ချန်းချန်အန်းသည် စကားပြောစရာ ခေါင်းစဉ်ရှာရန် လက်လျှော့လိုက်ပြီး၊ ဓာတ်လှေကားမှ ပြသထားသည့် စက်ပေါ်မှ ခုန်နေသော ဂဏန်းများကိုသာ စိုက်ကြည့်လျက် တိတ်ဆိတ်စွာ ရေတွက်နေ၏။
'တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်၊ ခြောက်၊ ခြောက်၊ ခြောက်...'
ခြောက်ကို ကြာမြင့်စွာ ရွတ်ဆိုပြီးမှ သူ တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း သဘောပေါက်သွားသည်။
'ခဏလေး၊ ဒီ အစုတ်ပလုတ် ဓာတ်လှေကားက ဘာလို့ မရွေ့တာလဲ!’
ဓာတ်လှေကားက ရွေ့လျားနိုင်ကြောင်း သက်သေပြချင်သည့်အလား ကျယ်လောင်သော "ဒုန်း" ဟူသော အသံကို ပေးပြီး ကြမ်းတမ်းစွာ လှုပ်ယမ်းသွား၏။
ချန်းချန်အန်းမှာ မနက်စာ မစားခဲ့ရသဖြင့် ခေါင်း မူးနေပြီးသား ဖြစ်ရာ၊ ခြေချော်ကာ ကျန်းပေါ်ချင်း၏ ကော်လံပေါ်မှ ကြယ်သီးနှစ်လုံးကို ဆွဲဖြုတ်မိသွားတော့သည်။
………
အားအင်ချိနဲ့သော ရှင်းပြမှုများစွာအပြီးတွင် ပုံမှန်အားဖြင့် ယဉ်ကျေးသော ကျန်းပေါ်ချင်းက နောက်ဆုံးတွင် အနည်းငယ် ရိုင်းစိုင်းစွာ ပြောလာ၏။
"ချန်းချန်အန်း၊ မင်းမှာ ဘာရည်ရွယ်ချက်ပဲရှိရှိ၊ ငါ့အပေါ် ထပ်ပြီး ရူးကြောင်ကြောင်တွေ မလုပ်ဖို့ သတိပေးထားမယ်”
ကျန်းပေါ်ချင်း၏ မျက်လုံးများထဲတွင် ချန်းချန်အန်းမှာ အတိတ်က ပြစ်မှုမှတ်တမ်းများစွာ ရှိနေသူပင်။
ဝါရင့်မင်းသားတစ်ယောက် အနေဖြင့် လူငယ်များနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်ရခြင်းကို မကြိုက်သောကြောင့် ချန်းချန်အန်း၏ အဆက်မပြတ် နှောင့်ယှက် ဖျက်ဆီးမှုများကို အလေးအနက် မထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ရွှံ့အရုပ်၌ပင် ဒေါသရှိ၏။ ချန်းချန်အန်းက ဆက်၍ ဦးနှောက်မရှိဘဲ လုပ်နေမည်ဆိုလျှင် သည်လူငယ်ကို သင်ခန်းစာ ပေးရန် ကျန်းပေါ်ချင်း ဂရုစိုက်နေတော့မည် မဟုတ်ပေ။
ကျန်းပေါ်ချင်း၏ စူးစမ်းအကဲခတ်နေသော အကြည့်အောက်တွင် ချန်းချန်အန်းမှာ သတိထားပြီး လက်ကို ဆန့်ထုတ်လိုက်ကာ ကျန်းပေါ်ချင်း၏ ပခုံးကို ကျော်လွန်သွားသည်။
ကျန်းပေါ်ချင်းက ချက်ချင်းပင် တင်းမာစွာ ပြောလိုက်၏။
"ချန်းချန်အန်း! မင်း အခု ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
"ကျွန်တော် အရေးပေါ် ခေါင်းလောင်း နှိပ်မလို့ပါ"
ချန်းချန်အန်းက အပြစ်ကင်းစွာ ဖြေသည်။
“ကျွန်တော်တို့ ဒီဓာတ်လှေကားထဲကနေ မထွက်နိုင်ရင် ကျွန်တော့် မန်နေဂျာက ကျွန်တော် အပေါ်မှာ တီထွင်ဖန်တီးမှုတွေ လုပ်နေတယ်လို့ ထင်တော့မှာ"
ကျန်းပေါ်ချင်းက သူ၏ နောက်မှ ခလုတ်တန်းများကို တစ်ချက်ကြည့်လိုက်ပြီး၊ လက်ကိုမြှောက်ကာ သူ၏ နားထင်ကို ပွတ်လိုက်သည်။
"ငါ့လက်တွေ ပြတ်နေလို့လား၊ ဒါမှမဟုတ် မင်းမှာ ပါးစပ်မပါဘူးလား"
ချန်းချန်အန်းက အနည်းငယ် နောက်ဆုတ်လိုက်၏။
" 'လူကြီးလူကောင်းသည် အလုပ်တွင် လုံ့လရှိပြီး စကားပြောဆိုရာတွင် ဂရုစိုက်၏' တဲ့၊ ကျန်းလောင်ရှီးဟာက နည်းနည်းတော့ ကြမ်းတမ်းနေပြီ ”
ဂျူနီယာများကို လမ်းညွှန်ခဲ့သည့် သူ၏ဘဝတစ်လျှောက်လုံးတွင် ကျန်းပေါ်ချင်းသည် သူ၏ကိုယ်ပိုင် စကားလုံးများဖြင့် အချေအတင် ပြန်လည်ငြင်းခုံခံရခြင်းမှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ်ပင်။
ချန်းချန်အန်းမှာလည်း နောင်တရနေခဲ့၏။ စာအုပ်ထဲသို့ ကူးပြောင်းမလာခင်က သူ စျေးထဲတွင် ဈေးဝယ်ရင်း အဘွားအိုတစ်ဦးအား စျေးဆစ်နေခဲ့သည်။
ရုတ်တရက်ဆိုသလို ကြက်သွန်မြိတ် ဝယ်နေရာကနေ ဖျော်ဖြေရေးလောက အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။
ကံကောင်းစွာပင် သူ့ဘောင်းဘီအိတ်ထဲမှ ဖုန်းက Ai Qing Mai Mai သီချင်း၏ ပူပြင်းပေါက်ကွဲနေသော DJ ဗားရှင်းဖြင့် မြည်လာ၏။
ချန်းချန်အန်းက ဖုန်းကို ဖြေလိုက်သည်နှင့် သူ၏ လူမှုဆက်ဆံရေး လက်ထောက် ရှောင်ဝမ်၏ ပို၍ပူပြင်းပေါက်ကွဲနေသော စကားများကို ကြားလိုက်ရသည်။
"သူဌေး၊ ဈေးကွက်ရှာဖွေရေးအကောင့်တွေကို ပိုက်ဆံ ပေးထားပြီးပြီ၊ သူဌေး ဓာတ်ပုံ ပို့ပေးဖို့ကိုပဲ စောင့်နေကြတာ ပြီးတာနဲ့ စစ်ဆင်ရေး စလို့ရပြီ ဒီတစ်ကြိမ်က ကျန်း..."
ကျန်းပေါ်ချင်း၏ နာမည်ကို ကြားလိုက်ရသော ချန်းချန်အန်းက ဖုန်းအသံကို အလျင်အမြန် လျှော့လိုက်၏။
"အဟွတ်၊ အဟွတ်၊ အဟွတ်၊ အဟွတ်၊ အဟွတ်၊ အဟွတ်!"
"သူဌေး၊ ဘာဖြစ်တာလဲ လည်ချောင်းနာနေတာလား"
ရှောင်ဝမ်မှာ ကံမကောင်းစွာဖြင့် ဘာမှ မသိလိုက်ပေ။
ချန်းချန်အန်း၏ အသံမှာ တိုးတိုးလေးသာ ကျန်တော့သည်။
"လည်ချောင်းက ကောင်းပါတယ်၊ ဒါပေမဲ့ သွား နာနေပြီး အသည်းတွေလည်း နာနေတယ်"
"တကယ်ပါပဲ၊ သူဌေး အသံကို ကြည့်ရတာ ကျောက်ကပ် အားနည်းသလိုပဲနော်"
( တရုတ်စကားတွင် ' ပင်ပန်းနွမ်းနယ်နေခြင်း ' ကို နောက်ပြောင်ပြောဆိုလေ့ရှိသော စကားစု )
"..အဟွတ်"
ချန်းချန်အန်းမှာ သွေးဟောင်းသွေးညစ်များ လည်ချောင်းထဲသို့ ပြေးတက်လာသကဲ့သို့ ခံစားလိုက်ရပြီး ယခု သူ၏လည်ချောင်း အမှန်တကယ်ပင် နာနေပြီဖြစ်သည်။
"မူရင်း အကြောင်းအရာကို မတင်လိုက်နဲ့! အကြောင်းအရာ ပြောင်းလိုက်"
သူက ဝိုးတဝါး အဓိပ္ပာယ်သက်ရောက်အောင် ပြောရလေ၏။
"မူရင်း အစီအစဉ်နဲ့ လုံးဝ ကွဲပြားတဲ့ တစ်ခုခုကို တင်"
"ဒါဆို သူဌေး ဆိုလိုတာက"
သူဆိုလိုတာကို တကယ်တမ်း မပြောနိုင်ဘူးလေလို့!
သူသည် ကျန်းပေါ်ချင်းက သူ့အား လွှတ်ပေးစေရန် ကောင်းကောင်းမွန်မွန် ပြုမူချင်၏။
' ဒီလို ပြောရင်ရော ရမလား ရလောက်လား '
"မင်းက PR က လူလား ငါက PR က လူလား မင်းကို ဘာလုပ်ရမယ် ညာလုပ်ရမယ်ကအစ ငါက ကူညီစဉ်းစားပေးနေရဦးမှာလား"
( PR - လူထုနဲ့ ထိတွေ့ဆက်ဆံရတဲ့ ကဏ္ဍမျိုးကို တာဝန်ရှိတဲ့ ဌာနပါ )
ချန်းချန်အန်းက သူ၏အသံကို လျှော့ကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်၏။
"ဓာတ်ပုံတွေကို ကြည့်၊ ကျယ်ပြန့်တဲ့ ပရိသတ် ထုကြီးရဲ့ အသံတွေကို နားထောင်ပြီးတော့ မင်းရဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ လမ်းညွှန်ပေးလိုက်၊ သဟဇာတဖြစ်ပြီး ချစ်ခင်ရင်းနှီးတဲ့၊ တစ်ကမ္ဘာလုံး ပျော်ရွှင်ရမယ့် အရာတစ်ခုခုကို ရေးစမ်းပါ… ငါတို့အားလုံးက တစ်လောကတည်းမှာ ရှိနေတာ၊ ပြန်တွေ့ကြရဦးမှာ အဲလောက်ကြီး ရန်လိုနေစရာ မလိုဘူး၊ နားလည်လား”
ချန်းချန်အန်း၏ သန့်စင်လိုက်သော လုပ်ရပ်ကြောင့် ရှောင်ဝမ်၏ လက်ထဲမှ ကီးဘုတ်မှာ ချက်ချင်းပင် သန့်စင်သော ကျောက်စိမ်းအိုးအဖြစ်သို့ ပြောင်းလဲသွားပြီး၊ သူထိုင်နေသော ရုံးကုလားထိုင်မှာလည်း ကြာပန်းထိုင်ခုံ ဖြစ်သွားသည်။
သူ နားမလည်သေးသော်လည်း နားလည်ဟန်ဆောင်ကာ ပြန်ပြော၏။
…………
" ‘ညီအစ်ကိုသံယောဇဉ်’ ဆိုတဲ့ အကြောင်းအရာကို မြှင့်တင်ချင်တယ်လို့ ဆိုလိုတာလား"
"အမျှော်အမြင် ရှိလိုက်တဲ့ လူငယ်လေး!"
ချန်းချန်အန်းမှာ ယနေ့၏ ‘ဝတ်စုံတိုက်ဆိုင်မှု’ ကို မည်သို့ သတ်မှတ်ရမည်ကို စိုးရိမ်နေခဲ့သည်။
သူနှင့် ကျန်းပေါ်ချင်းတို့ ဆက်ဆံရေး ကောင်းမွန်ပါက ပုံစံတူ ဝတ်ခြင်းမှာ လုံးဝ ပုံမှန်ပင် မဟုတ်လော။
'ညီအစ်ကိုသံယောဇဉ်’ ဆိုတာ 'မင်းအတွက် ကောင်းတာ၊ ငါ့အတွက် ကောင်းတာ၊ လူတိုင်းအတွက် ကောင်းတာ’ ဆိုပြီး အဓိပ္ပာယ်ရှိတဲ့ စကားလုံး၊ လုံးဝ ကောင်းမွန်ခြင်းကို ဖော်ပြတဲ့ ဝေါဟာရပဲ!
သူသည် စိတ်သက်သာရာရစွာ ဖုန်းကို ချလိုက်၏။
ကျန်းပေါ်ချင်း၏ အကြည့်က ထိုအခိုက်အတန့်တွင် သူ့အပေါ်သို့ ကျရောက်လာသည်။
ချန်းချန်အန်းက ချက်ချင်းပင် ပုံမှန်မဟုတ်သော အပြုံးတစ်ပွင့်ကို အတင်းအကျပ် ပြုံးကာ မေးလိုက်သည်။
"ဘာ…ဘာဖြစ်လို့လဲ ကျန်းလောင်ရှီး"
"ငါ့ကို ကြောက်နေတာလား”
ကျန်းပေါ်ချင်းမှာ သူ့ အယောင်ဆောင်ထားသည်အား မြင်နိုင်သကဲ့သို့ မျက်လုံးများကို အောက်သို့စိုက်ကြည့်လိုက်၏။
"မင်းရဲ့ ချွေးတွေက အဝတ်အစားတွေတောင် ရွှဲနေပြီ"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ကျန်းလောင်ရှီးက ဒီလောက်ကြင်နာပြီး ခင်ဖို့ကောင်းတာ ကျွန်တော် လောင်ရှီးကို လုံးဝ ကြောက်ရွံ့တာမျိုး မရှိဘဲ စိတ်ရင်းအမှန်နဲ့ လေးစားတာပါ"
ချန်းချန်အန်း၏ အလိုလို အန္တရာယ်ကို သိမြင်စိတ်က ချက်ချင်းပင် လှုပ်ရှားလာ၏။
"ကျွန်တော့် အဝတ်အစားတွေက တကယ်တော့... တကယ်တော့ ဒီလို ပေါ့ပေါ့ပါးပါး ဖြစ်အောင် ရည်ရွယ်ပြီး ဖန်တီးထားတာ ဒါ ကျွန်တော့်ရဲ့ စတိုင်အသစ်လေ"
ကျန်းပေါ်ချင်းက ချန်းချန်အန်းကို အာရုံစိုက် ကြည့်လိုက်ပြီးနောက် ဤလူမှာ တစ်မျိုးတစ်ဖုံ ကွဲပြားနေသူဟု နောက်ဆုံးတွင် သဘောပေါက်လိုက်သည်။
"ဟမ့်!"
သူက တခြား ဘာမှ မပြောဘဲ ချန်းချန်အန်းအား အာမေဋိတ်သံ တစ်ခုသာ ပေးလိုက်၏။
ချန်းချန်အန်းမှာ တစ်ဖက်လူက သူ့စကားကို နားထောင်နေစဉ် အခွင့်အရေးကို အရယူ၍ အတိတ်က သေမင်းကို ဖိတ်ခေါ်ခဲ့သော လုပ်ရပ်များအတွက် အမြန်ဆုံး လျော်ကြေးပေးရန် ကြိုးစားနေသည်။
"ကျန်းလောင်ရှီး၊ ကျွန်တော် အတိတ်တုန်းက အပြုသဘောမဆောင်ပြီး မလိမ္မာတဲ့၊ မမှန်ကန်တဲ့ အရာတစ်ချို့ကို လုပ်ခဲ့ဖူးတယ်ဆိုတာ သိပါတယ်…ဒါပေမဲ့ အခု ကျွန်တော် အမှားတွေကို စိတ်ရင်းအမှန်နဲ့ နားလည်နေပါပြီ၊ အခု တကယ် ပြန်ပြင်ချင်ပါတယ်၊ ဒီတစ်ခါတော့ ကျွန်တော့်ကို ယုံကြည်ပြီး အခွင့်အရေး ပေးနိုင်မလား နော်"
ကျန်းပေါ်ချင်း၏ မျက်လုံးများထဲတွင် လုံးဝ အံ့သြတုန်လှုပ်ဟန် ပေါ်လာလေ၏။
"မင်း အမှားလုပ်ခဲ့တာဆိုရင်တောင် ငါက ဘာလို့ မင်းကို အခွင့်အရေး ပေးရမှာလဲ"
ချန်းချန်အန်းက သူ၏ခေါင်းကို တိတ်ဆိတ်စွာ ရိုက်လိုက်သည်။ မှန်၏။ ကျန်းပေါ်ချင်းအား အမှန်တကယ် ဒေါသထွက်စေမည့် နောက်ဆုံး လုပ်ရပ်ကို သူ မလုပ်ရသေးပေ။ ထို့နောက် ကျန်းပေါ်ချင်းက ယခု သူ့အား အလေးအနက်ပင် ထား၍ မကြည့်သေးပေ။
ဤအချက်မှာ နာမည်ကျော်ဇာတ်လိုက် ကျန်းပေါ်ချင်း၏ စရိုက်လက္ခဏာကို ဖော်ပြနေ၏။ သူက ပြိုင်ဆိုင်မှုကို ဂရုမစိုက်ဘဲ၊ ပေါ့ပေါ့ပါးပါး စရိုက်ရှိသူ၊ ပဋိပက္ခများကို မကြိုက်ဘဲ အေးတိအေးစက် ဝါရင့်သရုပ်ဆောင်တစ်ယောက်ကဲ့သို့ ပုံပေါ်နေသည်။
အမှန်တကယ်တွင် သူ့မှာ အလွန် ရှင်းလင်းသော သတ်မှတ်ချက်များ ရှိ၏။ တစ်စုံတစ်ယောက်က သူ့စည်းကို အနည်းငယ် ဖြတ်ကျော်လိုက်သည်နှင့် သူက အဆုံးအဖြတ်ပေးပြီး သူ၏ရန်သူကို ပြန်လည်နာလန်ထူခွင့် မပေးဘဲ အနိုင်ယူပစ်တတ်သူ ဖြစ်သည်။
နောက်ထပ် ရှုထောင့်တစ်ခုမှ ကြည့်လျှင် ဤလူမှာ ထိပ်တန်း အကြမ်းပတမ်းသမား တစ်ဦးပင်။
ချန်းချန်အန်း၏ လက်ရှိ စိတ်အခြေအနေမှာ ကတ်ဂိမ်း ကစားရာ၌ လက်ထဲတွင် သုံးလုံးတစ်စုံသာ ကျန်တော့သည့် ကစားသမားတစ်ဦးကဲ့သို့ ဖြစ်နေပြီး ပြိုင်ဘက်က သူတို့၏ ဗုံးများကို သေးငယ်သော တိုက်ခိုက်မှုများအဖြစ် ခွဲလိုက်သဖြင့် သူ တတ်နိုင်သမျှ အနည်းငယ် အရှုံးခံ၍ အောက်ခံဘောင်းဘီကိုသာ ကျန်အောင် ယူကာ အိမ်ပြန်နိုင်ရန် မျှော်လင့်နေသည်။
"ဘာလို့လဲဆိုတော့ ကျန်းလောင်ရှီးရဲ့ ကျွန်တော့် အပေါ် ထားတဲ့ အမြင်ကို ကျွန်တော် လေးလေးနက်နက် ဂရုစိုက်လို့ပါ"
ချန်းချန်အန်းက သူ့ကိုယ်သူ ပြန်လည် ထိန်းချုပ်လိုက်ပြီး ကျန်းပေါ်ချင်းကို ကြည့်လိုက်၏။
အလွန်ရိုးသားသော စိတ်ရင်းမှန်ဖြင့် ဆက်ပြောလေသည်။
"ကျန်းလောင်ရှီးက ကျွန်တော့်ရဲ့ ဘုရင်၊ ကျွန်တော့်ရဲ့ ဘုရားသခင်ပါ!"
' ဘာဘုရင်လဲ ဆိုတော့ ငရဲဘုရင် '
' ဘာဘုရားသခင်လဲ ဆိုတော့ သေမင်းသခင် '
ထိုအခါ သူသည် ကျန်းပေါ်ချင်း၏ မျက်နှာပေါ်တွင် အလွန်စက်ဆုပ်ရွံရှာသော အမူအရာကို မြင်လိုက်ရ၏။
ရုပ်ရှင်ဧကရာဇ် ကျန်းမှာ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးအောင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
”ကျန်တဲ့အချိန်တွေမှာ ငါတို့ အဆက်အသွယ် မရှိလာဖို့ မျှော်လင့်ပါတယ်"
တစ်ဖက်လူနှင့် အဆင်ပြေပြေ ပေါင်းသင်းလိုသော ချန်းချန်အန်း၏ ဆန္ဒများမှာ ချက်ချင်း ပျက်စီးသွားတော့သည်။ သူ၏ စိတ်ထဲတွင် ပြဇာတ်တိုတစ်ခု ကပြနေ၏။
ချန်းချန်အန်းကို ကိုယ်စားပြုသော လူပိစိလေး : [ ဆက်သွယ်ပြောဆိုဖို့အတွက် ဆရာ့ မိုက်ခ်ကို ဖွင့်ပေးပါ ]
ကျန်းပေါ်ချင်းကို ကိုယ်စားပြုသော လူပိစိလေး : [ ကျွန်တော်တို့ အဆက်အသွယ် မရှိလာဖို့ မျှော်လင့်ပါတယ် ]
' ဒါ ဘာအခြေအနေလဲ '
~~~