တစ်စုံတစ်ယောက်၏ အိမ်ခေါင်မိုးအောက်တွင် ရှိနေသောအခါ ဦးညွှတ်ရမည်ဖြစ်ပြီး ချန်းချန်အန်းမှာ နောက်ဆုံးတွင် စိတ်ထဲရှိသည့်အတိုင်း ပြောရန် မဝံ့ရဲတော့ပေ။
သူ့ကိုယ်သူ စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး အပြုံးတစ်ခု တပ်ဆင်ကာ ကျောရိုးကို ဆန့်ထားလိုက်သည်။
"ကောင်းပါပြီ ကျန်းလောင်ရှီး၊ ကျွန်တော် အခု လုံလုံလောက်လောက် တည့်တည့်မတ်မတ် ထိုင်လိုက်ပြီလို့ ထင်လား"
"မင်း တည့်တည့်ထိုင်လား မထိုင်လား ငါ ဘယ်သိမလဲ"
ကျန်းပေါ်ချင်းမှာ စိတ်မချမ်းသာဟန် ရှိနေဆဲပင်။
"မင်းကိုယ်မင်း မသိဘူးလား၊ ဘာလို့ ငါ့ကို မေးနေတာလဲ"
ချန်းချန်အန်းက သူ လုံလောက်စွာ တည့်တည့် ထိုင်နေပြီဟု မူလက ထင်ခဲ့သော်လည်း ကျန်းပေါ်ချင်းက ဒေါသထွက်နေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ မသေချာတော့ပေ။
"အာ... ကျွန်တော် တော်တော် တည့်တည့် ထိုင်သင့်တယ်ပေါ့နော်"
ကျန်းပေါ်ချင်းက အေးစက်စွာ လေရှူထုတ်လိုက်၏။
"မင်းကိုယ်မင်း သိသင့်တယ်၊ ထိပ်ဆုံးက ခေတ်စားနေတဲ့ ခေါင်းစဉ် ကိစ္စက ဘာလဲ"
"ခေတ်စားနေတဲ့ ထိပ်ဆုံး ခေါင်းစဉ်က... အဲဒါ၊ အဲဒါ... လောင်ရှီးနဲ့ ကျွန်တော့်ကြားက အရာတချို့ကို ပြောထားတာ”
ကျန်းပေါ်ချင်းမှာ အလွန် ရိုးသားနေဆဲဖြစ်ပြီး အလေးအနက် မထားပေ။
"မင်းနဲ့ ငါ့ကြားမှာ ဘယ်လိုအရာတွေ ရှိနိုင်မှာမလို့လဲ"
"နည်းနည်းတော့ နက်နဲတယ်၊ ပြောရရင်တော့ သူတို့က ကျွန်တော်တို့ရဲ့ ညီအစ်ကိုသံယောဇဉ်ကို ချီးမွမ်းနေတာလို့ ကျွန်တော် ထင်ပါတယ်"
ထို နောက်ဆုံး စကားလုံးသုံးလုံးကို ကြားလိုက်ရသောအခါ သူ၏ အမူအရာမှာ ပြင်းထန်သွားသည်။
"လက်ရှိအခြေအနေကို ပြော"
ချန်းချန်အန်းက သူ၏လည်ပင်းကို ကျုံ့လိုက်သည်။
“လက်ရှိအခြေအနေအရ၊ ကျွန်တော့်မှာ လောင်ရှီးနဲ့ ပတ်သက်တဲ့ အရှုပ်တော်ပုံ သေးသေးလေးတစ်ခု ရှိတယ်"
………
ကျန်းပေါ်ချင်းမှာ အရှုပ်တော်ပုံဖြစ်ကြောင်း ကြားရသော်လည်း မအံ့သြပေ။ ထိုအစား သူသည် ငါ သိပြီးသား ဟူသော အမူအရာမျိုးဖြင့် အေးဆေးစွာ ပြော၏။
"ဒီညရော သတင်းထောက်တွေ ရှိသေးလား၊ သူတို့ ဘယ်မှာ ပုန်းနေကြတာလဲ "
"... ဘာ သတင်းထောက်တွေလဲ၊ ကျွန်တော် မသိပါဘူး"
ချန်းချန်အန်း၏ မျက်နှာမှာ အပြစ်ကင်းစင်စွာ လုံးဝ ဖြူရော်နေသည်။
ကျန်းပေါ်ချင်းက ချန်းချန်အန်း၏ 'ကျွန်တော့်ကို မမေးနဲ့၊ ကျွန်တော့်ရဲ့ IQ က တကယ်မမြင့်ဘူး' ဟု အော်ဟစ်နေပုံရသော မျက်နှာကို စစ်ဆေးလိုက်ပြီး စိတ်အနှောင့်အယှက် လျော့သွားရ၏။
သူသည် ချန်းချန်အန်းအား ကုမ္ပဏီ၏ အသုံးချခြင်းကို ခံနေရသော ဦးနှောက်မရှိသည့် အလှပန်းအိုးအဖြစ် စိတ်ထဲတွင် အမျိုးအစား ခွဲလိုက်သည်။
သူ၏ ကုမ္ပဏီသည် ချန်းချန်အန်း၏ ကုမ္ပဏီနှင့် နောင်တွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာမည်ကို ထည့်သွင်းစဉ်းစားလိုက်သောအခါ တစ်ဖက်လူ၏ ရည်ရွယ်ချက်များကို သိရှိရန် လိုအပ်လာ၏။
သူ့အား နောက်ကျောကို ဓားနှင့် ထိုးခံရခဲ့လျှင်ပင် ဓား ဘယ်ကလာမှန်းသိရန် လိုအပ်သည်။
ကွဲပြားခြားနားသော စိတ်နေသဘောထားရှိသူများကို ကိုင်တွယ်ရန် နည်းဗျူဟာများမှာ ကွဲပြား၏။
ကျန်းပေါ်ချင်းက ကြင်နာတတ်သော စီနီယာ၏ အပြုအမူကို ကျင့်သုံးပြီး သတင်းစတင် နှိုက်တော့သည်။
"ချန်အန်း၊ မင်းကို ဒီလို ခေါ်လို့ရတယ် မဟုတ်လား"
ချန်းချန်အန်းမှာ ထိုနာမည်ပြောင်ကြောင့် ကြက်သီးမွှေးညင်းများ ထသွားပြီး တစ်ကိုယ်လုံး စိတ်မသက်မသာ ဖြစ်သွား၏။
“အာ၊ အာ…ဟုတ် ရပါတယ်"
"ငါတို့ အရှုပ်တော်ပုံကြီးရှိခဲ့ပေမဲ့ အခုတော့ ရင်းနှီးသွားပြီ"
ကျန်းပေါ်ချင်းက သူ၏ ယုတ္တိဗေဒတွင် ဘာမှ မှားယွင်းမှု မရှိဟု မထင်ပေ။
"ငါ့ကို ကျန်းလောင်ရှီးလို့ မခေါ်နဲ့တော့ ပေါ်ကောလို့ ခေါ်ရင်ရော ဘယ်လိုလဲ"
ကျန်းပေါ်ချင်း၏ တမင်တကာ နှိမ့်ချထားသော အသံမှာ အလွန် ဆွဲဆောင်မှုရှိသောကြောင့် ချန်းချန်အန်း လုံးဝ မတွန်းလှန်နိုင်တော့ပေ။
"အိုး.. အိုး.. ပေါ်ကော"
"ဒါဆို စကားပြောကြမလား"
ကျန်းပေါ်ချင်းမှာ သူ၏ အကျိုးသက်ရောက်မှုကို သတိမထားမိဘဲ ဆက်ပြောနေသည်။
"ပြော.. ပြော.. ပြော.. ပြောကြရအောင်"
"... မင်း စကား ထစ်နေတာလား"
ကျန်းပေါ်ချင်းမှာ သူ၏တည်ငြိမ်မှုကို မထိန်းနိုင်တော့ပေ။
ချန်းချန်အန်းသည် အဆူခံရပြီးနောက် အထစ်အငေါ့များ ချက်ချင်း ပျောက်ကင်းသွား၏။
"ဟားဟား ပေါ်ကော၊ ကျွန်တော် က ဘယ်လိုလုပ်ပြီး ထစ်မှာလဲ၊ စကားထစ်တယ်ဆိုရင် ကျွန်တော် ပြန်နားထောင်ဖို့ တစ်ပိုင်းလောက် အသံသွင်းထားပေးပါလား.. ပေါ်ကော နောက်နေတာထင်တယ်၊ အရမ်း ဟာသဥာဏ် ရွှင်တာပဲ"
ကျန်းပေါ်ချင်း : ‘...ငါ တကယ် အသံသွင်းချင်နေတာ ဒါပေမဲ့ သူ ဘာလို့ ရုတ်တရက် ထစ်နေတာက ရပ်သွားရတာလဲ’
………
ကျန်းပေါ်ချင်းသည် သူ၏တည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းရန် စီမံနိုင်ခဲ့ပြီး နောက်ခံ စစ်ဆေးမှုဖြင့် စတင်ရန် ဆုံးဖြတ်လိုက်သည်။
"အဟမ်း.. ပေါ့ပေါ့ပါးပါး စကားပြောကြည့်တာပါ၊ မင်းမှာ မိသားစု ဘယ်နှစ်ယောက်ရှိလဲ"
ချန်းချန်အန်းမှာ မသိစိတ်ဖြင့် လက်ချောင်းများဖြင့် ရေတွက်ရန် ပြင်လိုက်သော်လည်း လက်ချောင်းတစ်ချောင်းကို ချပြီးနောက်မှ သူ စာအုပ်ထဲသို့ ကူးပြောင်းလာခဲ့မှန်း သတိရလိုက်သည်။
ကျန့်ရုန်ယွီအား မိသားစုအဖြစ် သတ်မှတ်၍ မရသည်မှာ သေချာ၏။ ကျန်းပေါ်ချင်းက မူရင်းခန္ဓာကိုယ် ပိုင်ရှင်၏ ဆွေမျိုးအုပ်စု တစ်စုလုံးကို ကွပ်မျက်သောအခါ သူပါ ပါသွားမည်ကို စိုးရိမ်ရသည်။
တူဖြစ်သူ မသေခင် ဦးလေးဖြစ်သူ သေတာက ပိုကောင်းသည်။
ချန်းချန်အန်းက ဤအချက်ကို နက်နက်နဲနဲ ယုံကြည်၏။
ထို့ကြောင့် သူသည် ရုတ်တရက် မော့ကြည့်ကာ ဖြေလိုက်သည်။
"တစ်ယောက်"
ကျန်းပေါ်ချင်းမှာ တောင့်ခနဲ ဖြစ်သွားသည်။
“တစ်ယောက် ဟုတ်လား"
"ဟုတ်ကဲ့"
ချန်းချန်အန်းက ခေါင်းညိတ်ပြသည်။
"ကျွန်တော့် မိသားစုမှာ ကျွန်တော် တစ်ယောက်တည်းပဲရှိတာ အချန်တော်တော်ကြာပြီ"
ကျန်းပေါ်ချင်းသည် ပိုမိုမေးမြန်းရန် စိတ်မသက်မသာ ဖြစ်ရသောကြောင့် ခန့်ခန့်ညားညားပင် ပြောလိုက်၏။
"ဝမ်းနည်းပါတယ်၊ ငါ စိတ်မကောင်းပါဘူး"
“ပြောရတာ နည်းနည်း ထူးဆန်းတယ်”
ချန်းချန်အန်းမှာ မူလခန္ဓာကိုယ်ပိုင်ရှင် မဟုတ်သောကြောင့် ခံစားချက် အစစ်အမှန် မရှိပေ၊ စိတ်မသက်မသာ ဖြစ်ခြင်းသာ ရှိ၏။
ထူးဆန်းသည်မှာ သူ ကူးပြောင်းမလာမီက အရာများစွာကို ပြန်အမှတ်ရနိုင်ခြင်း မရှိပေ။ ယခင်က မိသားစု၊ သူငယ်ချင်းများနှင့် အထောက်အထားများမှာ လေပူဖောင်း အလွှာလေးတစ်ခုဖြင့် ဖုံးကွယ်နေသကဲ့သို့ သူ လုံးဝ မေ့လျော့နေသည်။
ချန်းချန်အန်း စဉ်းစားသော်လည်း ဘာမှ ပြန်မမှတ်မိပေ။ ကျန်းပေါ်ချင်းက သူသည် ချန်းချန်အန်း၏ ဝမ်းနည်းမှုကို ထိပါးလိုက်မိပြီဟု ထင်ကာ လေသံမှာ ပို၍ ကြင်နာလာပြီး ဤနာမည်မရှိသော အိုင်ဒေါ အပေါ် ပို၍ သည်းခံမှု ပြသလိုက်သည်။
“မင်း ဖျော်ဖြေရေးလောကထဲကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်လာခဲ့တာလား"
"ကျွန်တော် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်လောက်ကတည်းက စခဲ့ပေမဲ့ ဒီနှစ်တွေအထိကို တိုးတက်မှု မရှိသေးပါဘူး"
ချန်းချန်အန်းမှာ သူ အတိတ်က အရန်သရုပ်ဆောင် ဖြစ်ခဲ့သည်ကိုသာ မှတ်မိနေပြီး စိတ်ရင်းမှန်ဖြင့် ပြော၏။
"ကျွန်တော့်က သရုပ်ဆောင်တာ ညံ့တယ်၊ ဉာဏ်သိပ်မကောင်းဘူး၊ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကို မသိဘူး၊ ပြီးတော့ အမြဲတမ်းလိုလို လူတွေကို လိုက်စော်ကားနေတာလေ"
ကျန်းပေါ်ချင်းက နားလည်စွာ နှစ်သိမ့်၏။
"မင်းလိုရိုးသားတဲ့ စိတ်နေသဘောထားမျိုးက တကယ်ပဲ အလွယ်တကူ အမြတ်ထုတ်ခံရနိုင်တယ်"
' ဒါ ငါ့ကို ငတုံးလို့ခေါ်နေတာ မဟုတ်ဘူးလား '
ချန်းချန်အန်းမှာ ကျန်းပေါ်ချင်း၏ စကားအဓိပ္ပာယ်များကို တစ်ခါတစ်ရံ နားလည်သော်လည်း ပြန်လည် ငြင်းခုံရန် အလွန် ကြိုးစားမိသည်။
"... ကျွန်တော်က ငတုံး မဟုတ်ပါဘူး၊ ကျွန်တော်က တကယ်တော့ အရမ်းကို လိမ္မာပါးနပ်တာ"
ကျန်းပေါ်ချင်းက သူ့အား သနားစရာကောင်းသော အပြုံးဖြင့် ကြည့်လိုက်၏။
"မင်းရဲ့ တစ်ကိုယ်လုံးထဲမှာ ခေါင်းက အလုံးဆုံးပဲ"
( တရုတ်ဘန်းစကားအရ ‘မင်း ခေါင်းထဲ ဘာမှမရှိဘူး’ ‘ငတုံး’ ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ )
ချန်းချန်အန်းက နူးညံ့စွာ ကန့်ကွက်သည်။
“ပေါ်ကော ဒါက ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာပဲ"
..……
ကျန်းပေါ်ချင်းသည် နောက်ဆုံးတွင် အဓိက အချက်သို့ ရောက်လာ၏။
“မင်းက ဒီလောက် လိမ္မာပါးနပ်တာဆိုတော့ မင်းရဲ့ CEO က မင်းကို ငါ့ကို ကားမောင်းပို့ခိုင်းတဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကိုရော သိလား"
"သိတာပေါ့"
ချန်းချန်အန်းက တွေးသည်။
' ဥက္ကဋ္ဌက အောင်မြင်ရေးလမ်းကြောင်းတွေ သိတဲ့ ဆရာကြီး ဖြစ်ပြီး ကျန်းပေါ်ချင်းနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ မျှော်လင့်နေတာ '
ချန်းချန်အန်းက တစ်ခုခု မှားနေသည်ကို လျင်မြန်စွာ သဘောပေါက်သွားသည်။
' ဥက္ကဋ္ဌက ငါ့ကို အောင်မြင်ရေး လေ့လာမှုတွေ သင်ပေးနေတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ငါ ကျန့်ရုန်ယွီရဲ့တူ ဖြစ်နေလို့ မဟုတ်လား '
' ငါ ကျန်းပေါ်ချင်းကို ဒါ လုံးဝ ပြောပြလို့ မရဘူး! '
သူ ချက်ချင်း ပြင်ပြောလိုက်သည်။
"မဟုတ်ဘူး၊ ကျွန်တော့်လို ဝန်ထမ်းငယ်လေးက ကျွန်တော်တို့ ဥက္ကဋ္ဌ ဆိုလိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ"
ချန်းချန်အန်း၏ ပရိယာယ်လေးများက ကျန်းပေါ်ချင်းအတွက်မူ လုံးဝ ပွင့်လင်းမြင်သာနေသည်။
ကျန်းပေါ်ချင်း၏ မျက်နှာမှာ မှိုင်းသွားပြီး သေချာစွာ ပြောလိုက်၏။
"မင်း ရှင်းရှင်းလင်းလင်း သိနေတာပဲ၊ ဒါပေမဲ့ ငါ့ကို မပြောပြချင်နေတာ"
သူ၏ လေသံကို ကြားသောအခါ ချန်းချန်အန်းမှာ ထပ်မံ တုန်ယင်စွာဖြင့် ပြောလိုက်သည်။
"ပေါ်ကော ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ မပြောနိုင်ဘူး… ဘဝမှာ နောင်တတွေ ဆိုတာ မလွဲမသွေရှိကြတာပါပဲ၊ ဒီနေ့ ပေါ်ကော နောင်တရတာ ဒါမှမဟုတ် ကျွန်တော် နောင်တရတာ နှစ်ခုထဲကတစ်ခု ဖြစ်သွားလိမ့်မယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒုက္ခမပေးပါနဲ့ "
"ဇာတ်လမ်းတွဲနှစ်ခုမှာ နေရာပေးမယ် အဲလိုဆိုရင်ကော မင်း ငါ့ကို ပြောပြမလား"
ကျန်းပေါ်ချင်းက သူ လှုပ်ရှား၍ မရနိုင်ကြောင်း သိလိုက်သောအခါ ပြုံးနေခြင်းကို ရပ်တန့်လိုက်ပြီး အပေးအယူများကို စတင် ချပြတော့သည်။
ချန်းချန်အန်းက ခေါင်းခါလိုက်၏။
"ရသစုံရှိုးတစ်ခုပါ ထပ်ထည့်ပေးမယ်"
ချန်းချန်အန်းက ခေါင်းကို ထပ်တလဲလဲ ခါ၍ ငြင်းသည်။
ကျန်းပေါ်ချင်းက လှောင်ပြုံးပြုံး၏။
"မင်းက လျှပ်စစ်ပန်ကာလား ခေါင်းခါတာကလွဲပြီး တခြားဟာ မလုပ်တတ်တော့ဘူးလား"
ချန်းချန်အန်းက ရိုးသားစွာ ပြောသည်။
“ပေါ်ကောလိုအပ်ရင် ကျွန်တော် စကားပြောတဲ့ အရှိန်နဲ့ ခါရတဲ့ အကွာအဝေးပမာဏကိုပါ ညှိပေးနိုင်ပါတယ်"
"ဒီလောက်ကမ်းလှမ်းတာတောင် မပြောဘူးဆိုတော့ မင်းက တော်တော် သစ္စာရှိတာပဲ"
ကျန်းပေါ်ချင်းက အေးစက်စက် ချီးကျူးလိုက်ပြီး ချန်းချန်အန်းမှာ အချိန်ကြာမြင့်စွာ ကစားရမည့် ဂိမ်းတစ်ခုကို ကစားနေသည်ဟု သံသယ ဝင်လာသည်။
ချန်းချန်အန်းက စိတ်ရင်းမှန်ဖြင့် ဂုဏ်ယူ၏။
“ပေါ်ကော၊ စူးစမ်းလိုစိတ်နဲ့ ကျွန်တော့်ရဲ့ စားဝတ်နေရေးကို မထိခိုက်လိုက်ပါနဲ့"
ဘာမှ ရှာမတွေ့သောကြောင့် ကျန်းပေါ်ချင်းမှာ အနည်းငယ် ပင်ပန်းလာသလို ခံစားရပြီး နဖူးပေါ်သို့ လက်တင်လိုက်သည်။
"ကောင်းပြီ၊ မင်း ငါ့ကို ချပေးပြီး မင်း သွားလို့ရပြီ"
ချန်းချန်အန်းမှာ ခေတ္တမျှ စိတ်ရှုပ်ထွေးသွား၏။
“...ပေါ်ကော ဒါ ကျွန်တော့် ကားပါ"
အခြေအနေမှာ အနည်းငယ် စိတ်မသက်မသာစရာ ဖြစ်သွားပြန်သည်။
"ငါ့ကို ပေါ်ကောလို့ မခေါ်နဲ့၊ ကျန်းလောင်ရှီးလို့ပဲခေါ်"
ထိုလူက ကားထဲမှ ထွက်သွားပြီး အနည်းငယ် ရှက်ရွံ့နေသော ကျောပြင်ကိုသာ ချန်ထားခဲ့၏။
"ငါတို့က မရင်းနှီးဘူး"
ချန်းချန်အန်းမှာ အမိုးဖွင့် ပြိုင်ကားတွင် ထိုင်နေပြီး အချိန်ကြာမြင့်စွာ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။
'... ကျန်းပေါ်ချင်းကပဲ ငါ့ကို ခုနက ပေါ်ကောလို့ ခေါ်ခိုင်းခဲ့တာ မဟုတ်ဘူးလား '
' သူ့မှာ ဘာပြဿနာ ရှိနေတာလဲ၊ ကားထဲက ထွက်တာနဲ့ အတိတ်မေ့သွားတာလား '
' မျက်နှာချက်ချင်း ပြောင်းလဲတာကလည်း စိတ်ခံစားမှု ထိန်းချုပ်နည်း တစ်မျိုးလား '
~~~
စာရေးသူ၏ မှတ်ချက် -
' ကားထဲကိုတော့ ရောက်ပြီးပြီ၊ အိမ်ပေါ်ထိ တက်ဖို့က ဘယ်လောက် ဝေးတော့မှာလဲ! '
~~~