ပိုင်ဇယ်နှင့် ဖန့်ဇုန်းတို့သည် မိတ်ဆွေဟောင်းများဟု သတ်မှတ်နိုင်သည်။ လုရွှိအား နေရာချထားပြီးနောက် ပိုင်ဇယ်သည် နှုတ်ဆက်ရန် သွားရောက်လေသည်။ ထိုအချိန်တွင် စတူဒီယို၌ မန်နေဂျာ အတော်များများ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ပိုင်ဇယ်၏ လူရင်းများဟု သတ်မှတ်နိုင်သည်။
"ဒီနှစ်ရှိုးပွဲမှာ ဒါရိုက်တာပိုင်တောင် ပါမှာမဟုတ်ဘူးလို့ ငါ တွေးနေတာ… ငါတို့နောက်ကွယ်မှာ အနုပညာရှင်အသစ်ကို လက်မှတ်ထိုးလိုက်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ”
လူတစ်ယောက်သည် စကားပြောနေရင်း သူ၏ မျက်မှန်အား အသာအယာ တွန်းတင်လိုက်ရာ သူ၏ အသံတွင် သိမ်မွေ့ပြီး မကျေနပ်ချက်များ ပါဝင်နေသည်။
ဤပုဂ္ဂိုလ်မှာ လီဟိုင်ချောင်း ဖြစ်သည်။ လုပ်ငန်းအသိုင်းအဝိုင်းတွင် လူတိုင်းသည် သူ့အား 'ဟိုင်အစ်ကို' ဟု ခေါ်ကြသည်။ သူသည် ရှင်းတူးကုမ္ပဏီ၏ ရွှေအဆင့်မန်နေဂျာဖြစ်ပြီး နာမည်ကြီးအနုပညာရှင် အတော်များများအား တာဝန်ယူထားသူဖြစ်သည်။ သူသည် ဖျော်ဖြေရေးလောက၏ နံပါတ်တစ် မန်နေဂျာဟူသော ဂုဏ်သတင်းကိုပင် ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော် ဤအရာအားလုံးသည် ပိုင်ဇယ် မပေါ်လာမီကသာ ဖြစ်၏။
ယောင့်ကွိုင်းကုမ္ပဏီ စတင်တည်ထောင်စဉ်က နာမည်မရှိသော ကုမ္ပဏီတစ်ခုသာဖြစ်ပြီး မည်သူမျှ အလေးအနက် မထားခဲ့ကြပေ။
သို့သော် နှစ်အနည်းငယ်အတွင်း ယောင့်ကွိုင်းကုမ္ပဏီမှ ရုပ်ရှင်ဘုရင် စူးမုပိုင်နှင့် အသံဘုရင်မ ယွီမန့်မန့်တို့အား ပွဲထုတ်နိုင်ခဲ့သည်ကို မည်သူကမှ မထင်မိခဲ့ပေ။
ထိုလူနှစ်ဦး၏ လုပ်ငန်းနယ်ပယ်တွင် အဆင့်အတန်းသည် အထက်တန်းစားဖြစ်ပြီး ၎င်းတို့သည် ယောင့်ကွိုင်းကုမ္ပဏီအား အစွမ်းထက်သော စီမံခန့်ခွဲမှု အေဂျင်စီတစ်ခု ဖြစ်လာစေရန် ဦးဆောင်နိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် စူးမုပိုင်နှင့် ယွီမန်မန်တို့၏ မန်နေဂျာအနေဖြင့် ပိုင်ဇယ်သည်လည်း လူအများရှေ့တွင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။
လူအများအပြားသည် ယောင့်ကွိုင်းကုမ္ပဏီမှာ ရွှေတွင်း တစ်ခုဖြစ်သည်ဟု မြည်တမ်းခဲ့ကြပြီး မန်နေဂျာ၏ ရုပ်ရည်ပင်လျှင် ပွဲထွက်ရန် လုံလောက်သည်ဟု ဆိုကြသည်။
ပိုင်ဇယ်သည် အနုပညာရှင်တစ်ဦး ဖြစ်လာရန် စိတ်မပါသော်လည်း လုပ်ငန်းနယ်ပယ်အတွင်း သူ့ထံ၌ ပရိသတ် အတော်များများ ရှိခဲ့သည်။ ယနေ့တွင် ဖျော်ဖြေရေးလောက၏ နံပါတ်တစ် မန်နေဂျာအကြောင်း ပြောဆိုသည့်အခါ လူတိုင်းသည် ပိုင်ဇယ်အား ဦးစွာတွေးမိကြသည်။ လီဟိုင်ချောင်းအတွက်မူ ပိုင်ဇယ်၏ ဂုဏ်ကျက်သရေကြောင့် သဘာဝအတိုင်း အောက်သို့ တွန်းချခံခဲ့ရသည်။
လီဟိုင်ချောင်းသည် ၎င်းအပေါ် မနာလိုနေသည်မှာ ပြောစရာမလိုပေ။ သူသည် သူပိုင်သည်ဟု ယူဆထားသော ဂုဏ်ကျက်သရေအား အမြဲတမ်း ပြန်လည်ရရှိလိုခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ လက်မှတ်ထိုးခဲ့သည့် အနုပညာရှင်မှာ များပြားလွန်းသော်လည်း ၎င်းတို့ထဲမှ မည်သူမျှ စူးမုပိုင်နှင့် ယွီမန့်မန့်တို့အား ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
အစပိုင်းတွင် သူသည် အလွန် စိတ်ပျက်အားငယ်ခဲ့သော်လည်း ပိုင်ဇယ်မှ ရှိုးပွဲသို့ အနုပညာရှင်တစ်ဦးကို ခေါ်လာသည်ကို သိရှိပြီးနောက် လီဟိုင်ချောင်း၏ စိတ်ခံစားချက်သည် ရုတ်တရက် အဆမတန် ပို၍ကောင်းမွန်လာခဲ့သည်။
လီဟိုင်ချောင်းသည် သူ၏ ပျော်ရွှင်မှုအား မဖုံးကွယ်နိုင်ဘဲ ရယ်မောလိုက်သည်။
"ဒီအနုပညာရှင်က အချိန်အကြာကြီး လေ့ကျင့်ထားတာ မဟုတ်ဘူးလို့ ကြားတယ်… ဟုတ်လား"
"ဒါပေမဲ့ အဆင်ပြေပါတယ်… ငါတို့ စုန့်ကျယ်က စင်မြင့်အတွေ့အကြုံ ကြွယ်ဝတယ်၊ ငါ သူ့ကို နောက်မှ စကားပြောလိုက်မယ်၊ မင်းရဲ့ အနုပညာရှင်လေးကို ဂရုစိုက်ပေးဖို့ ပြောလိုက်ပါ့မယ်"
စုန့်ကျယ်သည် လီဟိုင်ချောင်းမှ သုံးနှစ်အကြာတွင် ရှာဖွေတွေ့ရှိခဲ့သည့် သင်တန်းသားတစ်ဦး ဖြစ်သည်။ သူသည် ရုပ်ချောရုံသာမက အကနှင့် သီချင်းဆိုခြင်းတွင်လည်း တော်သူဖြစ်သည်။
လီဟိုင်ချောင်းသည် ဤပြိုင်ပွဲသို့ ပါဝင်ရန် စေလွှတ်သောအခါ သူ့အား ပင်မနေရာမှ ပွဲဦးထွက်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ပေးခဲ့သည်။
ပိုင်ဇယ်သည် မျက်စိမကောင်းဘဲ အလုံးစုံ အတွေ့အကြုံမရှိသေးသည့် အနုပညာရှင်တစ်ဦးအား ပြိုင်ပွဲဝင်ရန် ရွေးချယ်ခဲ့ခြင်းသည် တိုက်ဆိုင်စွာပင် ဖြစ်နေသည်။
တစ်ဦးက ရှုံးထွက်သွားပြီး တစ်ဦးက ပင်မနေရာမှ ပွဲထွက်နိုင်ခြင်း…
ဤနှိုင်းယှဉ်ချက်အား တွေးရုံဖြင့် မည်သူမဆို တိတ်ဆိတ်စွာ ပျော်ရွှင်နိုင်ပေမည်။ ပိုင်ဇယ်သည် သူ၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်အား နားလည်လေသည်။
သူသည် ရိုးရိုးလေး ရယ်မောလိုက်သော်လည်း သူ့အသံမှာ အေးစက်နေသည်။
"ဪ…"
လီဟိုင်ချောင်းသည် ဝမ်းဗိုက်အား ညင်သာစွာ အထိုးခံလိုက်ရသကဲ့သို့ ခံစားရပြီး ဖော်ပြ၍မရသော မသက်မသာဖြစ်မှုအား ခံစားလိုက်ရသည်။ သူသည် နောက်ထပ် စကားအနည်းငယ် ထပ်ပြောရန် ပြင်ဆင်နေသော်လည်း ဖန့်ဇုန်း၏ စကားများကြောင့် သူ၏ ပြောဆိုမှုသည် ပျက်စီးသွားရ၏။
''စုန့်ကျယ်က အရည်အချင်းပြည့်မှီတယ်၊ ဒါပေမဲ့ လုရွှိကလည်း မညံ့ပါဘူး… နှစ်တိုင်း ရွက်ပုန်းသီးလေးတွေရှိတတ်ကြတာပဲ၊ ဒီနှစ်အတွက်ကတော့ ဒီချစ်ဖို့ကောင်းတဲ့ အသစ်ကလေးပဲထင်ပါတယ်''
၄င်းသည် လီဟိုင်ချောင်းအား အနည်းငယ် မသက်မသာဖြစ်စေသည်။ သို့သော် သူသည် ပိုင်ဇယ်အား ပြန်မပြောရဲပဲ အပြုံးနှင့်သာ တုန့်ပြန်လိုက်သည်။
"ဖန့်ကော ပြောတာ မှန်ပါတယ်၊ ပိုင်ဇယ်ရဲ့ အနုပညာရှင်က တကယ်ပဲ ထူးချွန်သူလေး ဖြစ်နေနိုင်တယ်"
ထွီး!
တရားဝင် လေ့ကျင့်မှု မရရှိဖူးသော အနုပညာရှင်လေးတစ်ဦးသည် ဤကဲ့သို့သော ရှင်သန်ရေး အစီအစဉ်မျိုးတွင် ပါဝင်ခြင်းသည် ရယ်စရာတစ်ခုမျှသာဖြစ်သည်။
လီဟိုင်ချောင်းသည် မပြောဖြစ်သော ဝေဖန်မှုများဖြင့် ပြည့်နှက်နေပြီး ဖန့်ဇုန်းက ကင်မရာအား ညွှန်ကြားနေသည်ကိုသာ နားထောင်နေရလေသည်။
"စင်ပေါ်က ကင်မရာနံပါတ် ( ၂ ) ကို လုရွှိကို ရိုက်လိုက်၊ သူ ဘာကို ရွေးမလဲဆိုတာ ကြည့်ရအောင်"
အစီအစဉ်၏ ပထမဆုံးရက်သတ္တပတ်တွင် အကဲဖြတ်မှုများ လိုအပ်သည်။ နည်းပြများ မပေါ်လာမီ သင်တန်းသားများသည် မိမိကိုယ်ကို အကဲဖြတ်ခြင်းအား ဦးစွာ အပြီးသတ်ရမည်ဖြစ်၏။
ရှိုးပွဲတွင် အဆင့် A ၊ အဆင့် B ၊ အဆင့် C ၊ အဆင့် D နှင့် အဆင့် F များ သတ်မှတ်ထားသည်။
အဆင့် A သည် အမြင့်ဆုံးဖြစ်ပြီး အခြားအဆင့်များသည် အစဉ်လိုက် နိမ့်ဆင်းသွားမည်ပင်။
သင်တန်းသားများသည် မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်နှင့် ၎င်းတို့၏ စီမံခန့်ခွဲမှု ကုမ္ပဏီများ၏ ဂုဏ်သတင်းအပေါ် မူတည်၍ ထိုင်ခုံများကို ဦးစွာ ရွေးချယ်ရမည်။
ထို့နောက် နည်းပြများသည် ၎င်းတို့၏ စွမ်းဆောင်ရည်များအပေါ် မူတည်၍ ၎င်းတို့အား ပြန်လည်အကဲဖြတ်မည်ဖြစ်သည်။ ထိုအချိန်တွင် အချို့သူများသည် အဆင့်နိမ့်ကျသွားနိုင်ပြီး အချို့မှာ မြင့်တက်လာနိုင်ကာ စိတ်လှုပ်ရှားဖွယ် အခြေအနေတစ်ခုအား ဖန်တီးပေးနိုင်လေသည်။
လူတိုင်းသည် အဆင့် A ဖြစ်ချင်ကြသော်လည်း ၎င်းတို့၏ အရည်အချင်းများအား ကောင်းမွန်လုံလောက်သည်ဟု ထည့်သွင်းစဉ်းစားရမည်။
မည်သို့ပင် တွေးကြည့်ပါစေ ရှိုးပွဲအစတွင် အဆင့် A အား ရွေးချယ်လိုက်ပြီး နည်းပြတစ်ဦးထံမှ အဆင့်ချခံရခြင်းသည် လုံးဝ မျက်နှာပျက်စရာဖြစ်သည်။
နံပါတ်နိမ့်လေလေ ထိုင်ခုံရွေးချယ်ရာတွင် လွတ်လပ်မှု ပိုရှိလေဖြစ်သည်။ လုရွှိ၏ နံပါတ် ( ၄ ) ရခြင်းသည် အတော်လေး ကောင်းမွန်၏။
သူ၏ ရှေ့မှ အခြားအဖွဲ့ သုံးဖွဲ့သည် စင်ပေါ်သို့ တက်ရောက်နေစဉ် လုရွှိသည် စင်နောက်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
အခြားသူအများစုသည် အဖွဲ့လိုက် လာရောက်ကြပြီး တစ်ယောက်တည်း ရပ်နေသော မရင်းနှီးသည့် မျက်နှာအား မြင်သောအခါ သိချင်နေကြသည်။
သင်တန်းသားဖြစ်လာသူတိုင်းသည် ရုပ်ရည် ကောင်းမွန်ကြသော်လည်း လုရွှိသည် ချောမောသော ယောက်ျားလေးများ အုပ်စုကြားတွင် ရှိနေသော်ငြား အရှိန်အဝါ အရှိဆုံးသူ ဖြစ်နေဆဲဖြစ်သည်။
သူ့အား လေ့လာသူများစွာ ရှိနေပြီး ပို၍ ရိုးသားသော ပင်ကိုယ်စရိုက်ရှိသူတစ်ဦးကပင် သတင်းအချက်အလက် ရယူရန် သူ့ထံ တိုက်ရိုက် လာရောက်လေသည်။
"မင်္ဂလာပါ၊ ကျွန်တော့်နာမည်က ရွှီလဲ့လဲ့ပါ… ဟက်ပီးကုမ္ပဏီက သင်တန်းသားတစ်ဦးပါ"
လုရွှိသည် လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် အသား ဖြူဖျော့သော ယောက်ျားလေးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အပြုံးမှာ သေးငယ်သော ပါးချိုင့်နှစ်ခုအား ဖော်ပြလျက် အလွန် ချစ်စရာကောင်းလှသည်။
"မင်္ဂလာပါ၊ ကျွန်တော့်နာမည်က လုရွှိပါ၊ ယောင့်ကွိုင်းကုမ္ပဏီက သင်တန်းသားပါ"
“ !!! ”
ရွှီလဲ့လဲ့သည် အံ့အားသင့်သံ ပြုလုပ်လိုက်ပြီး ချက်ချင်းပင် နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
"ဘုရားရေ၊ ယောင့်ကွိုင်းကုမ္ပဏီက ဟုတ်လား… စူးမုပိုင်နဲ့ နတ်သမီး ယွီမန့်မန့်တို့ ရှိတဲ့ ယောင့်ကွိုင်းကုမ္ပဏီကလား”
လုရွှိသည် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ပါတယ်"
လုရွှိ မည်သည့်နေရာမှ လာသည်ကို ကြားလိုက်ရသည့်အခါ နားထောင်နေသူတိုင်း အနည်းငယ် အံ့အားသင့်သွားကြပြီး သူတို့၏ ပခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးများ ပိုလေးလာသည်ဟု ခံစားရသည်။
ကံကောင်းလိုက်တဲ့ကောင်…
သူက ချောရုံတင်မကဘူး၊ စူးမုပိုင်နှင့် ယွီမန့်မန့်တို့နဲ့ ကုမ္ပဏီအတူတူတောင် ဖြစ်နေလိုက်သေး…
သူတို့ ပို၍ တွေးကြည့်လျှင် သူ၏ မန်နေဂျာသည် ပိုင်ဇယ် ဖြစ်ရပေမည်။
သူသည် ပွဲမထွက်ရသေးမီကပင် ပိုင်ဇယ်မှ သူ့အား လမ်းညွှန်ပေးနေပြီး၊ စူးမုပိုင်နှင့် ယွီမန့်မန့်တို့သည်လည်း တောက်ပသော နောက်ခံအဖြစ် ရှိနေသည်။ ဤအရာသည် ဤပြိုင်ပွဲတွင် ထိုပုဂ္ဂိုလ်သည် အဆက်အသွယ် အကောင်းဆုံးသူ ဖြစ်သည်ဟု ဆိုလိုခြင်းပင်ဖြစ်၏။
လူတိုင်းတွင် ကိုယ်ပိုင် အတွေးများ ရှိကြလေသည်။ အချို့သည် လုရွှိ၏ ကံကောင်းခြင်းအား အားကျကြပြီး အချို့သည် တိတ်တဆိတ် လုရွှိအား ၎င်းတို့၏ ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်ကြသည်။
မကြာမီပင် ဝန်ထမ်းသည် လုရွှိအား သူ၏ ကိုယ်ပိုင်အကဲဖြတ်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း လာရောက် အသိပေးလေသည်။
လုရွှိ စတူဒီယိုထဲသို့ ဝင်ရောက်လာသောအခါ ပထမအဖွဲ့ သုံးဖွဲ့သည် ၎င်းတို့၏ နေရာများအား ရွေးချယ်ပြီးသား ဖြစ်နေသည်။
ဖြစ်နိုင်သည်မှာ ဘေးကင်းအောင် ကစားရန်အတွက် ထိုအဖွဲ့ သုံးဖွဲ့မှ လူတိုင်းသည် အဆင့် B အား ရွေးချယ်ခဲ့ကြသည်။
ဤကြောင့် အဆင့် B ရှိ တစ်ပိုင်းလုံးသည် သိသိသာသာ လွတ်နေလေသည်။
လုရွှိ စင်ပေါ် ရောက်ပြီးနောက် လူအများစုသည် သူ အဆင့် A အား ရွေးချယ်လိမ့်မည်ဟု ခံစားမိကြသည်။
အဆင့် B တွင် ထိုင်နေနှင့်ပြီးသော ကျောင်းသားများသည် လုရွှိအား မြင်သောအခါ မဆွေးနွေးဘဲ မနေနိုင်ကြဘဲ တစ်ဦးမှ အော်ဟစ်လိုက်သည်။
"ဝါး… ဒီရှောင်ကောကောက အရမ်းချောတာပဲ!"
"သူ အဆင့် A ကို ရွေးမှာ… ဘာပဲဖြစ်ဖြစ်၊ သူက အရမ်းကြည့်ကောင်းနေတာပဲ"
"ဟုတ်တယ် ဟုတ်တယ်၊ အဆင့် A က အရမ်းကို ဆွဲဆောင်မှု ရှိနေတာ"
ကိုယ်ပိုင်စွမ်းရည် မည်သို့ပင် ရှိစေကာမူ အဆင့် A ရှိ ထိုင်ခုံတွင် ပထမဆုံး ထိုင်သူဖြစ်ခြင်းသည် သူ့ဘာသာသူ စိတ်လှုပ်ရှားမှုအား ဖန်တီးပေးလိမ့်မည်။
လုရွှိသည် သူ၏မိတ်ဆက်ခြင်းအား အပြီးသတ်ပြီး ထိုင်ခုံများဆီသို့ လျှောက်လှမ်းသွားသည်။ လူတိုင်းသည် သူ အဆင့် A အပိုင်းသို့ သွားမည်ဟု ထင်နေစဉ်တွင် သူသည် အဆင့် F ၌ မဆိုင်းမတွ ရပ်တန့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ နေရာတစ်ခုအား ရှာကာ ထိုင်ချလိုက်သည်။
လူတိုင်း၏ ခေါင်းထဲ၌ မေးခွန်းအမှတ်အသားများဖြင့် ပြည့်နှက်သွားလေသည်။
သူမှားထိုင်တာလား!
အဲလို လုပ်လို့ရလို့လား!
~~~