အရေးအကြီးဆုံး အလုပ်မှာ နာမည်ကြီးနေသော ခေါင်းစဉ်ကို ဖယ်ရှားပစ်ရန်ပင် ဖြစ်သည်။
သူ၏ အသက်ကို ကယ်တင်ရန်အတွက် ချန်းချန်အန်းသည် ဇာတ်လမ်းထဲမှ ဗီလိန်ကြီး ဖြစ်သည့် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မွေးစားဦးလေးဖြစ်သူ ကျန့်ရုန်ယွီကို သွားရောက်တွေ့ဆုံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ဝတ္ထုထဲက ချန်းချန်အန်းမှာ ဦးနှောက်မရှိသော အသေးအဖွဲ အရန်ဇာတ်ကောင်ငယ်လေးသာ ဖြစ်သည်။
ကျန်းပေါ်ချင်း၏ရှေ့တွင် သူ အချိန်အတော်ကြာအောင် လုပ်ချင်ရာလုပ်နေနိုင်ခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ကျန့်ရုန်ယွီ၏ ငွေကြေး ထောက်ပံ့မှုကြောင့်ပင်။
ဝတ္ထုထဲက ချန်းချန်အန်း၏ မိဘများမှာ သူ ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ပြီး၊ မိခင်ဖြစ်သူက သူ့အား အိမ်နီးချင်းဖြစ်သူ ကျန့်ရုန်ယွီထံ အပ်နှံခဲ့ခြင်း ဖြစ်သည်။
ကျန့်ရုန်ယွီက မူလခန္ဓာကိုယ်ပိုင်ရှင်အပေါ် လျစ်လျူရှုသော ချဉ်းကပ်မှုမျိုးကိုသာ ကျင့်သုံးခဲ့၏။ လစဉ် လုံလောက်သော ငွေကြေးပမာဏကို ပေးခဲ့သော်လည်း ချစ်ခင်ကြင်နာမှုကိုမူ တစ်စက်မှ မပေးခဲ့ချေ။
ကျန့်ရုန်ယွီကိုယ်တိုင်က ကျန်းပေါ်ချင်း၏ အကြီးဆုံး စီးပွားပြိုင်ဘက်ဖြစ်သည်။
ကျန်းပေါ်ချင်းနှင့် နှစ်ယောက်သား လုပ်ငန်းများစွာ တိတ်တဆိတ် တိုက်ပွဲပေါင်းများစွာ ရာနှင့်ချီအောင် ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ကျန်းပေါ်ချင်းက အနည်းငယ် အသာစီးရကာ၊ ကျန့်ရုန်ယွီ၏ ကုမ္ပဏီတွင် ငွေကြေးဆိုင်ရာ ယိုပေါက်တစ်ခုကို တွေ့ရှိခဲ့ပြီး သူ့အား ထောင်ချခဲ့၏။
ချန်းချန်အန်းသည် ခန္ဓာကိုယ်အပြည့် နဂါးနှင့် ကျားပုံ တက်တူးများပါသော ခပ်ထွားထွား ဦးလေးကြီး၏ ပုံရိပ်ကို စိတ်ကူးထားခဲ့သော်လည်း၊ တွေ့လိုက်ရသောအခါ အကြမ်းဖက်မှုတွင် ပါဝင်မည့်အစား လက်ဖက်ရည် သောက်နေပြီး ခန့်ညား၍ ရင့်ကျက်သော စီးပွားရေးလုပ်ငန်းရှင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရသည်။
"ဦးလေးရုန်"
ချန်းချန်အန်းက စာအုပ်ထဲမှ ဖော်ပြချက်အတိုင်းလိုက်နာကာ သတိထား၍ ခေါ်လိုက်၏။
ကျန့်ရုန်ယွီက တိုက်ရိုက်ပင် ပြောလိုက်သည်။
"မင်း ပြဿနာ ထပ်ရှာပြန်ပြီလား၊ ဒါမှမဟုတ် ပိုက်ဆံ လိုလို့လား"
ချန်းချန်အန်းက အလေးအနက် စဉ်းစားပြီးမှ ပြန်ဖြေ၏။
"... အဲဒါက အဖြေမှန်ရွေး မေးခွန်းလိုမျိုး ဖြစ်လို့ရမလား"
"ပြော"
ကျန့်ရုန်ယွီ အံ့သြခြင်းမရှိသည်မှာ ထင်ရှား၏။
"ကျွန်တော့်အတွက် ဖုန်းခေါ်ပြီး လူကြိုက်များနေတဲ့ ခေါင်းစဉ်ကို ဖျက်ပေးလို့ရမလား"
ချန်းချန်အန်းက သူ၏မျက်နှာအမူအရာကို စောင့်ကြည့်လိုက်သည်။
"တိတိကျကျပြောရရင် ဟိုတယ်ဓာတ်လှေကားထဲက ကျွန်တော်နဲ့ ကျန်းပေါ်ချင်းရဲ့ အကြောင်းတွေပါ"
သူ့ရန်သူ၏ နာမည်ကို ကြားလိုက်သောအခါ ကျန့်ရုန်ယွီမှာ ခေတ္တရပ်သွားပြီး မျက်ခုံးပင့်လိုက်၏။
"မင်း ကျန်းပေါ်ချင်းနဲ့ ဓာတ်လှေကားထဲမှာ တကယ် ရှိနေခဲ့တာလား"
ချန်းချန်အန်း ထိတ်လန့်သွားသည်။
“ဒါက အထင်လွဲနေကြတာပါ ကျွန်တော်…ကျွန်တော်…ကျွန်တော် သူ့နဲ့
ဘာမှမဖြစ်ခဲ့ပါဘူး!"
ကျန့်ရုန်ယွီက သူ့ကို နက်ရှိုင်းစွာကြည့်လိုက်၏။
"အရွယ်ရောက်ပြီးသားလူဆိုတာ ကြိုတင်ကာကွယ်မှုတွေ လုပ်တတ်ရတယ် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်ရတယ်"
"ဖျက်ပေးနိုင်လားဆိုတာပဲ ပြောပြပေးပါ"
ချန်းချန်အန်းက ရှင်းပြခြင်းကို လက်လျှော့လိုက်ပြီ ဖြစ်သည်။
"မင်းရဲ့ ကတ်ထဲကို နှစ်သန်း လွှဲပေးထားပြီးပြီ ဒီတစ်ကြိမ်တော့ ရှိပါစေတော့ နောက်တစ်ခါ ဒီလို စိတ်မြန်လက်မြန် မလုပ်နဲ့"
ကျန့်ရုန်ယွီက မက်ဆေ့ချ် ပို့ရင်း ပြောလိုက်ပြီး စိတ်မကောင်းစွာ ထပ်ပေါင်းပြော၏။
"နောက်တစ်ခါဆိုရင်တော့ ကျန်းပေါ်ချင်းကို သူ့အမေတောင် မမှတ်မိလောက်အောင်ထိ နာမည်ပျက်စာရင်း သွင်းပစ်မယ်"
ချန်းချန်အန်းက ကျန့်ရုန်ယွီအတွက် စိတ်ထဲမှ ဖယောင်းတိုင် ထွန်းညှိပေးလိုက်သည်။
'အိုး ဗီလိန်…ဗီလိန် မင်း ဘယ်လောက်ပဲ ချမ်းသာချမ်းသာ နာမည်ကျော် ဇာတ်လိုက်ကို ဆန့်ကျင်ရင် ကောင်းကောင်း အဆုံးသတ်ရမှာ မဟုတ်ဘူး!’
……
"ကျေးဇူးတင်ပါတယ်"
ချန်းချန်အန်းမှာ အပြစ်ရှိသလို ခံစားရ၏။
သူ တုံ့ဆိုင်းနေပြီးနောက် ကျန့်ရုန်ယွီကို ကူညီရန် ဆုံးဖြတ်လိုက်သည်။
"ဦးလေးရုန်၊ ကုမ္ပဏီရဲ့ လက်ရှိ ဘဏ္ဍာရေး ဒါရိုက်တာက ဖုမျိုးရိုးမလား"
ကျန့်ရုန်းယွီသည် ဖုန်းကို ချလိုက်ပြီး သူ့အား မော့ကြည့်ကာ ဖြေ၏။
"ဟုတ်တယ်၊ ဘာဖြစ်လို့လဲ"
"သူ့ကို အလုပ်ထုတ်ပစ်လိုက်ပါ”
ချန်းချန်အန်းက နှာခေါင်းရှုံ့လိုက်ကာ ဆက်ပြော၏။
“ကျွန်တော် ဗေဒင်ဆရာမ တစ်ယောက်နဲ့ မေးခဲ့တာ သူနဲ့ ဦးလေးရဲ့ကြားမှာ ကံကြမ္မာ နှစ်ခု ရှိတယ်၊ တစ်ခုက အကောင်း တစ်ခုက အဆိုး၊ ဦးလေး ဘယ်ဟာကို အရင် နားထောင်ချင်လဲ"
"ကောင်းတာကို အရင်ပြောပြ"
ကျန့်ရုန်ယွီ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။
"ကောင်းတာကတော့ သူက ဦးလေးကို ထမင်းကျွေးလိမ့်မယ်"
"ပြီးတော့ ဆိုးတာကရော"
"သူ ကျွေးမှာက ထောင်ထမင်း"
ကျန့်ရုန်ယွီက ရယ်မောလိုက်ပြီး၊ ချန်းချန်အန်းနှင့် အကြည့်ချင်းဆုံသောအခါ မျက်ရည်များ ထွက်လာသည်အထိ ကျယ်လောင်စွာ ရယ်မောလေတော့သည်။
ချန်းချန်အန်းမှာ မျက်ခွံများ လှုပ်သွား၏။
"ကျွန်တော့်ကို မယုံဘူးလား"
"ငါ မင်းကို ယုံပါတယ်"
ကျန့်ရုန်ယွီက ပြောပြီး ရင်တုန်နေသဖြင့် အနည်းငယ် အသက်ရှူကျပ်နေဟန်ပေါ်သည်။
"ဦးလေး မနက်ဖြန် သူ့ကို အထုပ်အပိုး ပြင်ပြီး ထွက်သွားခိုင်းလိုက်မယ်"
"ဦးလေး ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဒါက အမှန်ပြောနေတာပါ”
ချန်းချန်အန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်၏။
"ဦးလေးရုန် ဘာလို့ အမေ ဆန္ဒအတိုင်း ကျွန်တော့်ကို မွေးစားဖို့ သဘောတူခဲ့တာလဲ"
"မင်းကို ငါ အိမ်ခေါ်လာတုန်းက မင်းက တံခါးဘေးက ပန်းအိုးလောက်ပဲ အရပ်မြင့်သေးတယ် မဟုတ်လား"
ကျန့်ရုန်ယွီက အန္တရာယ်ရှိသော အပြုံးကို ပြုံးလိုက်ပြီး သူ့မျက်နှာပေါ်တွင် အတိတ်ကို သတိရဟန် ပေါ်နေသည်။
"ငါ အဲဒီတုန်းက ပန်းအိုးနေရာမှာ ကလေးတစ်ယောက်ကို ထားလိုက်ရင် အရမ်း လှပနေမယ်လို့ ထင်ခဲ့တာ"
"... အာ"
"ဒါပေမဲ့ မင်းက အဲဒီတုန်းက ပုန်ကန်တတ်တဲ့လူဆိုးကောင်လေး ဖြစ်နေတာ ဝမ်းနည်းစရာပဲ၊ ငါ ဘယ်လိုပဲပြောပြော တံခါးနားမှာ ရပ်ပြီး ပန်းအိုးလေးလို နေဖို့ကို မင်းက ငြင်းဆန်နေခဲ့တာ"
ချန်းချန်အန်းက အတွင်းစိတ်မှ အော်ဟစ်လိုက်၏။
' ပုံမှန်လူတိုင်းက ငြင်းမှာပဲ မဟုတ်ဘူးလား! '
"ဒါဆို အခုရော ဆန္ဒရှိပြီလား"
ကျန့်ရုန်ယွီ၏ လက်မတွင် ငွေရောင် မြကျောက်စိမ်း လက်စွပ်ကို ဝတ်ဆင်ထားပြီး ချန်းချန်အန်း၏ ပခုံးပေါ်သို့ တင်လိုက်ကာ သူ၏အဖြေကို တိတ်ဆိတ်စွာ စောင့်နေလေသည်။
ချန်းချန်အန်းက ကျောကို မတ်လိုက်၏။ ထိုလူ စိတ်မကျေနပ်လျှင် သူ၏ပခုံးရိုးကို လက်ဗလာဖြင့် ဆွဲထုတ်ပစ်လိုက်မည်ကို ထိတ်လန့်နေခဲ့သည်။
သူ ချွေးများ ရွှဲရွှဲစိုလာသည်။
“ဟားဟား၊ ဦးလေးက အရမ်းဟာသတွေ ပြောတတ်တာပဲ"
ကျန့်ရုန်ယွီက အလေးအနက်ထား၍ ခေါင်းခါပြ၏။
"ဦးလေးက ဘယ်တော့မှ ဟာသမပြောတတ်ဘူးနော်"
"ကျွန်တော် နောက်တာပါ!"
ချန်းချန်အန်းက သူ၏လက်များကို ယှက်ထားလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော် မမေးခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ"
ကျန့်ရုန်ယွီက သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ချန်းချန်အန်းကို ခဏတာ တိတ်တဆိတ် စောင့်ကြည့်နေ၏။
သူ၏ ဈေးပေါသော တူလေးအပေါ် ရုတ်တရက် စိတ်ဝင်စားလာမိသည်။
………
ချန်းချန်အန်းမှာ ကျန့်ရုန်ယွီ၏ နေအိမ်တွင် ညစာ စားရန် မနေရဲတော့ပေ။
သူ ငွေ နှစ်သန်း ရရှိထားပြီးဖြစ်၍ သူ့ကိုယ်သူ ကုမ္ပဏီဝန်ထမ်းများ အခမဲ့စားရသော ထမင်းနှင့်သာ ဧည့်ခံလိုက်သည်။
စတားဖျော်ဖြေရေးကုမ္ပဏီတွင် အတွင်းပိုင်း စားသောက်ခန်းများ ရှိသော်လည်း ဟင်းပွဲများမှာ အခြေခံလူတန်းစားများ စားလေ့ရှိသော အစားအစာများသာ ဖြစ်ပြီး ဝန်ထမ်းအများစုမှာ နာမည်ကျော်များ ဖြစ်သဖြင့် ခုံများမှာ အများအားဖြင့် လွတ်နေလေ့ရှိသည်။
နေ့လည်စာထမင်းဘူးများကိုသာ စားလေ့ရှိခဲ့သော အရန်ဇာတ်ကောင်လေး
ချန်းချန်အန်းအတွက် ကုမ္ပဏီထမင်းစားခန်းမှာ နွေးထွေးသော နားခိုရာ တစ်ခုပင်။
သူသည် ခေါင်းငုံ့ကာ မျက်ရည်များ ဝေ့နေသော မျက်လုံးများဖြင့် ပြောင်းဖူးများကို ဝါးစားနေ၏။ သူ ပြန်မော့ကြည့်လိုက်သောအခါ အဝေးတစ်နေရာမှ ကျန်းပေါ်ချင်းနှင့် အကြည့်ချင်းဆုံသွားသည်။
"လောင်… လောင်…လောင်ရှီး၊ ကျန်းလောင်ရှီး ဒီမှာ ဘာလုပ်နေတာလဲ"
'ကျွန်တော်တို့ ဒီလို ဝေးလံတဲ့ နေရာမှာ ဆုံမိတာ၊ လောင်ရှီးလည်း ဒီနေ့ လေယာဉ်ဆင်းဖို့ အလျင်စလို လုပ်ခဲ့ရတာများလား’
"ရှောင်ချန်း၊ မယဉ်မကျေး မလုပ်နဲ့"
ဘေးနားက လျစ်လျူရှုခံထားရသော CEO က ချန်းချန်အန်းကို ဆုံးမရန် မျက်နှာကို တင်းထားလိုက်သည်။
"မစ္စတာကျန်းက ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးဖို့ ဧည့်သည်အဖြစ် ရောက်နေတာ၊ သူ့ကို ငါတို့ ထမင်းစားခန်းကို စမ်းကြည့်ဖို့ ဖိတ်ထားတာ”
"အိုး ကောင်းတာပေါ့"
' အမလေး ဘုရားရေ ငါ့ရဲ့ ခွေးလိုဘဝကို လာယူတာ မဟုတ်လို့ တော်ပါသေးရဲ့ '
ချန်းချန်အန်းက သူ၏မျက်နှာတွင် အပြုံးကို တပ်ဆင်ထားရင်း ပြောလိုက်သည်။
"ကျန်းလောင်ရှီး စားကောင်းပါစေလို့ ဆုတောင်းပေးပါတယ်!"
ကျန်းပေါ်ချင်းက အံ့အားသင့်သွား၏။
"မင်းက ဒီက စားပွဲထိုးလား"
"မဟုတ်ပါဘူး"
"ဒါဆို ဘာလို့ ဒီလောက် စိတ်အားထက်သန်နေရတာလဲ"
"ဟားဟား၊ ဘာလို့ဆို ကုမ္ပဏီက ကျွန်တော့် အိမ်လိုဖြစ်နေပြီ၊ ပြီးတော့ ကုမ္ပဏီမှာရှိတဲ့ လူတိုင်းက နိုင်ငံသားပီသစွာနဲ့ အလုပ်လုပ်နေတာလေ"
ချန်းချန်အန်းက သူ၏ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်လိုက်ပြီး အနည်းငယ် စိုးရိမ်နေသော စိတ်ကို ဖုံးကွယ်ထားလိုက်သည်။
“ဒါက ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုပါပဲ"
CEO က သဘောကျစွာ ပြုံး၏။
"တော်လိုက်တာ! မင်းကို ဆုချတဲ့အနေနဲ့ ငါတို့နဲ့အတူတူ ထမင်းစားခွင့် ပေးမယ်"
ချန်းချန်အန်း၏ မျက်နှာမှာ ထိုစကားများကြောင့် အရောင်ပြောင်းသွားသည်။
"ဥက္ကဋ္ဌ၊ ကျွန်တော် ဗိုက်ပြည့်နေပါပြီ"
CEO က သူ၏လက်ကို ချန်းချန်အန်း၏ ပခုံးပေါ်တွင် တင်လိုက်ပြီး တီးတိုးစွာ ပြော၏။
"မင်း ဘာသိလို့လဲ မင်းက ထမင်းစားရမှာ မဟုတ်ဘူးကွ၊ ဆက်ဆံရေးတွေကို စားသုံးနေတာ"
ဤ CEO မှာ ကျန့်ရုန်ယွီ၏ စီးပွားရေးပါတနာဖြစ်ပြီး ချန်းချန်အန်းကို အမြဲတစေ အနည်းငယ် ဂရုစိုက်တတ်သည်။
ဂရုစိုက်ခံရသူက မေးချင်၏။
' ဥက္ကဋ္ဌ… ဥက္ကဋ္ဌ… ဥက္ကဋ္ဌက ဘယ်လို အောင်မြင်မှု ဂုရု အမျိုးအစားလဲ! '
ပြဿနာမှာ ကျန်းပေါ်ချင်းသည် ဤနောက်ခံ ဆက်ဆံရေးများနှင့် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို လုံးဝ သတိမထားမိခြင်းပင်။
သူ၏မျက်လုံးများထဲရှိ မြင်ကွင်းမှာ ချန်းချန်အန်းက ရှက်ရွံ့ပြီး ဆန့်ကျင်ဟန် ပေါ်နေသော်လည်း ဝဝဖိုင့်ဖိုင့် လူကြီးက ပခုံးကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။
ကျန်းပေါ်ချင်းမှာ ကြည့်နေရင်း ကြည့်နေရင်းဖြင့် နောက်ဆုံးတွင် ဘာမှ မပြောနိုင်လိုက်ချေ။
……
လူသုံးဦးအတွက် စားပွဲဝိုင်းကြီး မလိုအပ်ပေ။ CEO က ဘေးတစ်ဖက်စီတွင် ထိုင်ခုံနှစ်လုံးစီပါသော လေးထောင့်စားပွဲကို ရှာ၍ အရင်ထိုင်လိုက်၏။ ကျန်းပေါ်ချင်းသည်လည်း စားပွဲ၏ တစ်ဖက်တစ်ချက်တွင် ပုံမှန်အတိုင်းပင် ထိုင်လိုက်သည်။
ချန်းချန်အန်းက CEO ဘက်သို့ လျှောက်သွားရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် CEO က သူ့အား ပြုံးပြုံးရွှင်ရွှင်ဖြင့် တားလိုက်၏။
"ရှောင်ချန်း၊ မစ္စတာကျန်းနဲ့ သွားထိုင်လိုက် မင်းတို့က လူငယ်တွေဆိုတော့ ပြောစရာတွေ ပိုများမှာပေါ့"
"အိုး…ဟုတ်ကဲ့"
ချန်းချန်အန်းမှာ ကျန်းပေါ်ချင်း၏ ဘေးသို့ ရွှေ့သွားပြီး ထိုင်လိုက်သောအခါ သူ၏ခြေထောက်က ကျန်းပေါ်ချင်း၏ ခြေထောက်ကို ထိမိသွားသည်။
ကျန်းပေါ်ချင်းက သန်းကိုက်ခံရသည့်အလား ခုန်ထွက်သွားပြီး မျက်နှာပေါ်တွင် "စည်း ထားပါ" ဟူ၍ လက်တွေ့ကျကျ ရေးထားသကဲ့သို့ ဖြစ်နေ၏။
ချန်းချန်အန်းမှာလည်း လန့်သွားသည်။
"ဒါ..ဒါဆို ကျွန်တော် ဟိုဘက်မှာပဲ ထိုင်လိုက်ရမလား"
ကျန်းပေါ်ချင်းက နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်သည်။
"မလိုပါဘူး ဒီမှာပဲ ထိုင်ပါ"
ချန်းချန်အန်း၏ စိတ်ထဲမှ လက်မထောင်ပြလိုက်သည်။
' နာမည်ကျော် ဇာတ်လိုက်ကြီးဆိုတော့လည်း စိတ်ခံစားချက် အတက်အကျ ပြင်းထန်တဲ့ပုံပဲ!'
~~~