Ch 6
Viewers 5k

၇၀ ခုနှစ်က မုဆိုးမလေး


အပိုင်း ၆






လုယွီ - …



၁၉၇၀ ပြည့်လွန်နှစ်များက ကုန်စုံဆိုင်ကို လှည့်ပတ်ကြည့်ရှုနေဆဲဖြစ်သော ကျန်းနျန် -.....



ကျန်းနျန် ရုတ်တရက် ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောလိုက်သည်။ “မင်း အထင်လွဲနေပြီ၊ ကျွန်မက သူ့မရီးပါ။”



အရောင်းစာရေးမသည် မျက်နှာကို အောင့်သက်သက်ဖြင့် ပြုံးလိုက်သည်။ သူမသည် သူတို့နှစ်ဦး မတ်-မရီးအဖြစ် တော်စပ်သည်ကို မစဉ်းစားမိဘဲ ချစ်သူစုံတွဲဟု ထင်မှတ်ခဲ့သည်။ သူမသည် ကုန်စုံဆိုင်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော်လည်း မရီးနှင့်အတူ ဈေးဝယ်ထွက်သည့် မတ်ကို တစ်ခါမျှ မတွေ့ဖူးပေ။



လုယွီသည် ပစ္စည်းများကို ကောက်ယူနေစဉ် နံရံပေါ်တွင် ချိတ်ဆွဲထားသည့် အဝတ်အစား တစ်စုံ—ပန်းရောင်ခံ၊ အဖြူရောင်ပန်းပွင့်များပါသော လက်တိုရှပ်အင်္ကျီနှင့် အညိုနုရောင် ဘောင်းဘီရှည်ကို သတိထားမိလိုက်သည်။ ကျန်းနျန်တွင် အထည်‌ဟောင်းတချို့သာပါသော အိတ်ငယ်လေးတစ်လုံးသာ ရှိသည်ကို သတိရ၍ အရောင်းစာရေးမအား ပြောလိုက်သည်။ "အဲဒီအဝတ်အစား တစ်စုံပါ ထုပ်လိုက်ပါ" 



အရောင်းစာရေးမသည် ခဏမျှ ကြောင်သွားသော်လည်း လုယွီ အမှန်တကယ်ပြောနေသည်ကို မြင်၍ အဝတ်အစားများကို လျင်မြန်စွာ ယူကာ ထုပ်ပိုးလိုက်သည်။



အပြန်လမ်းတွင် ကျန်းနျန် သူမ၏ အင်္ကျီစကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။"ကျွန်မအတွက် အဝတ်အစားတွေ ဝယ်ပေးစရာ မလိုပါဘူး။ ကျွန်မမှာ ဝတ်စရာရှိပါတယ်" 



လုယွီက ပြန်ဖြေလိုက်သည်။ "စိတ်မပူပါနဲ့။ ကျွန်တော့်လစာကနေ စုထားတာတွေ အများကြီး ရှိပါတယ်" 



လုယွီ၏ နောက်တွင် လိုက်လာသော ကျန်းနျန်သည် သူ့၏ အရပ်ရှည်ရှည် ပုံပန်းသဏ္ဍာန်ကို ငေးကြည့်ရင်း သက်ပြင်းချမိသည်။



-ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ယောက်ျားတစ်ယောက်လဲ။ ဒါပေမဲ့ ကံမကောင်းတာကတော့ သူက စာအုပ်ထဲက ဇာတ်ကောင်တစ်ဦးသာ။



အစိုးရပိုင် စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်ဆိုင်များကို ဖြတ်သွားစဉ် လုယွီက အသားနှစ်ပေါင်နှင့် ဟင်းသီးဟင်းရွက် အနည်းငယ်ကိုပါ ဝယ်လိုက်သည်။



သူတို့သည် ယခုတစ်ကြိမ်တွင် ပစ္စည်းတော်တော်များများ ဝယ်ယူခဲ့ကြသည်။ လုယွီက အထုပ်ကြီးကို သယ်ယူခဲ့ပြီး ကျန်းနျန်က ကူညီချင်သော်လည်း အနှီသူက ငြင်းပယ်ခဲ့သည်။ မိသားစုခြံဝန်းများသို့ ပြန်ရောက်ရန် အချိန်အတော်ကြာခဲ့သည်။



နေက တဖြည်းဖြည်း ဝင်လာပြီး ကောင်းကင်တစ်ဝက်ကို အနီရောင် ခြယ်သထားသည်။



ကျန်းနျန် ရှေ့တွင် မတ်တပ်ရပ်နေသူ နှစ်ဦးကို တွေ့လိုက်ရသည်။ စစ်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားမှာ ရှု့ယန်၏ ခင်ပွန်း လျိုချမ့်ဖြစ်သည်ကို ဘေးတိုက်ပုံပန်းအရ သူမ မှတ်မိသည်။ ပုံနှိပ်ပန်းများပါသော အဝါရောင် ရှပ်အင်္ကျီနှင့် အညိုနုရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးက ဆံပင်ကို ကျစ်ဆံမြီး နှစ်ခွ ထုံးထားသည်။ သူမသည် လျိုချမ့်၏ ဘယ်ဘက်လက်မောင်းကို ကိုင်ထားပြီး ဘယ်ဘက်ခြေထောက်ကို မြှောက်ထားကာ နာကျင်နေသည့် ပုံစံ မျက်နှာထားကို ပြသနေသည်။



မှန်းဆနေစရာမလို၊ လျိုချမ့်နှင့် နီးကပ်နေသော ထိုအမျိုးသမီးသည် ကျန့်ဟုန်ဖြစ်ရမည်။




လုယွီက လျှောက်သွားပြီး ကျန့်ဟုန်ကို မျက်နှာထား မပျက်ဘဲ ကြည့်လိုက်သည်။ သူမသည် လုယွီ၏ နက်မှောင်၍ တင်းမာသော အကြည့်နှင့် ဆုံသောအခါ နာကျင်သည့် အမူအရာကို ပို၍ ဟန်ဆောင်ပြီး ပြောလိုက်သည်။  "လက်ထောက်တပ်ရင်းမှူးလု၊ ကျွန်မ ခြေကျင်းဝတ် ခေါက်သွားလို့ပါ။ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်" 



သူမသည် တမင်တကာ နူးညံ့သိမ်မွေ့သော လေသံဖြင့် ဖြည်းဖြည်းလေး ပြောဆိုခဲ့သည်။



လုယွီသည် သူမ၏ မျက်နှာမှ လျိုချမ့်ဆီသို့ အကြည့်ကို ရွှေ့လိုက်ပြီး နက်ရှိုင်းသော အသံ မှာ အေးစက်နေသည်။ "တပ်ရင်းမှူးစုန့်က မင်းကို ရှာနေတယ်။ အခု သွားလိုက်ဦး။”



လျိုချမ့် အံ့အားသင့်သွားခဲ့သည်။ "ငါ တပ်ရင်းမှူးစုန့်ဆီက အခုမှ ပြန်လာတာပါ။ ဘာလို့ ထပ်ရှာနေတာပါလိမ့်။”



လုယွီ၏ မျက်လုံးများတွင် လျိုချမ့် တစ်ယောက်တည်းသာ နားလည်နိုင်သော သတိပေး အချက်ပြမှု တစ်ခု ရှိနေသည်။ "တပ်ရင်းမှူးစုန့်ကို မင်း ကိုယ်တိုင် မေးကြည့်လိုက်ပေါ့။”




လျိုချမ့်သည် လျင်မြန်စွာ နားလည်သွားသည်။ "ဟုတ်ပြီ၊ အခုပဲ သွားလိုက်မယ်။”



ထိုသို့ပြောပြီးနောက် သူသည် ကျန့်ဟုန် ကိုင်ထားသည့် လက်မောင်းကို ဆွဲထုတ်လိုက်သည်။ အားပြုထားရာ ပျောက်ဆုံးသွားသဖြင့် သူမသည် ရှေ့သို့ ယိုင် သွားပြီး မလဲကျအောင် ဘယ်ဘက်ခြေထောက်ဖြင့် ဖမ်းထိန်းလိုက်ရသည်။



လုယွီသည် သူမ၏ ဘယ်ဘက်ခြေထောက်ကို ကြည့်ပြီး ပြောလိုက်သည်။ "ရဲဘော် ကျန့်ဟုန်၊ မင်း မလျှောက်နိုင်ရင် ကျန်းမာရေးဌာနက သူနာပြုတစ်ဦးကို အကူအညီ ခေါ်ပေးလို့ ရပါတယ်။”



ကျန့်ဟုန်သည် ခေါင်းကို လျင်မြန်စွာ ခါယမ်းပြီး ပြုံးလိုက်သည်။ "မလိုပါဘူး၊ ကျွန်မ ကိုယ်တိုင် ဖြည်းဖြည်းချင်း လျှောက်ပြီး ပြန်နိုင်ပါတယ်။”



သူမသည် လုယွီဘေးတွင် ရပ်နေသော၊ တောသူမပုံစံနှင့် ကျန်းနျန်ကို သတိထားမိလိုက်သည်။ လက်ထောက်တပ်ရင်းမှူးလုသည် သူ၏မရီးကို မိသားစုတိုက်ခန်းသို့ ခေါ်လာကြောင်း သူမ ကြားထားသော်လည်း မသိဟန်ဆောင်ကာ မေးလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလု၊ ဒါက ရှင့်ရဲ့... အသစ်လက်ထပ် ထားတဲ့ ဇနီးလားဟင်”



လုယွီ၏ မျက်နှာမှာ ချက်ချင်းမည်းမှောင်သွားပြီး ဖြေလိုက်သည်။ “ကျွန်တော်က နာရေးခွင့်ယူခဲ့တာ။ လက်ထပ်ခွင့် ယူခဲ့တာမဟုတ်ဘူး။” 



ကျန်းနျန်သည် လုယွီကို စိတ်ထဲမှ ချီးကျူးလိုက်မိသည်—ပြောတာ ကောင်းလိုက်တာ။



ကျန့်ဟုန် - …



သူမက လုယွီကို ယဉ်ကျေးစွာ ရှင်းပြလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း သူက အလွန်ရက်စက် လိမ့်မည်ဟု မထင်ထားခဲ့ပေ။



လက်ထောက်တပ်ရင်းမီူးလု နှင့် လုကောရှန်းတို့သည် အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့ကြသည်။ အထူးတလည် ရင်းနှီးခြင်း မရှိသော်လည်း တွေ့ဆုံတိုင်း အသိအမှတ်ပြု နှုတ်ဆက်လေ့ရှိသည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က လုယွီသည် လူတစ်ယောက်လို ရုတ်တရက် ပြောင်းလဲသွားပြီး သူမကို မြင်သောအခါ လှည့်ထွက်သွားခဲ့သည်။ သူမအနေနှင့် မည်သည့်အရာက သူ့ကို မကျေမနပ် ဖြစ်စေခဲ့သည်ကို နားမလည်နိုင်ခဲ့ချေ။



သူမသည် အိမ်တွင် လုကောရှန်းအား သိမ်မွေ့စွာ မေးမြန်းခဲ့သော်လည်း သူက လုယွီနှင့် သူ၏ ဆက်ဆံရေး မပြောင်းလဲကြောင်း ပြောခဲ့သည်။



ကျန့်ဟုန်သည် မအီမသာ ပြုံးလိုက်ပြီး "တောင်းပန်ပါတယ်၊ လက်ထောက်တပ်ရင်းမှူးလု၊ ကျွန်မ အထင်လွဲသွားတာပဲ။ ညနေစောင်းပြီဆိုတော့ ကျွန်မ ကလေးအတွက် ချက်ပြုတ်ဖို့ ပြန်လိုက်ပါဦးမယ်။”



ထို့နောက် သူမသည် ခြေထော့နဲ့စွာ ထွက်ခွာသွားသည်။



ကျန်းနျန်သည် ထွက်ခွာသွားသော ကျန့်ဟုန်ကို ကြည့်လိုက်ပြီးနောက် ခေါင်းကို ငုံ့၍ လုယွီနောက်သို့ လိုက်ကာ ခြံဝင်းသို့ ပြန်လာခဲ့သည်။



ရှု့ယန် မှားနေခဲ့သည်။ ကျန့်ဟုန်က ပန်းကန်ကိုလည်းကြည့်၊ အိုးကိုလည်း ကြည့်နေသူပင်။ လျိုချမ့်ကမူ ရိုးသားစွာ မသိနားမလည်ဘဲ သင့်လျော်သော အကွာအဝေးကို ထိန်းသိမ်းရမှန်း မသိသူသာ ဖြစ်သည်။



သူတို့ လျှောက်လာစဉ် သစ်ပင်နောက်တွင် ပုန်းနေသော လျိုချမ့်နှင့် တွေ့ဆုံခဲ့သည်။ သူသည် သူတို့ကို ခိုးကြည့်ပြီး ကျန့်ဟုန် လိုက်မလာသည်ကို မြင်သောအခါ သက်ပြင်းချကာ လုယွီအား ပြောလိုက်သည်။ "ငါ့ကို အဲဒီနေရာကနေ ထွက်လာနိုင်အောင် ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ ငါ့မိန်းမ မြင်သွားရင် ပြဿနာ ထပ်ရှာ ဦးမှာ”



လုယွီက သူ့ကို ကြည့်ပြီး ပြောလိုက်သည်။ "မင်းကို ရှု့ယန် စိတ်ဆိုးတာ အံ့သြစရာ မရှိဘူး။ မင်းက သံသယဖြစ်စေမဲ့အရာကို ရှောင်ရကောင်းမှန်း မသိဘူး။”



လျိုချမ့်က သူတို့နှင့်အတူ အိမ်အထိ လျှောက်လာပြီး သက်ပြင်းချလိုက်သည်။ "တပ်ရင်းဗိုလ်ကြီးလုက ငါတို့နဲ့ မတူဘူး။ သူက မကြာခဏဆိုသလို အပြင်ထွက်ပြီး တပ်တွေကို ဦးဆောင်ရတာ။ တစ်ခါတလေ ဆယ်ရက်ကနေ တစ်လအထိ ကြာတယ်။ ကျန့်ဟုန်က သူ့မှာ ဒီနေရာမှာ ငါ့ကိုပဲ သိတာလို့ ပြောပြီး ငါ့ကို မကြာခဏ အကူအညီ တောင်းတယ်။ ခဏခဏဆိုတော့ ငြင်းဖို့ ခက်တယ်။”



လုယွီ၏ အကြည့်သည် လျိုချမ့်ကို ကြည့်လိုက်စဉ် ပို၍ အေးစက်လာသည်။ "သူမ ဒီ တပ်ထဲကို ရောက်တာ နှစ်နှစ် ရှိပြီ။ ဒီနားတစ်ဝိုက်မှာ တခြားသူကို မသိဘူးတဲ့လား။ ကျန့်ဟုန်က ဘာလို့ အမြဲတမ်း မင်းဆီပဲ အကူအညီ လာတောင်းနေရတာလဲဆိုတာ မင်း တကယ် မသိဘူးလား။”



သူတို့ အိမ်တံခါးဝသို့ ရောက်သောအခါ လုယွီက ဆက်ပြောသည်။ "တပ်ရင်းဗိုလ်ကြီးလျို၊ မင်း လုပ်နေတဲ့ အရာတွေရဲ့ သက်ရောက်မှုကို သတိထားဖို့ လိုတယ်။ မင်းရဲ့ ရာထူးကို မမေ့နဲ့။ ပုဂ္ဂိုလ်ရေး အငြင်းပွားမှုတွေကနေ အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို မညစ်စွန်းစေနဲ့။ နိုင်ငံရေးအရာရှိချုပ်က မင်းကို ခေါ်ပြောရတဲ့ အခြေအနေမျိုးကို မဖြစ်စေနဲ့။”



လျိုချမ့်က သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ပြီး ပြောလိုက်သည်။ "ဟုတ်ကဲ့၊ နားလည်ပါပြီ။”



ကျန်းနျန်သည် လျိုချမ့် တကယ် နားလည်သွားလား မသေချာသော်လည်း သူ သူ့အိမ်သို့ လှည့်ပြန်သွားသည်ကို မြင်သောအခါ သူမနှင့် လုယွီသည်လည်း သူတို့အိမ်ထဲသို့ ဝင်ခဲ့ကြသည်။



လုယွီသည် မီးဖိုချောင်သို့ ဦးစွာသွားကာ ဆန်၊ ဂျုံမှုန့်နှင့် ဆီတို့ကို နေရာချခဲ့သည်။ နောက်ဆုံးတွင် သူသည် နို့သကြားလုံး ဘူးတစ်ဘူး၊ မက်မွန်သီးကြွပ် အချို့နှင့် သစ်သီးယိုဘူး တစ်ဘူးကို ထုတ်ယူပြီး ကျန်းနျန်၏ အခန်းထဲရှိ စားပွဲပေါ်တွင် တင်လိုက်သည်။ ကျန်းနျန် သူ့နောက်သို့ လိုက်ဝင်လာပြီး ထိုပစ္စည်း သုံးမျိုးကို ခဏမျှ စိုက်ကြည့်နေမိသည်။



၁၉၇၀ ပြည့်လွန်နှစ်များတွင် နို့သကြားလုံးသည် ရှားပါးသော အချိုပွဲ ဖြစ်ပြီး မက်မွန်သီးကြွပ်နှင့် သစ်သီးယိုတို့သည်လည်း ရှာရခက်သည်။ သူမ၏ အဘွားက သူမခေတ်တွင် တစ်နှစ်လျှင် သစ်သီးယိုဘူး တစ်ဘူးနှင့် နို့သကြားလုံးတစ်ဘူး ရရှိခြင်းသည်ပင် အလွန်ဇိမ်ခံရာရောက်ကြောင်း ပြောပြဖူးသည်ကို သူမ သတိရလိုက်သည်။



လုယွီ လှည့်ကြည့်လိုက်သောအခါ ကျန်းနျန်သည် မုန့်များကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမသည် ကျေးလက်ဒေသတွင် ထိုကဲ့သို့သော အရာများကို စားဖူးမည်မဟုတ်ကြောင်း သူသိသည်။ သူသည် သူ့အိတ်ကပ်ထဲမှ သံဘူး တစ်ဘူးကို ယူကာ စားပွဲပေါ် တင်လိုက်သည်။ "ဒါတွေက ကျွန်တော် နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ လစာနဲ့ ဘောက်ချာတွေပါ။ ဒီလ လစာရရင် မရီးကို ပေးထားပါ့မယ်။ ကျွန်တော့်အတွက် နည်းနည်းပဲ ချန်ထားလိုက်မယ်။”



ကျန်းနျန် အံ့အားသင့်သွားသည်။



သူ သူ့လစာတွေကို လွှဲပြောင်းပေးနေတာလား။



သူမ မတုန့်ပြန်နိုင်ခင်ပင် လုယွီက အခန်းထဲမှ ထွက်သွားကာ ပြောခဲ့သည်။ "ကျွန်တော် ညစာ သွားလုပ်လိုက်ဦးမယ်" 



ကျန်းနျန် စာအုပ်၏ ဇာတ်လမ်းကို သိထားသဖြင့် လုယွီသည် တပ်ရင်းမှူးဘဝက တစ်လလျှင် သုံးဆယ့်ငါးယွမ် ရရှိကြောင်းနှင့် နှစ်ဆယ့်ငါးယွမ်ကို လစဉ် အိမ်သို့ ပို့ပေးခဲ့ကြောင်း မှတ်မိသည်။ သူသည် နှစ်လ ခန့်က လက်ထောက်တပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ယခုအခါ တစ်လလျှင် ငါးဆယ့်နှစ်ယွမ် ရရှိပြီး ထိုနှစ်လအတွင်း မူလပိုင်ရှင်ဆီသို့ ယွမ်ရှစ်ဆယ်ပို့ပေးခဲ့ကာ နှစ်ဆယ့်လေးယွမ်သာ သူ့အတွက် ချန်ထားခဲ့သည်။ လုယွီ၏ လစာအများစုကို အရင်တစ်လျှောက်လုံး အိမ်သို့ ပြန်ပို့ခဲ့သည်ဟု ဆိုနိုင်သည်။



သို့သော် ပိုက်ဆံရောက်တိုင်း မူလပိုင်ရှင် မရမီ ကျန်း၏ မိခင်နှင့် ကျန်းကော်တို့က လုယူသွားလေ့ရှိပြီး မူလဇာတ်ကောင်နှင့် ရှု့ချန်းတို့အတွက် လုံလောက်သော အစားအစာသာ ချန်ထားပေးခဲ့သည်။



လုယွီသည် အိမ်မှ ရှစ်နှစ်ကြာ ဝေးကွာခဲ့ပြီး ဖခင်ရှု့ ကွယ်လွန်ခြင်းကြောင့် တစ်ကြိမ်သာ ပြန်လာခဲ့ဖူးသဖြင့် မူလပိုင်ရှင်နှင့် သူမ၏ ခင်ပွန်းတို့ အိမ်တွင် မည်ကဲ့သို့သော ဘဝမျိုး နေထိုင်ခဲ့သည်ကို သူ မသိခဲ့ရချေ။



သူမ သံဘူးကို ဖွင့်လိုက်ရာ အမျိုးမျိုးသော ဘောက်ချာများကို တွေ့လိုက်ရသည်။ အစားအသောက် ဘောက်ချာ၊ အဝတ်အထည် ဘောက်ချာ၊ အသားဘောက်ချာ၊ ဂွမ်းဘောက်ချာ၊ သကြားဘောက်ချာနှင့် စက်မှုပစ္စည်းဘောက်ချာများဖြစ်ပြီး အထူးသဖြင့် စက်မှုပစ္စည်းနှင့် အဝတ်အထည် ဘောက်ချာများ အများဆုံးဖြစ်သည်။ သူမသည် ပိုက်ဆံကို ရေတွက်လိုက်ရာ စုစုပေါင်း တစ်ရာ့သုံးဆယ်ယွမ် ရှိသည်။



“လက်ထောက်တပ်ရင်းမှူးလု၊ အိမ်မှာရှိလား။”



အမျိုးသမီးတစ်ယောက်၏ ကျယ်လောင်သောအသံတစ်ခု အပြင်ဘက်မှ ထွက်ပေါ်လာ၏။



လုယွီ မီးဖိုချောင်မှ ထွက်လာခဲ့သည်။ သူသည် သူ့၏ အဖြူရောင် ရှပ်အင်္ကျီ၏ ကြယ်သီးနှစ်လုံးကို ဖြုတ်ထားပြီး စစ်ဘောင်းဘီကို ဝတ်ဆင်ထားဆဲပင်။ သူ၏ ခန့်ညားသော မျက်နှာသွင်ပြင်သည် နွေးထွေးသော အဝါရောင် မီးအလင်း‌အောက်တွင် ပို၍ပင် ထင်ရှားနေ ၏။ သူ့ဘေးနားတွင် နေထိုင်သော တပ်မှူးစုန့်၏ ဇနီး ဖန့်မိန်ကို မြင်သောအခါ သူက ပြုံးလိုက်သည်။ "မရီး၊ ဘာကိစ္စ ရှိလို့လဲ။”



"လောင်စုန့်က မင်းရဲ့ မရီးကို ခေါ်လာကြောင်း ကြားတယ်‌ ပြောတယ်။ မင်း အလျင်စလိုလာလိုက်ရလို့ ဘာမှ မပြင်ဆင်ရသေးမှာ စိုးလို့တဲ့။ ဒါကြောင့် ညစာပို လုပ်ပြီး ယူလာပေးခိုင်းတာ။”



ဖန့်မိန်သည် ပန်းကန်များကို ခြံဝင်းထဲရှိ သစ်သားစားပွဲပေါ် တင်ပြီး မေးလိုက်သည်။ "မင်းရဲ့ မရီးရော ဘယ်မှာလဲ" 



"ကျေးဇူးတင်ပါတယ် မရီး" လုယွီသည် အရှေ့ဘက်ခြမ်းရှိ ပထမဆုံးအခန်းကို ညွှန်ပြလိုက်သည်။ "သူမ အထဲမှာပါ။”



ဖန့်မိန်သည် သူမ၏ လက်များကို ရှေ့ဖုံးခါးစည်းဖြင့် သုတ်ပြီး ပြုံးလိုက်သည်။ "သွားကြည့်လိုက်ပါဦးမယ်။”



သူမ အခန်းထဲသို့ အရင် ခိုးကြည့်လိုက်ရာ မှောင်မည်းနေပြီး ကုတင်ဘေးတွင် ထိုင်နေသူ တစ်ဦးကို မှိန်ပျပျ မြင်လိုက်ရသည်။ သူမသည် အတွင်းသို့ ဝင်သွားပြီး မီးကြိုးကို ဆွဲလိုက်သောအခါ အခန်းထဲတွင် အလင်းရောင် ပြည့်သွားသည်။ ကုတင်ဘေးတွင် ထိုင်နေသော၊ ခေါင်းငုံ့ထားကာ ပတ်တီးစည်းထားလျက် စိုးရိမ်ပူပန်နေသည့် အမျိုးသမီးကို တွေ့လိုက်ရသည်။



ဖန့်မိန် သူမကို သနားသွားပြီး နွေးထွေးစွာ ပြောလိုက်သည်၊ "လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီး၊ ကျွန်မက ဘေးအိမ်က တပ်ရင်းမှူးစုန့်ရဲ့ ဇနီးပါ။ အစ်မက မင်းထက် အသက်ကြီးတော့ အစ်မ ဖန့်လို့ ခေါ်နိုင်တယ်။ ဘာပဲလိုလို အစ်မဆီ လာခဲ့‌နော်။”


ကျန်းနျန် ရုတ်တရက် အလင်းရောင်ကြောင့် မျက်လုံးများကို မှိတ်လိုက်ရသည်။ သူမ၏ မျက်လုံးများ အလင်းရောင်နှင့် အသားကျပြီးနောက် သူမသည် ဖန့်မိန်အား ဖြည်းဖြည်းချင်း ခေါင်းထောင်ကြည့်လိုက်သည်။ သူမသည် လုယွီကို အစောပိုင်းက နှုတ်ဆက်သွားသည့် အမျိုးသမီးပင်။ စာအုပ်ထဲတွင်လည်း တပ်ရင်းမှူးစုန့် နှင့် ဖန့်မိန်ကို ဖော်ပြထားပြီး၊ အမျိုးသားဇာတ်လိုက် ရာထူးမတက်မီက သူတို့သည် သူ့အပေါ် ကြင်နာခဲ့ကြသည်။ အစားအသောက် ရှားပါးချိန်တွင်ပင် သူ့ကို မကြာခဏ ထမင်းဖိတ်ကျွေးခဲ့ကြသည်မှာ ထင်ရှားသော စေတနာပင်။



နောက်ပိုင်းတွင် အမျိုးသားဇာတ်လိုက် ရာထူးတိုးမြှင့်ပြီး ပြောင်းရွှေ့သွားသောအခါ တပ်ရင်းမှူးစုန့်လည်း ရာထူးတိုးကာ ပြောင်းရွှေ့ သွားသည်။ စာအုပ်တွင် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ နောက်ပိုင်းတွင် တပ်ရင်းမှူးစုန့်ထံ သွားရောက်လည်ပတ်ခဲ့ပြီး သူသည် တုန်းကောစီရင်စုကို စစ်ဆေးနေစဉ် ရှားပါးသော ငလျင်ကြောင့် ကွယ်လွန် သွားခဲ့ကြောင်း၊ ဖန့်မိန်နှင့် သားနှစ်ဦးကို ချန်ထားခဲ့ကြောင်း ဖော်ပြထားသည်။



တပ်ရင်းမှူးစုန့်၏ ကံကြမ္မာကို စဉ်းစားမိသောအခါ ကျန်းနျန် စိတ်လှုပ်ရှားသွားသည်။



သို့သော် သူမ ဇာတ်လမ်း၏ ဦးတည်ရာကို ဝင်ရောက် စွက်ဖက်ရန် အစီအစဉ်မရှိချေ။ သူမ၏ အဓိက ရည်ရွယ်ချက်မှာ သူမ၏ မူလနေရာသို့ ပြန်ရန် နည်းလမ်းရှာရန်အတွက်သာ ဖြစ်သည်။



သူမ သိမ်မွေ့စွာ ပြုံးလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "မင်္ဂလာပါ အစ်မဖန့်၊ ကျွန်မက ကျန်းနျန်ပါ" 


ယခုတစ်ကြိမ်၌ ကျန်းနျန် ခေါင်းမော့လိုက်သောအခါ ဖန့်မိန်သည် သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူမသည် အသားဖြူပြီး ကွေးညွှတ်သော မျက်ခုံးများ ရှိကာ ပြုံးလိုက်သောအခါ သူမ၏ မျက်လုံးများသည် လင်းလက်နေသည်။ ဖန့်မိန် ကြောင်သွားသည်။ နေ့လည်က လုယွီကို နှုတ်ဆက်ပြီးနောက် သူမနှင့် ခန်ရှို့တို့သည် ကျန်းနျန်၏ ရုပ်ရည်ကို ခန့်မှန်းခဲ့ကြပြီး ခန်ရှို့က သူမသည် မလှပဟု ထင်ခဲ့၏။ သူမသည်လည်း ထိုအချိန်က အလွန်သိချင်ခဲ့သည်။



သို့သော် ယခုအခါ ကျန်းနျန်ကို မြင်လိုက်ရသောအခါ ခန်ရှို့ မှားနေကြောင်း သူမ သိလိုက်ရသည်။ ကျန်းနျန်သည် အလွန်လှပ၏။



မိသားစုတိုက်ခန်း တစ်ခုလုံးတွင် လက်ထောက် တပ်ရင်းမှူးလု မရီး၏ ရုပ်ရည်နှင့် ယှဉ်နိုင်သည့် စစ်သည်ဇနီး တစ်ဦးမျှ မရှိနိုင်ချေ။ လုယွီသည် သူမကို တပ်စခန်းသို့ ခေါ်လာခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ ထိုမျှ လှပသော မုဆိုးမ တစ်ဦးကို အိမ်တွင် ထားခဲ့လျှင် မည်သူမဆို စိုးရိမ်လိမ့်မည်။



ဖန့်မိန်သည် သူမ၏ လက်များကို သူမ၏ ခြေထောက်ပေါ် ပွတ်သပ်လိုက်ပြီး မရှက်မကြောက် ချီးမွမ်းလိုက်သည်။ "အို၊ မင်း တကယ်ကို လှတာပဲ။”



သူမ ပြုံးပြီး ဆက်ပြောလိုက်သည်။ "ဒီမှာ ကျွန်မတို့အားလုံးက အိမ်နီးချင်းတွေပဲ။ မကြာခဏ တွေ့ရမှာဆိုတော့ ဒီလောက် အကွာအဝေးထားစရာ မလိုပါဘူး။ ပြီးတော့ ခေါင်းကို အမြဲတမ်း ငုံ့မထားနဲ့၊ လည်ပင်းအတွက် မကောင်းဘူး။”



ဤမျှ နွေးထွေးသော လူတစ်ဦးကို ရင်ဆိုင်ရသောအခါ ကျန်းနျန် သူမ၏ တိတ်ဆိတ်နေတတ်သည့် အပြုအမူကို ဆက်မထားနိုင်တော့ပေ။ သူမ ခေါင်းညိတ်ပြီး  ပြန်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အစ်မဖန့်။”



"ဘာကိုကျေးဇူးတင်တာလဲ၊ ဘာမှတောင် လုပ်မပေးရသေးဘူး" ဖန့်မိန်က ပြောပြီးနောက် အခြားကိစ္စတစ်ခုကို သတိရလိုက်သည်။  "ဒါနဲ့၊ လက်ထောက် တပ်ရင်းမှူးလုက ဒီ ခြံဝင်းအတွက် လျှောက်ထားခဲ့တယ် မဟုတ်လား။ ခြံဝင်းတိုင်းမှာ မြေကွက်ငယ်လေးတစ်ခုစီ ပါတယ်။ မင်း ဟင်းသီးဟင်းရွက် မျိုးစေ့အချို့ ဝယ်ပြီး မင်း စားချင်တာတွေကို စိုက်ပျိုးနိုင်တယ်။ ဒါဆို စားစရိတ် သက်သာတာပေါ့။ မနက်ဖြန် မနက်စာ စားပြီးရင် ငါ မင်းကို လိုက်ပြပေးမယ်။”



ကျန်းနျန်က ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်မဖန့်။”



ဖန့်မိန် သူမ၏ ခြေထောက်ကို ရိုက်ကာ ရယ်မောလိုက်သည်။ "မင်းကို ကြည့်စမ်း၊ အမြဲတမ်း ကျေးဇူးတင်ပါတယ်လို့ ပြောနေတယ်။ ငါတို့ကို စိမ်းကားနေသလိုပဲ။”



ကျန်းနျန် - …



ဖန့်မိန် အခန်းထဲမှ ထွက်လာပြီးနောက် လုယွီက ပေါင်းထားသော ပေါက်စီများကို ခြံဝင်းထဲရှိ သစ်သားစားပွဲပေါ် တင်နေသည်ကို မြင်လိုက်ရ၏။ သူမက သူ့ကို ပြုံးပြပြီး ပြောလိုက်သည်။ "လက်ထောက် တပ်ရင်းမှူးလု၊ အစ်မ ပြန်တော့မယ်။”



လုယွီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ မရီး။”



ဖန့်မိန် - …



သူမက ရယ်မောပြီး သူမ၏ ဆံပင်ကို သပ်လိုက်သည်။ ဤမတ်-မရီး နှစ်ဦးသည် တကယ်ကို မိသားစုတစ်ခုတည်းကမှန်း သိသာ၏။ အမြဲတမ်း ကျေးဇူးတင်ပါတယ်လို့ ပြောနေကြပြီး သူမကိုပင် ရှက်စေသည်။



အိမ်သို့ ပြန်ရောက်သောအခါ ဖန့်မိန်သည် သူမ၏ သားနှစ်ဦး အိမ်ထဲတွင် ဆော့ကစားနေသည်ကို တွေ့လိုက်ရ၏။ သူမသည် အိပ်ခန်းထဲသို့ ဝင်သွားပြီးနောက် စုန့်ကျစ်ဝေသည် ကုတင်ဘေးတွင် မှီကာ သတင်းစာ ဖတ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ဘေးတွင် ထိုင်လိုက်ပြီး သူ့ခြေထောက်ကို တွန်းလိုက်သည်။ "လောင်စုန့်၊ လက်ထောက် တပ်ရင်းမှူးလုရဲ့ မရီးက ဘယ်လိုရုပ်ရည်မျိုးလဲဆိုတာ ခန့်မှန်းကြည့်ပါဦး။”



စုန့်ကျစ်ဝေသည် သတင်းစာကို ငုံ့ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ "ငါ့လို လူကြီး တစ်ယောက်က သူမ ဘယ်လိုရုပ်ရည်မျိုးလဲဆိုတာ ဘာလို့ ခန့်မှန်းရမှာလဲ။”



"ငါ အစားအသောက် သွားပို့တုန်းက တွေ့ခဲ့တာလေ။ သူမက တကယ်ချောတယ်၊ အသားဖြူပြီး သပ်ရပ်နေတာပဲ။ ကျေးလက်ဒေသက လာတာနဲ့ လုံးဝမတူဘူး။”



ဖန့်မိန်သည် စုန့်ကျစ်ဝေ၏ ခြေထောက်ကို နောက်တစ်ကြိမ် ရိုက်လိုက်သည်။ "သူမက ငယ်သေးတယ်။ တစ်ယောက်တည်း နေတာ မကောင်းဘူး။ တပ်ထဲမှာ လူငယ်ကောင်း တစ်ယောက်ယောက်ကို စောင့်ကြည့်ပြီး လက်ထောက်တပ်ရင်းမှူးလုရဲ့ မရီး ဖူးစာဆုံအောင် စီစဉ်ပေးဖို့ သတိရဦး‌နော်။”



စုန့်ကျစ်ဝေက သူမ၏ ခါးကို အသာအယာ ကန်ပြီး မျက်လုံးပြူးကြည့်လိုက်သည်။ "မင်း ရူးနေတဲ့ မိန်းမ၊ သနားစရာ အမျိုးသမီးက သူ့ခင်ပွန်းကို ဆုံးရှုံးထားတာမှ မကြာသေးဘူး။ မင်းက အခုပဲ သူ့ကို တစ်ယောက်ယောက်နဲ့ ဖူးစာဆုံပေးဖို့ စဉ်းစားနေပြီ။ သတိထား၊ လုယွီ မင်းကို စိတ်ဆိုးသွားလိမ့်မယ်။”