Chapter : 53 ( မီး မိန်းကလေး [28] )
Viewers 3k

Chapter : 53 ( မီး မိန်းကလေး [28] )


ဟိုင်ရိ : "...လမ်းလျှောက်ထွက်တာ"

ထန်ယင်က စင်္ကြံဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

"...စင်္ကြံတစ်လျှောက် လမ်းလျှောက်နေတာလား"

ရှန့်ချန့်ယန် ကြားသွားမည်ကို စိုးရိမ်သဖြင့် ဟိုင်ရိက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

"ငါ ရှန့်ချန့်ယန် ကို ရှာနေတာပါ၊ ဒါပေမဲ့ သူ အိပ်ပျော်နေနိုင်တယ်၊ အဲ့တာကြောင့်ငါ အထဲမဝင်ခဲ့ဘူး"

ထန်ယင်အသံထွက်လိုက်သည်။

"အာ"

သူမက ဘေးနားရှိ တံခါးကို တစ်ချက်ကြည့်လိုက်သည်။

"ပြီးတော့ရော..."

ဟိုင်ရိ : "ကျွန်တော် ပြန်တော့မယ်"

ထန်ယင် : "လမ်းမလျှောက်တော့ဘူးလား"

ဟိုင်ရိ : ...

"ကျွန်မလည်း အခုလမ်းလျှောက်ထွက်ဖို့ ဖြစ်သွားတာပဲ"

ထန်ယင်ပြောလိုက်သည်။

"အတူတူ လမ်းလျှောက်ကြမလား"

ဟိုင်ရိ အဖြေပေးရန် ပြင်ဆင်နေစဉ် သူ၏နောက်မှ တံခါး ရုတ်တရက် ပွင့်လာသည်။ ရှန့်ချန့်ယန်သည် လက်ပိုက်လျက် တံခါးဘောင်ကို မှီ၍ ရပ်နေ၏။

"ကျွန်တော့်ကို ရှာနေတာလား"

"အာ"

ဟိုင်ရိပြောလိုက်သည်။

"ဟုတ်တယ်"

ဟိုင်ရိ : "စိတ်မရှိပါနဲ့...ငါ သူ့နဲ့ စကားပြောလိုက်ဦးမယ်"

ထန်ယင်က ပေါ့ပေါ့ပါးပါး ပခုံးတွန့်လိုက်သည်။

"ဒါဆို ကျွန်မတစ်ယောက်တည်းပဲ သွားရတော့မယ်၊ ရှင်တို့နှစ်ယောက်က နေ့တိုင်းပြောစရာတွေ အများကြီးပဲနော်"

ရှန့်ချန့်ယန်က ပြုံးလိုက်၏။

"ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို လျှို့ဝှက်ပြီး မျှဝေနေတာပေါ့"

မထင်မှတ်ဘဲ ထန်ယင်ကလည်း အပြုံးပြန်ပြီး‌ တုံ့ပြန်လိုက်မိသည်။

"နောက်တစ်ခါဆို ကျွန်မကိုပါ ထည့်ဦး‌နော်...ကျွန်မသွားပြီ"

ဟိုင်ရိသည် ရှန့်ချန့်ယန်၏ လက်ရှိအခြေအနေကို ခန့်မှန်း၍မရခဲ့။ သူသည် အခန်းထဲသို့ ဝင်သည်နှင့် တစ်ပြိုင်နက် ကုတင်ပေါ် လှဲချလိုက်သော ရှန့်ချန့်ယန်နောက်သို့ လိုက်သွားသည်။ ဟိုင်ရိသည် သူ့(ရှန့်ချန့်ယန်)ဖုန်းကို အဝေးက မြေကြီးပေါ်တွင် ပြုတ်ကျနေသည်ကို တွေ့လိုက်ရ၏။

ဟိုင်ရိက သူ့အတွက် ကောက်ယူပေးလိုက်သည်။ ပျက်စီးမနေခဲ့ပေ...

ဟိုင်ရိသည် အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ဘာမှမပြောတော့ပေ။ သူသည် ကုတင်ဘေး ကြမ်းပြင်ပေါ်၌ထိုင်ကာ နားကြပ်တပ်ပြီး ဖုန်းနှင့် ကစားနေခဲ့သည်။

ရှန့်ချန့်ယန် : "ခင်ဗျား နားကြပ်တပ်ဖို့ မလိုဘူး"

နားကြပ်တပ်ထား၍ ဟိုင်ရိ ကောင်းကောင်းမကြားနိုင်ခဲ့ပေ။ သူသည် ရှန့်ချန့်ယန်ကို ပြန်လှည့်ကြည့်ကာ နားထင်ကို ထောက်ပြလိုက်ပြီး ကောင်းကောင်းမကြားနိုင်ကြောင်း ပြသလိုက်သည်။ ရှန့်ချန့်ယန်က လက်တစ်ဖက်ကို ဆန့်တန်းကာ သူ့နားကြပ်များကို ဆွဲထုတ်လိုက်သည်။

"ခင်ဗျား ဒါတွေတပ်ဖို့မလိုဘူး"

ဟိုင်ရိ၏ ပါးစပ်မှ 'ဪ' ဟူသော အသံထွက်လာပြီး သူက အသံကျယ်ကျယ်ဖြင့် ဖွင့်လိုက်သည်။

Kuaishou ၏ တိုက်ရိုက်ထုတ်လွှင့်သူ King Kong Barbie သည် ယန်ကျီး အအေးခေါက်ဆွဲ ဆယ်ထုပ်ကို သုံးဆယ့်ကိုးကျပ်၊ ကိုးဆယ်ပြားဖြင့် ရောင်းချနေပြီး စပ်သော တရုတ်ဂေါ်ဖီနှစ်ထုပ်ကို အခမဲ့ပေးနေသည်။

ဟိုင်ရိ စိတ်လှုပ်ရှားသွား၏။

သူသည် ရှန့်ချန့်ယန်၏ စကားကို နားထောင်ရင်း အော်ဒါ မှာလိုက်သည်။

"ခင်ဗျားဘာနားထောင်နေလဲဆိုတာ ကျွန်တော် အမြဲသိချင်နေခဲ့တာ..."

ဟိုင်ရိ : ...

"နောက်ပိုင်းကျတော့ အဲဒါက < Illusion of Love > နဲ့ < Love for Sale > ဖြစ်နေမှန်း ကျွန်တော်တွေ့လိုက်တယ်"

ဟိုင်ရိ ရယ်မောလိုက်သည်။

ဟိုင်ရိ: "ငါတို့လမ်းပေါ်ကသီချင်းတွေကို အထင်မသေးဖို့ အကြိမ်ပေါင်းများစွာ ပြောပြီးပြီ...အကြမ်းတမ်းဆုံးက အလှပဆုံးပဲ...နားလည်လား"

ဟိုင်ရိ၏ ရုပ်ရည်သည် အမှန်တကယ် ထူးခြားလှ၏။ သူသည် သွေးနှောလူမျိုး ရုပ်ရည်မျိုးဖြစ်ပြီး အသားအရေ ဖြူဥကာ အရပ်အမောင်းလည်း ကောင်းသည်။ မွန်ဂိုအမျိုးအနွယ် တစ်ဝက်ပါဝင်သောကြောင့် သူ၏ မျက်ခုံးများက ခိုင်မာသည်။ နှာတံက မြင့်မား၍ လှပ၏။ မျက်လုံးအိမ်များက မီးခိုးပြာရောင် သန်းနေသည်။ ထိုနေရာတွင် ရပ်နေရုံနှင့်ပင် အာရုံစိုက်မှုကို လုံလောက်စွာ ရရှိနိုင်သည်။ သူ၏ နားထဲတွင် အဖြူရောင်နားကြပ်များ အမြဲတပ်ထားသောကြောင့် ဖိတ်ခေါ်ခြင်းမရှိဘဲ ခန့်ညားသောပုံ ပေါ်နေခဲ့သည်။

သို့သော် အမှန်တကယ်တွင် သူသည် Kuaishou ကို နေ့စဉ်ကြည့်ရှုပြီး အများပြည်သူကို အနှောင့်အယှက်ပေးမည်ကို စိုးရိမ်သောကြောင့် အသံကျယ်ကျယ်ဖွင့်ရန် ကြောက်ရွံ့၍ နားကြပ်တပ်ထားသည်ဟု မည်သူမျှ မထင်ကြပေ။ သူ Kuaishou ကို မကြည့်သည့်အခါ သူသည် သူ့ကို စိတ်လှုပ်ရှားစေသော သီချင်းများကို နားထောင်လေ့ရှိ၏။

ရှန့်ချန့်ယန် ဟိုင်ရိနားထောင်သော သီချင်းများကို ပထမဆုံးအကြိမ် ကြားလိုက်ရသည့်အခါ ကြုံတွေ့ခဲ့ရသော ထိတ်လန့်မှုသည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော အရာဖြစ်သည်။

ထိုအခိုက်အတန့်တွင် ထိုခန့်ညားသောလူငယ်သည် ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး တိုက်ရိုက်ထုတ်လွှင့်သူ ကုန်ပစ္စည်းများ ရောင်းချနေသည်ကို ကြည့်ကာပြောလိုက်သည်။

"ပြောကြည့်.. သူတို့ အဲဒါတွေကို ဒီလောက်ဈေးပေါပေါနဲ့ ရောင်းပြီး တခြားဘာမှ မရကြဘူးလား"

ရှန့်ချန့်ယန်က မရေမရာဖြစ်နေသော လေသံဖြင့် ပြန်ဖြေသည်။

"သူတို့ တချို့တော့ ရသင့်ပါတယ်"

ဟိုင်ရိ : "ဒါဆို ငါလည်း သွားရောင်းမယ်လေ..မင်း ဘယ်လိုထင်လဲ"

"သေချာတာပေါ့"

ရှန့်ချန့်ယန်၏ အာရုံပြောင်းသွားပြီး ဤအရာ၏ ဖြစ်နိုင်ချေကို စဉ်းစားစပြုလာသည်။

"ဘာရောင်းမှာလဲ"

ဟိုင်ရိ : "လမ်းပေါ်ဖျော်ဖြေခြင်း"

ရှန့်ချန့်ယန် ရယ်လိုက်၏။

ဟိုင်ရိ သက်ပြင်းချလိုက်ပြီးနောက် ရှန့်ချန့်ယန်က အလေးအနက်ပင် စီစဉ်နေသည်ကို ကြားလိုက်ရသည်။

"ခင်ဗျား ကျွန်တော့်ရဲ့လူကြိုက်များမှုကို အသုံးချလို့ရတယ်"

"စမ်းကြည့်ပါဦး"

ရှန့်ချန့်ယန်ပြောလိုက်သည်။

"ခင်ဗျား တိုက်ရိုက်ထုတ်လွှင့်နေတဲ့အခါ 'ရှန့်ချန့်ယန်ရဲ့ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှု' လို့ ပြောလိုက်... ကျွန်တော်ခင်ဗျားရဲ့ လက်ထောက်အဖြစ် ခင်ဗျားနောက်ကနေ လိုက်မယ်.. ခင်ဗျာားကို သူဌေးလို့ ခေါ်ပြီး ဆေးလိပ်တွေ ပေးမယ်"

ဟိုင်ရိ : "သူတို့ ပလက်ဖောင်းက ဆေးလိပ်သောက်တာကို ခွင့်မပြုဘူး"

ရှန့်ချန့်ယန် : "အဲဒီလိုပေါ့...အရင်တုန်းကဆို ခင်ဗျားက လမ်းပေါ်ဖျော်ဖြေသူ ဖြစ်မယ်...ကျွန်တော်ကတော့ ပတ်ပြီး ပိုက်ဆံလက်ခံမယ့်သူပေါ့"

ဟိုင်ရိ : "ဟားဟားဟားဟားဟား"

ရှန့်ချန့်ယန်လည်း သူနှင့်အတူ ရယ်မောလိုက်သည်။

သူတို့နှစ်ဦး တိတ်ဆိတ်သွားကြသည်။ King Kong Barbie ၏ ပြင်းပြသော အရောင်းမြှင့်တင်ရေး အသံသာ လေထဲတွင် ရှိနေ၏။ ထိုအသံကို နားထောင်ရင်း ရှန့်ချန့်ယန်သည် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သူ့နှလုံးသားထဲတွင် ရေအိုင်ကြီးတစ်အိုင်က အငွေ့အသက်ဆိုးများ ပေးနေသည်ဟု မကြာခဏ ခံစားရ၏။ ဤခံစားချက်သည် ဟိုင်ရိ၏ အခန်းမှ ထွက်ခွာပြီးနောက် ပိုမိုဆိုးရွားလာပြီး ပို၍ပင် ဆိုးရွားလာခဲ့သည်။

ဟိုင်ရိ သူ့ဘေးတွင် ရှိနေသည့်အခါ လေပြင်းတစ်ချက် သူ့နှလုံးသားထဲသို့ တိုက်ခတ်လာပြီး လှိုင်းငယ်လေးများ ထွက်ပေါ်လာသကဲ့သို့ ခံစားရ၏။ ဟိုင်ရိ ထွက်ခွာသွားပြီး သူတစ်ယောက်တည်း ဖြစ်နေသည့်အခါ ထိုရေအိုင်ကြီးက သူ့ကို နောက်တစ်ကြိမ် ဝါးမြိုရန် ခြိမ်းခြောက်နေခဲ့သည်။

သူ အသက်ရှင်စဉ်ကကဲ့သို့ ထိတ်လန့်မှုများ၊ အိပ်မပျော်ခြင်းများ၊ အစားအသောက်ပျက်ခြင်း စသည့် လက္ခဏာများကို မခံစားရတော့ပေ။ ထိုအစား ဤလောကသို့ ရောက်ရှိလာပြီးနောက် သူ၏ အဓိကလက္ခဏာများမှာ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပါဝင်စားမှု မရှိခြင်းတို့ဖြစ်သည်။

ရှန့်ချန့်ယန် : "အသက်ရှင်ခြင်းက ဘာအဓိပ္ပာယ်ရှိလဲ"

ဟိုင်ရိ : ....

ဟိုင်ရိက သူနေကောင်းနေပြီဟု ထင်ခဲ့သည်။

ဟိုင်ရိ : "မင်းကြားချင်တဲ့ အဖြေကို ငါ မပေးနိုင်ဘူး၊ မင်း သိပါတယ်"

ရှန့်ချန့်ယန်က မျက်နှာကျက်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

ရှန့်ချန့်ယန် : "ဘဝရဲ့ အဆိုးဆုံးအချက်က ကျွန်တော်တို့ရဲ့ မွေးဖွားခြင်းကို ရွေးချယ်ခွင့်မရှိတာပဲ၊ ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ရှိချင်လားဆိုတာ ဘယ်သူမှ မေးခဲ့ဖူးတာ မရှိဘူး"

ဟိုင်ရိ : "အဲဒါက ခံစားရသူတိုင်း အရင်က တွေးဖူးချင်မှ တွေးဖူးမှာပါ"

ရှန့်ချန့်ယန်: "ခင်ဗျားကော အရင်က တွေးဖူးလား"

"တွေးဖူးတယ်"

ဟိုင်ရိက ပြန်ဖြေသည်။

"တကယ်တော့ ငါ အကုန်လုံးနီးပါး မေ့သွားပြီ၊ မကောင်းတဲ့ အတွေ့အကြုံတွေကို ဘယ်တော့မှ မမှတ်မိဘူး၊ ရလဒ်တွေပဲ မှတ်မိတယ်"

"ခင်‌ဗျား ဒီကို ဘာလို့လာလဲဆိုတာ ကျွန်တော်နားမလည်ဘူး"

ရှန့်ချန့်ယန်ပြောလိုက်သည်။

"ခင်ဗျားဘာမှမစဉ်းစားဘူး"

"တောင်းပန်ပါတယ်"

ဟိုင်ရိယဉ်ကျေးစွာတောင်းပန်လိုက်သည်။

"ငါ အဲဒီလောက်တောင် ပျော်ပျော်နေတတ်တာ"

ရှန့်ချန့်ယန် : "ဒါကြောင့်မို့လို့ ခင်ဗျား လူကြိုက်များတာပေါ့"

ဟိုင်ရိ : ?

"လူတိုင်း ခင်ဗျားကို ကြိုက်တယ်"

ရှန်ချန့်ယန်ပြောဆိုလိုက်သည်။

"ခင်ဗျား ဘယ်တုန်းမှ မသိခဲ့ဘူးလား"

ဟိုင်ရိက တကယ်ပဲ ဘယ်တော့မှ မသိခဲ့ပေ။ ဒီနေရာကို ရောက်လာပြီးနောက် ချက်ချင်းပင် သူငယ်ချင်းများ ရရှိခဲ့သည်ဟု ခံစားရသော်လည်း သူ့အသိထဲတွင် ရှိမနေခဲ့ပေ။

ရှန့်ချန့်ယန် : "ပထမဆုံးနေ့တုန်းက ကျွန်တော့်စွမ်းဆောင်ရည် အရမ်းဆိုးခဲ့လား"

ထိုအခါမှသာ ဟိုင်ရိသည် ရှန့်ချန့်ယန် သူ့ကို လိုက်နေခဲ့သည့် ပထမဆုံးနေ့အကြောင်းကို သတိရလိုက်သည်။

ဟိုင်ရိက ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။ သူသည် ရှန့်ချန့်ယန်ကို နောက်လှည့်ကြည့်လိုက်သည်။ ရှန့်ချန့်ယန်လည်း သူ့ကို ကြည့်နေပြီး သူ့မျက်လုံးများတွင် စစ်မှန်သော ပူပန်မှုများ ရှိနေ၏။

"မဟုတ်ဘူး"

ဟိုင်ရိပြောလိုက်သည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ"

ဟိုင်ရိသည် သူ့ရင်ထဲက အတွေးများကို မည်သို့ ဖော်ပြရမည်ကို မသေချာခဲ့ပေ။ ထိုအချိန်တွင် သူ နောက်ပြောင်နိုင်စရာ လမ်းမရှိခဲ့သော်လည်း သူ အလေးအနက်ထားပါက ရှန့်ချန့်ယန်က ပြောင်းပြန် ဘာမှ ပြောတော့မည် မဟုတ်ပေ။

သူသည် သူ့မိခင်ဘာသာစကားကို လေးနက်စွာ လွမ်းဆွတ်ခဲ့သည်။ ထိုဘာသာစကားသည် ရှန့်ချန့်ယန်ကို နှစ်သိမ့်ပေးလိုသော ဘာသာစကားဖြစ်သော်လည်း ရှန့်ချန့်ယန်က နားလည်မည် မဟုတ်ပေ။

ရှန့်ချန့်ယန်သည် သူ့စိတ်ထဲတွင် အရာများစွာကို တိတ်ဆိတ်စွာ ပြန်လှန်စဉ်းစားနေခဲ့၏။ သူ့လက်က ကုတင်ဘေးတွင် တွဲလောင်းကျနေသည်။ သူသည် စိတ်ဓာတ်ကျနေပုံရ၏။ ဟိုင်ရိက သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူ့တည်ရှိမှု၏ ထိတွေ့နိုင်သော ခံစားမှုကို ခံယူလိုက်သည်။

ဟိုင်ရိမေးလိုက်သည်။

"မင်း ငါနဲ့ စကားပြောချင်လား"

ခဏအကြာတွင် ရှန့်ချန့်ယန်က ပြောလိုက်၏။

"ဘာမှ ထွေထွေထူးထူးပြောချင်တာမျိုးမရှိပါဘူး"

ဤအခြေအနေသည် ညဘက်အထိ ဆက်ရှိနေခဲ့ပြီးမှ သက်သာလာသည်။ စိတ်ဓာတ်ကျခြင်းသည် မကြာခဏဆိုသလို နံနက်ပိုင်းတွင် ပိုဆိုးပြီး ညဘက်တွင် ပိုကောင်း၏။ နံနက်ပိုင်းတွင် ပိုမိုပြင်းထန်ပြီး ညဘက်တွင် အနည်းငယ် ပိုကောင်းသည်။ ရှန့်ချန့်ယန်၏ နေ့လယ်ပိုင်း အခြေအနေသည် နံနက်ပိုင်းထက် သိပ်မကောင်းလှပေ။ ညရောက်သောအခါ သူ့အခြေအနေ အနည်းငယ် တိုးတက်လာပြီး လျိုကျယ်နှင့် ကျန်သူများနှင့် စကားပြောရန် ရှေ့ဆောင်လာခဲ့သည်။ ထိမိနေခြင်းမျိုးလည်း မဟုတ်ပေ။ သူ့မျက်ခုံးများ ပြေလျော့လာပြီး သူ့အခြေအနေလည်း ပိုကောင်းလာပုံရ၏။

ဟိုင်ရိ၏ ရင်ထဲမှ စိုးရိမ်မှုများလည်း တဖြည်းဖြည်း သက်သာလာသည်။

လူတိုင်းသည် နေ့လယ်ပိုင်းတွင် ဆွေးနွေးရန် စုဝေးခဲ့ကြသော်လည်း နံနက်ပိုင်းမှ အကြောင်းအရာများနှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်းပြီးနောက် ဘာအသစ်အဆန်းမှ မပေါ်ပေါက်လာခဲ့ပေ။ လူတိုင်းက သူတို့ မလိမ်ခဲ့ကြကြောင်း အခိုင်အမာ ပြောခဲ့ကြသဖြင့် ရှာဖွေတွေ့ရှိစရာ အသစ်အဆန်း ဘာမှ မရှိခဲ့ပေ။ နောက်တစ်နေ့ကိုသာ စောင့်ဆိုင်းနိုင်ခဲ့ကြသည်။

ဆိုလိုသည်မှာ နောက်ထပ်လူတစ်ယောက်သည် ဒီည သေဆုံးရတော့မည်ဟု ဆိုလို၏။ ဟိုင်ရိသည် အနည်းငယ် စိုးရိမ်စိတ်ရှိနေဆဲဖြစ်သည်။

ညဘက်တွင် ရှန့်ချန့်ယန်သည် သူ့အခန်းသို့ အရင်ပြန်သွားခဲ့၏။ ဟိုင်ရိသည် ဧည့်ခန်းတွင် လူတိုင်းပြန်သွားသည်အထိ စောင့်ဆိုင်းနေခဲ့ပြီးမှ ရှန့်ချန့်ယန်၏ အခန်းသို့ ခြေဖျားထောက်၍ ပြေးသွားခဲ့သည်။ တံခါးက လော့ခ်မချထားခဲ့ပေ။ ရှန့်ချန့်ယန်သည် ကုတင်ပေါ်တွင် ဖုန်းကစားရင်း လှဲနေခဲ့သည်။

ဟိုင်ရိ : "မီးမဖွင့်ဘူးလား"

ရှန့်ချန့်ယန် : "တံခါးအက်ကွဲကြောင်းကနေ အလင်းဝင်လာလိမ့်မယ်"

"ဘာကိုကြည့်နေတာလဲ"

ဟိုင်ရိက သူ့ဖိနပ်များကို သတိ ရှိရှိ စတင်ချွတ်ကာ အိပ်ရန် ပြင်ဆင်ရင်း သူ့ည၀တ်အိပ်အင်္ကျီများကို ရှာဖွေနေ၏။

ရှန့်ချန့်ယန် : "Kuaishou ကို ဒေါင်းလုတ်ဆွဲနေတာ"

ဟိုင်ရိ : ...

ရှန့်ချန့်ယန်က ဟိုင်ရိကို ဖန်သားပြင်ကို ပြသလိုက်သည်။ သူ တကယ်ပဲ Kuaishou ဒေါင်းလုတ်ဆွဲနေခဲ့လေ၏။

ဟိုင်ရိ : "မင်း ဒီလိုလုပ်တာက ငါနဲ့ ဆံပင်ဝါ ကြားထဲမှာ သဟဇာတမဖြစ်အောင် လှုံ့ဆော်နေတာပဲ... ဆံပင်ဝါက မင်းကို ဒေါင်းလုတ်ဆွဲခိုင်းတော့ မင်းငြင်းခဲ့တယ်လို့ အရင်က ပြောခဲ့ဖူးတယ်... ငါ့ကြောင့်လို့ သူ့ကို မပြောနဲ့"

ရှန့်ချန့်ယန်က သူ့နားထင်များကို ဖိနှိပ်လိုက်သည်။

"သူ Kuaishou မှာ ခေတ်စားနေတဲ့ တီဗီဒရာမာတွေ နေ့တိုင်းကြည့်နေတာ မြင်ရတာနဲ့ ကျွန်တော်ခေါင်းကိုက်တယ်"

ဟိုင်ရိက အလွန်စိတ်ဝင်စားသွားသည်။

"သူ ဘာတွေ ကြည့်တာလဲ"

ရှန့်ချန့်ယန်၏ ခေါင်းက ပို၍ပင် ကိုက်လာ၏။

"ကျွန်တော်တို့ ပြန်ရောက်မှပဲ ခင်ဗျားတို့နှစ်ယောက် ပြောကြပေါ့"

ဟိုင်ရိ : "ကောင်းပြီ...ငါ အရင်ရေချိုးရမှာလား၊ ဒါမှမဟုတ် မင်းလား"

"မသွားဖို့ ကျွန်တော် အကြံပေးတယ်"

ရှန့်ချန့်ယန်က သူ့ခေါင်းကိုပင် မဖော်ဘဲ ပြောလိုက်သည်။

"ဒီညအတွက် အနားယူလိုက်ပါ... ခင်ဗျား အခန်းထဲဝင်လာတဲ့အချိန်ကစပြီး ကျွန်တော့်မျက်စိအောက်ကနေ မပျောက်စေနဲ့"

ဟိုင်ရိသည် နံနက်ပိုင်းမှ သွေးများကို ချက်ချင်း သတိရလိုက်သည်။ သူက ကုတင်ပေါ်သို့ ခိုင်မာစွာ တက်လိုက်၏။

"ဒါဆိုလည်း ကောင်းပြီ"



🌟🌟🌟