Chapter - 7 : ရုပ်ရှင်ဧကရာဇ်က အဓိက ဇာတ်ဆောင် ( 1 )
Viewers 824

Red carpet အခမ်းအနားအစီအစဉ်မှာ ရှုပ်ထွေးမှုများကြောင့် ဖျက်သိမ်းခဲ့ရသော်လည်း ချန်းချန်အန်းသည် အံ့အားသင့်ဖွယ်ပင် ကျန့်ရုန်ယွီကို ကျေနပ်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ရွှီချန်ဇစ် ကုမ္ပဏီမှ ယူလာသော ဇာတ်ညွှန်းများမှာ နည်းရမည့်အစား ပိုများလာခဲ့သည်။

( ရွှီချန်ဇစ်က ချန်အန်းရဲ့ မန်နေဂျာကျယ်ကျဲပါ )

သူမက မှော်ဆန်သောအရာတစ်ခု ကို ကြည့်သော မျက်လုံးမျိုးဖြင့် ချန်းချန်အန်းကို စိုက်ကြည့်နေ၏။

“နင် ဘယ်လို အချစ်ဆေးရည်တွေ မစ္စတာကျန့်ကို ပေးထားတာလဲ၊ နင်က ငွေကုန်ပေါက်ကြီးဆိုတာ သိလျက်နဲ့ နင့်အပေါ် ဆက်ပြီး ငွေတွေ ပုံအောနေတုန်းပဲ"

"ငွေကုန်ပေါက်ကြီးဆိုတာက ဘာလဲ ကျွန်တော်က တက်သစ်စ ကြယ်ပွင့်လေးပါ"

ချန်းချန်အန်းက ကန့်ကွက်သည်။

"ကျွန်တော့် အောင်မြင်ဖို့ အလားအလာရှိတယ်ဆိုတာကို ယုံကြည်‌လို့ မရဘူးလား"

ရွှီချန်ဇစ်က လေးနက်စွာ ပြောလိုက်၏။

"ရိုးရိုးသားသားပြောရရင်၊ နင် ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်နိုင်မယ်လို့ ယုံကြည်မယ့်အစား မစ္စတာကျန့်က နင့် မျက်နှာကို ကြည့်ပြီး တစ်နေ့နေ့ကျ ကုမ္ပဏီကို နင့်ဆီ ပေးလိုက်လိမ့်မယ်ဆိုတာကို ငါ ပိုယုံတယ်"

အတိုချုပ်ပြောရလျှင် ကျန့်ရုန်ယွီ၏ ထူးချွန်ထက်မြက်သော ခေါင်းဆောင်တစ်ဦးအဖြစ် ပုံရိပ်မှာ တူ ဖြစ်နေသူ ချန်းချန်အန်းကြောင့် ပျက်စီးသွားရသည်။

ချန်းချန်အန်းမှာ ယခင်က သရုပ်ဆောင်လောကတွင် အရန်ဇာတ်ကောင် တစ်ဦး ဖြစ်ခဲ့၏။ သူ ဝက်သား မစားဖူးသော်လည်း ဝက်ပြေးသည်ကိုတော့ မြင်ဖူးသည်။ မည်သည့်ရုပ်ရှင်များက အောင်မြင်ပြီး မည်သည့်ရုပ်ရှင်များက ကျရှုံးမည်ကို သူ ယေဘုယျအားဖြင့် ပြောနိုင်ခဲ့သည်။

( ပြောချင်တာက ချန်အန်း အရင်ဘဝက အရန်ဇာတ်ကောင် ဖြစ်ခဲ့တာကြောင့် ဇာတ်လိုက်လို နေရာကောင်းတွေ သရုပ်မဆောင်ဘူးပေမဲ့ ဘယ်ရုပ်ရှင်တွေက ဇာတ်ကောင်တွေကို လူကြိုက်များနိုင်တယ်ဆိုတာ ခန့်မှန်းမိတယ်လို့ ပြောတာပါ )


ကျန့်ရုန်ယွီက သူ့အတွက် ပြင်ဆင်ပေးထားသော အဆက်အသွယ် အရင်းမြစ်များက ကောင်းမွန်သော်လည်း ထိပ်တန်းအောင်မြင်သော ဇာတ်ကားများ မဟုတ်ပေ။

နောက်ဆုံးတွင် အမှန်တကယ် ထူးချွန်သော ဇာတ်ညွှန်းများမှာ ရန်ပုံငွေ သို့မဟုတ် ကောင်းမွန်သော သရုပ်ဆောင်များကို ဘယ်သောအခါမှ မလိုအပ်သကဲ့သို့၊ ကျန့်ရုန်ယွီပင်လျှင် တစ်စုံတစ်ယောက်ကို သရုပ်ဆောင်အဖြစ် အတင်းအကျပ် ထည့်သွင်း၍ မရနိုင်ပေ။

ချန်းချန်အန်းမှာ သက်ပြင်းချလိုက်သည်။

ရွှီချန်ဇစ်က အံ့ဩသွား၏။

"ဒီလောက်ကောင်းတဲ့ ဇာတ်ညွှန်းတွေရတာတောင် နင် မကျေနပ်သေးဘူးလား၊ ဒါက မစ္စတာကျန့်ရဲ့ ငွေ‌တွေအများကြီး သုံးထားရတာလေ"

"တခြားဟာတွေ ရှိသေးလား ကျွန်တော့်ကို ထပ်ပြပါဦး"

ချန်းချန်အန်းက သူ၏လက်ကို ဆန့်ပေးလိုက်သည်။

"ချန်းချန်အန်း၊ နင့်ကို ငါတို့ အရမ်း ချီးကျူးလွန်းလို့ နင့်ရဲ့ အကဲဖြတ်မှုတွေက အရမ်းကောင်းတာလို့ နင် တကယ် ထင်နေတာလား"

ရွှီချန်ဇစ် စိတ်ထဲရှိသည့်အတိုင်း ပြောလေတော့၏။

"နင် ဒီလို မတွေးရဘူး၊ ဥပမာပြောရရင် အရင် တစ်ခေါက်က နင့်ရဲ့ ကမ်းခြေ‌ဆောင်း ဦးထုပ်ကို ငါ ချီးကျူးတုန်းကလေ၊ အဲတာ နင့်ကို ရယ်စရာလုပ်ပြီး ပြောတာ… အဲဒီ ဦးထုပ်က လင်းတငှက်အသိုက်လိုပဲ၊ ရုပ်ဆိုးချက်က လက်လန်တယ်၊ လစာတိုးအောင်လို့ ငါ့ရဲ့ ခံစားချက်တွေကို ဆန့်ကျင်ပြီး ပြောလိုက်တာ

နင့်ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေနဲ့ ပတ်သက်ပြီး လုံးဝ အထင်မလွဲပါနဲ့"

ချန်းချန်အန်းသည် မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏ သူ့ကိုယ်သူ သတိမမူမိခြင်းကို အနည်းငယ် နားလည်လာ၏။

"ကျဲက များသောအားဖြင့် ကျွန်တော့်ကို ဝင်မစွက်ဖက်တတ်ပါဘူး၊ ဒီနေ့မှ ဘာလို့ ကျွန်တော်နဲ့ ငြင်းခုန်နေတာလဲ”

ရွှီချန်ဇစ်က အလွန် ရိုးသားသူပင်။


"နင့်ကို ငါ တိုက်တွန်းဖို့ မကြိုးစားရင် ငါ့ရဲ့ ထမင်းအိုးကို နင် ရိုက်ခွဲပစ်မှာ ငါ ကြောက်တယ်၊ ငါ မနက်ဖြန် နိုးလာလို့ ဒီကုမ္ပဏီမှာ ငါ့ရဲ့လုပ်ငန်းခွင် မရှိတော့ရင် ငါ ဘယ်သူ့ကို သွားတိုင်ရမလဲ"

"ချန်ဇစ်ကျဲ ကျွန်တော့်ကို ဒီတစ်ခါတော့ ယုံကြည်ပေးပါ"

ချန်းချန်အန်း လည်ချောင်းနာသွားသည်။

"ကျွန်တော့် ရုပ်ရှင်ရှုံးသွားရင်တောင် ကျဲကို လစာတိုးပေးပါ့မယ်"

"ဒါဆို ကောင်းတာပေါ့"

စိတ်ချလက်ချဖြင့် ရွှီချန်ဇစ်က ကျန်ရှိသော ဇာတ်ညွှန်းများကို ချက်ချင်း ပေးအပ်လိုက်ပြီး သူမ ခဏတာမျှ နောက်ကျသွားလျှင် ချန်းချန်အန်းက သူ့ကတိကို ရုပ်သိမ်းသွားမည်ကို စိုးရိမ်နေခဲ့သည်။

“သေချာရွေး ချန်ဇစ်ကျဲက အမြဲတမ်း နင့်ဘက်ကနေ မားမားမတ်မတ် ရပ်တည်‌ပေးမှာ"

"ကျဲ ခုနက ဒီလို‌ မပြောပါဘူး"

ချန်းချန်အန်းသည် အလုပ်လုပ်သော ပညာရှင်များ၏ ပြောင်းလွယ်ပြင်လွယ်မှုနှင့် လိုက်လျောညီထွေရှိမှုကို အလွန်အံ့ဩမိ၏။

ရွှီချန်ဇစ်က သူ၏ပခုံးကို ပုတ်ကာ အဓိပ္ပာယ်ရှိရှိ ပြောသည်။

"ပေးတဲ့လစာပေါ် မူတည်တာပေါ့၊ ဘယ်သူက လစာ ဆယ့်ရှစ် လစာပေးတဲ့ အလုပ်ကို ငြင်းမှာလဲ၊ သူတို့က ငါ့ကို သုံးဆယ့်ခြောက်လစာ ပေးမယ်ဆိုရင် နင့်အတွက် သရုပ်ပါဆောင်ပေးမယ်၊ နင် သရုပ်ဆောင်တာ မကောင်းဘူးလို့ ဘယ်သူပြောပြော ငါက ထိပ်ဆုံးကနေ မဟုတ်ကြောင်း ငြင်းမယ်"

“... ကျေးဇူးတင်ပါတယ်”

ချန်းချန်အန်းက တီးတိုးစွာ ပြောလိုက်၏။

………

ချန်းချန်အန်းမှာ နောက်ဆုံးတွင် ဇာတ်ညွှန်းများကို စတင် ဖတ်ရှုတော့သည်။ ရှာဖွေကြည့်ပြီးနောက် အမှန်တကယ် ကောင်းမွန်သော ဇာတ်ညွှန်းတစ်ခုကို တွေ့ရှိခဲ့၏။


နာမည်မကြီးသော ဒါရိုက်တာငယ်လေးတစ်ဦးက အနုပညာရုပ်ရှင်တစ်ခု ရိုက်ကူးလိုသည်။ သူ့၌ ကျွမ်းကျင်သော အဖွဲ့သားများနှင့် ကျောင်းဝန်းအတွင်း အနိုင်ကျင့်မှုနှင့် လူမှုရေး ပြဿနာများအကြောင်း ဇာတ်ညွှန်း ပါရှိ၏။

သရုပ်ဆောင်များ အားလုံးက ဝါရင့်သရုပ်ဆောင်များ ဖြစ်ကြသည်။ အရေးကြီးဆုံး ဇာတ်ကောင်များဖြစ်သည့် ဇာတ်လိုက် နှင့် ဒုတိယဇာတ်လိုက်ကို မရွေးချယ်ရသေးသော်လည်း အလွန် ယုံကြည်စိတ်ချရပုံပေါ်၏။

"ကျွန်တော် ဒီဟာ ရိုက်မယ်"

သူ ကျေနပ်စွာ ဇာတ်ညွှန်းကို ရွေးပြီးနောက် ရွှီချန်ဇစ်ကို ပေးလိုက်သည်။

"မရဘူး ဒီဇာတ်ညွှန်းထဲက လှပပြီး ဦးနှောက်မရှိတဲ့ ဗီလိန်ဇာတ်ရုပ်က လူရွေးပြီးသားကြီး"

ရွှီချန်ဇစ်က ဇာတ်ကောင် သတ်မှတ်ချက်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။

"တခြားတစ်ခု ရွေးလိုက်ပါ"

ချန်းချန်အန်းက နဖူးတွန့်လိုက်၏။

"ကျွန်တော်က ဗီလိန်နေရာ သရုပ်ဆောင်မှာ မဟုတ်ဘူး၊ ကျွန်တော်က ဒုတိယဇာတ်လိုက် ဖေရှန့်ယိအဖြစ် သရုပ်ဆောင်မှာ"

ရွှီချန်ဇစ်က သူ နောက်နေသည်ဟု ထင်နေဆဲပင်။

“မနောက်ပါနဲ့ ဗီလိန်ကမှ ဇာတ်ဆောင် ဖြစ်နိုင်သေးတယ်၊ နင့်အတွက် ဇာတ်ညွှန်းအသစ် ရှာပေးမယ်"

"ချန်ဇစ်ကျဲ ကျွန်တော် ဒါကို ကောင်းကောင်း သရုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်တယ်"

"အင်း ဟင်း.. နင် အကောင်းဆုံးပဲ နင် သေချာပေါက် ကောင်းကောင်း သရုပ်ဆောင်နိုင်မှာသိပါတယ်၊ ဒါပေမဲ့ ဒီဇာတ်ညွှန်းက မကောင်းလို့ပါ ပြောင်းရအောင်နော်"

ရွှီချန်ဇစ်က ကလေးတစ်ယောက်ကို ချော့နေ‌သော လေသံမျိုးဖြင့် ပြော၏။


ချန်းချန်အန်းက မယုံကြည်နိုင်ဟန်ဖြင့် ပြန်ကြည့်သည်။

“ကျွန်တော်က ရယ်စရာကောင်းနေလို့လား"

ရွှီချန်ဇစ်က သူ၏ နောက်ဆုံး ဂုဏ်သိက္ခာကိုမူ ထိန်းသိမ်းပေးလိုက်၏။

“သိပ်လည်း မဟုတ်ပါဘူး နည်းနည်းလေးပါ"

ချန်းချန်အန်းက အကြောင်းပြချက်‌ပေး ခြင်းကို လက်လျှော့လိုက်ပြီး သခင်ကြီး တစ်ဦးကဲ့သို့ ကုလားထိုင်ပေါ်တွင် နောက်သို့ မှီလိုက်ကာ ဇာတ်ညွှန်းကို လက်ချောင်းဖြင့် ထောက်ကာ ပြောလိုက်သည်။

"ကျွန်တော် ဖေရှန့်ယိ နေရာကိုပဲ သရုပ်ဆောင်မယ်၊ တခြား ဘယ်‌မှာမှ သရုပ်မဆောင်နိုင်ဘူး"

"ဟုတ်ပြီ"

ရွှီချန်ဇစ်က သူ့၏ ခိုင်မာသော လေသံကို ကြားရသောအခါ သူ့အား တိုက်တွန်းခြင်းကို ရပ်လိုက်၏။

“မင်းကို သရုပ်ဆောင်သင်ဖို့ အနုပညာအတန်း နှစ်ခုဆီ ပို့ပေးမယ် မဟုတ်ရင် အရမ်းရှက်စရာကောင်းလိမ့်မယ်၊ ပြီးတော့ မစ္စတာကျန့်ကိုလည်း ငါ ရှင်းပြနိုင်မှာ မဟုတ်ဘူး"

"အဆင်ပြေပါတယ် ဦးလေးရုန်လည်း စိတ်ထဲ ထားမှာ မဟုတ်ပါဘူး"

ချန်းချန်အန်းက တွေးကြည့်သည်။

' ပန်းအိုးတစ်ခုက ဘယ်လိုပုံသဏ္ဌာန် ရှိတယ်ဆိုတာကို ဘယ်သူဋ္ဌေးကြီးက ဂရုစိုက်မှာလဲ၊ ဒီရုပ်ရှင်ရှုံးရင် ကျန့်ရုန်ယွီရဲ့ ဗီလာမှာ တံခါးစောင့်အဖြစ် ကောင်းကောင်း ရပ်ပေးမဲ့ နာခံတတ်တဲ့ လူတစ်ယောက် အဖြစ်ပဲ အစားထိုးလိုက်တော့မယ် '

'မွေးဖွားခြင်း’ ဟု အမည်ပေးထားသော ကျောင်းတွင်းအနုပညာ ရုပ်ရှင်သည် အဓိကအားဖြင့် ကျန်ချန်ဖန်းနှင့် ဖေရှန့်ယိတို့၏ အပြန်အလှန် ကယ်တင်ခြင်း ဇာတ်လမ်းပင်။

ဖေရှန့်ယိမှာ မိဘများ စောစီးစွာ ကွယ်လွန်ခဲ့သောကြောင့် မိဘမဲ့ ဖြစ်ခဲ့ရပြီး ကျောင်းဝန်းအတွင်း အနိုင်ကျင့်ခြင်းကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရကာ သူ့တွင် အားကိုးစရာ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။

မိဘများက အလုပ်များသောကြောင့် မိဘများ၏ ဂရုစိုက်မှုကို မရသော ကျန်ချန်ဖန်းမှာ အတန်း၏ စည်းကမ်းထိန်းသိမ်းရေး ဖြစ်သည်။


သူသည် အနိုင်ကျင့်ခံရခြင်းကို သတိပြုမိပြီး ကနဦး လျစ်လျူရှုထားမှုမှ နားလည်မှုနှင့် သနားကရုဏာသို့ ပြောင်းလဲကာ ဖေရှန့်ယိကို ကူညီ၏။

နောက်ဆုံးတွင် သူတို့နှစ်ဦး အချင်းချင်း ကူညီပံ့ပိုးကာ တက္ကသိုလ်ကောင်းများသို့ ဝင်ခွင့် ရရှိခဲ့ကြသည်။

ဖေရှန့်ယိ၏ ဇာတ်ရုပ်မှာ တကယ်တမ်းပြောရလျှင် ဒုတိယဇာတ်လိုက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်ချန်ဖန်း၏ စရိုက် ပြောင်းလဲခြင်းမှာ အဓိကဇာတ်ကွက် ဖြစ်သောကြောင့်ပင်။

သို့သော် ဖေရှန့်ယိ၏ ဇာတ်ရုပ်ကို ကောင်းစွာ သရုပ်ဆောင်နိုင်ပါက ပရိသတ်များကြားတွင်လည်း အလွန် ရေပန်းစားလာလိမ့်မည်။

"အဲဒါ မဖြစ်နိုင်ပါဘူး"

ရွှီချန်ဇစ်က ကြားသောအခါ ခေါင်းခါလိုက်သည်။

"ငါ့ရဲ့ အတွေ့အကြုံအရတော့ ပရိသတ်ကြားမှာ ရေပန်းစားမှုကို ဒီလို မကြည့်ဘူး"

ချန်းချန်အန်းက စိတ်အားထက်သန်စွာ မေး၏။

“ဒါဆို ဘယ်လိုကြည့်ရမလဲ"

ရွှီချန်ဇစ် က ယုံကြည်မှုရှိစွာ ပြောသည်။

"ကြည့်စရာမလိုဘူး နင် ဘယ်ဇာတ်ကောင်ကိုပဲ သရုပ်ဆောင်ဆောင် အဲဒီ ဇာတ်ကောင်က ပရိသတ်တွေကြား ရေပန်းစားမှာ မဟုတ်ဘူး"

သူမ သတိရမိသည်မှာ ချန်းချန်အန်း နူးညံ့သော ဝန်ကြီးချုပ်အဖြစ် သရုပ်ဆောင်စဉ်အခါက ပရိသတ်များက သူ့အား ဟန်ဆောင်ပြုံးနေသော မိန်းမစိုးဟု ခေါ်ခဲ့ကြသည်။

သူမ နောက်ထပ် သတိရမိသည်မှာ ချန်းချန်အန်း ကျဆုံးသွားသော ဖီးနစ်အဖြစ် သရုပ်ဆောင်စဉ်အခါကလည်း ပရိသတ်များက သူ့ကို ဒုက္ခသည် တောကြက်ဟု ခေါ်ခဲ့ကြ၏။

သူမ ပြန်တွေးမိသည်...' ဘာပဲဖြစ်ဖြစ်၊ ဒါတွေ အားလုံးက ခါးသီးတဲ့ မျက်ရည်စက်တွေရဲ့ ပုံပြင်တွေပဲ '


………

နှစ်ရက်အကြာတွင် ရွှီချန်ဇစ် က ချန်းချန်အန်းအား အသိပေး၏။

" 'မွေးဖွားခြင်း' ရုပ်ရှင်ရဲ့ ဒါရိုက်တာကျန်းယိုချွမ်းက တကယ်ခေါင်းမာတဲ့ လူပဲ၊ မစ္စတာကျန့်က အဓိက ရင်းနှီးမြှုပ်နှံမှု‌ လုပ်ထားတာတောင် မလုံလောက်သေးဘူး၊ သူက နင့်ကို အစမ်းသရုပ်ဆောင်ခိုင်းဦးမယ်၊ အဲဒါပြီးမှ နင့်ကို ဇာတ်ကောင် ပေးမယ်တဲ့၊ အခု ဘာလုပ်ရမလဲ”

“ဒါဆို သွားကြရအောင်”

ချန်းချန်အန်းက ယုံကြည်မှုရှိစွာ ပြော၏။

“လမ်းတစ်ခုက လျှောက်ဖို့ ခက်ခဲရင် အဲဒါ အပေါ်ကို တက်နေတဲ့လမ်းပဲ ဖြစ်ရမယ်”

ရွှီချန်ဇစ်က သဘောမတူပေ။

“လမ်းတစ်ခုက လမ်းလျှောက်ဖို့ ခက်ရင် နင် အစကတည်းက လမ်းမှားရွေးမိတာရော မဖြစ်နိုင်ဘူးလား"

"ချန်ဇစ်ကျဲ၊ ကျဲ တစ်နေ့တစ်ခါ ကျွန်တော့်အပေါ် ရေအေး မလောင်းချရရင် နေရထိုင်ရ မကောင်းဘူး ဖြစ်နေတာလား"

ချန်းချန်အန်းက အံကြိတ်ပြောသည်။

သူမက သူ့ကို ချစ်မြတ်နိုးသော အကြည့်ဖြင့် ကြည့်၏။

"မင်းလို ကမ္ဘာကြီးရဲ့ကျယ်ပြောမှုကို မသိတဲ့ သစ်ပင်ငယ်လေးကို တစ်နေ့တစ်ခါ ရေလောင်းဖို့လိုတယ်၊ အဲဒါမှ အဆင်ပြေမှာ”

နောက်ပြောင်ခြင်းကို ဘေးဖယ်ထားပြီး ရွှီချန်ဇစ်က ချန်းချန်အန်းအား အစမ်းသရုပ်ဆောင်ရန်အတွက် ရုပ်ရှင် စတူဒီယိုသို့ ကိုယ်တိုင် မောင်းပို့ပေးခဲ့၏။

ဒါရိုက်တာ ကျန်းယိုချွမ်းမှာ ချန်းချန်အန်း စိတ်ကူးထားသည်ထက် ငယ်ရွယ်သည်။ သူ့၌ ပုံမှန် အနုပညာသမား၏ မျက်နှာအချိုးအစားမျိုး ရှိ၏။

၁၈၀ စင်တီမီတာခန့် မြင့်ပြီး သူ၏ အနည်းငယ် ရှည်သော ဆံပင်ကို မြင်းမြီးကဲ့သို့ စည်းထားသည်။ သူသည် ထူးခြားဆန်းပြားသော ဒေါင်းကဲ့သို့ ဝတ်ဆင်ထား၏။


ချန်းချန်အန်းကို မြင်သောအခါ သူက သူ့မေးစေ့ကို အနည်းငယ် ပင့်လိုက်သည်။

"မစ္စတာကျန့်က ဖေရှန့်ယိ နေရာအတွက် အစမ်းသရုပ်ဆောင်ဖို့ လွှတ်လိုက်တဲ့ ဆွေမျိုးဆိုတာ မင်းလား၊ မင်းက တော်တော်တော့ ချောတာပဲ၊ မစ္စတာကျန့် သဘောကျတာ အံ့ဩစရာ မရှိပါဘူး"

အဖွဲ့သားအားလုံး၏ မျက်လုံးများ ချက်ချင်း ရောက်လာသည်။ ချန်းချန်အန်း စကားမပြောနိုင်ဖြစ်သွားရ၏။

“... ကျွန်တော့်နာမည်က ဆွေမျိုး မဟုတ်ပါဘူး၊ ကျွန်တော့်မှာ ကိုယ်ပိုင်နာမည် ရှိပါတယ် ကျွန်တော်က ချန်းချန်အန်းပါ"

ကျန်းယိုချွမ်းက နားမထောင်နေသည်မှာ ထင်ရှား၏။

"ကောင်းပြီ၊ ကျန့်ချန်အန်း"

“ချန်း! ချန်းချန်အန်း!”

ချန်းချန်အန်း၏ နှုတ်ခမ်းထောင့်များ တုန်သွားသည်။

ကျန်းယိုချွမ်းက ပေါ့ပေါ့ပါးပါးပင် ဇာတ်ညွှန်းကို ကောက်ယူ၍ စာမျက်နှာများကို လှန်လိုက်၏။ မကြည့်ဘဲ သူ ရောက်သွားသော ကျပန်း စာမျက်နှာကို ချန်းချန်အန်းအား ပေးလိုက်သည်။

“ဒီမြင်ကွင်းကို သရုပ်ဆောင်ကြည့် ကောင်းကောင်း လုပ်နိုင်ရင် ဒီနေရာက မင်းအတွက်ပဲ"

“မကောင်းရင် ဘယ်လိုလုပ်မလဲ"

ချန်းချန်အန်းမှာ အနည်းငယ် စိုးရိမ်နေ၏။

"မကောင်းရင်... ငါ ကိုယ့်ကိုယ်ကို ဆန့်ကျင်ပြီး မင်းကို သရုပ်‌ဆောင်ခွင့်ပေးရမှာပဲ”

ကျန်းယိုချွမ်းက ပြောလိုက်ရာ သူ၏ စကားများက သူ၏ အနုပညာဆန်သော ပုံပန်းသဏ္ဌာန်နှင့် လုံးဝ မကိုက်ညီနေပေ။

“ဘယ်သူက ပိုက်ဆံကို ငြင်းနိုင်မှာလဲ၊ မစ္စတာကျန့်က ဒီလောက်‌ငွေတွေအများကြီး ပေးနေတာကို ရိုးရိုးသားသားပြောရရင် မင်း ဒီနေ့ မလာခဲ့ရင်တောင် မင်းအတွက် နေရာချန်ပေးပြီး မင်းကို ချီးကျူးအောင် မင်းရဲ့ အစမ်း သရုပ်ဆောင် မြင်ကွင်းတွေကို ရိုက်ကူးဖို့ မျက်နှာအစားထိုး၊ လက်အစားထိုးနဲ့ ခန္ဓာကိုယ်အစားထိုးတွေပါ စီစဉ်ပေးဦးမှာ"


ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ၏ မျက်လုံးများကို ကြည့်လိုက်ရာ မကျေနပ်မှုလက္ခဏာ တစ်စတစ်လေမှ မတွေ့ရပေ။ သူတို့သည် သူတို့၏ sugar daddy ကို လေးစားချစ်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည်မှာ ထင်ရှား၏။

ချန်းချန်အန်းမှာ ချက်ချင်း စိတ်အေးသွားပြီး ဇာတ်ညွှန်းကိုယူကာ လေ့လာလိုက်သည်။ ၎င်းမှာ ဖေရှန့်ယိနှင့် ကျန်ချန်ဖန်းတို့၏ ပထမဆုံး တွေ့ဆုံမှု မြင်ကွင်းပင်။

ဖေရှန့်ယိက အနိုင်ကျင့်ခံရပြီးနောက် လူရှင်းသော အတန်းထဲတွင် သန့်ရှင်းရေး တာဝန်ကို အပြီးသတ်ရန် ရပ်နေသည်။

သူ တံခါးဖွင့်သံကို ကြားလိုက်ရပြီး လှည့်ကြည့်ရာ ပစ္စည်းတစ်ခု ယူရန် ပြန်လာသော ကျန်ချန်ဖန်း ဖြစ်နေသည်ကို သိလိုက်ရ၏။

ကျန်ချန်ဖန်းက ဖေရှန့်ယိ၏ ဒဏ်ရာများကို အပြည့်အဝ သိရှိသော်လည်း မမြင်ချင်

ယောင်ဆောင်ကာ ခေတ္တမျှ နှုတ်ဆက်ပြီး သူ၏ ပစ္စည်းကို ယူကာ ပြန်ထွက်သွားသည်။

ကျန်းယိုချွမ်းက ရုတ်တရက် သူ၏ အနုပညာဆန်သော အရိပ်အမြွက်ကို ပြသလာ၏။

"ငါ အဓိကဇာတ်လိုက်ကို ရှာထားပြီးပြီ၊ သူ့ကို မက်ဆေ့ချ်ပို့ထားတယ်၊ သူ ခဏနေလို့ တံခါးကနေ ဝင်လာတာနဲ့ စသရုပ်ဆောင်မယ်၊ ငါ အံ့အားသင့်သွားတဲ့ ခံစားချက်မျိုးကို လိုချင်တယ်"

ချန်းချန်အန်းက နားလည်ကြောင်း ခေါင်းညိတ်ပြီး တစ်ကိုယ်လုံး ဖူးယောင်နေသော်လည်း တံမြက်စည်း လှဲနေရင်း အားတင်းဟန်ဆောင်နေသည့် အခြေအနေသို့ လျင်မြန်စွာ ညှိယူလိုက်သည်။

သူ ဤအခြေအနေကို မည်သို့ သရုပ်ဆောင်ရမည်ကို သိသည်။ နောက်ဆုံးတွင် ကျန်းပေါ်ချင်းကြောင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများက သူ့အား အမှန်တကယ် ဒဏ်ရာရနေသကဲ့သို့ ခံစားရစေရန် လုံလောက်ခဲ့၏။

အခြား ကျန်ရှိသည်များမှာ ခေတ်သစ် သရုပ်ဆောင်လောကမှ အရန်သရုပ်ဆောင်တစ်ဦးအနေဖြင့် သူ၏ အကျွမ်းကျင်ဆုံး သရုပ်ဆောင်မှုများမှာ သေနတ်ပစ်ခံရခြင်း၊ သွေးအန်ခြင်းနှင့် မြေပြင်ပေါ်သို့ လဲကျခြင်းတို့ပင်။

ကျန်ရှိသော လိုအပ်သည့် အရည်အချင်းများကမူ မူရင်း ချန်းချန်အန်းထက် ပိုကောင်းမည် မဟုတ်ပေ။


ရိုက်ကွင်းမှာ ကျောင်းအပြီး အတန်းတစ်ခန်းသို့ ပြောင်းသွားပုံရ၏။ သူက တိတ်တဆိတ် တံမြက်စည်းကို ကိုင်ကာ ကြမ်းပြင်ကို လှဲနေသည်။ ထိုစဉ် သူ၏နောက်ကွယ်မှ တံခါးဖွင့်သံကို ရုတ်တရက် ကြားလိုက်ရ၏။

သူ့အား အနိုင်ကျင့်ခဲ့သူများ ပြန်လာပြီဟု ထင်သဖြင့် နောက်သို့ကျုံ့သွားကာ တံခါးပေါက်ကို ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။ ဦးစွာ ကြားလိုက်ရသည်မှာ ထိုလူ၏ နက်ရှိုင်းသော အသံကိုပင်။

"ငါပါ"


~~~