Chapter : 54 ( မီး မိန်းကလေး [29] )
Viewers 3k

Chapter : 54 ( မီး မိန်းကလေး [29] )


ဟိုင်ရိ အိပ်ရာပေါ်တက်နေစဉ် သူ့ဖုန်းမြည်လာသည်။ သူဖုန်းကိုကောက်ကိုင်လိုက်၏။ ဆံပင်ဝါက သူ့ကို မက်ဆေ့ချ်ပို့ထားသည်။

ဆံပင်ဝါ : [ ဟိုင်ကော၊ ညနေခင်းလေးမှာချမ်းမြေ့ပါစေ ]

ဟိုင်ရိ : [ ? ]

ဆံပင်ဝါ : [ ဟိုင်ကော၊ ခင်ဗျားရဲ့အလုပ်ဘယ်လိုလဲ {ရယ်ကျဲကျဲအပြုံး} ]

ဟိုင်ရိ : [ အခုချက်ချင်းသတ်လိုက်ပါတော့.. ပြောစရာရှိရင်ပြောပါ၊ မဟုတ်ရင်ပြန်လို့ရပြီ ]

ဆံပင်ဝါ : [ {အံ့သြသွားသည်} ]

ဆံပင်ဝါ : [ ခဏ.. ယန်ကောနဲ့ဆိုရင် သေတောင်သေလို့ရလား.. ခင်ဗျားတို့တွေ မနက်ဖြန်ပြန်ရောက်သင့်တယ် ]

ဟိုင်ရိ : [ ငါအသက်ရှင်သေးရင်တော့ မနက်ဖြန်ပြန်ရောက်မယ်၊ ငါ့အသက်မရှိတော့ရင်တော့ မင်းရဲ့ယန်‌ကော တစ်ယောက်တည်းပြန်လိမ့်မယ် ]

ဟိုင်ရိ : [ မင်းအတိအကျဘာလိုချင်တာလဲ၊ဒီတိုင်းအချိန်ဆွဲမနေနဲ့တော့ ]

ဆံပင်ဝါ : [ ကျွန်တော် ပျင်းလို့ ခင်ဗျားနဲ့စကားပြောနေတာ ]

ဆံပင်ဝါ : [ လမ်းကြုံ ခင်ဗျားရဲ့ယန်ကော အခြေအနေကိုမေးတာ ]

ဟိုင်ရိ သတိထားမိသွားပြီး မေးလိုက်သည်။

ဟိုင်ရိ : [ ဘာအခြေအနေလဲ? ]

ရှန့်ချန့်ယန် ဒီနေ့သိပ်ကောင်းသည့် အခြေအနေမှာမရှိခြင်း မှန်သော်ငြား ဆံပင်ဝါဘယ်လိုသိသွားသနည်း။

ဆံပင်ဝါ : [ ကျွန်တော်မနက်က သူ့ကို 'မင်္ဂလာနံနက်ခင်းပါ' မက်ဆေ့ချ်ပို့ထားတာ၊ ဒါပေမဲ့ ခုထိပြန်မပို့သေးဘူး ]

ဟိုင်ရိ : [ ... ]

ရှုပ်ထွေးတဲ့အမူအရာမျိုးစုံနဲ့ ဟိုင်ရိကမေးလိုက်၏။

[ မင်း သူ့ကို မနက်တိုင်း 'မင်္ဂလာနံနက်ခင်းပါ' ဆိုပြီး မက်ဆေ့ချ်ပို့တယ်ပေါ့ ]

ဒါနည်းနည်း ဂေးဆန်မနေဘူးလား?

ဆံပင်ဝါ: [ {ရယ်ကျဲကျဲအပြုံး} ]

ဆံပင်ဝါ : [ သူဘေးကင်းလားဆိုတာသေချာအောင်လုပ်တာပါ၊ သူက တာဝန်တစ်ခုနဲ့အပြင်ရောက်နေတာ ]

ဆံပင်ဝါ : [ သူအဆင်ပြေတယ်မလား ]

စဉ်းစားပြီးနောက် ဟိုင်ရိက ကင်မရာကိုဖွင့်၊ ဖုန်းကိုမြှောက်ပြီး ရှန့်ချန့်ယန်ကို ညွှန်ကြားလိုက်သည်။

''အပေါ်ကိုကြည့်"

ညအိပ်ဝတ်စုံဝတ်ပြီး အေးအေးဆေးဆေးလဲလျောင်းကာ ID မှတ်ပုံတင်နေသည့် ရှန့်ချန့်ယန်က လှစ်ခနဲမော့ကြည့်လိုက်၏။

'ကလစ်' ဟူသော အသံနှင့် ဟိုင်ရိက ဓာတ်ပုံရိုက်ပြီး ဆံပင်ဝါဆီပို့လိုက်သည်။ ဆံပင်ဝါက အဓိကအချက်ကို ချက်ချင်းသတိထားမိသွား၏။

[ ခင်ဗျားတို့နှစ်ယောက် အတူတူအိပ်နေကြတာလား ]

ဟိုင်ရိ : [ မင်းနဲ့မဆိုင်ဘူး ]

ဆံပင်ဝါ : [ { ငိုကြွေး } ]

ခဏအကြာတွင် ဟိုင်ရိက ရှန့်ချန့်ယန်၏ဖုန်းမှ အသံတစ်သံထွက်လာသည်ကိုကြားလိုက်၏။ သူပွင့်ပွင့်လင်းလင်းပင် လှည့်ကြည့်လိုက်သည်။ ရှန့်ချန့်ယန်က WeChat ကိုဖွင့်လိုက်ချိန်တွင် သူ့ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ ဆံပင်ဝါက သူ့ကိုမေးနေ၏။

ဆံပင်ဝါ : [ ဘာလို့ကျွန်တော့်မက်ဆေ့ချ်ကို ပြန်မပို့တာလဲ!!!! ]

ဆံပင်ဝါက ဟိုင်ရိပို့လိုက်သောပုံကို ရှန့်ချန့်ယန်ဆီထပ်ဆင့်ပို့ပြီး မေးလိုက်သည်။

[ ဟိုင်ကောနဲ့ အိပ်နေတာဆိုတော့ ကျွန်တော့်မက်ဆေ့ချ်ကို စာပြန်မပို့တော့ဘူးလား ]

ဟိုင်ရိ : ...

ထိုအခါမှ ရှန့်ချန့်ယန်က ဟိုင်ရိဘာအတွက်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိသွားသည်။

သူစာရိုက်လိုက်၏။

[ သွားစမ်းပါ ]

ဟိုင်ရိက ရယ်လိုက်သည်။

''မင်းတို့နှစ်ယောက်က တော်တော်စိတ်ဝင်စားစရာကောင်းတာပဲ"

ဆံပင်ဝါက ကလေးလေးတစ်ယောက် ဖြစ်သည်မှာ ရှင်းပါသည်။ ရှန့်ချန့်ယန်တွင် ဤမျှ နက်နဲသည့် ခံစားချက်များ ဘယ်လိုဖြစ်လာသည်လဲကို သူဘယ်လိုသိသနည်း။ ရှန့်ချန့်ယန်ကလည်း သူ့ခံစားချက်များကို ပွင့်ပွင့်လင်းလင်းဖော်ပြတတ်သည့် လူမျိုး ဟုတ်ပုံမရပေ။

ဆံပင်ဝါက ရှန့်ချန့်ယန်ကို ဗီဒီယိုခေါ်ဆိုရန် ချက်ချင်းတောင်းဆိုခဲ့သော်လည်း ရှန့်ချန့်ယန်က ပယ်ချခဲ့သည်။ ဆံပင်ဝါက နောက်တစ်ကြိမ် ထပ်ကြိုးစားခဲ့ပြီး ရှန့်ချန့်ယန်ကလည်း နောက်တစ်ကြိမ် ထပ်မံ ရက်ရက်စက်စက် ပယ်ချခဲ့ပြန်၏။

ဆံပင်ဝါ : [ ???? ]

ရှန့်ချန့်ယန် : [ ငါအလုပ်များနေတယ် ]

ဆံပင်ဝါ : [ ခင်ဗျားဘာနဲ့များ အလုပ်များနေတာလဲ ]

ရှန့်ချန့်ယန် : [ မင်းနဲ့မဆိုင်ဘူး ]

ဆံပင်ဝါ : [ ... ]

ခဏအကြာတွင် ဟိုင်ရိ၏ဖုန်း ထပ်မြည်လာသည်။ ဟိုင်ရိက ရှန့်ချန့်ယန်ကိုလှမ်းကြည့်လိုက်၏။ သူက မျက်နှာပြင်ကိုငုံ့ကြည့်နေပြီး လှည့်တောင်မကြည့်ပေ။ ဟိုင်ရိက ဖုန်းကိုနှိပ်လိုက်သည်။

ဆံပင်ဝါက မေးလိုက်၏။ 

[ ယန်ကော အဆင်ပြေတယ်မလား ]

ဟိုင်ရိ : [ ဒီနေ့သူ့စိတ်အခြေအနေ သိပ်မကောင်းဘူး ]

ဟိုင်ရိသည် စဉ်းစားခဲ့သော်လည်း ဆံပင်ဝါ စိတ်လှုပ်ရှားမှုဒဏ်ကို မခံနိုင်မည်စိုး၍ ရှန့်ချန့်ယန်ပြောပြခဲ့သည်များကို မပြောပြရန် ဆုံးဖြတ်လိုက်၏။

ဆံပင်ဝါ : [ အခြေအနေဆိုးလား ]

ဟိုင်ရိ : [ သိပ်မဆိုးပါဘူး၊ ညရောက်တော့ သူပိုကောင်းလာတယ် ]

ဆံပင်ဝါ : [ သူကောင်းလာတယ်မထင်ဘူး ]

ဟိုင်ရိက စိတ်ထဲကနေတွေးလိုက်သည်။

'ယန်ကောက ပုံမှန်ဆို မင်းကိုလျစ်လျူရှုတာမဟုတ်ဘူးလား'

ဆံပင်ဝါ : [ ပုံမှန်ဆိုရင် ရက်အနည်းငယ်ကြာတယ် ]

ဟိုင်ရိ ရုတ်တရက် အကြံရသွားသည်။ သူကမေးလိုက်၏။

[ ဒါကို ဘယ်လိုသက်သာအောင်လုပ်ရမလဲသိလား ]

ဆံပင်ဝါ : [ သက်သာအောင်လုပ်လို့မရဘူး... မနက်ဖြန်ပြန်လာမှ သူ့ကို စိတ်အေးအေးထားခိုင်းလိုက်... လူတွေအများကြီးရှိနေရင် သူက ဆန့်ကျင်ဘက်အနေနဲ့ စိတ်မသက်မသာ ဖြစ်တတ်တယ်.. ဒီမှာဆေးရုံမရှိဘူးဆိုတော့ သူခံစားရတာကိုပဲ သည်းခံရမှာ ]

ဟိုင်ရိ : [ သူဒီလိုလက္ခဏာတွေအရင်ကဖြစ်ဖူးလား ]

ဆံပင်ဝါ : [ တစ်နှစ်ကိုအကြိမ်အတော်များများ... ဒီတစ်ခါဘာဖြစ်တာလဲ... သူ့ကိုမုန်းနေတဲ့ပရိသတ်တွေကြောင့်တော့ မဟုတ်ဘူးမလား ]

ဟိုင်ရိ : [ အရင်ကရှိခဲ့ဖူးတာလား ]

ဆံပင်ဝါက သက်ပြင်းချလိုက်ရင်းနဲ့ပြန်ဖြေလိုက်သည်။

ဆံပင်ဝါ : [ သူအရင်က တာဝန်တစ်ခုလုပ်နေတုန်းက သူတို့အဖွဲ့ရဲ့ ပရိသတ်၊ ရှန့်ယွီဘက်က တစ်ယောက်ဖြစ်ခဲ့ဖူးတယ်... အဲဒါကို မပြောပါနဲ့... တော်တော်ဝမ်းနည်းစရာကောင်းတယ်.. .အဲဒီတာဝန်မှာ ကျွန်တော်သူနဲ့ အတူမလိုက်ခဲ့ရဘူး... သူပြန်လာတော့ တစ်ပတ်လောက် အပြင်မထွက်ဘူး ]

ဆံပင်ဝါ : [ အခုခေတ် ကောင်မလေးတွေ အားလုံး ဒီလောက်ကြမ်းတမ်းတဲ့ပါးစပ်တွေရှိကြတာလား ]

ဟိုင်ရိမှာ ပြောစရာစကားမရှိတော့ပေ။

ဆံပင်ဝါက ရှန့်ချန့်ယန်၏စိတ် ဘာကြောင့်ဆိုးလာသနည်းဆိုသည်ကို နောက်တစ်ကြိမ် ထပ်မေးပြန်သည်။

ဟိုင်ရိက စိတ်ထဲမှာအပြစ်ရှိသလိုခံစားရပြီး 'မသေချာဘူး' ဟုပြန်ဖြေလိုက်၏။

ဟိုင်ရိသည် ဆံပင်ဝါဟာ ရှန့်ချန့်ယန်ကို ကောင်းကောင်းနားလည်ကြောင်း၊ စကားနှစ်ခွန်းလောက်ပြောပြီးသည်နှင့် သူစိတ်မကောင်းဖြစ်နေခြင်းကို သိနိုင်ကြောင်း ခံစားလိုက်ရသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဟိုင်ရိက နေ့လယ်ပိုင်းမှသာ သိခဲ့ရ၏။

ဆံပင်ဝါ : [ သူစိတ်မကြည်တဲ့အခါမှပဲ ကျွန်တော့် video call တွေကို ချလိုက်တာ ]

ဟိုင်ရိ : [ ... ]

ဟိုင်ရိ : [ မင်းတို့နှစ်ယောက် ချစ်သူတွေလား?! ]

ဆံပင်ဝါ: [ {ရှက်ရွံ့} ယန်ကောက လက်ခံနိုင်ရင်တော့ ကျွန်တော်က ကန့်ကွက်စရာမရှိပါဘူး ]

ဟိုင်ရိ မရယ်ဘဲမနေနိုင်။ ရှန့်ချန့်ယန်က သူ့ကိုတစ်ချက်ကြည့်ပြီး မေးလိုက်သည်။

''မင်းရဲ့ ID က ဘာလဲ''

ဟိုင်ရိက ပိုနီးကပ်သွားပြီး ခေါင်းငုံ့ကာ မျက်နှာပြင်ပေါ်တွင် 'Runaway Sweetheart 1512' ဟုရိုက်ထည့်လိုက်၏။

ရှန့်ချန့်ယန် : ...

ဟိုင်ရိ : "ပြဿနာရှိလို့လား"

ရှန့်ချန့်ယန် : "မရှိပါဘူး"

ဟိုင်ရိက follower တိုးလာကြောင်း တွေ့လိုက်ရသည်။

''မင်း ဆံပင်ဝါကို follow ချင်လား''

''မလုပ်ဘူး''

ရှန့်ချန့်ယန်က ချက်ချင်းပြန်ဖြေလိုက်၏။

ဟိုင်ရိက ရယ်လိုက်သည်။

''အဲလိုမလုပ်ပါနဲ့၊ သူသိရင်ဝမ်းနည်းနေလိမ့်မယ်''

ရှန့်ချန့်ယန် : "ခင်ဗျား သူ့ကို မသိစေနဲ့လို့ ပြောခဲ့တာမဟုတ်ဘူးလား... သူ့အကြောင်းမေ့လိုက်၊ သူ့ ID က ဘာလဲ"

ဟိုင်ရိ စဉ်းစားလိုက်သည်။

'ဆံပင်ဝါကို ဒီနေ့ အားပေးစကားတွေ ပိုပြောဖို့မသင့်တော်ဘူးထင်တယ်'

[ အခွင့်အရေးပေါ်လာရင် နောက်မှ ထပ်ပြောကြတာပေါ့ ]

ဟိုင်ရိ၏ဖုန်းကိုကိုင်လျက် ရှန့်ချန့်ယန်က ဟိုင်ရိ၏ follow list ကိုကြည့်ကာ ဒီကမ္ဘာသစ်ကို စူးစမ်းရှာဖွေခြင်းမပြုမီ သူတို့ကို follow လုပ်လိုက်သည်။

ပြင်ဆင်မှုအစောပိုင်းအဆင့်သည် တစ်နာရီကြာခဲ့သော်လည်း နှစ်မိနစ်ကြာ စူးစမ်းလေ့လာပြီး ဗီဒီယိုသုံးခု၏ အဖွင့်ပိုင်းများကို ကြည့်ရှုပြီးနောက် ရှန့်ချန့်ယန်သည် Kuaishou မှ တရားဝင်ထွက်လိုက်၏။

ဟိုင်ရိ : ...

ရှန့်ချန့်ယန် : "တကယ်ပဲ၊ ကျွန်တော်နဲ့မလိုက်ဖက်ဘူး"

ဟိုင်ရိက နတ်ဆိုးတစ်ကောင်လိုပြုံးပြလိုက်သည်။

"အချိန်သာပေးလိုက်၊ မင်းချစ်သွားလိမ့်မယ်''

ရှန့်ချန့်ယန်သည် အခုတော့ လုံးဝငြိမ်သက်သွားပုံရ၏။ အရာအားလုံးပုံမှန်အတိုင်းဖြစ်နေသည်။ သို့သော် ဆံပင်ဝါပြောပြချက်အရ ရှန့်ချန့်ယန်၏စိတ်ခံစားချက်အပြောင်းအလဲများသည် ရက်ပေါင်းများစွာ ကြာရှည်နိုင်သောကြောင့် ဟိုင်ရိသည် နည်းနည်းတော့ စိုးရိမ်နေဆဲဖြစ်သည်။

ဟိုင်ရိသည် ဒီလိုအခြေအနေမျိုးကို မစိမ်းပေ။ အမှန်ကား ဆေးဝါးများအပြင် မည်မျှပင် နှစ်သိမ့်စေကာမူ အကူအညီမဖြစ်နိုင်ကြောင်း သူကောင်းစွာသိသည်။ စိတ်ခံစားမှုများသည် အတွင်းပိုင်းတိုက်ပွဲဖြစ်ပြီး မည်သူမျှ ကူညီ၍မရနိုင်ပေ။ ပတ်ဝန်းကျင်မှလူများလုပ်နိုင်သည်မှာ မီးလောင်ရာလေပင့်မဖြစ်စေရန်နှင့် သူတို့ကိုပိုဆိုးစေခြင်းမဖြစ်စေရန်သာဖြစ်သည်။

ရှန့်ချန့်ယန်သည် သူ၏ဖုန်းကို အလွန်တိတ်ဆိတ်စွာ ကစားနေသောကြောင့် ဟိုင်ရိလည်း တိတ်တိတ်ဆိတ်ဆိတ် သူ့ကိုအလိုက်သိပေးခဲ့သည်။ သူတို့နှစ်ဦးသည် ဖုန်းများကိုကြည့်ရင်း တစ်ခါတရံ စကားအနည်းငယ်ဖလှယ်ကြ၏။

မကြာမီ ည ၈ နာရီထိုးခဲ့ပြီ။

ဟိုင်ရိက လှည့်ကြည့်လိုက်ပြီး ရှန့်ချန့်ယန်၏ချောမောသော၊ စောင်းငဲ့နေသောမျက်နှာနှင့် ဖုန်းပေါ်တွင် သူ၏သွယ်လျသောလက်ချောင်းများက လွယ်လွယ်ကူကူ ပွတ်တိုက်နေပုံကို ငေးကြည့်နေသည်။ ဟိုင်ရိက မေးလိုက်၏။

''ဒီနေ့ ဘယ်သူသေမယ်လို့ မင်းထင်လဲ''

ရှန့်ချန့်ယန်သည် မစဉ်းစားတော့ပဲ ပြန်ဖြေလိုက်သည်။

''ခင်ဗျား''

ဟိုင်ရိ : ...

ရှန့်ချန့်ယန် : " 'ဓားလိုက်ခြင်း' အကြောင်း ကြားဖူးလား"

ဟိုင်ရိ: "မကြားဖူးဘူး"

''Werewolf ရဲ့ White Wolf King-Defender ဆိုတဲ့ ဗားရှင်းတစ်ခုရှိတယ်''

ရှန့်ချန့်ယန်က ထိုမျှရှည်လျားသောဝါကျကို ပြောဆိုခြင်းမှာ ရှားပါးသောအခြေအနေဖြစ်သည်။

''နေ့ဘက်မှာ White Wolf King က ကိုယ့်ကိုယ်ကိုပေါက်ကွဲပြီး ဘယ်ကစားသမားကိုမဆို ဖယ်ရှားနိုင်တယ်။ ဒါက Werewolf တွေမှာ မုဆိုး ရှိတာနဲ့တူတယ်၊ Defender (ခုခံသူ)က ညဘက်မှာ ကစားသမားတစ်ယောက်ကို ကာကွယ်ပြီး Werewolf တွေလက်ထဲမှာ သေခြင်းကနေ ကာကွယ်ပေးနိုင်တယ်"

ဟိုင်ရိ : "စိတ်ဝင်စားစရာပဲ"

ရှန့်ချန့်ယန် : "ဒါပေမယ့် Defender က လူတစ်ယောက်တည်းကို နှစ်ရက်ဆက်တိုက် ကာကွယ်ပေးလို့မရဘူး"

''ဒါကြောင့်ပဲ တစ်ခါတလေ Werewolf တွေက ညဘက်မှာ ကောင်းတဲ့လူတစ်ယောက်ကို သတ်ချင်ကြတယ်''

ရှန့်ချန့်ယန်ကပြောလိုက်သည်။

''ဒါပေမယ့် ဒီလူကို Defender က ကာကွယ်ပေးထားရင်တော့ နောက်နေ့မှာ ဘေးကင်းလိမ့်မယ်၊ ဒါပေမယ့် ဒုတိယနေ့ညမှာတော့ Defender က ဒီလူကို ကာကွယ်ပေးနိုင်တော့မှာမဟုတ်ဘူး၊ ဒါကြောင့် Werewolf တွေရဲ့ဓားက ဒီလူဆီကို သေအောင်လုပ်ဖို့ သေချာပေါက်ပစ်မှတ်ထားလိမ့်မယ်"

ဟိုင်ရိ : ...

ဟိုင်ရိက မျက်နှာတွင်အမူအရာမရှိဘဲ ပြောလိုက်၏။

''ဒါဆို ငါသေဖို့သေချာနေပြီလား"

ရှန့်ချန့်ယန်က ရယ်လျက်ပြောလိုက်၏။

''ကံမကောင်းစွာနဲ့ပဲ၊ ဒီ Defender က ခင်ဗျားကိုတစ်ညလုံးစောင့်ကြည့်ပေးနိုင်တယ်''

ဟိုင်ရိ : ''သူတို့ ဘာလို့ ငါ့ကိုသတ်ဖို့ ဒီလောက်ကြိုးစားနေကြတာလဲ"

''လူသတ်သမားက ခင်ဗျားကိုမကြိုက်ဘူး''

ရှန့်ချန့်ယန် မတ်တပ်ရပ်လိုက်သည်။

''ဒီမှာ"

ထိုအခိုက်အတန့်တွင် သူတို့၏ဖုန်းများပေါ်ရှိအချိန်သည် တိတိကျကျ ၁၂ နာရီသို့ ရောက်ရှိသွားသည်။ ရှန့်ချန့်ယန်သည် အိပ်ရာမှထကာ ခေါင်းအုံးအောက်မှ ဟင်းသီးဟင်းရွက်လှီးဓားတစ်ချောင်းကို ထုတ်ယူလိုက်၏။ သူနှစ်ချက်ပစ်ပေါက်လိုက်သည်။ ဓားသည် လေထဲတွင် ၃၆၀ ဒီဂရီလှည့်ပြီး ရှန့်ချန့်ယန်၏လက်ထဲတွင် မြဲမြံစွာကျရောက်လာ၏။

ဟိုင်ရိ အံ့အားသင့်သွား၍ သူရူးသွပ်စွာပင် အော်လိုက်သည်။

''သောက်ကျိုးနည်း! အဲဒါနဲ့မကစားနဲ့၊ အဲဒါ အရမ်းအန္တရာယ်များတယ်... ဘယ်တုန်းက မင်းအဲဒါကို ဖမ်းလိုက်တာလဲ!!!''

ရှန့်ချန့်ယန် : "ဘယ်တုန်းက တိုက်ဖူးလဲ"

''မတိုက်ဖူးဘူး''

ဟိုင်ရိက ပြန်ဖြေသည်။

''မင်းအခုတိုက်နေတာမဟုတ်ဘူး၊ ဒါက သတ်‌နေတာမဟုတ်ဘူးလား"

ရှန့်ချန့်ယန်က ရယ်မောလိုက်သည်။

''ခင်ဗျားမကြည့်တာပိုကောင်းတယ်''

စင်္ကြန်တစ်လျှောက်ရှိ တံခါးများအားလုံးတင်းကျပ်စွာပိတ်ထားသည်။ ထိတ်လန့်ဖွယ်ရာလေထုတစ်ခု ပေါ်ပေါက်လာ၏။ ဟိုင်ရိ၏ ထိလွယ်ရှလွယ်အရေပြားအနှံ့ ကြက်သီးများထလာသည်။

တံခါးမှ သွေးများစီးဆင်းဝင်လာသည်။ တိုးတိုးလေးပြောဆိုသံများက သူ့နားနားမှာတင်။

ရှန့်ချန့်ယန်က အမိန့်ပေးလိုက်၏။

''မျက်လုံးမှိတ်ထား"

ဟိုင်ရိ မျက်လုံးမှိတ်ဖို့အချိန်မှာပဲ တံခါးက ရုတ်တရက်ပွင့်သွားပြီး ဂျက်အနက်ရောင်ပုံရိပ်တစ်ခုက အော်ဟစ်သံနဲ့အတူ ဝင်လာသည်။

ဟိုင်ရိ : !!!!



🌟🌟🌟