❓️Chapter 9
ဌာနက လစာကို ရုတ်တရက်မြှင့်လိုက်ကတည်းက လူတိုင်း အလုပ်လုပ်ရာတွင် ပိုပြီးတက်ကြွလာကြသည်။ နောက်ဆုံးစက္ကန့်နားကပ်မှ ပြေးလာနေကျကျိုးချွမ်ပင် စောစောလာတတ်သည်။
လူတိုင်း သူတို့ခုံတွင်သူတို့ပြန်ထိုင်လိုက်ကြပြီးနောက် ကျောင်းယန်ယွိက မှတ်စုလေးကိုကြည့်ကာတွေးလိုက်သည်။ သူသိသည့်လူများအနက် သူ၏ညီအစ်ကိုကောင်းတစ်ယောက်သာ ဝမ်း ဟုအမည်မှည့်ထားလေသည်။
ဒါကိုသူ့ဆီပို့လိုက်တာ သူ့ရဲ့ညီအစ်ကိုကောင်းများလား။
ကျောင်းယန်ယွိ ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်ပြီး ဝမ်းချန်းရှီးကိုပို့ပေးလိုက်သည်။
[ဒါကိုဝယ်ခဲ့တာ ခင်ဗျားလား]
ဝမ်းချန်ရှီးက ခပ်မြန်မြန်ပင်စာပြန်လာခဲ့သည်။ [ဟုတ်တယ်၊ ကိုယ်ကြားတာတော့ အဲဒါကကောင်းတယ်တဲ့၊ လူငယ်လေးတွေ အရမ်းကြိုက်ကြတယ်ထင်တယ်]
ကျောင်းယန်ယွိ ပျော်သွားခဲ့သည်။ တကယ်ကို သူ၏ညီအစ်ကိုကောင်းကပေးလိုက်သောလက်ဆောင်ပင်။
[ကျောင်းယန်ယွိ: ကျေးဇူးတင်ပါတယ်]
[ဝမ်းချန်ရှီး: မြည်းကြည့်]
တကယ်တမ်း၌ ကျောင်းယန်ယွိကဗိုက်ပြည့်နေပြီး သိပ္ပံနည်းကျ ကျန်းမာသောစားသောက်မှုအလေ့အကျင့်ကို အလွန်တရာမှလေးစားလေသည်။ သူကအမြဲ ခုနစ်ဆယ်ရာခိုင်နှုန်းပြည့်သည်အထိစားတတ်ပြီး မနက်ပိုင်းတွင် ဆီနှင့်အငန်များသောအစားအသောက်များကိုရှောင်ကျဥ်လေသည်။ ထို့အပြင် အာဟာရရှိသောအစားအသောက်များကိုသာရွေးချယ်လေသည်။
၎င်းမှာ သိပ္ပံပညာမှအနှစ်ချုပ်ပေးထားသော ကျန်းမာသည့်စားသောက်မှုပုံစံအချက်အလက်အတိုင်းပင်ဖြစ်၏။ ယခုဆိုလျှင် သူကလူသားဖြစ်လာပြီဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်ကိုဂရုစိုက်ပေးရန်လိုအပ်သည်။
သို့သော်လည်း သူ၏ညီအစ်ကိုကောင်းထံမှလက်ဆောင်ဟုစဥ်းစားလိုက်ပြီးနောက် ...၎င်းက သူ၏ညီအစ်ကိုကောင်းမှပထမဆုံးအကြိမ်ပေးလာသောလက်ဆောင်ပင်ဖြစ်လေသည်။ သူ ကုန်သည်အထိ စားရပေမည်။
တစ်ကြိမ်မျှ လိုက်မလုပ်လည်း အဆင်ပြေပါသည်။
ကျောင်းယန်ယွိက ပျော်ပျော်ရွှင်ရွှင်စားကာ သူ၏ညီအစ်ကိုကို လျင်မြန်စွာမှတ်ချက်ပေးလိုက်သည်။
[ကောင်းတယ်၊ အရမ်းအရသာရှိတယ်]
စီအီးအိုရုံးခန်းထဲတွင် ဝမ်းချန်ရှီးက ကျောင်းယန်ယွိ၏ပြန်စာကိုမြင်ပြီး အောက်နှုတ်ခမ်းကိုအသာတွန့်ကွေးလိုက်သည်။
စားသောက်နေချိန် အလိုလိုက်ခံထားရသောကြောင်လေးပမာ ဖြည်းဖြည်းချင်းဝါးနေပြီး အလွန်ချစ်စရာကောင်းနေမည့် ကျောင်းယန်ယွိပုံစံကို တွေးနေမိဟန်ရလေသည်။
***
ပထမတစ်ပတ်တွင် ကျောင်းယန်ယွိက နေ့တိုင်း ကိတ်မုန့်ငယ်လေးများ ဝယ်ကျွေးခံနေရ၍ အလွန်ပျော်နေခဲ့သည်။
ဒုတိယတစ်ပတ်ရောက်သည့်အခါ ကျောင်းယန်ယွိမှာ အနည်းငယ်တွေဝေလာခဲ့သည်။ ထို့အပြင် သူက ကျန်းမာသောအစားအသောက်ကို ပိုမိုနှစ်သက်ပြီး နေ့တိုင်း သကြားဓာတ်မြင့်မားသောအစားအသောက်များကိုစားနေခြင်းနှင့် အကျင့်မဖြစ်သေးပေ။
တတိယမြောက်ရက်သတ္တပတ်ရောက်သည်အထိ မနက်တိုင်း ကိတ်မုန့်ငယ်လေးများကိုဆက်လက်တွေ့နေရသည့်အခါ ကျောင်းယန်ယွိက ဝမ်းချန်ရှီး၏ WeChat စာမျက်နှာကိုဖွင့်လိုက်သည်။ စကားပြောရန်တုံ့ဆိုင်းနေလေ၏။
သူကစာရိုက်လိုက်သည်။ ရိုက်ပြီးသည့်နောက် ဤစကားက ပြောရန်မသင့်တော်ဟုထင်မိ၍ ဖျက်လိုက်ပြန်သည်။
မိနစ်ပေါင်းများစွာ ဖျက်လိုက်ပြင်လိုက်လုပ်ပြီးသည့်နောက် ကျောင်းယန်ယွိမှာ အခုထိ မည်သို့ရေးရမည်မှန်းမသိပေ။
နောက်ဆုံးတွင် လူသားတစ်ယောက်ဖြစ်ရသည့်ရှုပ်ထွေးမှုကို နားလည်သွားလေသည်။
၎င်းက သူတိုက်ရိုက်ပြော၍မရသည့်ခံစားချက်ဖြစ်နေသည်။ ၎င်းက ဆန်းကြယ်လှပေသည်။
သို့သော် သူက ဆက်တိုက် ဖျက်လိုက်ရေးလိုက်လုပ်သောကြောင့် ဝမ်းချန်ရှီးကသတိထားမိသွားပြီး တဖက်လူကသူ့ကို မက်ဆေ့ချ်ပို့လာခဲ့သည်။
[ဝမ်းချန်ရှီး: ဘာတွေဖြစ်နေတာလဲ]
ကျောင်းယန်ယွိက မတိုင်ခင်ရိုက်ထားသောစာကိုဖျက်ပစ်ပြီးမေးလိုက်သည်။
[ဘာကိုဘာဖြစ်ရမှာလဲ]
[ဝမ်းချန်ရှီး: ဘာပြောချင်လို့လဲ]
စနစ်တစ်ခုအနေဖြင့် ကျောင်းယန်ယွိက ကောက်ချက်ဆွဲရာတွင်အလွန်တော်လေသည်။ တဖက်လူက သူ၏စကားပြောခန်းကိုဖွင့်ပြီး သူ့ဘက်မှ "စာရိုက်နေသည်" ဆိုသောစာကိုတွေ့သွားလိမ့်မည်။ အချိန်အတန်ကြာသည်အထိ သူ့ဘက်မှစာမပို့သည့်အခါ သူပြောချင်သည့်စကားကိုမေးလာခြင်းဖြစ်လိမ့်မည်ဟု ချက်ချင်းနားလည်သွားသည်။
ညီအစ်ကိုများကြားတွင် ရိုးသားရမည်ဆိုသောအတွေးကိုလက်ကိုင်ထားရင်း ကျောင်းယန်ယွိက ဂရုတစိုက်ဖြင့်စာရိုက်လိုက်လေသည်။
[ကျွန်တော်က ခင်ဗျားကိုအမှန်အတိုင်းပြောချင်တာပါ၊ ဒါပေမဲ့ အမှန်အတိုင်းပြောလိုက်ရင် ခင်ဗျားမပျော်တော့မှာကိုလည်းစိုးရိမ်တယ်]
[ကျောင်းယန်ယွိ: ကျွန်တော်က ခင်ဗျားမပျော်တော့မှာကိုမလိုချင်ဘူး၊ အဲဒါကြောင့် ပြောရမလား မပြောရဘူးလားဆိုတာကိုမသိတာ]
မက်ဆေ့ချ်ကိုပို့လိုက်ပြီးနောက် ကျောင်းယန်ယွိ အသက်အောင့်ထားလိုက်မိသည်။
သူက သူနှင့်သူ၏ညီအစ်ကိုကြားမှဆက်ဆံရေးက အဆင့်တက်စပြုလာပြီဟုခံစားနေရသည်။
ဆက်ဆံရေးအစပိုင်းများ၏ အရေးကြီးသောကာလ။
အချိန်ကြာမြင့်စွာ ခင်မင်မှုရှိခဲ့ကြသော ညီအစ်ကိုကောင်းများနှင့်အချစ်ဆုံးသူငယ်ချင်းအတွဲများမှာ တစ်ယောက်အကြောင်းတစ်ယောက်သိလာကြပြီးလျှင် အတိမ်းအစောင်းမခံသော ဆက်ဆံရေးအစပိုင်းကာလတစ်ခုကိုဖြတ်သန်းရတတ်သည်။
လူတစ်ယောက်က ဤထိရှလွယ်သောကာလကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီးလျှင် ဂုဏ်ယူပါသည်။ ထိုသူက တသက်တာလုံး အပြန်အလှန်ဖေးမသွားရမည့် သူငယ်ချင်းကောင်းတစ်ယောက်ကိုရလိုက်ပေပြီ။
အကယ်၍ မဖြတ်သန်းနိုင်ခဲ့ပါက တဖက်လူက ထိုလူ၏ဘဝတွင် ဖြတ်လျှောက်အဖြစ်သာရှိနေပေလိမ့်မည်။
[ဝမ်းချန်ရှီး: ပြောပါ]
[ဝမ်းချန်ရှီး: ကိုယ်မပျော်တော့ဘူးကွာ]
ကျောင်းယန်ယွိက ဝမ်းချန်ရှီး၏စကားကိုအလေးအနက်ဖြင့်ကြည့်လိုက်ကာ စာရိုက်လိုက်သည်။
[ဒါဆိုလည်း တိုက်ရိုက်ပဲပြောလိုက်တော့မယ်ဗျာ]
[ဝမ်းချန်ရှီး: အင်း]
ထို့နောက် ဝမ်းချန်ရှီး စောင့်နေခဲ့သည်။
တစ်မိနစ်ကုန်သွားသည်။ ငါးမိနစ်၊ ဆယ်မိနစ်ကုန်သွားခဲ့ပြီး စကားပြောခန်းမှာ ငြိမ်သက်နေသေးသည်။
'စာရိုက်နေသည်' ဆိုသောအခြေအနေလေးပင်မရှိတော့ပေ။
ဝမ်းချန်ရှီး: ?
သူပဲ တစ်ခုခုပြောချင်နေခဲ့တာမဟုတ်ဘူးလား။
ကျောင်းယန်ယွိ၏စာကို အချိန်အကြာကြီးထိုင်စောင့်နေသောဝမ်းချန်ရှီးမှာ အလုပ်ပြန်လုပ်ရန်ရည်ရွယ်ချက်မရှိသောကြောင့် အင်တာကွန်မှဖုန်းခေါ်လိုက်သည်။
"အင်ဂျင်နီယာဌာနက ကျောင်းယန်ယွိကို ထပ်ရှာပြန်ပြီလား.."
အထူးလက်ထောက်လင်း: "ခဏလေးပါ၊ မေးကြည့်လိုက်ပါ့မယ်.."
အထူးလက်ထောက်လင်းက ပြန်ပြောပါသည်: "မရှာပါဘူး၊ ဒီနေ့အင်ဂျင်နီယာဌာနက ဘယ်သူမသွားပါဘူး၊ ကျောင်းယန်ယွိကလည်း နည်းပညာဝန်ဆောင်မှုဌာနမှာပဲရှိနေပါတယ်.."
အဲဒါဆိုဘာလို့ မက်ဆေ့ချ်မပို့တော့တာလဲ။
နာရီဝက်အကြာတွင် ဝမ်းချန်ရှီးက အထူးလက်ထောက်လင်းကို အောက်ထပ်ဆင်းခိုင်းပြီး သွားကြည့်ခိုင်းရမလားဟုတွေးနေစဥ် ကျောင်းယန်ယွိ၏ပရိုဖိုင်တွင် မက်ဆေ့ချ်တစ်စောင်က ဖောက်ခနဲပေါ်လာခဲ့သည်။
ကျောင်းယန်ယွိကသူ့ကို စာဖိုင်တစ်ခုပို့လိုက်သည်။?
စာဖိုင်လား..
ဝမ်းချန်းရှီးက သံသယအနည်းငယ်ဖြင့် စာဖိုင်ကိုလက်ခံလိုက်ပြီးနှိပ်ကြည့်လိုက်သည်။ စာဖိုင်ခေါင်းစဥ်မှာ-
<< ကျောင်းယန်ယွိ၏ ပုဂ္ဂိုလ်ရေးခံစားချက်နှင့်ခန္ဓာကိုယ်ပိုင်းဆိုင်ရာတင်ပြချက် >>
စာပါအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်၏။
[ပထမဆုံးအနေဖြင့် ကိတ်မုန့်များကိုပို့ပေးသည့်အတွက် ဥက္ကဌကို အလွန်အမင်းကျေးဇူးတင်ရှိပါသည်။ ကျွန်တော် အလွန်တရာမှပျော်ရွှင်ရပါသည်။ ပျော်ရွှင်ရသည့်အရေးကြီးအပြုအမူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
1. ကျွန်တော်သည် နေ့စဥ် ခုနစ်ဆယ်ရာခိုင်နှုန်းအပြည့်သာ စားသုံးပါသည်။ သို့သော်လည်း ကျွန်တော်ကပျော်ရွှင်နေသည့်အတွက်ကြောင့် ဥက္ကဌပို့ပေးသောကိတ်မုန့်များကို နေ့စဥ်စားသုံးခဲ့ပါသည်။
2.
3. ကျွန်တော် ကုမ္ပဏီတွင် ပြုံးလိုက်သည့်အချိန်တိုင်း သွားခြောက်ချောင်းကိုသာပြပါသည်။ ကိတ်မုန့်စားပြီးသည့်နောက် ကျွန်တော်ပြုံးလိုက်တိုင်း သွားရှစ်ချောင်းပေါ်နေတတ်ပါသည်။]
အထက်ပါ ပျော်ရွှင်နေသောအပြုအမူခြောက်မျိုးကိုကြည့်နေရင်း တစ်ချက်စီတိုင်းက အလွန်အမင်းအလေးအနက်ဖြစ်နေသော်လည်း အားလုံးပေါင်းလိုက်ချိန်တွင် ထူးဆန်းပြီးချစ်စရာကောင်းနေသည်မှာ အဘယ်ကြောင့်ပါနည်း။
ဝမ်းချန်ရှီး: "...."
သူ ဆက်လက်ဖတ်ရှုလိုက်သည်။
[အချိုအရသာမှာကောင်းမွန်သော်လည်း ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေသည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ကယ်လိုရီပါဝင်သောကိတ်များမှာ အခြားစားစရာများထက်ပိုမိုကောင်းမွန်ပြီး ခန္ဓာကိုယ်မှာ အားအင်အများအပြားကိုအသုံးချရသည့်အခါ အလွယ်တကူအဝလွန်စေသည်ဟု လေ့လာတွေ့ရှိချက်များကဖော်ပြထားပါသည်။ ကိတ်များတွင်ပါဝင်သောသကြားပါဝင်မှုနှုန်းမှာမြင့်မားပြီး စားပြီးလျှင် သွေးတွင်းသကြားဓာတ်မြင့်တက်လာစေရန် လွယ်ကူလေသည်။ အချုပ်အားဖြင့်ဆိုရသော် ကိတ်များကိုရေရှည်စားသုံးခြင်းက..
1. သွေးတွင်းအဆီဓာတ်ကိုတိုးပွားလာစေခြင်း
2. 2. သွေးတွင်းသကြားဓာတ်ကိုတိုးပွားလာစေခြင်း
3. 3. ခန္ဓာကိုယ်ကို အဝလွန်စေခြင်း တို့ကိုဖြစ်စေနိုင်ပါသည်။]
သင်ကြားရေးအစီရင်ခံစာနှင့်တူသော စာများလည်းပါသေးသည်။ ၎င်းတို့က သူ့ကို အထက်ပါအချက်များကြောင့်ဖြစ်လာမည့်ရောဂါများနှင့် အခြားအချက်များကိုပါ ရှင်းလင်းစွာဖော်ပြထားလေသည်။
ဤအစီရင်ခံစာကို အပြီးအထိဖတ်ပြီးသည့်အခါ [အဲဒါကြောင့် ကိတ်တွေကို ထပ်ပို့နေစရာ တကယ်မလိုတော့ပါဘူး]
ဖတ်ပြီးသည့်နောက် ဝမ်းချန်ရှီး ခဏမျှငြိမ်ကျသွားခဲ့သည်။ ၎င်းကိုရေးရန် နာရီဝက်ကြာနေသည်မှာ အံ့ဩစရာမရှိတော့ပေ။ ရေးသည့်နှုန်းက အလွန်မြန်သည်။ စာလုံးရေနှစ်ထောင်အထက်ရှိနိုင်သည်။
သူ ရယ်ရမလား၊ ငိုရမလားပင်မသိတော့ပေ။
[ဝမ်းချန်ရှီး: ဖတ်လို့ပြီးပြီ။]
[ကျောင်းယန်ယွိ: မနက်ဖြန် ကျွန်တော် ကိတ်မုန့်ကိုမတွေ့ရတော့ဘူးမလား]
[ဝမ်းချန်ရှီး: မင်း ကိုယ်အလေးချိန် ဘယ်လောက်တက်လာပြီလဲ]
ဤတစ်ကြိမ်တွင်မူ ကျောင်းယန်ယွိတိတ်ဆိတ်သွားရမည့်အလှည့်ဖြစ်သွားလေသည်။
အမြဲအလေးအနက်ထားပြီး တင်းကြပ်ကာအချက်အလက်များနှင့်သာစကားပြောသော စနစ်ဟောင်းမှာ အတိုင်းအတာက သုံးလုံးသာပြလျှင်ပင် ဂဏန်းအနောက်မှဒဿမကိန်းများကို လေးစားလေသည်။
[ကျောင်းယန်ယွိ: 3.76 ကတ်တီ!!!]
ကျောင်းယန်ယွိ၏မယုံကြည်နိုင်မှုနှင့်ဒေါသများကို exclamination mark သုံးခုက အပြည့်အဝဖော်ပြနေလေသည်။
အပေါ်ဆုံးထပ်ရှိ စီအီးအိုရုံးခန်းထဲသို့ အချက်အလက်များကိုပို့ရန်ပြင်နေသော အထူးလက်ထောက်လင်းမှာ အခန်းထဲမှရယ်သံကိုကြားလိုက်ရလေသည်။
***
သုံးပတ်ကျော်ကြာစားနေရသောကိတ်မုန့်လေးများမှာ နောက်ဆုံး၌ ပေါ်မလာတော့ပေ။
ကျောင်းယန်ယွိက ကျန်းမာသောစားသောက်နေထိုင်မှုအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သူက မနက်ပိုင်းတွင် ခုနစ်ဆယ်ရာခိုင်နှုန်းအပြည့်စားသောက်ပြီး နေ့လယ်ပိုင်းတွင် သင့်တင့်ရုံသာစားကာ ညနေပိုင်း၌ အဆီနှင့်အငန်နည်းသောအစားအသောက်ကိုစားလေသည်။
ယခင်ကနှင့်မတူတော့သည့်အချက်မှာ မနက်ပိုင်းဆိုလျှင် ပုံမှန်ထက် တစ်နာရီစောကာအိပ်ရာထပြီး အပြေးလေ့ကျင့်ခြင်းပင်ဖြစ်လေ၏။
ယခင်က ကိတ်မုန့်အနည်းငယ်စားပြီးပျော်ရွှင်ခဲ့ရမှုမှာ မနက်ပိုင်းအပြေးလေ့ကျင့်ရာတွင် ခက်ခဲသွားလေတော့သည်။
လူသားဖြစ်လာပြီးသုံးလကျော်အကြာတွင် နံပါတ် 011 မှာ လူသားများ၏ နောက်ထပ် ကောင်းမွန်သောဆက်ဆံရေးအတွေ့အကြုံကိုရရှိခဲ့လေသည်။
လူတစ်ယောက်က ကိုယ်အလေးချိန်တက်လာရန် ဆယ်ရက်ကျော်သာကြာသော်ငြား ကိုယ်အလေးချိန်ပြန်ကျရန်မှာ လပေါင်းများစွာကြာသည်။ ထိုလူက ကိုယ်အလေးချိန်ပြန်ကျအောင်လုပ်နိုင်မည်မဟုတ်ပေ။
လုပ်ငန်းစဥ်က အတန်ငယ်ခက်ခဲနေသော်လည်း ထိုအကြောင်းကိုတွေးလိုက်သည့်အခါ အနည်းဆုံး၌ သူက ဆက်ဆံရေးအစပိုင်းကာလ၏ပထမအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့သည်။
သူက အမှန်အတိုင်းပြောပြလိုက်ပြီး ညီအစ်ကိုကောင်း၏လက်ဆောင်ကိုငြင်းပယ်ခဲ့သည်။ သို့သော်လည်း သူ၏ညီအစ်ကိုကောင်းက စိတ်ထဲမထားခဲ့ပေ။ ၎င်းက ဆက်ဆံရေးကာလ၏ကနဦးအဆင့်က အလွန်ကောင်းမွန်သည်ဟုပြသနေခြင်းပင်။
ဤအချက်က ကျောင်းယန်ယွိကို မျှော်လင့်ချက်များကိုလည်းပေးနေခဲ့သည်။
ညီအစ်ကိုများကြားတွင် ကောင်းသည့်အရာများကို မျှဝေသင့်သည်။
သူ၏ညီအစ်ကိုကောင်းက အရသာရှိသောကိတ်မုန့်ကိုတွေ့ပြီး သူ့ကိုမြည်းစမ်းစေချင်သောကြောင့် သူ့ကိုပေးခဲ့သည်။
ထို့ကြောင့် သူ(ကျောင်းယန်ယွိ) က အရသာရှိသောအစားအသောက်ကိုစားရလျှင် သို့မဟုတ် စိတ်ဝင်စားစရာကောင်းသည့်အရာတစ်ခုကိုရှာတွေ့လျှင် သူကလည်း ထိုသူကို ပေးရမည်မဟုတ်ပါလား။
သို့သော် အစားအသောက်၊ နေရာထိုင်ခင်းနှင့်ပတ်သက်လာလျှင် ကျောင်းယန်ယွိက အခြေခံအားဖြင့် အလွန်စည်းကမ်းရှိလေသည်။ သူက ကျန်းမာသောအစားအသောက်နှင့်ဘဝနေထိုင်မှုကို ကျင့်သုံးသောကြောင့် တစ်ခါမှအပြင်တွင်မစားတတ်လေရာ ရတနာဆိုင်များကိုရှာတွေ့နိုင်မည့်အခွင့်အရေးက အလွန်နည်းပါးလေသည်။
ထို့ကြောင့် သူက အနိမ့်ဆုံးအဆင့်မှသာစတင်ရတော့သည်။
လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြောလာသည်။
"ငါထိုင်ရတာညောင်းနေပြီ၊ လည်ပင်းလည်း အရမ်းတောင့်နေတယ်၊ တနင်္ဂနွေနေ့ကျရင် ပုခုံးနဲ့လည်ပင်းအတွက် ဆေးခန်းသွားပြရမယ်ထင်တယ်.."
နောက်လုပ်ဖော်ကိုင်ဖက်တစ်ယောက်က တုံ့ပြန်လေသည်။
"အခြားနည်းလမ်းမရှိတော့ဘူး၊ ငါတို့လို ကွန်ပျူတာအရှေ့မှာ အကြာကြီးထိုင်ရတဲ့ရုံးဝန်ထမ်းတွေအတွက်ဆယ်ယောက်မှာကိုးယောက်လောက်က ကျီးပေါင်းရောဂါဖြစ်တာပဲ၊ ဒါပေမဲ့ ဂုတ်ကိုနှိပ်တဲ့ပစ္စည်းလေးတစ်ခုဝယ်ထားရင် အရမ်းအဆင်ပြေသွားရော.."
ကျောင်းယန်ယွိ၏နားရွက်များကလှုပ်သွားလေသည်။ သူ၏ညီအစ်ကိုလည်း ရုံးခန်းထဲတွင် နေ့တိုင်းထိုင်ပြီး ကွန်ပျူတာကြည့်နေသည်ပင်။
နှစ်ရက်အတွင်း နှိပ်သည့်ပစ္စည်းလေးတစ်ခုမှာ လုံခြုံရေးမှတဆင့် ဥက္ကဌရုံးခန်းထဲသို့ရောက်သွားလေသည်။
**
လုပ်ဖော်ကိုင်ဖက်: "ကျိုးချွမ်၊ မင်းလက်ထဲကဟာကဘာလဲ.."
ကျိုးချွမ်: "ရေနွေးအိတ်၊ ငါ့လက်က လက်ကောက်ဝတ်ရောင်ရမ်းတဲ့ပြဿနာရှိတယ်၊ ငါတို့လို ဝယ်သူကိုဝန်ဆောင်မှုပေးရတဲ့လူတွေမှာ မကြာခဏဖြစ်နေကျလေ၊ အဲဒါကြောင့် ငါ့လက်ကောက်ဝတ်နဲ့လက်ချောင်းတွေက အရမ်းနာတယ်၊ အဲဒါကြောင့် သက်သာအောင်ဆိုပြီး ဒါကိုဝယ်လာတာ.."
လုပ်ဖော်ကိုင်ဖက်: "သုံးရတာအဆင်ပြေလား၊ ငါ့မှာလည်း လက်ကောက်ဝတ်နာတဲ့ရောဂါရှိတယ်ကွ.."
ကျိုးချွမ်: "အိုကေတယ်၊ ဖိလို့ကောင်းတယ်၊ အဲဒါကိုသုံးပြီးနောက်ပိုင်း နာတာကျင်တာမရှိတော့ဘူး.."
ကျောင်းယန်ယွိ၏နားရွက်များက လှုပ်သွားပြန်သည်။ သူ၏ညီအစ်ကိုကအမြဲလိုလိုစာရိုက်နေရသလားမသိသော်လည်း လက်ကောက်ဝတ်အဆစ်ရောင်ရမ်းခြင်းကို ကာကွယ်ထားလျှင်လည်း အဆင်ပြေပါသည်။
နှစ်ရက်အတွင်းမှာပင် ရေနွေးအိတ်ပစ္စည်းတစ်ခုက လုံခြုံရေးမှတဆင့် ဥက္ကဌရုံးခန်းကိုရောက်သွားပြန်သည်။.
***
လုပ်ဖော်ကိုင်ဖက် A: "ဒါက ငါဝယ်လာတဲ့ ကီးဘုတ်လက်ကောက်ဝတ်အခံလေ၊ အရမ်းနူးညံ့ပြီးသုံးရလွယ်တယ်၊ ငါ့ရဲ့အရင်တစ်ခုထက်တောင်ပိုကောင်းသေးတယ်.."
လုပ်ဖော်ကိုင်ဖက် B: "ငါကချွေးထွက်တတ်တော့ သစ်သားလက်ကောက်ဝတ်အခံရှည်ကိုလဲချင်နေတာ၊ ဒီတစ်ခုက လေဝင်လေထွက်ကောင်းတယ်၊ ငါလည်းဝယ်လို့ရလား.."
ကျောင်းယန်ယွိက ဝယ်ရန်အတွက်နေရာလင့်ခ်ကို တိတ်တိတ်လေးမေးလိုက်သည်။
ကျောင်းယန်ယွိက လူတိုင်း၏အကြံပေးချက်များကိုနားထောင်ပြီး ဥက္ကဌရုံးခန်းကို တစ်ခုပြီးတစ်ခုပို့နေခဲ့သည်။ ပစ္စည်းပို့ပေးနေသောလုံခြုံရေးအခန်းပင် စပ်စုစပြုလာလေ၏။
"အခုတလော သူဌေးဝမ်းမှာ ပစ္စည်းတွေအများကြီးဖြစ်နေပြီ.."
ဝမ်းချန်ရှီးကလည်း ကျောင်းယန်ယွိပို့ပေးသောပစ္စည်းမှန်သမျှကို အလွန်တန်ဖိုးထားနေခဲ့သည်။ အော်ဒါတိုင်းကိုလက်ခံပြီး သူက ထိုသူကို လက်ဆောင်ငယ်လေးအနည်းငယ်ပင်ပေးနေခဲ့သည်။
လက်ခံပြီးသည့်နောက် လစာအနည်းငယ်သာရသောဝန်ထမ်းလေးက သူ့အတွက်ပစ္စည်းများကို အမြဲဝယ်နေလျှင် မလောက်မငှဖြစ်လာလိမ့်မည်ဟု စိုးရိမ်လာမိလေတော့သည်။.
**
စာရေးသူတွင်ပြောစရာရှိပါသည်။
PS--
ကျောင်းယန်ယွိ: ဒီမုန်းဖို့ကောင်းလိုက်တဲ့ ထိခိုက်လွယ်တဲ့ကာလရဲ့။
ဟယ်လန်XD: ရှောင်ယွိလေးက အရမ်းချစ်စရာကောင်းတာပဲ။ ငါတော့ရယ်ရလွန်းလို့သေတော့မယ်။
Spoiler~
လောင်ကျောင်းက ရှောင်ယွိကို အသီးတွေပို့ပေးတော့မယ်။ ရှောင်ယွိရဲ့သူငယ်ချင်းတွေလည်းပါတာပေါ့(@v@)
❓️❓️❓️