9 01
အပိုင်း ( ၉ ) လူကြီးလူကောင်းတစ်ယောက်ရဲ့ နှလုံးသားက သံမဏိလိုပဲ မာကျောတယ်
လင်ရှုသည် အပြာရောင်ဝတ်လူ ပြောသည့်အတိုင်း တရားထိုင်လိုက်သည်။
သို့သော် ရုတ်တရက် သူပြောသည်ကို ကြားလိုက်ရသည်။
“ကျင့်ကြံသူလေး မင်း ဒီကို တောက်နှလုံးသား ထာဝရလမ်းစဉ် ကျင့်ကြံခြင်းအတွက် စာမေးပွဲ လာဖြေတာလား”
လင်ရှု “ဟုတ်ပါတယ်”
သူပြန်ဖြေလိုက်ပြီးမှ ဤစာမေးပွဲ စနစ်က သူ့ကို တောက်လျှောက် “ကျင့်ကြံသူလေး” ဟု ခေါ်နေသည်ကို သတိထားမိသွားသည်။
‘ငါ ဒီကို ကျင့်ကြံထားတာတွေပါ ပြန်ပါလာတာလား မသိဘူး’
“ဒီလိုဆိုမှတော့ ”
အပြာရောင်နှင့်လူက လည်ချောင်းရှင်းလိုက်သည်။
“စာမေးပွဲ ပထမပိုင်းရဲ့ ပထမအဆင့်၊ ကြီးမြတ်သောကောင်းကင်လမ်းစဉ် လည်ပတ်ခြင်း နည်းလမ်းနဲ့ ချီစွမ်းအင်ကို လှည့်ပတ်ပြရမယ် ကျေးဇူးပြုပြီး စတင်ပေးပါ”
သူ၏ ခန္ဓာကိုယ် အစစ်နှင့် ခြားနားစွာဖြင့် ခန္ဓာကိုယ်မှ မရီဒျန်များနှင့် အပ်စိုက်မှတ်များ အားလုံဂက ရှင်းလင်း ချောမွေ့နေသည်ကို လင်ရှု ခံစားမိသည်။
ကြီးမြတ်သော ကောင်းကင် လှည့်ပတ်ခြင်းနှင့် အဆင့်နိမ့် ကောင်းကင်လှည့်ပတ်ခြင်း တို့သည် ချီစွမ်းအင် ကျင့်ကြံသော တာအိုပညာရှင်တစ်ယောက် ဖြစ်လာရန်အတွက် အခြေခံဖြစ်သည်။ အဆင့်နိမ့် ကောင်းကင်လှည့်ပတ်ခြင်းသည် လူတိုင်း လုပ်နိုင်သော်လည်း ကြီးမြတ်သော ကောင်းကင်လှည့်ပတ်ခြင်းနည်းလမ်းက ပို၍ ရှုပ်ထွေးပြီး များများလေ့ကျင့်မှသာ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အသက်ကို ရှူထုတ်လိုက်ပြီး ချီကို ဗိုက်အောက်ပိုင်းတွင် စုစည်းကာ ချီစွမ်းအင် ပင်လယ်ဖြစ်လာသည်အထိ စုစည်းရမည်။ ယုံယွမ် အထိ ဆင်းသွားပြီး အသက်ပြန်ရှူကာ မရီဒျန်များကို သုံးကြိမ်တိုင်တိုင် ဖြတ်သန်းလှည့်ပတ်ရမည်။ ငယ်ထိပ်မှ ပိုင်ဟွေ့ကြောမှ လျှာဖျားအထိ ချီများကို လှည့်ပတ်ရမည်။ ဤကား ကောင်းကင်ဘုံ လှည့်ပတ်ခြင်း နည်းလမ်းကို အသုံးပြု၍ ချီစွမ်းအင် လှည့်ပတ်ခြင်း တစ်ပတ်အပြီး ဖြစ်သည်။
နေးကုန်း(အတွင်းအား) ကျင့်ကြံခြင်းနှင့် ပတ်သတ်၍ နည်းလမ်းများကတော့ အနည်းငယ် ကွဲပြားမှု ရှိကြသည်။ သို့သော် အဓိကမရီဒျန်ရှစ်ခု၊ အပ်စိုက်မှတ် ခုနှစ်ရာ့နှစ်ဆယ် နှင့် ချီစွမ်းအားများကို ခန္ဓာကိုယ်တစ်ခုလုံဖြတ်၍ တစ်ပတ်ပြည့်အောင် ဆက်တိုက် လှည့်ပတ်ရမည်ကတော့ အတူတူသာ ဖြစ်သည်။ မည်သည့် ကြီးမြတ်သော ကောင်းကင်လှည့်ပတ်ခြင်း နည်းလမ်းကိုမဆို အသုံးပြု၍ ချီစွမ်းအင် များသည် သင်၏ ခန္ဓာကိုယ်တွင် များပြားသိပ်သည်းလာပြီး ၎င်းကို ကျင့်ကြံခြင်းဟု ခေါ်ဆိုပေသည်။ ချီစွမ်းအင်များ သိပ်သည်းလာပြီး ကျင့်ကြံသူတစ်ယောက် ဖြစ်လာစေရန် အလွန်ကို ကြာရှည်သည့် အချိန်လိုအပ်လေသည်။
လင်ရှုကို သူ၏ ဆရာဖြစ်သူမှ ခေါ်လာပြီးနောက်တွင် လင်ရှုလေးသည် အပ်စိုက်မှတ်များနှင့် ကြီးမြတ်သော ကောင်းကင်လှည့်ပတ်ခြင်း နည်းစနစ်ကို သင်ယူခဲ့ရသောကြောင့် ယခုအချိန်တွင် သူသည် ဤစာမေးပွဲအဆင့်ကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်လေသည်။
အပြာရောင်ဝတ်လူက လေးစားစွာ လက်ခုပ်တီး၍ ပြောသည်။
“ဒါက မင်း ငယ်ငယ်ကတည်းက ရှိထားပြီးသား အခြေခံပဲ လေးစားမိပါတယ်၊ ကဲ ပထမအဆင့်ရဲ့ ဒုတိယပိုင်း ကျေးဇူးပြုပြီး သေချာနားထောင်ပေးပါ”
သူ့ကို စာများ ရွတ်ပြနေသံကို ကြားရသည်။ ထိုသူ၏ အသံသည် အလွန်ကို ချိုသာသည်။
“ကျုံးချုံး၊ အထီးကျန် ငန်းရိုင်းတစ်ကောင်က ကောင်းကင်ကို ချိုးဖြတ်ဆန်တက်၊
လောင်ကုန်း၊ အထီးကျန်မှုကို အကြိမ်ပေါင်းများစွာ ချိုးဖြတ်၊
တလင်းကနေ ကျန်းရှီ၊ ချူကျဲ့၊ ထျန်းချီ ပလွှားမှုမရှိ...”
ဤကဗျာ၏ အဓိပ္ပာယ်သည် တစ်စုံတစ်ယောက်သည် ချီစွမ်းအင်ကို စတင်လည်ပတ်တော့မည်ဆိုလျှင် လက်မှ အပ်စိုက်မှတ်ဖြစ်သော ကျုံးချုံးမှ ရင်ဘက်ရှိ အပ်စိုက်မှတ်ဖြစ်သော ထျန်းချီအထိ လှည့်ပတ်ရမည်။ ထိုသို့ လှည့်ပတ်ရာတွင် အဓိကအပ်စိုက်မှတ်ကြီး လေးခုဖြစ်သော လောင်ကုန်း၊ တလင်း၊ ကျန်းရှီ နှင့် ချူကျဲ့ တို့ကို ဖြတ်ကျော်ပြီးမှ လှည့်ပတ်ရမည်။ ဤလမ်းကြောင်းသည် မည်သည့် ရှုပ်ထွေးမှုမှ မရှိသော စံသတ်မှတ်ချက်အဖြစ် သတ်မှတ်ထားသော လမ်းကြောင်းဖြစ်သည်။ လင်ရှုသည် ထိုသူ ပြောသည့်အတိုင်း လုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် လီကျီမောက်နှင့် လီယာမောက်တို့ ညီအစ်ကိုနှစ်ယောက် ဤစကားလုံးများနှင့် ကဗျာကို နားလည်နိုင်ကြပါ့မည်လား တွေးမိသွားသည်။
9 02
သူ ပြီးသွားချိန်တွင် စနစ်သည် ချက်ချင်းဆိုသလို နောက်တစ်ခုကို ငါးကြိမ်တိတိ ရွတ်ပြလာသည်။ အားလုံးပြီးသွားချိန်တွင် လင်ရှုသည် ဤအပိုင်းကို သူ အောင်သွားပြီဟု ယူဆလိုက်သည်။
စနစ်၏ အသံသည် အနည်းငယ် ပြုံးနေသလို ခံစားချက်မျိုး ရစေသည်။
“ပထမအဆင့် တတိယအပိုင်း၊ တောင်ကျရေတွေက လမ်းကြောင်းမရှိဘဲ ပြန်သွးတယ်၊ မိုးမခပင်က အရိပ်ရပြီးတော့ ပန်းပွင့်တွေက အလင်းရောင် ပေးတယ်၊ တာအိုကျင့်ကြံသူက အကြောင်းအရင်းမရှိ မျက်လုံးဖွင့်လိုက်တယ်၊ အရင်ဆုံး ကြီးမြတ်သော ကောင်းကင်လှည့်ပတ်ခြင်းကို လုပ်ဆောင်ပေးပါ”
လင်ရှုသည် စနစ်၏ စကားများအတိုင်း လိုက်လုပ်လိုက်သည်။ ရုတ်တရက် သူ၏ နောက်ကျောမှ အပ်စိုက်မှတ်တို့ကို တစ်စုံတစ်ခုက ထိန်းချုပ်ထားသလို ခံစားလိုက်ရသည်။ သူ၏ အပ်စိုက်မှတ်အချို့ဖြစ်သော ကျန်းကျင်းနှင့် ကျန်းမန် ကို တစ်စုံတစ်ခုက ချိတ်ပိတ်လိုက်သည်။
ထာဝရလမ်းစဉ် ကျင့်ကြံသူအနေဖြင့် ပါရမီသို့ ဒဏ်ရာ၊ အဆိပ်မိခြင်း သို့ ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော ပြဿနာတစ်ခုခု ကြုံရလျှင် အပ်စိုက်မှတ်များနှင့် မရီဒျန်များမှသာ ဖြစ်တတ်ပြီး ထိုပြဿနာများသည် ကြီးမြတ်သော ကောင်းကင်လှည့်ပတ်ခြင်း လုပ်ငန်းစဉ်ကို ပိတ်ဆို့ထားတတ်သည်။ ထိုအချိန်မျိုးတွင် ကျင့်ကြံသူသည် ချီစွမ်းအင် နည်းစနစ်တို့ကို သုံး၍ အပ်စိုက်မှတ်မှ အတားအဆီးတို့ကို ချိုးဖြတ်၍သော် လည်းကောင်း မရီဒျန်များကို ချဲ့၍သော် လည်းကောင်း လမ်းကြောင်း လွှဲပေးခြင်းသော်လည်း လုပ်ကြရသည်။ နည်းလမ်းကာ ကျင့်ကြံသူနှင့် သူ၏ ချီစွမ်းအင် နည်းစနစ်တို့ပေါ်တွင်သာ မူတည်သည်။
လင်ရှုသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များကို ထိန်းချုပ်ပြီး ကျန်းကျင်းမှ အတားအဆီးကို ချိုးဖြတ်လိုက်ပြီး ဆက်တိုက် ကျန်းမန် အတားအဆီးကိုပါ ချိုးဖြတ်ပစ်၍ ထျန်းကျုံးအထိ ဆက်တိုက် ကြီးမြတ်သော ကောင်းကင်လှည့်ပတ်ခြင်းကို တစ်ပတ်ပြည့်အောင် လှည့်ပတ်လိုက်ရင်း တဖြည်းဖြည်းနှင့် ဖုန်းမန်မှ အတားအဆီးကိုပါ ချိုးဖြတ်ပစ်လိုက်သည်။ ကျန်းကျင်းနှင့် ဖုန်းမန် အတားအဆီးများ ပွင့်သွားပြီးနောက် ကျန်းမန်ကြောမှ အတားအဆီးသည်လည်း အလိုလျောက် ပြေသွားကာ ကြီးမြတ်သော ကောင်းကင်လှည့်ပတ်ခြင်း အကြိမ်အနည်းငယ်လောက် ကျင့်ကြံအပြီးတွင် အပ်စိုက်မှတ်များအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားသည်။
စနစ်သည် သူ၏ အပ်စိုက်မှတ်အချို့ကို ထပ်၍ ထိလိုက်ပြီး လက်သင်္ကေတ အချို့ဖြင့် သူ၏ အဓိက မရီဒျန်အချို့ကို ချိတ်ပိတ်လိုက်သည်။
ဤအပိုင်းသည် တကယ်တမ်းတွင် သူ၏ အခြေခံ အရည်အချင်းတို့ကို စစ်ဆေးခြင်းသာ ဖြစ်သောကြောင့် စနစ်မှ မည်မျှ သူ၏ အပ်စိုက်မှတ်များကို ရှုပ်ထွေးအောင် ပြုလုပ်ပါစေ သူ၏ အတွေ့အကြုံများအရ စည်းမျဉ်းတိုင်းတွင် ဟာကွက်ရှိကြောင်း သိထားပြီးသားပါပေ။ အကြိမ်အရေအတွက်အချို့ လှည့်ပတ်လိုက်ပြီးနောက် အတားအဆီးများအားလုံးသည် တစ်ခုပြီးတစ်ခု ကျိုးပြတ်ထားလေသည်။
စနစ်က နူးညံ့စွာ ပြောသည်။
“ကောင်းတယ်”
ပြီးပြီဟု လင်ရှုထင်လိုက်ချိန်တွင် ရုတ်တရက် သူ့ရှေ့တွင် လေပြင်းတစ်ချက် တိုက်သွားသလို ခံစားလိုက်ရပြီး တစ်စုံတစ်ခုက သူ၏ ရင်ဘက်မှ အပ်စိုက်မှတ်ဖြစ်သည့် ရှန်ကျုံးသို့ တည့်တည့်ကြီး ဦးတည်လာသည်ကို သိလိုက်သည်။
သူ၏ မသိစိတ်နှင့် ခန္ဓာကိုယ်က ထပ်တူကျစွာ လှဒပ်ရှားသွားပြီး ထိုလက်ချောင်းကို လျင်မြန်စွာ ရှောင်ရှားလိုက်သည်။ သူ၏ ညာလက်ဖြင့် စနစ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ ဆက်၍ မလှုပ်ရှားတော့အောင် လုပ်လိုက်သည်။ ထို့နောက် မျက်လုံးဖွင့်လိုက်သည်။
စနစ်သည် သူ၏ ထိန်းချုုပ်ထားခြင်းကို ခံရပြီး အပြုံးဖြင့် ပြောလာသည်။
“ကျင့်ကြံသူလေး မလှုပ်ရှားဘဲ ငြိမ်ငြိမ်လေး တရားထိုင်နေသင့်တာ မဟုတ်ဘူးလား”
လင်ရှုသည် စနစ်၏ လက်ကို လွတ်လိုက်ပြီး
“ယွီကျုံးကို ဒဏ်ရာရအောင် မလုပ်သင့်ဘူး”
ယွီကျုံးသည် ချီစွမ်းအင်များကို စုစည်းထားသည့် နေရာဖြစ်ပြီး ကျင့်ကြံသူသည် နည်းလမ်းမှားကို ကျင့်ကြံမိသွားလျှင်ပင် စွမ်းအင်စုစည်းသည့် လမ်းကြောင်းကို ထိခိုက်အောင် မလုပ်မိသ၍ ယွီကျုံးက အဆင်ပြေနေမည်ဖြစ်သည်။ သို့သော် ယွီကျုံးသာ ပြင်ပဖိအား တစ်ခုခုကြောင့် ပျက်ဆီးသွားလျှင် သူ၏ အသက်တစ်ဝက်လည်း ကုန်သွားမည်ဖြစ်ပြီး ကျင့်ကြံခြင်းကိုလည်း စွန့်လွှတ်လိုက်ရမည်ဖြစ်သည်။
စနစ်က ရယ်မောလိုက်သည်။
“ကြည့်ရတာ ဒီလှည့်ကွက်လေးကို ကျင့်ကြံသူလေး မြင်ပြီးသွားပြီ ထင်ပါရဲ့ မင်းရဲ့ မြင်နိုင်စွမ်းက တော်တော်ကောင်းနေပြီ”
လင်ရှု “..........”
‘ဒီစနစ်က လူကို ဘယ်လို အရူးလုပ်ရမလဲဆိုတာ သိတယ်ဟ’
ဤလှည့်ပတ်ခြင်း စာမေးပွဲကို အောင်နိုင်ပါမည်လား စိတ်ပူနေပြီဖြစ်သည်။
9 03
သူတွေးနေချိန်တွင် စနစ်သည် သူ့ကို တည်ကြည်စွာ မေးလာသည်။
“ပင်ပန်းနေပြီလား”
လင်ရှုက ပြန်ဖြေသည်။
“မပင်ပန်းပါဘူး”
စန်စက ပြောသည်။
“ဒါဆို စာမေးပွဲ ဒုတိယအဆင့်ကို စလိုက်ကြရအောင်”
‘ငါ အောင်သွားပြီ ထင်တယ်’
ဤရှန်းလင် ပုံရိပ်ယောင် အစီအရင်ကို ပြုလုပ်ရန် ပညာရှင်များနှင့် မှော်စွမ်းအင် အစီအရင် မည်မျှလောက်လိုလောက်မည်ကို သိချင်လာသည်။ အနည်းဆုံးတော့ သူ၏အရင်ဘဝတွင် ဤပမာဏမျိုး မတတ်နိုင်ကြောင်းတော့ သူသိသည်။ သူ၏ ယခင်ကမ္ဘာထက် ဤကမ္ဘာရှိ တောက်သင်ကြားခြင်းက ပို၍ ကြွယ်ဝလောက်မည်ဟု ထင်သည်။
အိုး ယခင်ဘဝက သူသည် ဂိုဏ်းတစ်ခုတည်းနှင့် ကျင့်ကြံသူ တစ်ဦးကိုသာ မြင်ဖူးသည်လေ။ လူအိုကြီးက အခြားသော ဂိုဏ်းများလည်း ရှိခဲ့ဖူးသည်ဟု ပြောခဲ့သည်။ သူတို့တွင် မျှော်လင့်ချက်နှင့်တပည့်များ မရှိလာသောကြောင့် ပျောက်ကွယ်သွားသည်ဟု ပြောသည်။ တဖြည်းဖြည်းနှင့် ကျင့်ကြံသူများသည် သာမန်လူသားများသာ ဖြစ်လာပြီး စစ်ပွဲအချိန်အတွင်းတွင် အချင်းချင်း အဆက်အသွယ်ပျက်ကုန်ကြသည်။ သူ၏ ဂိုဏ်းတွင် သူသည်သာ ကျင့်ကြံခြင်းလမ်းစဉ်၏ အပင်ပေါက်ကလေး ဖြစ်လေသည်။
အပင်ပေါက်လေးသည် မိုးကြိုးလွှဲများ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ကောင်းကင်ဥပဒေသမှ အထင်လွဲကာ ဤနေရာသို့ နယ်နှင်ဒဏ် ပေးခံလိုက်သည်။ မူလကမ္ဘာ၏ ထာဝရလမ်းစဉ်က ပျောက်ပျက်သွားလောက်ပြီဟု လင်ရှုထင်သည်။
စနစ် “ကျင့်ကြံသူလေး?”
လင်ရှု အသိပြန်ဝင်လာသည်။
စနစ်က ရယ်လိုက်သည်။
“ကျင့်ကြံသူလေး မင်းက သိပ်ချစ်စရာကောင်းတာပဲ”
လင်ရှု “.......”
‘ဒီစနစ်က မဟုတ်တော့ဘူး တစ်ခုခုတော့ မှားနေပြီ’
“ဒုတိယအဆင့်”
စနစ်သည် သူနှင့်အတူ တင်ပလင်ခွေ၍ ထိုင်လိုက်ပြီး
“ကျေးဇူးပြုပြီး “ငါ့ကို မေ့လိုက်ပါ ” ဆိုတာကို ဖြေရှင်းပေးပါ”
သူသည် အပြာရောင်ဝတ်ဆင်ထားပြီး ကြင်နာစွာ ပြုံးနေကာ လင်ရှု၏ မျက်လုံးများထဲသို့ ကြည့်နေသည်။ မည်မျှ သဘောကောင်းသော ပုံပေါက်ပါစေ လင်ရှုသည် မလွယ်ကူသလို ခံစားရသည်။ သို့သော် ထိုသူက အတုအယောင်ဟု စဉ်းစားလိုက်ပြီး တွန့်ဆုတ်စွာ လက်ခံလိုက်သည်။ အသက်ရှင်နေသော တကယ့်လူအစစ်နှင့် စကားပြောသည်နှင့် မတူဘဲ စနစ်ကို စကားပြောရသည်မှာ အနည်းငယ် လွယ်ကူသည်။ ထို့ကြောင့် ဤအမေးကို သူ သေချာစွာ ဖြေနိုင်ခဲ့သည်။
“တရားထိုင်နေစဉ်မှာ အတွင်းရော အပြင်ရောကို အာရုံစိုက်ရတယ်၊ မရှိခြင်းသံသရာမှာ ပြန်လည်ဝင်စားလို့ ကောင်းကင်နဲ့ မြေပြင်......”
သူသည် “ကောင်းကင်နှင့် မြေပြင်” တွင် ခဏရပ်လိုက်ပြီး အတိတ်တုန်းက ကျင့်ကြံစဉ်တွင် ကြုံခဲ့သော အတွေ့အကြုံကို ပြန်စဉ်းစားလိုက်သည်။ ထိုသည်မှာ ရှေးမှတ်တမ်းများမှ ဆိုလိုရင်း မဟုတ်သည်ကို ရုတ်တရက် သတိမထားမိခဲ့ပေ။ သူသည် ကြောင်တောင်တောင် စိုက်ကြည့်ပြီး ကျော်သွားခဲ့သော စာကြောင်းဖြစ်ကြောင်း သတိရသွားသည်။
“မရှိခြင်းသံသရာမှာ ပြန်လည်ဝင်စားပြီး အရာအားလုံးကို မေ့ပစ်လိုက်ပါ၊ ဘဝကို မေ့ပစ်ပြီး ငါ့ကိုလည်း မေ့လိုက်ပါ”
စနစ်က ခေါင်းညိတ်ပြသည်။ နောက်ထပ် မေးခွန်းသည် အလွန်ကို ကပ်သီးကပ်သပ်ဆန်ပြီး ယခင်မေးခွန်းကို နှင့် အဆက်စပ်လည်း ရှိသည်။
“ကောင်းကင်နှင့် မြေပြင် ဆိုတာကို ရှင်းပြပါ”
ဤမေးခွန်းသည် တကယ်ကို ဖြေရခက်လေသည်။ ဤစာလုံးများကို အမျိုးမျိုးအဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။ သူသည် ခဏလောက်တွေးလိုက်ပြီး ဤအခြေအနေနှင့် ကိုက်ညီမည့်် ပိုကောင်းသော အဖြေတစ်ခုကို ဖြေလိုက်သည်။
“ကောင်းကင်ဆိုတာ လက်လှမ်းမမှီနိုင်တဲ့ ထိပ်ဆုံးဖြစ်ပြီး မြေပြင်ဆိုတာ မရောက်နိုင်မဲ့ အောက်ခြေ”
စနစ်သည် အတွေးနက်နေပြီး မေးလာသည်။
9 04
“ကျင့်ကြံသူလေးရဲ့ အဆိုရဆိုရင် လူသားတွေက အားနည်းပြီး နောက်ဆုံးမှာ လက်လှမ်းမမှီနိုင်တဲ့ နေရာကို ရောက်နိုင်မယ်၊ လူ့ဘဝရှင်သန်ခြင်းနဲ့ ကောင်းကင် မြေပြင်ကြားမှာ မွေးဖွားလာရတာက လှောင်အိမ်ထဲက ငှက်လိုပဲ အသက်ရှင်ရတာ ပင်ပန်းလာပြီး အပြင်ဘက်ကို ဖောက်ထွက်ဖို့ကလည်း မဖြစ်နိုင်တယ်၊ ကျုပ်ဆိုလိုတာ ဟုတ်ရဲ့လား?”
လင်ရှုက ခေါင်းညိတ်ပြသည်။
စနစ်က ရယ်မောလိုက်ပြီး
“ဒီလိုဆိုရင် ကျင့်ကြံသူလေး ကျေးဇူးပြပြီး “ပူပင်ကြောင့်ကြမဲ့သော” ဆိုတာကို ရှင်းပြပေးပါ”
လင်ရှု “....”
‘ဒီစနစ်က ဟုတ်လှချည်လား’
သူ၏ နားလည်မှုကိုသာ အခြေခံ၍ ရှင်းပြပေးလိုက်သော်လည်း စနစ်သည် သူ၏ အဖြေမှ ဟာကွက်ကို တွေ့သွားပြန်ကာ ကပ်သီးကပ်သပ် လာမေးနေသည်။ မေးလိုက်ဖြေလိုက် ဆယ်ကြိမ်လောက် လုပ်ပြီးနောက်တွင် မေးခွန်းများက ပို၍ ပို၍ ကပ်သီးကပ်ဖဲ့နိုင်လာသည်။ လင်ရှုသည် မှန်ကန်စွာ ဖြေနိုင်ခဲ့သော်လည်း အချို့သော အပိုင်းများတွင် မည်သို့ ဖော်ပြရမည်ကို မသိသောကြောင့် ကိုယ့်ဟာကိုယ်သာ နားလည်ထားပြီး တိတ်တိတ်လေး နေလိုက်သည်။
ပိုင်ရှောင်ရှန်းက ဒုတိယအဆင့်တွင် မေးခွန်းအခု နှစ်ဆယ် မေးမည်ဟု ဆိုထားသည်။ လင်ရှုသည် မေးခွန်းတိုင်းကို ရေတွက်ထားပြီး နှစ်ဆယ်ခုမြောက်တွင် စနစ်က ဆက်မမေးတော့ဘဲ အခြားခေါင်းစဉ်တစ်ခု ပြောင်းသွားသည်။
“ကောင်းကင်ဥပဒေသက အပြောင်းအလဲမရှိ ခိုင်မာတယ် လူသားတွေကတော့ မျှော်လင့်ချက်ပဲ ရှိတယ် “ ဆိုတာကို ရှင်းပြပေးပါ”
လင်ရှု စဉ်းစားသွားသည်။
သူ ဆယ်နှစ်သား အချိန်ကို ပြန်စဉ်းစားမိသည်။
ယမန်ညက သူ၏ ဆရာသည် ကောင်းကင်ဥပဒေသက အပြောင်းအလဲမရှိ ခိုင်မာတယ် လူသားတွေကတော့ မျှော်လင့်ချက်ပဲ ရှိတယ်” ဆိုသည်ကို သင်ပေးခဲ့သည်။ အဓိပ္ပာယ်မှာ ကောင်းကင်ဘုံ တစ်ခုလုံး သို့ ကောင်းကင်သည် သူ၏ နည်းလမ်း ဥပဒေသများဖြင့်သာ လည်ပတ်နေသည် ဟူ၍။ ရှေးအချိန်များကတည်းက ယခု ‘သိပ္ပံခေတ်’တိုင်အောင် အချို့သော အကြောင်းအရာများကို မဖြေရှင်းနိုင်ကြပေ။ ထို့အပြင် ရှင်သန်ခြင်း၊ ကောင်းကင်နှင့် မြေပြင်ကြားမှ အချိတ်အဆက်၊ သေမျိုးများကို စီရင်ေသာ ဤဥပဒေသများနှင့် ကိုင်တွယ်ပုံ၊ နွေဦးရာသီတွင် အပင်ပေါက်ပြီး နွေရာသီတွင် ငကြီးပြင်းကာ ဆောင်းဦးတွင် ကောက်ရိပ်ပြီး ဆောင်းရာသီတွင် သိုလှောင်ကြသည်။ လူတိုင်းသည် ထိုအရာများကို မသွေဖီနိုင်ကြပေ။ တစ်ဖက်တွင် ထာဝရရှင်သန်လမ်းစဉ် ကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေပြင်ကို လက်ကမ်းကြပြီး အပြောင်းအလဲမရှိ ခိုင်မာခြင်း ဟူသော အရာကို နားလည်လာကြကာ လက်သင့်ခံလာကြသည်။ ဤသို့နားလည် လက်ခံလာသည်နှင့် ကျင့်ကြံသူ၏ စိတ်နှင့် ကျင့်ကြံခြင်းတွင် များစွာသော တိုးတက်မှုတို့ ရှိလာနိုင်သည်။
ထိုနေ့က အခြားသော နေ့ရက် တစ်ရက်လိုပင်။ သူသည် ယခင်ကကဲ့သို့ ကျင့်ကြံပြီး ဓားရေးလေ့ကျင့်သည်။ ကျောင်းတက်ပြီး ငြိမ်ငြိမ်လေး စာသင်သည်။ ထို့နောက် ကျောင်းမှ ပြန်သည်။ တစ်နေ့လုံး မည်သည့် သင်ခန်းစာများ သင်လိုက်သည်ကို မေ့လျော့သွားပြီဖြစ်ပြီး ကျောင်းဆင်း ခေါင်းလောင်းထိုးသံကိုသာ မှတ်မိတော့သည်။ ကျောင်းဆင်းချိန်သည် လူအုပ်ကြီးသည် ဒီရေတက်လာသည့်အလား အုံကြွနေပြီး သူသည် စာသင်ခန်းမှ လှေကား၊ လှေကားမှ ကျောင်းပေါက်အထိ တွန်းရင်းတိုက်ရင်း ရောက်သွားသည်။ ဤပွက်ပွက်ရိုက်နေသော လူအုပ်ကြားမှ ကောင်းကင်ကို မော့ကြည့်ဖြစ်သည်။ သူမြင်သမျှ အရာရာတိုင်း၊ ရနံ့တိုင်းနှင့် အတွေ့အကြုံများ သူ မလိုချင်လျှင်တောင် မလုပ်ချင်လျှင်တောင် ရနေ လုပ်နေရသည့် အရာတိုင်းသည် သူ၏ လက်ရှိပိုင်ဆိုင်နေရသည့် အစိတ်အပိုင်းများပါပေ။ သူ၏ ခန္ဓာကိုယ်သည်လည်း ထိုအရာများထဲမှ တစ်ခုဖြစ်ပြီး သူ ဘာမှ မတတ်နိုင်ပေ။
ကောင်းကင်နှင့် မြေပြင်သည် သဘာဝအတိုင်း သူ၏ ဥပဒေသနှင့် သူ ရှိလိမ့်မည်။ သို့သော် ၎င်းက သူနှင့် ဘာမှ မဆိုင်....
စနစ်၏ အကြည့်များက အလွန်နူးညံ့ပြီး ကြင်နာတတ်သောကြောင့် ဖြစ်မည် သို့သော် ၎င်းက တကယ့်လူအစစ် မဟုတ်ပေ။ သူသည် စနစ်ကို ဆရာသင်ပေးခဲ့သည့်အတိုင်း တသွေမတိမ်း ပြောရန် စိတ်ကူးလိုက်သည်။ သို့သော် စနစ်၏ ဤသို့ အကြည့်များအောက်တွင် သူ့စိတ်ထဲမှ အရာများကို ထုတ်ပြောမိသွားသည်။
“ရှင်သန်ခြင်း နဲ့ ကောင်းကင် မြေပြင်ကြား” သူက ပြောသည်။
“မြစ်ထဲက..... ရေစက်လေး တစ်စက်လိုပဲ၊ ရေစက်လေးက ရေစီးကြောင်းအတိုင်း လိုက်သွားချင်သွားမယ် ရေစီးကြောင်းကို ဆန့်ကျင်ပြီး ဆန်တက်ရင် တက်မယ်၊ ဒါကလူသားတွေရဲ့ ထင်မြင်ချက် မျှော်လင့်ချက်ပါပဲ”
စနစ်က ဖြေးညှင်းစွာ ခေါင်းညိတ်လိုက်ပြီး သူ၏ အကြည့်များက နူးညံ့နေကာ သူ့ကို ဆက်ပြောစေသည်။
“ဒါပေမဲ့ မြစ်က ပုံမှန်အားဖြင့် ပင်လယ်ထဲကို စီးဆင်းတယ် ဒါက ကောင်းကင်နဲ့ မြေပြင်ရဲ့ ဥပဒေသ”
စနစ်က နွေးထွေးစွာ မေးခွန်းမေးသည်။
9 05
“ကျင့်ကြံသူလေး၊ ထပ်ပြီးရှိသေးလား”
လင်ရှုက ရိုးသားစွာ ပြောသည်။
“ကောင်းကင်ဥပဒေသက ခိုင်မာတယ် လူတွေကရော”
“သူတို့က ဘာမှ မဟုတ်ဘူး”
စနစ်က မေးပြန်သည်။
“ကောင်းကင်ဥပဒေသက ခိုင်မာတယ် မင်းကရော”
“ကျွန်တော်က ဘာမှ မဟုတ်ဘူး”
စနစ်က သဘောကျစွာ ရယ်မောလိုက်သည်။
သူသည် လင်ရှုတစ်ကိုယ်လုံးကို သေချာကြည့်လိုက်ပြီး
“ကောင်းကင် ဥပဒေသက ခိုင်မာတယ် မင်းက ဘာမှမဟုတ်ဘူး ကျင့်ကြံသူလေး မင်းမှာ သဘာဝကပေးတဲ့ တာအိုစိတ်နှလုံး ရှိတာပဲ၊ မင်းက တကယ်ကို လူတွေနဲ့ ဝေးကွာနေဖို့အတွက် မွေးလာတာ မင်း တာအိုကို ကျင့်ကြံသင့်တယ်”
လင်ရှု ဘာမှ ပြန်မပြောခဲ့ပေ။
အတိတ်တုန်းက သူသည် သူ့ကိုယ်သူ စိတ်ကျန်းမာရေး မကောင်းဟု ထင်ခဲ့ကာ ဆရာဝန်ဆီသွားရမည် ထင်ခဲ့သည်။ သူ၏ ဆရာက သူသည် တာအိုစိတ်နှလုံးနှင့် မွေးဖွားလာသူ ဖြစ်သောကြောင့် ကုသမှု ခံယူရန် မလိုအပ်ဟု ပြောခဲ့သည်။
သူ့ဆရာ၏ စကားများက မမှန်ကန်ဟု တွေးခဲ့ပြီး ဆရာသည်လည်း သူကဲ့သို့ပင် စိတ်ကျန်းမာရေး မကောင်းဘဲ ဆရာဝန်နှင့် တွေ့သင့်သည်ဟု တွေးခဲ့သည်။ သို့သော် လူအိုကြီးက အဆုံးသတ်က နီးလာပြီဖြစ်ပြီး သူ့ကို ကောင်းကင် ဥပဒေသက ဆင့်ခေါ်နေပြီဟု ပြောခဲ့သည်။ အဆုံးတွင် ဆရာသည် ရုတ်တရက် အသက်ရှူရပ်သွားခဲ့ပြီး သာမန်မဟုတ်စွာ သေဆုံးသွားခဲ့သည်။ လုံးဝကို သာမန်မဟုတ်သော သေဆုံးမှုဖြစ်သည်။
စနစ်က သူ့ကို ဆက်မေးသည်။
“ကောင်းကင်ဘုံ လမ်းစဉ်က မင်းအတွက် ငှက်လှောင်အိမ်နဲ့ မြစ်တစ်စင်းလိုပဲ၊ ကောင်းကင်လမ်းစဉ်ကို ဖောက်ထွက်မယ် ဒါကိုရော ဘယ်လိုသဘောရလဲ”
လင်ရှုက ပြန်ဖြေသည်။
“သင့်စိတ်တိုင်းကျပါပဲ”
စနစ်က နားလည်သွားဟန်ဖြင့် တိတ်ဆိတ်စွာ သဘောတူပြီး ထရပ်လိုက်ကာ သူ့ကို ဦးညွတ်လိုက်သည်။
“လူကြီးလူကောင်းတစ်ယောက်ရဲ့ နှလုံးသားက သံမဏိလိုပဲ ပြောင်းလဲမှု မရှိဘူး၊ ကျင့်ကြံသူလေး တာအိုက သင့်အတွက်ပါပဲ၊ တာအိုကျင့်ကြံခြင်း လမ်းက ဆွေမျိုးမရှိ မိတ်ဆွေမရှိ အထီးကျန်လှပေမဲ့ အဖိုးမဖြတ်နိုင်တဲ့ လမ်းစဉ်ပါပဲ”
သူ၏ အကြည့်တို့က နွေးထွေးနေပြီး ကြည့်လင်နေသည်။ ထို့အပြင် စိတ်အားထက်သန်သော မျှော်လင့်ချက်များနှင့် နှလုံးသားထဲမှပင် အထင်တကြီးရှိမှုတို့ ထင်ဟပ်နေသည်။
သူက တိတ်ဆိတ်စွာ ပြောသည်။
“ကျုပ် မရှိပါဘူး။ ကျုပ်မှာ ဘာထင်မြင်ချက်မှ မရှိတော့ပါဘူး”
******