လက်ထောက်မလေးသည် ဖန့်ဇုန်း နောက်သို့လိုက်၍ ဗီဒီယိုဖိုင်များ ကြည့်နေစဉ်၊ မှတ်စုစာအုပ်အတွင်း အမြဲတစေ မှတ်စုများချရေးနေသည်။
လုရွှိသည် သူ၏ကြောင်ထံ ဖုန်းခေါ်သည်ကို မြင်လိုက်ရသောအခါ ဤနတ်ဘုရားကဲ့သို့သော အမျိုးသား၌ မိသားစုမရှိမှန်း လက်ထောက်မလေး သိလိုက်ရကာ သူမ၏ ရင်ထဲတွင် သနားစိတ် ဖြစ်ပေါ်လာသည်။
သို့သော် ဝမ်းနည်းသောစိတ်ခံစားချက်များကို ခံစားခွင့်ပင် မရလိုက်မီ၊ သူမ၏ နောက်မှ ငိုသံများ ထွက်ပေါ်လာသည်။
စောင့်ကြည့်ရေးအခန်းထဲ၌ ဖန့်ဇုန်း နှင့် သူမသာ ရှိသည်။ လက်ထောက်မလေးသည် ပတ်ပတ်လည်အား ကြည့်လိုက်၏။ အခန်းမှာ ဗလာဖြစ်၏။ မည်သူမျှ မရှိပေ။ အသံက ဝေးလံသောနေရာမှ လာခဲ့ပါက လေတိုက်ခတ်သံဟု ကိုယ့်ကိုယ်ကို အာမခံနိုင်သော်လည်း ထိုငိုသံသည် သူမ၏ အနီးကပ်မှ ထွက်ပေါ်လာသည် ဖြစ်ရာ မမြင်နိုင်သော တစ်စုံတစ်ခု အနီးအနား၌ ရှိနေသကဲ့သို့ ဖြစ်နေသည်။
လက်ထောက်မလေးသည် ထိတ်လန့်လွန်း၍ မရွေ့မလျားဘဲ ရပ်တန့်နေပြီး သဘာဝမဆန်သော အရာတစ်ခုအား မြင်မိမည်ကို စိုးရိမ်သောကြောင့် မျက်လုံးပင် လှုပ်ရဲခြင်းမရှိပေ။
ဖန့်ဇုန်းသည် စကားစပြောရန် ပါးစပ်ဟလိုက်မှသာ သူမ စကားပြန်ပြောနိုင်ကာ ပြန်ဖြေလိုက်၏။
''ဖန့်ကော၊ အဲဒါ ကျွန်မ မဟုတ်ဘူး..."
ထိုသူနှစ်ဦးစလုံး စကားမပြောသော်လည်း ငိုသံများက ဆက်လက်တည်ရှိနေသည်။
တစ်နည်းနည်းဖြင့် ဖန့်ဇုန်းသည် အဖွဲ့ရှိ အခြားသူများ ပြောဆိုနေသော ထူးဆန်းသည့် ဖြစ်ရပ်များအား ရုတ်တရက် သတိရလိုက်မိသည်။
ဤတိုက်ခန်းအဆောက်အအုံသည် အလွန်ကြာမြင့်စွာ လူမနေဘဲ စွန့်ပစ်ထားသည်မှာ သေချာပြီး အချို့သော သဘာဝလွန်ဆိုင်ရာ အကြောင်းရင်းများကြောင့်ဟု ကောလာဟလ ထွက်ပေါ်နေခဲ့သည်။
ရုပ်သံဌာနသည် အဆောင်နှင့်ပက်သက်၍ ဆုံးဖြတ်သောအခါ လူအများသည် ဖန့်ဇုန်းအား နေရာပြောင်းရန် အကြံပေးခဲ့ကြသည်။
သရဲခြောက်ခြင်းကဲ့သို့သော အရာများသည် နောက်ပြောင်စရာ မဟုတ်သည့်အတွက်ကြောင့်ပင်ဖြစ်၏။
သို့သော်လည်း ဤသည်မှာ ရုပ်သံဌာန၏ ဆုံးဖြတ်ချက်ဖြစ်ပြီး ပရော်ဖက်ရှင်နယ် မီဒီယာသမားတစ်ဦးအနေဖြင့် သူသည် အယူသီးမှုအား လွယ်လွယ် မယုံကြည်ပေ။
သူသည် ဤနေရာသို့ နှစ်ကြိမ်လာဖူးပြီး အဆောက်အအုံ၌ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု တစ်ခါမျှ မခံစားခဲ့ရပေ။
သို့သော်လည်း ယခုအခန်းထဲတွင် တစ်စုံတစ်ယောက်မှာ ငိုကြွေးနေပြီး ၎င်းမှာ သူလည်းမဟုတ်၊ သူ၏ လက်ထောက်လည်း မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း။
လက်ထောက်မလေးသည် ဖန့်ဇုန်းကဲ့သို့ပင် ဆင်တူယိုးမှား တွေးနေသည်။ သူ(မ)သည် ယခုမှ ကျောင်းပြီးကာ အလုပ်စလုပ်ခြင်းဖြစ်၍ စိတ်ဓာတ်ခွန်အား အစကတည်းက သိပ်မရှိပေ။
မျက်ရည်မကျဘဲ ယခုအချိန်အထိ ကြံ့ကြံ့ခံနိုင်ခြင်းသည်ပင် ရဲရင့်နေခြင်း ဖြစ်သည်။
သူ(မ)သည် တွေးရင်းတွေးရင်း နောက်ဆုံး၌ မနေနိုင်ကာ အသံတိုးညှင်းစွာဖြင့် မေးလိုက်၏။
"ဖန့်ကော၊ ကျွန်မတို့ ဒီမှာ ဆက်နေရဦးမှာလား"
"အပြင်ထွက်ပြီး ငါနဲ့အတူ လိုက်ကြည့်ရအောင်… ဒီလိုမျိုး နောက်ပြောင်နေတဲ့သူကို ငါတို့ ရှာရမယ်"
ဖန့်ဇုန်းသည် စကားဆုံးသည်နှင့် မတ်တပ်ရပ်ပြီး ထိုလူအား ဖမ်းတော့မည်ဟု လက်ထောက်အား အော်ပြောလိုက်သည်။
ထိုသူနှစ်ဦးသည် ပါးစပ်မှ မပြောကြသော်လည်း သူတို့၏ ခန္ဓာကိုယ်များသည် အလွန်ရိုးသားစွာဖြင့် အခန်းထဲတွင် တစ်မိနစ်ကြာမျှပင် ဆက်မနေချင်ဘဲ အလျှင်အမြန် လှုပ်ရှားသွားကြသည်။
သူတို့သည် အခန်းထဲမှ ထွက်ပြေးနိုင်ခဲ့ကြ၏။
လက်ထောက်မလေးသည် အခန်းဘက်သို့ ကျောပေးထားပြီး ခေါင်းပင် လှည့်ရဲခြင်းမရှိပေ။
"ဖန့်ကော၊ အခု ဘာလုပ်ကြမလဲ"
"လုံခြုံရေးကို သွားရှာပြီး သူတို့ကို လာကြည့်ခိုင်းရအောင်၊ လူများများနဲ့ လိုက်ကြည့်ရင် အဆင်ပြေမှာပါ"
ထိုသူနှစ်ဦးသည် အနောက်မှ တစ်စုံတစ်ရာက လိုက်ဖမ်းနေသကဲ့သို့ ထိုနေရာမှ လေလို ပျံထွက်သွားကြသည်။
"အဆင်ပြေလား၊ သူတို့ တကယ် ကြောက်ပြီး ထွက်ပြေးသွားတာ သေချာလား"
"သေချာတာပေါ့၊ မဟုတ်ရင် သူတို့ ဘာလို့ ပြေးမှာလဲ''
စောင့်ကြည့်ရေးအခန်း၏ ဝင်ပေါက်တွင် ဗုဒ္ဓရုပ်ပွားတော်များ စုပုံထားသကဲ့သို့ ခေါင်းသုံးလုံးက တံခါးဝမှ ထွက်ပေါ်လာပြီး ဖန့်ဇုန်းနှင့် လက်ထောက်မလေးတို့ ထွက်ခွာသွားသော ပုံရိပ်များအား ကြည့်နေကြသည်။
ထိုလူနှစ်ဦး လမ်းထောင့်တစ်နေရာတွင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ထိုသူသုံးဦးသည် ထောင့်တစ်နေရာ၌ ငိုနေသူအား အပြစ်တင်ရန် တစ်ပြိုင်တည်း ခေါင်းလှည့်လိုက်ကြသည်။
"ရှောင်စစ်၊ မင်းကို မင်းတို့ အစ်ကိုတွေက အပြစ်တင်ချင်တာ မဟုတ်ပါဘူး၊ လူတွေကို ကြောက်အောင် လုပ်တဲ့အခါ အားကောင်းတဲ့ ပုံစံလိုတယ်လို့ ငါတို့ ပြောပြီးသားလေ… မင်းရဲ့ ကလေးလို ငိုသံလေးတွေနဲ့ သူတို့နားကို ညင်ညင်သာသာ ကုတ်ပေးနေတာလား"
ရှောင်စစ်ဟု ခေါ်ခံရသူသည် အတော်လေး ငယ်ပုံရသည်။ မျက်နှာမှာ လုံးဝိုင်းလေ၏။ သူသည် မျက်မှောင်ကြုတ်၍ တုန်ရီသောလက်များဖြင့် အခန်း ၂၀၁ ၏ တံခါးအား ပြသနေသည့် မျက်နှာပြင်အား လက်ညှိုးထိုးပြလိုက်၏။
"ကျွန်တော် တစ္ဆေငိုသံပြင်နေတုန်း ဒီလူကို မြင်လိုက်ရတာ… သေချာကြည့်၊ သူက ဆရာလုရွှိနဲ့ အများကြီး မတူဘူးလား၊ သူက ကျွန်တော်တို့ကို အထူးလာဖြေရှင်းဖို့ ရောက်လာတယ်မထင်ဘူးလား၊ ဝါး..."
လုရွှိ၏ နာမည်ကို မသိသော တစ္ဆေတစ်ပါးမျှ ဤအဖွဲ့တွင် မရှိသော်လည်း မည်သူမျှ သူ့အား တစ်ခါမျှ တကယ်တမ်း မမြင်ဖူးကြပေ။
သူတို့ ကြားဖူးသည်မှာ ဆရာလုရွှိသည် စိတ်ကောင်းဝင်နေချိန်တွင် နွေဦးလေပြေနှင့် ညင်သာသော မိုးရေများကဲ့သို့ ရှိသော်လည်း စိတ်တိုလာပါက မိနစ်ပိုင်းအတွင်း တစ္ဆေတို့၏ ဝိညာဉ်များအား ကွဲထွက်ပျောက်ကွယ် သွားစေနိုင်သည်ဟူ၍ ဖြစ်သည်။
သူတို့သည် အကြောင်းအမျိုးမျိုးကြောင့် ဤကမ္ဘာတွင် ကျန်ရစ်နေသော လွင့်မျောနေသည့် ဝိညာဉ်များဖြစ်ကြပြီး ဘဝသစ် ပြန်လည်မွေးဖွားခွင့်လက်မှတ် မရရှိသေးသလို လုရွှိအား လူကိုယ်တိုင် တွေ့မြင်ရန် အခွင့်အရေးလည်း မရရှိသေးပေ။
လုရွှိ၏ နာမည်ကို ကြားသည်နှင့် တံခါးဝရှိ တစ္ဆေသုံးကောင်သည် တစ်ပြိုင်တည်း တုန်ယင်သွားကြသည်။ သို့သော် သူတို့ စဉ်းစားလိုက်သောအခါ တစ်စုံတစ်ရာမှာ လွဲချော်နေပုံရ၏။
"ဆရာလုရွှိက သေမင်းလေ၊ သူက ဘာလို့ လူသားပြိုင်ပွဲကို လာမှာလဲ"
အခြားသူများက ထိုစကားအား ကြားသောအခါ ၎င်းသည် အလွန်အဓိပ္ပာယ်ရှိသည်ဟု ထင်လိုက်ကြသည်။
ရှောင်စစ်သည် ခဏတာ စဉ်းစားလိုက်သော်လည်း သူ၏ မိသားစုဝင်များ ပူဇော်ပေးထားသည့် Hawei Mate Pro ဖုန်းအား ထုတ်ယူ၍ မနေနိုင်ဘဲ မက်ဆေ့ချ် တစ်စောင် ပို့လိုက်သည်။ တစ်ဖက်လူမှာ သူ မကြာခဏ ပေါင်းသင်းလေ့ရှိသော အိမ်နီးနားချင်းမှ တစ္ဆေမလေးဖြစ်ပြီး သူ(မ)သည် လုရွှိနှင့် တွေ့ဆုံကြောင်း တစ္ဆေဆိုရှယ်မီဒီယာ အက်ပ်တွင် အခြေအနေများ မကြာခဏ တင်လေ့ရှိသူဖြစ်သည်။
[ ရှောင်ပိုင်ကျဲ၊ ဆရာလုရွှိက လူသားတွေရဲ့ ရှင်သန်ရေး ရှိုးပွဲတွေမှာ ပါမယ်လို့ ထင်လား ]
တစ်ဖက်ရှိ တစ္ဆေမလေးသည် လမ်းပေါ်ရှိ ကားများအား စစ်ဆေးနေပြီး မရပ်မနားရေရွတ်နေသည်။
"နင်လား၊ နင် မဟုတ်ဘူးလား"
သူ(မ)သည် ရုတ်တရက် ရောက်လာသော ဤမက်ဆေ့ချ်အား လက်ခံရရှိသောအခါ အလုပ်တွင် နစ်မြုပ်နေခဲ့သည်။ သူ(မ)သည် မက်ဆေ့ချ်အား ဖွင့်လိုက်သောအခါမှ သူ(မ)၏ မောင်လေးက လုရွှိ အကြောင်း မေးနေမှန်း သိလိုက်ရသည်။
တစ္ဆေမလေးသည် လုရွှိအား အလွန်အမင်း လေးစားသူဖြစ်ရာ ချက်ချင်း ပြန်ဖြေလိုက်သည်။
[ ရှင်သန်ရေး ရှိုးပွဲလား၊ မဖြစ်နိုင်ဘူး… ပြိုင်ပွဲတွေက သုသာန်တွေ မဟုတ်ဘူးလေ၊ သူက ဘာလို့ အဲဒီကို သွားမှာလဲ ]
ဤအဖြေအား ရရှိပြီးနောက် တစ္ဆေလေးကောင်သည် နောက်ဆုံးတွင် စိတ်ငြိမ်သွားကြသည်။
"ဒါဆို မူရင်း အစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြမလား"
"ကောင်းပြီ၊ ဒါဆို ငါတို့ အိမ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ရန်သူတွေကို မောင်းထုတ်ဖို့ အတူတူ ပူးပေါင်းကြရအောင်"
၎င်းတို့လေးဦးသည် သစ္စာဆိုခြင်းအား အပြီးသတ်သောအခါ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားကြသည်။
လုရွှိ၏ ဖုန်းခေါ်ဆိုမှု ပြီးဆုံးသောအခါ သူ့ဖုန်းအား သိမ်းလိုက်သည်။
VJ အပါအဝင် လူတိုင်းသည် သူ၏ဘဝမှာ ဆင်းရဲဒုက္ခရောက်နေသည်ဟု ယုံကြည်ကြ၏။ သူတို့မှ နှစ်သိမ့်ပေးချင်သော်လည်း စကားများကို မည်သို့မှ စရမှန်း မသိသောကြောင့် ဖော်ပြခြင်းမရှိဘဲ အချိန်ကိုသာ ကုန်လွန်စေခဲ့ကြသည်။
အခန်းထဲမှ အငွေ့အသက်သည် အနည်းငယ် ထူးဆန်းနေ၏။ လုရွှိ ပြုံး၍ ထရပ်လိုက်သည်။
"ခင်ဗျားတို့ အရင် ရေချိုးကြ၊ ကွန်တော် အပြင်မှာ လေကောင်းလေသန့် သွားရှူလိုက်ဦးမယ်"
စုန့်ကျယ် ခေါင်းညိတ်ပြီး သတိပေးလိုက်သည်။
"သွားလေ၊ ဒါပေမဲ့ မနက်ဖြန် အသံသွင်းတာ ရှိသေးတယ်၊ စောစောပြန်လာပြီး အနားယူဦး"
"သိပါတယ်"
~~~