10 01
အပိုင်း ( ၁၀ ) ပင်လယ်ပြာ စီးချင်း
“ကျင့်ကြံသူလေးက စကားပြောရတာ မကြိုက်ဖူးထင်တယ်”
စနစ်က ပြောသည်။
လင်ရှုက ပြန်ဖြေသည်။
“........ ဟုတ်ပါတယ်”
“ထာဝရလမ်းစဉ်က ငြိမ်သက်အေးချမ်းမှုကို အခြေပြုထားတယ် စကားမပြောတာက ကောင်းတဲ့ကိစ္စပါပဲ”
စနစ်က သူ့ကို ပုံမှန်အတိုင်း တည်ငြိမ်စွာ ချီးကျူးလာသည်။
လင်ရှုသည် စနစ်က သူ့ကို ချီးမွန်းနေသည်ကို တိတ်ဆိတ်စွာ နားထောင်နေသည်။
သူ၏ ဆရာမှလွဲ၍ ယခင်က သူ့ကို မည်သူကမှ မချီးကျူးဖူးပေ။ ဤအခိုက်အတန့်တွင် သူသည် အလွန်ကို ပျော်ရွှင်နေခဲ့သည်။
စနစ်က မျက်လုံးများမှိတ်ပြီး တရားထိုင်လိုက်သည်ကိုသာ မြင်လိုက်ရပြီး အသက်တစ်ရှိုက်စာအချိန်တွင် စနစ်သည် မျက်လုံးပြန်ဖွင့်လာပြီး သက်ပြင်းချ၍
“ကျုပ် ဒုတိယအဆင့်ရဲ့ ဒုတိယအပိုင်းကို စသင့်ပြီ၊ မင်းကို အခြားသူတွေနဲ့ ဆွေးနွေးခိုင်းရမယ်။ ဒါပေမဲ့ ဒီ ရှန်းလင်စာမေးပွဲတစ်ခုလုံးမှာ မင်းနဲ့ အပြိုင်လိုက်ပြီး ဆွေးနွေးနိုင်မှာဆိုလို့ လူ့လောက ကိစ္စတွေကို ဝင်စွက်ဖက် အဲ သဘောကျတဲ့ ဝါးလုံးဝိဉာဉ်ပဲ ရှိတယ်၊ မင်း ဒီအဆင့်မှာ ကြာကြာမနေချင်လောက်ဘူးလို့ ကျုပ်ထင်တယ်”
စနစ်သည် လင်ရှု ပြန်ပြောသည်ကို မစောင့်ဘဲ
“သူက ဒီတိုင်း လျှောက်ပြောရတာပဲ ကြိုက်တာ၊ စကားပြောနေရရင်ပြီးရောဆိုတော့ မင်းကလည်း စကားပြောရတာ မကြိုက်ဘူး ဆိုတော့ကာ ပျင်းစရာကြီး ဖြစ်နေမှာ၊ ဒါကြောင့် အားလုံးခြုံပြီးတော့ မင်းကို ဒီစာမေးပွဲကို ချွင်းချက်အနေနဲ့ ကျော်ပေးလိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်”
လင်ရှုသည်လည်း ဤအခြေအနေကို မျှော်လင့်နေသူ ဖြစ်သောကြောင့်
“ကျေးဇူးတင်ပါတယ်”
သူ၏ ဘာသာစကားနှင့် သိထားသော စကားလုံးများလောက်နှင့် သာမန်လူများနှင့် တန်းတူ စကားပြောနိုင်မည်မဟုတ်ကြောင်း သူ့ကိုယ်သူ သိသည်။ စကားများလှသော ဝါးဝိဉာဉ်နှင့် ဆွေးနွေးရမည်ကိုတော့ မပြောပါနှင့်တော့။
‘ငါ့ကို တကယ်ကြီး ချွင်းချက်ထားပေးနိုင်တယ်ဆိုတော့ ဒီစနစ်က စိတ်ဝင်စားစရာကောင်းသား’
စနစ်သည် တောင်ထိပ်တွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေသည်။ သူသည် လက်အဝကျယ်သော ဝတ်ရုံဖြူဖားဖားကြီးကို ဝတ်ဆင်ထားရာ လေတိုက်တိုင်း ဝတ်ရုံက လေထဲတွင် လွင့်နေသည်။ ထာဝရရှင်သန်သူ တစ်ပါးကဲ့သို့ ထင်ရသော စနစ်က ပြောသည်။
“တတိယအဆင့်ရဲ့ ပထမဆုံးအပိုင်းကတော့ မနက်ခင်းပဲ၊ တိုက်တိုက်ဆိုင်ဆိုင် အခုကလည်း မနက်အစောပိုင်းဆိုတော့ အဆင်သင့်သွားတာပေါ့လေ၊ ကဲ ကျင့်ကြံသူလေး ကျေးဇူးပြုပြီး စတင်နိုင်ပါပြီ”
လင်ရှုသည် ရုတ်တရက် သူ့လက်ထဲတွင် ကိုယ်ထည်တစ်ခုလုံး မည်းမှောင်နေသော သုံးပေရှည်သည့် ဓားရှည်တစ်ချောင်း ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ဤဓား၏ ပုံပန်းသဏ္ဍာန် တည်ဆောက်ပုံကို သူအလွန် ရင်းနှီးသည်။
‘ဒါ ဒါ အရင်တုန်းက ငါသုံးခဲ့တဲ့ ဓား’
သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ချိန်တွင်လည်း သူ၏ ဆရာဖြစ်သူနှင့် အတူရှိစဉ်က ဝတ်ဆင်လေ့ရှိသော အဖြူရောင် ပြောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်?
‘ဒီရှန်းလင်ပုံရိပ်ယောင်က လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ရောင်ပြန်ဟပ်စေနိုင်တာပဲ’
သူ၏ ပုံမှန်ထာဝရရှင်သန်ခြင်း ကျင့်ကြံနေချိန်တွင် ဝတ်တတ်သည့် အဝတ်အစားများနှင့် ဓားကိုပင် ဤပုံရိပ်ယောင်က ဆွဲထုတ်နိုင်သည်။
သူတစ်ချက် တွေးလိုက်ချိန်တွင် ဓားက ပျောက်သွားသည်။ ထို့နောက် တိတ်တိတ်လေး ‘ဓား’ ဟု ရေရွတ်လိုက်ုချိန်တွင် ဖျက်ခနဲ ပြန်ပေါ်လာသည်။
စနစ်က ရယ်လိုက်ပြီး
“မင်းက တကယ်ကို ဆော့တတ်တဲ့ ကလေးပဲ”
10 02
လင်ရှု ဓားကို ဖျောက်လိုက် ပေါ်လိုက် လုပ်နေသည်ကို ရပ်လိုက်ပြီး ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။
မည်းနက်နေသော ဓားအိမ်အတွင်းမှ ဓားရှည်သည် အေးစက်ပြီး မှုန်မှိုင်းနေသည်။ ကြည့်လိုက်သည်နှင့် လေးလံမည်ဟုလည်း ထင်ရသည်။ အရူးလေးကသာ ဓားကို ကိုင်ကြည့်ချင်လျှင် အလွန်ကို အားထုတ်မှ ရပေလိမ့်မည်။ သို့သော် ပုံရိပ်ယောင်အစီအရင်အတွင်းတွင် ရှိနေသော သူ့အတွက်ကတော့ အလွန်ကို လွယ်ကူနေခဲ့သည်။ ဤကမ္ဘာသို့ ရောက်ကတည်းက လင်ရှုသည် နှစ်လကြာအောင် ဓားနှင့် မထိတွေ့နိုင်ခဲ့သော်လည်း ထူးဆန်းစွာပင် သူသည် ဓားနှင့် အကျွမ်းတဝင် ရှိနေတုန်းပင်။
စနစ်ကပြောသည်။
“ကျင့်ကြံသူလေး ဓားကို ထုတ်လိုက်ပါ”
လင်ရှုသည် တည်ကြည်သော အမူအယာဖြင့် ဓားကို မြောက်လိုက်သည်။ သူသည် ဤအခြေအနေကို လွန်ခဲ့သော နှစ်လခန့်ကပင် တွေးထားပြီးသား ဖြစ်သည်။ တတိယအဆင့် စာမေးပွဲတွင် ပင်လယ်ပြာစီးချင်း ဟု အမည်ရသော အခြေခံဓားသိုင်း တစ်ခုကိုသာ လေ့ကျင့်ပြမည်။ ဤူားသိုင်းသည် ထူးဆန်းထွေလာ ရှပ်ထွေးသော အရည်အချင်းများ မလိုအပ်ပေ။ ၎င်းဓားသိုင်းသည် အလွန်ကို ရိုးရှင်းပြီး အလယ်အလတ် အဆင့်ရှိသည့် ဓားသိုင်းလည်း ဖြစ်သည်။
လင်ရှုသည် နောက်ဆက်တွဲများကို ဆက်၍ မစဉ်းစားနေတော့ပေ။
သူသည် မနက်ခင်း အလင်းရောင်အောက်တွင် “ပင်လယ်ပြာစီးချင်း” သိုင်းကြမ်း တစ်ခုလုံးကို ပြည့်စုံစွာ လေ့ကျင့်ပြခဲ့သည်။ စနစ်သည် လက်ခုပ်တီး၍ပင် အားပေးခဲ့ပြီး လေးစားမှုဖြင့် တောက်ပနေသည့် အကြည့်များဖြင့် သူ့ကို ကြည့်နေခဲ့သည်။
“မနက်ခင်း နေထွက်လာသလို ကောင်းကင်ပြာအောက်မှာ ပင်လယ်ပြာကလည်း အရှိန်အဟုန် နဲ့ စီးဆင်းနေတယ်၊ ကောင်းလိုက်တဲ့ လေထု”
သူသည် ညနေခင်းတွင် “ပင်လယ်ပြာစီးချင်း” သိုင်းကြမ်း တစ်ခုလုံးကို ပြည့်စုံစွာ လေ့ကျင့်ပြခဲ့သည်။
စနစ်က လေးစားစွာ ချီးကျူးခဲ့သည်။
“ညနေခင်းမှာ နေရောင်ခြည်က ကွယ်ပျောက်ချိန်တန်ပြီ အရာအားလုံးကလည်း တစ်နေရာတည်းကိုပဲ ဦးတည်ပြီး ရွေ့လျားနေတယ်၊ ကျင့်ကြံသူလေးမှာ တကယ်ကိုကောင်းတဲ့ စိတ်အခြေခံရှိသကိုး”
မိုးသည်းသည်းထန်ထန် ရွာသွန်းနေချိန်တွင် သူသည်“ပင်လယ်ပြာစီးချင်း” သိုင်းကြမ်း တစ်ခုလုံးကို ပြည့်စုံစွာ လေ့ကျင့်ပြခဲ့သည်။
စနစ်ကလည်း ချီးကျူးသည်။
“လေပြင်းမုန်တိုင်းကျပြီး မိုးသည်းနေသော်လည်း ပင်လယ်ပြာကတော့ လှုပ်ခတ်မှုအလျင်းမရှိ၊ ကျင့်ကြံသူလေးရဲ့ နှလုံးသားက တည်ငြိမ်လိုက်တာ”
......
ဓားသိုင်း တစ်ခုတည်းကိုပဲ နည်းနည်းမှ မပြောင်းဘဲ လေ့ကျင့်သွားသည်ဆိုသည်ကို ကောင်းကင်က သိလိမ့်မည်။
အာရုဏ်ဦး၊ ဆည်းဆာ၊ မွန်းတည့် နှင့် ညအချိန်၊ နွေဦး၊ နွေရာသီ၊ ဆောင်းဦး၊ ဆောင်းလယ် နှင့် ဆောင်းရာသီ၊ တိမ်ထူ၊ နေသာ၊ မိုးရွာ နှင့် နှင်းကျ ချိန်တို့ ဖြစ်သည့် နယ်ပယ် တစ်ဆယ့်နှစ်ခုတွင် လေ့ကျင့်ခြင်း ပြီးဆုံးသွားချိန်တွင် စနစ်က သက်ပြင်းနက်နက်ချပြီး ပြောလာသည်။
“ကျင့်ကြံသူလေး နယ်ပယ် ဆယ့်နှစ်ခုမှာ သုံးသွားတဲ့ မင်းရဲ့ ဓားကွက်တွေထဲက ကွာခြားချက်ကို ကျုပ် ဘယ်လိုမှ စဉ်းစားပြီး ပြောလို့မရဘူး ဖြစ်နေတယ်”
‘ကွာခြားချက်ရှိတယ်လို့ ပြောမှ တစ်ခုခုမှားနေမှာလေ ’
လင်ရှုက ရိုးသားစွာ ပြောလိုက်သသည်။
“ကွာခြားချက် မရှိဘူး”
သူသာ အမှန်အတိုင်း ပြောလိုလျှင် စကားကို တန်ဆာဆင်ပြီး ပြောနိုင်ရန် လိုပေသည်။ သို့သော် သူသည် နေ့စဉ်သုံးစကားများကို ပြောရသည်ပင် အနိုင်နိုင် ကြိုးစားနေရသူ ဖြစ်သည်။ ပြင်ပမှ လူများ ပစ္စည်းများနှင့် ဆက်သွယ်ရန်မှာ သူ့အတွက် အလွန်ကို ခက်ခဲလွန်းပြီး နှစ်ရှည်လများ တစ်ဘဝလုံး ပေါင်းသင်းဆက်ဆံရေး အားနည်းသူ ဖြစ်ခဲ့သည်။ ထို့အပြင် ရာသီဥတု အပြောင်းအလဲကိုလည်း မခံစားရပေ။ သူ ဘာကိုမှ မခံစားရကတည်းက သူ၏ဓားသိုင်းသည် တသမတ်တည်း ဖြစ်နေမှာဖြစ်ပြီး အတွေးမဝင်လျှင် အကွက်မှားစရာ အကြောင်းမရှိပေ။ သူ၏ ဦးနှောက်ကို အပြင်းအထန် ဖျစ်ညစ်ပြီး စဉ်းစားလျှင်သော်မှ ဤကိစ္စနှင့်ပတ်သတ်ပြီး ဘာမှ လုပ်မရနိုင်ပေ။
ထို့ကြောင့်လည်း သူသည် ရိုးရှင်းပြီး အတော်အသင့်အဆင့်ရှိသည့် ပင်လယ်ပြာစီးချင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကာ လွယ်ကူသော ဓားကွက်များအရ ဆယ့်နှစ်ကြိမ်လုံးတွင် အမှားလုပ်မိနိုင်ခြေ နည်းလေသည်။
10 03
ဤအဆင့်ကိုသာ မအောင်မြင်လျှင် သူသည် အိမ်ပြန်ပြီး ဆေးလုံးဖော်စပ်နည်းများကို အလွတ်ကျက်ကာ အထောက်အကူ ပညာရပ်ကျောင်းတော်တွင် ဆေးလုံးဖော်စပ်ခြင်း ပညာရပ်ကို သင်ရပေတော့မည်။
သူ နည်းနည်းလေး မသက်မသာ ဖြစ်သလို ခံစားနေရသည်။ သူ အတွေးလွန်နေချိန်တွင် စနစ်က သက်ပြင်းချလိုက်ပြီး အတွေးများနေဟန်ဖြင့် ပြောလာသည်။
“ကောင်းကင်မှာ ကိုယ်ပိုင် ဥပဒေသ ရှိတယ် မင်းက ဘာမှ မဟုတ်ဘူး........ ဟုတ်တယ် မင်းရဲ့ တောက်နှလုံးသားနဲ့ဆိုရင် မင်းကို ဒီပြင်ပ ကိစ္စရပ်တွေက နှောက်ယှက်နိုင်မှာ မဟုတ်ဘူး”
‘မဟုတ်ပါဘူး ငါအဲလို မပြောမိပါဘူး’
လင်ရှုသည် အမူအယာကင်းမဲ့သော မျက်နှာထားနှင့် ‘မင်းပြောတာ အားလုံးမှန်တယ်’ ဟူသော ပုံစံဖြင့် ရပ်နေခဲ့သည်။
စနစ်က ပြောသည်။
“ဒီလိုဆိုမှတော့ မြန်မြန်လေး ထွက်ခွာပါတော့၊ အပြင်မှာပူတယ် အပူရှပ်မှာ ဂရုစိုက်ဦး’
လင်ရှုက ခဏလောက် တွေးလိုက်ပြီး မေးသည်။
“ကျွန်တော် ကျောင်းဝင်ခွင့်ရပြီလား”
စနစ်က ပြောသည်။
“ကျင့်ကြံသူလေး မင်းရဲ့ အခြေခံအရည်အချင်းက မဆိုးဘူး၊ မင်းက ဂုဏ်သရေရှိသူတစ်ယောက်ယောက်ရဲ့ တပည့်ဖြစ်ပြီး ငယ်ငယ်ကတည်းက ထာဝရရှင်သန်သူ လမ်းစဉ်ကို ကျင့်ကြံဖို့ သင်ကြားပေးတာ ခံထားရတဲ့သူဆိုတာ သေချာတယ်၊ တောက်နှလုံးသားကို ရဖို့ဆိုတာက ခက်ခဲလွန်းတာမို့လို့ မင်းက ရှားပါးတဲ့ ပါရမီရှင်ဆိုတာ သိသာတယ်၊ စိတ်ပူနေဖို့ မလိုပါဘူး”
လင်ရှုသည် စနစ်၏ ရိုးသားတည်ကြည်လှသော မျက်နှာကို ကြည့်၍ နည်းနည်းရှက်လာသည်။
စနစ်သည် သူ့ကို ရှားပါးသည့် ပါရမီရှင်အဖြစ် သတ်မှတ်လိုက်သည်။ သို့သော်သူသည် ထာဝရရှင်သန်သူအဖြစ် လုံးဝ မကျင့်ကြံနိုင်သော သူဖြစ်သည် ဆိုသည်ကို သူ့ကိုယ်သူသာ သိလေသည်။ သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို ပြောင်းလဲရန် ကျောင်းတော်ကို ဝင်ခွင့်ရမှသာ ဖြစ်မည်။ ကျောင်းတော် ရောက်လျှင်တော့ သူ့တွင် ပြောင်းလဲနိုင်မည့် အခွင့်အရေး ရှိနိုင်လောက်ပါသည်။
သူက မေးသည်။
“ကျောင်းတော်ကို နှစ်တိုင်း လူဘယ်လောက်လောက် ဝင်ခွင့်ပေးတာလဲ”
စနစ်က ပြန်ဖြေသည်။
“အတိအကျ သတ်မှတ်ထားတာမျိုးတော့ မရှိဘူး ဒါပေမဲ့ တစ်ယောက်ချင်းစီတိုင်းက မွေးရာပါ အရည်အချင်းတော့ ရှိရမယ်၊ ပြီးရင် ကျောင်းတော်က သင်ရိုးတွေကို သင်ယူနိုင်ရမယ်၊ ကျောင်းတော်က အဲလိုလူတွေ အားလုံးကို အကန့်အသတ်မရှိ လက်ခံတယ်”
လင်ရှုက နည်းနည်း စိတ်သက်သာသွားသည်။ သူပြောသည့်အတိုင်းဆိုလျှင် သူသည် တစ်စုံတစ်ယောက်၏ နေရာကို လုယူမိသလိုဖြစ်ပြီး အနာဂတ်တွင် ဒုက္ခရောက်နိုင်စရာ မရှိတော့ပေ။
စနစ်က သူ့ကို ပြောသည်။
“အစီအရင် ထွက်ပေါက်က ဒီမှာ မဟုတ်ဘူး ကျုပ်နောက်က လိုက်ခဲ့ပါ”
လင်ရှုသည် စနစ်နောက်မှလိုက်ပြီး တောင်ပေါ်က ဆင်းလာခဲ့သည်။ တောင်ခြေတွင် မြစ်ကို ဖြတ်ကူးမည့် ကူးတို့ဆိပ် ရှိသည်။ တစ်ဖက်မှ တောင်ကြောတစ်လျှောက်တွင် အဆောက်အဦးပုံရိပ် အချို့ကို ဝေဝေဝါးဝါး မြင်ရသည်။
“မင်း ကျောင်းတော်ကို ဝင်ခွင့်ရရင် အဲဒီမှာ နေရမှာ”
စနစ်သည် ဝါးဖောင်ပေါ် တက်လိုက်ပြီး
“တက်ခဲ့”
ထူးဆန်းသည်။ တောင်ထိပ်တွင် မနက်ခင်း ဖြစ်သော်လည်း တောင်ခြေတွင် ညဘက်ဖြစ်နေသည်။ ညသည် အုံ့မှိုင်းနေပြီး မြစ်ရေပြင်သည် မြူများဖြင့် ဖုံးလွှမ်းနေသည်။ စနစ်သည် ဖောင်ကို မြစ်ရေစီးကြောင်းအတိုင်း လိုက်စေပြီး နောက်တစ်ခဏတွင် သူတို့သည် အဖြူရောင်မြူပင်လယ်ထဲသို့ ရောက်သွားသည်။ လင်ရှု ရုတ်တရက် ကမ္ဘာကြီးတွင် ပြောင်းလဲမှုကြီး တစ်ခု ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူသည် အလွန်ကို စိတ်လက်ပေါ့ပါးပြီး နွေးထွေးနေခဲ့သော်လည်း ရုတ်တရက် ပူလောင်က မွန်းကြပ်လာသည်။ ပြုတ်ထားသလို လေထုနှင့် ပြင်ပကမ္ဘာကြီးက သူ့ကို ဤသို့ ကြိုဆိုခဲ့ပါသည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် နေ့လည်ခင်းတောင် ရောက်လုပြီဖြစ်သည်။ သူ၏ အားနည်းလှသော ခန္ဓာကိုယ်က ဤနေရာတွင် နေ့တစ်ဝက်ကြာအောင် မတ်တပ်ရပ်နေခဲ့သည်။ သူသည် မူးဝေနပြီး သတိလစ်မလိုဖြစ်လာကာ မည်သို့ ပြောရမှန်းမသိအောင် နေလို့မကောင်းတော့ပေ။ အရိပ်ရသော နေရာတစ်ခုသို့သာ သွားချင်တော့သည်။ သို့သော် သူ့လက်ကောက်ဝတ်ကို လီကျီမောက်နှင့် တွဲချည်ထားခံရကာ ကြိုးတွင် မရေမတွက်နိုင်သော အထုံးများဖြင့် အသေချည်ထားသေးသည်။ သူမည်သို့ ကြိုးစားပါစေ ကြိုးကို လုံးဝ ဖြည်မရချေ။
10 04
လီယာမောက် ပုံရိပ်ယောင် အစီအရင်မှ နိုးထလာချိန်တွင် အသက်ကို အလုအယက်ရှူနေရရှာသော လင်ရှုကို တန်းမြင်လိုက်ရသည်။
လီယာမောက် လိပ်ပြာလွင့်မတတ် ကြောက်သွားပြီး
“ဝေါသယ့်ထျန်း”
အသက်အောင့်ထားလိုက်မိပြီး ဆောင်းတွင်းတွင် ရေခဲရေဖြင့် လောင်းချခံလိုက်ရသလို တောင့်တင်းသွားသည်။
လီယာမောက် သူ့ကို အရိပ်ရသော နေရာတစ်ခုသို့ အလျင်အမြန် ဆွဲခေါ်သွားသည်။ သို့နှင့် လင်ရှု၏ လက်ကောက်ဝတ်တွင် ချည်ထားသော ကြိုးတစ်ဖက်မှသူသည်လည်း အလိုလျောက် ပါလာတော့သည်။ ကံကောင်းစွာဖြင့် လီကျီမောက်သည် အလွန်ကို လျင်မြန်စွာ အသိပြန်ဝင်လာခဲ့သည်။ သူတို့သည် လင်ရှုကို ခန်းမအပြင်ဘက်သို့ မြန်မြန် ခေါ်သွားပြီး ပဲစိမ်းစွပ်ပြုတ် ပွဲကြီးတစ်ပွဲလုံး တိုက်ခဲ့ကြသည်။ သို့မှသာ လင်ရှု ဖြည်းဖြည်းချင်း သက်သာလာသည်။
လင်ရှု “......”
သူ၏ ခန္ဓာကိုယ်သည် အလွန်ကို မုန်းစရာကောင်းလှသည်။ သူ့ဆရာဆီမှ ပညာမသင်ရသေးခင်မှာပင် သေသွားတော့မလို့ပင်.
ပုံမှန်ဖြစ်လာသည့် သူ့ကို ကြည့်ပြီး ညီအစ်ကိုနှစ်ယောက်မှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်ကြသည်။ သူတို့သည် မြည်းကို ဆွဲ၍ အိမ်ပြန်ဖို့ ပြင်ဆင်ကြသည်။
လီယာမောက်က ပြောသည်။
“ကျိကော အခြေအနေ ဘယ်လိုရှိခဲ့တုန်း”
လီကျီမောက်က ခေါင်းကိုယမ်း၍ ပြောလိုက်သည်။
“ငါ့ကို စစ်ဆေးတဲ့ ထာဝရရှင်သန်သူက ငါ့ကို အိမ်ပြန်ပြီး ရိုးရိုးသားသားပဲ လုပ်ကိုင်စားသောက်ဖို့နဲ့ ဒီလမ်းကို လျှောက်ဖို့ မသင့်တော်ဘူးလို့ အကြံပေးလိုက်တယ်”
လီယာမောက်က ရယ်သွမ်းသွေးလိုက်သည်။ သူ၏ ပုံစံမှာ အနည်းငယ်ပင် ကြောက်စရာကောင်းနေသေးသည်။ သူသည် မြည်းကို ခပ်ပြင်းပြင်းလေး ရိုက်လိုက်ကာ
“ကျွန်တော် ဘယ်လို ကြုံခဲ့ရလဲ မှန်းကြည့်”
******