Ch 3
Viewers 5k

၇၀ ခုနှစ်က မုဆိုးမလေး


အပိုင်း ၃




“မရီး၊ ဘာပြောချင်လို့လဲ၊ ပြောပါ။”



လုယွီသည် ရေပုံးကို မြေပေါ် ချလိုက်ပြီး ရေတစ်ပုံး ထပ်ယူကာ အိုးကြီးထဲသို့ လောင်းထည့်လိုက်သည်။ ရေကျသံသည် ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲ‌နေ၏။ သူသည် ရေပုံးကို ချလိုက်ပြီး နောက်လှည့်ကာ တံခါးအပြင်ဘက်တွင် ရပ်နေသော ကျန်းနျန်ကို ကြည့်လာသည်။



“ကျွန်မတို့ နောက်ထပ် ရက်အနည်းငယ် နေလို့ မရဘူးလား” သူမ ယာယီ ဆင်ခြေတစ်ခု ပေးလိုက်သည်။ “ကျွန်မ ခေါင်းတွေ အရမ်းကိုက်နေလို့ပါ။”



လုယွီ ပြန်ဖြေလိုက်သည်။ “သည်းခံပေးပါဦး။ ရွာမှာ အခြေအနေက အကန့်အသတ် ရှိတယ်။ ကျွန်တော်တို့ စစ်တပ်ကို ပြန်ရောက်တာနဲ့ ဆေးရုံမှာ သေချာစစ်ဆေးပြီး အနားယူခွင့် ပေးပါ့မယ်။ ပြီးတော့ ခေါင်းဆောင်က ကျွန်တော့်ကို ငါးရက်ပဲ ခွင့်ရက်ပေးထားတာမို့ နောက်ကျပြီး ပြန်လို့ မရလို့ပါ။”



လုယွီက ဤသို့ပြောလာသည့်အတွက် သူမလည်း ဆက်ပြီး မငြင်းခုံနိုင်တော့ဘဲ ခေါင်းကို အသာအယာ ညိတ်လိုက်ရလေတော့သည်။ “ဒါဆိုရင် ရှင့်စကား နားထောင်ပါ့မယ်။”



ကျန်းနျန်သည် အိမ်ထဲသို့ ပြန်ဝင်လာပြီး ခုံပုလေး ပေါ် ထိုင်ကာ ရေနံဆီမီးခွက်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။



တံခါးအပြင်ဘက်မှ ခြေသံများ ကြားလိုက်ရ၏။ သူမ မော့ကြည့်လိုက်ရာ မူလပိုင်ရှင် သုံးသော ရေချိုးဇလုံနှင့် ရေနွေးတစ်ပုံးကို ကိုင်ဆောင်ကာ ဝင်လာသော လုယွီကို တွေ့လိုက်ရသည်။ သူသည် ကျန်းနျန်ကို တစ်ချက်မျှ ကြည့်ပြီး မျက်လုံးကို အရှက်ပြေ လွှဲလိုက်ကာ ဇလုံကို မြေပေါ် ချလျက် ရေလောင်းထည့်လိုက်သည်။ ဇလုံတစ်ဝက်ပြည့်ရန် သူ နှစ်ကြိမ်လောက် သွားလိုက်ပြန်လိုက် လုပ်ခဲ့သည်။



“ရေအပူချိန်ကို စမ်းကြည့်ပါဦး။ မပူသေးဘူးဆိုရင် ရေနွေးထပ်ထည့်ပေးမယ်။”



ကျန်းနျန် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ခုံပုကို ရေချိုးဇလုံနှင့် ပိုနီးအောင် ရွှေ့လိုက်ကာ သူမ၏ လက်ဖြင့် ရေကို စမ်းကြည့်လိုက်ရာ အပူချိန်က အတော်ပဲ ဖြစ်သည်။ သူမ ရေထဲတွင် လက်ကို လှုပ်လိုက်ပြီး ခေါင်းငုံ့ကာ ဖြေလိုက်သည်။ “အပူချိန်က အနေတော်ပါပဲ။”



ထို့နောက် နှုတ်ခမ်းကို ထပ်ကိုက်ပြီး “ကျေးဇူးတင်ပါတယ်” ဟု ခက်ခက်ခဲခဲ ပြောလိုက်သည်။



လုယွီသည် ရေပုံးကို အလျင်အမြန် ကောက်ယူကာ တံခါးကို ပိတ်ပြီး ထွက်သွားခဲ့သည်။



ကျန်းနျန် ထရပ်ပြီး တံခါးကို သော့ခတ်လိုက်၏။ သူမ ရေချိုးဇလုံဆီ လျှောက်သွားပြီး မျက်ရည်များဖြင့် ရေဇလုံကြီးကို ကြည့်လိုက်သည်။ အခန်းသည် ရေနံဆီမီးခွက်ဖြင့် လင်းနေပြီး ရေမျက်နှာပြင်သည် မှန်ကဲ့သို့ ငြိမ်သက်နေသည်။ သူမ ရေထဲတွင် ထင်ဟပ်နေသော သူမ၏ ပုံရိပ်ကို ကြည့်ရန် ကိုင်းညွှတ်လိုက်ရာ မူလပိုင်ရှင်၏ မျက်နှာသည် သူမနှင့် တူနေသည်ကို တွေ့ရှိရပြီး မူလပိုင်ရှင်မှာ ပို၍ပိန်နေသည်။



မူလပိုင်ရှင်သည် ရှု့မိသားစုသို့ လက်ထပ်ပြီးနောက် ကျန်းမိသားစုတွင် လုပ်ခဲ့ရသကဲ့သို့ နေ့စဉ် လယ်လုပ်စရာ မလိုတော့ဘဲ နှစ်များကြာလာသည်နှင့်အမျှ အသားအရည်မှာ ပို၍ဖြူလာခဲ့သည်။



 ကျန်းနျန် ရေချိုးပြီးနောက် လန်းဆန်းသွားခဲ့သည်။ သူမ သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ပြီး တံခါးဖွင့်ကာ အပြင်ထွက်လိုက်ရာ တံခါးဝမှ ဝင်လာသော လုယွီကို အချိန်မီ တွေ့လိုက်ရသည်။ သူသည် စစ်ဝတ်စုံကို ချွတ်ထားပြီး အဖြူရောင်ရှပ်အင်္ကျီနှင့် စစ်စိမ်းရောင်ဘောင်းဘီကို ဝတ်ဆင်ထား၏။ သူ့ လက်ထဲတွင် တံခါးဂျက် တစ်ခုကို ကိုင်ထားပြီး တံခါးထဲသို့ ထည့်လိုက်သည်။



ကျန်းနျန် အပြင်မှာ ရပ်နေသည်ကို မြင်သောအခါ လုယွီသည် သူမအခန်းထဲသို့ ခြေလှမ်းကြဲဖြင့် ဝင်လာပြီး အင်္ကျီလက်များကို ခေါက်တင်ကာ ကိုင်းညွှတ်၍ ရေချိုးဇလုံအား အလွယ်တကူ မ,လိုက်သည်ကို မြင်သောအခါကျန်းနျန်  သူ့ခွန်အားကို ချီးကျူးမိသည်။



သူမသာဆိုလျှင် ရေကို တစ်ခွက်ချင်းစီ ခပ်ထုတ်ရလိမ့်မည်။



လုယွီသည် ရေကို ခြံဝန်းထဲသို့ လောင်းလိုက်ပြီး ကျန်းနျန်ကို ကျောခိုင်းကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။ “နောက်ကျနေပြီ၊ အိပ်တော့လေ။ ဆရာဝန်က သက်သာဖို့ အနားယူဖို့ လိုတယ်လို့ ပြောထားတယ်။”



ကျန်းနျန်လည်း “ဟုတ်ကဲ့” ဟု ပြန်ဖြေလိုက်သည်။



သူမ အိမ်ထဲသို့ ပြန်လှည့်ဝင်ကာ အိပ်ခန်းတံခါးကို ပိတ်ပြီး အိပ်ရာပေါ် လှဲချလိုက်သည်။



၎င်းသည် ဇူလိုင်လ၏ အပူဆုံးအချိန် ဖြစ်သည်။ ကျန်းနျန်သည် ပြတင်းပေါက်ဖွင့်၍ အိပ်ပြီး အပြင်ဘက်မှ အင်းဆက်ပိုးမွှားများနှင့် ဖားသံများကို နားထောင်နေလေသည်။ သူမ မော့ကြည့်လိုက်ရာ ကြယ်အပြည့်နှင့် ကောင်းကင်ကို မြင်လိုက်ရပြီး ထိုအချိန်အခိုက်အတန့်သည် အထူးတလည် ငြိမ်းချမ်းပြီး လှပနေသည်ကို တွေ့လိုက်ရသည်။



သူမသည် တစ်ရက်နှင့် တစ်ညတာနီးပါး အိပ်စက်ထားသောကြောင့် အခုချိန်တွင် အိပ်မပျော်သေးပေ။ သူမ၏ စိတ်ထဲတွင် စာအုပ်ထဲမှ ဇာတ်လမ်းကိုသာ ဆက်တိုက် စဉ်းစားနေမိ၏။ အမျိုးသားဇာတ်လိုက်သည် ယခုအခါ စစ်တပ်၏ ဒုတိယတပ်မှူး ဖြစ်နေပြီ။ မူလပိုင်ရှင်၏ ဈာပနကို ဆောင်ရွက်ပြီးနောက် သူသည် ရထားဖြင့် စစ်တပ်သို့ ပြန်သွားမည်ဖြစ်ပြီး ထိုနေရာတွင် အမျိုးသမီးဇာတ်လိုက်နှင့် တွေ့ဆုံလိမ့်မည်။ အမျိုးသမီးဇာတ်လိုက်သည် ထိုအချိန်က မိတ်ဆက်စာဖြင့် စစ်ဆေးရုံသို့ အစီရင်ခံ တင်ပြနေသူဖြစ်သည်။ သူတို့နှစ်ဦးသည် ပျော်ရွှင်စွာ စကားပြောဆိုကြပြီး ခရိုင်တူမှ ဖြစ်ကြောင်း သိရှိကာ အချင်းချင်း ချစ်ကျွမ်းဝင်သွားကြသည်။



သို့သော် ယခုမူ အမျိုးသားဇာတ်လိုက်သည် စောပြန်လာရသောကြောင့် အမျိုးသမီးဇာတ်လိုက်နှင့် တွေ့ဆုံမည့် ဇာတ်လမ်းက ဖြစ်လာတော့မည်မဟုတ်ချေ။



သို့သော် အမျိုးသမီးဇာတ်လိုက်သည် စစ်ဆေးရုံတွင် အလုပ်လုပ်နေသောကြောင့် အမျိုးသားဇာတ်လိုက် စစ်တပ်သို့ ပြန်ရောက်သည့်အခါတွင်လည်း တွေ့ဆုံနိုင်ပြီး ဇာတ်လမ်းသည် တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ရောက်လာနိုင်သည်။ သူမလည်း သူမ၏ မူလနေရာသို့ ပြန်သွားရန် နည်းလမ်းရှာရဦးမည်။



သူမသည် သူမ၏ နူးညံ့သော အိပ်ရာ၊ ဖုန်း၊ လေအေးပေးစက်နှင့် အပြင်စာများကို အလွန်တရာ လွမ်းဆွတ် နေချေပြီ…



ကျန်းနျန်သည် တဖြည်းဖြည်း အိပ်ပျော်သွားပြီး ညသန်းခေါင်ယံတွင် ရေကျသံကြောင့် လန့်နိုးလာခဲ့သည်။ မိုးရွာနေသည်ဟု ထင်ပြီး သူမ ထထိုင်ကာ ပြတင်းပေါက်မှ ချောင်းကြည့်လိုက်ရာ လုယွီ အင်္ကျီမပါဘဲ ရေတွင်းဘေးတွင် ရပ်နေကာ ရေအေးတစ်ပုံးကို ခေါင်းပေါ် လောင်းချလိုက်ပြီး မျာက်နှာသုတ်ပဝါဖြင့် သုတ်နေသည်အား တွေ့လိုက်ရ၏။



သူသည် ပြတင်းပေါက်ကို ကျောခိုင်းထားပြီး အမှောင်ထဲတွင်ပင် ကျန်းနျန်မှာ သူ၏ ကြွက်သားများနှင့် ကျောပြင်ကို မြင်နိုင်သည်။ ချောမွေ့ ပြီး သန်မာသော လိုင်းများက ဖုန်းပေါ်တွင် သူမ မြင်ဖူးသမျှ အပြည့်စုံဆုံး ခန္ဓာကိုယ်နှင့် ဆင်နေသည်။



လုယွီ လှည့်လာတော့မည်ဟု ခံစားမိသောအခါ ကျန်းနျန် လျင်မြန်စွာ ပြန်လှဲချလိုက်ပြီး ပြတင်းပေါက်ကို ကျောခိုင်းလျက် မျက်လုံးများကို အတင်းမှိတ်လိုက်သည်။



သူမစိတ်ထဲတွင် ထပ်ခါတလဲလဲ ပြောနေခဲ့သည်။ ငါ ရည်ရွယ်ချက်ရှိရှိ ချောင်းမကြည့်ခဲ့တာ မဟုတ်ဘူး။



ခြံဝန်းအပြင်ဘက်တွင် လုယွီသည် ကိုယ်ကို ပေါ့ပေါ့ပါးပါး သုတ်ပြီး အဝတ်အစားများ ဝတ်ကာ ရေနံဆီမီးခွက်အား ကောက်ယူလျက် သူ၏ အခန်းသို့ ပြန်သွားသည်။ သူသည် ကျန်းနျန်၏ ပြတင်းပေါက် ပွင့်နေသည်ကို တစ်ချက်မျှ ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကာ သူ့ကိုယ်သူ သံသယများလွန်နေသည်ဟုသာ တွေးလိုက်သည်။



ညသန်းခေါင်းတောင် ရောက်နေပြီ။ သူမ အိပ်ပျော်နေလောက်ပြီ။



ဤအချိန်ကို ရွေးချယ်ကာ ရေတွင်းမှ ရေခပ်၍ ရေချိုးခြင်းမှာ တစ်ယောက်ပြီးတစ်ယောက် ရေချိုးရင်း အဆင်မပြေမှုကို ရှောင်ရှားနိုင်ရန်ပင်။



ကျန်းနျန်သည် တစ်ညလုံး အိပ်တစ်ဝက်၊ နိုးတစ်ဝက် ဖြစ်နေခဲ့သည်။ မိုးသောက်ယံတွင် အပြင်ဘက်မှ ခြေသံများ သွားလာနေသည်ကို ကြားလိုက်ရသည်။ လုယွီဖြစ်နေမည်မှာ သူမ စဉ်းစားရန်ပင် မလိုချေ။



ကျန်းနျန်လည်း လူနာအဖြစ် အခွင့်အရေးယူကာ အိပ်ရာထက်တွင် ခဏကြာကြာ အချိန်ဆွဲပြီးမှ ထလာလိုက်သည်။



သွားတိုက် မျက်နှာသစ်ပြီးနောက် လုယွီသည် နံနက်စာ ပြင်ဆင်ပြီးနေပြီကို သူမ တွေ့လိုက်ရသည်။ သူသည် အသားနှင့် ဂေါ်ဖီထုပ်ကြော် တစ်ပန်းကန်၊ အသားနှင့် အာလူးကြော်တစ်ပန်းကန်၊ ဆန်ပြုတ်နှင့် ပေါက်စီပူပူများ ပြင်ဆင်ထား၏။ 



မူလပိုင်ရှင်၏ မှတ်ဉာဏ်မှတစ်ဆင့် အသားသည် စျေးကြီးပြီး အသားကူပွန် လိုကြောင်း၊ ပေါက်စီဖြူသည် လူအများစု တတ်နိုင်ခြင်းမရှိသော ဇိမ်ခံအစားအစာတစ်ခုဖြစ်ကြောင်း သူမ သိထားသည်။ မနေ့ညကနှင့် ယနေ့နံနက် စားသော ဤအစားအစာများသည် ငွေကြေး အတော်အတန် ကုန်ကျခဲ့လိမ့်မည်။



လွန်ခဲ့သောနှစ်နှစ်က ရှု့ဖခင်၏ ဈာပနကို ဆောင်ရွက်ရန် အမျိုးသားဇာတ်လိုက် ပြန်လာစဉ်က သူသည် ဂျုံမှုန့်ဖြူ တစ်အိတ်၊ အသားအချို့နှင့် ခရိုင်တွင်သာ ရရှိနိုင်သော မက်မွန်မုန့်များအား ယူလာခဲ့သည်ကို သူမ သတိရမိသည်။ သူသည် မူလဇာတ်ကောင်ကို သူမချွေတာရာ မလိုကြောင်းနှင့် ထောက်ပံ့ကြေးများကို ပုံမှန်ပြန်ပို့ပေးမည်ဟု ပြောခဲ့၏။ မူလပိုင်ရှင်သည် သူ၏ ကြင်နာမှုမှာ သူမ ရှု့ချန်အား ပြုစုစောင့်ရှောက်ခဲ့ခြင်းကြောင့်ကို သိခဲ့သည်။



သို့သော် အမျိုးသားဇာတ်လိုက် ထွက်သွားပြီးနောက် ကျန်း၏မိခင်သည် ရှု့အိမ်သို့လာကာ လုယွီ ယူလာခဲ့သော ပစ္စည်းများအားလုံးကို ယူသွားခဲ့သည်။



ကျန်းနျန် ထိုင်ပြီး စားသောက်လိုက်သည်။ လုယွီသည် မနေ့ညကကဲ့သို့ အသားမစားဘဲ ဟင်းသီးဟင်းရွက်များကိုသာ စားသည်ကို သူမ သတိထားမိ၏။ သူသည် သူမစားပြီးသည်အထိ စောင့်ဆိုင်းကာ ပန်းကန်ပေါ်မှ ကျန်ရှိသော အစားအသောက်အားလုံးကို စားခဲ့သည်။ လုယွီသာ ခေတ်သစ်တွင် နေထိုင်ပါက အလွန်ကောင်းမွန်သော ယောက်ျားတစ်ဦး ဖြစ်လိမ့်မည်ဟု သူမ တွေးလိုက်မိသည်။



သူသည် တာဝန်ယူတတ်ပြီး ယုံကြည်အားကိုးရသူပင်။ အရေးကြီးဆုံးမှာ သူက ချောမောသည်။ ဝတ္ထုထဲတွင် အမျိုးသားဇာတ်လိုက်တစ်ယောက် ရှိသင့်သည့် အရည်အချင်းများအားလုံးကို သူပိုင်ဆိုင်ထား၏။



သူမ ညစာစားပြီးနောက် ကျန်းနျန် တူကို ချလိုက်သည်။ လုယွီ စားပြီးသောအခါ သူမ စားပွဲကို ရှင်းလင်းရန် ဦးဆောင်လုပ်ချင်သော်လည်း သူက သူမထက် လက်ဦးသွားသည်။ “မရီး၊ အခန်းထဲ သွားပြီး အိပ်နေလိုက်ပါ။ ဒေါက်တာကျန့် ခဏနေရင် ပတ်တီးလဲဖို့ ရောက်လာပါလိမ့်မယ်။”



“ကောင်းပြီ” ဟု သူမ ပြန်ဖြေလိုက်သည်။



လုယွီ ပန်းကန်များကို မီးဖိုချောင်သို့ သယ်သွားသည်ကို ကြည့်ပြီး ကျန်းနျန်လည်း ထရပ်ကာ သူမအခန်းသို့ ပြန်သွားခဲ့သည်။



ခဏအကြာတွင် ဒေါက်တာကျန့်သည် ရှေးခေတ်ပုံစံ သစ်သားဆေးပုံးကို ကိုင်ဆောင်ကာ ကျန်းနျန်၏ ပတ်တီးလဲပေးရန် ရောက်လာ၏။ အသက် လေးဆယ်ဝန်းကျင်ရှိ ဒေါက်တာကျန့်သည် အဖွဲ့တွင် တစ်ဦးတည်းသော ဆရာဝန်ပင်။ ဒဏ်ရာရခြင်း သို့မဟုတ် ဖျားနာသူတိုင်းက ဒေါက်တာကျန့်ထံ သွားပြကြရသည်။



ပတ်တီးလဲပြီး ပတ်တီးအသစ်များ ပြန်စည်းပြီးနောက် ဒေါက်တာကျန့်သည် ကျန်းနျန်ကို အချို့သော ညွှန်ကြားချက်များ ပေးပြီး ထွက်သွားခဲ့သည်။



နေ့လယ်စာနှင့် ညစာကို လုယွီက ပြင်ဆင်ပေးခဲ့သည်။



နေ့လယ်စာအတွက် ခေါက်ဆွဲစားကြပြီး ညစာအတွက် ဆန်ပြုတ်စားကြသည်။ ခေါက်ဆွဲသည်လည်း ဤခေတ်တွင် ရှားပါးသော ကုန်ပစ္စည်းတစ်ခုပင်။



ညစာစားပြီးနောက် ကျန်းနျန် သူမ၏ အခန်းသို့ ပြန်လာပြီး မူလပိုင်ရှင်၏ အဝတ်အစားအနည်းငယ်ကို အဝတ်အိတ်ထဲသို့ ထုပ်ပိုးလိုက်သည်။ ယူသွားသင့်သော အခြားပစ္စည်း ဘာမှမရှိတော့ချေ။



လုယွီသည် အပြင်ဘက်မှ ဝင်လာပြီး ကျန်းနျန် ဘေးနားရှိ အဝတ်အိတ်သေးသေးလေးကို ကြည့်ကာ “ဒါအကုန်ပဲလား” ဟု မေးလာသည်။



ကျန်းနျန် နှုတ်ခမ်းကို ဖိကိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။



လုယွီက စကားတစ်ခွန်းမျှ ထပ်မပြောဘဲ လျှောက်လာပြီး အဝတ်အိတ်သေးသေးလေးကို သူ့ကျောပိုးအိတ်ကြီးထဲသို့ ထိုးထည့် လိုက်သည်။ “စောစောအိပ်ပါ။ မနက်ဖြန် မနက်စောစော ထွက်ကြမယ်။”



ထိုသို့ ပြောပြီးနောက် သူ၏ ကျောပိုးအိတ်ကြီးကို ကောက်ယူပြီး အခန်းမှ ထွက်သွားကာ တံခါးပိတ်သွား၏။



ကျန်းနျန်သည် အိပ်မပျော်သေးပေ။ သူမ စားပွဲပေါ်ရှိ ရေနံဆီမီးခွက်ကို စိုက်ကြည့်နေပြီး သူမ၏ မူလနေရာသို့ မည်သို့ ပြန်ရမည်ကို စဉ်းစားနေဆဲ ရှိသေးသည်။ သန်းခေါင်ချိန်မှ သူမ အိပ်ပျော်သွားသည်။ သိပ်မကြာခင်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရသည်။ “မရီး၊ နိုးပြီလား။”



“ဟုတ်ပြီ” ကျန်းနျန် အလျင်အမြန် ဖြေလိုက်၏။



လုယွီ၏ စူးရှပြီး အားမာန်အပြည့်နှင့် အသံက အပြင်မှ ထွက်လာသည်။ “နံနက်စာပြင်ထားပြီ။ စားပြီးတာနဲ့ ထွက်ရမယ်။ ရထားက ညနေ လေးနာရီမှာ ရှိတာမို့ မြန်မြန်လုပ်ရမယ်။”



“ကောင်းပြီ” ကျန်းနျန် ပြန်ဖြေလိုက်သည်။



သူမ ထလိုက်ပြီး အဝတ်အစားဝတ်၊ မျက်နှာသစ်၊ သွားတိုက်ကာ မူလပိုင်ရှင်၏ အကျင့်အတိုင်း ကျစ်ဆံမြီးသေးသေးလေး နှစ်ခွ ကျစ်ကာ အပြင်ထွက်၍ နံနက်စာ စားလိုက်သည်။ မူလပိုင်ရှင်၏ မှတ်ဉာဏ်အရ ရွာမှ ခရိုင်သို့ သွားရန် သုံးနာရီ ကြာပြီး ခရိုင်မှ မြို့သို့ ဘတ်စ်ကားဖြင့် နှစ်နာရီ ထပ်ကြာသည်ကို သူမ သိထားသည်။ စုစုပေါင်း ငါးနာရီ ကြာမည်ဖြစ်ပြီး အချိန်ဆွဲ နေပါက ရထားကို လွတ်သွားနိုင်သည်။



နံနက်စာ စားပြီးနောက် လုယွီသည် ပန်းကန်များ ဆေးရန် ထသွားခဲ့သည်။ အိမ်ရှေ့တံခါးကို ခေါက်သံ ကြားလိုက်ရပြီး ဘေးအိမ်က ဒေါ်လေးကျောက်၏သားဖြစ်သူ ကျောက်ကန်းပင်။ “လုလောင်အာ့၊ နောက်ကျနေပြီ၊ အခု သွားကြစို့။။”



“လာပြီ။”



သူသည် မီးဖိုချောင်မှ ထွက်လာပြီး တံခါးကို သော့ခတ်ကာ ကျန်းနျန်အား မေးလိုက်သည်။ “ယူသွားဖို့ တခြားလိုအပ်တာရှိသေးလား။”



ကျန်းနျန်း ခဏမျှ စဉ်းစားပြီး ခေါင်းခါလိုက်သည်။ “ဘာမှမရှိတော့ဘူး။”



လုယွီသည် သူ၏ စစ်စိမ်းရောင် ကျောပိုးအိတ်ကြီးကို ကောက်ယူပြီး ကျန်းနျန်နှင့်အတူ အပြင်သို့ ထွက်ကာ တံခါးကို သော့ခတ်လိုက်သည်။ သူတို့သည် ကျောက်ကန်း၏ မြည်းလှည်းပေါ်သို့ တက်ကာ ခရိုင်သို့ ဦးတည်လိုက်ကြသည်။ 



လုယွီနှင့် ကျောက်ကန်းတို့သည် ရှေ့တွင် ထိုင်၍ စကားပြောနေကြပြီး ကျန်းနျန်က နောက်တွင် ထိုင်ကာ ၁၉၇၀ ခုနှစ်များက ကျေးလက်ဒေသကို ကြည့်နေသည်။ ကြမ်းတမ်းသော မြေသားလမ်းနှင့် မြေအိမ်များသည် ဤခေတ် ကျေးလက်ဘဝ၏ ဆင်းရဲနွမ်းပါးမှုကို ထင်ဟပ်နေလေသည်။ ပုဆိန်နှင့် ဂေါ်ပြားများကို ကိုင်ဆောင်ထားသော လယ်သမားများသည် လမ်းတစ်လျှောက် လုယွီကို နှုတ်ဆက်နေကြသည်။



“လုလောင်အာ့၊ ဘယ်သွားမလို့လဲ။”



“တပ်ကို ပြန်မလို့” လုယွီက ပြန်ဖြေလိုက်သည်။



“မင်းမရီးကို အတူခေါ်သွားမလို့လား။”



“သူမ အိမ်မှာ တစ်ယောက်တည်း စောင့်ရှောက်မယ့်သူ မရှိဘူး၊ စစ်တပ်မှာဆို ငါ ဂရုစိုက်လို့ ရတယ်။”



ကျန်းနျန်သည် တစ်လျှောက်လုံး ခေါင်းငုံ့ ထားပြီး မူလပိုင်ရှင်မှာ တိတ်ဆိတ်သောသူ ဖြစ်သည့်အတွက် ကျေးဇူးတင်နေမိသည်။



လူများက သူမကို တစ်ချက်သာ ကြည့်ပြီး ဆက်သွားကြသည်။ မြည်းလှည်းရွာမှ ထွက်ခွာသွားသောအခါ ကျောက်ကန်းသည် ကျန်းနျန်ကို နောက်လှည့်ကြည့်ပြီး လုယွီအား ပြောလေသည်။ “မင်းရဲ့ မရီးကို ခေါ်သွားတာ ကောင်းပါတယ်။ သူမ တစ်ယောက်တည်း အိမ်မှာ နေဖို့ မလွယ်ဘူး။” 



သူ မပြောဘဲ ချန်ထားခဲ့သော ကိစ္စများ ရှိသည်။



ရှု့မိသားစု၏ ချွေးမမှာ အားနည်းသူဖြစ်ပြီး အိမ်တွင် မုဆိုးမ တစ်ဦးတည်း ရှိနေခြင်းသည် ဒုက္ခပေးလိုသူများအတွက် လွယ်ကူသော ပစ်မှတ်ဖြစ်နိုင်သကဲ့သို့ ကျန်းမိသားစု၏ အနိုင်ကျင့်မှုကို အမြဲတမ်း ခံနေရနိုင်သည်။ သူမသည် ဤရွာတွင် ဆက်နေပါက မကြာမီတွင် ရှု့ချန်ကဲ့သို့ ဖြစ်သွားနိုင်သည်။



မြည်းလှည်းပေါ်တွင် သုံးနာရီ ကြာပြီးနောက် ကျန်းနျန်သည် သူမ၏ အရိုးများ ကျိုးကြေတော့မယောင် ခံစားလိုက်ရ၏။



လုယွီသည် ခရိုင်မှ မြို့သို့ သွားရန် ဘတ်စ်ကားလက်မှတ်များ ဝယ်လိုက်သည်။ သူတို့၏ ထိုင်ခုံများသည် ဘေးချင်းကပ်လျက်ပင်။ ဘတ်စ်ကား ပေါ်ရောက်သည်နှင့် ယာဉ်ပေါ်တွင် အမြဲ အိပ်ချင်တတ်သော ကျန်းနျန်သည် ပြတင်းပေါက်ကို မှီ၍ အနားယူနေရင်း သူမ၏ မူလနေရာသို့ ပြန်သွားချင်ကြောင်း စိတ်ထဲမှ ညည်းတွားနေ၏။



ဘတ်စ်ကားသည် ဖြည်းဖြည်းချင်း ရွေ့လျားနေပြီး ခေါင်းကို ပြတင်းပေါက်တွင် မှီထားရသည်အား မသက်မသာဖြစ်နေသော ကျန်းနျန်သည် မူးနောက်နေကာ လုယွီ၏ လက်မောင်းပေါ်သို့ မှီချလိုက်ပြီး သက်တောင့်သက်သာရှိသော အနေအထားကို ရှာလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။



ကျန်းနျန် မှီချလိုက်သောအခါ လုယွီမှာ တောင့်တင်းသွားခဲ့သည်။



သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် တင်ထားကာ သူ၏ အသက်ရှူသံပင် ပိုမိုပေါ့ပါးလာသည်။ သူ၏ မျက်နှာအမူအရာသည် အနည်းငယ် မသက်မသာဖြစ်နေသည်။



ကျန်းနျန် တမင်လုပ်ခြင်း မဟုတ်ကြောင်း သူ သိသော်လည်း လျစ်လျူရှုမထားနိုင်ချေ။



လုယွီသည် ခဏ ထိန်းထားပြီးနောက် ကျန်းနျန်၏ ခေါင်းကို ညင်သာစွာ ပြုပြင်ပေးကာ ဘေးဘက်သို့ အနည်းငယ် ရွှေ့လိုက်သည်။ သူ သက်ပြင်းချ ရုံရှိသေး၊ သူမသည် သူ့လက်မောင်းပေါ်သို့ ပြန်မှီကာ သူ့အင်္ကျီလက်ကို ဆွဲကိုင်ထားရင်း ရေရွတ်နေသည်။ “မလှုပ်နဲ့။”



လုယွီ -  …



သူမ အိပ်ပျော်နေချိန်တွင် ဤသို့ဖြစ်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။



တစ်ဖက်တွင် အသက်ကြီးသော လင်မယားနှစ်ဦး ထိုင်နေသည်။ အဖွားအိုက လုယွီကို ကြည့်ပြီး ရန်ဖြစ်ထားသော ဇနီးမောင်နှံဟု ထင်ကာ ခင်ပွန်းက ဒေါသထွက် နေဆဲဟု တွေးလိုက်သည်။ သူမက လုယွီကို မဆူပူဘဲ မနေနိုင်ခဲ့‌ချေ။ “မင်းက စိတ်တိုလွန်းတဲ့သူပဲ။ မင်းမိန်းမ ခေါင်းက ဒဏ်ရာရထားတာ၊ သူ့ကို မင်းပေါ် မှီအိပ်ပါစေ၊ ဘာများ ပြဿနာရှိလို့လဲ။”



သူတို့ဘေးမှ အဘိုးသည် အဖွားအို ပြောသည်ကို ကြားသောအခါ ထောက်ခံလိုက်သည်။ “ယောက်ျားတစ်ယောက်က ပိုပြီး စိတ်ထားကြီးသင့်တယ်။”



လုယွီ - …



သူမကို မရှောင်တော့ဘဲ မတ်မတ်ထိုင်နေသော်လည်း တင်းမာနေဆဲပင်။



ဘတ်စ်ကားသည် နှစ်နာရီကြာ မောင်းနှင်ခဲ့ပြီး ကျန်းနျန်သည်လည်း နှစ်နာရီကြာ အိပ်ပျော်နေခဲ့သည်။ ဘတ်စ်ကား ဘူတာရုံသို့ ရောက်သောအခါ ပတ်ဝန်းကျင်မှ အသံများနှင့် ဘရိတ်အုပ်သံတို့‌က ကျန်းနျန်ကို နိုးစေခဲ့သည်။ သူမ ပျင်းရိစွာ မျက်လုံးဖွင့်လိုက်ရာ လုယွီ၏ လက်မောင်းပေါ် မှီနေသည်ကို သဘောပေါက်သွားသည်။ သူမ ကြောက်လန့်တကြားဖြင့် အလျင်အမြန် ထထိုင်လိုက်သည်။



လုယွီသည် ထရပ်ပြီး ခရီးဆောင်ပစ္စည်းတင်စင်မှ စစ်စိမ်းရောင် အိတ်ကြီးကို ထုတ်ယူလိုက်၏။



လုယွီ၏ အရပ်က အမြင်ကို ကွယ်ထားခြင်းမရှိတော့သောအခါ အဖွားအိုသည် ပြတင်းပေါက် ဘေးတွင် ထိုင်နေသော ကျန်းနျန်ကို ချက်ချင်း သတိထားမိသွား၏။ သူမ၏ခေါင်းတွင် ပတ်တီးစည်းထားပြီး အဝတ်အစားများမှာ ဖာထေးထားကာ ပိန်လှီနေသည်။ ခေါင်းငုံ့ ထားပြီး ကြောက်ရွံ့သော ပုံပေါက်နေသဖြင့် အဖွားအိုက ပို၍ပင် ဒေါသထွက်လာပြီး လုယွီကို ဆူပူလိုက်သည်။



 “မောင်ရင်၊ မင်းက ရုပ်ကလေးချောပေမဲ့ ဘာလို့ ဒီလောက် ရက်စက်ရတာလဲ။ မင်းမိန်းမကို နောင်ကျရင် ပိုဂရုစိုက်ပေး။ ကြည့်ပါဦး၊ ဘယ်လောက်တောင်ပိန်‌နေလိုက်သလဲ။”



လုယွီသည် မျက်နှာထားမပျက်ဘဲ အိတ်ကို ပခုံးပေါ်တင်ရင်း ပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့ပါ။”



ကျန်းနျန် - ???



ဘာတွေဖြစ်နေတာလဲ။



သူမ ခဏလေး အိပ်ပျော်သွားတာကို နိုးလာတာနဲ့ ဘယ်လိုလုပ် လုယွီရဲ့ဇနီး ဖြစ်သွားရတာလဲ။