အခန်း 131 တကယ် မယုံနိုင်စရာပဲ
ထုတ်ပိုးထားတဲ့ သတင်းစာဟောင်းကို အမြန်ဖွင့်ကာ ဂရုတစိုက်ကြည့်ပြီးနောက် တင်းဝိန် ပြောလိုက်သည်။
"အကိုယောင်၊ ကျွန်တော်ရဲ့ ပညာရှင်အမြင်အရဆိုရင် ဒါက စုန်မင်းဆက်ခေတ် ဒဲဟွားမီးဖိုထဲက အဖြူရောင် ကြွေထည်တစ်ချပ်ပါ။ အရည်အသွေးလည်း အလွန်ကောင်းတယ် "
"အစစ်အမှန်ဖြစ်တာ သံသယဖြစ်စရာမလိုဘူး!"
လျူယောက်လည်း ထိုအရာကို သံသယမဝင်ပါ။ ရှေးခေတ်သစ်သားသင်္ဘောပျက်ထဲကနေ ရတာဖြစ်လို့ အတုဆိုတာ မဖြစ်နိုင်ပေ။
လျူယောင်က "ဒီလို အဖြူရောင် ကြွေထည်တစ်ချပ်ရဲ့ တန်ဖိုးက ဘယ်လောက်ရှိလဲ" ဟု မေးသည်။
တင်းဝိန်က
"မကြာသေးတဲ့ နှစ်တွေအတွင်းမှာ ဒဲဟွားမီးဖိုက အဖြူရောင်ကြွေထည်တွေကို လေလံပွဲတွေမှာ ရောင်းချနေကြတာပါ။ ဈေးနှုန်းက သိန်းပေါင်းများစွာကနေ သန်းနဲ့ချီအထိ ရှိပါတယ်။ အကို့ရဲ့ဟာက အရည်အသွေးလည်း ကောင်းတယ်၊ ပုံစံလည်း ပြည့်စုံတယ်၊ အရမ်းလည်း သေသပ်တယ်။ ကျွန်တော် ခန့်မှန်းရရင် အနည်းဆုံး သန်း ၂၀ ကျော်လောက် တန်ဖိုးရှိနိုင်တယ်"
"ဒီလောက်တောင် တန်ဖိုးရှိတာ!"
လျူယောင် အနည်းငယ် အံ့သြသွားသည်။
ထို့နောက် သူ့ရင်ထဲတွင် အလွန်ဝမ်းသာသွားသည်။
သူက တစ်ချပ်ကို ယွမ်တစ်သောင်းလောက်ပဲ တန်ဖိုးရှိမယ်လို့ ထင်ထားတာ။ ဘာလို့လဲဆိုတော့ ရှေးဟောင်းကြွေထည်ဈေးကွက်မှာ ယွမ်တစ်သောင်း တန်တဲ့ ကြွေထည်တွေ အများကြီးရှိတာကိုး။
ဒီဟာက ယွမ် ၂ သန်းကျော် တန်မယ်ဆိုတာ သိရတော့...
တင်းဝိန်က နောက်တစ်ခုကို ကောက်ယူပြီး သတင်းစာဟောင်းကို ဖြည်လိုက်သည်။
ဂရုတစိုက်ကြည့်ပြီးနောက်
"အင်း၊ ဒါက လုံချွမ်းမီးဖိုက စိမ်းပြာရောင် ကြာပန်းပွင့်ပုံစံ ပန်းကန်ပြားပါ။ ဖန်ရည်က ကျောက်စိမ်းလို ချောမွေ့နေတယ်၊ မပျက်စီးဘဲ ရှိနေတာ အံ့ဩစရာပဲ"
ဟု ရှင်းပြလိုက်သည်။
လျူယောင်က
"ဒီဟာကရော ဘယ်လောက်တန်လဲ" ဟု မေးလိုက်သည်။
တင်းဝိန် ခဏစဉ်းစားပြီး "ဒီဟာကို ကျွန်တော် ခန့်မှန်းရရင် ၆ သန်းကျော်လောက် တန်ဖိုးရှိမယ်"
"ဘာ!"
"ခုနကဟာထက်တောင် ပိုတန်ဖိုးရှိတာလား!"
လျူယောင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ဒီဟာက သင်္ဘောပျက်ထဲကနေ ကျပန်းယူလာတဲ့ အပိုင်းအစတစ်ခုသာ ဖြစ်သည်။
သင်္ဘောပျက်တစ်ခုလုံးမှာ စုန်မင်းဆက်ခေတ်က ကြွေထည်ပေါင်း သောင်းနဲ့ချီပြီး ရှိနေတာ ဒီဟာထက်တောင် ပိုကောင်းပြီး၊ ပိုသေသပ်တဲ့၊ ပိုတန်ဖိုးရှိတဲ့ဟာတွေလည်း ရှိနေနိုင်သေးတယ်။
"လခွမ်း တကယ် မယုံနိုင်စရာပဲ!"
လျူယောင် သူ့ကိုယ်သူ ကြီးမားတဲ့ ရတနာသိုက်ကြီးကို တွေ့လိုက်ရသလို ခံစားလိုက်ရသည်။ သင်္ဘောပျက်ထဲက ပစ္စည်းအားလုံးကို ဖော်ယူနိုင်ရင် ဘယ်လောက်တန်ဖိုးရှိမလဲ။
တကယ်ကို မစဉ်းစားရဲဘူး။
လျူယောင် အသက်ပြင်းပြင်း ရူလိုက်ပြီး စိတ် အေးဆေးထားဖို့ ကြိုးစားကာ တင်းဝိန် စစ်ဆေးတာကို ဆက် ကြည့်လိုက်သည်။ တင်းဝိန်က ထိုရှေးဟောင်းကြွေထည်များကို ခွဲခြားသတ်မှတ်ပြီးစီးဖို့ မိနစ် ၃၀ ကနေ ၄၀ အထိ အချိန်ယူခဲ့သည်။
စုန်မင်းဆက်မှ ရှေးဟောင်းကြွေထည်များတွင် ဒဲဟွာမီးဖို၊ ကျင်းတဲကျန်းမီးဖို၊ လုံချွမ်းမီးဖို၊ စီစောင်မီးဖိုတို့မှ ကြွေထည်များပါဝင်ပြီး အချို့က အရည်အသွေးမြင့် ပစ္စည်းများဖြစ်သည်။
သူတို့ရဲ့ဈေးနှုန်းမှာလည်း သိန်းပေါင်းများစွာမှ သန်းနှင့်ချီအထိ ရှိသည်။ သူတို့ထဲမှ တစ်ခုကတော့ လုံချွမ်းမီးဖိုမှ အရည်အသွေးကောင်း ကြွေထည်ပန်းအိုးတစ်လုံးဖြစ်ပြီး၊ တင်းဝိန်က ယွမ် သန်း ၁၀ ခန့်တန်ဖိုးရှိမည်ဟု ခန့်မှန်းခဲ့သည်။
လျူယောင်ကို လေးစားတဲ့ အကြည့်နဲ့ တင်းဝိန် ကြည့်ပြီး
"အကိုယောင် " ဒီဆုန်မင်းဆက်က ရှေးဟောင်းကြွေထည်တွေ အများကြီးကို ခင်ဗျား ဘယ်ကရခဲ့တာလဲ၊ ပြီးတော့ အရည်အသွေးမြင့် ပစ္စည်းတွေ အများကြီးပါဝင်တယ်။ ဒီပုံးထဲက ရှေးဟောင်းကြွေထည်တစ်ဒါဇင်ကျော်ရဲ့ တန်ဖိုးက ယွမ်သန်းပေါင်းများစွာ ရှိနေတယ်" ဟု မေးလိုက်သည်။
လျူယောင်က "ညီလေး၊ ဒီလို ကြွေထည်တွေ ငါ့မှာ အများကြီးရှိသေးတယ်။ အဲဒါတွေ အားလုံးမင်းကို ပေးလိုက်ရင် လေလံပစ်နိုင်မလား" ဟု ပြောလိုက်သည်။
တင်းဝိန်က ယုံကြည်မှုအပြည့်နဲ့ "ကျွန်တော်တို့ ဟွာဟိုင်းယဉ်ကျေးမှု့ ကုမ္ပဏီမှာအရေးကြီးတဲ့ လုပ်ငန်းတစ်ခုက လေလံပွဲတွေပဲ။ အဆင့်အမျိုးမျိုးရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို လေလံပစ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် "ဟု အာမခံ ပြန်ဖြေလိုက်သည်။
"အကိုယောင် ခင်ဗျားမှာ ဒီလို ရှေးဟောင်းပစ္စည်းတွေ ဘယ်လောက်ရှိလဲ အကုန်ယူလာလိုက်ပါ ကျွန်တော် ကုမ္ပဏီစထောင်ပြီးတဲ့နောက် ပထမဆုံး လေလံပွဲအတွက် ပြင်ဆင်နေတာ"
"အင်း"
လျူယောင်သည် ခဏတာ တွန့်ဆုတ်ပြီးနောက် အရေအတွက်ကို ပြောလိုက်သည်။
"ဒီလို စုန်မင်းဆက်က ရှေးဟောင်းကြွေထည်မျိုး ငါ့မှာ စုစုပေါင်း ၂ သောင်းကနေ ၃ သောင်းလောက်ရှိတယ်"
"ဘာ!"
"နှစ်သောင်းကနေ သုံးသောင်း!"
"ဒါ ဘာသဘောလဲ!"
"ဘုရားရေ ဒါက ရှေးဟောင်းပစ္စည်းပါ။ အရမ်းရှားတယ်။ တစ်ဒါဇင်ကျော်လောက်ရှိတာတောင် တော်တော်ထူးခြားနေပြီ။ အကိုယောင်က ၂ သောင်းကနေ ၃ သောင်းရှိတယ်လို့ ပြောတယ် ဒါ၊ ဒါ၊ ဒါ..."
တင်းဝိန်မှာ အံ့ဩတုန်လှုပ်နေပုံရပြီး လျူယောင်ကို အတန်ကြာ စိုက်ကြည့်နေသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သတိပြန်ဝင်လာသောအခါ စိတ်လှုပ်ရှားပြီး လက်နှစ်ဖက်နဲ့ လျူယောင် ရဲ့ပခုံးကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ရင်း "အကိုယောင် ကျွန်တော် မှားကြားလိုက်တာလား တကယ်ပဲ ၂ သောင်းကနေ ၃ သောင်းရှိတာလား၊ အဲဒါတွေ အကုန်လုံးက ဒီလို စုန်မင်းဆက် ရှေးဟောင်းကြွေထည်တွေလား" ဟု အော်မေးလိုက်သည်။
တင်းဝိန် သူ့ကိုယ်သူ ထိန်းမရဖြစ်သွားသည်။
တကယ့်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ရသည်။
သူ ဟွာဟိုင်းယဉ်ကျေးမှု့ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး၊ အစပိုင်းမှာ အခက်အခဲများစွာရှိခဲ့သည်။ အကြီးမားဆုံး အခက်အခဲကတော့ ရှေးဟောင်းပစ္စည်း အလုံအလောက် မရှိခြင်းပင်။ သူ့ရဲ့ကိုယ်ပိုင် စုဆောင်းထားတဲ့ ပစ္စည်းတွေအားလုံးကိုတောင် ထုတ်ရောင်းဖို့ စဉ်းစားခဲ့ဖူးသည်။
အခုတော့ လျူယောင့်မှာ ၂ သောင်းကနေ ၃ သောင်းအထိ ရှိနေပြီတဲ့ ။
"သတိရပါ!"
"နှစ်ဆယ်၊ သုံးဆယ် မဟုတ်ဘူး၊ နှစ်ရာ၊ သုံးရာလည်း မဟုတ်ဘူး၊ နှစ်သောင်း၊ သုံးသောင်း!"
"မိုက်လိုက်တာ!"
တင်းဝိန် ကောင်းကင်ကနေ ကြီးမားတဲ့ ရတနာသိုက်ကြီး ပြုတ်ကျလာသလိုမျိုး ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး မူးနောက်နောက် ဖြစ်သွားသည်။
စိတ်လှုပ်ရှားမှုနဲ့အတူ
"အကိုယောင်၊ ကျွန်တော့်ကို မြန်မြန်ဆွဲဆိတ်ပေးပါ။ ကျွန်တော် အိပ်မက်မက်နေတာလား" ဟု ကျယ်လောင်စွာ ပြောလိုက်သည်။
လျယောင်က လက်မောင်းကို ဆွဲဆိတ်လိုက်သည်။
လက်မောင်းက နာကျင်မှုကို ခံစားလိုက်ရတဲ့အခါ ဒါဟာ အိပ်မက်မဟုတ်ဘူးဆိုတာ တင်းဝိန် သိလိုက်ရပြီး သူ့ရင်ထဲမှာ ပျော်ရွှင်မှုတွေ၊ ရည်မှန်းချက်တွေ နဲ့ ပြည့်နှက်သွားသည်။
စုန်ခေတ် ကြွေထည် ၂ သောင်းကနေ ၃ သောင်းအထိ ရှိနေတာဆိုတော့ သူ အများကြီး လုပ်နိုင်ပြီလေ။
ရှန်းကျိုးဖင်းက ဒီကို မလာချင်ဘူး မဟုတ်လား ။ခု ဒီမှာ ဆုန်မင်းဆက်ခေတ်ကြွေထည်တွေ အများကြီးရှိနေပြီ။ သူ့ကို မယုံဘူးဆိုရင်တောင် မလာဘဲ နေနိုင်မှာမဟုတ်ပေ။ တရုတ်နိုင်ငံမှာ ရှေးဟောင်းကြွေထည်တွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ အခွင့်အာဏာရှိတဲ့ တခြားသူတွေ ရှိရင်တောင် တင်းဝိန် သူတို့ကို ခေါ်နိုင်တော့မည်ဖြစ်သည်။
"အကိုယောင် ခင်ဗျားမှာ စုန်မင်းဆက်က ရှေးဟောင်းကြွေထည်တွေ အများကြီးရှိတာဆိုတော့ အဆင်ပြေပြီ လာ ကျွန်တော့် ကုမ္ပဏီကို လိုက်ပြမယ်"
လျူယောင့်ကို ခေါ်ပြီးတင်းဝိန် နေရာအနှံ့လိုက်ပြခဲ့သည်။
ဟွာဟိုင်းယဉ်ကျေးမှုက ရုံးအဆောက်အအုံရဲ့ တစ်ထပ်လုံးကို ငှားထားတာပဲဖြစ်သည်။ ရုံးခန်းနေရာအဖြစ် အသုံးပြုထားတဲ့ အခန်းအပြင် အများစုကို ပြပွဲနေရာအဖြစ် အသုံးပြုထားပြီး ရှေးဟောင်းပစ္စည်းအချို့ကို ပြသထားမည်ဖြစ်သည်။ ပြပွဲနေရာကလည်း အလွန်ပရော်ဖက်ရှင်နယ် ဆန်ပြီး ထောင့်မျိုးစုံကနေ မြင်ရတဲ့ ကင်မရာတွေ တပ်ဆင်ထားကာ ဘီဒိုက မှန်တွေကိုလည်း ကျည်ကာမှန်တွေနဲ့ ပြုလုပ်ထားသည်။
ပြပွဲခန်းမများအပြင် လူရာပေါင်းများစွာ ဝင်ဆံ့နိုင်တဲ့ စတုရန်းမီတာ ၂၀၀ မှ ၃၀၀ အထိရှိတဲ့ လေလံပွဲခန်းမလည်း ရှိသည်။
ဒီလောက်ကြီးတဲ့ ကုမ္ပဏီကြီးအတွက် တင်းဝိန်ဟာ စုဆောင်းမှု့ နည်းပါးတာကို စိုးရိမ်ခဲ့ရပေမယ့် အခုတော့ အဆင်ပြေသွားပြီး လုံးဝ ပြဿနာမရှိတော့ပေ။
လျူယောင် ချီးကျူးလိုက်ပြီး "ကောင်းတယ်၊ ကောင်းတယ်။ ဒီလိုဆိုရင်တော့ ငါ့လက်ထဲက ပစ္စည်းတွေ ရောင်းထွက်မှာ မပူရတော့ဘူး" ဟု ပြောလိုက်သည်။
တင်းဝိန်က "အကိုယောင် စုန်မင်းဆက်က ရှေးဟောင်းကြွေထည်အများကြီးအပြင် တခြားဘာတွေရှိသေးလဲ" ဟု မေးလိုက်သည်။
လျူယောင်က
"အခုအချိန်မှာတော့ စုန်မင်းဆက်က ရှေး ဟောင်းကြွေထည် ၂ သောင်းကနေ ၃ သောင်းလောက်ရှိတယ်။ ဒါ့အပြင် ရွှေ၊ ငွေထည်ပစ္စည်းတွေ၊ ရှေးဟောင်းပစ္စည်းတွေ၊ အကြွေစေ့တွေ စသဖြင့် ရှိသေးတယ် အကုန်လုံး မင်းကို ပေးမယ် မင်းလုပ်ရမှာက အဲဒါတွေကို ရောင်းယုံပဲ"
ပစ္စည်းတွေ အများကြီးရှိနေတာကြောင့် တင်းဝိန်မှာ လက်တွေကို ပွတ်သပ်ရင်း ပျော်ရွှင်နေသည်။
"ပြဿနာမရှိပါဘူး၊ အကိုယောင် ဒီပစ္စည်းတွေကို စိတ်ချလက်ချ ကျွန်တော့်ဆီ အပ်လိုက်လို့ရတယ်။ ဒါ့အပြင် စုန်မင်းဆက်က ရှေးဟောင်းကြွေထည်တစ်ဒါဇင်ကျော်ကိုလည်း ကျွန်တော့်ကို အရင်အပ်လိုက်ပါ။ ကျွန်တော် တစ် ယောက်ယောက်ကို ခေါ်ဖို့ လိုနေလို့"
"ရှေးဟောင်းကြွေထည် တစ်ဒါဇင်ကျော်လောက် "
"ပြဿနာမရှိပါဘူး၊ မင်းကို အရင်ပေးလိုက်မယ်၊ ဒါပေမယ့် အကောင့်လုပ်ထားရမယ်ရောင်းပြီးရင် ငါ့ကို ပိုက်ဆံပေးရမယ်။ တိကျတဲ့ ကော်မရှင်ခကိုတော့ အဲဒီ့အချိန်ကျမှ အသေးစိတ် ဆွေးနွေးကြတာပေါ့" ဟု ပြောလိုက်သည်။
တင်းဝိန်က ချက်ချင်းဆိုသလို
"ကော်မရှင်က ပြောရလွယ်ပါတယ် ဈေးကွက်ပေါက်ဈေးထက် နိမ့်ပါ့မယ်" ဟု ပြောလိုက်သည်။
ဟွာဟိုင်းယဉ်ကျေးမှု့ကနေ ထွက်လာပြီးနောက် လျူယောင် ကုမ္ပဏီကို မသွားတော့ဘဲ အိမ်ပြန်လာကာ စုန်မင်းဆက်ခေတ် သင်္ဘောပျက်ထဲက ပစ္စည်းတွေအားလုံးကို ဘယ်လိုထုတ်ယူရမလဲဆိုတာကို စဉ်းစားနေခဲ့သည်။
လျူယောင် ခဏ စဉ်းစားပြီးနောက် အတွေးများ ရှင်းလင်းသွားသည်။