Ch 8
Viewers 3k

8 01

အပိုင်း ( ၈ ) လွတ်ပေး 


ဂျွန်လတွင် နွေရာသီဝင်လာပြီး လူတိုင်းကို ပြုတ်ထားသလို ပူလောင်နေစေသည်။ 


ဤနေ့ရက်များတွင် နေ့တိုင်းသည် ပူလောင်ပြီး မွန်းကြပ်စရာကောင်းနေခဲ့သည်။ မြစ်ချောင်းတော်တော်များများ ခမ်းခြောက်သွားပြီဖြစ်ကာ စိုက်ခင်းများလည်း ခြောက်သွေ့ပြီး ပျိုးပင်များ သေကုန်သည်။ တစ်မြို့လုံးသည် မိုးသည်းသည်းထန်ထန် ရွာသွန်းရန်သာ မျှော်လင့်နေကြရသည်။ မဟုတ်လျှင် အငတ်ဘေးဆိုက်တော့မည် ဖြစ်သည်။ 


လယ်ထဲတွင်  အလုပ်ဆင်းပြီး ပြန်လာသော လီကျီမောက်၏ တစ်ကိုယ်လုံးသည် ရေချိုးထားသလို ချွေးများ ရွှဲနစ်နေခဲ့သည်။ သူအိမ်ပြန်ရောက်သည်နှင့် သူ့ကိုယ်ပေါ်သို့ ရေလောင်းလိုက်ပြီး နှီးယပ်တောင်ဖြင့် ခပ်ပြင်းပြင်း ယပ်ခတ်ကာ ထိုင်နေလိုက်သည်။ 


“ မင်း ခွေးမသား ရေကို ချွေတာကွ” 


လီယာမောက်က သူ့အတွက် ရေအေးအေး တစ်ခွက် ခပ်ပေးရင်း ဆူဆူပူပူ ပြောသည်။ 


လီကျီမောက်သည် ရေကို တဂွတ်ဂွတ်မြည်အောင် သောက်လိုက်ပြီး 


“နေ့လည်ခင်းကျရင် မင်းအလှည့််နော်၊ ခွေးသေကောင်တွေကို ရှောင်သွားဦး” 


“ငါ့ခြေထောက်ကြီးမှပဲ” 


လီယာမောက်က ပြန်ပြောသည်။ သူကပင်ဆက်၍ 


“ငါ ဒီနေ့ ကြီးမြတ်တဲ့ ကောင်းကင်လမ်းစဉ် လှည့်ပတ်ခြင်း (ချီစွမ်းအားများ တစ်ကိုယ်လုံး လှည့်ပတ်ခြင်း) လုပ်နိုင်ခဲ့တယ်ကွ၊ ဒီတော့ မင်းလည်း ငါ့ကို မြန်မြန် အမှီလိုက်မှ ဖြစ်မယ်၊ ငါတို့နှစ်ယောက်လုံးသာ ထာဝရရှင်သန်သူအဖြစ် ကျင့်ကြံနိုင်သွားရင် ဒီဒုက္ခတွေ ဆက်ပြီး ခံစားနေစရာမလိုတော့ဘူး ” 


လီကျီမောက်က သက်ပြင်းချလိုက်သည်။ 


“အပြောကတော့ လွယ်တာပေါ့ကွာ” 


တစ်လကြာ မိုးမရွာခဲ့သောကြောင့် ဖုကျန်း၊ ကွမ်ကျိုးနှင့် ကွေ့ကျိုး ပြည်နယ်များတွင် နောက်နှစ်တွင် အငတ်ဘေးဆိုက်တော့မည်ဟု ခန့်မှန်းနိုင်သည်။ ညီအစ်ကိုနှစ်ယောက်တွင် ထိုသို့ အတွေးများရှိပါလျှင် လူငယ် ဘယ်လောက်များများက ရှန်းလင်စာမေးပွဲ ဝင်ဖြေ၍ လူသားလောကကို စွန့်ခွာပြီး ထာဝရရှင်သန်သူများအဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်နေကြပါမည်နည်း။ 


နေက ကောင်းကင်အလည်တည့်တည့်သို့ ရောက်လာသည်ကို ကြည့်ရင်း လီယာမောက်က ပြောသည်။ 


“လင်ရှုံးကို သွားရှာပြီး ထမင်းစားရအောင်” 


အစ်ကိုလင်ဟု ခေါ်သော လင်ရှု၏ အိမ်တွင် စားစရာ ဘာမှ မရှိတတ်ပေ။ လွန်ခဲ့သော နှစ်လကတည်းက ညီအစ်ကိုနှစ်ယောက်သည် စားစရာများကို နေ့တိုင်း ယူသွားပေးရသည်။ 


သူတို့ ရောက်သွားချိန်သည် လင်ရှုသည် အပင်အောက်တွင် ဓားရေးလေ့ကျင့်နေသည်။ 


သုံးပေလောက် ရှည်မည်ထင်ရသော သစ်ကိုင်းခြောက် တစ်ချောင်းကို ကိုင်၍ နဂါးမောက်ပင်မှ ပန်းပွင့်ကို ရွယ်ထားသည်။ ညီအစ်ကိုနှစ်ယောက်သည် နေ့တစ်ဝက်လောက်ကြာအောင် လင်ရှု၏ ဓားရေးကို ရပ်ကြည့်နေခဲ့သော်လည်း သူတို့ကို သင်ပေးခဲ့သော အခြေခံဓားရေး ငါးကွက်မှအပ မည်သည့် အကွက်သစ်ကိုမှ မမြင်ကြရပေ။ 


တကယ်တမ်းတွင် လင်ရှုသည် အခြားအကွက်များကို မလေ့ကျင့်ချင်ခြင်း မဟုတ်ရပါချေ။ အရူးလေး၏ ခန္ဓာကိုယ်က အထိမခံနိုင်အောင် အားနည်းလွန်းသောကြောင့်သာ ဖြစ်သည်။ ဤနှစ်လ အတောအတွင်းတွင် သူသည် အချိန်နှင့် အိပ် အချိန်နှင့်စားပါသော်လည်း ဘာမှ ကောင်းစွာ ပြောင်းလဲသွားမှု မရှိခဲ့ပေ၊ သူသည်လည်း ဤသစ်ကိုင်းခြောက်ကို ဝှေ့ယမ်းနေရသည်ကို စိတ်ကုန်လှပါသည်၊ သို့သော် အခြား ရှုပ်ထွေးသော အကွက်များကို သူမည်သို့မှ မလေ့ကျင့်နိုင်ပေ၊ 


လင်ရှုသည် အနည်းငယ် မူးဝေနေခဲ့ပြီး လီကျီမောက်နှင့် လီယာမောက်တို့က အချိန်မှီရောက်လာသည်ဟု ဆိုရမည်၊ လင်ရှု လက်ထဲမှ သစ်ကိုင်းခြောက်ကို ချလိုက်ပြီး သူ့အခန်းသို့ ပြန်သွားလိုက်သည်။ 


ဤရက်များတွင် လိညီအစ်ကိုနှစ်ယောက်က သူ့ကို ခဏတိုင်း လာရှာတတ်ကြသည်။ တစ်ခါတစ်ရံတွင် သူ့ကို ချီစွမ်းအင် နည်းစနစ်တို့နှင့် အပ်စိုက်မှတ်များ ဆက်စပ်ပုံတို့ကို မေးမြန်းရန် လာကြပြီး တစ်ခါတစ်ရံများတွင်တော့ သူတို့သည် ဒီအတိုင်း သူ့အိမ်သို့ လာဆော့ကြခြင်းသာ ဖြစ်သည်။ 


ပြောရင်းမှပင် သူ့အိမ်သို့ သူနှင့် လာကစားသူရှိလာသည့် ပထမဆုံးပင် ဖြစ်သည်ကို သတိရသွားသည်။ 


ယခင်ဘဝ သူ ခုနှစ်နှစ် ရှစ်နှစ်အရွယ်လောက်တွင် သူသည် အခြားလူများ သူငယ်ချင်းများ၊ ကစားဖော် တစ်ယောက် သို့ နှစ်ယောက်လောက်ဖြင့် အတူတူ ဆော့ကစားနေကြသည်ကို အားကျခဲ့ဖူးသည်။ သို့သော် သူသည်ကတော့ ထိုအရာများကို စိတ်ကူးကြည့်ရုံသာ တတ်နိုင်သည်၊ သူမှတ်မိသည်မှာ ထိုအချိန်တွင် သူသည် ဆရာနှင့် အတူရှိနေခဲ့ပြီဖြစ်သည်။ ဆရာက သူ့ကို မိဘမဲ့ကျောင်းမှ မွေးစားရန် ခေါ်လာခဲ့သည်ဟု ပြောခဲ့သည်။ ခေတ်ကာလအချိန်ကြီးတွင် တာအိုဝတ်ရုံကြီး တဖားဖားနှင့် ဆံပင်ရှည်ကြီးရှိသော လူအိုကြီးကို ကြည့်လိုက်တိုင်း လင်ရှုသည် ဤသူက မည်သို့များ ကလေးတစ်ယောက်ကို ပျိုးထောင်မည်ကို စဉ်းစားမရနိုင် ဖြစ်မိသည်။ ထို့ကြောင့် သူ့ကို လူအိုကြီးက မိဘမဲ့ကျောင်းမှ ခိုးလာသည်ဟုသာ ယုံကြည်ထားခဲ့သည်။ 

8 02

သူ အခိုးခံရပြီးနောက်တွင် သူသည် အလွန်ကို ငယ်သေးသော်လည်း ဓားသိုင်းကျမ်းများ ကျက်မှတ် လေ့ကျင့်ရသည်။ ကျင့်ကြံခြင်းနည်းလမ်းကို သင်ယူရသည်။ ထိုသို့နှင့် သူသည် သူနှင့် သက်တူရွယ်တူများပြောသော အကြောင်းအရာများကို လုံးဝ နားမလည်ခဲ့ပေ။ထို့အပြင် သူသည် တီဗီပင် မကြည့်ဖူးခဲ့သောကြောင့် လူများနှင့် မည်သို့ ပေါင်းသင်းဆက်ဆံရမည်ကိုလည်း မသိခဲ့ပေေ။ သူ့ကို စကား လာပြောသူများ ရှိသော်လည်း သူသည် မည်သို့ ပြန်ဖြေရမှန်း မသိခဲ့ပါချေ။ ကလေးများသည် အမြဲတမ်း အတူကစားတတ်ကြသည်။ သို့သော် အစကတည်းက သူငယ်ချင်း တစ်ယောက်မျှ မရှိခဲ့လျှင် နောင်အနာဂတ်တွင်လည်း တစ်ယောက်မှ ရှိတော့မှာ မဟုတ်ပေ။ 


နောက်ပိုင်းတွင် သူ မူလတန်းပြီးသွားပြီး အထက်တန်းကျောင်း ဝင်ခွင့်ရခဲ့သည်။ နောက်ဆုံးတွင် သူသည် ခေတ်မီသော လူနေမှုဘဝကို အမှီလိုက်နိုင်မည့် အခွင့်အရေးတစ်ခု ရလာသည်။ သို့သော် သူသည် အန်တီဆိုရှယ် တစ်ဦးဖြစ်လာပြီး မည်သူနှင့်မှ မဆက်ဆံချင်ပေ။ ဤသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လာပြီးနောက် သူသည် သူ့ကိုယ်သူ စကားပြောရာတွင် အလွန်တော်ကြောင်းကို မမျှော်လင့်စွာ သိလိုက်ရသည်။ သို့သော် အခြားသူများအတွက်တော့ သူသည် ဆွံ့အနေသော ဒုက္ခိတသာ ဖြစ်နေခဲ့သည်။ 


ယခု ဘဝတွင်တော့ ရွာထဲတွင် နေထိုင်ရသည့် ဘဝမှာ အတော်ကို ရိုးရှင်းပြီး ထပ်ခါထပ်ခါ ဖြစ်နေသော ကိစ္စများကိုသာ လုပ်ကိုင်နေရသည်။ ဤညီအစ်ကိုနှစ်ယောက်သည်လည်း အလွန်ကို ရိုးသားပြီး အမြဲတမ်း ရယ်မော၍ သူ့နားတွင် တစ်နေ့လုံး ပတ်၍ ဆော့နေတတ်သည်။ တဖြည်းဖြည်းနှင့် သူတို့နှင့် ရင်းနှီးလာသည်။ သူ့အနားသို့ နီးနီးကပ်ကပ်ကြီး ကပ်မလာသ၍ လင်ရှုသည် သူတို့နှင့် ငြိမ်းချမ်းစွာ နေနိုင်သည်။ ဤသည်ကိုပင် အလွန်ကို ရှားပါးသော အတွေ့အကြုံဟု မှတ်ယူနိုင်သည်။ 


သူသည် ဤပုံစံအတိုင်း ရက်အနည်းလောက်ကို ငြိမ်းချမ်းစွာကုန်ဆုံးခဲ့ပြီး ရှန်းလင်ဝင်ခွင့် စာမေးပွဲသည်လည်း နီးသည်ထက်နီးလာခဲ့သည်။ 


အမေကြီးသည် သူတို့သုံးယောက်ကို ရွာထိပ်ထိ လိုက်ပို့ခဲ့ပြီး လီကျီမောက်နှင့် လီယာမောက်ကို ပြောသည်။ 


“မင်းတို့နှစ်ယောက် ကလေးလို လုပ်နေတာတွေ ရပ်မယ်နော်၊ စာမေးပွဲမှာ မင်းတို့ ဘယ်နှမှတ်ရရ ငါဂရုမစိုက်ဘူး အေး ရှောင်ရှုကို ပျောက်ခဲ့ဖို့တော့ မစဉ်းစားနဲ့” 


လီယာမောက်က သူတို့အမေကို စပ်ဖြဲဖြဲနှင့် ကြည့်၍ ပြောသည်။ 


“စိတ်မပူပါနဲ့ ကျွန်တော်တို့ နှစ်ယောက် သူ့ကို သွားလေရာ ခေါ်သွားမှာပါ အမေရာ”


လင်ရှု ခဏလောက် တွေးနေရာမှ မော့ကြည့်လိုက်ချိန်တွင် ဤစကားဝိုင်းကို မြင်လိုက်ရသည်။  သူ ယခင်တုန်းကတည်းက တစ်ခါမှ လမ်းမပျောက်ဖူးပါသော်လည်း အဘယ့်ကြောင့် အမေကြီးအမြင်တွင် သူက လွယ်လွယ်နှင့် လမ်းပျောက်တတ်သူလို အမြင်မျိုး ရှိနေရသည်လဲဟူ၍ သိချင်လာသည်။ သူ နည်းနည်းတော့ ပြောချင်သွားသည် သို့သော် သူမကြောင့် ဆွံ့အနေရသည်။ 


“.......” 


အမေကြီးသည် သူမ၏ အကြည့်အားလုံးကို လင်ရှုထံတွင်သာ ပို့ထားပြီး စိုးရိမ်နေခဲ့သည်။ 


“မင်းကို ကြည့်လိုက်ဦး၊ မင်းက အခုထိ ဘာမှ သေချာ မှတ်နိုင်သေးတာ မဟုတ်ဘူး၊ လွတ်လိုက်တာနဲ့ ပျောက်သွားမှာပဲ” 


“သူ အမေပြောတာ နားထောင်နေတာပါ” 


လီယာမောက်က သူ့ဘက်မှ ကူပြောပေးသည်။ 


“သူက ဒီတိုင်း မျက်နှာမှာ ဘယ်လို ဖော်ပြရမယ်ဆိုတာ မသိတာပါ အမေရာ ဒီလို မျက်နှာထားက သူ့ကို သိပ်မသိ(ဘာမှမကြား သိလည်းမသိ_) သလိုပုံဖြစ်သွားတာ” 


အမေကြီးက သူ့ကို အထင်သေးသလို ကြည့်လိုက်ပြီး ရှေ့သို့ အနည်းငယ် တိုးသွားသည်။ ထို့နောက် လင်ရှုကို ကြင်နာစွာ ကြည့်၍ ပြောသည်။ 


“သူတို့နဲ့ ကောင်းကောင်း လိုက်သွားနော်”  


သူမသည် သူ့နားသို့ အလွန်ကပ်နေသောကြောင့် လင်ရှုသည် အနည်းငယ် စိတ်ကျဉ်းကျပ်ပြီး အသက်ရှုကြပ်လာသလို ခံစားရသည်။ သို့သော် လင်ရှုသည် သူမကို တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။ 


ထိုအခါမှသာ အမေကြီးက ကျေနပ်သွားပြီး ထွက်ခွာခွင့် ပြုလိုက်သည်။ သူမသည် နေရာတွင်ပင် ရပ်နေပြီး သူတို့ကို လက်ဝှေ့ယမ်း၍ နှုတ်ဆက်နေခဲ့သည်။ 


နင်အန်းစီရင်စုသည် အလွန်ကို ကျဉ်းသည့် ကျေးလက်ဒေသလေးတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် နန်ကျောင်းမှ မြို့လည်ခေါင်အထိ နေ့တစ်ဝက်သာ သွားရသည်။ သူတို့ တစ်ယောက်ချင်းစီသည် မီးခိုးရောင် မြည်းတစ်ကောင်ပေါ်တွင် ထိုင်နေကြပြီး လင်ရှုသည် ဝါးခမောက်လေးတစ်လုံး ဆောင်းထားသည်။ သုံးယောက်ထဲမှာမှ အမေကြီးက လင်ရှုတစ်ယောက်ကိုသာ ကျန်းမာရေး မကောင်းသောကြောင့် မေ့လဲခြင်း၊ အားနည်းခြင်းတို့ ဖြစ်လာမည်ကိုစိုးရိမ်သောကြောင့် အထူးတလှယ် လုပ်ပေးထားခြင်း ဖြစ်သည်။  

8 03

လင်ရှုသည် မြည်း၏ နှေးတုံ့နှေးတုံ့သွားနေသည့် ကျောပေါ်တွင် ပျင်းရိစွာဖြင့် ရှုခင်းများကြည့်ကာ ထိုင်စီးလာသည်။ 


သူတို့ မြို့ပေါ်သို့ ရောက်ချိန်တွင် လမ်းများသည် ကျိုးတိုးကျဲတဲဖြစ်နေပြီး အဆောက်အဦးများကလည်း နိမ့်လွန်းသော တစ်ထပ်အဆောက်အဦးများသာ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ အိမ်များအားလုံးသည် သစ်သားဟောင်းများဖြင့် ဆောက်လျှင်ဆောက် မဟုတ်လျှင် ရွှံ့များနှင့် ဆောက်ထားသော အိမ်များသာ ဖြစ်ကာ ခမ်းနားမှု မရှိပေ။ လမ်းမကြီးကို ကျော်ဖြတ်လာပြီး တဖြည်းဖြည်းနှင့် မြို့လည်သို့ ရောက်သွားချိန်တွင် စည်ကားလှသော ဈေးတန်းကြီးကို တွေ့လိုက်ရသည်။ လမ်းတစ်လျှောက်လုံးတွင် သစ်သီးများ၊ သရေစာများရောင်းသော ဈေးဆိုင်များနှင့် ပြည့်နှက်နေကာ ဝယ်သူများကို ခေါ်နေသော အသံတို့ဖြင့် မြိုင်ဆိုင်နေသည်။ 


သူတို့ စာမေးပွဲ ကျင်းပရာနေရာသို့ မရောက်သေးမှီအထိ သက်ဝင်လှုပ်ရှားနေသော ဈေးတန်းကို မြင်ရပါသည်ဆိုလျှင် စာမေးပွဲ  ကျင်းပရာနေရာတွင်တော့ ဆူညံပွက်လော ရိုက်နေသည်ဟု ဆိုရမည်ပင်။ စာမေးပွဲ ခန်းမသည် ပေပေါင်းရာချီကျယ်သော မီးခိုးရောင်အုတ်များဖြင့် ကြမ်းခင်းထားသည့် လွင်ပြင်ကြီးတစ်ခု ဖြစ်သည်။ 


လူပေါင်းများစွာကိုကျော်၍ လင်ရှုသည် အလွန်ကို မြင့်မားလှသည့် ဝါးပင်ကြီးတစ်ပင်ကို အရင်မြင်သည်။ ဝါးပင်ဆိုသည်ထက် ဝါးလုံးဟု ပြောရမည်ပင်။ ဝါးလုံးသည် စာမေးပွဲခန်းမ အလယ်တည့်တည့် တွင်ရှိနေပြီး ၎င်း၏ ထိပ်ဖျားတွင် ရှန်းလင်စာမေးပွဲဟု ရေးထားသော အလံကို လွှင့်ထူထားသည်။ ဖြေဆိုသူများအားလုံဂသည် ထိုဝါးလုံးကို ပတ်၍ ထိုင်နေကြသည်။ 


လီယာမောက် “ဒါကြီးက ရုပ်ဆိုးလိုက်တာ” 


လီကျီမောက်က ခေါင်းညိတ်၍ ထောက်ခံသည်။ 


လင်ရှုသည်လည်း ညီအစ်ကိုနှစ်ဦးနှင့် အတွေးတူနေခဲ့သည်။ 


သို့သော် လူတိုင်းလိုလို ရောက်လာကြချိန်တွင် သူသည် အလွန်အပေါ်ယံဆန်ပြီး ရိုးရှင်းသော ခန်းမသည် စိတ်ဝင်စားစရာတစ်ခု မဟုတ်ဟု သိလာသည်။ နင်အန်းစီရင်စုတွင် လူပေါင်းငါးထောင်နီးပါး ရှိနိုင်သည်။ စာမေးပွဲ လာဖြေသူက အနည်းဆုံး တစ်ထောင်ခန့်ရှိလိမ့်မည်။ ဖြစ်နိုင်သည်မှာ လူငယ်တိုင်းသည် သူတို့၏ ကံကောင်းခြင်းကို လာရောက် စမ်းသပ်ကြလိမ့်မည်။ 


ရှန်းလင်ကျောင်းတော်သည် တောင်ပိုင်းရှ(နန်ရှ) တစ်ပြည်လုံးတွင် လူပေါင်းထောင်ချီ လက်ခံလေ့ရှိသည်။ သို့သော် ဖြေဆိုကြသူက တစ်သိန်းကျော်လောက်ရှိလေသည်။ ရှန်းလင်ကျောင်းတော်သည် စာမေးပွဲ ကျင်းပရာ ခန်းမများကိုု သေသေချာချာ နိုင်နိုင်နင်းနင်း စီစဉ်ပြီး အသေးစိတ် တွေးတော စီစစ်ထားသည်။ 


‘တော်တော် မလွယ်တာပဲ’ 


လီယာမောက်သည် ကောက်ရိုးဖြင့် ကျစ်ထားသော ကြိုးတစ်ချောင်းကို မည်သည့်နေရာကမှန်းမသိ ထုတ်လာကာ လင်ရှု၏ လက်ကောက်ဝတ်တစ်ဖက်နှင့် သူ၏ လက်ကောက်ဝတ်တစ်ဖက်ကို တွဲချည်လိုက်သည်။ ထို့နောက် 


“ဒီမှာ နောက်ကျရင် လူတွေ အများကြီး ရောက်လာဦးမှာ၊ အစ်ကိုသာ တကယ်ကြီး ပျောက်သွားလို့ကတော့ အမေက ကျွန်တော့်ကို ကြိုးတုတ်ပြီး ရိုက်လိမ့်မယ်ဗျ” 


မနက်ကိုးနာရီခန့်တွင် ဗုံတီးသံ သုံးကြိမ် ကြားရသည်။ ဆူညံနေကြသော လူအုပ်ကြီးက ငြိမ်သက်သွားပြီး ခဏကြာတွင် အလွန်ကို အောင်မြင်သော အသံကို ကြားလိုက်ရသည်။ 


“မတ်တပ်ရပ်” 


ဝါးလုံးကို ဗဟိုပြု၍ ရပ်နေကြချိန်တွင် ရုတ်တရက် အပြာရောင် သလင်းကျောက်တစ်လုံးမှ ရှုပ်ထွေးလှသော အဖြူရောင် အစီအရင်တစ်ခု ပေါ်ထွက်လာသည်။ သလင်းကျောက်သည် တစ်ခဏလောက် ဖြူသွားပြီး အလွန်တောက်ပသည့် အလင်းရောင်များ ဖြန့်ကျက်လာသည်။ 


မမျှော်လင့်ထားစွာပင် လင်ရှုသည် ထိုနေရာမှ ဆွဲချခံလိုက်ရသလို ခံစားလိုက်ရသည်။ လေထဲ လွင့်နေသလို ခံစားချက်ရလိုက်ပြီး ခဏကြာတွင် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူသည် မြူများဖြင့် ဖုံးလွှမ်းနေသော တောင်ကြောတစ်ခုတွင် ရောက်နှင့်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ လမ်းတစ်ဖက်ခြမ်းတွင် ကျောက်တုံးကြီး တစ်တုံးရှိပြီး ၎င်းပေါ်တွင် ရှန်းလင် ပုံရိပ်ယောင်အစီအရင်ဟု ထွင်းထုထားသည်။ 


သူသည် လှေကားတလျှောက် တက်သွားလိုက်ပြီး ဆယ်ထစ်မြောက်တွင် လမ်းကွေ့လေးကို ချိုးဝင်လိုက်သည်။ ရုတ်တရက် လွင့်သွားပြန်ပြီး တောင်ထိပ်သို့ ရောက်သွားလေသည်။ ကြည့်ရသည်မှာ တောင်တက်လမ်းကွေ့တိုင်းတွင် နေရာရွှေ့ပြောင်း အစီအရင်ရှိပုံရသည်။ 


တောင်ထိပ်သည် နေလုံးနှင့်ပင် ထိတော့မည့်အလား မြင့်မားလှပြီး မနက်ခင်းလေပြည်က အေးလွန်းလှသည်။ ရုတ်တရက် သူ့ရှေ့တည့်တည့်တွင် ယဉ်ကျေးရည်မွန်သော အပြာရောင်ဝတ် လူတစ်ယောက်၏ အရိပ် တစ်ခု ပေါ်ထွက်လာပြီး သူ့ကို လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လာသည်။ 


“ကျင့်ကြံသူလေး ကျေးဇူးပြုပြီး ထိုင်ပါဦး” 


လင်ရှု ထိုင်လိုက်သည်။ 


“မင်းရဲ့ အိမ်က ဘယ်မှာများလဲ?” 

8 04

“နင်အန်းစီရင်စု ဖုကျိုးရွာ” 


“ကျင့်ကြံသူလေး မင်းရဲ့ နာမည်က ဘယ်လိုခေါ်ပါသလဲ?” 


“လင်ရှု” 


“ဒီနှစ်ဆို အသက်ဘယ်လောက်ပါလဲ?” 


“ဆယ့်လေး” 


“တကယ်ကို သူရဲကောင်းတစ်ယောက် ဖြစ်လာဖို့ အရွယ်ကောင်းလေးကိုး” 


ဤစကားများပြောပြီး အပြာရောင်ဝတ်လူက ဆက်ပြောသည်။ 


“ကျင့်ကြံသူလေး ကျေးဇူးပြုပြီး မျက်လုံးတွေ မှိတ်ထားပေးပါ” 


လင်ရှု မျက်လုံးမှိတ်လိုက်သည်။ 


“ကျင့်ကြံသူလေး ကျေးဇူးပြုပြီး တရားထိုင်ပါ” 


လင်ရှု တရားထိုင်လိုက်သည်။ 


အပြာရောင်ဝတ်လူက ရယ်မောလိုက်သည်။ 


“မင်းက တော်တော် နာခံတတ်တာပဲ” 


လင်ရှု “.......” 


‘ဒီ စာမေးပွဲစစ်တဲ့ စစ်စတန်ရဲ့ အိုင်ကျူက တော်တော်မြင့်တာပဲ’ 


တောင်ပိုင်းရှပြည် // နန်ရှ (နန်- တောင်ပိုင်း)


******