Chapter - 23 : တစ္ဆေလောက၏ F4 ( 2 )
Viewers 1k

"ပြော… ဘာလို့ မင်းတို့ ထွက်မသွားနိုင်တာလဲ"

လုရွှိ၏ နားထောင်လိုသော ဆန္ဒအား မြင်သောအခါ ဆေးရိုက်အင်္ကျီ ဝတ်ထားသူနှင့် ရှောင်စစ်တို့ နှစ်ဦးစလုံး မည်သည့်အရာကိုမျှ ဖုံးကွယ်ဝံ့ခြင်းမရှိဘဲ ရိုးသားစွာ ပြောပြကြသည်။

"ကျွန်တော် ရေးထားတဲ့ သီချင်းတွေကို မပို့ရသေးဘူး"

"ကျွန်တော် ပွဲဦးထွက်ချင်တယ်"

ဆေးရိုက်အင်္ကျီ ဝတ်ထားသူ၏ နာမည်မှာ ထောင်ယင်းပေါ် ဖြစ်သည်။ သူသည် အသက် ၂၇ နှစ်တွင် သေဆုံးခဲ့၏။ အဆိုတော်ဖြစ်လိုသည့် သူ၏ အိပ်မက်များအား အကောင်အထည်ဖော်ရန်အတွက် သူသည် အသက် ၂၀ တွင် ကျောင်းမှ ထွက်ခဲ့ပြီး အလုပ်ရှာရန် တုန်းချန်သို့ လာခဲ့သည်။

သူသည် နေ့ခင်းဘက်တွင် သူ၏ သီချင်းများအား ရောင်းချရန် ထွက်လေ့ရှိပြီး ညဘက် အိမ်ပြန်ရောက်သောအခါ သီချင်းများ ရေးတတ်သည်။

သူသည် ဤကဲ့သို့ ၅ နှစ် သို့မဟုတ် ၆ နှစ်ခန့် လွင့်မျောနေပြီး သီချင်းမည်မျှ ရေးသားခဲ့သည်ကို မည်သူမျှ မသိပေ။ သူ အသက် ၂၆ နှစ်တွင် စတူဒီယိုတစ်ခုမှ သူ့အား သီချင်းတစ်ပုဒ် ပို့ပေးရန် တောင်းဆိုခဲ့ပြီး သူ့အတွက် အယ်လ်ဘမ် ထုတ်လုပ်ပေးရန် စဉ်းစားမည်ဟု ပြောခဲ့သည်။

ထောင်ယင်းပေါ်သည် အလွန် ပျော်ရွှင်သွားပြီး သီချင်းအနည်းငယ် ရွေးချယ်၍ ပို့ပေးလိုက်သည်။ သူသည် မျှော်လင့်ချက် အပြည့်ဖြင့် စောင့်ဆိုင်းနေခဲ့၏။

သို့သော် တစ်နှစ်ကြာပြီးနောက် သူ အယ်လ်ဘမ်အား မစောင့်ရသေးမီ အခြားအဆိုတော်များ၏ အယ်လ်ဘမ်များတွင် သူ၏ ကိုယ်ပိုင်သီချင်းများကို ကြားလိုက်ရသည်။ သူသည် တရားမျှတမှုအား တောင်းဆိုရန် သွားခဲ့သော်လည်း စတူဒီယိုမှ ဝန်ခံရန် ငြင်းဆန်ခဲ့ပြီး သူ့အား တရားစွဲမည်ဟု ခြိမ်းခြောက်လေသည်။

"ကျွန်တော် အရမ်း စိတ်ဆိုးပြီး သူတို့နဲ့ စကားပြောချင်ခဲ့တယ်၊ အဲဒီနေ့က အရက်နည်းနည်း သောက်ထားပြီး လေကောင်းလေသန့် ရှူဖို့ ခေါင်မိုးပေါ် တက်ချင်ခဲ့တာ... ကျွန်တော် တကယ်ကို အဆောက်အအုံပေါ်ကနေ ခုန်ချချင်တာ မဟုတ်ပါဘူး၊ သတိမထားမိလိုက်တာပါ..."

လွန်ခဲ့သည့် ဆယ်နှစ်က ညတစ်ညတွင် ထောင်ယင်းပေါ်သည် တိုက်ခန်းတစ်ခု၏ ခေါင်မိုးပေါ်မှ ပြုတ်ကျခဲ့ပြီး လူမှုရေးသတင်းများ၏ ထောင့်တစ်နေရာတွင် ပေါ်လာခဲ့သည်။ သူသည် အခြားသူများအား သူတို့၏ ဘေးကင်းရေးအတွက် သတိထားရန် သတိပေးသည့် ဥပမာတစ်ခုအဖြစ်သာ အသုံးပြုခံခဲ့ရသည်။ သေသည်အထိပင် သူ ရေးခဲ့သော သီချင်းများ မည်မျှကောင်းသည်ကို မည်သူမျှ မသိခဲ့ပေ။

"အစ်ကိုကြီး၊ ခင်ဗျားအတွက် ခက်ခဲခဲ့တာပဲ၊ ဝူးးး..."

ရှောင်စစ်သည် ဘေးမှ နားထောင်ရင်း သူ၏ မျက်ရည်များ သုတ်လိုက်ပြီးနောက် သူ့ကိုယ်ပိုင် ဇာတ်လမ်းအား ရှိုက်ကြီးတငင် ပြောပြလေသည်။

ထောင်ယင်းပေါ်နှင့် နှိုင်းယှဉ်ပါက ရှောင်စစ်၏ ဇာတ်လမ်းသည် ပို၍ ရိုးရှင်းပေသည်။ သူ့နာမည်မှာ ဟယ့်ရှင်းဟွာ ဖြစ်ပြီး သူသည် အသက် ၁၈ နှစ်တွင် သေဆုံးခဲ့သည်။

ကလေးဘဝကတည်းက ဟယ့်ရှင်းဟွာ၏ အိပ်မက်သည် အိုင်ဒေါတစ်ယောက်ဖြစ်ရန် ဖြစ်သည်။ သူသည် အသက် ၁၃ နှစ်တွင် သင်တန်းသားအဖြစ် လက်မှတ်ထိုးခဲ့ပြီး အသက် ၁၅ နှစ်တွင် အဖွဲ့တစ်ဖွဲ့ထဲသို့ ထည့်သွင်းခြင်းခံခဲ့ရသည်။ သူသည် အသက် ၁၈ နှစ်တွင် အသံရှိုးပွဲတစ်ခုအတွက် စာရင်းပေးခဲ့သော်လည်း ရှိုး အသံသွင်းရန် သွားရာလမ်းတွင် ကားမတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရသည်။ သူ၏ အသက်သည် ဤကဲ့သို့ ရုတ်တရက် အဆုံးသတ်သွားခဲ့သည်။

"ကျွန်တော်တို့ ငါးယောက် ပွဲထွက်တော့မှာ၊ ဒါပေမဲ့ ကျွန်တော်တို့ သုံးယောက်က ဒီမှာ ကျန်ခဲ့ရတယ် ဝူးးး..."

"သုံးယောက်လား…"

လုရွှိသည် ထိုစကားလုံးအား ပြတ်သားစွာ ဖမ်းမိလိုက်ပြီး မေးလိုက်၏။

“ဒါဆို မင်းတို့ နှစ်ယောက်အပြင် ဒီမှာ တခြားဝိညာဥ်တွေ ရှိနေတယ်လို့ ပြောချင်တာလား"

"ရှိပါတယ်"

ဟယ့်ရှင်းဟွာသည် သတိကြီးစွာဖြင့် ပြန်ဖြေလိုက်သည်။

"ကျန်တဲ့ နှစ်ယောက်က ကျွန်တော့် အဖွဲ့သားတွေပါ၊ သူတို့ အပေါ်ထပ်မှာပဲ ရှိနေဦးမှာ..."

ထောင်ယင်းပေါ်သည် လုရွှိတွင် ပြောစရာမရှိသည်ကို မြင်သောအခါ သူ အထင်လွဲသွားမည်ကို စိုးရိမ်၍ အလျင်အမြန် ရှင်းပြလိုက်သည်။ 

"ကျွန်တော်တို့ ဒီအဆောက်အအုံမှာ အကြာကြီး နေခဲ့တာ… လူတွေက ကျွန်တော်တို့ကို နှုတ်ဆက်ခြင်းတောင် မရှိဘဲ ရောက်လာပြီး ကျွန်တော်တို့ရဲ့ အခန်းတွေကို ယူသွားတာ၊ ဘယ်သူမဆို စိတ်ဆိုးမှာပဲ မဟုတ်လား… ဆရာ၊ ကျွန်တော်တို့ ဘယ်သူ့ကိုမှ တကယ် မထိခိုက်စေချင်ပါဘူး၊ သူတို့ကို နည်းနည်း ကြောက်အောင် လုပ်ချင်ရုံသက်သက်ပါ..."

"သွားကြစို့"

လုရွှိသည် သူတို့ကို မည်သည့်အရာအတွက်မှ အပြစ်မတင်သော်လည်း သူ၏ မျက်စိအောက်၌ ပြဿနာများ ဖန်တီးနေသည်အား သူ မလိုချင်ပေ။

တစ်ချိန်တည်းတွင် အပေါ်ထပ်ရှိ အခြေအနေသည်လည်း အင်မတန်မှ ကမောက်ကမ ဖြစ်နေသည်။

သင်တန်းသားတစ်စုသည် ရေချိုးရန် အလုပ်ရှုပ်နေကြသော်လည်း အကြောင်းတစ်ခုခုကြောင့် သူတို့အပေါ်မှ မီးများ တဖျတ်ဖျတ်နှင့် လင်းလာလိုက် ပိတ်သွားလိုက် ဖြစ်နေသည်။

လူများစွာ ရှိနေသောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းသည် ထိတ်လန့်စရာ မကောင်းလှပေ။

သို့သော် သူတို့ ရေချိုးခြင်း တစ်ဝက်တစ်ပျက် ပြီးသောအခါ ရေများ ရုတ်တရက် ရပ်တန့်သွားမည်ကို မည်သူကမှ စိတ်မကူးခဲ့မိပေ။

"အိုးးး မဖြစ်သေးဘူး၊ ငါ ခုမှ ခေါင်းလျှော်ရည် သုံးထားတာ"

"ငါ အခုမှ ကိုယ်တိုက်ဆပ်ပြာကို တိုက်ထားတာလို့…"

"အားးးး၊ ကယ်ပါဦး… ငါ မျက်နှာသစ်ဆေးတွေ မဆေးရသေးဘူး၊ ငါ့မျက်လုံးတွေ နာတယ်"

~~~

ဖြစ်ရပ်များသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားပြီး ဖန့်ဇုန်းနှင့် သူ၏ အဖွဲ့သားများပင် စကားမပြောနိုင်အောင် ဖြစ်သွားသည်။ သူတို့သည် အလုပ်သမားများအား လာရောက် ပြုပြင်ရန် အမြန်ဆုံး တောင်းဆိုခဲ့ကြသည်။

"ဟီးဟီး..." 

လျှာတွဲလောင်းကျနေသော တစ္ဆေမလေးသည် လမ်းစင်္ကြန်တစ်လျှောက်လုံး ပြေးလွှားနေသော ယောက်ျားလေးများ၏ ခန္ဓာကိုယ်များအား ကြည့်နေပြီး သူ(မ)၏ မျက်နှာအား ဖုံးအုပ်ရန် လက်အား မြှောက်ထားဆဲဖြစ်သည်။ သူ(မ)၏ လက်ချောင်းများကြားမှ ကွာဟချက်သည် အတော်လေး ကျယ်နေပြီး သူ(မ)၏ မျက်လုံးများက စိတ်လှုပ်ရှားစွာ လည်နေကာ သူ(မ) အရှေ့မှ အရာအားလုံးအား ကြည့်နေသည်။

တစ္ဆေအမျိုးသားနှစ်ဦးသည် မီးခလုတ်အား ပိတ်လိုက်ပြီး သူတို့၏ ကြိုးစားအားထုတ်မှု ရလဒ်များအား ချီးကျူးရန် လမ်းစင်္ကြန်တွင် လွင့်မျောနေကြသည်။

"ဒီလောက်ဆို ရပြီလား"

"တစ်ခုခု လိုနေသေးတယ်လို့ ခံစားရတယ်"

သူတို့ စကားပြောနေစဉ် ရွှီဟောက်မင်သည် အခန်း ၂၀၁ မှ ထွက်လာသည်။

သူသည် ရေချိုးခြင်း တစ်ဝက်သာ ပြီးသေးပြီး သူ၏ ခန္ဓာကိုယ်သည် အမြှုပ်များဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သည်။ သူသည် သူ့ကိုယ်သူ "ကျက်သရေမရှိလိုက်တာ" ဟု ရေရွတ်ရင်း ထွက်လာပြီး တစ်စုံတစ်ယောက်မှ ဖြေရှင်းချက် ရှာတွေ့ပြီလားဟု ကြည့်ရှုနေသည်။

တစ္ဆေအမျိုးသားနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"သူ့ကို ရွေးလိုက်မလား"

"ကောင်းပြီ၊ သူ့ကိုပဲ ရွေးမယ်"

"ဘယ်လို အဆောင်ကြီးလဲ၊ ရေတောင် မလာဘူး"

ရွှီဟောက်မင်၏ နှလုံးသားသည် ကျိန်ဆဲမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် လုရွှိနှင့် အခန်းတွဲရခြင်းအတွက် အနည်းငယ် စိတ်ပျက်နေပြီးသားဖြစ်သည်။ ယခု ရေပင် ချိုးခွင့်မရခြင်းသည် မခံမရပ်နိုင် ဖြစ်နေသည်။

သူသည် သူ့ကိုယ်သူ မျက်နှာသုတ်ပဝါဖြင့် ပတ်၍ အများသုံး ရေချိုးခန်းတွင် ရေမြန်မြန် ဆေးကြောရန် ရေရှိ၊ မရှိ သွားကြည့်လိုက်သည်။ သို့သော် သူ အဆောင်ခန်းမှ ထွက်လာသောအခါ အပြင်ဘက်တွင် အရာအားလုံး မှောင်မည်းနေသည်ကို သဘောပေါက်လိုက်၏။ သူ အများသုံး ရေချိုးခန်းသို့ ရောက်သောအခါ ရေမရှိသေးသည်ကို တွေ့ရှိရ၏။

"ချီး!"

ရွှီဟောက်မင် ကျိန်ဆဲပြီး သူ၏ အဆောင်ခန်းသို့ ပြန်သွားကာ စောင့်ဆိုင်းရန်အတွက် နောက်လှည့်လိုက်သည်။

ရေချိုးခန်းမှ သူ၏ အဆောင်ခန်းအထိသည် ၅ မီတာ သို့မဟုတ် ၆ မီတာသာ ရှိသော်လည်း ရွှီဟောက်မင် သည် အဆုံးသို့ မရောက်နိုင်ဘဲ ဆက်၍ လျှောက်သွားနေရသည်။

သူသည် ခြေလှမ်းအများကြီး လျှောက်ခဲ့သည်မှာ သိသာနေ၏။ သို့သော် သူ ရပ်လိုက်ပြီး နောက်လှည့်လိုက်တိုင်း သူသည် အများသုံး ရေချိုးခန်း၏ ဝင်ပေါက်တွင်သာ ရှိနေသေးသည်ကို သဘောပေါက်လိုက်သည်။

ပတ်ဝန်းကျင်တွင် လူများစွာ ရှိသင့်သော်လည်း မသိလိုက်မီအချိန်တွင်း အသံများနှင့် လူအားလုံး ပျောက်ကွယ်သွားသည်။

အမှောင်ထုသည် သူ၏ ကြောက်ရွံ့မှုများအား ပို၍ တိုးစေသည်။ ရွှီဟောက်မင်သည် သတိလက်လွတ်ဖြင့် သူ၏ ခြေလှမ်းများအား မြန်စေလိုက်သော်လည်း သူ မည်မျှ ဝေးဝေး လျှောက်သွားလိုက်ပါစေ အများသုံး ရေချိုးခန်းမှ ထွက်ခွာ၍ မရခဲ့ပေ။

"ဒီည မင်း သရဲတစ်ကောင် မြင်ရနိုင်တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ"

လုရွှိ၏ စကားများသည် သူ၏ နားထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာပြီး ပထမဆုံးအကြိမ်အဖြစ် သိပ္ပံပညာအား အမြဲတစေ လေးစားခဲ့သော ရွှီဟောက်မင်သည် ကမ္ဘာကြီးအပေါ် သူ၏ နားလည်မှုအား သံသယဝင်လာမိသည်။

သူသည် နံရံများအား ရိုက်ခတ်တတ်သော တစ္ဆေများအကြောင်း ပုံပြင်များ ကြားဖူးသော်လည်း သူ့ထံ၌ ဖြစ်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ခန္ဓာကိုယ်မှ ပို၍ကြောက်လေလေ၊ ပို၍ ထိလွယ်ရှလွယ် ဖြစ်လာလေပင် ဖြစ်သည်။ လေအေးတစ်ချက်သည် သူ၏ လည်ပင်းပေါ်သို့ မှုတ်ထုတ်လိုက်ပြီး သူ၏ ကျောရိုးတစ်လျှောက် ပြေးဆင်းသွားသည်။ သူ၏ ဦးရေပြားပင် ထုံကျဉ်နေ၏။

ရွှီဟောက်မင်သည် သူ့နောက်တွင် တစ်စုံတစ်ခု ရှိနေသည်ဟု ခံစားရသော်လည်း ခေါင်းလှည့်ဝံ့ခြင်း မရှိပေ။

"ဒီမှာ တစ်ယောက်ယောက် ရှိလား"

အကူအညီတောင်းရန် အသံကုန် အော်ဟစ်လိုက်သော်လည်း တုံ့ပြန်မှု မရှိပေ။

လုရွှိသည် အပေါ်ထပ်သို့ တက်လာပြီး တစ္ဆေနှစ်ဦး၏ မြင်ကွင်းအား မြင်လိုက်ရသည်။ တစ်ဦးသည် သူ့မျက်လုံးများအား ဖုံးအုပ်ရင်း အလုပ်ရှုပ်နေပြီး နောက်တစ်ဦးသည် သူ၏ လည်ပင်းပေါ်သို့ လေအေးများ မှုတ်ထုတ်ရင်း အလုပ်ရှုပ်နေသည်။

လုရွှိသည် ဤမြင်ကွင်းကြောင့် အနည်းငယ် ရယ်မောချင်သော်လည်း ရွှီဟောက်မင် လဲကျလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ သူသည် ပေါ့ပေါ့ပါးပါး လက်ဖြောင့်တစ်ချက် တီးလိုက်လေသည်။

စင်္ကြန်ရှိ မီးများ လင်းလာပြီး အများသုံး ရေချိုးခန်းသည် ရေများ ပန်းထွက်နေသော အသံများဖြင့် ပြည့်နှက်သွားသည်။

ရွှီဟောက်မင်သည် သူ၏ ခေါင်းအား မော့လိုက်ပြီး သူ့ရှေ့တွင် ရပ်နေသော လုရွှိအား မြင်လိုက်ရသည်။ သူ အစောပိုင်းက ခံစားခဲ့ရသော မသက်မသာမှုသည် လုံးဝ ပျောက်ကွယ်သွား၏။

ပထမဆုံးအကြိမ်အဖြစ် လုရွှိသည် အလွန်ချောမောပြီး ရင်းနှီးသည်ဟု သူ ခံစားလိုက်ရသည်။ သူသည် ချက်ချင်းပင် သူ့အပေါ်သို့ ခုန်တက်လိုက်ပြီး ငိုတော့မလိုပင်ဖြစ်နေလေသည်။

"ကယ်ပါဦး လုရွှိ… သရဲရှိတယ်..."

~~~