24
01
အပိုင်း
(၂၄)
လူလိမ်လေး
ဒုတိယနေ့ရဲ့
ပထမဆုံးအတန်းက နန်ရှားရှုခင်းသာမှာ။ လင်ရှုက ဆေးပင်ပြုစုရေးအလုပ်ရှိတော့
မဆိုစလောက်လေး နောက်ကျသွားသည်။ သူ ရောက်တော့ နောက်ဆုံးခုံတချို့ကလွဲရင်
အကုန်ပြည့်နေပြီ။
သူကထိုင်ပြီး
စာအုပ်ဖွင့်လို့ အတန်းစဖို့ စောင့်နေတဲ့အချိန် လူတွေက သူ့ကို ကွက်ကြည့်ကွက်ကြည့်လုပ်ပြီး
သူ့အကြောင်း ပြောနေသလို ခံစားရလာသည်။ စိတ်ထင်တာနေမှာပါဆိုပြီး
စာဆက်ဖတ်ဖို့ ကြိုးစားပေမဲ့ ခြေသံကြားရပြီး သူမော့အကြည့်မှာ သူ့ဖက်ကို လျောက်လာနေတဲ့
ရှောင်လင်းယန်ရဲ့ အကြည့်စူးကြီးနဲ့ သွားအကြည့်ချင်း ဆူံတော့သည်။
လင်ရှု
“....”
သူ့လည်ပင်းတောင် နာလာသလိုပဲ။
ရှောင်လင်းယန်မျက်နှာပေါ်က
လက်ဝါးရာကိုပါ လင်ရှု သတိထားလိုက်မိသည်။
ဒီလူမှာက
ဘာကျင့်စဉ်အဆင့်မှ မရှိဘူး။ မနေ့တုန်းကလည်း လည်ပင်းသာ အစ်နေတာ
ဘာချီကိုမှ မခံစားခဲ့ရဘူး။ ဆေးနည်းနည်း လိမ်းတာနဲ့ ဒဏ်ရာက ပျောက်ပြီလေ။
လင်းဖုန်းရှောင်လို ကျင့်ကြံသူ ရိုက်တာခံရတဲ့ ရှောင်လင်းယန်ကတော့ မတူခဲ့ဘူး။ သူ့မျက်နှာကဟာက လွယ်လွယ်ကူကူ ပျောက်မှာ မဟုတ်ဘူး။
သူက
လင်ရှုဘေးမှာ ထိုင်ချလိုက်တော့ လင်ရှုရဲ့ နောက်ဆို ဆေးဥယျာဉ်ကို အမြန်ဖြတ်ပြီး
စာသင်ခန်းကိူ အရင်ရောက်အောင် ပြေးမဲ့စိတ်ကူးက ပိုခိုင်မာ
သွားခဲ့သည်။
မနေ့က
ပြဿနာ တက်ထားပေမဲ့ သူက လင်ရှုကိုလုံးဝဂရုစိုက်မနေဘဲ
အတန်းမစမချင်း လက်စွပ်ကိုးကွင်းဆက်နဲ့ ကစားနေပြီးနောက်
အတန်းစတော့ အာရူံစိုက်ချင်ဟန် ဆောင်ရင်း အောက်မှာ ဆော့နေခဲ့သည်။
ဒီတော့ လင်ရှု သိလိုက်တာက ဒါက လင်းဖုန်းရှောင် အတင်းတက်ခိုငိးတဲ့အတန်းတွေထဲက
ဖြစ်မယ်လို့လေ။
ဆရာယီကျိုးက
နန်ရှားဘုရင့်နိုင်ငံက ရှု၊ ကျင်း၊ မင်၊ ကျောင်း၊ ယွဲ့၊ ချန်၊ ရွီ၊ ယီဆိုတဲ့
စီရင်စုရှစ်ခုနဲ့ဖွဲ့စည်းထားကြောင်း စီရင်စုတိုင်းမှာ ပြည်နယ်တွေ ခရိုင်တွေနဲ့
မြို့နယ်တွေ အသီးသီးရှိကြကြောင်း အဲ့စီရင်စုတွေထဲမှာ ဖုံးကွယ်ဂိုဏ်းတွေလည်း ရှိကြကြောင်း။
တကယ်လို့ အဲ့ဂိုဏ်းတွေက လူတွေက အပြင်လောကကို ထွက်လာရင် တော်ဝင်ရုံးတော်က
ဝမ်းပန်းတသာ ကြိုဆိုကြကြောင်း။ ဂိုဏ်းတွေက တော်ဝင်အခွန် ပေးဆောင်ကြကြောင်း
အဲ့အခွန် ပေးဆောင်တဲ့အတွက် ကျင့်ကြံသူတွေအတွက် ရုံးတော်သပ်သပ် ဖွင့်ပေးခဲ့ကြောင်းတွေကို
ပြောပြလာသည်။
လင်ရှုက
ရှောင်လင်းယန် အာရုံလွှင့်နေတာ သတိထားမိလိုက်သည်။
လင်းဖုန်းရှောင်ရဲ့
ပဟေဋိဆန်တဲ့ ဒီ “အရှင့်သား” မောင်လေးကို တွေးမိတော့ သူ ရယ်ပဲရယ်ချင်သလို ခံစားလိုက်ရသည်။
အကျဉ်းချုပ်ပြီးတော့ ဆရာယီကျိုးက ရှုစီရင်စုအကြောင်းနဲ့ အကယ်ဒမီ တည်နေရာအကြောင်းတွေကို
စရှင်းပြတော့ လင်ရှု အမြန်လိုက်မှတ် ရတော့သည်။
အတန်းလည်းပြီးရော
ရှောင်လင်းယန်က မျက်စ်တစ်မှိတ်အတွင်း ပျောက်သွားတော့သည်။
လင်ရှု
“....”
ဒီတော်ဝင်မင်းသားက
သိပ်ပြီးတော့မှ စွမ်းဆောင်ရည် မရှိတဲ့ပုံဘဲ။
လင်းဖုန်းရှောင် ဒီလောက် ကြပ်နေတာ မဆန်းတော့ဘူး။
သူ
စာသင်ခန်းက ထွက်ပြီး ဘယ်လောက်မှ မကြာဘူး။
တံတားပေါ်မှာ အပိတ်ခံနေရတဲ့ ရှောင်လင်းယန်နဲ့ လင်းဖုန်းရှောင်ကို တွေ့လိုက်ရတော့သည်။
သူ့ရဲ့
စီနီယာအစ်မကို ရှာဖွေနိုင်စွမ်းက အတော်လေး မြင့်မားနေသည်။
24
02
လင်းဖုန်းရှောင်က
လက်ထဲမှာ နန်ရှားရှူခင်းသာ စာအုပ်ကိုကိုင်ပြီး
ပိတ်ရပ်နေသည်။ သူမ မေးနေတဲ့မေးခွန်းတွေကို ရှောင်လင်းယန်က
ဖြေပေးနေရတဲ့ပုံ ပေါက်၏။
လင်ရှု
သိတာပေါ့။ အတန်းချိန်နှစ်နာရီအတွင်း သူက စာကို အာရုံစိုက်မဲ့အစား
လက်စွပ်ကိုးကွင်းဆက်ကို အဖြေရှာနေတာလေ။ ဒါတွေ ဘယ်ဖြေနိူင်ပါ့မလဲ။
လင်ရှုက
လင်းဖုန်းရှောင် ဒေါသူပုန်ထလာတာကို ထပ်စောင့်ကြည့်နေလိုက်၏။
လင်းဖုန်းရှောင်က စာအုပ်ကိုပိတ်ပြီး “မနက်ဖြန်ညနေကစပြီး ငါ့ကို ကျောက်စိမ်းကောင်းကင်မှာ လာတွေ့”
“ဘာလို့လဲ ကျွန်တော့်ကို ခင်ဗျား ထိနိးချုပ်ခွင့် ရှိလို့လား” ရှောင်လင်းယန် ပြန်ပက်တော့ လင်းဖုန်းရှောင်က
“အမေ့ကြောင့်သာ မဟုတ်ရင် နင့်ကို ငါ ကလေးလို ထိန်းပေးချင်တယ်
ထင်နေလား”
“ဒါဆိုလည်း ရတယ်လေ” ရှောင်လင်းယန်က ဒေါသတကြီးနဲ့ “ကျွန်တော့်ကို ထိန်းချုပ်ချင်သလို
ထိန်းချုပ်ပေါ့။ ကျွန်တော် ဧကရာဇ်ဖြစ်တဲ့နေ့ ခင်ဗျားကို
ပေ့ရှားဆီ လက်ထပ်ဖို့ ပို့ပစ်မယ်”
“လုပ်လေ ငါ ပေ့ရှားကနေ စောင့်ကြည့်တာပေါ့။ နင်လုပ်ပုံ အချိုးမကျရင် နန်းကျဧကရာဇ်ဖြစ်အောင် ငါ ပြန်လုပ်ပေးလိုက်မယ်”
လင်ရှုက
အဲ့မောင်နှမ ရန်သတ်နေတာကို မမြင်ချင်ယောင်ဆောင်ပြီး ဖြတ်သွားဖို့ကြံပေမဲ့
လင်းဖုန်းရှောင်က သူ့ကို ခေါ်လိုက်သည်။
“လင်ရှု လာပါဦး”
လင်ရှုက
လင်းဖုန်းရှောင် ဘာကြံနေလဲသိရအောင် အနားကပ်လာတော့ ရှောင်လင်းယန်က
“ဒါ မဟုတ်သေးဘူး။
အဲ့လိုဆက်လုပ်နေရင် ကျွန်တော် ဧကရာဇ်ဖြစ်ရင် ခင်ဗျားကို လက်ထပ်မိန့် လုံးဝမချပေးဘူး”
လင်းဖုန်းရှောင်က
သူ့ကို လျစ်လျူရှုပြီး လင်ရှုကို
“နောက်အတန်းက ဘယ်မှာလဲ”
“ချန်းယွမ်ဘုရားကျောင်းမှာ”
“လာသွားရအောင်”
လင်ရှု
“.....”
တစ်ခုခုတော့
လွဲနေပဟ။
ဘယ်လိုတွေးတွေး
ဒါကြီးက တစ်ခုခု သေချာပေါက် လွဲနေတာပဲလေ။
ရှောင်လင်းယန်က
ကြောင်တောင်တောင်နဲ့ “ခင်ဗျားအတန်းက အဲ့ဖက်မှ မဟုတ်တာ”
“ဂျူနီယာမောင်လေးကို လိုက်ပို့တာလေ”
******