Ch 12
Viewers 3k

❓️Chapter 12

ကျောင်းယန်ယွိက..သောက်ရမ်းကြောက်စရာကောင်းတယ်




ဝမ်းချန်ရှီးက ၎င်းကို သူအမြင်မှားမိနေလားမသိသော်ငြား ကျောင်းယန်ယွိ အချိန်ကိုကြည့်လျှင် ခြောက်ဆယ်စက္ကန့်အတိအကျဖြစ်ပြီး တစ်စက္ကန့်ပင်နောက်မကျသလိုခံစားရလေသည်။


သူ ခဏမျှတွေးနေပြီးနောက် မေးလိုက်၏။


"ညမှာ လုပ်စရာရှိသေးလို့လား.."


ကျောင်းယန်ယွိက စက်အဟောင်းတစ်လုံးနှင့်တူနေကာ သူ့ထံမှထွက်လာသောအသံက ဘတ်ထရီကုန်သွားသည့်အတိုင်း အနည်းငယ်လေးလံနေလေသည်။


"မရှိတော့ပါဘူး.."


ဝမ်းချန်ရှီး: "အဲဒါဆို..."


ကျောင်းယန်ယွိ အားနည်းနေလေ၏။


"6:30 မှာ ထမင်းစားတယ်၊ 7:00 မှာ လေ့လာတယ်၊ 8:00 ဆိုရင် တနေ့တာလေ့လာခဲ့ရတဲ့ အကျဥ်းချုပ်ကိုလုပ်ရတယ်၊ ပြီးရင်.." ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ညီအစ်ကိုကောင်းရဲ့ တိုးတက်မှုကိုပေါ့...


ကျောင်းယန်ယွိ၏အသံက ပို၍ပင်အားနည်းလာလေ၏။


"ဒီညတော့ ကျွန်တော် ဘာမှမလုပ်ခဲ့ဘူး.."


အစီအစဥ်တစ်ခုမှားသွားသည်နှင့် ကျန်သည့်နောက်ဆက်တွဲအစီအစဥ်များကို ဆက်လုပ်၍မရတော့ပေ။


သူက 9:00 တွင်ရေချိုးရသည်။ 9:30 မတိုင်ခင် အဝတ်အစားများကိုလျှော်ဖွပ်ရပြီး ဆယ့်ငါးမိနစ်ခန့် ခြေထောက်ကိုရေစိမ်လေသည်။ ယင်းက လူသားများ၏ ကျန်းမာရေးအတွက်အကောင်းဆုံးအလေ့အကျင့်တစ်ခုဟုပြောကြသည်။ ရေစိမ်ပြီးသည့်နောက် အိပ်ရာပေါ်တွင်လှဲပြီး လူသားများ၏စာအုပ်ကို မိနစ်သုံးဆယ်ခန့်ဖတ်လေသည်။ နောက်ဆုံး၌ မီးပိတ်ကာ 10:15 တွင်အိပ်ရာဝင်လေသည်။


သို့တစေ ယနေ့ ယခုအချိန်မှာ 8:05 ဖြစ်နေပြီ။


သူအလုပ်ဆင်းကတည်းက တစ်ခုမှမလုပ်ရသေးပေ။


ကြားလိုက်ရသောဝမ်းချန်ရှီး: "....."


သူ့အစီအစဥ်နှောင့်ယှက်ခံလိုက်ရ၍ 'စွမ်းအင်ကျ' စပြုလာသောကျောင်းယန်ယွိကို သူကြည့်လိုက်သည်။


ရှောင်ယွိရေ..သူ့မှာ ပြင်းထန်တဲ့ OCD များရှိနေတာလား။


ဝမ်းချန်ရှီး: "မင်းကတကယ်ပဲ 6:30 မှာစားတာလား.."


ကျောင်းယန်ယွိ: "သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ ညနေ ငါးနာရီနဲ့ခုနစ်နာရီကြားက ညစာစားဖို့အကောင်းအချိန်ပါတဲ့၊ ရုံးဝန်ထမ်းအများစုက ငါးနာရီဆိုရင် ရုံးဆင်းကြတယ်လေ၊ ဒါက မှာစားတာနဲ့အပြင်ထွက်စားတာမပါသေးဘူး၊ ညဘက်ကို အိမ်မှာချက်ပြုတ်ရင် ခြောက်နာရီခွဲက သိပ္ပံနည်းအကျဆုံး၊ အသန့်ရှင်းဆုံးနဲ့၊ ကျန်းမာရေးနဲ့အညီညွတ်ဆုံးအစာစားချိန်ပဲ.."


ဝမ်းချန်ရှီး: "..အင်း.."


ကျောင်းယန်ယွိ နားမလည်ဖြစ်သွားလေသည်။ 


"ခင်ဗျားရယ်နေတာလား.."


သူက ရုတ်တရက်ကော့တက်သွားသောဝမ်းချန်ရှီး၏နှုတ်ခမ်းများကိုစိုက်ကြည့်နေပြီး သူ့အစ်ကိုကြီးက မည်သည့်စကားကိုရယ်နေမှန်းမသိပေ။


ဝမ်းချန်ရှီး နှုတ်ခမ်းကိုမဲ့ထားလိုက်သည်။ နောက်ဆုံးတစ်ခေါက် ကိတ်မုန့်စားရန်ငြင်းခဲ့ချိန်က ကျောင်းယန်ယွိရေးခဲ့သောရီပို့ကို ရုတ်တရက်သတိရသွားမိ၏။


ရှောင်းယန်ယွိ အဲဒီရီပို့ကိုရေးခဲ့တုန်းက အခုလိုမျက်နှာမျိုးပဲဖြစ်နေခဲ့တာလား။


တွေးရုံဖြင့်ပင် ဝမ်းချန်ရှီး၏မျက်လုံးများက ပြုံးသွားခဲ့သည်။


သူ စကားလမ်းကြောင်းပြောင်းလိုက်သည်။


"အခု ကိုယ်တို့ အရင်စားကြမလား ဒါမှမဟုတ် ပစ္စည်းကိုအရင်သွားယူကြမလား.."


ကျောင်းယန်ယွိက အတိအကျပြောလိုက်သည်။


"စားမှာ.."


သူ့ဝန်ထမ်းလေး၏ OCD ကိုစဥ်းစားကြည့်ပြီးနောက် ဝမ်းချန်ရှီးက အဆင့်မြင့်စားသောက်ဆိုင်ကိုမရွေးဘဲ ကားဂိတ်အနားမှ ပတ်ဝန်းကျင်ကောင်းသောစားသောက်ဆိုင်တစ်ဆိုင်ကိုရွေးလိုက်သည်။ ၎င်းက မတိုင်ခင်က သစ်သီးယူရမည့်နေရာနှင့်လည်းနီးလေသည်။


စားသောက်နေကြစဥ်တွင် ဝမ်းချန်းရှီးက ကျောင်းယန်ယွိနှင့်ပတ်သက်ပြီး နောက်ထပ်ထူးခြားသည့်အရာတစ်ခုကိုတွေ့လိုက်ရသည်။ ထိုသူက အစာစားနေချိန်တွင် ဖြည်းဖြည်းချင်းဝါးနေလေသည်။ ပါးလေးများကဖောင်းကားနေပြီး ဖြည်းညှင်းစွာဝါးနေကာ အစားတလုတ်ကို အကြိမ်သုံးဆယ်မျှဝါးလေသည်။


ဝမ်းချန်ရှီးက အစပိုင်းတွင် အာရုံမထားနေသော်လည်း နောက်ပိုင်းတွင် ကျောင်းယန်ယွိက အလွန်ပုံမှန်ကျစွာဝါးနေပြီး ဘယ်ဘက်တွင်အရင်ဝါးနေပြီးနောက် ညာဘက်၌တလှည့်ဝါးနေသည်ကိုတွေ့လိုက်ရလေသည်။


သူက တည်ငြိမ်စွာရေတွက်နေလိုက်ကာ တဖက်စီ၌ ဆယ့်ငါးကြိမ်အတိဖြစ်လေ၏။


ဝမ်းချန်ရှီးက ဤအသေးစိတ်အချက်လေးကိုတွေ့သွားပြီးနောက် မျက်ခုံးကိုအသာပင့်လိုက်သည်။ ဖုန်းကိုထုတ်ပြီးရှာဖွေကြည့်လိုက်ပြီးနောက် ထွက်လာသည်မှာ-


"သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်များအရ အစားအစာကို အကြိမ်ရေသုံးဆယ်ခန့်ဝါးပေးခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်၏စွမ်းအင်စုပ်ယူမှုကို အကျိုးရှိစေရုံသာမက.."


ဝမ်းချန်ရှီး: "သေချာတာပေါ့.."


ကျောင်းယန်ယွိစားသောက်ပြီးသည့်နောက် မိနစ်နှစ်ဆယ်အတိအကျဖြစ်နေလေသည်။


ဝမ်းချန်ရှီး ထပ်မံရှာဖွေကြည့်လိုက်ရာ သိပ္ပံနည်းကျအချက်အလက်များအရ အစားအသောက်တိုင်းမှာ မိနစ်နှစ်ဆယ်မျှစားသုံးခြင်းက အကောင်းဆုံးဖြစ်ကြောင်း ဖော်ပြထားလေသည်။


သူ မျက်ခုံးပင့်လိုက်မိသည်။ သူ့အနေဖြင့် ယခုလို ထူးဆန်းသည့်အစွဲအလန်းကြီးသောဝေဒနာမျိုးကို ပထမဆုံးအကြိမ်ကြုံဖူးခြင်းပင်ဖြစ်၏။


ရှောင်ယွိက ဘာလို့ အခြားသူတွေထက်ထူးခြားတဲ့ OCD မျိုးရှိနေရတာလဲ။


စားသောက်ပြီး၍ ပါးစပ်သုတ်လိုက်ပြီးသည့်အခါ ကျောင်းယန်ယွိက သူ့ကိုပင် စိုးရိမ်စွာပြောလာလေသည်။


"ခင်ဗျားစားတဲ့နေရာမှာအာရုံမရှိရင် အစာအိမ်အတွက် မကောင်းတာဖြစ်တာ လွယ်လိမ့်မယ်၊ ကြာလာရင် ခင်ဗျားမှာ အစာအိမ်ပြဿနာတွေဖြစ်လာလိမ့်မယ်.."


ယခုလေးတင်စားသောက်နေချိန်တွင် ဝမ်းချန်ရှီးကသူ့အား စိုက်ကြည့်နေသည်ကိုသတိထားမိထားခဲ့သည်။


သို့သော် အခြားလူသာဆိုပါက ဝမ်းချန်ရှီးက သူတို့ကိုယခုလိုကြည့်နေလျှင် အစာစားနိုင်မည်မဟုတ်ပေ။


ဤနေရာတွင် မစားနိုင်ခြင်းက မျိုကျရန်ခက်နေသည်ဟုမဆိုလိုသော်လည်း သူတို့က ကြောက်လန့်သွားနိုင်သည်။ ရှက်သွားနိုင်သည်။ လက်တွေ့မဆန်သောအတွေးမျိုးစုံကိုပင် တွေးနေမိနိုင်သည်။


သို့သော် ကျောင်းယန်ယွိတွင် ​ကောက်ချက်တစ်ခုသာရှိသည်။ သူ၏ညီအစ်ကိုကောင်းက အစာစားရာတွင်အာရုံမရှိနေပေ။ သူ ငါးစားနေလို့ အရိုးစူးသွားရင်ဘယ်လိုလုပ်မလဲ။


ဝမ်းချန်ရှီးက နှုတ်ခမ်းတို့ကိုပင့်ကာ အပြုံးကိုထိန်းချုပ်ထားလိုက်သည်။ 


"အင်း နောက်ကျရင် ကိုယ်ဂရုစိုက်ပါ့မယ်.."


သူ၏ညီအစ်ကိုက သူ၏အကြံပေးချက်ကိုနားထောင်သောစကားကိုကြားလိုက်ရမှ ကျောင်းယန်ယွိမှာ စိတ်အေးသွားရ၏။ ထို့အပြင် ဆက်ဆံရေး၏အစပိုင်းကာလမှာ သိပ်မခက်ခဲသလိုခံစားရလေသည်။


စားသောက်ပြီးနောက် သူတို့မှာ လောင်ကျောင်းစိုက်ထားသောအသီးများကိုယူရန် နှစ်ဆယ့်လေးနာရီဝန်ဆောင်မှုပေးသော ပစ္စည်းပို့နေရာကိုသွားရန်အချိန်ရသွားပြီး ၎င်းတို့ကိုယူကာ မြို့သို့သွားကြလေသည်။


လောင်ကျောင်းက မြွေရေခွံအိတ်ကြီးနှင့်ပို့ပေးလိုက်သည်။ ဖွင့်ကြည့်လိုက်သည့်အခါ အထဲဘက်၌ ရာသီပေါ်၊ တောင်ပိုင်းနှင့်​မြောက်ပိုင်းများမှရာသီမဟုတ်သောသစ်သီးမျိုးစုံ ကိုတွေ့လိုက်ရလေသည်။


ဘေးတွင်မူ လောင်ကျောင်း ကြွေကုန်မည်ကိုစိုးရိမ်နေသော စပျစ်သီးထည့်ထားသောအိတ်လေးတစ်အိတ်ပါလေသည်။


"အကုန်လုံးကို ကျွန်တော့်အဖေပဲစိုက်တာလေ.."


ကျောင်းယန်ယွိက ဂုဏ်ယူနေလေသည်။


ခရီးစဥ်တလျှောက်လုံး မမြင်ရသောလူပမာ သတ်မှတ်ခံထားရသော အထူးလက်ထောက်လင်းမှာ နောက်ဆုံး၌ အင်အားပြရမည့်အချိန်ရောက်လာလေသည်။ မစ္စတာဝမ်း၏အချက်ပြပင်မရောက်သေးခင် သူကအရင်ရောက်လာပြီး အသီးထည့်ထားသောမြွေရေခွံအိတ်ကိုအရင်သယ်လိုက်သည်။


ထို့နောက်...သူမရွေ့တော့ပေ။


အထူးလက်ထောက်လင်း: "...."


ကျောင်းယန်ယွိ: "အဖေက အရမ်းလေးတယ်လို့ပြောထားတယ်၊ ကျွန်တော့်ကို ကူသယ်ပေးဖို့ လူတစ်ယောက်ရှာလိုက်လို့လည်းပြောတယ်.."


အထူးလက်ထောက်လင်းက တွေးကြည့်ပြီးနားလည်သွားလေသည်။ ယခုလို မြွေရေခွံအိတ်ကြီးတွင် ပန်းသီး၊ နဂါးမောက်သီးနှင့် အခြားသီးနှံများပါလေသည်။ သူတို့အားလုံးက အလွန်လေးလံသောအသီးများဖြစ်လေ၏။ ကတ်တီရာနှင့်ချီပြီးလေးနိုင်သည်။ ထို့အပြင် သူတို့အနက် တစ်ဆယ်ကတ်တီအလေးချိန်ရှိသော ဖရဲသီးကြီးအနည်းငယ်ပင်ပါနိုင်သည်။


ရုံးခန်းထဲတွင် တစ်နှစ်ပတ်လုံးနေရသောခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ မသယ်နိုင်သည်မှာ ပုံမှန်ပင်ဖြစ်လေသည်။


"အတူသယ်ကြတာပေါ့.."


ကျောင်းယန်ယွိက အထူးလက်ထောက်လင်းနှင့်အတူသယ်ရန် ရှေ့သို့တိုးတော့မည့်အချိန်တွင် သူ့လက်ထဲသို့ အပေါ်ထပ်ကုတ်အင်္ကျီတစ်ထည် ပစ်ထည့်ခံလိုက်ရတော့သည်။


ဝမ်းချန်ရှီး: "မင်းက အင်္ကျီကိုယူထား၊ ကိုယ်က အသီးကိုသယ်လိုက်မယ်.."


ပြောပြီးသည့်နောက် ကျောင်းယန်ယွိပြန်ပြောမည့်စကားကိုပင်မစောင့်တော့ဘဲ အရှေ့တိုးကာ အထူးလက်ထောက်လင်းနေရာသို့သွားလိုက်သည်။ ထို့နောက် အထူးလက်ထောက်လင်းက အနောက်မှသယ်သည့်အခါ မတန်မဆကြီးသောမြွေရေခွံအိတ်ကြီးကို သယ်လိုက်သည်။


နွေရာသီ ဆယ်နာရီ ညလယ်ခေါင်အချိန်တွင် နေ့ပိုင်းအပူချိန်ကိုလျော့ကျစေသော လေတသုတ်ကတိုက်ခတ်သွားခဲ့ပြီး အေးမြမှုအနည်းငယ်ကိုထပ်ပေါင်းပေးလိုက်သည်။


သူတို့က ဝတ်စုံပြည့်နှင့်ရှပ်အင်္ကျီနှစ်မျိုးလုံးကိုဝတ်ထားကြပြီး တောဆန်သောမြွေရေခွံအိတ်ကြီးကိုသယ်ထားသည့်အတွက် အလွန်လူကြည့်စရာဖြစ်နေခဲ့သည်။ ပစ္စည်းသယ်ပို့သောဌာနဘေးမှဖြတ်သွားကြသူများက သူတို့ကို စပ်စုသလိုကြည့်သွားကြသည်။


မစ္စတာဝမ်းနှင့်အတူ မြွေရေခွံအိတ်ကိုသယ်ထားသောအထူးလက်ထောက်လင်းမှာ ကြောင်တောင်တောင်ဖြင့်တွေးနေလေသည်။ ယနေ့ညတွင် မစ္စတာဝမ်းက ဤပစ္စည်းကိုသယ်နေရသည်..ဤသစ်သီးများ၏တန်ဖိုးက ယွမ်တစ်သောင်းတန်နိုင်သော်လည်း ၎င်းတို့က ယွမ်ခြောက်သန်းတန်သောဇိမ်ခံကားထဲသို့ အထည့်ခံရလေသည်။


အထူးလက်ထောက်လင်းက အနောက်ဘက်ကို နောက်တစ်ခါခိုးကြည့်လိုက်ရာ ကျောင်းယန်ယွိက ခံစားချက်တစ်စပင်မရှိသောမျက်နှာဖြင့် စပျစ်သီးဘူးနှင့်အပေါ်ဝတ်အင်္ကျီကိုကိုင်ကာ အနောက်မှလိုက်လာနေသည်ကိုတွေ့လိုက်ရလေသည်။


ကြည့်ရတာသည်မှာ ထရီလီယံတန်သောဥက္ကဌတစ်ယောက်ကို ယခုလိုကိစ္စမျိုးခိုင်းသည်မှာ သူ့အတွက် ပုံမှန်ဖြစ်နေသလိုပင်။


အထူးလက်ထောက်လင်းက တိတ်တဆိတ် အသက်ရှူသွင်းလိုက်သည်။


 ကျောင်းယန်ယွိက..သောက်ရမ်းကြောက်ဖို့ကောင်းတာပဲ။

***


လောင်ကျောင်းက အလွန်ဧည့်ဝတ်ကျေပွန်သူဖြစ်လေ၏။ အထူးသဖြင့် နောက်ဆုံးတစ်ခေါက်က လယ်တောအိမ်တွင်ရှိခဲ့ကြချိန်က လောင်ကျောင်းစိုက်သောအသီးများက အခြားနေရာများထက်ပိုချိုသည်ဟု ကျိကျစ်ယွမ်ကမြှောက်ပြောခဲ့ပြီး ၎င်းကြောင့် လောင်ကျောင်းက အလွန်တရာမှပျော်ရွှင်သွားခဲ့လေသည်။


ထပ်လောင်းပြောရလျှင် ကျိကျစ်ယွမ်နှင့်လိရှီးတို့က ဝမ်းချန်ရှီး၏သူငယ်ချင်းများဖြစ်ကြပြီး ရှောင်ရှီးယီညီအစ်ကိုကောင်း၏သူငယ်ချင်းများလည်းဖြစ်သေးသည်။ ထို့ကြောင့် ဤတစ်ခေါက်၌ လောင်ကျောင်းက ကျောင်းယန်ယွိကို သူတို့ထံ သစ်သီးများပို့ပေးရန် အထူးတလည်မှာထားခဲ့လေသည်။


ထို့ကြောင့် မြွေရေခွံအိတ်ထဲမှသစ်သီးများကို ကျောင်းယန်ယွိ၏အိမ်ရာဂိတ်သို့အရင်ပို့ပေးလိုက်သည်။ ကျောင်းယန်ယွိကအိမ်ပြန်ပြီး အိတ်ငယ်လေးအားလုံးကိုထုတ်ကာ နေရာတွင်သာ စတင်ထုပ်ပိုးလေသည်။


၎င်းကိုအိမ်အထိသယ်သွားပြီး ထိုနေရာရောက်မှ ခွဲထုတ်လျှင် အလွန်ဉာဏ်မရှိရာရောက်သည်။ ကျောင်းယန်ယွိက သူ၏ညီအစ်ကိုကောင်းကို မပင်ပန်းစေချင်ပေ။


"ဒီတစ်ထုပ်ကပိုကောင်းတယ်၊ ဒီတစ်ခုကို ခင်ဗျားယူလိုက်.."


ကျောင်းယန်ယွိဘေးတွင် အိတ်သုံးအိတ်ရှိပြီး အကောင်းဆုံးအသီးများကိုအရင်ထုတ်ကာ ဝမ်းချန်ရှီးထံပေးမည့်အိတ်ထဲကိုထည့်လိုက်သည်။


ကျန်သည့်အသီးများကိုထုတ်ပိုးပြီးမှ ကျိကျစ်ယွမ်နှင့်လိရှီးတို့အတွက်အိတ်များထဲသို့ ခွဲထည့်လိုက်သည်။


ဝမ်းချန်ရှီးက သူ့ကိုမတားဘဲ ကျောင်းယန်ယွိကသူ့အတွက် စကားတပြောပြောဖြင့်ခွဲဝေပေးခွင့်ပြုထားလေသည်။


အသီးများထည့်ထားသောမြွေရေခွံအိတ်ကြီးကို ခွဲခြမ်း၍ထုပ်ပိုးလိုက်ကြလေသည်။ ဝမ်းချန်ရှီး၏အိတ်က အရည်အသွေးအကောင်းဆုံးနှင့်အလတ်ဆတ်ဆုံးအိတ်ဖြစ်ပြီး လူတစ်ယောက်စာအတွက်၏ သုံးပုံမျှရှိလေသည်။


ကျန်နှစ်ပုံကို လေးခုခွဲလိုက်သည်။ ကျိကျစ်ယွမ်၊ လိရှီးနှင့် ကျောင်းယန်ယွိတို့က တစ်ပုံစီခွဲပြီး တစ်ပုံကို အထူးလက်ထောက်လင်းအားပေးလိုက်လေသည်။


အထူးလက်ထောက်လင်းမှာ ပျာယာခတ်သွားခဲ့သည်။


"ကျေးဇူးပါပဲ၊ မစ္စတာကျောင်း.."


ကျောင်းယန်ယွိ: "ရပါတယ်ဗျ၊ အလုပ်ကြိုးစားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်.."


အထူးလက်ထောက်လင်း: "မလိုပါဘူး၊ ရပါတယ်ဗျာ.."


အားလုံးပြီးစီးသွားချိန်တွင် ဆယ့်တစ်နာရီပင်ထိုးလုပြီ။ ကျောင်းယန်ယွိကို စောစောအိပ်ရန်ပြန်လွှတ်လိုက်ပြီးနောက် ဝမ်းချန်ရှီးနှင့်အထူးလက်ထောက်လင်းတို့က သစ်သီးများကို အခြားသူများထံသို့ပို့ပေးလိုက်ကြသည်။


ကျောင်းယန်ယွိက သူ့ကို နောက်တနေ့မှပို့လည်းအဆင်ပြေသည်ဟုပြောခဲ့ပြီး ပြန်လျှင်ဂရုစိုက်ကြရန်မှာလိုက်လေသည်။


အပြန်အလှန်နှုတ်ဆက်ကြပြီးနောက် ဝမ်းချန်ရှီးနှင့်အထူးလက်ထောက်လင်းတို့က သစ်သီးများနှင့်အိမ်ပြန်သွားကြလေသည်။


ကားပေါ်မှဆင်းသည့်အခါ ဝမ်းချန်ရှီးက သူ၏သစ်သီးအိတ်ကြီးကိုသယ်ကာ မျက်လုံးများက အထူးလက်ထောက်လင်း၏အိတ်လေးအပေါ်သို့ ရည်ရွယ်သလို၊ မရည်ရွယ်သလိုဖြင့်ကျသွားလေသည်။


ဝမ်းချန်ရှီး: "ငါ့အိတ်က ကတ်တီသုံးဆယ်ကျော်လောက်တယ်.."


ဆယ်ကတ်တီပင်မရှိသောအိတ်လေးကိုသယ်ထားသည့် အထူးလက်ထောက်လင်း: "??"


အဲဒါက အရမ်းလေးနေတာလား..


အထူးလက်ထောက်လင်း: "ဘော့စ်နားလိုက်ပါ၊ ကျွန်တော်သယ်ပေးပါ့မယ်.."(သူကကြွားနေတာပါဟယ်🤣)


ဝမ်းချန်ရှီးက သူ့လက်ကိုရှောင်လိုက်ကာ မျက်လုံးများက အိတ်အပေါ်ကိုထပ်ကျသွားပြန်သည်။ 


"မင်းအိတ်က ဘယ်လောက်ရှိလဲ.."


အထူးလက်ထောက်လင်း: "...."

"အာ..ဘော့စ်ဝမ်း..ကျွန်တော့်အိတ်က ဘော့စ်နဲ့မယှဥ်နိုင်ပါဘူး၊ ဘော့စ်နဲ့မစ္စတာကျောင်းတို့ရဲ့ဆက်ဆံရေးနဲ့ ကျွန်တော်နဲ့မစ္စတာကျောင်းရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ ဟုတ်တယ်မလား၊ မစ္စတာကျောင်းက ကျွန်တော့်ကို နည်းနည်းပဲပေးချင်တာ၊ ကျွန်တော်မယုံနိုင်ဘူး၊ ဒီသစ်သီးတွေက သူ့အဖေစိုက်တာလို့ ကျွန်တော်ကြားပါတယ်၊ သဘာဝအတိုင်းပဲ၊ ပိုးသတ်ဆေးမပါဘူး၊ အပြင်မှာသာရောင်းရင် အရမ်းဈေးကြီးမှာ.."


ဝမ်းချန်ရှီးက နှုတ်ခမ်းကိုပင့်ကာ နူးညံ့စွာပြောလိုက်သည်။


"အင်း၊ စောစောပြန်လိုက်တော့၊ ဒီနေ့အချိန်ပိုဆင်းတဲ့လုပ်အားခကို သုံးဆပေးမယ်.."


ချက်ချင်းတက်ကြွသွားသောအထူးလက်ထောက်လင်း: "ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်၊ ဘော့စ်ဝမ်း.."


***


စာရေးသူတွင်ပြောစရာရှိပါသည်။


PS--


ဝမ်းချန်ရှီး: ငါ့မှာရှိတာက အများဆုံး၊ အကောင်းဆုံးနဲ့အကြီးဆုံးကွ။


ဟယ်လန်XD: ဝမ်းချန်ရှီးကိုဘယ်သူမှမကယ်နိုင်ကြတော့ဘူး။

PS: ငါလည်း အသီးစားချင်တယ်။ သရက်သီးကိုတောင် စပြီးစားချင်လာပြီ။


Spoiler~


ရှောင်ရှီးလေးက ရှောင်ယွိနဲ့ညစာစားဖို့ခေါ်ချင်တဲ့အခါ "ပလစ်" ခံလိုက်ရတယ်~(ကျိကျစ်ယွမ်နဲ့လိရှီးတို့ကြောင့်)


(T/N 11 ကို ရှီးရီလို့ရေးထားခဲ့မိလို့ အခု ရှီးယီ လို့ပြောင်းရေးလိုက်ပါတယ်)



❓️❓️❓️