၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၄
ဘတ်စ်ကားပေါ်မှ ခရီးသည်အများစု ဆင်းသွားပြီးမှသာ လွယ်အိတ်ကို လွယ်ထားသည့် လုယွီသည် စတင် လမ်းလျှောက်သွားသည်။ ကျန်းနျန်သည် ခေါင်းကို ငုံ့၍ သူ၏ နောက်မှ လိုက်လာရင်း သူမ အိပ်ပျော်နေစဉ်အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲဟု တွေးတောနေမိသည်။
သူမသည် ရှေ့မှ လုယွီ၏ အရပ်ရှည်ရှည် ပုံရိပ်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်ကာ မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။ မူလဇာတ်ကောင်၏ စရိုက်အရဆိုလျှင် မေးမြန်းခြင်းက သံသယကို နှိုးဆွစေလိမ့်မည်မှာ သေချာသည်။ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေခြင်းက ပိုကောင်း၏။
သူတို့ မြို့ထဲသို့ နေ့လယ် ၁ နာရီခွဲတွင် ရောက်ရှိလာသဖြင့် နေ့လယ်စာ စားချိန်နှင့် အတော်ပင် တိုက်ဆိုင်နေသည်။ လုယွီသည် ကျန်းနျန်ကို နိုင်ငံပိုင် စားသောက်ဆိုင်သို့ ခေါ်ဆောင်သွားသည်။ ကျန်းနျန်သည် လမ်းဘေးဝဲယာရှိ လမ်းများကို တစ်ချက်တစ်ချက် ကြည့်ရှုနေမိသည်။
ဤခေတ်တွင် ခေတ်သစ်ရာစု၏ မိုးမျှော်တိုက်ကြီးများနှင့် ကျယ်ပြန့်သော လမ်းများ မရှိသေးဘဲ မြို့သူမြို့သားများ၏ ဝတ်စားဆင်ယင်မှုသည် ကျေးလက်ဒေသထက် အနည်းငယ်သာ ပိုကောင်းသည်။ နိုင်ငံပိုင် ဆိုင်းဘုတ်များပါသော ဆိုင်များသာ ရှိပြီး ပုဂ္ဂလိကဆိုင်များ မရှိပေ။
လုယွီသည် အသားကြော်ခေါက်ဆွဲ နှစ်ပန်းကန် မှာလိုက်သည်။ ကျန်းနျန်ကမူ သူ့မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း လုယွီကို ကြည့်ပြီးနောက် ခေါင်းငုံ့သွားသည်။
လုယွီသည် စစ်ယူနီဖောင်းကို မဝတ်ဆင်ထားဘဲ အဖြူရောင်ရှပ်အင်္ကျီနှင့် စစ်စိမ်းရောင် ဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူ မည်သည့်နေရာတွင် ထိုင်နေပါစေ၊ သူ၏ ကိုယ်နေဟန်ထားမှာ ဖြောင့်မတ်နေ၏။ လုယွီသည် သူ၏ ခေါက်ဆွဲကို တိတ်ဆိတ်စွာ စားနေပြီး သူ၏ မျက်နှာအမူအရာကို ဖတ်မရနိုင်သဖြင့် ကျန်းနျန်လည်း သူ ဘာတွေးနေသည်ကို ခန့်မှန်း၍ မရနိုင်ခဲ့ချေ။
လုယွီက သူမအား စွန့်ပစ်သွားမည်ကို သူမ အမှန်တကယ် ကြောက်ရွံ့နေမိသည်။ သူသည် ဤခေတ်တွင် သူမ ပထမဆုံး မြင်တွေ့ရသောသူဖြစ်ပြီး ယခု သူမ အားကိုးနိုင်သည့် တစ်ဦးတည်းသောသူပင်။ သူ ဒေါသထွက်ပြီး သူမကို ချန်ထားခဲ့ပါက နောက်ပိုင်းဘာဆက်လုပ်ရမည်ကို သူမ သိမည်မဟုတ်ချေ။
သူမ ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။ "ကျွန်မ ရှင့်ကို ဒုက္ခပေးနေမိပြီလား”
ဤသို့မေးလိုက်ပြီးနောက် ကျန်းနျန်သည် ထိုသို့သော ဦးဆောင်မေးခွန်းကို မေးမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်မိသည်။
လုယွီသည် ခေါက်ဆွဲစားခြင်းကို ရပ်လိုက်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် သူ၏ မရီးကို ကြည့်လိုက်သည်။ သူမသည် ခေါက်ဆွဲကို အနည်းငယ်စီ စားနေပြီး ခေါင်းငုံ့ထားသဖြင့် သူ၏ အနေအထားမှ သူမ၏ ဦးခေါင်းထိပ်ကိုသာ မြင်ရသည်။ သူမသည် ဘတ်စ်ကားပေါ်ရှိ အဖွားကြီး၏ စကားကို ကြားလိုက်မိသည်ဟု သူ နားလည်လိုက်သည်။ သူ ရှင်းပြလိုက်သည်။
"ဘတ်စ်ကားပေါ်မှာ ကျွန်တော်ပြောတာကို စိတ်ထဲ မထားပါနဲ့။ အဖွားအိုက ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို အထင်လွဲသွားတာပါ။ ကျွန်တော် မရီးကို စောင့်ရှောက်မယ်လို့ ကတိပေးထားပြီးပြီပဲ၊ ကတိမဖျက်ပါဘူး။”
ဤစကားကို ကြားလိုက်ရသောအခါ ကျန်းနျန် စိတ်သက်သာရာရသွားသည်။ အထင်လွဲမှု မည်သို့ပင် ရှိစေကာမူ သူမကို စွန့်ပစ်မည်မဟုတ်ဟူသော သူ၏ ကတိစကားက စိတ်ချရ၏။ သူမ၏နေရာသို့ ပြန်ရောက်ရန် နည်းလမ်းရှာမတွေ့မချင်း လုယွီသည် သူမ၏ တစ်ခုတည်းသော အားကိုးရာပင်။
သူတို့ အစာစားပြီးနောက် ရထားဘူတာသို့ သွားကြရာ ၃ နာရီဝန်းကျင်တွင် ရောက်ရှိသည်။ စောင့်ဆိုင်းခန်းတွင် ခဏစောင့်ပြီးနောက် ရထားပေါ် တက်ကြသည်။ လုယွီသည် အောက်ထပ် ကုတင်နှစ်လုံးကို ဝယ်ထားသည်။ ကျန်းနျန်၏ တင်ပါးသည် ကုတင်နှင့် ထိသည်နှင့် တပြိုင်နက် လှဲလျောင်းချင်စိတ် ပေါက်လာသော်လည်း သူမကိုယ်သူမ ထိန်းချုပ်လိုက်ပြီး ပခုံးများကို ကုပ်၍ ပြတင်းပေါက်ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေလိုက်၏။
လုယွီသည် သူတို့၏ ခရီးဆောင်အိတ်များကို သိမ်းဆည်းလိုက်ပြီး ခေါင်းငုံ့နေသော သူမကို ကြည့်လိုက်သည်။ "ဒီရထားက မနက်ဖြန် မနက် ၉ နာရီမှ ရောက်မှာ။ ပင်ပန်းရင် ခဏ လှဲအိပ်လို့ ရတယ်။”
ကျန်းနျန် ခေါင်းညိတ်ပြလိုက်သော်လည်း ထိုင်မြဲ ထိုင်နေခဲ့သည်။
လုယွီက ရေနွေး သွားယူ၏။ လူများ တဖြည်းဖြည်း တက်လာသည်နှင့်အမျှ ရထားတွဲသည်လည်း လူစည်ကားလာသည်။ ရထားသည် ခေတ်ဟောင်း အစိမ်းရောင် ရထား ဖြစ်သော်လည်း တစ်ညလုံး ထိုင်သွားရခြင်းထက် ကုတင်ပါခြင်းသည် ကံကောင်းခြင်းတစ်ပါးပင်။
ကျန်းနျန်လည်း ကုတင်ပေါ် လှဲလျောင်းလိုက်ပြီး မျက်လုံးများ မှိတ်ကာ အိပ်ချင်ယောင် ဆောင်လျက် ပတ်ဝန်းကျင်မှ သီးသန့်နေရန် ကြိုးစားလိုက်သည်။ ရထားသံမှာ ကျယ်လောင်နေ၏။ ညနေစောင်းသောအခါ ရထားတွဲအတွင်း မီးများ လင်းလာသည်။ လုယွီသည် သူ၏ အိတ်ထဲမှ ဆားရည်စိမ် ဟင်းသီးဟင်းရွက်နှင့် ပေါက်စီများကို ထုတ်ယူပြီး ကျန်းနျန်အား ပြောလိုက်သည်။ "ဒီညတော့ ဒါနဲ့ပဲ ရောင့်ရဲလိုက်ပါ။ မနက်ကျရင် ရောက်ပါပြီ။”
ကျန်းနျန်သည် ပေါက်စီကို ယူလိုက်ပြီး "ဒါတောင်မှ တော်တော် ကောင်းနေပါပြီ" ဟု ပြောလိုက်သည်။ သူမအတွက် စားချင်စဖွယ် မရှိသော်လည်း မူလပိုင်ရှင်အတွက်မူ အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ မူလပိုင်ရှင်သည် ကြီးပြင်းလာစဉ်အတွင်း အဖြူရောင် ပေါက်စီကို စားရခဲသူပင်။ စားပြီးနောက် လုယွီ လှမ်းပေးသော ရေနွေးတစ်ခွက်ကို သောက်ပြီး ပြန်အိပ်လိုက်သည်။
သူမသည် ကူးပြောင်းလာပြီးကတည်းက အမြဲတမ်း စားပြီး အိပ်နေရသဖြင့် ဝက်ကဲ့သို့ နေထိုင်နေရသလိုပင် ခံစားနေရ၏။
ရထားသည် နောက်တစ်နေ့ မနက် ၉ နာရီတွင် ရောက်ရှိသည်။
လုယွီသည် ကျန်းနျန်ကို ဦးဆောင်ကာ ရထားဘူတာမှ ထွက်လာခဲ့သည်။ အဝေးမှ တစ်စုံတစ်ဦးက သူတို့ကို လက်ဝှေ့ယမ်းပြနေသည်။ "ဒုတိယတပ်မှူးလု၊ ဒုတိယတပ်မှူးလု။”
ထိုသူသည် လုယွီ၏ တပ်မှ ကျွူးကျွင်းဟူသော စစ်သားတစ်ဦးပင်။ သူက ပြေးလာပြီး လုယွီသည် မျက်မှောင်ကြုတ်လိုက်သည်။ "ဒီအချိန်ဆို မင်း လေ့ကျင့်ရေး လုပ်နေရမှာ။ ဘာလို့ ဒီမှာ ရှိနေတာလဲ။”
ကျွင်းကျွင်းက ပြုံးလိုက်သည်။ "တပ်မှူးစုန့်က ခင်ဗျား ဒီနေ့ ပြန်လာမယ့်အကြောင်း သိလို့ ကျွန်တော့်ကို လာကြိုခိုင်းလိုက်တာပါ။"
သူသည် လုယွီဘေးတွင် ရပ်နေသည့် ခေါင်းကို ပတ်တီးစည်းထားပြီး ခေါင်းငုံ့ထားသော အမျိုးသမီးကို ကြည့်လိုက်သည်။ သူသည် လုယွီကို မေးခွန်းထုတ်သည့် သဘောဖြင့် ကြည့်လိုက်သည်။ "ဒုတိယတပ်မှူးလု၊ မိတ်ဆက်မပေးတော့ဘူးလား။”
ဒုတိယတပ်မှူးလုနှင့်အတူ အမျိုးသမီးတစ်ဦးကို မြင်ရသည်မှာ ရှားပါးသဖြင့် ထိုသူက စိတ်ဝင်စားနေခြင်းပင်။
လုယွီက ပြောသည်။ “ဒါက ငါ့မရီးပါ။”
ကျွူးကျွင်း၏ မျက်နှာအမူအရာမှာ ပြောင်းသွားသည်။ ဒုတိယတပ်မှူးလု၏ မရီးအကြောင်း သူ သိသည်။ ဒုတိယတပ်မှူးလုသည် ဈာပနအတွက် ပြန်သွားခဲ့ခြင်းပင်။ သူ၏ မိသားစုသည် လွန်ခဲ့သောနှစ်များကပင် သူ၏ အဖေ ကွယ်လွန်ခဲ့ပြီးဖြစ်ကာ ယခု သူ၏ အစ်ကို သေဆုံးသွားသဖြင့် မုဆိုးမတစ်ဦးသာ ကျန်ရစ်ခဲ့သည်။ လုယွီသည် သူမကို တစ်ယောက်တည်း ထားခဲ့ရန် မလိုလားသဖြင့် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်လိမ့်မည်။
သူထွက်ခွာမသွားခင် မိသားစုဝင်တစ်ဦး ဤတပ်ထဲသို့ ခေါ်လာမည်ဟု ပြောကာ အိမ်ဝိုင်းတစ်ခုအတွက် ခွင့်ပြုချက်တောင်းခဲ့သည်မှာ အံ့ဩစရာမရှိပေ။
ကျူးကျွင်းက ပြောလိုက်သည်။ "မရီး မင်္ဂလာပါ။ ကျွန်တော့်နာမည်က ကျူးကျွင်းပါ"
ကျန်းနျန် ခေါင်းကို မော့ကာ ပြုံးရန် ပြင်လိုက်သော်လည်း မူလပိုင်ရှင်၏ ကြောက်ရွံ့တတ်သည်ကို သတိရလိုက်ပြီး ခေါင်းကို အလျင်အမြန် ငုံ့ကာ ပြောလိုက်သည်။"ကျွန်မ နာမည်က ကျန်းနျန်ပါ"
ကျန်းနျန်ကမူ ခဏတာမျှသာ ခေါင်းမော့ခဲ့သော်လည်း ကျွင်းကျွင်းမှာ သူမ၏ ဖြူစွတ်သော အသားအရေ၊ ကွေးညွတ်နေသော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများကို သတိထားမိလိုက်သည်။ မပြုံးလျှင်တောင် သူမသည် လှပနေ၏။ သူမသာ သူ၏ မရီးဖြစ်ပါက သူလည်း သူမကို တစ်ယောက်တည်း ထားခဲ့ရန် စိတ်မသက်သာဖြစ်မည်ကို နားလည်လိုက်သည်။
လုယွီနှင့် ကျူးကျွင်းတို့သည် စကားပြောရင်း ရထားဘူတာမှ ထွက်လာကြသည်။ ထို့နောက် သုံးဦးသား ခေတ်ဟောင်း ဂျစ်ကား တစ်စီးပေါ် တက်၍ စစ်တပ်အခြေစိုက်စခန်းသို့ ဦးတည် ထွက်ခွာခဲ့ကြသည်။
စစ်တပ်အခြေစိုက်စခန်းသည် မြို့နှင့် ဝေးကွာသဖြင့် ရောက်ရှိရန် လေးနာရီ ကြာခဲ့သည်။ ကားပြန်အပ်ရန် လိုအပ်သည့်အတွက် ကျူးကျွင်းက အရင်ထွက်သွား၏။ လုယွီသည် သူ၏ အိတ်ကြီးကို လွယ်ကာ ကျန်းနျန်ကို ဦးဆောင်ပြီး မိသားစုတန်းလျား ဆီသို့ လမ်းလျှောက်ခဲ့သည်။
လမ်းလျှောက်နေစဉ် ကျန်းနျန်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။ စခန်း၏ စနစ်တကျ ဖွဲ့စည်းထားမှုကို သတိပြုမိပြီး စစ်သားများ လေ့ကျင့်နေသည့် အားကောင်းပြင်းပြသော အသံများကိုလည်း ကြားနေရသည်။ သူတို့ ဆက်လျှောက်သွားသောအခါ မိသားစုတန်းလျားကို မြင်လာရ၏။
တန်းစီ စီစဉ်ထားသော ဝင်းငယ်လေးများသည် လမ်းဘေးတွင် တည်ရှိနေသည်။ စစ်သည်ဇနီးသည် နှစ်ယောက် သို့မဟုတ် သုံးယောက်တို့ လမ်းပေါ်တွင် အတူတကွ လမ်းလျှောက်နေကြသည်။ လုယွီကို ရင်းနှီးသည့် အမျိုးသမီးတစ်ဦးက သူ၏ နောက်မှ လိုက်လာသည့် အမျိုးသမီးကို သတိပြုမိပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ဒုတိယတပ်မှူးလု၊ ဒါက ဘယ်သူလဲ။”
စကားမြန်သော စစ်သည်ဇနီးတစ်ဦးက ဝင်ပြောလိုက်သည်။ "မေးဖို့တောင် လိုသေးလား။ ဒုတိယတပ်မှူးလု ခေါ်လာတဲ့ ဇနီးအသစ် ဖြစ်မှာပေါ့။”
"မဖြစ်နိုင်တာ။" ပထမ အမျိုးသမီးက သူမကို တံတောင်နှင့် တွန်းလိုက်သည်။ "ဒုတိယတပ်မှူးလုက ဈာပန အတွက် အိမ်ပြန်သွားတာ၊ မင်္ဂလာဆောင် အတွက် မဟုတ်ဘူး။”
ကျန်းနျန် - …
မျှော်လင့်ထားသည့်အတိုင်း အတင်းအဖျင်းများက နေရာတိုင်းတွင် ရှိနေဆဲပင်။
လုယွီသည် ကျန်းနျန် စိတ်မသက်မသာ ဖြစ်မည်ကို စိုးရိမ်သဖြင့် ဖန့်မိန်ကို ကြည့်၍ ရှင်းပြလိုက်သည်။ "အစ်မ၊ အထင်မလွဲပါနဲ့။ ဒါက ကျွန်တော့် မရီးပါ။ ရှု့မိသားစုက လူတွေ အကုန်မရှိတော့ဘူး။ မရီးတစ်ယောက်တည်း အိမ်မှာ နေရတာ မလုံခြုံတာမို့ သူမကို ဒီက မိသားစုတန်းလျားကို ခေါ်လာခဲ့တာပါ။ အိမ်နီးချင်းတွေက ကြည့်ရှုပေးနိုင်ရင် ကျွန်တော်လည်း စိတ်ချရတယ်လေ။”
ဖန့်မိန်သည် ဒုတိယတပ်မှူးလု၏ မရီးဖြစ်ကြောင်း သိလိုက်ရသောအခါ သူမသည် မည်သူ၏ ဇနီးဖြစ်သည်ကို သိလိုက်၏။ သူမသည် အတင်းအဖျင်း ပြောနေသည့် အမျိုးသမီးကို စူးစိုက်ကြည့်လိုက်ပြီး လုယွီဘက်သို့ လှည့်လိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျူးကျွင်းတို့ အဖွဲ့ ဝင်းခြံကို သန့်ရှင်းရေး လုပ်နေတုန်းက ဘာလို့ ဘေးက ဝင်းခြံကို လိုအပ်တာလဲလို့ မေးခဲ့သေးတယ်။ အခုမှပဲ မင်းမရီးအတွက် ဆိုတာ သိရတော့တယ်။”
သူမသည် ခေါင်းငုံ့ပြီး မည်သူ့ကိုမှ နှုတ်ဆက်ခြင်း မရှိသည့် ကျန်းနျန်ကို တစ်ချက်ကြည့်လိုက်သည်။ ဖန့်မိန်သည် သူမ၏ အခြေအနေကို နားလည်သဖြင့် စကားပြောရန် အတင်းအကျပ် မတိုက်တွန်းတော့ပေ။ "မင်း မရီးကို အိမ်ကို မြန်မြန် ခေါ်သွာလိုက်လေ။”
လုယွီ ခေါင်းညိတ်ပြီး ကျန်းနျန်ကို ခေါ်သွားလိုက်သည်။
လုယွီ လက်ထပ်ခဲ့သည်ဟု အစောပိုင်းက ထင်မြင်ခဲ့သည့် အမျိုးသမီး ခန်ရှို့သည် လုယွီနောက်မှ နာခံစွာ လိုက်ပါလာသော ကျန်းနျန်ကို ကြည့်လိုက်ပြီး ဖန့်မိန်ဘက်သို့ လှည့်လိုက်သည်။ "သူမ ဘယ်လောက်တောင် စိတ်မချမ်းမြေ့စရာကောင်းလဲ ကြည့်ပါဦး။”
ဖန့်မိန်က သူမကို စူးစိုက်ကြည့်လိုက်သည်။ "မင်းက ဘာဖြစ်စေချင်နေတာလဲ။ သူ့ယောကျ်ားက ခုမှ ဆုံးတာ။ လူတိုင်းကို ပြုံးပြနေရမှာလား။”
အခြား စစ်သည်ဇနီးများက ရယ်မောကြပြီး ခန်ရှို့ကို ဝိုင်း၍ ဆူပူကြသည်။
"မုဆိုးမတစ်ယောက်ကို ဘာလို့ သွားစနေရတာလဲ။”
"ဟုတ်တယ်၊ သူ့အတွက် မလွယ်ဘူးလေ။”
"ကိုယ့်အလုပ် ကိုယ်လုပ်၊ အတင်းအဖျင်း ပြောတာ ရပ်တော့။”
လူတိုင်းက ဝိုင်းပြောကြသဖြင့် ခန်ရှို့ မျက်နှာ နီရဲလာပြီး ရှက်ရွံ့စွာဖြင့် တိတ်ဆိတ်နေတော့သည်။
လုယွီသည် ဝင်းငယ်လေး၏ ဂိတ်တံခါးကို ဖွင့်လိုက်သည်။ ကျန်းနျန်ကမူ သူ့နောက်မှ လိုက်ဝင်သွားပြီး အတွင်းကို အမြန်ကြည့်လိုက်သည်။ ဝင်းခြံတွင် နိမ့်သော နံရံသုံးခု၊ အရှေ့ဘက်တွင် အခန်းနှစ်ခန်းနှင့် တောင်ဘက်တွင် အခန်းနှစ်ခန်း ရှိသည်။ အပြင်ဘက်မှ ကြည့်လျှင် တစ်ခန်းမှာ မီးဖိုချောင် ဖြစ်ပြီး ကျန်တစ်ခန်းမှာ အိပ်ခန်း ဖြစ်သည်က ထင်ရှားသည်။ မီးဖိုချောင်အနီးတွင် ရေတွင်း တစ်ခု ရှိသည်။ ဝင်းခြံကို ကြိုတင် သန့်ရှင်းရေး လုပ်ထားသဖြင့် အတော်လေး သပ်ရပ်သည်။
လုယွီ ပြောလိုက်သည်။ "မရီး ခင်ဗျားက အရှေ့ဘက်က ပထမအခန်းမှာ အိပ်ပါ။ ကျွန်တော်ကတော့ မီးဖိုချောင်ဘေးက အခန်းမှာ အိပ်လိုက်မယ်။ မင်း ဒဏ်ရာတွေ ပျောက်သွားရင် ကျွန်တော် အိပ်ဆောင်ကို ပြောင်းသွားလိုက်မယ်"
သူသည် ကျန်းနျန်၏ ပစ္စည်းများကို စစ်စိမ်းရောင် အိတ်ကြီးမှ ထုတ်ယူလိုက်သည်။ "မလာခင်တည်းက ကျူးကျွင်းတို့ကို ပိုက်ဆံ ပေးခဲ့တာ။ သူတို့ လိုအပ်တာတွေ အကုန်ဝယ်ထားပြီးပြီ။ ဒါကြောင့် မရီး အခန်းထဲ သွားပြီး အနားယူလိုက်ပါ။”
ကျန်းနျန် ခေါင်းညိတ်ပြီး လုယွီ လှမ်းပေးသော အဝတ်အိတ်ကို ယူကာ အရှေ့ဘက်မှ ပထမအခန်းသို့ သွားလိုက်သည်။ သူတို့ အတူနေထိုင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အတင်းအဖျင်းများကို ရှောင်ရှားလိုသော သူမ လုယွီ၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။
သူမ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရသေး၊ ဘေးချင်းကပ်ဝင်းခြံမှ ဆူညံသံ တစ်ခုကို ကြားလိုက်ရသည်။ အမျိုးသမီးတစ်ဦး၏ စူးရှသော အသံက နံရံကို ထိုးဖောက်လာပြီး သူမ၏ စကားများသည် ဒေါသနှင့် ဆဲဆိုမှုများဖြင့် ပြည့်နှက်နေသည်။
"လျိုချမ့်၊ ခွေးကောင်။ ငါ နင့်ကို အသေရိုက်မယ်။ ရှင် ကျန့်ဟုန်နဲ့ ဖောက်ပြန်ရဲတယ်ပေါ့လေ။ ရှင် အဖွဲ့ကို သွားကြွားလိုက်လေ။ ရှင်ဆိုတဲ့ လျိုချမ့်က တခြားယောကျ်ားတွေရဲ့ မိန်းမကို မျက်စိကျနေတဲ့ သစ္စာမရှိတဲ့ ခွေးလို့ သွားကြွားလိုက်။”
"မင်း ဆက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေရင် ငါ တကယ် ရိုက်မိလိမ့်မယ်။”
"လာလေ၊ ရိုက်လေ။ အခု ဘယ်သူက သူရဲဘောကြောင်နေလဲ ကြည့်ရအောင်။”
ရန်ဖြစ်သံများမှာ ပို၍ ကျယ်လောင်လာသည်။
အပြင်ဘက်မှ ခြေသံများသည် ဘေးချင်းကပ် ဝင်းခြံသို့ ချဉ်းကပ်လာသည်။ သူတို့သည် အဆိုပါ မြင်ကွင်းကို စိတ်အားထက်သန်စွာ ကြည့်ရှုလိုသော ကလေးများနှင့် အိမ်နီးချင်း အမျိုးသမီးများ ဖြစ်ကြသည်။ ဗိုလ်ကြီးလျို၏ မိသားစုသည် ရက်အနည်းငယ်ခြား၍ တစ်ကြိမ် ရန်ဖြစ်လေ့ရှိကြောင်း လူတိုင်း သိကြသည်။ ငြိမ်းချမ်းသော အချိန်ဟူ၍ မရှိသလောက်ပင်။
တံခါးပိတ်ထားသဖြင့် ကျန်းနျန်သည် အပြင်ဘက်ကို မမြင်ရသော်လည်း လျိုချမ့်၏ မိသားစု ထပ်မံ ရန်ဖြစ်ပြန်ပြီဟု ပြောနေကြသော ကလေးများနှင့် အမျိုးသမီးများ၏ စကားသံကို ကြားနေရသည်။
လုယွီကမူ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အိတ်ကို ချထားလိုက်သည်။ "ကျွန်တော် သွားကြည့်လိုက်ဦးမယ်။"
ကျန်းနျန်သည် သူမ၏ အဝတ်အိတ်ကို ပွေ့ဖက်ရင်း ခေါင်းညိတ်ပြလိုက်သည်။ လုယွီ ထွက်သွားပြီးနောက် သူမ၏ တောက်ပသော မျက်လုံးများကို မော့လိုက်ပြီး နံရံဆီသို့ အလျင်အမြန် သွားလိုက်သည်။ သူမသည် ထောင့်တွင် သစ်ပင်ငုတ်တိုတစ်ခုကို တွေ့လိုက်ရသဖြင့် ၎င်းကို ခြေထောက်အောက်တွင် ချကာ နံရံပေါ်မှ ငုံ့ကြည့်၍ ဆူညံသံကို ကြည့်လိုက်သည်။
သူမ မနေနိုင်တော့ဘဲ စပ်စုချင်နေခဲ့သည်။
ဘေးချင်းကပ် ဝင်းခြံ၌ ဗိုလ်ကြီးလျို၏ မျက်နှာတွင် ရှု့ယန်ကြောင့် ခြစ်ရာများစွာ ရနေသည်။ လုယွီ ဝင်ရောက်၍ သူတို့ကို ခွဲလိုက်သည်။ သူ့ကို မြင်သောအခါ အသက်ကြီးသော အမျိုးသမီးနှစ်ဦးလည်း အခြေအနေကို ငြိမ်သက်အောင် ကူညီရန် ဝင်လာကြသည်။ ဝင်းခြံသည် လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဆံပင်များ ဖရိုဖရဲဖြစ်ကာ အဝတ်အစားများ ရှုပ်ပွနေသော ရှု့ယန်သည် ငိုယိုရင်း ဆဲဆိုသည်။ "နင့်လျို့မိသားစုအတွက် သားတစ်ယောက် မွေးပေးခဲ့တာကို၊ နင်က ငါ့နောက်ကွယ်မှာ ကျန့်ဟုန်နဲ့ ဖောက်ပြန်တယ်။ တခြားသူတွေ မရှိရင် နင်တို့ နှစ်ယောက် အိပ်ယာထဲ ရောက်သွားကြမှာမလား။”
သူမ၏ စကားများ ပို၍ ရိုင်းပြလာ၏။
ဒေါသထွက်နေသော လျိုချမ့်သည် ရှု့ယန်၏ နှာခေါင်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ "မင်း ဒီအတိုင်း ဆက်ပြောနေမယ်ဆိုရင် မင်းပါးစပ်ကို ဆွဲဖြဲပစ်မယ်။”
ရှု့ယန်သည် မကြောက်မရွံ့ ရင်ဘတ်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ "လာလေ၊ ဆွဲဖြဲလိုက်လေ။ နင် လုပ်ရဲလား ကြည့်ရအောင်။”
အသက်ကြီးသော အမျိုးသမီးနှစ်ဦးသည် ရှု့ယန်ကို ဆွဲထားပြီး လုယွီသည် လျိုချမ့်ကို ထိန်းချုပ်ထားကာ ဇနီးမောင်နှံကို ကြားဝင်စေ့စပ်ပေးရန် ကြိုးစားနေသည်။
ကျန်းနျန်သည် လုယွီက လျိုချမ့်အား ပြင်းပြင်းထန်ထန် ဆုံးမနေသည်ကို နားထောင်ရင်း ရှု့ယန်၏ လျိုချမ့်နှင့် ကျန့်ဟုန်တို့၏ အတိတ်က အမှားများကို မရပ်မနား စွပ်စွဲနေပုံကို နားထောင်နေသည်။ သူမ စိတ်ဝင်တစား ကြည့်နေစဉ် ရုတ်တရက် လုယွီ၏ မျက်လုံးများက သူမဘက်သို့ လှည့်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။
ကျန်းနျန် - …
သူမ အလျင်အမြန် ကိုယ်ကို ငုံ့လိုက်ပြီး သစ်ပင်ငုတ်တိုပေါ်မှ ခုန်ဆင်းကာ အရှေ့ဘက်ရှိ ပထမအခန်းဆီသို့ ပြေးဝင်သွားတော့သည်။