Chapter - 3 : ရုပ်ရှင်ဧကရာဇ် အမျိုးသားဇာတ်လိုက်နှင့် အဝတ်အစား တူနေခြင်း ( 3 )
Viewers 823

‎ချန်းချန်အန်းမှာ ကျန်းပေါ်ချင်းအား စိန်ခေါ်ရဲခြင်း မရှိဘဲ ဤတိတ်ဆိတ်မှုက နှစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။

‎ကယ်ဆယ်ရေးအဖွဲ့များ ဆယ့်ငါးမိနစ်အတွင်း ရောက်လာပြီး ဓာတ်လှေကားတံခါးကို ဖွင့်ရန် တစ်နာရီကြာ အချိန်ယူခဲ့ကြရ၏။ ဓာတ်လှေကားမှာ ပဉ္စမထပ်နှင့် ဆဋ္ဌမထပ်ကြားတွင် ဆဋ္ဌမထပ် အဆင်းမှ တစ်မီတာခန့် အကွာတွင် ပိတ်မိနေခြင်းပင်။ ချန်းချန်အန်းသည် အပေါ်သို့ တက်ရန် နာရီဝက်ကြာ ကြိုးစားနေသော်လည်း မရောက်နိုင်သေးပေ။

‎"အားလုံးကို တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး ပေးပါဦး”

‎ချန်းချန်အန်းက အံကြိတ်လိုက်သည်။

‎သူ ဆက်လက်၍ မကြိုးစားချင်တော့သော်လည်း ဤအမြင့်မှ ပွေ့ချီခံရမည်ဆိုလျှင် သူ မျက်နှာပျက်ရမည်။

‘တကယ်တော့ သူ့အာဏာပျောက်မှာ!’

‎ကျန်းပေါ်ချင်းက လက်ပိုက်လျက် ဘေးတွင် ရပ်နေ၏။

‎"မင်း လေ့ကျင့်ခန်း ပုံမှန် မလုပ်ဘူးလား"

‎ချန်းချန်အန်းက အပေါ်သို့ တက်ရန် ရုန်းကန်နေရပြီး ဓာတ်လှေကား အပြင်ဘက်မှ ကင်မရာကို ကြည့်လိုက်သည်။

‎"ကျန်း‌လောင်ရှီး၊ ဒါက ထူးခြားတဲ့အချိန်ပဲ စည်းလုံးညီညွတ်မှုကို ထိခိုက်စေမဲ့ စကားတွေ မပြောပါနဲ့"

‎ကျန်းပေါ်ချင်းက သူ၏လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး ခဏတာ စဉ်းစားကာ ချန်းချန်အန်းကို တွန်းတင်ရန် ရှေ့သို့ တိုးလာသည်။

‎ချန်းချန်အန်းမှာ နံရံတစ်ဝက်တွင် မျောက်တစ်ကောင်ကဲ့သို့ တွဲလောင်းကျနေ၏။ ကျန်းပေါ်ချင်း၏ တစ်ခုတည်းသော အားပြုစရာ နေရာမှာ ချန်းချန်အန်း၏ ပေါင်ပင်ဖြစ်သည်။

‎ဝတ်စုံဘောင်းဘီ၏ ပါးလွှာသော အလွှာမှတစ်ဆင့် ကျန်းပေါ်ချင်းမှာ တစ်ဖက်လူ၏ ခြေထောက်ပေါ်ရှိ ပျော့ပျောင်းသော အသားကို တိုက်ရိုက် ခံစားလိုက်ရ‌၏။


‎ထို အထိအတွေ့မှာ အလွန်ကောင်းမွန်သောကြောင့် မသိစိတ်ဖြင့် ပွတ်သပ်မိမလိုပင် ဖြစ်သွားသည်။

‎ရင်ခုန်စရာ ခံစားချက်၏ အရိပ်အယောင်မှာ ပေါ်ပေါက်လာရန်ပင် အချိန်မရလိုက်ဘဲ ချန်းချန်အန်း၏ တဟားဟား ရယ်သံကြောင့် ပျက်စီးသွားလေ၏။

‎စွပ်စွဲချက်နှင့်အတူ ချန်းချန်အန်း စကားစလာသည်။

‎”ကျန်းလောင်ရှီး၊ မကူညီချင်ရင်လည်း နေပါ၊ အခုဟာက ‌လောင်ရှီးက ကျွန်တော့်ကို ကလိထိုးနေသလိုပဲ"

‎ကျန်းပေါ်ချင်း၏ နဖူးပေါ်တွင် သွေးကြောတစ်မျှင် တုန်ခါသွားပြီး သူသည် ချန်းချန်အန်းကို လက်တစ်ဖက်တည်းဖြင့် ပင့်တင်လိုက်၏။

‎ကျန်းပေါ်ချင်းပါ ဓာတ်လှေကားထဲမှ တက်လာသောအချိန်တွင် red carpet အခမ်းအနားနှင့် လွဲချော်သွားခဲ့ပြီး ဖြစ်သည်။ သူတို့နှစ်ဦးကို ရိုက်ကူးခဲ့သည့် တစ်ခုတည်းသော ကင်မရာမှာ မြို့တော်၏ အထွေထွေသတင်း အစီအစဉ်ဖြစ်သော လူမှုရေးသတင်းကဏ္ဍပင်။

ဓာတ်လှေကားဟောင်း ထိန်းသိမ်းမှု၏ ရှုပ်ထွေးမှုများ မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ လူနှစ်ဦး နှစ်နာရီကြာ ပိတ်မိနေခြင်း ဆိုသော ခေါင်းစဉ်ဖြင့်သာ ဖြစ်သည်။

‎ဓာတ်ပုံရိုက်သူ သတင်းထောက်မှာ အလွန် စိတ်လှုပ်ရှားနေ၏။

‎"ကျွန်မ သတင်းထောက်လုပ်လာတာ နှစ် နှစ်ဆယ်ကြာပါပြီ၊ ဒီလို ထောင်ထဲမှာ အပ်ချုပ်ရင်း အဆုံးမသတ်ရသေးတဲ့ ဆယ်လီတွေကို အင်တာဗျူးလုပ်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ"

‎( တရုတ်ပြည်တွင် ပိတ်မိခြင်းကို ရည်ညွှန်းသော စကားစု )

‎ချန်းချန်အန်းက အတွင်းစိတ်မှ ကျိန်ဆဲလိုက်၏။

' ...ဒါ ချီးမွမ်းတဲ့ စကား မဟုတ်ဘူးမလား !’

‎တစ်ချိန်တည်းမှာပင် သူက လက်ကို မြှောက်ကာ ပြုံး၍ တောင်းဆိုလိုက်သည်။

‎"ညီမလေး၊ ကျေးဇူးပြုပြီး ပုံလှလှလေးတွေ ရွေးပြီး ထုတ်ဝေပေးပါနော်"


‎ကျန်းပေါ်ချင်းက သူ့အား တစ်ချက် ကြည့်လိုက်၏။

‎ချန်းချန်အန်းက စိုးရိမ်တကြီး ဆက်ပြောသည်။

‎”တကယ့်ကို၊ ပုံလှလှလေးတွေ ဖြစ်ဖို့ သေချာပါစေနော်"

‎ကျန်းပေါ်ချင်းက သူ့အား ထပ်ကြည့်လိုက်သည်။

‎ချန်းချန်အန်းက မသိစိတ်ဖြင့် သူ၏မျက်နှာကို ပြန်ထိကြည့်လိုက်၏။

‎' ဘာဖြစ်တာလဲ ပုံလှလှလေး ရိုက်ခိုင်းရုံနဲ့ ငါက ရုတ်တရက် ပိုကြည့်ကောင်းလာနိုင်တာများလား '

‎သတင်းထောက် ထွက်သွားပြီးမှ ကျန်းပေါ်ချင်းက ပွင့်လင်းစွာ ပြောလိုက်သည်။

‎"မင်း အဲလောက် စိုးရိမ်နေရင်၊ မင်းရဲ့ မျက်နှာကို ဝါးပစ်ဖို့ ပြောလိုက်ရုံပဲလေ"

‎ချန်းချန်အန်းက ပြန်ဖြေ၏။

‎"အာ"

‎"အဲလိုဆို ကျွန်တော်က ရာဇဝတ်သားနဲ့ ပိုတူသွားမှာ‌လေ မဟုတ်ဘူးလား”

‎ကျန်းပေါ်ချင်း အသက်ရှူကျပ်သွားသည်။ ချန်းချန်အန်း၏ အတက်အကျ အလွန် မြန်ဆန်သော စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ကို သူ ထပ်မံ ကြုံတွေ့လိုက်ရပြန်သည်။

‎ချန်းချန်အန်းမှာ ထိုအချိန်က အခြေအနေ၏ ပြင်းထန်မှုကို အပြည့်အဝ သဘောမပေါက်ခဲ့ပေ။

‎သူ မြို့တော်သို့ လေယာဉ်ဖြင့် ပြန်ရောက်ပြီး အိမ်ပြန်ရောက်ခါမှ

#ကျန်းပေါ်ချင်းနှင့် ချန်းချန်အန်းတို့ Red carpet အခမ်းအနားကို စုံတွဲဝတ်စုံနှင့် ပျက်ကွက်ခြင်း#

ဟူသော ခေတ်စားနေသည့် ခေါင်းစဉ်၏ ထိပ်ဆုံးမှ တောက်လောင်နေသော စာသားကို မြင်လိုက်ရသည်။

‎'ခဏလေး၊ ဒီ တရုတ်စာလုံးတွေကို မှတ်မိပါ တယ် ဒါပေမဲ့ အတူ ပေါင်းစပ်လိုက်တဲ့အခါ ဘာလို့ ဒီလောက် အဓိပ္ပာယ် ထူးဆန်းနေရတာလဲ'


‎အဖြစ်မှန်က ရှင်းရှင်းလင်းလင်းပင်။ ချန်းချန်အန်းနှင့် ကျန်းပေါ်ချင်းတို့သည် အဝတ်အစား တူညီစွာ ဝတ်ဆင်ခဲ့ကြပြီး ဓာတ်လှေကားထဲတွင် ပိတ်မိကာ red carpet အခမ်းအနားနှင့် လွဲချော်ခဲ့ရသည်။

‎သို့သော် ယခု အကြောင်းနှင့် အကျိုးမှာ ပြောင်းပြန် ဖြစ်သွားပြီပင်။ ချန်းချန်အန်းနှင့် ကျန်းပေါ်ချင်းတို့သည် တူညီသော အဝတ်အစားများကို ဝတ်ဆင်၍ Red carpet အခမ်းအနားကို ပစ်ပယ်ရန် ရွေးချယ်ခဲ့ကြသဖြင့် ဓာတ်လှေကားထဲတွင် ပိတ်မိခဲ့ရသည်။

‎' ခေတ်စားနေတဲ့ Weibo ခေါင်းစဉ်တွေကို ရွာအဝင်က အဘိုးကြီးတွေ၊ အပ်ချုပ်သမားတွေက ရေးနေတာများလား '

‎' ရောမွှေပြီး ဖြတ်တောက် ပေါင်းစပ်ပစ်တဲ့ ကစားနည်းလား '

‎ချန်းချန်အန်းမှာ သူ၏မျက်လုံးများကို မှိတ်လိုက်၊ ဖွင့်လိုက် လုပ်၍ တုန်ယင်နေသော လက်ဖြင့် ခေါင်းစဉ်ကို နှိပ်လိုက်၏။

‎ဖျော်ဖြေရေး ညီမလေး V : [ ဒီနေ့ ထျန်းဟွာ Red carpet အခမ်းအနားကို တက်ရောက်မယ်လို့ အတည်ပြုထားတဲ့ အမျိုးသားကြယ်ပွင့်နှစ်ဦးက ပွဲမလာတာလား၊ ငါ လူမှုရေးသတင်းမှာ သတင်းတစ်ပုဒ် တွေ့လိုက်ရတယ် နှစ်ယောက်သား အဝတ်အစား ဆင်တူတွေ ဝတ်ထားရင်း ဓာတ်လှေကား တစ်ခုတည်းထဲကနေ ကယ်ဆယ်ခံရတာတဲ့၊ သူတို့ နှစ်နာရီကြာ ဓာတ်လှေကားထဲမှာ နှစ်ယောက်တည်း ရှိနေခဲ့တယ်လို့ ပြောတယ်၊ ဒီလိုဆိုရင် သူတို့က စီစဉ်သူရဲ့ ပွဲကို ပစ်ပယ်ပြီး ချိန်းတွေ့ခဲ့တာက လုံးဝ မပျက်စီးသွားခဲ့ဘူးလို့ ဆိုလိုတာလား {ကောက်ကျစ်သော အပြုံးဖြင့်} ]

( Note : အကောင့်နောက်က V ဆိုတာက official အမှန်ခြစ်ပါတဲ့ verify ဖြစ်ထားပြီးသား အကောင့်ကို ပြောတာပါ၊ follower များတဲ့ လူတွေပဲ လုပ်လို့ ရတာမျိုးပါ )

‎ဤအပေါ်တွင် အမျိုးမျိုးသော အုပ်စုအသီးသီးက သူတို့၏ ကွဲပြားသော ထင်မြင်ချက်များကို ဖော်ပြရန် ပြေးဝင်လာကြ၏။

‎ကျန်းပေါ်ချင်း၏ သရုပ်ဆောင်မှုကိုအားပေး အမာခံ ပရိသတ်များ : [ ကောလာဟလတွေ မဖြန့်ကြနဲ့၊ ကောလာဟလတွေကို မယုံနဲ့ အဲဒီ ထိလွယ်ရှလွယ်အလှဘုရင်လေးရဲ့ မဟုတ်တဲ့ ကြော်ငြာတွေကို ငြင်းကြပါ၊ ရုပ်ရှင်ဧကရာဇ်ရဲ့ ဇာတ်လမ်းအသစ်က အွန်လိုင်းမှာ ရနေပါပြီ ]

‎ချန်းချန်အန်း၏ ရုပ်ရည်အားပေး‌သောပရိသတ်များ :

[ ကောလာဟလတွေ မဖြန့်ကြနဲ့၊ ကောလာဟလတွေကိုလည်း မယုံနဲ့၊ အပေါ်ထပ်က ပြောတာကို ယဉ်ယဉ်ကျေးကျေး ငြင်းကြ၊ ငါတို့ ကောကောရဲ့ အလှက ကမ္ဘာကိုပါ တုန်လှုပ်စေနိုင်တာပဲ ]

‎ရုတ်တရက် ပေါ်လာသော CP ပရိသတ်များ : [ ဝူးဝူးဝူးးး 'မင်းက စုံတွဲဝတ်စုံ ဝတ်ချင်တယ်လို့ ပြောတယ်၊ ပြီးတော့ ငါ red carpet အခမ်းအနား တက်ဖို့ကို ဖျက်ပြီး မင်းနဲ့ ထွက်ပြေးမယ်’ အိုး… အရမ်းကို ချိုမြိန်တာပဲ! ]

‎နှစ်ဖက် ပရိသတ်များ : [ ...ထူးဆန်းပြီး စည်းဖောက်တဲ့ အားကစားစိတ်ဓာတ် မရှိတဲ့ တစ်ခုခုများ ခိုးဝင်လာတာလား ]

‎ထို့နောက် ဈေးကွက်ရှာဖွေရေးအကောင့်များက သတင်းအစီရင်ခံစာထဲမှ ဓာတ်ပုံနှစ်ပုံကို ပူးတွဲ တင်လိုက်ကြသည်။

‎တစ်ပုံမှာ ကယ်ဆယ်ရေးသမားများက အပေါ်မှ ဆွဲထုတ်နေပုံ၊ အသားဖြူဖြူ ချန်းချန်အန်းက တက်နိုင်ခြင်း မရှိဘဲ ကျန်းပေါ်ချင်းမှာ စိတ်မပါတပါဖြင့် သူ၏ပေါင်ကို ကိုင်လျက် တက်ရန် ကူညီပေးနေပုံကို ပြသနေ၏။ နောက်တစ်ပုံမှာ ကျန်းပေါ်ချင်း တက်နေပုံ၊ ကယ်ဆယ်ပြီးသား ချန်းချန်အန်းက သူ၏ဘေးမှ ရပ်ပြီး ကြည့်နေပုံကို ပြသနေသည်။

‎စက်ဝိုင်း ကလေးလေး V : [ ချန်းချန်အန်း၊ မင်း ကျန်းပေါ်ချင်း တက်နေတာကို စက္ကန့်နှစ်ဆယ် ရပ်ကြည့်နေတဲ့ အချိန်မှာ မင်း လွဲချော်သွားတဲ့ red carpet က အခွင့်အရေးတွေအကြောင်း စဉ်းစားနေတာလား၊ ဒါမှမဟုတ် ကမ္ဘာ့အဆုံးထိ ကျန်းပေါ်ချင်းနဲ့ ထွက်ပြေးဖို့ စဉ်းစားနေတာလား ]

‎ချန်းချန်အန်း တွေးလိုက်၏။

‎' ငါ စဉ်းစားခဲ့တာက.....ငါ အဲလို မဖြစ်ချင်ဘူးလို့ '

‎သူက ရှောင်ဝမ်ကို အမြန် ဖုန်းခေါ်လိုက်၏။

‎"ငါတို့ ‘ညီအစ်ကိုသံယောဇဉ်’ ဆိုတဲ့ အကြောင်းအရာကို မြှင့်တင်ဖို့ သဘောတူထားတာ မဟုတ်ဘူးလား အမြန် ဝင်ပြီး ပြင်လိုက်ဦး!”

‎"ကျွန်တော်တို့ ဝင်ပြင်ပြီးသားပါ"

‎"ဘယ်မှာလဲ ဘာလို့ ငါ မမြင်ရတာလဲ"

‎"ဖျော်ဖြေရေး ညီမလေး၊ စက်ဝိုင်း ကလေး‌လေး၊ ဖျော်ဖြေရေး အတင်းအဖျင်း အဘွားကြီး..."

‎‌ရှောင်ဝမ်က အကောင့်များကို စစ်ဆေးလိုက်သည်။

‎"ဘယ်လိုပဲဖြစ်ဖြစ် နံပါတ်တစ် ခေတ်စားနေတဲ့ ခေါင်းစဉ်ကို နှိပ်လိုက်ရင် လူကြိုက် အများဆုံးရှိတဲ့ ဘလော့ဂါတွေက ကျွန်တော်တို့ လူတွေချည်းပဲ "

‎"မင်းတို့ လုပ်ငန်းထဲက လူတွေက ဒါကို ညီအစ်ကိုသံယောဇဉ်လို့ ခေါ်တာလား!"

‎"ဟုတ်ပါတယ်"

‎ရှောင်ဝမ်က သဘာဝဆန်စွာပင် ပြန်ပြော၏။

‎"ဒါက ဒီနယ်ပယ်မှာ ညီအစ်ကိုသံယောဇဉ်ကို မြှင့်တင်တဲ့ ပုံစံပဲ"

‎ချန်းချန်အန်းမှာ တုန်လှုပ်သွားသည်။

‎”ငါ ပေးခဲ့တဲ့ ပိုက်ဆံ ကျန်သေးလား အဲ့လိုတွေလုပ်နေတာကို ရပ်ပြီး ပြန်လွှဲလိုက်”

‎"တစ်ပြားမှ မကျန်တော့ပါဘူး"

‎ရှောင်ဝမ်က သွက်လက်စွာ ပြန်ဖြေ၏။

‎"ကျန်တဲ့ ပိုက်ဆံတွေကို သူဌေးအတွက် CP ပရိသတ် တစ်သောင်းရအောင် စီစဉ်ပေးဖို့ သုံးလိုက်တာ"

‎ချန်းချန်အန်းမှာ တစ်ကိုယ်လုံး နာကျင်သည်အထိ ဒေါသထွက်သွား၏။

‎အဝတ်အစား တူညီစွာ ဝတ်ဆင်ခြင်းက စုံတွဲဝတ်စုံကို ကြော်ငြာခြင်း ဖြစ်သွားသည်။

‎ကျော်လွှားပြခြင်းက ဖိနှိပ်ချုပ်ချယ်ခြင်းကို အကြံပြုခြင်း ဖြစ်သွားသည်။

‎'ဒီနှုန်းအတိုင်းသာဆိုရင် ကျန်းပေါ်ချင်းက မနက်ဖြန် အိမ်တံခါးကို လာခေါက်ပြီး ငါ့ခေါင်းကို ကိုယ်တိုင် ဖြတ်ယူသွားတော့မှာ သေချာတယ်'

‎~~~