော့ လိုက်သွားလိုက် သည်။ နေရာစုံအောင် ကြည့်ပြီးသွားချိန် မှာ ကျန်းလော့ သိချင်စိတ်ဖြင့် မေးလိုက် သည်။
“မင်းတို့ တစ်ခုခုကိုများ တွေ့မိလား”
လုယုံရိ ခေါင်းယမ်းလိုက်သည်။
“ငါတော့ ဘာမှမတွေ့ရဘူး။ ယယ်ရွှင် မင်းကရော”
ယယ်ရွှင် တွေးတောလိုက်ပြီးနောက် ယဲ့ယဲ့လေး ပြောလိုက်သည်။
“ညသန်းခေါင်းကျမှ ထပ်ရှာကြည့်ကြ တာပေါ့”
လုယုံရိ သူ့လက်ချောင်းကို ဆန့်၍ ခဏလောက် တွက်ချက်လိုက်သည်။ သူ့ရဲ့ မျက်နှာထား ရုတ်တရက်ဆိုသလို အကျဉ်းတန်သွားခဲ့သည်။ သူ့အသံကို နှိမ့်ကာ ပြောလိုက်သည်။ “ပျောက်သွား တဲ့ မိန်းကလေးသုံးယောက်က တော်တော်လေးကို ကံဆိုးကြတာပဲ”
တကယ်တော့ လုယုံရိ တွက်ချက်လိုက် တာက “ကြမ်းကြုတ်သော”ဟူသည့် ဂမ္ဘီရအင်းကွက်ဖြစ်ပြီး မိန်းကလေး သုံးယောက်စလုံး သေသွားကြတာ ဖြစ်ဖို့များသည်။
ကျန်းလော့နှင့် ယယ်ရွှင် နှစ်ဦးစလုံး ငြိမ်သက်သွားကြသည်။
လုယုံရိရဲ့ စကားတွေကို သူဌေးက ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။ သူတို့တွေ ညသန်းခေါင်မှာ နောက်တစ် ကြိမ် ပြန်လာကြည့်မည်ဟု ယယ်ရွှင် ပြောတာကို ကြားချိန်မှာ သူ ကမန်းကတန်း ပြောလာခဲ့သည်။
“ကျောင်းသားတို့ကို အရင် ကျွေးမွေး ဧည့်ခံဖို့ရာ အတွက် ခေါ်သွားပါရစေ။ တည်းခိုမယ့် အခန်းကိုလည်း စီစဉ်ထား ပြီးပါပြီ။ စားသောက်ပြီးတာနဲ့ အဲဒီ့ကို အနားယူဖို့ ခေါ်သွားပေးပါ့မယ်”
ယယ်ရွှင် ဦးဆောင်ပြီး လျှောက်သွား လိုက်သည်။ “စားတာကတော့ အဆင်ပြေပေမယ့် အခန်းကတော့ မလိုဘူး။ သူဌေး… ကျွန်တော်တို့တွေ ဒီည ဒီအခန်းမှာပဲ တည်းမယ်”
သူဌေး သူ့ကို အထင်ကြီးလေးစားစွာနှင့် ကြည့်လာခဲ့သည်။ အသက် ငါးဆယ့် ရှစ်နှစ်ထိ နေလာပြီးတော့ မရေမတွက် နိုင်တဲ့ သရဲတွေကို ဝါးမျိုလာခဲ့သည့် အကောင် ကြီးကြီး ပီသပါပေသည်။
“ကောင်းပါပြီ … ကောင်းပါပြီ… သန့်ရှင်းရေးအဒေါ်ကြီးကို ကျောင်းသား တို့အတွက် အိပ်ရာခင်းနဲ့ ခြုံထည်တွေ လဲခိုင်းထားလိုက်ပါ့မယ်”
လုယုံရိက တစ်ချက်ကြည့်ရုံနဲ့တင် အလွန်ချမ်းသာမှန်း သိသာသလို ယယ်ရွှင်ကလည်း ဆင်းရဲတဲ့ပုံမပေါ်ချေ။ သို့ပါသော်လည်း သူတို့တွေ အစာစားကြ ချိန်မှာတော့ ထွက်ပြေးတိမ်းရှောင်နေကြ သော ဒုက္ခသည်တွေအလားပင်။ သူတို့ရဲ့ ပါးစပ်တွေထဲကို အငမ်းမရမျိုချနေကြပြီး သူတို့ရဲ့လက်တွေထဲမှာလည်း စားစရာ တွေနှင့် လုံးဝအပြည့်ပင်။ ကျန်းလော့ တောင်မှပဲ သူတို့ကိုကြည့်ရင်းနဲ့ ထမင်း အပိုတစ်ပန်းကန် စားလိုက်မိပြီး သူ့ရဲ့ ကုလားထိုင်ပေါ် မှီထိုင်နေလိုက်သည်။
သူက စားလို့ပြီးသွားပေးမယ့် ကျန်နှစ်ဦး က ခုထိစားလို့မဝသေးချေ။ လုယုံရိ သူ့ကို အားမရသလို ကြည့်လာခဲ့သည်။
“ကျန်းလော့ … မင်း ဘာလို့ နည်းနည်း လေးပဲ စားတာလဲ”
ကျန်းလော့ လက်ညိုးသုံးချောင်း ထောင် ပြလိုက်သည်။ “သုံးပန်ကန်”
ယယ်ရွှင် ထမင်းဇလုံထဲကနေ ခေါင်းမော့ လာခဲ့သည်။ “ဗိုက်ဝပြီလား”
ကျန်းလော့ ခေါင်းညိတ်ပြလိုက်သည်။
ယယ်ရွှင် သူ့ရင်ခွင်ထဲက ယုန်ရုပ်ကို ကျန်းလော့ထံ လှမ်းပေးလိုက်သည်။
“ရှောင်ဖန်းကို ခဏလောက် ပွေ့ထားပေး စမ်းပါ”
ပန်းရောင်ယုန်ရုပ်က ပုံမှန်သုံးနှစ်သား အရွယ်ကလေးတစ်ယောက်၏ အကြိုက် နှစ်သက်ဆုံးဖြစ်မည့် ပုံစံပင် ထို့အပြင် သူ့ရဲ့ အရွယ်အစားက လူကြီးတစ်ဦးရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက် ရှိသည်။ ကျန်းလော့ အရုပ်ကို ယူလိုက်ပြီးနောက် ရင်ခွင်ထဲမှာ ဖက်ထားလိုက်ရင်း သူဌေး ကိုအရူးလုပ်ရန်အတွက် သူပြောခဲ့တာ တွေကို ပြန်သတိရသွားခဲ့သည်။ သူ အရွှန်းဖောက်လိုက်သည်။ “ငါ ဂရုစိုက်ရမယ့် အချက်တွေများ ရှိသေးလား”
“ဟမ်”ယယ်ရွှင် တစ်ခုခုကို စဉ်းစားနေ သကဲ့သို့ ခေါင်းမော့လာခဲ့သည်။
“မင်း ရှောင်ဖန်းကို အစာကျွေးလို့ မရဘူး”
ဘယ်လိုလုပ်ပြီးတော့ အရုပ်က အစာစား နိုင်မှာလဲ။ ကျန်းလော့ အလေးအနက် ခေါင်းညိမ့်လိုက်ပြီး ယုန်အရုပ်ရဲ့ လက်ဖဝါးကို ဆွဲကိုင်ကာ ယယ်ရွှင်ကို ယမ်းပြလိုက်သည်။ “သဘောပေါက်ပြီ”
တခဏလောက်အကြာမှာ အဖွားဖြစ်သူ က သူမရဲ့မြေလေးကို ရင်ခွင်ထဲမှာ ချီရင်း စားသောက်ဖို့ရာ ရောက်လာခဲ့သည်။ ကျန်းလော့ သူ့ရဲ့ မျက်လုံးထောင့်လေး ကနေ ကြည့်လိုက်သည်။ ကလေးက ကုလားထိုင်ပေါ်မှာ ထိုင်ရင်းနှင့် ကြက်ဥ တွေကို ပါးစပ်နှင့်အပြည့် ပလုပ် ပလောင်း စားနေခဲ့သည်။ သူက အစာ စားနေချိန်မှာ ကြမ်းတမ်းသည့်ပုံပေါက် နေခဲ့ပြီး သူ့ရဲ့ မျက်နှာပေါ်မှာ အဖြူရောင် ကြက်ဥအစတွေ ကပ်နေခဲ့သည်။
ကျန်းလော့ရဲ့ အကြည့်တွေ အောက်သို့ ဆင်းသွားခဲ့ပြီး ကလေးရဲ့ ဖြူတုတ်တုတ် လက်မောင်းထက်မှာ အနက်ရောင်မြူ တွေ ရှိနေတာကို သူ မြင်နေရဆဲပင်။ အနက်ရောင်မြူတွေက ကျန်းလော့ကို စိတ်ခံစားချက် မကောင်းဖြစ်စေသည်။
သူ ယုန်ရုပ်ကို ပိုက်ထားရင်းနှင့် သိချင် စိတ်ဖြင့် ကလေးရဲ့ဘေးနားကို သွားထိုင် လိုက်သည်။
အဘွားဖြစ်သူက သူ့မြေးကို ဂရုတစိုက် ဖြင့် ထမင်းကျွေးနေခဲ့ပြီး သူမရဲ့ ကြင်နာတတ်သော မျက်နှာမှာ အပြုံး ပန်းတွေဝေစာနေခဲ့ပြီး သူမ ဖြည်းဖြည်း ချင်းပြောလိုက်သည်။
“များများစား… များများစား”
မြေးဖြစ်သူ အငမ်းမရစားသောက်နေပုံ က လုယုံရိနှင့် ယယ်ရွှင်တို့ စားသည့်ပုံ နှင့် တစ်ပုံစံတည်းပင်။ သို့သော် လုယုံရိ နှင့် ယယ်ရွှင်က အရွယ်ရောက်ပြီးသား သူတွေဖြစ်သည်။ ကလေးတွေမှာက လည်ပြွန်သေးသေးလေးပဲ ရှိတာမလား။ ဒီလိုကြီး စားနေတော့ ပြဿနာ မဖြစ်ဘူး လား။
ကလေးက လက်ကိုဆန့်၍ သူ့အဖွား လက်ထဲက ခွာထားပြီးသား ကြက်ဥကို လှမ်းယူနေခဲ့ပြီး သူ့မျက်နှာပေါ်က အရေပြားက ရှုံ့တွနေခဲ့သည်။ ကျန်းလော့ ဝက်ခြံထဲက အသတ်ခံရဖို့ စောင့်နေသော ဝက်တွေကို မဆီမလျော် သွားတွေးလိုက်မိသည်။
သူခေါင်းကို စောင်းလိုက်ပြီးနောက် အဖွားဖြစ်သူကို စကားပြောလိုက်သည်။
“အဖွား … ဒီအချိန်ကြီးကို နေ့လည်စာ စားနေတာလား”
အဖွားဖြစ်သူ တုံ့ပြန်လာဖို့အတွက် အချိန် ခဏကြာသွားခဲ့ပြီးမှ ဂရုမစိုက်ဟန်ဖြင့် ပြောလာခဲ့သည်။
“နေ့လည်စာလား… စားပြီးသွားပြီလေ။ မြေးလေးက ဗိုက်ဆာနေသေးတာမို့ နည်းနည်းလောက် ထပ်စားနေတာ”
အို့… ပေါ့ပေါ့ပါးပါး နေ့လည်စာပေါ့။
ကလေးက လုံလုံလောက်လောက် စားပြီးသွားကာ ကုလားထိုင်ထက်ကနေ လျှောဆင်းလိုက်သည်။
“ဖွားဖွား … သား ခဏလောက် ကစား လိုက်အုံးမယ်”
အဖွားဖြစ်သူက ထပ်လဲလဲ သဘောတူ လိုက်ပြီးနောက် သူ့မြေးလေး သဲတွေနဲ့ ဆော့နေတာကို ကြည့်နေခဲ့သည်။ သူမ ရဲ့ မျက်နှာထက်မှာ အပြုံးတစ်ပွင့်ရှိနေခဲ့ သည်။ သူမရဲ့ မျက်နှာမှာ ပျော်ရွှင်မှုတွေ နှင့် စိတ်သက်သာရာရမှုတွေ အပြည့်ပင်.. ကလေးကို အခုလို ထိုင်ကြည့်နေရတာနဲ့ တင်ကို ကျေနပ်နေသည့်အလား။
ကျန်းလော့ သာမန်ကာလျှံကာ ပြော လိုက်သည် “အဖွား … ကြက်ဥတွေ အများကြီးစားတာ ကလေးအတွက် မကောင်းဘူး မဟုတ်ဘူးလား”
အဖွားဖြစ်သူ လက်ယမ်းပြလိုက်ပြီး “အဆင်ပြေပါတယ် … သူက စားရတာ ကိုကြိုက်တယ်လေ။ သူဘယ်လောက် တောင် ချစ်ဖို့ကောင်းလဲ ကြည့်ပါအုံး… ဖွေးအုပြီးတော့ လုံးကစ်နေတာပဲ”
ကျန်းလော့ မိသားစုရေးတွေကို ပုံမှန် ပြောနေကျအတိုင်းပဲ ပြောလိုက်သည်။
“ကလေးရဲ့ ပညာအရည်အချင်းကရော”
“ပညာအရည်အချင်း”အဖွားဖြစ်သူ ခဏလောက် စိတ်ရှုပ်သွားပြီးနောက်မှာ ပြန်ပြုံးလိုက်ရင်း “အဆင်ပြေပါတယ် … အဆင်ပြေပါတယ်။ အဆင့်တွေက အရေးမှမကြီးတာ။ ဖြူအုပြီးတော့ ဝကစ်နေဖို့ကသာ အဓိကပဲ။ စားနိုင် သောက်နိုင်တာကိုက ကောင်းချီးပဲ”
ကျန်းလော့ ပြုံးလိုက်ပြီး “အဖွားက တော်တော်လေးကို အမြင်ကျယ်တာပဲ”
ခဏလောက် ကြာသွားပြီးနောက်မှာ အဖွားဖြစ်သူ တုန်တုန်ရီရီနဲ့ ထရပ်၍ မီးဖိုခန်းဘက်သို့ အစားအသောက်ယူရန် သွားလိုက်သည် … သွားနေရင်းနဲ့ တစ်ယောက်တည်း ရေရွတ်သွားသေး သည် “သူ့အတွက် တစ်ခုခုပြင်ဆင်ရအုံး မယ် … သူ ခဏနေရင် ဗိုက်ပြန်ဆာလာ တော့မှာ”
မိန်းမအိုကြီး ထထွက်သွားပြီးနောက် ကျန်းလော့နှင့် ဝတုတ်တုတ်မြေးလေး သာ ကျန်ရစ်ခဲ့သည်။
ကျန်းလော့ သူ့ အိပ်ထောင်ထဲကနေ ချိုချဉ်တစ်လုံးကို ထုတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ချိုမြိန်မှုက သူ့ခံတွင်း ထဲမှာ ပျံ့နှံ့သွားခဲ့သည်။ ချိုချဉ်ကို သူ “ဒုတ်”ခနဲကိုက်လိုက်တော့ အနားမှာ သဲနှင့်ဆော့နေခဲ့သော ကလေးက ချိုချဉ် အသံရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရသည်။ သူ ကျန်းလော့ဆီ စိတ်အားထက်သန်စွာ နှင့် ပြေးလာခဲ့ပြီး သူ့ရဲ့ တံတွေးတွေကို လောဘတကြီး မျိုချလိုက်သည်။
ကျန်းလော့ ချိုချဉ်နောက်ထပ်တစ်လုံး ထုတ်လိုက်ပြီး ကလေးရှေ့မှာ ယမ်းပြ လိုက်သည်။
“သူငယ်ချင်းလေး … ချိုချဉ်စားချင်လား”
ကလေးက ခေါင်းကို ဆတ်ဆတ်ခါ အောင် ညိတ်လာခဲ့သည်။
ကျန်းလော့ အပြုံးတစ်ပွင့်နှင့်အတူ မျက်လုံးတွေကို ကျဉ်းမြောင်းကာ ချိုချိုသာသာလေး ချော့မော့ပြောလိုက် သည်။ “မင်း စားချင်လို့ရှိရင် ဟောဒီက ကိုကိုရဲ့ တောင်းဆိုချက်ကို လက်ခံရ မယ်”
ကလေး “လက်ခံမယ်”
ကလေးအတွက် ရေခွက်ဖန်ခွက်ကြီးကြီး နှင့် တစ်ခွက် ကျန်းလော့ လောင်းထည့် ပေးလိုက်ပြီး သူ့ပုံစံက အဖွားရဲ့အဝတ် အစားတွေကို ဝတ်ထားခဲ့သော ဝံပုလွေ ဆိုးကြီးတစ်ကောင်နှင့် တူနေခဲ့သည်။
“ဒီဖန်ခွက်ထဲကရေတွေကို အကုန် သောက်ရမယ် ပြီးတော့ ညအိပ်ရာမဝင် ခင်မှာ အိမ်သာမသွားပါဘူးလို့ ကိုကို့ကို ကတိပေးရမယ်… ဟုတ်ပြီလား”
ကလေး သူ့လက်ချောင်းကို ရှက်ရှက်နှင့် ကိုက်လိုက်သည်။
“ရှုးပေါက်ချင်တာကို ထိန်းထားရတာ ခက်တယ်”
ကျန်းလော့ နောက်ထပ် ချိုချဉ်နှစ်လုံး ထပ်ထုတ်လိုက်သည်။
ကလေးရဲ့ မျက်လုံးတွေ အရောင်လက် သွားခဲ့ပြီး သူ ရေခွက်ကိုကိုင်ကာ မော့ချ လိုက်သည်။ သူ့ ဗိုက်ဖောင်းလာတာကို မျက်စိနှင့်ပင် မြင်နိုင်ကာ သူ လေချဉ် တောင်မှ တတ်လိုက်သေးသည်။
ကျန်းလော့ သူ့ကို ချိုချဉ်တွေပေးလိုက် သည်။ သူ လုယုံရိဆီသို့ စိတ်ပျော်ရွှင် စွာဖြင့် ပြန်သွားပြီး ဘေးနားမှာထိုင်လိုက် သည်။ သူ သာမန်ကာလျှံကာပဲ မေး လိုက်သည်။
“ကလေးရဲ့ကျင်ငယ်က မကောင်းဆိုးဝါး ဝိညာဉ်တွေကို မောင်းထုတ်နိုင်လား”
လုယုံရိ ပြောလိုက်သည်။ “ဒါပေါ့…. အဲတာက မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်ရုံတင်မကပဲ ဆေးကျိုတဲ့ နေရာမှာတောင် သုံးလို့ရသေးတယ် ပြီးတော့ ကြက်ဥတွေ ပြုတ်တဲ့နေရာ မှာလည်းသုံးတယ်။ လူပျိုဥပြုတ်ဆိုတာ ကို မင်း စားမကြည့်ဖူးဘူးလား”
ကျန်းလော့ ဗဟုသုတအသစ်တစ်ခု ရလိုက်သည်။
စားပြီးနောက်မှာ သူတို့သုံးယောက် အိပ်ပျော်နေသောမင်းသမီးလေးရဲ့ အခန်း ဆီ ပြန်သွားလိုက်ကြသည်။ အချိန်က ညခင်းအစောပိုင်းသာ ရှိသေးသည်။ လုယုံရိ အိုင်ဒေါဒရာမာတွေကို ကြည့်ဖို့ ရာအတွက် တီဗီဖွင့်လိုက်သည်။ ကျန်းလော့နှင့် ယယ်ရွှင်တို့လည်း သူတို့ အခန်းသူပြန်ကာ အနားယူလိုက်ကြ သည်။
နောက်ဆုံးမှာတော့ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကို စီစစ်ဖို့ရာအတွက် အချိန် ကျန်းလော့မှာ ရှိလာခဲ့သည်။
မူလပိုင်ရှင်ရဲ့ ချီယုံအပေါ် သတ်ပစ်လိုက် သောဖြစ်စဉ်ရဲ့ မှတ်ဉာဏ်ကို သူ မွှေနှောက်ပြီးချိန်မှာတော့ ကျန်းလော့ရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားခဲ့သည်။
ချီယုံရဲ့ သေဆုံးခြင်းက အမှန်တကယ်ကို ပင် သံသယဖြစ်ဖို့ကောင်းသည်။
ဒါက ကောင်းတဲ့အရာပင်။ သံသယဖြစ် စရာတွေရှိနေသရွေ့ ကျန်းလော့ သဲလွန်စ နောက်လိုက်ပြီး သူ့အစား အပြစ်ဒဏ် ခံယူပေးမည့်သူ တစ်ယောက်ယောက်ကို ရှာလို့ရမည်ပင်။ အကယ်၍ သံသယ ဖြစ်စရာ လုံးဝမရှိဘူးဆိုရင်လည်း … အဆိုတောင်ရှိသေးတာပဲ … လမ်းမရှိရင် လမ်းဖောက်လိုက် .. အခွင့်အလမ်းမရှိရင် ဖန်တီးယူလိုက်ဆိုပြီး။
သံသယဖြစ်စရာမရှိရင်လည်း သံသယ ဖြစ်စရာကို ဖန်တီးလိုက်ရုံပေါ့။
သူ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ ချီယုံက ကောင်းကင်ဘုံ ဝိညာဉ်စွမ်းအား ခန္ဓာကိုယ်နှင့် မွေးဖွားလာခဲ့သူဖြစ်သည်။ သူ့ရဲ့ အရည်အချင်းကဲ့သို့သော စွမ်းအား ကို ရုပ်နယ်လွန်လောက တစ်ခုလုံးမှာ ဘယ်သောအခါကမှ မတွေ့ခဲ့ရဖူးချေ။ ချီယုံက ချီမိသားစုရဲ့ နောက်ဆုံးသော တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး အသက် ငယ်ငယ်လေးကတည်းကပင် ချီမိသားစု ရဲ့ ခေါင်းဆောင်ဖြစ်လာသည့်သူပင်။ ထိုကဲ့သို့သော ဘဝအခြေအနေမျိုးက တခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ ကြည့်ရုံသာကြည့်နေနိုင်သည့် ဖြစ်တည် မှုမျိုးပင်ဖြစ်သည်။ ထိုကဲ့သို့သော မွေးရာပါ အရည်အချင်းမျိုးက မြောက်မြားလှစွာသောလူတွေ၏ ကြိုးစားအားထုတ်မှုတွေကို အသာလေး ဖုံးလွှမ်းသွားခဲ့သည်။
မူလပိုင်ရှင်က ချီယုံကို မနာလိုဖြစ်ခဲ့ သည် … မနာလိုလွန်းအားကြီး၍ မျက်လုံး တွေထဲကတောင် သွေးတတောက် တောက် ကျတော့မတတ်ပင်။
သူ့ရဲ့ အရည်အချင်းကိုသာ ငါ့ကို ပေးနိုင်ရင် ဘယ်လောက်ကောင်းလိမ့် မလဲ … သေချာပေါက်ကိုပင် အရင်က မူလပိုင်ရှင် ထိုကဲ့သို့တွေးခဲ့မိသည် သို့သော် သူ့စိတ်ထဲမှာပဲ တွေးရဲခဲ့တာဖြစ် သည်။
အစကတော့ မူလပိုင်ရှင်က ချီယုံကို မနာလိုဖြစ်ပေမယ့်လည်း အပေါ်ယံမှာ တော့ တည်ငြိမ်နိုင်သေးသည်။ သို့သော် ချီယုံ မသေခင် တစ်ပတ်အလိုမှာတော့ တားမြစ်ထားသော နည်းလမ်းတစ်ခုကို အင်တာနက်ပေါ်ကနေပြီး မူလပိုင်ရှင် အမှတ်မထင် တွေ့ခဲ့မိသည်။
တားမြစ်ထားသောနည်းလမ်းက တခြား သူတွေရဲ့ ဝိညာဉ်ကို ယူပြီးတော့ ကိုယ့် ခန္တာကိုယ်ထဲကို ပြောင်းထည့်သော မကောင်းဆိုးဝါး လမ်းစဉ်ပင်ဖြစ်သည်။ ထိုနည်းလမ်းက အမှန်တကယ် ဟုတ်မဟုတ် မသိသော်ငြားလည်း ထိုဟာကို မြင်ပြီးနောက်မှာ မူလပိုင်ရှင် ပိုပိုပြီးတော့ စိတ်ပြင်းပြလာခဲ့သည်။
အဆုံးမှာတော့ ဆွဲဆောင်မှုကို သူ မလွန် ဆန်နိုင်တော့ဘဲ ချီယုံရဲ့ဝိညာဉ်ကို သူ့ ခန္ဓာကိုယ်ကနေ ဖယ်ထုတ်ပစ်ဖို့ရာ ကြံစည်တော့သည်။ တားမြစ်ထားသော အစီအရင်ထဲကအတိုင်း သူ ဖြည်းဖြည်း ချင်းစီဖြင့် အမှားအယွင်းမရှိလုပ်ခဲ့သည် သို့သော် ချီယုံက တားမြစ်ထားသော အစီအရင်ထဲမှာ သေဆုံးသွားခဲ့ပြီး အဲ့ဒီ့အပြင်ကို သူရဲ့ ဝိညာဉ်ကို ငါးပိုင်း ဆွဲဆုတ်ခံရပြီး အပိုင်းပိုင်းအစစတွေ အဖြစ် ပြန့်ကျဲသွားခဲ့ရသည်။
မူလပိုင်ရှင်က ဘာအကျိုးအမြတ်မှ မရခဲ့ဘဲ အဲဒီ့အစား စိတ္တဇကောင်ရဲ့ နတ်ဆိုးဝိညာဉ်ကိုမှ ရန်စမိသလိုဖြစ်သွား ခဲ့ရသည်။
မူလပိုင်ရှင်က ချီယုံကို သတ်ပစ်ခဲ့သော လူသတ်သမားစစ်စစ်ဖြစ်သည် သို့သော် သူ့ရဲ့ နောက်ကွယ်မှာ ရှိနေခဲ့သောသူရဲ့ ဓားနှင့် ပိုတူနေခဲ့သည်။ လူသတ်သမား က ဓား ကိုအသုံးပြုပြီး လူသတ်ခဲ့သည်။ ဓားကို ကိုင်ထားတဲ့ လူသတ်သမားကမှ လူသတ်မှုရဲ့ နောက်ကွယ်မှာ ရှိနေတဲ့သူ မဟုတ်ဘူးလား။
ဓားမှာ အပြစ်ရှိသည် မှန်သည် ဒါပေမယ့် ခံခဲ့ရသူအတွက် လူသတ်သမားကို ဓားက ရှာပေးခဲ့ရင်ရော အပြစ်ကြွေး ကြေလောက်လား။
ကျန်းလော့ သူ့မျက်နှာကိုထိရင်း သူ့ဘာသာသူ တွေးလိုက်သည်။ သူသာ ချီယုံဆိုရင် ဓားရဲ့ နောက်ကွယ်က လူသတ်သမားကို လိုက်ရှာမှာ အသေချာ ပင်။ ထိုဟာကမှ တကယ့်ရန်သူအစစ် ဖြစ်သည်။
ကောင်းကင်က မှောင်လာခဲ့ပြီး နေဝင် သွားပြီပင်။ ကျန်းလော့ စဉ်းစားတာ ရပ်လိုက်ပြီးနောက် အိပ်ရာထဲကနေ ထကာ အပြင်သွားလိုက်သည်။ လုယုံရိ သူ့ကို မော့ကြည့်လာပြီးနောက်မှာ နက်နဲ ရှုပ်ထွေးသော အမူအရာဖြင့် ပြောလာခဲ့ သည်။
“ကျန်းလော့… ချီယုံက မင်း အပေါ်မှာ အရူးအမူး ကြွေဆင်းနေတာလည်း မဆန်းပါဘူး”
အိပ်ရာထဲကနေ အခုမှထလာခဲ့သော လူငယ်လေးမှာ အနက်ရောင်ဆံပင် မသပ်မရပ်နှင့် မျက်နှာနှစ်ဖက်မှာလည်း ရှက်သွေးဖြာနေသည့်အလား အနီရောင် သန်းနေခဲ့သည်။ သူ့ရဲ့ နှုတ်ခမ်းအရောင် ကလည်း ရေဓာတ်ခန်းခြောက် မှုကြောင့် သွေးရောင်လွှမ်းနေခဲ့သည်။ သူ့ နှုတ်ခမ်းတွေက အနီရောင်သန်းပြီး သွားလေးတွေ က ဖြူဖွေးနေခဲ့သည်။ သူ့ရဲ့ အသွင်အပြင်လေးကိုက အလွန် တရာ ဆွဲဆောင်မှုရှိနေခဲ့သည်။ သူ တစ်ဦးတည်းရဲ့ တည်ရှိမှုနဲ့တင်ကို ပန်းပေါင်းတစ်ရာ ပွင့်လန်းလာပြီးတော့ သူ့ကို ခြံရံထားသည့်အလား ခံစားချက် ကို ပေးစွမ်းနေခဲ့သည်။
လှရက်လိုက်တာ။
သူက လှပသည်ဟုတင်စားခံရသော ယောက်ျားလေးအုပ်စုထဲမှာ ပါဝင်သည်။
ကျန်းလော့ရဲ့ စရိုက်က တော်တော်လေး ကို ဆိုးသွမ်းပြီး စဉ်းစားဉာဏ်မရှိပေ မယ့်လည်း ထိုမျက်နှာလေးတစ်ခုနဲ့ တင်ကို မြို့တော်တစ်ခုလုံး သူ့ကို ချစ်ကျွမ်းဝင်လာအောင် လုပ်နိုင်စွမ်း ချီယုံမှာ ရှိသည်။
ကျန်းလော့ သူ့ဆံပင်ကို ရှင်းလိုက်သည်။ ထိုကဲ့သို့သော ချီးမွမ်းစကားတွေကို သူ ကြားရတာ ရိုးတောင်နေပြီပင်။ သူ ရိုးရိုးရှင်းရှင်းလေး ပြုံးပြီး ပြောလိုက် သည်။
“ငါတို့တွေ အခုစပြီးတော့ သရဲတွေ ဖမ်းကြတော့မှာလား”
ယယ်ရွှင်ရဲ့ လှုပ်ရှားမှုက ရပ်တန့်မသွား ချေ။ “ငါ တစ်စုံတစ်ခုကို ပြင်ဆင်နေ တာ”
ထောင့်မှန်စတုဂံပုံ စားပွဲရှည်ကြီးကို မြောက်ဘက်နံရံရဲ့ ဆန့်ကျင်ဘက်မှာ ထားပြီးတော့ နံရံရဲ့အလယ်မှာ စတုရန်းပုံ မှန်ချပ်ကြီးတစ်ချပ် ချိတ်ဆွဲလိုက်သည်။ အညိုရောင် စားပွဲထက်မှာတော့ ထမင်းဖြူ တစ်ပန်းကန်နှင့် မီးညှိမထား သော အမွှေးတိုင်တချို့ ရှိနေခဲ့သည်။
ဒီလိုမြင်ကွင်းမျိုးကို ပထမဆုံးမြင်ဖူး ခြင်းဖြစ်တာမို့ ကျန်းလော့ စိတ်ဝင်စားမှု တွေ အပြည့်နှင့် ဖြစ်နေခဲ့သည်။ သူ ပစ္စည်းတွေအကြောင်းကို တစ်ခုပြီး တစ်ခုမေးနေမိသလို ယယ်ရွှင်ကလည်း စိတ်ရှည်ရှည်နှင့် ပြန်ဖြေနေခဲ့သည်။ ပြင်ဆင်မှုတွေအားလုံး လုပ်ပြီးသွားပြီး နောက်မှာ ယယ်ရွှင် နာရီကို မော့ကြည့် ပြီး ပြောလိုက်သည်။
“အချိန်ကျလာတာကို စောင့်ကြတာ ပေါ့”
ထိုအချိန်က ညသန်းခေါင် ဆယ့်တစ် နာရီကနေပြီး မနက်ခင်း တစ်နာရီ ကြားကိုပြောတာ ဖြစ်သည်။ ထိုအချိန် တွင်းမှာ ယင်ဓာတ် အားအကောင်းဆုံး ပင်။ ကျန်းလော့ ခေါင်းညိမ့်ပြီး မေး လိုက်သည်။
“မှန်ကို ဘာလို့ အလယ်မှာချိတ်ထားရ တာလဲ”
“မှန်က ယင်ဓာတ်တွေ စုစည်းတဲ့နေရာ ပဲ။ သူက မကောင်းဆိုးဝါးဝိညာဉ်တွေ ကို နှင်နိုင်ရုံသာမကပဲ သူ့တို့ရဲ့ပုံသဏ္ဍာန် တွေ ပေါ်လာအောင်လည်း လုပ်နိုင် တယ်”ယယ်ရွှင် ဆက်ပြောလိုက်သည် “ဒီနေရာမှာသာ တကယ်ပဲ မကောင်းတဲ့အရာ တစ်ခုခုရှိနေမယ် ဆိုရင် မှန်ထဲမှာ ယင်ဓာတ်တွေ ပြည့်လျှံသွားပြီးတော့ အမွှေးတိုင်က မီးခိုတွေကို မှုတ်ထုတ်လာပြီး ငါတို့ကို ယင်ဓာတ်တွေ စုနေတဲ့နေရာဆီ ခေ့ါ်သွားပေးလိမ့်မယ်”
ကျန်းလော့ရဲ့ စိတ်ထဲမှာ ဘာလို့လဲ ဆိုတဲ့မေးခွန်းပေါင်း သောင်းခြောက် ထောင်ရှိနေခဲ့သည်။ “ဘာလို့ သံလိုက်အိမ်မြှောင်ကို မသုံးရတာလဲ”
ယယ်ရွှင် ဘေးမှာထားထားသော သံလိုက်အိမ်မြှောင်ကို ယူပြီး သူ့ကို ပြလာခဲ့သည်။ သံလိုက်အိမ်မြှောင်ရဲ့ အလယ်မှာရှိသော သံလိုက်လက်တံ လေးက နေရာပေါင်းစုံကို ပတ်ချာလည် နေပြီးတော့ တိကျသော တည်နေရာကို မညွှန်ပြနိုင်ဘဲ ဖြစ်နေတာကို သူ တွေ့ လိုက်ရသည်။ ယယ်ရွှင် ပြောလိုက် သည် “သံလိုက်အိမ်မြှောင်က ဒီနေရာ မှာရှိနေတဲ့ သံလိုက်စက်ကွင်းရဲ့ နှောင့်ယှက်မှုကို ခံနေရတယ် … အဲတာ ကြောင့်မို့ သူ့ကို ဒီဟိုတယ် အနီးတဝိုက် မှာ သုံးလို့မရဘူး”
ကျန်းလော့ ချက်ချင်း ဆိုသလို သဘောပေါက်သွားခဲ့သည်။
စောင့်ဆိုင်းနေရတဲ့ အချိန်က အကုန်မြန် ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ည ဆယ့်တစ်နာရီတောင် ထိုးခါနီးနေပြီ ဖြစ်သည်။
ညဘက်တွင် တတိယမြောက်လမ်း၌ မီးအလင်းရောင် အနည်းငယ်သာရှိ သည်။ ပြတင်းပေါက်အပြင်ဘက်ရှိ အမှောင်ထုက ပြတင်းပေါက်ပေါ်ကို မင်ရည်ဖြင့် ပက်ထားသကဲ့သို့ ထူပိန်း ကာ သိပ်သည်းနေခဲ့သည်။ မှိန် ဖျော့ဖျော့အလင်းရောင်က အခန်းထဲ
မှာ ထင်ဟပ်လာခဲ့ပြီး လုယုံရိ သူ့ရဲ့ ထိုင်နေသောပုံစံကို ပြောင်းလိုက်သည်။ သူ ရုတ်တရက်ထထိုင်၍ ပြောလာခဲ့ သည်။
“ငါ အိမ်သာသွားမလို့။ တစ်ယောက် ယောက်လိုက်ကြဦးမလား”
ယယ်ရွှင် သူ့လက်မောင်းတွေထဲမှာ အရုပ်ကို ပွေ့ထားရင်းနဲ့ ထလိုက်သည်။
“ငါလည်း သွားမယ်”
ကျန်းလော့ ခြောက်ခြားဖွယ်သရဲကား တွေရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေကို ကောင်း ကောင်းကြီးသိသည် သူတစ်ယောက် တည်းတော့ လုံးဝမနေခဲ့နိုင်ချေ။
“အကုန်လုံးသွားကြတာပေါ့ … အတူတူ”
အရွယ်ရောက်ပြီးသား ယောက်ျားလေး သုံးယောက် အိမ်သာကိုသွားဖို့ရန် အတူ တူ တန်းစီလိုက်ကြသည်။ လုယုံရိ ဆက်ပြီးတော့ ထိန်းမထားနိုင်တော့ချေ။ သူ အိမ်သာထဲကို အပြေးဝင်သွားပြီး နောက် တံခါးကို ပိတ်လိုက်သည်။ မိနစ် ဝက်ခန့်ကြာမှာတော့ သူ ရုတ်တရက် ထအော်လာခဲ့သည်။
“ဖာခ့်”
ကျန်းလော့ နှင့် ယယ်ရွှင်တို့ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်လိုက်မိကြ သည်။ “လုယုံရိ”
လုယုံရိ တံခါးကိုဖွင့်၍ ထွက်လာပြီးပြီး ချင်းမှာပဲ သူ ချောက်ခြားစွာနှင့် ပြောလာ ခဲ့သည်။
“ဖာခ့် … ဒါတွေက ဘာတွေလို့ မင်းတို့ ထင်လဲ”
သူတို့နှစ်ဦး လမ်းလျောက်သွား၍ ကြည့် လိုက်တော့ ဘိုထိုင်တိုင်ကီထဲမှာ ရွှဲရွှဲစို နေသော အဖြူရောင် ပလတ်စတစ်နှင့် ပတ်ထားသည့် ပစ္စည်းတစ်အိတ်ကို တွေ့လိုက်ရသည် … ထိုအရာကို သာမန် ကာလျှံကာကြည့်လိုက်ပါက ပိုက်ဆံနှင့် သွားတူနေခဲ့သည်။
လုယုံရိ ထိုအရာကို ဆွဲထုတ်လိုက်ပြီး နောက် ကြမ်းပြင်ပေါ်ချကာ ဖွင့်လိုက် သည်။ ထိုအထဲမှာ တရုတ်ယွမ်တွေနှင့် ပြည့်နေခဲ့တာမဟုတ်ဘဲ သေသူအတွက် ရည်စူးကာ မီးရှို့ပေးရသော ငွေစက္ကူ အတုတွေနှင့် ပြည့်နေတာဖြစ်သည်။
ကျန်းလော့ ကြက်သီးတွေတောင် ထတော့မလို ဖြစ်သွားခဲ့ရသည်။
“အိမ်သာထဲမှာ မင်ပိတွေကို ထားထား ရတဲ့ အကြောင်းရင်းက ဘာများလဲ”
( မင်ပိ- သေသူအတွက် ရည်စူးကာ မီးရှို့ပေးရသော ငွေစက္ကူအတု)
“အဲတာကို ဟိုတယ်ကနေပြီးတော့ ထားထားတာ လုံးဝမဖြစ်နိုင်ဘူး”လုယုံရိ သူ့ရဲ့ကံဆိုးမှုကို ဖယ်ရှားရန် အတွက် သူ့ လက်တွေကို အပြေးသွား ပြီး ဆေးလိုက်သည်။ သူ မနေနိုင်ဘဲ ပြောလိုက်မိသေးသည် “အိမ်သာထဲမှာ မင်ပိတွေကို ထည့်ထားတယ် … တကယ်ကို အံ့ဩစရာပဲ။ အိမ်သာ ဆိုတာ အညစ်အကြေးတွေ စုနေတဲ့ နေရာ။ အိမ်သာရဲ့ အစိုဓာတ်နဲ့ ယင်ဓာတ်ကိုက တော်တော်လေး ပြင်းထန်နှင့်နေပြီ”
သန့်စင်ခန်းက အရမ်းကို ညစ်ညမ်း သော အညစ်အကြေးတွေ စုစည်းနေတဲ့ နေရာပင်။ သန့်စင်ခန်းထဲမှာ မင်ပိ ထည့်ခြင်းက ကိုယ့်ရဲ့ ကံဆိုးမှုတွေကို ဆုတ်ယုတ်သွားအောင် လုပ်ချင်လို့ပဲ ဖြစ်ရင်ဖြစ် အဲဒီလိုမှမဟုတ်ရင်တော့ တခြားသူတွေရဲ့ ကြွယ်ဝချမ်းသာမှုတွေ ကို ဆုတ်ယုတ်သွားအောင် လုပ်ချင် လို့ပဲဖြစ်ရမည်။
“ဟိုတယ် 129က လွန်ခဲ့တဲ့တစ်နှစ် လောက်ကနေစပြီးတော့ စီးပွားထိုးကျ သွားခဲ့တာ။ ဒါနဲ့များ ဆိုင်နေမလားပဲ”
“တော်တော်လေး ဖြစ်နိုင်ချေရှိတယ်” ယယ်ရွှင် သူပြောလာတာကို ချက်ချင်း သဘောတူလိုက်သည်။ “မနက်ဖြန် ကျရင် ငါတို့တွေ တခြားအခန်းက အိမ်သာတွေဆီကိုလည်း သွားကြည့်ပြီး တော့ မင်ပိတွေ ရှိမရှိ စစ်ဆေးကြည့်ရ အောင်”
လုယုံရိ စိတ်တွေခြောက်ခြားနေခဲ့ပြီး သူ့လက်တွေကို ဆေးလို့ ပြီးပြီးချင်းမှာပဲ ကျန်းလော့နှင့်အတူ နောက်ကြောင်းပြန် လှည့်လိုက်ကြသည်။ လုယုံရိ နည်းနည်း ကြောက်နေသေးတာမို့ ကျန်းလော့ကို စကားတွေ ဆက်တိုက်ပြောနေခဲ့မိသည်။
“ဒီနေရာမှာရှိနေတဲ့ မကောင်းဆိုးဝါး တွေက ဘာတွေဖြစ်လိမ့်မယ်လို့ မင်း ထင်လဲ”
ကျန်းလော့ ပြောလိုက်သည်။
“မင်းတောင်မှ မသိတာ ငါက ဘယ်လို လုပ်ပြီးတော့သိမှာလဲ”
လုယုံရိ ခဏလောက် နင်သွားခဲ့ရပြီး တီးတိုးပြောလိုက်သည်။ “ငါက စိတ်မထိန်းနိုင်လို့ ဘာမှမသိတာ မဟုတ် ဘူးပေါ့ “
ကျန်းလော့ ရင်ထဲ ဒိတ်ခနဲဖြစ်သွားခဲ့ပြီး လုယုံရိကို ချော့မော့ပြောလိုက်သည်။
“ငါက မင်းလောက်မတော်ဘူးလေ လုယုံရိကလည်း ပြီးတော့ ယယ်ရွှင် ကလည်း မင်းလောက်ခန္ဓာကိုယ်မှ မကြီးတာ။ ငါတို့သုံးယောက်ထဲမှာ မင်း ကမှ အတိုက်ခိုက်နိုင်ဆုံးသူပဲ”
“ငါ မင်းတို့နဲ့အတူ တာဝန်လုပ်ဖို့ ထွက်လာခဲ့ရတဲ့ အကြောင်းအရင်း ကလည်း မင်းရှိနေလို့ပဲ မဟုတ်ဘူးလား။ ငါ့ စိတ်ကူးထဲက မင်းရဲ့စွမ်းအားက ဒီထက်ပိုပြီးတော့ကို လုပ်နိုင်စွမ်း ရှိပါ တယ်။ အဲ့ဒီလို မင်းမှာတောင် ယုံကြည်မှုရှိမနေရင် ငါတို့တွေ ဘယ် မကောင်းဆိုးဝါးကို သွားရှင်းထုတ် နိုင်တော့မှာလဲ”
လုရိယုံ အခုလိုမျိုးချီးမွမ်းခြင်းကို ခံရတာ ဘယ်တုန်းကမှ မကြုံဖူးခဲ့ဖူးချေ။ သူ နည်းနည်းရှက်သွားပြီး “တကယ် … တကယ် အဲလိုထင်တာလား။ ငါက အဲ့လောက်တောင်ပဲ တော်တာလား”
“ဒါပေါ့”ကျန်းလော့ ခေါင်းကို ဆတ်ဆတ်ခါအောင် ညိတ်ပြလိုက်သည်။
“သရဲတွေကို မကြောက်နဲ့။ ဦးမော့ပြီး တော့သာ သွားလိုက်။ ဒီနေရာမှာရှိနေတဲ့ မကောင်းဆိုးဝါးက ဘယ်လောက် တောင်ဆိုးရွားတဲ့ မကောင်းဆိုးဝါး ဖြစ်နေပါစေ … မင်းလောက်တော့ ဘယ်သူမှ အင်အားမကြီးဘူး”
လုယုံရိ ရင်ထဲခံစားသွားရသည်။ ကျန်းလော့က သူ့ကို ဒီလောက်ထိတောင် ယုံကြည်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ တာဝန်ယူစိတ်က သူ့ နှလုံးသားအတွင်းထဲကနေပြီး ထိုးထွက် လာခဲ့သည်။ လုယုံရိ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက် သည်။ “ကောင်းပြီ… ငါ မင်းတို့ကို ကာကွယ်ပေးမယ်”
ကျန်းလော့ သူ့ကို ဝမ်းပန်းတသာနှင့် လက်ခုပ်တီးပေးလိုက်သည်။ ယယ်ရွှင် သန့်စင်ခန်းထဲကနေ ထွက်လာချိန်မှာ တော့ ကျန်းလော့ ကပျာကယာ သန့်စင်ခန်းထဲသို့ ဝင်သွားလိုက်သည်။
သူ လော့သေချာချပြီး သီချင်းညည်းကာ လက်ဆေးဖို့အတွက် မှန်ရှိရာဆီ လျှောက်သွားလိုက်သည်။
သီချင်းက မြူးကြွပြီး တီလုံးက ချစ်ဖို့ ကောင်းသည်။
ကျန်းလော့ ခါးကိုင်းပြီး လန်းဆန်း သွားအောင် သူ့မျက်နှာသူ ဆေးကြော လိုက်သည်။ သူ ခေါင်းကိုမော့လိုက်ချိန် မှာတော့ မှန်ထဲမှာပေါ်နေခဲ့သော ဖီးနစ် မျက်လုံးတွေနှင့် ကောင်လေးက သူ့ရဲ့ နီရဲနေသောမျက်ဝန်းတွေကို အနည်းငယ် ပင့်တင်လာခဲ့သည်။ ကြည်လင်နေသော ရေစက်အချို့က သူ့ရဲ့ မျက်တောင်ဖျား တွေထက်မှာ ခိုစီးနေခဲ့သည်။ သူ့ရဲ့ နဖူးအရှေ့ရှိ အနက်ရောင်ဆံပင်တွေက သူ့ရဲ့နားထင်စပ်မှာ ကျနေခဲ့သည်။
သူ့ရဲ့မျက်ဆံတွေက သစ်စေးကဲ့သို့ မည်းနက်နေခဲ့ပြီး သူ့နှုတ်ခမ်းတွေထက် မှာတော့ အပြုံးတစ်ပွင့် ရှိနေခဲ့သည်။ သူ့ရဲ့ ရှေးရိုးဆန်သော ဆွဲဆောင်မှုက ခေတ်သစ်အလှတရားနှင့် ရောယှက်နေ ခဲ့ပြီး တက်ကြွမှုတွေ အပြည့်ရှိနေသည့် တောက်ပသော မျက်ဝန်းတွေနှင့် ကြည့်လိုက်ပါက မျက်လုံးတွေကို ဖမ်းစားသွားခဲ့မှာပင်။
သို့သော်ငြားလည်း ထို လှပသောလူငယ် လေးရဲ့မျက်နှာထားက ရုတ်ချည်း ဆိုသလို ရှုံ့မဲ့သွားခဲ့ပြီး သူ့ရဲ့ သွယ် လျလျ လည်တိုင်ထက်မှာ ထင်းထွက် နေသော လက်ဝါးရာကြီး ရုတ်တရက် ပေါ်လာခဲ့သည်။
လက်ငါးချောင်းအရာကြီးက ကြောက် မက်ဖွယ်ကောင်းပြီး အကျဉ်းတန်နေခဲ့ သည်။ ကျန်းလော့ရဲ့ လည်ပင်းမှာ ရှိသော သွေးတွေက ထိုလက်ငါးချောင်း ရဲ့ကြားမှာ ထိန်းချုပ်ခြင်းကို ခံထားရ သည်။
ကျန်းလော့ရဲ့ အသက်ရှုသံတွေ တဖြည်း ဖြည်းနှင့် မြန်လာပြီး အသက်ရှုရခက် လာခဲ့သည်။ သူ့ မျက်နှာထင်ဟပ်နေ သော မှန်ထဲကို သူကြည့်လိုက်ချိန်တွင် သူ့ရဲ့အနောက်ကနေပြီး မြူခိုးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ယင်ဓာတ်စွမ်းအင်တွေက သူ့ကို ညှစ် နေသောသူ့ရဲ့ လက်ဖဝါးကြီးထက်မှာ တံဆိတ်ခတ်သံပူကဲ့သို့ စုဝေးနေခဲ့ပြီး တင်းကျပ်လွန်းအားကြီး၍ ကျန်းလော့ ကို မွန်းကျပ်လာစေခဲ့သည်။
အလွန်တရာ သိပ်သည်းသောလေထုက သူ့နားတွေကို ဖြတ်တိုက်သွားခဲ့ပြီး မြူခိုးက တဖြည်းဖြည်းနှင့် သူ့ လည်ပင်းထက်ရှိ လက်ဝါးတွေကို တင်း ကျပ်လာခဲ့သည်။ထိုသူက နှစ်ကြိမ်မျှ ရယ်လာခဲ့ပြီး စိတ်ဝင်စားမှုတွေအပြည့် ဖြင့် မေးလာခဲ့သည်။
“ငါက … ဘယ်တုန်းကများ မင်းအပေါ် နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်ခဲ့ဖူးတာ ရှိလို့လဲ”
****