ဒုတိယထပ်ရှိ လမ်းလျှောက်စင်္ကြန်တစ်လျှောက်လုံးတွင် ကင်မရာများ အပြည့်ရှိနေသည်။
လုရွှိ၏ မျက်နှာအမူအရာသည် တည်ငြိမ်၏။ သူသည် ပတ်ဝန်းကျင်အား တိတ်ဆိတ်စွာ လေ့လာပြီး ရှဲ့အန်းကို ဆက်သွယ်ရန်အတွက် ကင်မရာ၏ မှောင်ရိပ်ကျရာ နေရာအား ရှာဖွေနေသည်။
လုရွှိ၏ အလုပ်သည် ဆဲလ်ဖုန်းမရှိဘဲ မလုပ်ဆောင်နိုင်ပေ။ သူသည် အရန်ဖုန်းအား ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်၍ အော်ဒါများ လက်ခံလေ့ရှိသော ဖုန်းသည် သူ၏ လက်ထဲ၌ ရှိနေဆဲဖြစ်သည်။
အဆောင်ခန်းတိုင်းတွင် ရေချိုးခန်းပါရှိသော်လည်း လူခြောက်ဦး အလှည့်ကျ ရေချိုးခြင်းသည် အလွန်နှေးကွေးလွန်းသည်။ သင်တန်းသားများ အချိန်ကုန်သက်သာစေရန်အတွက် ရှိုး၏ ထုတ်လုပ်ရေးအဖွဲ့သည် အများသုံးရေချိုးခန်းအား အထူးပြုပြင်ထားသည်။
ဤအချိန်၌ သင်တန်းသားများစွာသည် ရေချိုးရန်အတွက် သူတို့၏ ရေချိုးသုံးပစ္စည်းများကို ယူ၍ သွားနေကြသည်။ ရာသီဥတုသည် ပူလောင်နေပြီး လူငယ်များသည် ပြင်းပြသော မီးတောက်များဖြင့် ပြည့်နှက်နေသည်။
သင်တန်းသား အများအပြားသည် အပေါ်ဝတ်အား ချွတ်၍ ပွပွချောင်ချောင် ညအိပ်ဝတ် ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ကာ ထွက်လာကြသည်။
သူတို့အားလုံးသည် သင်တန်းနောက်ခံများဖြင့် လာကြ၏။ သူတို့၏ စွမ်းရည်များအား ဖော်ပြခြင်းမရှိလျှင်တောင် အနည်းဆုံး သူတို့၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်များသည် သူတို့၏ အုပ်စုအတွင်း အမြင့်ဆုံး အဆင့်၌ ရှိနေကြသည်။
သန့်ရှင်းလန်းဆန်းသော အပြုံးများနှင့် တက်ကြွမှု အပြည့်ရှိသော လူငယ် ခန္ဓာကိုယ်များ...
အရာအားလုံးသည် လှုပ်ရှားမှုရှိ၍ လှပနေသည်။
လုရွှိသည် လက်အား အိတ်ထဲထည့်၍ စင်္ကြန်၌ ရပ်နေပြီး သူ၏ အကြည့်သည် လူအုပ်အားဖြတ်၍ နံရံဘေးတွင် ကုန်းနေသော မိန်းကလေးဆီသို့ ကျရောက်သွားသည်။
သူ(မ)မှာ အထက်တန်းကျောင်းဝတ်စုံ ဝတ်ဆင်ထားပြီး သူ(မ)သည် စာသင်ရမည့် အသက်အရွယ်၌ ရှိနေဆဲ ဖြစ်ပုံရ၏။ သူ(မ)သည် ကြိုးတစ်ချောင်း လက်ထဲတွင် ကိုင်ထားပြီး သူ(မ)၏ မျက်နှာသည် ခရမ်းရောင် ဖြစ်နေကာ ရှည်လျားသော လျှာသည် သူ(မ)၏ ပါးစပ်မှ မြွေတစ်ကောင် အရေခွံလဲသကဲ့သို့ တွဲလွဲကျနေသည်။
ယခုအချိန်တွင် ထိုမိန်းကလေးသည် လက်ဖြင့် မျက်နှာအား ထောက်လျက် ဝင်ထွက်သွားလာနေသော သင်တန်းသားများအား ကြည့်နေပြီး သူ(မ)၏ မျက်လုံးများ လခြမ်းပုံသဏ္ဍာန် ဖြစ်လုနီးပါးအထိ ပြုံးနေသည်။
လုရွှိမှလွဲ၍ အခြားမည်သူမျှ ထိုမိန်းကလေး၏ ရှိနေခြင်းအား သတိမထားမိကြပေ။ သူ(မ)၏ ခန္ဓာကိုယ်အား ဖြတ်၍ တည့်တည့်လျှောက်သွားကြသော မသိနားမလည်သည့် သင်တန်းသားများပင် ရှိသည်။
လုရွှိသည် သူ၏ မျက်ခုံးများ ပင့်လိုက်၏။ ဤနေရာ၌ ကြိုးဆွဲချ သေဆုံးခဲ့သော တစ္ဆေတစ်ကောင်နှင့် တွေ့ဆုံရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
လမ်းလျှောက်စင်္ကြန်၌ သင်တန်းသားများ အလွန်များပြားနေပြီး တစ်ဦးချင်းစီတွင် ကောင်းမွန်သော ရုပ်ရည်ရှိနေကြသည်။ တစ္ဆေမလေးသည် ဟိုကြည့်ဒီကြည့် လုပ်နေပြီး ရှောင်ကောကောတိုင်းသည် အလွန်ချောမောသည်ဟု တွေးနေ၏။ သူ(မ)သည် မည်သည့်ဘက်ကို ကြည့်ရမှန်း မသိဖြစ်နေသည်။
သူ(မ)သည် ခေါင်းလှည့်၍ လုရွှိအား မြင်လိုက်ရသည့်တိုင်အောင် တစ္ဆေမလေး၏ မျက်လုံးများ တစ်ခဏချင်း တောက်ပသွားသည်။
"ဝိုး၊ ဒီတစ်ယောက်ကတော့ အချောဆုံးပဲ"
လုရွှိသည် သူ့ဆီသို့ လွင့်မျောလာသော တစ္ဆေမလေးအား မမြင်သယောင်ပြု၍ ပြုံးလိုက်သည်။ သူသည် ဖုန်းခေါ်ဆိုရန် တိတ်ဆိတ်သော နေရာအား ရှာဖွေရန် နောက်ပြန်လှည့်ပြီး အောက်ထပ်သို့ ဆင်းသွား၏။
သူ အောက်ထပ်သို့ ရောက်သောအခါ ဖန့်ဇုန်းနှင့် အခြား ဝန်ထမ်းအနည်းငယ်တို့ စောင့်ကြည့်ရေးအခန်း၏ ရှေ့တွင် ရပ်နေသည်ကို သူ မြင်လိုက်ရသည်။ သူတို့၏ မျက်နှာအမူအရာများသည် မကောင်းမွန်ပေ။
"ငါ နားကြားမှားတာ ဖြစ်မယ်၊ ဘာမှ မဟုတ်ဘူး၊ အားလုံး ပြန်ပြီး အနားယူကြ"
ဖန့်ဇုန်းနှင့် လက်ထောက်မလေးတို့သည် စောင့်ကြည့်ရေးအခန်းမှ ထွက်လာပြီးနောက် လုံခြုံရေးအဖွဲ့အား ချက်ချင်း ဆက်သွယ်ခဲ့ကြသည်။
လူအုပ်စုသည် အထပ်တစ်ခုလုံးဆီ လိုက်လံစစ်ဆေးကြသော်လည်း ငိုသံအား မကြားခဲ့ရပေ။
လူအများကြီး၏ ရှေ့တွင် ဖန့်ဇုန်းသည် များများစားစား မပြောနိုင်ဘဲ သူ အမှန်တကယ် နားကြားမှားခဲ့သည်ဟုသာ မျှော်လင့်လိုက်သည်။
"ဖန့်ကော၊ တစ်ခုခု ဖြစ်လို့လား"
ဖန့်ဇုန်းသည် လုရွှိ မည်သည့်အချိန်က ရောက်လာသည်ကို သတိမထားမိဘဲ နောက်လှည့်လိုက်သည်။ သူသည် ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပြီး လုရွှိကို စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"မင်း ဘာလို့ အောက်ထပ်ကို ဆင်းလာတာလဲ"
"ကျွန်တော် လမ်းလျှောက်ရင်း စိတ်ဖိစီးမှုတွေကို လျှော့ချင်လို့ပါ"
လုရွှိသည် စကားပြောရင်း စောင့်ကြည့်ရေးအခန်း၏ ဝင်ပေါက်ရှေ့သို့ လျှောက်သွားလိုက်သည်။ သူသည် တစ်ချက်သာ ကြည့်လိုက်ပြီး ဖန့်ဇုန်းအား မေးလိုက်၏။
"ဖန့်ကော၊ ခင်ဗျားကို သရဲခြောက်တာလား"
ဖန့်ဇုန်းသည် လုရွှိ ပါးစပ်ဟလိုက်သည်နှင့် ဤစကား ပြောလိမ့်မည်ဟု မထင်ခဲ့ပေ။ အခြားမည်သူမျှ အနီးအနားတွင် မရှိသည်ကို ကံကောင်းသည်ဟု ဆိုရပေမည်။ သူသည် လုရွှိအား ချက်ချင်း ဘေးသို့ ဆွဲခေါ်သွားသည်။
"သရဲဆိုတာ မရှိပါဘူး၊ အဲဒီလို စကားမျိုး မပြောရဘူး"
သူသည် ငြင်းဆိုချင်သော်လည်း ခေါင်းမော့လိုက်သောအခါ ပြုံးနေသော်လည်း အပြည့်အဝ ပြုံးမနေသော မျက်လုံးတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။
ဖန့်ဇုန်းသည် လုရွှိ ချောမောသည်ဟု အမြဲတစေ ထင်ခဲ့ပြီး၊ အထူးသဖြင့် လှပသော မက်မွန်ပွင့်မျက်လုံး တစ်စုံအား ကင်မရာထံမှ အကြိမ်မည်မျှ အာရုံစိုက်ရန် ပြောခဲ့သည်ကို သူ မသိပေ။
သို့သော် ကင်မရာထံမှလွဲ၍ ဖန့်ဇုန်းသည် လုရွှိ၏ မျက်လုံးများအား ဤမျှ နီးနီးကပ်ကပ် မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
တောက်ပသော မျက်ဝန်းများသည် မည်သည့် ညစ်နွမ်းမှုမျှ မရှိဘဲ နှလုံးသား၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များကိုပင် ထင်ဟပ်နိုင်သကဲ့သို့ ရှိသည်။
သူ၏ မျက်လုံးများသည် X-ray ရိုက်ထားသည့် ခံစားချက်အား ဖန့်ဇုန်း မည်သို့ ဖော်ပြရမည်ကို မသိသော်လည်း လုရွှိထံမှ တစ်စုံတစ်ရာ ဖုံးကွယ်ထားခြင်း မပြုသင့်ဟု သတိလက်လွတ် ခံစားလိုက်မိသည်။
သူသည် သက်ပြင်းချပြီး နောက်ဆုံးတွင် လက်ခံလိုက်သည်။ သူသည် လုရွှိအား အသံတိုးတိုးဖြင့် ယခုနက ဖြစ်ပျက်သွားသော ထူးဆန်းသည့် ဖြစ်ရပ်အကြောင်း ပြောပြလိုက်၏။
"ဒီအကြောင်းကို တခြားသူတွေကို မပြောနဲ့နော်"
ထိုသို့ သတိပေးရန်လည်း မမေ့ခဲ့ပေ။ သူသည် လုရွှိ၏ သန့်ရှင်းပြီး အပြစ်ကင်းသော မျက်နှာအား မြင်သောအခါ သူ့အား ကြောက်အောင် လုပ်မိပြီဟု စိုးရိမ်သွားသည်။
"ပုံပြင် နားထောင်ခဲ့တယ်လို့ပဲ သဘောထားလိုက်ပါ၊ မကြောက်ပါနဲ့၊ အိပ်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်"
ဖန့်ဇုန်း၏ အသံသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။ လုရွှိသည် သူ့အား ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
"ဖန့်ကော၊ ခင်ဗျားလည်း စိတ်မပူပါနဲ့… ကျွန်တော် ရှိတယ်"
"ဒီကလေးကတော့..."
ဖန့်ဇုန်းသည် လုရွှိမှာ ကျားမကြောက်တတ်သေးသော အသစ်မွေးခါစ နွားငယ်လေး တစ်ကောင်မျှသာဟု မူလက ထင်လိုက်သော်လည်း သူ၏ မတုန်မလှုပ်၊ ကြည်လင်သော မျက်နှာအမူအရာအား မြင်လိုက်ရပြီးနောက် တစ်နည်းနည်းဖြင့် ယုံကြည်သွားသည်။
( Note : ‘ ကျားမကြောက်တတ်သေးသော အသစ်မွေးခါစ နွားငယ်လေး’ လူငယ်တွေက ကမ္ဘာကြီးရဲ့အကြောင်းကို မသိကြသေးတဲ့အတွက် အကြောက်အရွံ့ကင်းမဲ့တယ်လို့ ပြောချင်တာပါ။ )
လုရွှိသည် ဖန့်ဇုန်းမှ ထပ်မံစကားပြောသည်ကို မစောင့်ဘဲ ဦးစွာ နှုတ်ဆက်လိုက်သည်။
"ဖန့်ကော၊ ကျွန်တော် အိပ်လို့ မပျော်ဘူး၊ အဲတာကြောင့် စိတ်အပန်းဖြေဖို့ ပထမထပ်ပတ်လည်မှာ လမ်းလျှောက်လိုက်ဦးမယ်"
"အင်း၊ အရမ်း နောက်ကျတဲ့အထိ မနေနဲ့… မနက်ဖြန် ရိုက်ကူးဖို့အတွက် အကောင်းဆုံး အခြေအနေမှာ ရှိနေရမယ်နော်"
ပထမထပ်ရှိ မီးအများစုအား ပိတ်ထားပြီး စင်္ကြန်ရှည်ရှိ မီးများသာ လင်းနေသည်။
လုရွှိသည် စင်္ကြန်အား ဖြတ်၍ တည်ငြိမ်စွာ လျှောက်သွားပြီး သိုလှောင်ခန်းသို့ လှည့်ဝင်သွားလေသည်။ ဤနေရာ၌ မီးများနှင့် စောင့်ကြည့်ကင်မရာများ မရှိသလို သူ့အား လာရောက် နှောင့်ယှက်မည့်သူလည်း မရှိပေ။
သူသည် ပြတင်းပေါက်ဆီသို့ တည့်တည့်လျှောက်သွားပြီး လိုက်ကာများအား ဖွင့်လိုက်သည်။ လေသည် အက်ကြောင်းများမှတစ်ဆင့် ဝင်ရောက်လာပြီး နွေရာသီ၏ ထူးခြားသော စိုထိုင်းမှုနှင့်အတူ ဝင်ရောက်လာသည်။
လုရွှိ သိုလှောင်ခန်းထဲသို့ ဝင်ရောက်ပြီး မကြာမီပင် အနောက်မှ တံခါးသည် ခါးခါးသီးသီး ပိတ်သွား၏။ အခန်းသည် ချက်ချင်းပင် ငိုသံများဖြင့် ပြည့်နှက်သွားပြီး ဝေးရာသို့လည်းကောင်း နီးရာသို့လည်းကောင်း လွင့်မျောနေသည်။
မျက်နှာကျက်ရှိ မီးသီးများသည် ရုတ်တရက် မှိန်သွားပြီး မီးကြိုးများ ရှော့ဖြစ်သည့် အသံ ထုတ်လွှတ်လျက် ရုတ်တရက် ပိတ်သွားသည်။
သူ၏ အနောက်မှ တစ္ဆေခန္ဓာကိုယ် ရောက်ရှိလာသည်ကို ခံစားလိုက်ရသော်လည်း လုရွှိသည် ထိတ်လန့်ခြင်းမရှိပေ။ သူသည် သေမင်းတမန်ဌာနမှ ပေးထားသော ဖုန်းကို ထုတ်ယူပြီး ပြုံးကာ သူ၏ မက်ဆေ့ချ်များ ဖွင့်၍ ရှဲ့အန်းအား စာတိုတစ်စောင် ပို့လိုက်သည်။
"ဒီလရဲ့ စွမ်းဆောင်ရည် စစ်ဆေးမှုအတွက် စိတ်ပူစရာမလိုဘူး၊ ငါ အော်ဒါအသစ် ရထားတယ်"
~~~