( E tran ကလား စာရေးသူကလား မသိပေမဲ့ Mouyin ဆိုတာကို Douyin နဲ့ ပြန်ပြောင်းလိုက်ပါတယ်ရှင် )
လုရွှိသည် မနေ့က Douyin လူမှုကွန်ရက်ပေါ်တွင် ဗိုင်းရပ်စ်ပမာ ပျံ့နှံ့သွားသည်။
ခိုးရိုက်ထားသော ထိုဗီဒီယိုအား ကြည့်ရှုသူ သန်း (၂၀) ကျော်သွားခဲ့သည်။ လူများစွာသည် Douyin အား ဖွင့်လိုက်သည်နှင့် သူ့မျက်နှာအား ချက်ချင်းတွေ့လိုက်ရသည်။ 'Douyin ရှောင်ကောကော' အား ရှာဖွေသူ ပိုများလာသော်လည်း တစ်ညလုံး ကုန်လွန်သွားသည်အထိ အောင်မြင်မှုများစွာ မရခဲ့ပေ။
အင်တာနက်အသုံးပြုသူများစွာသည် ပျော်ရုံသက်သက်သာ ပါဝင်ခဲ့ကြခြင်းဖြစ်ပြီး ဤ 'စိတ်လှုပ်ရှားစရာ နတ်ဘုရားလိုယောက်ျား' အားနှစ်ရက်အတွင်း မေ့ပစ်ကြဖွယ်ရှိသည်။
သို့သော် ကမ္ဘာကြီးသည် အလွန်သေးငယ်ပေသည်။ Weibo အား မတော်တဆ ပွတ်ဆွဲရင်း မြေအောက်ရထားရှောင်ကောကော၏ မျက်နှာအား နောက်တစ်ကြိမ် ထပ်မံတွေ့လိုက်ရလေသည်။
မှတ်ချက်ပေးသူများ၊ မျှဝေသူများနှင့် နှစ်သက်သူများ များပြားလှပြီး စတိုင်လ်လစ်၏ Weibo သည် ချက်ချင်းဆိုသလို ရေပန်းစားလာသည်။ မကြာမီတွင် အင်တာနက်အသုံးပြုသူများ၏ #မြေအောက်ရထားရှောင်ကောကော ဟက်ရှ်တက်အောက်မှ ဆွေးနွေးမှုများကြောင့် လုရွှိသည် ရေပန်းစားရှာဖွေမှုစာရင်း၏ အောက်ဆုံးနားတွင် ပေါ်လာလေသည်။ လူများစွာသည် သူ၏ Weibo အား သိချင်ကြသော်လည်း ထိုပို့စ်အား တင်ခဲ့သော ဟွားလောင်ရှီးမှလွဲ၍ မည်သူမျှ ဤ’မြေအောက်ရထား ရှောင်ကောကော’ အကြောင်း တစ်ခုမှမသိကြပေ။
သူ၏ အချက်အလက်များအား ရှာမတွေ့လေလေ၊ လူတို့သည် ပို၍ လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားရလေဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သည်ဟု ခံစားရလေလေ ပို၍ သိချင်စိတ်ပြင်းပြလာကြလေ ဖြစ်သည်။
[ @ချစ်စရာဆက်ဆီဘုရင်မ မာ : @ရှောင်ဟွားလောင်ရှီး ဟွားလောင်ရှီးရေ... ကျွန်မ တောင်းပန်ပါတယ်၊ ဒီရှောင်ကောကောကို ဘယ်လိုရှာရမယ်ဆိုတဲ့ ရှင်းလင်းတဲ့ လမ်းကြောင်းလေးတစ်ခုလောက် ညွှန်ပြပေးပါဦး၊ ကျွန်မ အရမ်း လောဘကြီးနေပါပြီ! ]
ဤအရာသည် စစ်မှန်သော နည်းဗျူဟာတစ်ခုသာဖြစ်ကြောင်း ခံစားမိသော သတိရှိ၍ ဆင်ခြင်တုံတရားရှိသည့် အင်တာနက်အသုံးပြုသူများလည်းရှိရာ ၎င်းတို့က စတင်၍ ဝေဖန်ဖျက်ဆီးကြတော့သည်။
[ @ငှက်ပျောသီး၊ နင်ကရယ်စရာမဟုတ်ဘူး : ဒါက အဖွဲ့ကနေဖန်တီးထားတဲ့ လှုံ့ဆော်မှုတစ်ခုသက်သက်ပဲ၊ သိလား… ပထမတော့ သူတို့က Douyin မှာ လူစိတ်ဝင်စားအောင် ကျော်ကြားမှုကိုပိုက်ဆံပေးပြီး ဝယ်တယ်၊ ပြီးတော့ ဒီအခွင့်အရေးကိုယူပြီး သူ့ကို ပွဲထုတ်မယ်၊ ဒီလို လှုံ့ဆော်နည်းတွေကို ငါ အများကြီး မြင်ဖူးပြီးသားပါ… လုံးဝ အိုင်ဒီယာအသစ်မှ မဟုတ်တာ၊ သိပြီလား ]
သို့သော် လူတိုင်းသည် ထိုမှတ်ချက်မျာအား မြင်သော်လည်း လျစ်လျူရှုထားခဲ့ကြသည်။
[ @မြည်းစီးပြီး နေနောက်ကိုလိုက်မယ် : ဒီလိုရုပ်ရည်မျိုးနဲ့ ပွဲထွက်မယ်ဆိုရင် ဒီရှောင်ကောကော က သူ့တန်ဖိုးနဲ့သူ ဖြစ်လာမှာပဲ သူ့အဆက်အသွယ်လင့်ခ်ကို ရဖို့အတွက်တော့ ဒီမှာပဲ ဆက်ပြီး စခန်းချစောင့်နေတော့မယ်၊ ဝူး~~ ]
ရှောင်ဟွားလောင်ရှီးသည် Weibo ပေါ် တင်ပြီးနောက် သူ(မ)၏ အခြားကိစ္စများအား လုပ်ကိုင်ရန် အလုပ်များနေခဲ့သည်။ သူ(မ)သည် ထိုဓာတ်ပုံ သုံးပုံတည်းဖြင့် Weibo တွင် ရေပန်းစားလာသည်ကိုပင် သတိမထားမိခဲ့ပေ။
အင်တာနက်အသုံးပြုသူများသည် ခဏစောင့်ဆိုင်းနေသော်လည်း မူလတင်သူထံမှ အကြောင်းပြန်ကြားခြင်းမရှိသောကြောင့် မိမိတို့ဘာသာ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ကြသည်။
[ @Weibo ပေါ်က ရှားလော့ဟုမ်း : ငါ မှတ်မိသလောက်ဆိုရင် ရှောင်ဟွားလောင်ရှီးက ယောင့်ကွိုင်းကုမ္ပဏီအတွက် စာချုပ်ချုပ်ထားတဲ့ စတိုင်လ်လစ်ဖြစ်လောက်မယ်၊ သူမက စူးမုပိုင်၊ ယွီမန့်မန့်တို့နဲ့ အတူအလုပ်လုပ်ဖူးပြီး အဲနှစ်ယောက်စလုံးက ယောင့်ကွိုင်းကုမ္ပဏီက အနုပညာရှင်တွေလေ… ယုတ္တိရှိရှိ စဉ်းစားရရင် မြေအောက်ရထားရှောင်ကောကောက ယောင့်ကွိုင်းကုမ္ပဏီက အနုပညာရှင်တစ်ယောက်လို့ ငါ ကောက်ချက်ချတယ် ]
[ @နားမလည်ဘူး : wth! ငါ ယောင့်ကွိုင်းကုမ္ပဏီကို Baidu ပေါ်မှာ ရှာလိုက်တော့ အားလုံးက နာမည်ကြီးတွေချည်းပဲ၊ ရှောင်ကောကော က စူးမုနဲ့ မန့်မန့်ရဲ့ လုပ်ဖော်ကိုင်ဖက် မဖြစ်ပါစေနဲ့! ]
[ @ကလေးတွေအကုန် မွေးပြီးပြီ : @ရှောင်ဟွားလောင်ရှီး @ယောင့်ကွိုင်းကုမ္ပဏီ ဟုတ်လား၊ မဟုတ်ဘူးလား… ခင်ဗျားတို့ရဲ့ အဖြေကို စောင့်နေပါမယ် ]
~~~
ပိုင်ဇယ်သည် ယောင့်ကွိုင်းကုမ္ပဏီ၏ Weibo အား အမြဲတမ်း စီမံခန့်ခွဲနေသူဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် တစ်ကုမ္ပဏီလုံးရှိ တစ်ဦးတည်းသော မန်နေဂျာဖြစ်သောကြောင့်ပေ။
သို့သော် ယခုအချိန်တွင် သူသည် Weibo အပေါ်သို့ စိတ်ရောက်မနေဘဲ လုရွှိ၏ နောက်လာမည့် ရိုက်ကူးရေးအပေါ်ကိုသာ အာရုံစိုက်နေသည်။
ထိုနှစ်ဦးစလုံး ရိုက်ကူးရေးနေရာသို့ နံနက် (၈) နာရီတွင် ရောက်ရှိသောအခါ အခြားကုမ္ပဏီမှ အနုပညာရှင်များသည် သူတို့ထက် ပို၍ စောရောက်နေကြောင်း သဘောပေါက်လိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ တုန်းချန်ရုပ်မြင်သံကြားသည် အကောင်းဆုံး တီဗီဌာနများထဲမှ တစ်ခုဖြစ်သည်။ ဖန့်ဇုန်းသည် ‘အိုင်ဒေါလ်တစ်ဦး မွေးဖွားခြင်း’ အား တာဝန်ယူရိုက်ကူးနေခြင်းအတွက် ကြည့်ရှုသူပမာဏမှာ မဆိုးနိုင်ကြောင်း ရှင်းနေ၏။
ဖျော်ဖြေရေး မီဒီယာခေတ်တွင် အိပ်မက်များစွာရှိပြီး စင်မြင့်ပေါ်၌ ဘဝကို ရှာဖွေလိုသည့် လူငယ်အရေအတွက်လည်း မရေမတွက်နိုင်အောင် များပြားလှသည်။
ဤသင်တန်းသားများစွာသည် ငယ်ရွယ်ကြသော်လည်း ၎င်းတို့၏ လေ့ကျင့်ရေးကာလများသည် ငါးနှစ်မှ ခြောက်နှစ်အထိဖြစ်ကြကာ အချို့မှာ ထို့ထက်ပင် ပိုကြာပေသည်။
ဤအခွင့်အရေးသည် သူတို့အတွက် အလွယ်တကူ ရရှိလာခြင်းမဟုတ်ပေ။
လူတိုင်းသည် သင်တန်းသား ( ၁၀၀ ) အုပ်စုထဲမှ ထင်ပေါ်ကျော်ကြားစေရန် မျှော်လင့်ချက်အား ဆုပ်ကိုင်ထားကြသည်။ ၎င်းတို့ ပွဲဦးထွက်ရန် အခွင့်အရေးရမှသာ သူတို့၏ တောက်ပသော ဘဝများက စတင်နိုင်ပေလိမ့်မည်။
ဤရှိုးပွဲတွင် ပါဝင်သည့် လူ ( ၁၀၀ ) အား တစ်နိုင်ငံလုံးမှ ရွေးချယ်ထားခြင်းဖြစ်သည်။
ကုမ္ပဏီအမျိုးမျိုးတွင် လမ်းညွှန်ချက်များ မတူညီကြသောကြောင့် ၎င်းတို့၏ သင်တန်းသားများ၏ အရည်အချင်းသည်လည်း ကွဲပြားခြားနားနေမည်ဖြစ်သည်။
စာချုပ်ချုပ်ဆိုပြီးသည့်တိုင် ကိုယ်ပိုင် Weibo ပင် မရှိသေးသော အလွန်အသစ်ဖြစ်သူ အချို့လည်းရှိသည်။ စင်မြင့်ပေါ်တွင် ဖျော်ဖြေခဲ့ဖူးပြီး အွန်လိုင်းတွင် လူကြိုက်များမှု အနည်းငယ်ရှိပြီးသား အဖွဲ့အချို့လည်း ရှိပေသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ယခုမှ ပြန်လည်ပါဝင်ရန် ရောက်ရှိလာကြသည့် ပွဲဦးထွက်ပြီးသား ယောက်ျားလေးအဖွဲ့ဝင် သုံးဦးလည်း ရှိ၏။
စတူဒီယိုအတွင်း၌ ကင်မရာ ဒါဇင်နှင့်ချီ၍ ရှိလေ၏။ မည်သည့်အချိန်တွင် မည်သူ့အား ရိုက်ကူးမည်ကို မည်သူမျှ မပြောနိုင်ပေ။
လူတိုင်းသည် မိမိတို့၏ ပုံရိပ်ကို ထိန်းသိမ်းရန် ကြိုးစားနေစဉ် အခြားသူများအား လေ့လာရင်း မိမိတို့၏ ပြင်ဆင်မှုများကို လုပ်ဆောင်နေကြပြီး ရိုက်ကူးမှုမှတ်တမ်းထဲတွင် ပေါ်လာနိုင်ရန် မျှော်လင့်နေကြသည်။
လုရွှိသည် အချိန်စောစီးစွာ ရောက်မလာခဲ့ပေ။ ပိုင်ဇယ်သည် သူ့ဘေး၌ တစ်ချိန်လုံး ရပ်နေလေသည်။
ဝန်ထမ်းတစ်ဦးသည် သူ့အား နံပါတ်ရွေးခိုင်းရန် ရောက်လာ၏။ လုရွှိသည် စာရွက်များထဲမှ တစ်ခုကို ကျပန်း ရွေးချယ်ယူလိုက်ပြီး ကြည့်လိုက်ရာ....
အို… နံပါတ် ( ၄ )...
"တိုက်ဆိုင်လိုက်တာ၊ ငါ့ရဲ့ ကံကောင်းစေတဲ့နံပါတ်ပဲ"
လုရွှိသည် ထိုရင်းနှီးသည့်အသံရှိသော ( ၄ ) အားမကောင်းသောနိမိတ်အဖြစ် ခံစားရသည့် တရုတ်လူမျိုးများစွာကဲ့သို့ စိတ်ခံစားချက်မျိုး မရှိပေ။
( Note : တရုတ်မှာ ၄ က စစ်ဆိုတဲ့ အသံထွက်ရှိပြီး ‘သေတယ်’ ဆိုတဲ့ စစ်နဲ့ အသံထွက်တူလို့ ကံဆိုးစေတဲ့ နံပါတ်လို့ ယူဆကြပါတယ် )
"ခဏနေရင် ပထမဆုံး အဆင့်သတ်မှတ်အကဲဖြတ်ခြင်းကို စတော့မယ်၊ လုရွှိ… မင်းက စတုတ္ထအဖွဲ့အနေနဲ့ ဝင်ရမှာ… ပုံမှန်အားဖြင့် အဆင့် A က တခြားအဆင့်တွေထက် ရုပ်သံလွှင့်ချိန် ပိုရလေ့ရှိတယ်"
သူတို့အားလုံးသည် အတွေ့အကြုံမရှိသေးသော အသစ်များဖြစ်သည်။ ရုပ်သံလွှင့်ချိန် အနည်းငယ် ပိုရခြင်းသည် ကြည့်ရှုသူအချို့၏ နှစ်သက်မှုအား ပိုမိုရရှိနိုင်ပေမည်။
လုရွှိကဲ့သို့ ဆွဲဆောင်မှုရှိသူတစ်ဦးသည် ဖန်သားပြင်ထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပရိသတ်များစွာ ရရှိနိုင်ပေသည်။
လုရွှိသည် ဝန်ထမ်း၏ စေတနာကောင်းအား ကျေးဇူးတင်စကား ပြောကြားခဲ့သော်လည်း သူ မည်သည်အား တွေးနေသည်ကို မည်သူမျှ မသိပေ။
"ကျေးဇူးတင်ပါတယ်"
စတူဒီယိုသည် ရိုက်ကူးရေးလုပ်မည့်နေရာဖြစ်သည်။ မန်နေဂျာတစ်ဦးအနေဖြင့် ပိုင်ဇယ်သည် ပရိသတ်ထိုင်ခုံများသို့သာ သွားနိုင်ပြီး ထိုနေရာမှ လုရွှိ၏ စွမ်းဆောင်ရည်အား ကြည့်ရှုနိုင်ပေသည်။
သူသည် တကယ်တမ်း စာချုပ်ချုပ်ဆိုထားသည့် အနုပညာရှင်ဖြစ်သည်၊ မဖြစ်သည်ကို ခဏထားကာ ပိုင်ဇယ်မှ အကြံဉာဏ်အချို့ ပေးသင့်သည်ဟု ခံစားလိုက်ရသည်။
"သိပ်ပြီး ဖိအားမများနဲ့… ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ဘာသာကိုယ်ပဲ နေလိုက်"
လုရွှိသည် နာခံလိုက်သည်။
"ကောင်းပါပြီ၊ ဒါရိုက်တာပိုင်"
~~~