Chapter - 8 : ရုပ်ရှင်ဧကရာဇ်က အဓိက ဇာတ်ဆောင် ( 2 )
Viewers 816

ထိုအချိန်တွင် ချန်းချန်အန်းသည် သူ၏ မရှိမဲ့ရှိမဲ့ သရုပ်ဆောင် စွမ်းရည်လေးများကိုပါ ဆုံးရှုံးသွားပြီး အမှန်တကယ်ပင် အံ့အားသင့်သွား၏။

အံ့အားသင့်ရုံမျှမက၊ ရှင်းရှင်းလင်းလင်းပင် ကြောက်လန့်သွားခြင်း ဖြစ်သည်။

တံခါးဝမှ ဝင်လာသူမှာ ကျန်းပေါ်ချင်း ဖြစ်နေရခြင်းကို မည်သူက သူ့အား ရှင်းပြနိုင်မည်နည်း။

ချန်းချန်အန်း မျက်လုံးများ ပြူးကျယ်လျက် ရပ်နေသည်ကို မြင်သောအခါ ကျန်းယိုချွမ်း ခေါင်းကိုက်လာသည်။

"မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က အချိန်အကန့်အသတ်ရှိတဲ့ အစမ်းသုံးကတ်ကြီးလား၊ ပထမတစ်ဝက်အတွက်ပဲ လုံလောက်တာလား”

ကျန်းပေါ်ချင်းမှာလည်း ချန်းချန်အန်းကို မြင်သောအခါ တောင့်ခနဲဖြစ်သွားပြီး မသိစိတ်ဖြင့် ရပ်နေ၏။

သူတို့နှစ်ဦးစလုံး ရုပ်တုများ ဖြစ်သွားသည်။ ကျန်းယိုချွမ်းက တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ချက်ချင်း သတိပြုမိပြီး စူးစမ်းစွာ မေး၏။

"မင်းတို့ နှစ်ယောက်က... ချစ်ကြိုက်ခဲ့ဖူးကြတယ် မဟုတ်လား"

ချန်းချန်အန်း ပြန်လည်ကောင်းမွန်လာသည်။

"ချစ်ကြိုက်တာထက် ပိုရှုပ်ထွေးတယ်၊ ဒါပေမဲ့ ချစ်ကြိုက်ခဲ့တာထက်လည်း ပိုရိုးရှင်းပါတယ်"

"ဒါဆို မင်းတို့က ဘာတွေလဲ"

ကျန်းပေါ်ချင်းသည် ချန်းချန်အန်းဆီမှ အသစ်အဆန်း စကားလုံးများ ထွက်လာမည်ကို စိုးရိမ်သောကြောင့် ချက်ချင်း ဖြတ်ပြောလိုက်၏။

“လုပ်ဖော်ကိုင်ဖက်တွေ"

ကျန်းယိုချွမ်း မျက်လုံးမှေးကာ ကြည့်လိုက်သည်။


“မင်းတို့နှစ်ယောက် အရင်က အလုပ်အတူတူလုပ်တာ မမြင်ဖူးပါဘူး"

“အခု လုပ်နေပြီလေ”

ကျန်းပေါ်ချင်းက တည်ငြိမ်စွာပင် ဖြေ၏။

“ချီးယား”

ကျန်းယိုချွမ်းက မထီမဲ့မြင်အမူအရာကို ပြသမည် ပြုသော်လည်း ရုပ်ရှင်ဧကရာဇ်မှာ သူ၏ရှေ့တွင် ရပ်နေပြီး စော်ကား၍ မရနိုင်ကြောင်း သတိရသွားသဖြင့် ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အို ငါ့အတွက် ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်လဲ၊ ရှူပြည်ဆီကို သွားမယ့် လမ်းကြောင်းက ဘာကြောင့် မြင့်မားပြီး မတ်စောက်နေရတာလဲ! ရှူပြည်ဆီကို သွားမယ့် လမ်းကြောင်းမှာ အခက်အခဲ မရှိဘူး၊ လက်ချင်းတွဲပြီး ရဲရဲဝံ့ဝံ့ တက်လှမ်းနိုင်တဲ့ ကာလပတ်လုံး၊ ငါတို့က ပျော်ရွှင်စရာ ပေါင်းစည်းမှုကို ရရှိနိုင်ပြီး ဒီခရီးစဉ်မှာ အကျိုးရှိမှာပဲ!”

( ကျန်းပေါ်ချင်းကို ချီးကျူးတဲ့ ဂန္ထဝင်စာပေနဲ့ ချီးကျူးလိုက်တာပါ )

“မင်းရဲ့ အထက်တန်းကျောင်းအဆင့် တရုတ်စာပေက တော်တော် ကောင်းတာပဲ”

ကျန်းပေါ်ချင်းက ရယ်မောလိုက်၏။

ကျန်းယိုချွမ်းက ခါးညွတ်အရိုအသေပေးသည်။

“ကျန်းလောင်ရှီးရဲ့ ကောင်းချီးပေးမှုကြောင့်ပါ"

တိတ်ဆိတ်စွာ ပြဇာတ်ကို ကြည့်ရှုနေသော ချန်းချန်အန်းမှာ စိတ်ရှုပ်လာ၏။

“ဒါရိုက်တာ၊ ခင်ဗျား ဒီထက်ပိုပြီး ကပ်ဖားရပ်ဖား လုပ်တတ်သေးလား"

…………


အမှန်စင်စစ် ဒါရိုက်တာကျန်းသည် ချန်းချန်အန်းကို လုပ်ရပ်ဖြင့် သက်သေပြတော့သည်။ ကပ်ဖားရပ်ဖား မဟုတ်ဘဲ၊ ပို၍ပင် ကပ်ဖားရပ်ဖား လုပ်တတ်သည်ဟူသော အရာပင်!

ရုပ်ရှင်ဖွင့်ပွဲအခမ်းအနားကို နေ့လယ်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထား၏။ ဒါရိုက်တာဖြစ်သူ ကျန်းယိုချွမ်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ရာ၊ ရင်းနှီးမြှုပ်နှံသူ ကျန့်ရုန်ယွီအား ပြိုင်ဘက်မရှိသော၊ ထိပ်တန်းပုဂ္ဂိုလ်အဖြစ် ဂန္ထဝင်စာပေ၊ နှိုင်းယှဉ်ချက်များနှင့်အတူ ချီးကျူးခဲ့သည်။

ရုပ်ရှင်ဧကရာဇ်ကျန်းကိုလည်း ကောင်းကင်ဧကရာဇ်နှင့် နတ်ဘုရားနယ်မြေတို့နှင့် နှိုင်းယှဉ်နိုင်သော ကိုယ်ကျင့်တရားနှင့် အနုပညာအရည်အချင်း ပြည့်ဝသည့် သရုပ်ဆောင်ပညာရှင်အဖြစ် ချီးကျူးခဲ့၏။

ချန်းချန်အန်းကိုလည်း တောက်ပသော အနာဂတ်နှင့် အကန့်အသတ်မဲ့ အလားအလာများဖြင့် တက်သစ်စ ကြယ်ပွင့်လေးအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

“ချန်းချန်အန်းက တကယ်အကူအညီရပြီး ခင်မင်တတ်တဲ့ လူလေးပါ"

သူသည် ချေးများသော ဒါရိုက်တာ၏ ထမင်းဘူးထဲရှိ ပဲစေ့များနှင့် အပ်မှိုများကို စားပေးခြင်းဖြင့် ကူညီခဲ့သည်။

“ချန်းချန်အန်းက ကမ္ဘာပေါ်မှာ လုံ့လဝီရိယရှိပြီး သင်ယူဖို့ စိတ်အားထက်သန်တဲ့ သူပါ"

သူသည် ကန်ဘေးရှိ လုံခြုံရေးဦးလေးထံမှ ကျောက်တုံးများကို ပိုမိုဝေးဝေးသို့ ပစ်တတ်အောင် သင်ယူခဲ့သည်။

"ချန်းချန်အန်းက ရုပ်ရည်မှာ ပြစ်ချက်မရှိတဲ့ ကောင်လေးပါပဲ"

ဤအချက်မှာတော့ အနည်းဆုံး မှန်သည်။

ချန်းချန်အန်းမှာ ခေါင်းတငိုက်ငိုက် ဖြစ်နေပြီး သူ့ဘေးတွင် ရပ်နေသော လူငယ် သရုပ်ဆောင်နှင့် စကားပြောနေ၏။

ထိလူ၏ အမည်က လုရန်ကျာပင်။

( တရုတ်ဘာသာစကားတွင် ‘ ကြုံရာလူ / အမည်မသိသူ’ နှင့် အသံထွက်ဆင်သည့် နာမည် )

ငွေကြေး အထောက်အပံ့ရှိသော ဒုတိယ ဇာတ်လိုက်က သူ့အား စကားပြောသည်ကို အံ့ဩသွားသော လုရန်ကျာက ကျန်းယိုချွမ်း အပေါ် သူ၏ မကျေနပ်ချက်များကို ပို၍ စိတ်အားထက်သန်စွာဖြင့် ဖောက်သည်ချကာ တိုင်တန်းလေတော့သည်။


“ဒါရိုက်တာကျန်းက ကောလိပ်ကတည်းက ဒီလိုပဲ၊ သူ အလုပ်သင် လုပ်နေတုန်းက ရင်းနှီးမြှုပ်နှံမှုမရလို့ ဇာတ်ညွှန်းတစ်ခု ဖျက်ချခံခဲ့ရတယ်၊ သူ သူ့အိမ်မှာ သုံးရက်ကြာအောင် ပိတ်နေခဲ့တာ…

သူ စိတ်ဓာတ်ကျသွားပြီလို့ ကျွန်တော်တို့ အားလုံး ထင်နေခဲ့ကြပေမဲ့ သူက ဆင်းရဲလို့ စိတ်ဓာတ်ကျတာ မဟုတ်ဘဲ၊ ဆင်းရဲဒုက္ခနဲ့ စိတ်ဖောက်ပြန်သွားခဲ့တာ၊ ရင်းနှီးမြှုပ်နှံသူတွေက အခု မြောက်ဝင်ရိုးစွန်းက ငါးစားချင်တယ်ဆိုရင်တောင် သူ က ဘာစကားမှ မပြောဘဲ ငါးလိုက်ဖမ်းပေးဖို့ ရေစီးကြောင်းအတိုင်း မျောသွားလိမ့်မယ်လို့ ကျွန်တော် ပြောရင် ခင်ဗျား ယုံမလား"

………

ချန်းချန်အန်းက ခေါင်းညိတ်၍ လက်မထောင်ကာ လှိုက်လှိုက်လှဲလှဲ သဘောတူလိုက်၏။

“ဒါရိုက်တာကျန်းက သာမန်လူမဟုတ်ဘူး"

ကျန်းပေါ်ချင်းမှာ မလှမ်းမကမ်းတွင် ရပ်နေပြီး သူ၏ နားများက ထက်မြက်လှသည်။

‘ကျန်း’ ဟူသော နာမည်ကို ကြားလိုက်ရသဖြင့် သူသည် ချန်းချန်အန်းဘက်သို့ လှည့်ကြည့်လိုက်ရာ ချန်းချန်အန်းမှာ သူ့ဘေးနားရှိ လူငယ်သရုပ်ဆောင်နှင့် ခေါင်းချင်းအပ်ကာ တစ်စုံတစ်ရာကို ပျော်ရွှင်စွာ ပြောဆိုနေသည်ကိုသာ တွေ့လိုက်ရ၏။

ကျန်းပေါ်ချင်း သူ့အား ကြည့်နေသည်ကို မြင်သောအခါ ချန်းချန်အန်းက ကျန်းပေါ်ချင်းကို တအံ့တဩ ကြည့်လိုက်ပြီး ကျန်းပေါ်ချင်းအား မျက်စိမှိတ်ပြလိုက်သည်။

ကျန်းပေါ်ချင်းက စိတ်အားထက်သန်မှုဖြင့် ချန်းချန်အန်းထံ လျှောက်သွား၏။ ချန်းချန်အန်း၏ ရှုပ်ထွေးသော အကြည့်နှင့် ဆုံတွေ့သောအခါမှ သူ ချန်းချန်အန်း၏ မိုက်မဲသော အမူအရာဖြင့် ထပ်မံ ဖမ်းစားခံရပြန်ပြီကို သတိပြုမိသွားသည်။

"ကျန်းလောင်ရှီး အဆင်မပြေတာ ရှိလို့လား"

ယဉ်ကျေးမှုအရ စိတ်ရင်းမှန်ဖြင့် နှုတ်ဆက်နေသော ချန်းချန်အန်းမှာ သိသိသာသာ စိတ်လှုပ်ရှားနေ၏။

"ဘာမှမရှိရင် လူတွေကို မျက်စိမှိတ်ပြတတ်တဲ့ အကျင့်မျိုး မလုပ်ပါနဲ့”

ကျန်းပေါ်ချင်းက သူ၏မျက်လုံးများကို နှိမ့်ချကာ သူ့ရှေ့ရှိ တောက်ပသော မျက်နှာကို ကြည့်လိုက်၏။

"မသိရင် မင်းရဲ့ မျက်လုံးက အကြောဆွဲနေသလိုပဲ"


အပြစ်ကင်းသော ချန်းချန်အန်း :

' …ဘာဖြစ်နေတာလဲ လမ်းပေါ်မှာ ပုံမှန် လမ်းလျှောက်နေတာတောင် ရုပ်ရှင်ဧကရာဇ်က ကန်တာ ခံလိုက်ရတာလား '

ချန်းချန်အန်းက မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ခေါင်းငုံ့ကာ နေကြာပန်းကဲ့သို့ သိသိသာသာ ညှိုးနွမ်းသွား၏။

ကျန်းပေါ်ချင်းက ထပ်ပြောသည်။

"ပြီးတော့ ခေါင်းမငုံ့ထားနဲ့၊ လည်ပင်းရိုးအတွက် မကောင်းဘူး"

“အိုး”

ချန်းချန်အန်းမှာ ခိုင်းမှရွေ့လျားတတ်သော သစ်သားရုပ်သေးလေးတစ်ရုပ်ကဲ့သို့ ခေါင်းကို ပြန်မော့လိုက်၏။

“ပြီးတော့ စီနီယာတွေ အကြောင်းကို သူတို့နောက်ကွယ်မှာ မပြောနဲ့၊ မသင့်တော်ဘူး"

ချန်းချန်အန်းသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ကျန်းပေါ်ချင်း၏ နာမည်အပြည့်အစုံကို သင့်လျော်စွာ ခေါ်လိုက်သည်။

“ကျန်းလောင်ရှီး"

ကျန်းပေါ်ချင်းက ထိန်းထိန်းသိမ်းသိမ်းဖြင့် ခေါင်းမော့လာ၏။

“ဟင်"

“လောင်ရှီး ရုပ်ရှင်စတူဒီယိုက ထွက်ရင် ဘတ်စ်ကား နံပါတ် ၁၈ ကို စီးပြီး နောက်ဆုံးမှတ်တိုင် ရုပ်ရှင်အကယ်ဒမီကို သွား၊ ဘတ်စ်ကားပေါ်က ဆင်းပြီး ကျောင်းထဲကို လျှောက်ဝင်၊ ပင်မဝင်ပေါက်ရဲ့ ဘယ်ဘက်မှာရှိတဲ့ အဆောက်အအုံက သရုပ်ဆောင်ဌာနအတွက်လို့ ကျွန်တော် ကြားတယ်၊ အဲထဲ လျှောက်ဝင်သွားပြီး ရွေးချင်တဲ့ အတန်းကို ရွေးလိုက်၊ လူတွေ စုဝေးလာတဲ့အထိ ရပ်နေပြီး သူတို့ကို ယဉ်ကျေးမှုနဲ့ ယဉ်ကျေးမှု အတန်း သင်ပေးလိုက်ပါ”

ချန်းချန်အန်းက စကားလုံးများကို ပဲများ လောင်းချသကဲ့သို့ တရစပ် ပြောလိုက်သည်။


“တက္ကသိုလ်ပါမောက္ခတွေက ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး အရမ်းပေါ့လျော့နေတာ လောင်ရှီးကမှ တကယ့်ပညာရှင်ပဲ"

“... မင်း ငါ့ကို လှောင်နေတာလား”

ကျန်းပေါ်ချင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်၏။

ချန်းချန်အန်းက ချက်ချင်း ခေါင်းခါသည်။

“မဟုတ်ပါဘူး ကျွန်တော် လောင်ရှီးကို ချီးကျူးနေတာပါ"

ကျန်းပေါ်ချင်းက သူ့အား နက်ရှိုင်းစွာ ကြည့်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြော၏။

“ချန်းချန်အန်း၊ မင်းရဲ့စီနီယာတွေကို လေးစားသင့်တယ်"

“ကျွန်တော် သေချာပေါက် လေးစားပါတယ်၊ ကျွန်တော့်ရဲ့ လောင်ရှီးအပေါ် လေးစားမှုက မော်ကွန်းတင်ပြီးပါ ရေးလို့ရတယ်”

မထင်မှတ်ဘဲ ကျန်းပေါ်ချင်းက မေး၏။

“ငါ မင်းကို ယုံချင်တယ် ဒါပေမဲ့ ‘မော်ကွန်း’ ဆိုတဲ့ စာလုံးနှစ်လုံးကို မင်း ဘယ်လိုရေးမလဲ သိလို့လား”

ချန်းချန်အန်းက ခေါင်းကို ရိုက်လိုက်သည်။

"အိုး၊ လောင်ရှီးပြောမှပဲ ကျွန်တော် တကယ် မေ့သွားပြီ"

“ဒီဇာတ်လမ်းပြီးရင် ယဉ်ကျေးမှုအတန်းတွေ သွားတက်လိုက်”

ကျန်းပေါ်ချင်း၏ စကားများက အတွေးအခေါ်ဆန်၏။

"ဒီလောကမှာ စာမတတ်သူတွေ လုံလောက်နေပြီ၊ မင်းကို အဲထဲ ထည့်မထွက်ချင်ဘူး"

………


စကားအပြန်အလှန် ပြောဆိုမှု အနည်းငယ်အတွင်းမှာပင် သူတို့ဘေးနားရှိ လုရန်ကျာခမျာ တောင့်ခနဲ ဖြစ်သွားသည်။

“ကော .. ချန်းအန်းကော .. ကော ရုပ်ရှင်ဧကရာဇ်ကို သိတာလား! ခေတ်စားနေတဲ့ ထိပ်တန်းခေါင်းစဉ်က တကယ်ပဲ ဖြစ်နိုင်တာလား! ကျွန်တော် မလိမ်ပါဘူး၊ ကျွန်တော်က ခင်ဗျားတို့ နှစ်ယောက်ရဲ့ CP Fan တစ်ယောက်ပါ"

' မဖြစ်နိုင်ဘူးမလား၊ ငွေပေးရတဲ့ ဈေးကွက်ရှာဖွေရေးအကောင့်တွေအပြင် တကယ်ပဲ ဒီလို ထူးဆန်းတဲ့ CP ကို သဘောကျတဲ့ လူတွေ ရှိသေးတာလား '

' ဒါက နံနံပင်အရသာကိတ်မုန့်ကို ကြိုက်တာနဲ့ ဘာကွာတော့လို့လဲ! '

ချန်းချန်အန်းက ချက်ချင်း ငြင်းဆို၏။

“သေချာပေါက် သတင်းအမှားပဲ! ငါ ကျန်း‌လောင်ရှီးနဲ့ မရင်းနှီးဘူး၊ ငါ သူ့ကို တစ်ခါပဲ ကားမောင်းပို့ဖူးတာ"

“ခင်ဗျား! ခင်ဗျား မောင်းတဲ့ကားတောင် သူ့ကို လက်ဆောင်ပေးခဲ့သေးတယ်”

လုရန်ကျာမှာ ထိတ်လန့်သွားသည်။

“ပြီးတော့ သူက လက်ခံခဲ့တာ”

“ရပ် ရပ် ရပ်! ဒါက လိုက်ပို့တာသက်သက်ပဲ၊ လိုက်ပို့တာ နားလည်လား၊ နောက်က လိုက်ဆို သယ်ယူပို့ဆောင်ခြင်း၊ လိုက်ပို့ခြင်း"

ချန်းချန်အန်းက သူ၏ အသံကျယ်သွားမည်ကို ကြောက်နေသည်။

“ရှောင်လု၊ အော်ပြောမ‌နေနဲ့”

“အင်း၊ အင်း၊ ကောင်းပါပြီ.. ကော ကျွန်တော် အကျယ်ကြီး မအော်ပါဘူး တိုးတိုးလေးပဲ အော်ပါ့မယ်”

လုရန်ကျာက စကားလုံးများကို တိတ်တဆိတ် ရေရွတ်နေ၏။ သူသည် ချန်းချန်အန်း ပြောခဲ့သော စာကြောင်း တစ်ကြောင်းကိုသာ မှတ်ပုံတင်ထားပုံရ၏။


“အားးး ကျွန်တော် ကြီးမားတဲ့ သတင်းတစ်ပုဒ် တွေ့လိုက်ရပြီ၊ မေမေရေ! ကျွန်တော် အောင်မြင်ပြီ!

ကျွန်တော့် CP က တကယ်ကြီး!!"

ချန်းချန်အန်းမှာ ပင်ပန်းသည်ဟု ခံစားလာရ၏။

“ရှောင်လု မင်းကို အရန်ဇာတ်ကောင်လေးအဖြစ်ပဲ သရုပ်ဆောင်ခိုင်းနေတာက မင်းရဲ့ အရည်အချင်းကို ဖြုန်းတီးရာ ရောက်တယ်"

လုရန်ကျာမှာ ဤစကားကို ကြားလိုက်ရသောအခါ မျက်လုံးများ လင်းလက်သွားသည်။

“ချန်အန်းကော ဆိုလိုချင်တာက"

“ငါ မင်းအတွက် လမ်းကြောင်းသစ်တစ်ခု ရှာဖို့ အကြံပြုချင်တယ်"

“အား! ကောက ကျွန်တော့်အတွက် လမ်းကြောင်းသစ်တစ်ခု အကြံပြုတယ်!"

လုရန်ကျာ၏ပါးစပ်မှာ ပိတ်မရတော့ပေ။ တက်ကြွသော လူငယ်မှာ လူ့ပုံသဏ္ဌာန် စပီကာ ကဲ့သို့ ဖြစ်နေ၏။

“ကျေးဇူးတင်ပါတယ်၊ ကော! ကျွန်တော် ကောနဲ့ ရုပ်ရှင်ဧကရာဇ်ရဲ့ လျှို့ဝှက်ချက်ကို လုံခြုံအောင် ထိန်းသိမ်းထားပါ့မယ်!"

“ရုပ်ရှင်ဧကရာဇ်နဲ့ ငါနဲ့ ကြားမှာ ဘာမှ မရှိပါဘူး..”

ချန်းချန်အန်းမှာ ဆက်၍ ငြင်းခုံရန် ပျင်းရိနေပြီ ဖြစ်သည်။

“ငါ အကြံပြုချင်တဲ့ လမ်းကြောင်းက မင်း နောက်ထပ် ရုပ်ရှင်ရိုက်ကူးလို့ မရတော့ဘူးလို့ ခံစားရရင် ဟာသဘက်ကို အသက်မွေးဝမ်းကြောင်း ပြောင်းပစ်ဖို့ စဉ်းစားသင့်တယ်၊ ငါ့ကို ယုံလိုက်၊ တကယ် မင်းမှာ အဲဒီအတွက် အရည်အချင်း ရှိတယ်”

လုရန်ကျာမှာ ငယ်ရွယ်၍ အနည်းငယ် ဆူညံဆူညံလုပ်တတ်သော်လည်း ရုပ်ရည် ချောမောသူပင်။ ချန်းချန်အန်းကို သူ၏ မီးလုံးကဲ့သို့ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်လိုက်သောအခါ ချန်းချန်အန်း၏ ဒေါသများ အားလုံး ပျောက်ကွယ်သွား၏။

ချန်းချန်အန်း သူနှင့် စကားပြောနေစဉ် ဖွင့်ပွဲ အခမ်းအနားဓာတ်ပုံများ ရိုက်ရန် အချိန်ရောက်လာသည်။


လုပ်ထုံးလုပ်နည်းကို နားမလည်သော ချန်းချန်အန်းက ပေါ့ပေါ့ပါးပါးပင် လက်လှမ်း၍ ရှောင်လုကို စကားဆက်ပြောရန် ရည်ရွယ်၍ သူ့အနားသို့ ဆွဲခေါ်လိုက်၏။

“အိုး မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါ လက်ခံလို့ မရဘူး"

လုရန်ကျာမှာ အမြီးကို နင်းခံလိုက်သော ကြောင်တစ်ကောင်ကဲ့သို့ ထိတ်လန့်တကြား ခုန်ထွက်သွား၏။

“ချန်းအန်းကော ဒါ ကျွန်တော့်အတွက် သတ်မှတ်ထားတဲ့နေရာ မဟုတ်ဘူးလေ”

“ဒီအတွက် သီးခြားနေရာရှိတယ်လား"

ချန်းချန်အန်းမှာ ထိုစကားကို ကြားသောအခါ မျက်မှောင်ကျုတ်သွားသည်။

“ပြောင်းလို့ မရဘူးလား"

ထိုအခါ ကျန်းပေါ်ချင်းက ချန်းချန်အန်း၏ ဘာရည်ရွယ်ချက်မှ မပါဘဲ စိတ်ခံစားမှု ကင်းမဲ့သော ထိုမေးခွန်းကို ကြားသွား၏။

“မင်း သူ့ကို ငါနဲ့ နေရာလဲခိုင်းချင်တာလား"

သူသည် ချန်းချန်အန်း၏ အတွင်းစိတ် ပြောင်းလဲသွားသည်ကို မသိခဲ့ပေ။

ထို့အပြင် ဤအတွင်းစိတ်အသစ်က မည်သည့် စည်းမျဉ်းများကိုမှ နားမလည်ပေ။

ထိုစကားများကို ကြားသောအခါ ကျန်းပေါ်ချင်းသည် ချန်းချန်းအန်းက သူ့အား အရှက်ရ‌စေရန် တမင် လူသစ်တစ်ဦးကို ရှာနေသည်ဟု ထင်၍ ပရိယာယ်သစ်တစ်ခုကို သုံးနေသူဟု ယူဆလိုက်သည်။

' နည်းနည်းတော့ စိတ်ရှုပ်စရာပဲ '

~~~

စာရေးသူ၏ မှတ်ချက် -

ချစ်ခြင်းမေတ္တာကို မစွဲလမ်းခင် ရုပ်ရှင်ဧကရာဇ် : ‘ စိတ်ရှုပ်စရာပဲ၊ ချန်းချန်အန်းက ပရိယာယ်အသစ် တွေ သုံးနေပြန်ပြီ ! ’


ချစ်ခြင်းမေတ္တာကို စွဲလမ်းပြီးနောက် ရုပ်ရှင်ဧကရာဇ် : ‘ သူ ငါ့အတွက် ပရိယာယ်အသစ်တွေ ဖန်တီးပေးဖို့ ဆန္ဒရှိတယ်၊ ဆိုလိုတာက သူ ငါ့အပေါ် ခံစားချက် ရှိနေတာပဲ ’

~~~