❓️Chapter 10
ခင်ဗျားကို တကယ်ပဲ စကားပြောချင်တာပါ
သို့ဖြစ်၍ သူက ထိုသူ၏လစာကိုတိုးပေးခဲ့သည်။ ဘောနပ်စ်လည်းတိုးပေးထားသည်။
သို့သော် သူက ဆယ့်ခြောက်လွှာမှဝန်ဆောင်မှုဌာန၏လစာကိုသာ တိုးပေးခဲ့သည်မဟုတ်ပါလား။
၎င်းက အလွန်ထူးဆန်းသွားပေလိမ့်မည်။
ရလဒ်မှာ ဌာနချုပ်မှဝန်ထမ်းအားလုံး၏လစာများကိုလည်းတိုးပေးလိုက်လေသည်။
သို့သော်လည်း ဘဏ္ဍာရေးဌာနမှာ အနည်းငယ်စိုးရိမ်နေလေသည်။ သူဌေးက မကြာခင်ကမှလစာတိုးပေးထားသည်။ ဌာနချုပ်မှဝန်ထမ်းအားလုံးကိုပါထည့်တွက်လိုက်လျှင် လုပ်အားခငွေအသုံးစရိတ်ကများသွားပေလိမ့်မည်။ အသုံးစရိတ်ကြီးမားလျှင် ကုမ္ပဏီ၏အသားတင်အမြတ်ငွေက လျော့သွားပေလိမ့်မည်။ သူတို့မှာ နှစ်ကုန်ဝင်ငွေကအစီအစဥ်အတိုင်းမဖြစ်မည်ကိုစိုးရိမ်နေခဲ့ကြသည်။ အမြတ်ငွေက မျှော်လင့်ထားသည့်အတိုင်းမဖြစ်လာခြင်းမှာ ကောင်းသည့်ကိစ္စမဟုတ်ပေ။
သို့သော်လည်း လအကုန်တွင် ဘဏ္ဍာရေးဌာနက တွက်ချက်ပြီး အမြတ်ငွေကမလျော့သွားသည့်အပြင် နှစ်ဆတိုးလာသည်ကိုတွေ့လိုက်ရသည်။
ဂရုတစိုက်တွက်ချက်ကြည့်ပြီးနောက်... လစာတိုးပေးသောကြောင့် ဝန်ထမ်းများ၏အလုပ်လုပ်ချင်စိတ်မှာတိုးတက်လာပြီး လူတိုင်းက ပို၍လုံ့လရှိစွာ အလုပ်လုပ်လာခဲ့ကြသည်။ ရလဒ်မှာ နောက်လအတွက်စီစဥ်ထားသောထုတ်ကုန်အချို့နှင့်စနစ်အသစ်ကို သတ်မှတ်ထားသည့်အချိန်ထက်စောပြီး ကြော်ငြာနိုင်ခဲ့လေသည်။
ထုတ်လုပ်သည့်အချိန်ရှေ့တိုးသွားခြင်းမှာ ကုန်ကျစရိတ်သက်သာသွားသည်ဟုဆိုလိုပေသည်။ ကုန်ကျစရိတ်သက်သာသွားခြင်းမှာ အမြတ်ငွေတိုးလာသည်ဟုဆိုလိုသည်။
ဘဏ္ဍာရေးဌာနက ထိတ်လန့်သွားပြီး နောက်ကွယ်တွင်ပြောလာခဲ့ကြသည်။
"သူဌေးဝမ်းက သူဌေးဝမ်းလို့ခေါ်ထိုက်ပါပေတယ်၊ ငါတို့က အမြင်ကျဥ်းတာပဲ.."
လူတိုင်းက ဝေ့လန်ကုမ္ပဏီတွင်နေခြင်းက မှန်ကန်သောရွေးချယ်မှုဟုခံစားလိုက်ရပြီး သူတို့အလုပ်ကို ပိုပြီးကြိုးစားကာလုပ်ကိုင်လာကြလေသည်။
ကုမ္ပဏီမှာ လုံးဝတမျိုးပြောင်းသွားပြီး အထူးလက်ထောက်လင်းအတွက် ဤခံစားချက်ကိုလျစ်လျူရှုထား၍မရပေ။
အထူးလက်ထောက်လင်းမှာ အေးစက်နေသောဥက္ကဌရုံးခန်းပင် ရုတ်တရက်နွေးထွေးလာပြီး အစစ်အမှန်ဖြစ်လာသည်ကိုသိလိုက်သည်။
ပြတင်းပေါက်ဘောင်ပေါ်တွင် ပန်းပင်များရှိနေသည်။ ချစ်စရာကောင်းသော ဟန်းမိတ်အရုပ်လေးက စားပွဲပေါ်တွင်ရှိနေပြီး ကွန်ပျူတာအရှေ့တွင် နူးညံ့အိစက်သော ကီးဘုတ်လက်ကောက်ဝတ်အခံလေးတစ်ခုလည်းရှိနေသည်။
အထူးသဖြင့် ဆိုဖာပေါ်မှအနှိပ်ပစ္စည်းပင်ဖြစ်၏။
၎င်းက အထူးလက်ထောက်လင်းကို ဥက္ကဌနှင့်ပိုမိုနီးကပ်သလိုခံစားရစေသည်။ ၎င်းက ဥက္ကဌဝမ်ူတွင်လည်း ဥစ္စာခြောက်သောရောဂါရှိနေသလိုဖြစ်သွားစေခဲ့သည်။
ထို့ကြောင့် အထူးလက်ထောက်လင်းက ပိုပြီးသတ္တိကောင်းလာခဲ့သည်။ သူ့အလုပ်ကိုတင်ပြပြီးသည်နှင့် မနေနိုင်တော့ဘဲ ကုမ္ပဏီ၏လတ်တလောပြောင်းလဲမှုများကိုပြောပြမိလေသည်။
ဝမ်းချန်ရှီး မျက်ခုံးပင့်လိုက်သည်။ သူက ကျောင်းယန်ယွိကို စိတ်ရင်းဖြင့်လစာအနည်းငယ်တိုးပေးရုံနှင့် ယခုလိုအကျိုးဖြစ်လာမည်ဟု လုံးဝမထင်ထားခဲ့ပေ။
ဤအပတ်တွင် ကျောင်းယန်ယွိက အင်ဂျင်နီယာဌာနတွင် ထပ်ပြီးအလုပ်လုပ်ရပြန်သည်။ အင်ဂျင်နီယာဌာနမှအလုပ်များမှာ နည်းပညာဌာနမှအလုပ်များနှင့်မတူပေ။ ဤနေရာမှာအလုပ်များလွန်း၍ ဖုန်းကြည့်ရန်အချိန်ပင် အနည်းငယ်သာရလေသည်။
ကျောင်းယန်ယွိမှာ နေ့လယ်ရောက်မှသာ လောင်ကျောင်းပို့ထားသောစာကိုတွေ့ရလေသည်။
လောင်ကျောင်းက သူစိုက်ထားသောအသီးအများစုမှာမှည့်နေပြီဖြစ်ကာ များလွန်းသောကြောင့် သူတစ်ယောက်တည်းစား၍မကုန်နိုင်ပေ။ ရောင်းရန်အတွက်လည်းအချိန်မရသောကြောင့် အိတ်ကြီးတစ်အိတ်ဖြင့်ထုတ်ကာ ရွာမှမြို့သို့တက်သောကားဒရိုင်ဘာနှင့်ထည့်ပေးလိုက်ပြီး ကျောင်းယန်ယွိကိုပေးခိုင်းလိုက်ကြောင်းနှင့် သူငယ်ချင်းများကိုလည်းမျှပေးလိုက်ရန်ပြောထားလေသည်။
ကျောင်းယန်ယွိက ဝမ်းချန်ရှီးကို အရင်မက်ဆေ့ချ်ပို့ပြီး အသီးလိုချင်လားဟုမေးလိုက်သည်။
[ကျောင်းယန်ယွိ: အကုန်လုံးက ကျွန်တော့်အဖေစိုက်ထားတာတွေလေ၊ ချိုတယ်၊ လတ်ဆတ်တယ်၊ ပိုးသတ်ဆေးမပါဘူး]
[ဝမ်းချန်ရှီး: ယူမယ်လေ]
ကျောင်းယန်ယွိ ပျော်နေမိ၏။
[အိုကေလေ၊ အလုပ်ဆင်းရင် အဲဒါကရောက်လာမှာ မနက်ဖြန်မှ ခင်ဗျားကိုယူလာပေးမယ်]
[ဝမ်းချန်ရှီး: ဘယ်ကရောက်လာမှာလဲ၊ ပစ္စည်းပို့သမားကနေမဟုတ်ဘူးလား]
[ကျောင်းယန်ယွိ: ပစ္စည်းပို့သမားကနေမဟုတ်ဘူး၊ မြို့ကိုလာမယ့် ကားဒရိုင်ဘာကယူလာမှာ]
ဤကိစ္စက ဝမ်းချန်ရှီး၏ဗဟုသုတအမြင်ကို ဂျွမ်းထိုးမှောက်ခုံဖြစ်သွားစေသည်။
[ဝမ်းချန်းရှီး: မြို့ကိုလာမယ့်ကားဒရိုင်ဘာကနေပို့လိုက်မှာ... ၊ ပစ္စည်းပို့တဲ့လူကနေမဟုတ်ဘူးပေါ့]
[ကျောင်းယန်ယွိ: အဝေးပြေးယာဥ်လိုင်းတွေပစ္စည်းပို့တာက လုပ်ငန်းစဥ်အတိုင်းသွားရတာလေ၊ ယူမယ်၊ ဂိုထောင်တစ်ခုကနေ တစ်ခုကိုပို့မယ်၊ အဲဒါဆိုရင် အချိန်ကြာတယ်လေ၊ အသီးတွေလည်း ပုပ်သွားလိမ့်မယ်]
[ဝမ်းချန်ရှီး: တမြို့တည်းက ပစ္စည်းပို့တဲ့ အဝေးပြေးယာဥ်လိုင်းပေါ့]
[ကျောင်းယန်ယွိ: အဲဒီနေရာက တောင်တွေပေါတယ်၊ ပြီးတော့ တမြို့တည်းမှာ ပစ္စည်းပို့ပေးတဲ့လူကနည်းတယ်၊ တခါတလေမှာ ရက်နည်းနည်းကြာတတ်တယ်၊ ဒါပေမဲ့မြို့ကိုနေ့တိုင်းလာတဲ့ အငှားယာဥ်လေးတွေရှိတယ်လေ၊ ရွာသားတွေကအငှားယာဥ်စီးပြီး မြို့ပေါ်တက်ရတာကို ပိုကြိုက်ကြတယ်၊ အဲဒီမှာ ပုံသေကားဂိတ်လည်းရှိတယ်လေ၊ အဲဒါကြောင့် ကျွန်တော်က ပစ္စည်းကိုသွားယူရုံပဲ]
ကျောင်းယန်ယွိ၏စကားကိုကြားပြီးနောက် ဝမ်းချန်ရှီး မျက်ခုံးကိုအသာပင့်လိုက်မိ၏။
ကျောင်းယန်ယွိက သူ့အရှေ့တွင် မွေးရပ်မြေအကြောင်းမှလွဲပြီး အခြားအကြောင်းမပြောဖူးပေ။ သူ့မိသားစုက အလွန်ဆင်းရဲလျှင်ပင် တောသားတစ်ယောက်ဖြစ်ရသည့်အကြောင်းကိုသာပြောတတ်သည်။
၎င်းက လူများကို သူကရိုးသားသည်ဟုထင်မြင်သွားစေသည်။
ဝမ်းချန်ရှီးက စားပွဲကိုလက်ချောင်းလေးများဖြင့်ခေါက်နေပြီး အထူးလက်ထောက်လင်းကိုဖုန်းခေါ်လိုက်သည်။
"ညစာကိုဖျက်လိုက်ပြီ.."
အထူးလက်ထောက်လင်းက ဇဝေဇဝါဖြင့်ပြန်ဖြေလေသည်။
"ဒီည ရှောင်းအုပ်စုကဒါရိုက်တာတွေနဲ့ ညစာစားရမှာလေ၊ သူဌေးက တကယ်ပဲဖျက်ချင်တာလား.."
ဝမ်းချန်ရှီး 'အင်း' ဟုသာပြောလိုက်သည်။
"နောက်အချိန်တစ်ခုကိုချိန်းလိုက်.."
သူက ပြောပြီးသည်နှင့်ဖုန်းချလိုက်ပြီး ဝန်ထမ်းလေးကိုမက်ဆေ့ချ်ပို့လိုက်သည်။
[အလုပ်ပြီးရင် ကိုယ် မင်းကိုလာတွေ့မယ်]
ကျောင်းယန်ယွိ စာကိုမြင်လိုက်ရချိန်တွင် သူ့မျက်လုံးတို့က ပျော်ရွှင်မှုများဖြင့်တောက်ပသွားကာ မနေနိုင်မထိုင်နိုင်စာရိုက်လိုက်ပြီး အာမေဋိတ်သင်္ကေတလေးကိုပင်ပို့လိုက်သည်။
[အိုကေ]
[ကျောင်းယန်ယွိ: ခင်ဗျားကိုမတွေ့ရတာကြာလှပြီ]
သူတို့နှစ်ယောက်က ကုမ္ပဏီတစ်ခုတည်းတွင်ရှိနေသော်လည်း လက်တွေ့တွင် အချင်းချင်းတွေ့ရရန်မှာခက်ခဲလှသည်။
ကျောင်းယန်ယွိက သူ၏ညီအစ်ကိုကို နောက်ဆုံးတစ်ခေါက်တွေ့ခဲ့ရသော်လည်း တဖက်လူက ကားပေါ်တက်ပြီးထွက်သွားသောကြောင့် တစ်ယောက်မှစကားမပြောလိုက်ရပေ။
သူတို့အတူငါးမျှားထွက်ခဲ့ချိန် လယ်တောအိမ်လေးတွင်တွေ့ခဲ့ပြီးကတည်းကဆိုလျှင် နှစ်လကျော်ပင်ရှိပြီဖြစ်သည်။
ဝမ်းချန်ရှီးက နှုတ်ခမ်းတို့ကိုပင့်တင်လိုက်ပြီး စာရိုက်ခါနီးတွင် ကျောင်းယန်ယွိက နောက်ထပ်မက်ဆေ့ချ်တစ်ကြောင်းကိုပို့လာလေသည်။
[ကျောင်းယန်ယွိ: ကျွန်တော်လည်း ခင်ဗျားနဲ့ တကယ်ပဲစကားပြောချင်ပါတယ်၊ WeChat မှာတင်မဟုတ်ဘဲနဲ့ပေါ့]
သူက သူ၏ညီအစ်ကိုကောင်းနှင့် ဘဝအကြောင်းကို တကယ်ပဲစကားပြောချင်ခဲ့သည်။
အထူးသဖြင့် ဤကာလအတွင်း သူက လူသားတစ်ယောက်ဖြစ်ရသည့်အတွေ့အကြုံအများအပြားကိုရခဲ့ပြီး ဘဝနှင့်ပတ်သက်သောအမြင်အများအပြားကိုလည်းရခဲ့ကာ အခြားသူများနှင့်အတူမျှဝေချင်ခဲ့သည်။
ဝမ်းချန်ရှီး ခဏမျှရပ်သွားပြီးနောက် ကျောင်းယန်ယွိ၏စကားများကိုကြည့်ကာ 'အင်း' ဟုသာတုံ့ပြန်လိုက်သည်။
တွေ့ရန်အချိန်နှင့်နေရာကိုသတ််မှတ်လိုက်ကြပြီးနောက် သူက အလုပ်ဆင်းသည်နှင့် ပစ္စည်းလက်ခံသည့်ကားဂိတ်ကိုအတူသွားကြရန် စောင့်နေလိုက်လေသည်။
အချိန်ပိုမဆင်းရစေရန် ကျောင်းယန်ယွိက အလုပ်ကိုလက်စသတ်ပြီး စောစောပြီးအောင်လုပ်လိုက်၏။
သို့သော်လည်း သူ့အစီအစဥ်က ထင်ထားသည့်အတိုင်းမဖြစ်လာခဲ့ပေ။ အလုပ်မဆင်းခင် မိနစ်သုံးဆယ်ကျော်တွင် နည်းပညာဝန်ထမ်းတစ်ယောက်က အပြေးအလွှားရောက်လာပြီး ပရိုဂရမ်ပရောဂျက်တွင် ပြဿနာအသေးစားလေးဖြစ်နေကြောင်းနှင့် အင်ဂျင်နီယာတစ်ယောက်ကိုအရေးတကြီးလိုအပ်နေကြောင်းလာပြောလေသည်။
အင်ဂျင်နီယာဌာနက လူနည်းသည်။ အစကတည်းက အလွန်အလုပ်များသည့်နေရာဖြစ်ပြီး လူတိုင်းက လုပ်ရမည့်အလုပ် အမြောက်အများရှိနေကြသည်။ မဟုတ်လျှင် ဌာနမှအခြားလူများမှာ ဤမျှအကြိမ်ရေမနည်း အကူဖြစ်လာမည်မဟုတ်ပေ။
ယခုမူ အင်ဂျင်နီယာအများစုက လုပ်ရမည့်ပရောဂျက်များရှိကြပြီး ဖြစ်နေသောစက်ချို့ယွင်းမှုမှာ ဆိပ်ကမ်း၏အသိဉာဏ်ထိန်းချုပ်မှုစနစ်ဖြစ်နေသည်။ ထိုအချိန်တွင် ဤပရောဂျက်၏တာဝန်ရှိသူများမှာလည်း အခြားပရောဂျက်များဘက်သို့စေလွှတ်ခံထားရပြီး အများစုမှာ အလုပ်ကိစ္စဖြင့်ခရီးထွက်သွားကြသည်။
ဤပရောဂျက်၏တာဝန်ရှိသူအင်ဂျင်နီယာတစ်ယောက်သာ အလုပ်ခရီးမသွားခဲ့ခြင်းဖြစ်သည်။ သူက အခြေအနေကိုသိသွားပြီးသည့်နောက် ပြဿနာကို အချိန်အနည်းငယ်ယူကာလေ့လာပြီး ဖြေရှင်းနိုင်မည့်ပြဿနာအသေးစားလေးပါဟုပြောခဲ့သည်။ သို့သော် သူ့တွင် ယာယီအချိန်ပိုဆင်းရန်ရှိပြီး အကူတစ်ယောက်ကိုလိုအပ်နေသေးသည်။
အကူနေရာမှာ ကျောင်းယန်ယွိနှင့်ကျိုးချွမ်အပေါ်သို့ကျလာခဲ့သည်။
"ရှောင်ကျောင်း၊ ရှောင်ကျိုး၊ ဆောရီးကွာ၊ ငါတို့အင်ဂျင်နီယာဌာနကလူနည်းနေတယ်၊ မစိုးရိမ်ပါနဲ့၊ ငါတို့ဘက်မှာအချိန်ပိုဆင်းပေးရတဲ့လုပ်အားခအတွက်ကို ငါတို့ဘက်က မင်းတို့အပေါ်မှာ မတရားမလုပ်ပါဘူး.."
ဒါရိုက်တာရွှီက တောင်းပန်လာလေသည်။
ကျိုးချွမ်ကအဆင်ပြေသည်။ သူက ဤနေရာသို့လာရသည်ကိုအလွန်သဘောကျသောကြောင့် တခါတည်းလက်ခံလိုက်သည်။
ဒါရိုက်တာရွှီမှာ အဓိကအားဖြင့် ကျောင်းယန်ယွိကိုသာ စိုးရိမ်နေလေသည်။
သူက သူတို့ဌာနကိုလာရန် ယခုအထိလက်မခံရသေးဘဲ အချိန်ပိုဆင်းပေးရန် တောင်းဆိုခံရသည့်အခါ လန့်ပြီးထွက်ပြေးသွားနိုင်သည်မဟုတ်ပါလား။
သို့သော်လည်း ဤတစ်ကြိမ်၌ လူနည်းနေ၍သာမဟုတ်လျှင် ဒါရိုက်တာရွှီက တကယ်လာပြောမည်မဟုတ်ပေ။
ကျောင်းယန်ယွိမှာ အချိန်ပို တကယ်မဆင်းချင်သော်လည်း ပင်မဆိပ်ကမ်း၏စက်ပိုင်းပရိုဂရမ်တွင် အမှားအယွင်းရှိနေသည်ဟုကြားခဲ့ရသည်။ မတော်တဆမှုကြီးကြီးမားမားရှိနေလျှင် သို့မဟုတ် ကုန်ပစ္စည်းများကပုံနေပြီး မထုပ်ပိုးရသေးလျှင် နောင်အနာဂတ်၌ ဝမ်းချန်ရှီး၏ကုမ္ပဏီအပေါ် သက်ရောက်လာပေလိမ့်မည်။
ဝမ်းချန်ရှီးအကြောင်းတွေးမိပြီးနောက် သူ မစဥ်းစားနေတော့ဘဲ လက်ခံလိုက်လေသည်။
ကျောင်းယန်ယွိ: "ရပါတယ်ဗျ၊ ဘယ်မှာလဲ၊ အခုပဲသွားလိုက်ပါ့မယ်.."
သူက အေးအေးဆေးဆေးလက်ခံလိုက်ရ၍ ဒါရိုက်တာရွှီမှာ ကယောင်ခြောက်ချားဖြစ်သွားလေသည်။
"ဒီ..ဒီလိုပဲ လက်ခံလိုက်တာလား.."
ကျောင်းယန်ယွိက သူ့ထက်ပင်ပိုပြီး အလျင်လိုနေခဲ့သည်။ ဒါရိုက်တာရွှီမှာ ရှော့ခ်ရနေသေးချိန်တွင် ကျောင်းယန်ယွိက အလိုအလျောက်ရှာဖွေပြီး သူ၏ပစ်မှတ်ချက်ကို ပုံသေသတ်မှတ်လိုက်ကာ အင်ဂျင်နီယာဌာနကို တိုက်ရိုက်ထွက်သွားလေသည်။
ဒါရိုက်တာရွှီက ရေရွတ်လေသည်။
"ရှောင်ကျောင်းက ဒီနေ့ မယုံနိုင်လောက်အောင်တက်ကြွနေတာပဲ.."
ကျိုးချွမ်က မချိပြုံးပြုံးလေ၏။
"ဒါရိုက်တာရွှီ၊ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာပဲ အမြန်ပြောပါ.."
ဒါရိုက်တာရွှီ အသိစိတ်ပြန်ကပ်သွားကာ အမြန်ပြောလိုက်လေသည်။
"ဟုတ်တယ်၊ အမြန်သွားရအောင်၊ အင်ဂျင်နီယာရှောင်ကျောင်းပြောတာမှန်တယ်၊ ငါက အခြေအနေအကြောင်းကို နည်းပညာဝန်ထမ်းကိုမေးလိုက်ဦးမယ်၊ မင်းတို့က ဆိပ်ကမ်းကိုအရင်သွားနှင့်ကြ.."
ထို့နောက်သူက ကံကောင်းသွားသလိုခံစားလိုက်ရသည်။
"တော်သေးတာပေါ့၊ ပြည်တွင်းမှာမလို့.."
လက်ရှိတွင် ဆိပ်ကမ်းအများစု၌ ဉာဏ်ရည်မြင့် အလိုအလျောက်ကွန်တိန်နာများကို အသုံးပြုနေကြလေသည်။ ဗိသုကာစနစ်၊ မော်ဒန်တွက်ချက်မှု၊ စမ်းသပ်ရေးနှင့်ပြုပြင်ရေးအော်ပိုပရေးရှင်း အစရှိသောအဓိကနည်းပညာများပါရှိသည့် စီစဥ်ရေးနှင့်ထိန်းချုပ်ရေးစနစ်များပင်ဖြစ်လေသည်။ ထို့အပြင် ဤပရောဂျက်က ဝေ့လန်နည်းပညာနှင့် တရားဝင်ပူးပေါင်းဆောင်ရွက်သူများကြားမှ အရေးကြီးပရောဂျက်လည်းဖြစ်သေးသည်။ လက်ရှိစနစ်ပြဿနာမှာ သေးငယ်သောပရောဂျက်ဆိုသော်လည်း အမှားအယွင်းအသေးစားလေးဖြစ်လျှင်ပင် အင်ဂျင်နီယာဌာနက ၎င်းနှင့် အလွန်အရေးပါသည့်ချိတ်ဆက်မှုရှိပြီး ၎င်းကို အကြီးစားပြဿနာဟုယူဆလိုက်ရလေသည်။
ကျောင်းယန်ယွိ၊ ကျိုးချွမ်နှင့် အင်ဂျင်နီယာ ချင်ယိယွမ်တို့မှာ စနစ်အနေအထားကိုစစ်ဆေးရန် ဆိပ်ခံတံတားပေါ်သို့အမြန်ပြေးသွားလေသည်။ သူတို့မှာ အလောတကြီးလုပ်နေရသောကြောင့် ကျောင်းယန်ယွိမှာဝမ်းချန်ရှီးကိုပြောရန်မေ့သွားခဲ့သည်။
အလုပ်ဆင်းချိန်ရောက်သည့်အခါ ဝမ်းချန်ရှီးက ဒရိုင်ဘာကိုအရင်ပြန်ခိုင်းလိုက်သည်။ သူက ကားပါကင်မှကားထဲတွင်ထိုင်နေပြီး ကျောင်းယန်ယွိကိုစောင့်နေခဲ့သည်။
ကျောင်းယန်ယွိ သူ၏အထူးသီးသန့်ကားပါကင်ကိုရှာမတွေ့မည်စိုး၍ ဒရိုင်ဘာကို လမ်းကြောင်းအတိအကျချရေးခိုင်းပြီး ထိုသူကိုပို့ခိုင်းလိုက်သေးသည်။
သူ နာရီဝက်မျှကြာအောင်စောင့်နေခဲ့ပြီး WeChat မှ ပြန်စာမလာသေးပေ။
အစကမူ ဝမ်းချန်ရှီးသည် အလုပ်ဆင်းချိန်အတွင်း ဓာတ်လှေကား၌ လူများနေ၍ ကျောင်းယန်ယွိဓာတ်လှေကားစောင့်နေရသည်ဟုထင်ခဲ့သည်။ နာရီဝက်ကြာသည်အထိ တစ်ယောက်မှမတွေ့သည့်အခါ သူ ခဏမျှတွေးနေပြီးနောက် အထူးလက်ထောက်လင်းကို ဖုန်းခေါ်လိုက်သည်။
"အင်ဂျင်နီယာဌာနက အချိန်ပိုဆင်းနေရတာလား.."
အလုပ်မဆင်းသေးသောအထူးလက်ထောက်လင်းက ပြန်ဖြေလိုက်သည်။
"အင်ဂျင်နီယာဌာနက အချိန်ပိုဆင်းရတာပုံမှန်ပါပဲဗျ၊ ကျွန်တော်မေးပေးရမလား.."
ဝမ်းချန်ရှီး: "အင်း.."
အထူးလက်ထောက်လင်းက ဖုန်းချလိုက်ပြီး အင်ဂျင်နီယာဌာနမှမန်နေဂျာကို ဖုန်းခေါ်လိုက်သည်။
အင်ဂျင်နီယာဌာနမှမန်နေဂျာမှာ အကျင့်ဖြစ်နေပေပြီ။ ယခင်က သူနှင့်အထူးလက်ထောက်လင်းမှာ ဥက္ကဌအကြောင်းပြောစရာမရှိခဲ့ဘဲ ဒီဇိုင်းရေးဆွဲသောပရောဂျက်အစည်းအဝေးများတွင်သာ အများဆုံးတွေ့ဖြစ်ကြသည်။ ထို့အပြင် အင်ဂျင်နီယာဌာနက သူ့ကို မန်နေဂျာအဖြစ်ပင်မက အထွေထွေမန်နေဂျာအဖြစ် တာဝန်ပေးထားလေသည်။
ယခုရက်ပိုင်းအတွင်း ဝန်ထမ်းလေးတစ်ယောက်ကြောင့် သူက မကြာခဏဖုန်းလက်ခံရနေလေသည်။ အင်ဂျင်နီယာဌာနမှမန်နေဂျာမှာ သက်ပြင်းချလိုက်ရသည်။
"မစ္စတာလင်း ခင်ဗျား လူရှာနေပြန်ပြီလား.."
အထူးလက်ထောက်လင်း: "ဟုတ်ကဲ့ မစ္စတာကျောင်းရောဗျ၊ မစ္စတာကျောင်းက အလုပ်ဆင်းသွားပြီလား.."
ဌာနမန်နေဂျာမှာ ကုမ္ပဏီတွင်မရှိနေသောကြောင့်အခြေအနေကိုမသိပေ။
"ကျွန်တော်ဖုန်းခေါ်ပြီးမေးတော့မလို့ပါ၊ ဒါပေမဲ့ မစ္စတာလင်း တဆိတ် တစ်ခုလောက်ရှင်းပြပေးလို့ရမလား၊ ဒီကျောင်းယန်ယွိက တကယ်တော့..."
စကားလုံးကမရှင်းလင်းသော်လည်း အဓိပ္ပါယ်ကမူရှင်းပါသည်။
ကျောင်းယန်ယွိ၏ဇစ်မြစ်ကဘာလဲ...သူက အဲဒီသူကိုလိုချင်တဲ့အချိန်တိုင်း ဥက္ကဌအောက်က အထူးလက်ထောက်လင်းက သူ့ကို အချိန်တိုင်းရှာနေရတာလဲ..
အထူးလက်ထောက်လင်းက အဓိပ္ပါယ်တစ်မျိုးဖြင့်ပြောလိုက်သည်။
"ဘော့စ်က သူ့ကို အရမ်းဂရုစိုက်ပေးတာပါ.."
ဤစကားတစ်ခွန်းအပြင် များများစားစားမပြောတော့ပေ။
အင်ဂျင်နီယာဌာနမှမန်နေဂျာမှာ ဉာဏ်ကောင်းသူဖြစ်ပြီး ဤစကားနှင့်ပင်လုံလောက်နေပေပြီ။
ယခင်က သူစိတ်ဝင်စားခဲ့သောစွမ်းရည်များအကြောင်းကိုလည်းတွေးနေမိသည်။ သူက သူတို့ကို တင်ပြလိုက်သည်နှင့် အနည်းငယ်ကြိုးစားရုံဖြင့် သူတို့ကိုရှာဖွေနိုင်လေသည်။ ထို့အပြင် ဝေ့လန်နည်းပညာထက် ပိုကောင်းသည့်နေရာဟူ၍မရှိတော့ပေ။
သူတူးစွ၍မရလျှင်ပင် သူ၏အထက်လူကြီးကိုတင်ပြလိုက်သည်နှင့် ဥက္ကဌဝမ်းက ကျွမ်းကျင်ပညာရှင်များကိုလွှတ်ကာ ကျောင်းယန်ယွိကို သူဖြစ်စေချင်သည့်အတိုင်း လုပ်ခိုင်းလိမ့်မည်။ သူက နည်းပညာဌာနအတွက်ကျောရိုးအသစ်ရောက်လာသည့်အချိန်အထိစောင့်နေရုံသာ။
ဤတစ်ကြိမ် သူ လနှင့်ချီပြီးစောင့်နေခဲ့သည့်အရာကို အခွင့်ကောင်းယူ၍မရတော့ပေ။
မစ္စတာဝမ်းက ပုဂ္ဂိုလ်ပိုင်းအရည်အသွေးအပြင် လူပုဂ္ဂိုလ်ကိုပါစိတ်ဝင်စားနေမည်ကို သူစိုးရိမ်နေလေသည်။
ထို့ကြောင့် လူငယ်လေးကမလိုချင်လျှင် မစ္စတာဝမ်းက သူ့ဆန္ဒအလိုကိုလိုက်ကာ သူ့ကိုဖိအားပေးမည်မဟုတ်ပေ။
အင်ဂျင်နီယာဌာနမှမန်နေဂျာက ဒါရိုက်တာရွှီကို ဖုန်းခေါ်ပြီး လူရှာခိုင်းခဲ့သည်။ အဖြေရသည့်အခါ သူက အထူးလက်ထောက်လင်းကို ချက်ချင်းပြန်ပြောလိုက်သည်။
သုံးမိနစ်ပင်မကြာလိုက်ဘဲ ကျောင်းယန်ယွိက ဆိပ်ကမ်းကိုရောက်နေပြီး လတ်တလောတွင် ပြန်မလာနိုင်သေးကြောင်း ဝမ်းချန်ရှီး သိသွားလေသည်။
အထူးလက်ထောက်လင်းက သွေးတိုးစမ်းပြီးမေးကြည့်လိုက်သည်။
"ဒါဆို ရှောင်းအုပ်စုဒါရိုက်တာနဲ့ညစာကို သွားဦးမှာလားဗျ.."
မစ္စတာဝမ်းက ဤညနေခင်းတွင် အားလပ်နေခဲ့သော်လည်း အချည်းနှီးဖြစ်သွားခဲ့သည်။
အထူးလက်ထောက်လင်းမှာ ကျောင်းယန်ယွိကို စိတ်ထဲမှကျိတ်ကာလေးစားနေလေ၏။ နည်းပညာဝန်ထမ်းတွေအကုန်လုံးကအာခံရဲကြတာပဲ။
ဒါက ဝမ်းချန်ရှီးလေ..အိုက်ယား...
ဝမ်းချန်ရှီး ငြင်းလိုက်သည်။
"ဆိပ်ကမ်းကိုသွားမယ်.."
အထူးလက်ထောက်လင်း ဆွံ့အသွားလေသည်။ အတူသွားရန်ပြောနေသည်ဟုသဘောပေါက်သွားပြီး ချက်ချင်းပြောလိုက်သည်။
"ကောင်းပါပြီ၊ ကျွန်တော် မကြာခင် ရောက်လာပါမယ်.."
***
ဆိပ်ကမ်း၏ အလိုအလျောက်ဉာဏ်ရည်မြင့်ထိန်းချုပ်ရေးနှင့်စီမံရေးစနစ်တွင် ပြဿနာအသေးစားလေးဖြစ်နေသည်မှာမှန်သော်လည်း ဤပြဿနာများကို ကြိုတင်ဖြေရှင်းထားပြီးဖြစ်ကာကြိုတင်တိုင်းထွာမှုများကိုလည်းပြင်ဆင်ထားပြီးဖြစ်သောကြောင့် ကိုင်တွယ်ရာတွင် အလွန်လွယ်ကူခဲ့လေသည်။ သို့သော်လည်း ၎င်းက အလွန်တရာမှအချိန်ယူခဲ့ရသည်။
ကျောင်းယန်ယွိက ရှိနေသောနည်းပညာမှာ အလွန်ရိုးစင်းနေပြီး အလုံအလောက်လျင်မြန်မှုမရှိနေသည်ကိုလည်း တွေ့သွားခဲ့သည်။
သူ ချင်ယိယွမ်ကိုမေးလိုက်သည်။
"ဒီအရှိန်နှုန်းကို မြန်တယ်လို့ယူဆလို့ရလား၊ ပိုမြန်တာရှိသေးလား.."
ဤပရောဂျက်မှ အင်ဂျင်နီယာတစ်ယောက်အနေဖြင့် ချင်ယိယွမ်မှာ အလွန်ဂုဏ်ယူဝင့်ကြွားနေပြီး ရင်ဘတ်ကိုကော့ကာပြောလာလေသည်။
"မဟုတ်ဘူး၊ ငါတို့အရှိန်ကို မြန်တယ်လို့ယူဆလို့ရတယ်၊ ငါးမိနစ်ကို ကီလိုမီတာ ၁၅၀ ရှည်တဲ့ကွန်တိန်နာကို စီစဥ်ပေးနိုင်တယ်၊ အဲဒါက အရင်အရှိန်ထက် ဆယ်ဆပိုမြန်တယ်.."
***
စာရေးသူတွင်ပြောစရာရှိပါသည်။
PS--
ဝမ်းချန်ရှီး: ငါသည်းခံနေပါတယ်(ငါသာအရမ်းလိုက်ရလွယ်နေရင် တဖက်လူက တန်ဖိုးထားမှာမဟုတ်ဘူး)
___
Spoiler~
ရှောင်ယွိက အရေးကြီးတာတစ်ခုမေ့ခဲ့တယ်..ရှောင်ရှီးက စိတ်ဆိုးသွားမှာလား ^w^
❓️❓️❓️